Thursday, August 25, 2022

အပြက် အပြက်


 

❝ အပြက် အပြက် ❞

နေဝင်ရီတရော အချိန် ဖြစ်လေ၏ ။ မိုးကလေး က လည်း တ စိမ့်စိမ့် ရွာ၍  နေ၏ ။ ဒေါ်ပုတ်ကလေး တည်း ဟူသော အသက်ငါး ဆယ် ခန့် ရှိ မိန်းမ ထွားထွားတုတ်တုတ်ကြီး သည် ခံတောင်းကြီး ကို ရွက်လျက် တောလမ်း မှ မြို့ထဲ သို့ ဝင်၍ လာလေ၏ ။ 

“ ဘယ်က ပြန်လာသလဲ ”

ဟု အော်လိုက်သော အသံ ကို ကြား ရသဖြင့် မပုတ်ကလေး သည် နံဘေးဘက် သို့ လှည့် ကြည့်လိုက်ရာ လမ်းကြား ထဲ မှ ထွက်၍လာသော ဘိုးရွှေထိုက် ၏ မျက်နှာ ကို မြင်ရ လေ၏ ။ ဘိုးရွှေထိုက် သည် ပြောင်တတ် ပျက်တတ် သော အဘိုးကြီး ဖြစ် လေရာ ၊ ၄င်း ၏ ရွှင်ပျသော မျက်နှာ ကို နှစ်ပေါင်း ငါးဆယ် ကျော် ခဲ့သော အရေပြားအတွန့် တို့သည် ဖုံးကွယ် ၍ မရချေ ။ ဖိုးရွှေထိုက် ၏ မျက်နှာ သည် အမြဲ ပြုံးသော မျက်နှာ ဖြစ်လေ၏ ။

“ အောက်ရွာ က တော့ ... အောက်ရွာ က တူမများ ဆီ က ပြန်လာခဲ့တယ် ”

“ တူမများ က ဘာများ ပေးလိုက်သလဲ ။ တောင်းက တယ် လေးဟန် ရှိပါကလား ”

“ စုံလို့ပဲ တော့ ၊ ကိုင်း ထဲ က ထွက်သမျှတွေ အမျိုးမျိုး ထည့် ပေး လိုက်တာပဲ ၊ ရွက်နိုင်ရုံ ယူလာရတယ် ”

“ စုံလို့ပဲလား ၊ စုံတာ က အရေးမကြီးဘူး ၊ မိုး စို လို့ အအေး မိ မှာ စိုးရတယ် ။ ငါ ဝ လှပြီဟဲ့ လို့ မီးယပ်ချမ်း မထနိုင်ဘူး ထင်သလား ၊ နေဦးလေ ၊ ဒီမှာ ထီး ပါတယ် ”

“ ကျုပ် ခံတောင်း က ကိုဖိုးထိုက် ရဲ့ ထီး လောက်တော့ လုံ ပါ တယ် ။ ကိစ္စ မရှိပါဘူး ။ ကျေးဇူးပါပဲ ”

ဟု ပြုံးရယ်ကာ ပြောပြီး မှန်မှန် သွားလေ၏ ။

“ မဟုတ်ပါဘူးလေ ဒီ မိန်းမ ဟာ တယ် ခေါင်းမာ တာကိုး ၊ မတော်တဆ ဖျား နေရင် ကိစ္စ များ ရဦးမယ် ပြောစကား များလည်း တစ်ခါတလေ နားထောင်ဦးမှပေါ့ ။ ဟဲ ဟဲ .. ”

“ ဟင်း ဟင်း လာပြီ မျက်နှာ မမြင်ရသေးဘူး ဘာ စကား ပြော တာလဲ ”

“ အို ... တကတဲ မပုပ်ကလေး မျက်နှာ မြင်တာ ပြောနေစရာ မရှိပါဘူး ။ အခု အသက်ငါးဆယ် ရှိပြီ မဟုတ်လား ။ စိတ်သာချတော့ ကျုပ် နှင့် အခု ဒီမှာ တွေ့တာ မှောင် ပေမယ့် ဘာမှ ကြောက် စရာမရှိဘူး ။ ကျုပ်လဲ ဒီလမ်း သွားရမှာပဲ ။ အဖော်အလှော် ရတော့ သာ မကောင်းဘူးလား ဗျာ ။ ခရီး တစ်မိုင် နီးနီးကျန်သေးတယ် ”

ဟု ပြောရင်း အနား ရောက်လာလေ၏ ။ 

ဒေါ်ပုတ်ကလေး က ရန် တွေ့သော အမူအရာမျိုး နှင့် ရပ်ကာ စောင့်လျက် ကြည့်ပြီး

“ စကားများ အတည် ပြောစမ်းပါ တော့ ။ သေခါ နီးပြီ သိရဲ့လား ။ မောလိုက်တာ ချ စမ်းပါဦး ။ ဆေးလိပ်ကလေး တစ်ဖွာ သောက်ချင် လိုက်တာ ကြာ လှပြီ ”

ဘိုးရွှေထိုက် သည် မပုတ်ကလေး ၏ ခံတောင်း ကို ချပေးပြီး နှစ်ယောက်သား ထီး အောက် မှာ ထိုင်လျက် ဆေးလိပ် သောက်ရင်း စကား ပြော ကြလေ၏ ။ ပြောသော စကားများသည် ကား သား အကြောင်း သမီး အကြောင်း ၊ ဆွေမျိုးညာတိ အကြောင်း ၊ ဘိုးရွှေထိုက် မွေး ထားသော ကျွဲများ နွားများ အကြောင်း ၊ ဆီဈေးများ လည်း မကျ နိုင်ကြောင်း ၊ ဆန်တစ်တင်း ၃ ကျပ်/- ဖြစ်သဖြင့် အသက်မွေး ကျပ်ကြောင်း ၊ ဘိုးရွှေထိုက် က ကောင်း မှ စားတတ်သဖြင့် ငါးသံချိတ် တစ်ပိဿာ တစ်မတ် ဖြစ်နေတဲ့ ခေတ်ကြီး မှာ အကျပ် အတည်း မကျမီ က ဘိုးရွှေရောက် ပေးသော အလှူ ၌ သူကြီးကတော် က သြဇာ ပေးကြောင်း စသည်များ ဖြစ်လေရာ ဒေါ်ပုတ်ကလေး က သူကြီး မက လို့ မဟာမင်းကြီးကတော် ပင် ဖြစ်စေကာမူ မဟုတ် လျှင် မခံကြောင်း စသည် များ ဖြစ်လေ၏ ။ ထိုကဲ့သို့ စကား ပြောရင်း မိုး အတော်ကလေး စဲ သော အခါ မှ နှစ်ယောက်သား ဆက်လက် ၍ သွား ကြလေရာ အတန် ကြာလျှင် ရွာထိပ် သို့ ရောက်ကြလေ၏ ။

ဘိုးလှော် ဆိုသူ ဆယ်အိမ်ခေါင်း သားမက် က နွား နှစ်ကောင် ကို မ ၍ လာရင်း ၄င်းတို့ နှစ်ယောက် ကို မြင်သောအခါ အဘိုးကြီး နဲ့ အမယ်ကြီး ပေမယ့် မညှာဘူးဗျာ ၊ ဟိုနေ့ ကျတော့ ခဲဖိုး ပေး ရမှာ ၊ ရွှေကြိုး တော့ မတားနိုင်ဘူး ။ အုန်းဆံကြိုး ပဲ ရှိတယ် ဟု ပြော ၍ သွားလေ၏ ။

ဒေါ်ပုတ်ကလေး က

“ ကမြင်းထီး ငါ့ ကို နင့် အမေ မိသော့ လို မှတ်လို့လား ”

ဟု ပြော လိုက်လေရာ ဘိုးလှော် က ရယ် မောပြီး နွားများ နောက်သို့ ပြေး လိုက်၍သွားလေ၏ ။ 

အတန်ကလေး သွားမိကြသော အခါ ဈေး က ပြန် အလာ နောက် ကျသော ငါးစိမ်းသည် ရွှေဂုန်း က

“ ဦးရွှေထိုက် တို့ အခုလို သွားတော့ ရှေ့သွား နောက်လိုက် ညီ လိုက်တာ ။ ကြိုးစား ဦးရွှေထိုက် ရေ ...  နွား မွေးလို့ ရတဲ့ ငွေတွေဟာ အလကား ဖြစ်ကုန်မယ် ။ ဒေါ်ပုတ်ကလေး မှာ လည်း သားမက် ကို အားကိုး နေရရှာတယ် ”

ဟု ပြောပြီး ပူသော ဗိုက်ကို ရှေ့သို့ နိုင်သမျှ ပို့ကာ ကော့လန်ကော့လန် နှင့် လက်များ ကို လျင်မြန်စွာ ရမ်းလျက် ရမ်းလျက် သွားလေ၏ ။ ဘိုးရွှေထိုက် က

“ ရွှေဂုန်း ၊ နင့် ကို ငါ နွားပေါက်ကလေး တစ်ကောင် ပေးမလို့ စိတ်ကူးထားတယ် ”

ဟု လှမ်း၍ပြောလေ၏ ။

ရွှေဂုန်း က

“ ကျေးဇူးပါပဲ တော် ။ သဘော တူ ရဲ့ လား ဆိုတာလည်း တိုင်ပင်ပြီး မှ ပေးပါ ။ အဆူ ခံနေရပါဦးမယ် ”

ဟု ပြောရင်း ဝေး၍ သွား လေ၏ ။

ဒေါ်ပုတ်ကလေး က

“ ကိုရွှေထိုက် ကလဲ အဟုတ် ထင် ကုန် ပါ့မယ် ။ ဒီ အရူးမ က အင်မတန် ကျယ်လောင်ကျယ်လောင် နဲ့ လုပ်တတ် တယ် ”

“ ဟယ် - ဘာထင်ရမလဲ ကစားတာ အသိသားပဲ ”

ဟု ပြောပြီး ဆက်လက် သွားကြလေ၏ ။

ဒေါ်ပုတ်ကလေး သည် ရွာအနောက် ဖျားရှိ သမီး နှင့် သားမက် ၏ အိမ်ရှေ့ဝင်းထရံ တံခါးဝ သို့ ရောက် သောအခါ အတော် ညဉ့်နက်၍ မှောင် ကျလာလေ၏ ။

“ ဟဲ့ - မယ်ခင် ၊ အိပ်ကြပလား ။ စောလှချည့်လား ”

ဟု ဒေါ်ပုတ်ကလေး သည် ကဲလား ကို တွန်းလှုပ်ကာ နှိုးလေ၏ ။

အတွင်း၌ မှောင်၍ နေရာမှ မီးရောင်များ ပေါ်၍ လာပြီးလျှင် သမီး ဖြစ်သူ မယ်ခင် သည် ကဲလား ကို ထောက် လေ၏ ။ မီးတိုင် မှ မည်းနက်သော အခိုး တို့ သည် တလူလူ အပေါ်ထပ် လှေကားရင်း ၌ လွှတ်၍ နေသည်ကို မြင်နိုင်လေ၏ ။

“ အမေ မိုး ချုပ်လှချည့်လား မနက် မှ လာမယ် ထင်လို့ အိပ်ရာ ဝင် တော့ မလို့ ပြင် နေတယ် ၊ အဖော် ပါသလား ”

“ နင့် ဦးကြီး ကိုရွှေထိုက် နဲ့ လမ်း မှာ တွေ့ လာတယ် ”

ဟု ပြောရင်း ဒေါ်ပုတ်ကလေး သည် အိမ်တံစက်မြိတ် သို့ ရောက်သွားလေ၏ ။ ခြံဝ ၌ ရပ်လျက် ကျန်ရစ်သော ဘိုးရွှေထိုက် က

“ အေး နင့် အမေ ငါ နဲ့ တွေ့ လာ လို့ပေါ့ မတွေ့ရင် ဒုက္ခပဲ ”

ခင် ။  ။ အမယ် - ဘကြီး က ပါ လိုက် ပို့လိုက်သကိုး ။ အာဂ အဘိုးကြီး နဲ့ အမယ်ကြီး နော် ၊ ဘကြီးတို့ ကို ကျွန်မ မသင်္ကာ ဘူး ။

“ မသင်္ကာရင် ဘယ်လို သဘော ရသလဲ ၊ ငါ ကတော့ သဘော ကျ ချည်းပဲလဟဲ့ ။ နင့် အမေ ကို သာ မေးတော့ ၊ ဘိုးမြစ် ကော ရှိရဲ့လား ”

ဘိုးမြစ် ထွက်လာပြီး အင်္ကျီ မရှိသော နံဘေး သို့ လာ၍ နား သော ခြင် ကို လက် နှင့် ရိုက်ရင်း

“ ဘကြီးဦးရွှေထိုက် လား ၊ ဘကြီး ရွှေထိုက် တယ် တော်တယ် ၊ ဝီရိယ ရှိပေတယ် ။ အမေ့ ကို လိုက် ပို့ တာ တော်သေးတယ် ”

“ ငါ မပို့ရင် နင့် ယောက္ခမ အိမ် တောင် ရောက် မှာ မဟုတ်ဘူး ။ ငါ့ ကို ကျေးဇူး ဆပ်ရမယ် ”

ခင် ။  ။ ဆပ်စရာတော့ ရွှေငွေ မရှိဘူး ။ အမေ ပဲ ရှိတယ် ။

မြစ် ။  ။ တယ် တော်တဲ့ အဘိုးကြီး ။ ဒီ အချိန်အထိ လိုက် ပို့တာ ဟာ ဘာ ဉာဏ်လဲ ”

ဒေါ်ပုတ်ကလေး ။  ။ ပြောလိုက်ပါ ကိုရွှေထိုက် ရယ် ၊ ကိုရွှေထိုက် အိမ် က မှ တဆင့် လာတယ် လို့ ပြောလိုက်ပါ ။ သားသမီး များ က သူတို့ အဖော် နဲ့ အဘိုးကြီး အမယ်ကြီးများ မှာ အဖော် အလှော် ရှိတာမဟုတ်ဘူး ။ ဟုတ်ကဲ့လား ကိုရွှေထိုက်ရေ ။

“ ဟုတ်တယ် ၊ ဘာ ပြောချင်ကြသေးသလဲ ။ နင်တို့ အိပ်ရာ ဝင် စောတာတော့ ငါတို့ က ဘာမှ မပြောရဘူးလား ”

မယ်ခင် က ခြေရင်း အိမ် ရှေ့ ၌ ရေ ချိုးနေသော ဒေါ်အို ကို လှမ်း ခေါ်ကာ

“ ကြားရဲ့ လား ဒေါ်အို ၊ ဘကြီးရွှေထိုက် ပြော တဲ့ စကားတွေ ကို နောက် မကြားဘူး မပြော နဲ့ နော် ၊ အမေ ပျောက် ရင် သူပဲ ။ နောင် ပြောစကား အတိုင်း မတည်ရင် အသရေဖျက်မှု နဲ့ တရား စွဲရလိမ့်မယ် ။ ကျွန်မ အမေ ပျိုပျိုရွယ်ရွယ် ကို သူ ပရောပရီ ပြော ပြီး အိမ် ခေါ်သွားသတဲ့ ။ အဲတာ မှတ်ထားပါ ။ အိမ် ခေါ်ပြီးမှ အခု ကျွန်မတို့ ဆီ ပြန်ပို့လာတယ် ။ အာဂ အဘိုးကြီး ”

ထိုက် ။  ။ နင့် အမေ ကော မ အာဘူး ။ အဲလေ အာဂ မဟုတ်ဘူးလား ။

ဒေါ်အို ။  ။ အေးဟေ့ ၊ ငါ အကုန် ကြားတယ် ။ ကိုရွှေထိုက် နွား ဘယ်နှစ်ကောင် တင်မလဲ ။

ထိုက် ။  ။ အကုန် တင် မဟဲ့ ၊ အကုန် တင်မယ် ။ ငါ့ ရှိသမျှ ငါ ပါ အကုန်တင်မယ် ။

ခင် ။  ။ ကြားရဲ့လား ဒေါ်အို ၊ ဦးဖော့ ကော အိပ်ပလား ။ ကြားရဲ့နော် ။

ဦးဖော့ သည် အိပ်ရာ ထဲမှ ချောင်း ဟန့်ကာ

“ ကိုရွှေထိုက် က မပုတ်ကလေး ကို ဘယ်တော့ တင် မှာတဲ့တုန်း ”

ထိုက် ။  ။ ဝါ မတိုင်မီ လောက်ပေါ့ ။ ဘယ် ကြာကြာဆိုင်း နိုင်မလဲ ။

ပုတ် ။  ။ အမယ်လေး မြန်လှချည်လား တော့ ။ တစ်ဝါ လောက် အပျို လုပ်ပါရစေဦး ။

ခင် ။  ။ ကြားရဲ့လား ဘကြီး ။

ထိုက် ။  ။ မဆိုင်းနိုင်ဘူး ။ မဆိုင်းနိုင်ဘူး ။ မနှစ်က ငါ့ နွား ပြာမကြီး တောင် လူ ထော ခံရတယ် ။ မတော်တဆ မပုတ်ကလေး ကို လူ ထော ရင် ဘယ့်နှယ် လုပ်မလဲ ။ ကိုင်း တံခါး ပိတ်ကြ ၊ ပြန် ပေးတွေ အနုကြမ်းတွေ ထ နေတယ် ။ မယ်ခင် ၊ သမီး ဖေဖေ ပြန်ဦးမယ်နော် ။ 

“ သွားပါ အဖေကြီး ရေ ၊ သွားပါတော့ ”

မြစ် ။  ။ ဘထွေးလေး ၊ ဒီကနေ့ ည ဒီမှာ ပဲ အိပ်ပါလား ။

ထိုက် ။  ။ ဟား ... ဟား ... ဟား ၊ သာဓု ဗျာ ၊ သာဓု အိမ် မှာ နွားပြာမ တစ်ကောင် ကျန်သေးတယ် မျှော် နေရော့မယ် ၊ သွား မယ်ဟေ့ ၊ ကောင်းကောင်း အိပ်ကြ ၊ ကောင်းကောင်း အိပ်ကြ ။

ဘိုးရွှေထိုက် သည် အိမ်သို့ ရောက်သောအခါ ၊ ခိုင်းစေသော သူငယ်ကလေး နှင့် အတူ နွားခြံ ထဲ ၌ ရှိသော နွားများ ကို ကြည့်ရှု စစ်ဆေးပြီး ရေမိုး ချိုး ၍ မယ်ဇလီဟင်းချို နှင့် တမာချဉ် ကို တို့ ပြီး ငါးဘတ်မွှေ နှင့် ငါးပုပ်ခြောက် ၊ ထမင်း ကို ဗိုက် ကား အောင် စားပြီး အိပ်ရာ ဝင်လေ၏ ။ ပြောင်လှောင် ပြောဆိုခဲ့သော အရွှမ်းအပျက် စကားများ ကို ပြန်လှန် တွေးတောကာ တစ်ကိုယ်တည်း ပြုံးရင်း အိပ်ပျော် ၍ သွားလေ၏ ။

သန်းခေါင်ကြက် တွန် ၍ တရေးနိုးသော အခါ အိပ်မှုန်စုံမွှား တို့ ၏ သဘောအတိုင်း ၊ ထွေရာ စိတ်ကူး ၊ ဖူးလက်တင် ၊ ဆင်ခြင် သောအခါ ညဉ့်ဦးယံ အခါ၌ မပုတ်ကလေး နှင့် တွေ့ကြုံပြောဆို ပြောင်လှောင် ခဲ့သော အကြောင်းအရာ တို့ သည် ကွင်းကွင်းကွက်ကွက် ပေါ် လာ ရုံ မက မိမိ အား လာရောက် ခြောက်လှန့်ကြသလို မှတ်ထင် ရလေ၏ ။ 

ညဉ့်နက် မှ ဗိုက် ကားအောင် စားသောက်မိသော မယ်ဇလီ ဟင်းချို နှင့် ထမင်းကြောင့် ဤကဲ့သို့ ခြောက်ခြားခြင်း ဖြစ်လေသလား ၊ သို့တည်းမဟုတ် မိမိ ညဉ့်ဦးယံ က အပြက်အပြက် ပြောင်လှောင် ခဲ့ခြင်းများ သည် အဟုတ်တကယ် ဒုက္ခ ပေး ဖို့ ဖြစ်လေသလား မသိ ရချေ ။ ထိုအကြောင်းကို ပြန်လှန် တွေးတိုင်း စိုးရိမ်မကင်း ဖွယ် ဖြစ်၍ လာလေ၏ ။

မပုတ်ကလေး တို့ သားအမိ သည် ကျွဲနွားလယ်ယာ အိမ်ခြေ ယာခြေတို့ ကို တပ်မက်ကာ တမင်သက်သက် မိမိ အပေါ်၌ ဉာဏ်နီ ကို သုံးတာပဲ ။ ငါ မိုက်လေခြင်း ၊ အချိန်မဲ့ ညဉ့်အခါ မှာ ငါ သူ့ ကို လောကွတ် ချော် ပြီး အိမ် အထိ လိုက်၍ ပို့လိုက်ခြင်း ဟာ ငါ ကြမ္မာ ငင်ချင်လို့ပဲ ။ သည့်ပြင် မအို တို့ လင်မယား က လည်း အမြင် အကြား သက်သေ ဖြစ်နေပြီ ။ ငါ မပုတ်ကလေး ကို မယူရင် သရေပျက်မှု စွဲပြီး လျော်ကြေး တောင်းကြတော့မှာပဲ ။ ငါ့ စည်းစိမ် ပြုတ်အောင် သူတို့ တမင်သက်သက် တိုင်ပင်ပြီး ၊ ငါ ပြန်တဲ့ လမ်း မှာ မပုတ်ကလေး က ငါ့ ကို ထောင်ပြီး ဖမ်းတာ နဲ့ တူတယ် ။ ငါ့ နွားများ ကို လျော်ကြေး ပေးရရင် မပုတ်ကလေး ကို ယူ တာထက် နစ်နာ တော့မယ် ။  ဆရာမင်း ကလည်း ငါ့ မှာ ဘုရားအလောင်း ဒေါင်းမင်း ကျော့ကွင်း အမိ ခံရတဲ့ကိန်း ကြုံနေတယ် လို့ ဟောတယ် ။ ဤလို အဟော ရှိ ပါလျက် ငါ မှား ရလေခြင်း ၊ ငါ မိုက်တာပဲ ၊ ငါ နွား ဖြစ်တော့တာပဲ  စသည်ဖြင့် တွေးလေ တွေးလေ မပုတ်ကလေး က ဖြဲ ခြောက် သလို စိတ် ထဲ မှာ မှတ်ထင်၍ လာ ရှာသောကြောင့် ဟီးချကာ အဟမ်း ထွီခနဲ လုပ်ပြီး ခေါင်းမြီး ခြုံ၍ ပက်လက် နေရာမှ တစောင်း လှည့်လိုက်လေ၏ ။ ထို့နောက် မပုတ်ကလေး နှင့် လင်မယား ဖြစ်ပြီး မိုးလင်းသည့် တိုင်အောင် ရိုက်နှက်သတ်ပုတ်၍ နေရလေ၏ ။ သတ်ပုတ် ရာ မှ နိုးသော အခါ ကျ မှ တော်သေး ရဲ့ ငါ တကယ် မညား သေးဘူး ဟု ဟီးချ လိုက်ရရှာလေသတည်း ။ 

ထိုနေ့ နံနက် ၌ ညဉ့်အခါ က ရေချိန် များ ၍ သွားသော အသောက်သမား ၏ ဦးခေါင်း လို ဖြစ်၍ နေလေ၏ ။ ညဉ့် အခါ က တွေးတော ကြောက်ရွံ့ခြင်း နှင့် အိပ်မက်ခြင်း တို့ သည် အတွင်းစိတ် ကို ထိခိုက်၍ သွားပြီးလျှင် အကြောက် သည် ထို စိတ် ၌ အမြစ် စွဲ၍ သွားလေရာ မိုးသောက်သော အခါ အဟုတ်တကယ် ဘေးတွေ့ တော့မည် ဆဲဆဲ ဟု မှတ်ထင် လေ၏ ။

အိပ်ရာ ထဲ ၌ ဦးခေါင်း ကို လက်နှစ်ဘက် နှင့် ညှပ်ကိုင်ကာ ထွေရာများစွာ တို့ ကို တွေးလေ၏ ။ ငါ ဘယ်လို ရှင်းရပါ့  ၊ ဧကန် ဒိဠ သူတို့တော့ ငါ့ ကို ကျော့ကွင်း နှင့် ထောင်ဖမ်းတာ  မိ ပြီ ဟု စိတ်ချပြီး ငါ့ ကို အသေရရ အရှင်ရရ ဘယ်ပုံရရ အရ ပိုင်ဖို့ရန် သမီး ယောက္ခမ တတွေ တိုင်ပင်ပြီး နေ ကြတော့မှာပဲ ။ ဘယ်နည်းဘယ်ပုံ ငါ ကြံပြီး ဤ ကျော့ကွင်း က လွတ် ရပါ့မလဲ ၊ စသည်ဖြင့် စဉ်းစား ၍ နေလေ၏ ။

သို့ စဉ်းစားလိုက်သော အခါ မိမိ ၏ သူငယ်ချင်း ဘိုးရွှေအပ် ကို သွား၍ သတိ ရလေ၏ ။ ဘိုးရွှေအပ် သည် ဤလို အခက်အခဲ မျိုး ၌ အရှုပ် ကို ရှင်းတတ်သော ရွာစောင့်နတ် ဖြစ်၏ ။ အကယ်၍ ဘိုးရွှေအပ် သည် အင်္ဂလန်ပြည် လန်ဒန်မြို့ မှာ မွေးသူ ဖြစ်လျှင် နိုင်ငံခြားအမတ်ကြီး ဖြစ်လောက်အောင် ဒီပလိုမေစီ အရာ၌ အစွမ်း ကောင်းသူ ဖြစ်လေ၏ ။ ရွာ ထဲ ၌ မည်သူ့ သမီး ဟာ မည်သူ့ သား နှင့် လိုက်ပြေး လို့ သမီးရှင် သားရှင်များ အချင်း များ ကြပြီး တစ်ဘက် ဘက် က သားသမီး ကို လက်မခံဘူးလေး ပြန်မအပ်ဘူးလေး ၊ ပြန်အပ်ရမယ်လေး တောင်းရမယ်လေး စသည်ဖြင့် ကိစ္စများ ၌ အကွဲကွဲ အပြားပြား ဖြစ်ကြသည့်အခါ ဘိုးရွှေအပ် သည် နိုင်ငံခြား အမတ် ပမာ အလယ် ၌ မားမား ရပ်ပြီး ဒီပလိုမေစီ အတတ် ဖြင့် စေ့စပ် လိုက်သမျှ အခါတိုင်း မပြေမချော ဟူ၍ မရှိ ၊ သားတွေ မြေး တွေနှင့် ပြည့်တောင် ၊ ပူဇော်ကန်တော့ခြင်း ခံရသူ လူလယ် လူပါး စကားပြော ကောင်း တစ်ယောက် ဖြစ်လေ၏ ။

ယခင်ကာလများ မကြာမီ က ငါးသည် မိကြေး ရဲ့ သမီး မယ်ခို ဟာ လှည်းသမား ဘိုးအောင် ရဲ့ သား ၊ အောင်ဘိုး နှင့် လိုက် ပြေးတုန်းက ဘိုးကြောင် က ငါးစိမ်းသည် သမီး ကို လက် မခံနိုင်ဘူး ။ သင်းတို့ ကြိုက် တာလည်း ငါ မသိဘူး ၊ လိုက် ပြေးတာလည်း ငါ မသိဘူး ။ ဒီအရေး ထဲ မှာ ငါတို့ မပါလိုဘူး ။ ပြန်အပ်လား တောင်းလား ဆိုတာတော့ ဝေးစွခြောက် ပါး ၊ ငါ့ သား ကို သင်း ခိုးပြေးတာ စသည်ဖြင့် မခံချင်အောင် ပြောလေ၏ ။ ထိုအခါ ဘိုးရွှေအပ် က ဘိုးကြောင် ၏ အိမ်ရှေ့သို့ နံနက် စောစော လာ၍ ရပ်ပြီး ဘိုးကြောင် ၏ လက်ဖက်ရည်ပွဲ၌ ဝင်၍ ထိုင်ကာ ငဲ့၍သောက်ရင်း

“  အင်း ငါ က သင်းတို့ကို ပြောခဲ့ရတယ် ။ ဘိုးကြောင် ဟာ နွားသုံးရှဉ်း နှင့် လှည်းသုံးစီး ပိုင်ရှင်ဂုဏ် နဲ့ အသရေနဲ့ လှည်းဦးစီး ငှားပြီး လှည်းမောင်းစား တဲ့ ယောက်ျား ၊ သာမည်ညောင်ည အညတြ ထဲ က မဟုတ်ဘူး ။ နင်တို့ က သမီး ပြန် အပ်ရမလေး ဘာလေးနဲ့ ပြော မနေကြနဲ့ ။ သင်း သား နဲ့ချွေးမ ကို ခွေးကတက် မှာ ထား သိပ်မှာမဟုတ်ဘူး ။ သင်း ဒီလို ထားရင် သင်း ဂုဏ်ပျက်မှာပေါ့ ။ သို့သော်လည်း ဒီလို ဂုဏ်ပျက် ခံမယ့် လူစား မဟုတ်ဘူး ။ ဆွေနဲ့ မျိုးနဲ့လူ ၊ သင်းမိန်းမ မယ်အိ ဘက် ကရော သင်း ဘက် ကရော ။ ဆွေမျိုး ရှိသမျှ မျက်လုံး ကို ထုတ် လိုက်ရင် တစ်ပုတ် ပြည့်နိုင်တဲ့ ဆွေကြီးမျိုးကြီးမျိုး ။ ဟင်္သာတ မြို့ပိုင်ရုံး က ပျာတာ မြတ်ဖူး ဆယ်အိမ်ခေါင်း သာကြွယ် တို့တတွေ မျက်နှာ ကလည်း ရှိသေးတယ် ။ သင်း ဒီလို ရိုင်းရင် တစ်မျိုးလုံး မျက်နှာ အိုးမည်းသုတ်ရာ ကျတော့မပေါ့ ”

စသည်ဖြင့် ဘိုးကြောင် ကြား အောင် အတူတကွ လက်ဖက်ရည် သောက်နေသူ ဘိုးရွှေထိုက် ကို ပြောဘူး သဖြင့် ဆင်းရဲတဲ့ ငါးစိမ်းသည် သမီး မယ်ခို တို့ မှာ တင့်တင့်တယ်တယ် ဖြစ်သွားဘူးသည် များ ကို ဘိုးရွှေထိုက် သည် ပြန်လှန်၍ တွေး တော စဉ်းစား လိုက်သောအခါ ဤ ယခု ငါ ကြုံတွေ့ ရတဲ့ အခက်အခဲ ထဲ မှာလည်း ဘိုးရွှေအပ် မှ ကယ် နိုင်ပုံ ရတာပဲဟု အားကိုး ပြုလေ ၏ ။

သို့သော်လည်း ဘိုးရွှေအပ် က ဘိုးရွှေထိုက် ရဲ့ နွားပိုက်မကလေး ကို ငွေနှစ်ဆယ် နှင့် ဆစ်၍ နေသည် ကို လည်း ပြန်၍ တွေးပြီး ငါ ကလည်း ဒီ နွားပိုက်မကလေး ကို အစိတ် ရမှ ရောင်း နိုင်မှာ ၊ သူ က နှစ်ဆယ် ဆစ်နေတယ် ။ အကယ်၍ ဒီ အခက်အခဲ ထဲမှာ သူ ဝင်ပြီး ဖြေရှင်း ရရင် ငါ့ နွားပိုက်မ ကို ဆယ့်ငါးကျပ် နဲ့ ဆစ် မှာ စိုးရသေး တယ် ဟု တွေးတော ကာ ဘိုးရွှေအပ် ကို ကပ်ရ လျှင် တော်မလား  မတော် မ လား စဉ်းစား ချိန်ဆရင်း ရေမိုး ချိုးလေ၏ ။ ရေချိုး ပြီး သော အခါ သူ ဘယ်လို ဆစ်ဆစ် ငါ က ရောင်းမှ ဖြစ်မှာပဲ ။ ငါ မရောင်းရင် သင်း ဘာ တတ်နိုင်မှာလဲ ဟု တွေးပြီး ဘိုးရွှေအပ် ထံ အမြန် ထွက် ၍ သွားလေ၏ ။

မကြာမီ အိမ်ရှေ့ ၌ ခုံဖိနပ်ဦးကော့ကော့ကြီး ကို စီးလျက် ၊ မဲပုဆိုးတောင်ရှည် အစ ကို ပခုံး မှာ တင်လျက် ၊ အင်္ကျီ မရှိ ၊ ကိုယ်လုံး ၊ ဗိုက်ပူပူ ၊ ပုပုချွန်ချွန်သဏ္ဍာန် ရှိလျက် ၊ တံမြက်စည်းရှည်ရှည်ကြီး နှင့် အိမ်ရှေ့တွင် လှဲသို သုတ်သင် ၍ နေသော ဘိုးရွှေအပ် ထံ သို့ ဘိုးရွှေထိုက် ရောက် ၍ သွားလေ၏ ။ 

ဘိုးရွှေအပ် က တံမြက်စည်း ကို ထောက်ကာ ရပ် လျက်

“ ဘယ် က လာသလဲ မွန်းရွှေထိုက် ရဲ့ ။ စောလှ ချည်လား ။ နွားပိုက်မကလေး လူ ခိုးသွားလို့ လား ”

“ မဟုတ်ပါဘူး မွန်းရွှေအပ် ကယ် ၊ ငါ့ မှာ အပူ တစ်ခု ကပ်နေ လို့ ယပ်ခတ်ပေးပါ ပြောဖို့ လာတာပါ ”

“ ဘယ်လို အပူလဲ ဒါထက် မင်း နွားပိုက်မ ကို လုပ်ပါကွဲ့ နှစ်ဆယ်ငွေ ဟာ မနည်းပါဘူး ”

“ နေစမ်းပါဦး ဒီ နွားပိုက် အကြောင်း အသာ ထားပါဦး မွန်းရွှေအပ် ကယ် ၊ ငါ ပြောတာ တစ်ဆိတ် နားထောင်စမ်းပါ ”

ဘိုးရွှေအပ် သည် နားထောင်လေ၏ ။ 

“ မင်း မပုတ်ကလေး တို့ လူစုနဲ့ ဒီကနေ့ တွေ့မိသလား ”

“ ဟင့်အင်း မတွေ့ပါကလား ၊ ဘာဖြစ်လို့လဲ ”

“ ဒီလို မွန်းရွှေအပ် ကဲ့ ။ ငါ ည က မိပုတ်ကလေး ကို လမ်း မှာ တွေ့တာ နဲ့ မိုးလဲ ချုပ်လေတော့ သူ့ ကို ငါ အိမ် အထိ လိုက် ပို့ လိုက် တယ် ။ အိမ် ရှေ့ကျတော့ သူ့ သမီး မိဟိုဒင်း ကျယ်လောင်မ က ငါ့ ကို ပရောပရီ ပဲလား ။ တမင် ဉာဏ် နဲ့ ပဲ လားမသိရဘူး ။ ငါ ကတော့ ဉာဏ် နဲ့ပဲ လို့ အယူ ရှိတယ် ။ သူ့ အမေ နဲ့ ငါ နဲ့ ကြိုက် နေ သလိုလို စကားတွေ ကို မယ်အို တို့ လင်မယား ကြားအောင် အော် ပြောတယ် ။ မွန်းရွှေအပ် သိတဲ့ အတိုင်းပဲ ။ မယ်အို ကလဲ ၊ အင်မတန် ကျယ်တဲ့ ရွာမောင်း ကွဲ့ ။ ငါကတော့ သူတို့ ဉာဏ် ကို မသိဘဲကိုး ။ သည်တော့ ငါ ကလည်း ပြန်ပြီး ယီးတီးယားတား ဟုတ် သလိုလို ပေါ့ လကွယ် ။ ကစားပြီး ခပ်ကျယ်ကျယ်ပဲ ပြော လိုက်မိတယ် ”

“ ဘယ်လို ပြောလိုက်သလဲ ”

“ ငါ့ မှာ ရှိတဲ့ နွားတွေ ကို အကုန် တင်ပြီး ၊ မိပုတ်ကလေး ကို တောင်းမယ် ရမ်းမယ် ပေါ့ လကွယ် ။ ငါ ကလည်း ခပ်ကျယ်ကျယ် ပြော လိုက်မိတာကိုး ။ သည်တော့ သူ့ သမီး မယ်ခင် က မအို တို့ လင်မယား ကို သက်သေ အဖြစ် နဲ့ လှမ်းပြီး တိုင် လိုက်တယ် ။ သူ့ သားမက် တိုးမြစ် လည်း ကြံရာ ပါ ပဲ ။ ငါ့ ကို ပထွေး လို့ တောင် ခေါ် လိုက်သေးတယ် ”

ဟု အရေးတကြီး ပြောလေ၏ ။

ဘိုးရွှေအပ် က ချွန်သော ဗိုက် ကို ကော့လျက် ရယ်မောကာ

“ ဖြစ် မှ ဖြစ်ရလေ မွန်းရွှေထိုက် ရယ် ။ ဘာ ဖြစ်နိုင်မှာတဲ့တုန်း ။ အလကား ကစားပြီး ပြောကြတာ မဟုတ်လား ။ မဖြစ်နိုင်ပါဘူး မပူပါနဲ့ ။ မင်း နွားပိုက် ကိုသာ နှစ်ဆယ် နဲ့လုပ်စမ်းပါ ”

ဘိုးရွှေထိုက် သည် ဘိုးရွှေအပ် ကို အတည် ကြောက်ရွံ့သော မျက်နှာ နှင့် ကြည့်ကာ

“ ရယ် နေပြန်ပါပြီ မွန်းရွှေအပ် ကယ် ၊ ငါ့ မှာ ရင် ကျပ်နေတယ် ၊ မဖြစ်နိုင်ဘူးလို့ မပြောနဲ့ ၊ ငါ ပုတ်ကလေး ကို မယူရင် ငါ့ ကို အသရေ ဖျက်မှု နဲ့ လျော်ကြေး စွဲကြလိမ့်မယ် ။ သူ တို့ ဉာဏ် ကို ငါ သိတယ် ။ တခြား သက်သေ တစ်ယောက် နှစ်ယောက် လည်း မြင်သွားတယ် ”

“ ဘာမြင်သွားသလဲ ။ ဘယ်သူလဲ ... ”

“ ငါ နဲ့ မိပုတ်ကလေး နဲ့ အကာလ ညအခါ နှစ်ယောက် တည်း လာ တာကို ဘိုးလှော် နဲ့ ရွှေဂုန်း က မြင်သွားတယ် ။ တောင်တောင် မြောက်မြောက် တောင် သူတို့ က ပြော သွားကြသေးတယ် ။ သူတို့ နဲ့ များ တိုင်ပင်ပြီး လုပ် ကြသလားမသိဘူး ”

“ ဟား ... ဟား ... ဟား  မွန်းရွှေထိုက် ရယ် ။ ရယ်စရာ ကောင်း လိုက်ပါဘိတော့ ။ ငါ တောင်ပိုင်း က သူကြီးသမီး အပျိုကြီး မယ်ခို နဲ့ မင်း လို ပဲ အကာလ ညအခါ အတူတူ သွား တာ ကို တောင် ပိုင်း တစ်ရွာ လုံး က မြင်တယ် ။ ငါ့ မှာ အခုထက် ထိ မှဲ့ တစ်ခု မစွန်း ဘူး ။ ဂျီ အီး ဂျီ လန့် ဆိုတာ လို ၊ မင်း ဘာသာ မဟုတ်တာတွေ တွေး ပြီး လန့် မနေပါ  နဲ့ သူငယ်ချင်း ရယ် ။ မင်း နွားပိုက် ကို သာ ငွေ ၂ဝိ/- နဲ့လုပ် စမ်းပါ ”

“ မင်း က ရယ် မနေပါနဲ့ ကွဲ့ ။ အခု အရေးဟာ နွားပိုက် အရေး မဟုတ်ပါဘူး ။ မိုး မီးလောင် နေ တာ မင်း မသိဘူး မွန်းရွှေအပ် ရယ် မင်း မသိဘူးနော် ”

“ နို့ မင်းအခု ဘာ ကိစ္စ လာသလဲ ။ ဒါ ပြောဖို့ပဲ လာတာလား ”

“ ဒီလို မွန်းရွှေအပ် ရဲ့ ၊ မင်း ဟာ အရာရာ မှာ ငါ့ ထက် တော်တဲ့ အကောင် ။ မင်း ဉာဏ် ကြီးတဲ့ ယောက်ျား ၊ ဒီ ရွာ မှာ မင်း လို လူ တစ်ယောက် မရှိရင် အခက်သားပဲ ။ သည့် အတွက် ဒီ အရေး မှာ မင်း ဆီ ကို ငါ မလာ ရင် အခက်ပဲ လို့ အောက်မေ့ပြီး လာတာပဲ ”

“ ငါ လူလယ် ၊ လူတော် ၊ လူတတ် မို့ ရွာ ထဲ မှာ အမွဲဆုံး ဖြစ်နေ တာပဲ ”

“ လူ မွဲပေမယ့် မင်း မှာ စကား မမွဲဘူး ။ အခု ဖြစ်တဲ့ အရေးမှာ ငါ့ ကို အကြံဉာဏ် ပေးစမ်းပါ ၊ ဘယ်လို လုပ်ရမလဲ ”

“ ဘယ်လို မှ မလုပ်နဲ့ ။ မင်း အသာ နေ ၊ ည က ဖြစ်တာတွေ ကို အိပ်မက်တာ လို သဘော ထားလိုက် ”

“ ဘာမှ မဖြစ်ရပါကလား သူငယ်ချင်း ရယ် ၊ ည က ဖြစ်တာတွေ ဆိုတော့ တကတည်း ထောင်မှူး မ မှ ထောင် ကျသလို မင်းပါ ဝင်ပြီး သက်သေ ခံချင်လို့လား ။ ငါ က ဘာမှ မဖြစ်ပေမယ့် သူတို့ က ဖြစ် နေမှာကွယ့် ၊ လုပ် စမ်းပါဦး ”

“ ဒီလိုဖြင့် ငါ သွားပြီး စုံစမ်းမယ် ။ နေရာ ကျအောင်လည်း ငါ လုပ်မယ် ၊ မင်း နွားပိုက် ... ”

“ အို - ဒါ ထားလိုက်ပါ ။ သွားစမ်းပါ မောင်မင်းကြီးသား လုပ်စမ်းပါ ။ မိပုတ်ကလေး ကို ငါ ကြောက်လွန်းလို့ပါ နော် ။ အင်မတန် ဉာဏ်များတဲ့ ကောင်မ ”

“ ကိုင်း - မင်းဒီမှာ စောင့်နေ ၊ အိမ် ပေါ် မှာ လက်ဘက်ရည် အိုး ချ ကာ စ ပဲ ။ အင်းရဲ က ပို့လိုက်တဲ့ ငါးမှုန်ကလေးငပိ ကို စလောင်းဖုံး နဲ့ ကင် ထားတယ် ။ မီးဖို မှာ ရှိတယ် ။ ကွမ်းတောင် ကုန်ပလား မသိ ဘူး ။ ကိုင်း ငါ သွားဦးမယ် ”

ဘိုးရွှေအပ် ထွက်သွား ၍ မကြာမီ ဒေါ်ပုတ်ကလေး ထံသို့ ရောက် သွားလေ၏ ။

ဒေါ်ပုတ်ကလေး သည် အိမ်ရှေ့ဝင်းထရံ အတွင်း ရေတွင်း ၌ ရေ ဆွဲ၍ နေလေ၏ ။ ဘိုးရွှေအပ် ရောက် ၍ လာသော အခါ ဒေါ်ပုတ်ကလေး က ဆီး ၍ မေး၏ ။

“ နံနက်စောစော ကိုနက်ကျော ၊ ဘာ ပြောမယ်လို့ လာသလဲ ”

ဘိုးရွှေအပ် မှာ အသား နက်ပြောင် သဖြင့် ဒေါ်ပုတ်ကလေး က ကိုနက်ကျော ဟု ခေါ်လေ့ ရှိ၏ ။

ဒေါ်ပုတ်ကလေး က အသား နီစပ်စပ်မမို့ ၊ ဘိုးရွှေအပ် က မနှင်းဆီ ဟု ခေါ်လေ့ ရှိရာ ဘိုးရွှေအပ် သည် ဝင်းထရံ အပြင်နား ၌ ရပ်ကာ 

“ ခြေနီနီ ၊ လက်နီနီ ၊ မနှင်းဆီ ၊ ပြင်ဆီ ထွက်ခဲ့ပါ ”

ဟု ပြောလေ၏ ။

“ အသား က နက်သနဲ့ ၊ အသက်အသေ မခံဝံ့ပါဘူး ။ အဆနာဂျောက် ”

ဟု ပြောကာ မပုတ်ကလေး သည် ဆွဲရေပုံး ကို ရေတွင်း နံဘေး ၌ ချပြီး အိုး ကို ပင့်ကာ အိမ်ဘက် သို့ လှည့်ပြီး ဝင် သွားလေ၏ ။

ဘိုးရွှေအပ် သည် ရယ်မောပြီး ဝင်၍ လိုက်လေ၏ ။

ဒေါ်ပုတ်ကလေး တဖန် ထွက်၍ လာသောအခါ ၊ ရေတွင်း နား ၌ နှစ်ခါ တွေ့ ကြလေ၏ ။

“  ဘာကိစ္စလဲ တော့ ၊ စောစောစီးစီး ၊ မယား လင် နောက် လိုက် လို့လား ”

“  မပုတ်ကလေး ကို တွေ့ချင်လို့ပါ ”

“ ဘာကိတ် ”

“ ည က ဘိုးရွှေထိုက် တစ်ယောက် နဲ့ မတွေ့ဘူးလား ”

“ တွေ့တယ် ၊ ကျုပ် ကို တောင် အိမ် လိုက် ပို့လိုက်သေးတယ် ၊ ဘာဖြစ်လို့လဲ ”

“ ဘာများ ဖြစ်ကြသလဲလို့ ”

“ ဘာမှ မဖြစ်ပါဘူး ၊ သူ က ဘာဖြစ်တယ် ပြောလို့လဲ ကိုနက်ကျော ရဲ့ ”

“ ဘာမှ မပြောပါဘူး ”

“ ဘာမှ သူ နဲ့ထူးထူးခြားခြား စကား မပြောဘူးလား ”

“ ဘာ မှ မပြောရပါ ကလား ၊ ကစား ပြီး ကရော်ကမယ် တောင်ပြော မြောက်ပြော ပြော ကြတာပဲ ”

“ ဒါပဲလား ၊ ဘယ်လို ကရော်ကမယ်မျိုး လဲ ”

“ ဪ ကလေးတွေ က သူ့ကို ပထွေး လို့ ခေါ် ပြော ကစား ကြတယ် ”

“ အဲတာ သိချင်လို့ ၊ ဒါပဲလား ။ တကယ် မပုတ်ကလေး ကို သူ လိုချင်တယ် မပြောဘူးလား ”

“ အို - ကိုရွှေအပ် က ဘာတွေ လာ ပြောနေတာလဲ ၊ သွား မတော် တာတွေပဲ ”

“ ကျုပ် က ရွှေဂုန်း ဆီ က ကြားလို့ အဟုတ်များလား လို့ လာပြီး ဝမ်းသာ လို့ မေးတာပါ ။ ဟုတ်ရင်လဲ အတော်သားပဲ ကိုး ။ သူ့ အိမ် နဲ့ ယာ နဲ့ ၊ နွား နဲ့ ကျွဲ နဲ့ မို့ ပြောတာ ”

“ တော် အနက်ကျော - မနက်စောစောကြီး လာပြီး မနောက်နဲ့ ။ ရေတွင်းထဲ တွန်း ချ လိုက်လိမ့်မယ် ”

ဟု ပြောပြီး အိုး ကို ပင့်ကာ ရွက် ၍ အိမ်ဘက် သို့ သွားလေ၏  ။

“ မဟုတ်ဘူး မပုတ်ကလေး ရဲ့ ။ ကျုပ် ကိုမလိမ်ပါ နဲ့ ။ ဟုတ်ရင် လည်း ဟုတ်တယ်ပေါ့ ။ အချင်းချင်း သတင်းကောင်းတွေ ကြား လို့ လာတာပါ ”

“ တော် ... နော် ၊ စကား ထပ် မပြောနဲ့ ။ ရေအိုး နဲ့ လောင်းလွှတ် ရမလား ။ သွားသွား ”

ဟုပြောကာ ရယ်မောပြီး အိမ် ပေါ် သို့ တက် သွားလေ၏ ။

ဘိုးရွှေအပ် လည်း ရယ်မော လျက် ၊ ထွက်၍ လာခဲ့လေ၏ ။ ဘိုးရွှေထိုက် အတွက် တစ်ကိုယ်တည်း ပြုံးရယ် ၍ လာရာမှ တစ်စုံ တရာ ကို အကြံ ရသလို ဖြစ်ပြီး စဉ်းစားရင်း လမ်းလျှောက် ၍ လာ လေ၏ ။ မကြာမီ လက်ဖက်ရည် သောက်နေသော ဘိုးရွှေထိုက် ထံ ရောက်၍ လာလေ၏ ။ 

ဘိုးရွှေထိုက် က ကပျာကယာ ဆီး၍ မေးလေရာ ၊ ဘိုးရွှေအပ် မှာ စိတ်လက် မသက်မသာသော အမူအရာ နှင့် အနား မှာ ထိုင်ပြီး

“ ဟုတ်တယ် မွန်းရွှေထိုက် ရေ ၊ သူတို့ တကယ် ကြံ နေတာပဲ ၊ မင်း ပြောတော့ ငါ မယုံဘူး ။ အခုမှ ငါ သိတယ် ။ အာဂ ဟာ တွေ ပါက လား ”

“ ဒါ့ကြောင့် ငါ ပြောတာ သူငယ်ချင်း ရဲ့ ။ ငါ မပြောဘူးလား ။ ငါ့ ကို သူတို့ လှောင်တာ ။ ကိုင်း ဘယ်လို ပြောလိုက်သလဲ ”

“ မပုတ်ကလေး က ရော ၊ သူ့ သမီး က ရော ပြော လိုက်တယ် ၊ မအို လည်း သက်သေ ရှိတယ်တဲ့ ၊ မင်း ဘယ်နည်း မှ မလွတ်နိုင်ဘူး တဲ့ ၊ မင်း ကိုယ်တိုင် က ပဲ ကြိုက်နေတာ အတော် ကြာပြီ ဆိုပါကလား ”

“ အလကား ပြောတာပါ မွန်းရွှေအပ် ရယ် ၊ ဒင်း တို့ နဲ့ ငါ ဘယ်တော့ မှ မတွေ့ရပါဘူး ည က တစ်ခါ ပါ ပဲ ။ ဒါထက် မြန်မြန် အေးအောင် လုပ်မှ ဖြစ်မယ် ။ မင်း ဉာဏ် ထုတ်စမ်းပါဦး ၊ ဘယ်လို လုပ် ရရင် တော်မလဲ ”

ဘိုးရွှေအပ် သည် တအောင့်လောက် လက်ဖက်ရည် သောက် ရင်း စဉ်းစား နေပြီး ၊ ရုတ်တရက် အားတက်သလို ဖြစ်ပြီး   

“ မပူနဲ့ သူငယ်ချင်း ငါ ကြံမယ် ၊ ငါ့ တာဝန် ထားလိုက် ။ မင်း ဒီကောင်မကြီး ကို မလိုအပ်ရိုး မှန်လျှင် မဖြစ်စေရဘူး စိတ်သာချ ။ သို့သော် လည်း ငါ့ အကြံ အောင်ရင် နွားပိုက်ကလေး ကို ၂ဝိ/ - နဲ့ ပေးမလား ”

“ ဟာ မွန်းရွှေအပ် က လဲ ၊ ဒီ နွားပိုက်ကလေး ကို ချည်း ပြော နေတာပဲ ။ ငါ အစိတ် က မလျော့နိုင်ဘူးကွဲ့ ၊ ငါ ဘယ်နှစ်ခါ ပြော ရမလဲကွဲ့ ”

“ ငါ က အင်မတန် ကြီး တဲ့ အရေး ကို ဆောင်ရွက် ပေးလို့မှ မင်း က ဒါကလေး မလျော့နိုင်ဘူးလား ၊ ဒီလိုဖြင့် မင်း ကံ နဲ့ မင်း ပဲ ။ မိပုတ်ကလေး တို့ တစ်အိမ်သားလုံး မင်း ဇက် ကို ခွ စီးတာ မြင် ရဦးမှာပေါ့ ”

ဟု ပြောပြီး ထိုင်ရာ မှ ထမည် ပြုလေ၏ ။

“ ဟေ့ နေပါဦး လကွဲ့ ၊ စကား ကို အဆုံး ပြောဦးမှပေါ့ ”

“ မင်း ဘာ နေရာ ကျတဲ့ အကောင် လဲ ၊ ငွေကလေး  ၅ ကျပ်/- ကို မြင်နေတဲ့ အကောင် ”

“ ဟေ့ ထိုင်ပါဦးကွဲ့ ငါ ပြောပါရစေဦး ၊ မတော်တဆ မင်း ကြံ လို့ ဟန် မကျတော့ ဘယ့်နှယ် လုပ်မလဲ ”

“ ကိုင်း ဒီလိုလုပ် ၊ ငါ က ငွေ ၂၅ ကျပ် /- မင်း ကို ပေးထားမယ် ။ နွားပိုက် ကို အခု ငါ့ ပေးထား ၊ ငါ ကြံလို့ နေရာ ကျရင် ငွေ ၅ ကျပ် ကို ပြန်ပေး ၊ မကျရင် အကုန်ပဲ ယူ ။ ငါ မင်း ကို ယုံကြည်တယ် ”

ဟု ပြောရင်း ခါးပိုက် ထဲ မှ ငွေ နဲ့ မည်းနက်သော လက်ကိုင်ပဝါထုပ် ကလေး ကို ထုတ်ကာ ဖြည် ပြီး ငွေများ ကို ပေးလေ၏ ။

ဘိုးရွှေထိုက် သည် စဉ်းစားပြီး သဘော ကျလျက် ၊ ငွေ ကို ယူ၍ ထား လိုက်လေ၏ ။ ထို့နောက် နှစ်ယောက်သား ဘိုးရွှေထိုက် ၏ အိမ်သို့ သွား ကြလေ၏ ။ သွားရာ လမ်း ၌ ဘိုးရွှေအပ် က ပြောပြ သည် မှာ

“ ဒီ အရေးတော့ ငါ့ တာဝန် ထားလိုက်ပါ ။ သို့သော်လည်း မင်း တစ်လ လောက် အတွင်း မှာ တော့ ဒီ ရွာ မှာ မနေနဲ့ဦး ၊ တစ်ခြား ရွာ မှာ သွားနေ ၊ သည်တော့မှ ဒီ ကိစ္စ ကို သင်းတို့ မေ့မေ့လျော့လျော့ ဖြစ်သွားမယ် ”

“ မင်း သာ နေရာ ကျအောင် လုပ်နိုင်မယ် ဆိုရင် ငါ့ ညီ ဆီ သွားနေမယ် ။ ငါ့ ညီ ရွာသစ်ကြီး မှာ ရှိတယ် ”

မကြာမီ ဘိုးရွှေအပ် သည် နွားပေါက်ကလေး ကို အားရ ဝမ်းသာ ဆွဲ ၍ လာခဲ့လျှင် ဘိုးရွှေထိုက် လည်း ရွာသစ်ကြီး သို့ သွားရန် မီးရထားရုံ သို့ ထွက် လာခဲ့လေ၏ ။

သို့ ထွက်လာ ခိုက်တွင် ဈေးချင်း ကို ကိုင်လျက် ၊ ဈေး သို့ သွားသော ၊ မပုတ်ကလေး နှင့် လမ်း မှာ တွေ့လေ၏ ။

မပုတ်ကလေး က အပါး ကပ် ပြီး

“ ကိုရွှေထိုက် ဘယ်ကိုသွား မလို့လဲ ”

ဟု မေးလေ၏ ။

ဘိုးရွှေထိုက် သည် အပါး သို့ ကပ်၍ လာသော မပုတ်ကလေး ကို ရှောင်ဖယ် ကာ မျက်စောင်း ထိုး ၍ ကြည့်ပြီး စကား မပြောဘဲ နေလေ၏ ။

“ ကိုရွှေထိုက် ဘယ် သွား မလို့လဲ ။ ဘာ ဖြစ်လာသလဲ ၊ မေးတာ မကြားဘူးလား ”

ဘိုးရွှေထိုက် သည် ပြန်၍ မကြည့်ဘဲ စကား လည်း မဆိုဘဲ ရှေ့သို့ တွင်တွင် လျှောက်လေ၏ ။ အကြောင်းမူ ကား ထိုကဲ့သို့ မပုတ်ကလေး လာ ၍ ပြောခြင်း သည် ဘိုးရွှေထိုက် စိတ် ထင်ချက်ကို ထောက်ခံသလို ဖြစ်၍ နေလေ၏ ။

“ ကိုရွှေထိုက် ၊ ရှင် ဘယ့်နှာလဲ ။ မနေ့ကတော့ ရယ်မော ပြော ဆို ၊ ကပျက်ကချော် တွေ တောင် ပြောပြီး အခုတော့ လူ တစ်ဖက်သား ကို စကား တောင် မှ အဖက် လုပ် မပြောချင်ဘူးလား ၊ ရှင် ဘယ့်နှယ်လူလဲ ”

ဘိုးရွှေထိုက် သည် ပြန်၍ ကြည့်ပြီး ဆက်လက် မသွားဘဲ ၊ မတ်တတ် ရပ် နေလေ၏ ။

“ နင့် ကို ငါ ဘာပြုလို့ စကား ပြောရမလဲ ။ နင်တို့ ဉာဏ်များ ကြောင်း ငါ အခု မှ သိလို့ စကား မပြောဘဲနေတာ ”

“ ဘာ ဉာဏ်များသလဲ ၊ ကျုပ် တို့ ဘာမှ ဉာဏ် မများပါကလား တော် ”

“ ငါ့ ကို နင်တို့ လိမ်လို့ မရဘူး ။ ရွှေအပ် က ပြောပြီးသား ၊ နင် တို့ ဉာဏ်တွေ ကို ငါ အကုန် သိတယ် ”

“ ဪ ကိုရွှေအပ် က ဘာများ ပြောသလဲတော် ။ ဪ ဒီကနေ့ မနက်စောစောကြီး သူ လာတာ မဟုတ်တာ တွေ ပြောဖို့ လာတာပေါ့ ။ သူ က ဘာပြောသလဲ ”

“ သူ ပြောတာ ကို ငါ ပြောပြ ရမလား ။ သူ က နင့် ကို တစ်မျိုး ကြံ နေတယ်ပြောတယ် ။ ငါ ကတော့ ည က ကရော်ကမယ် ပြော တာ ။ ဒါကို နင်တို့ က သက်သေ သာလိကာ နဲ့ အတည်ကြီး လုပ် နေတယ်လို့ ပြော ပါကလား ”

“ အလိုတော် ။ ကြမ်းကြား လေကြား ။ ကျုပ် တို့ က ဘာမှ မပြောရပါကလား တော် ။ ကျုပ် ကပျက်ကချော် ပြောတာတွေ ကို မေ့တောင် နေတယ် ”

“ အင်း ဒီအကောင် က ငါ့ ကို ဘာတွေ လာ ပြောတာလဲ ။ နင် တို့ ငါ့ ကို တကယ် မကြံဘူးနော် ”

“ မတော်တရော် တော် ၊ ဒီအသက် ဒီအရွယ် နဲ့ ။ ဒါမျိုးများ စိတ်ကူး ထဲ တောင် မထည့်ပါဘူး ”

“ အဟုတ်နော် ။ ဒီလိုဖြင့် ငါ ရွာသစ်ကြီး သွားဖို့ မလိုဘူးပေါ့ ”

“ ဘာဖြစ်လို့ ရွာသစ်ကြီး ကို သွားရမှာလဲ ”

“ ရွှေအပ် က ငါ့ ကို ရွာသစ်ကြီး မှာ တစ်လ လောက် သွားနေ တဲ့ ။ နင် တို့ ငါ့ ကို အရ ကြံ နေကြတယ်တဲ့ ”

“ ဒီ အကောင်ကြီး ဟာ မဟုတ်တာတွေ ကို သင်း လုပ်ကြံ ပြော တာ ဘာ ကောင်းသလဲ ။ ဒါဖြင့် သင်း မနက် က လာတာ ဘာပြုလို့ သင်း ဒီလို မဟုတ်တာတွေ ပြောရသလဲ ”

ဘိုးရွှေထိုက် သည် စဉ်းစားပြီး ရယ်မောကာ

“ ငါ သိပြီ ၊ ငါ သိပြီ တယ် ဉာဏ်များတဲ့ အကောင်ပါကလား ။ ငါ့ နွားပိုက် ကို ငွေ ၂ဝိ/- နဲ့ လိုချင်လို့ ။ သူ မဟုတ်တာတွေ လုပ်ကြံ ပြောတာပဲ ”

ဟု ပြောပြီး နွားပိုက် အကြောင်း နှင့် ပတ်သက်၍ ပြော ပြလေ၏ ။

မပုတ်ကလေး က လည်း ရယ်မောကာ

“ ရှင့် ကို ဘိုးရွှေအပ် က တစ်နေ့တော့ ရောင်းစား ပါလိမ့်မယ် ။ သူ နဲ့ ကြပ်ကြပ်ပေါင်း ”

“ နို့ အခု ပုံ တော့ ငါ့ နွားပိုက် ကို ၂ဝိ/- နဲ့ ပေးရတော့မလို ဖြစ်နေတာပေါ့ ။ နင် နဲ့ ငါ နဲ့ မညား ရအောင် လုပ်နိုင်ရင် ၂ဝိ/- နဲ့ ပေးမယ် လို့ ငါ က ပြောမိပေတာကိုး ။ အခု သူ ကြံလို့ ဟု ပြောလိမ့်မယ် ”

“ ကောင်းတယ် ။ ရှင် က န တာကိုး ။ နေဦး ။ ကျုပ် ကြံပေး မယ် ”

ဟု ပြောကာ ၊ မပုတ်ကလေး သည် စဉ်းစား ၍ နေလေ၏ ။ စဉ်းစားပြီး နောက် ရယ်မောကာ

“ သင်း က တစ်လွန်း တင်း ။ ကျုပ် တို့ က သုံးလွန်း ပြန် တင်းတာပေါ့ ”

ကျုပ်တို့ က ဟူသော စကား ကို ဘိုးရွှေထိုက် သည် လန့် ၍ သွားပြီး မပုတ်ကလေး ကို ကြည့်ကာ

“ ဘယ်လို တင်းမလဲ ”

ဟု မေး လေ၏ ။

မပုတ်ကလေး က ပြုံးရယ် ကာ

“ ရှင် အစိတ် ထက် မလျှော့ချင် ဘူး မဟုတ်လား ။ မလျှော့ ချင်ရင် ဒီလိုလုပ် ”

“ ဆိုစမ်း ”

“ သူ ကြံတာ မဖြစ်တဲ့ အနေ ရောက်အောင် ကျုပ် နဲ့ ရှင် နဲ့ ညားနေ ဟန် ဆောင်တာပေါ့ ”

“ ဟင် မဟုတ်တာပဲ ”

“ ဒီလိုဖြင့် နေလေ ၊ ရှင် ငွေငါးကျပ် ရှုံး မှာပေါ့ ”

ဘိုးရွှေထိုက် သည် မျက်မှောင် ကုတ်ကာ စဉ်းစား၍ နေလေ၏ ။

“ ကိုင်း လာ ဘယ်လို စမ်းလဲ ”

“ လာ အခု သူ့ ဆီ သွားမယ် ။ ဟို ကျရင် ကျုပ် ပြောပြမယ် ”

ဘိုးရွှေထိုက် သည် ကြောက်ကြောက် နှင့် လိုက်၍ သွားလေ၏ ။

ဘိုးရွှေအပ် ထံ ရောက်ကြသော အခါ မပုတ်ကလေး က

“ ကိုရွှေအပ် ရှင့် ကို ကျုပ်တို့ က ငွေ တစ်ပြား မှ ပြန် ပေးစရာ မရှိ တော့ဘူးနော် ။ ကျွန်မ တို့ နွားပိုက်ဘိုး ငွေ ထဲကလေ ”

ဘိုးရွှေအပ် သည် အံ့အား သင့်လျက် ကြည့် ၍ နေလေ၏ ။

“ ဘာဖြစ်လို့ ပြန် မပေးရမလဲ ငွေငါးကျပ် ကိုလေ ”

“ ကျုပ်တို့ ကို ရှင် ဘယ်လို ကြံပြီး ခွဲလို့ မှ မရဘူး ။ ရှင် က ငွေကလေး ငါးကျပ် သက်သာ ချင်လို့ ကျုပ် ယောက်ျား ကို ရွာသစ် နှင် တာပေါ့လေ ”

“ မပုတ်ကလေး ဘာတွေ ပြောနေတာလဲ ။ အခု ခင်ဗျားတို့ ဘယ်က  တွေ့လာကြတာလဲ ။ ဘာ ဖြစ်လာကြတာလဲ ”

“ ဘာဖြစ်ရမလဲ ။ ကျုပ်တို့ လင်မယား ပေါ့ ”

“ အလို နို့ မနက်က မပုတ်ကလေး က ပြောတော့ တစ်မျိုး ပါကလား ”

“ ကျုပ် ရှင့် ကို ဘာမှ မပြောရပေါင် တော် ၊ ရှင် က သာ လာပြီး ပြောတာ ... ”

“ ခင်ဗျား တို့ ဘယ်တုန်း က ညား သလဲ ”

“ ဘယ်တုန်းက ညားညား ရှင့် ပူရေး မဟုတ်ပါဘူး ”

“ အလို ဒီလိုဖြင့် ဒီ နွားပိုက် ကို အစိတ် ပဲ ပေး ရတော့မှာလား ။ မွန်းရွှေထိုက် က မနက်က ငါ့ ဘာတွေ လာပြီး ပြော တာလဲ ”

“ ငါ မင်း ကို ဘာမှ မပြောရဘူး ”

“ လာ ကိုရွှေထိုက် သွားမယ် ”

ဟု ပြောပြီး ထွက်သွား ကြလေ ၏ ။ ဘိုးရွှေအပ် လည်း မျက်လုံး ပြူးလျက် ကျန်ရစ်ခဲ့လေ၏ ။

လမ်း ၌ မပုတ်ကလေး က

“ မှတ်ကရော ။ အကောင်ရှုပ်ကြီး မိပုတ်ကလေး တဲ့ ဘယ်လို မိန်းမ မှတ်သလဲ ။ သင်း လှံ နဲ့ သင်း ပြန်ပြီး ထိုး လိုက်တာ ကိုရွှေထိုက် နေရာ မကျဘူးလား ”

ဘိုးရွှေထိုက် သည် အံ့သြလျက် ပြုံး၍ နေလေ၏ ။

ပုတ် ။  ။ ရုတ်တရက် သူ မသိစေရအောင် ၇ - ရက် လောက် ဆက်ပြီး အခုလိုပဲ ညား ဟန် ဆောင် နေဦးတော့ ၊ ချက် ချင်း အလိမ် ပေါ်သွားတော့ လည်း မကောင်းသေးဘူး ။ ဗြောင်ကျ အားကြီးနေမယ် ။ ကျုပ် ဈေးသွားစရာ ရှိသေးတယ် ”

ဟု ပြောပြီး ထွက် သွားလေ၏ ။

ဘိုးရွှေထိုက် သည် ရပ် ကာ မပုတ်ကလေး ကို နောက်ကနေ    ၍ ကြည့် လိုက်ပြီး ခေါင်းညိတ်ကာ ပြုံးလျက်

“ မပုတ်ကလေး မပုတ်ကလေး တကယ့် မပုတ်ကလေးပါကလား ။ တယ် ဉာဏ် သွားတဲ့ မိန်းမ ပဲ ။ အခုလိုပဲ ဆက်နေပြီး အိမ်ပေါ် ကို ပဲ ခေါ် တင်ထား လိုက်ချင်တော့တာပဲ ။ ဒီလို မိန်းမ တစ်ယောက် ကို ငါ့ မှာ ဘေးဆီး ရန်ကာ ရှိပြီး မထားရင် ငါ့ ကို ဧကန် တစ်နေ့သ၌ ဘိုးရွှေအပ် ထပ်ပြီး နှပ်ဦးမှာပဲ ”

ဟု တွေးပြီး မပုတ်ကလေး နောက်သို့ လိုက်ကာ

“ မပုတ်ကလေး မပုတ်ကလေး ၊ တနင်္ဂနွေ တစ်ပတ် မက လို့ တစ် သက်လုံးပဲ အခုလို လုပ် နေနေ ကျုပ် ကတော့ ကျေနပ်ပြီးပဲ ။ ဟဲဟဲ ”

ဟု ပြောလေ၏ ။ 

နောက် တစ်လ လောက် ကြာသောအခါ အတူတူ ထမင်းစား ရင်း ဘိုးရွှေထိုက် က မပုတ်ကလေး အား

“ မပုတ်ကလေး ရေ ရွှေအပ် ကို သနားပါတယ် ဟယ် ။ သင်း ကျေးဇူး ကြောင့် နင် နဲ့ ငါ နဲ့ တွေ့ ရတာ ။ သင်း ငွေ ၅ ကျပ် /- ကို ပြန် ပေးလိုက်ပါဟယ် ”

ဟု ပြောလေ ၏ ။

ပုတ် ။  ။ ကျုပ် လည်း စဉ်းစားနေတာပဲ ။ ဘိုးရွှေအပ် ငွေ ၅ ကျပ် /-   စိတ်ကြောင့်လား မသိဘူး ။ ဗိုက် ပူ တာ တောင် အတော် လျော့ သွား သလိုပဲ ။ မျက်နှာ များလည်း ချောင်လို့ပဲ ။ ပေးလိုက်ပါ တော် ပေး လိုက်ပါ ။

◾ပီမိုးနင်း

📖 ကဝိမျက်မှန် မဂ္ဂဇင်း
      အတွဲ ၄  ၊ အမှတ် ၅
      ဩဂုတ်လ  ၊ ၁၉၃၀

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment