Wednesday, August 3, 2022

အလှစစ်


 

❝ အလှစစ်❞

“ ကိုကြည်မောင် မန္တလေး ပြောင်းတော့မယ် တဲ့ ”

တင်းနစ် ရိုက်နေသူ အားလုံး သည် အသံ လာရာဆီ သို့ ချက်ချင်း လှည့်ကြည့်ကြသည် ။ သူတို့ မျက်နှာများ တွင် မယုံကြည်နိုင်မှုများ က အထင်းသားပေါ်လွင်သည် ။

“ ဘာ ပြောလိုက်တယ် ”

အားလုံး ၏ အသံ က ပြိုင်တူ လိုပင် ထွက်သွားကြ သည် ။ 

“ ဟုတ်တယ် ၊ သူ့ အိမ် က ပြောလိုက်တယ် ။ သူ့ အဖေ ပြောင်းရမှာမို့ တဲ့ ။ စီစဉ်စရာတွေ စီစဉ်ရအောင် ဒီနေ့ လာ မကစားနိုင်ဘူး တဲ့ ”

ကွင်းထဲ မှ လူအားလုံး သည် တစ်ယောက် မျက်နှာ တစ်ယောက် ငိုင်တွေတွေ လှမ်း ကြည့်မိကြလေ၏  ။ သည် မျက်လုံးများ တွင် ဝမ်းနည်းကြေကွဲခြင်း အရိပ်များ ကို တွေ့ရ သည်  ။ ရက်ကက်များ ကို ကိုင်လျက် တန်းလန်း ဆက် ကစားကြရန် ပင် မေ့လျော့သွားမိကြသည် ။ အားလုံး တွေတွေ ကြောင်အမ်းအမ်း ဖြစ်ကြသည် ။ မိန်းကလေးများ ၏ မျက်နှာ မှ ညိုရိပ်များ က ပို၍ သိသာ ထင်ရှား သည် ။ ခွဲခွာရတော့မည် ဆိုကာ မှ ကိုကြည်မောင့် အပေါ် ထား မိကြသည့် သံယောဇဉ် သည် အဘယ်မျှ ကြီးမားခိုင်မြဲ နေ ပြီကို ရုတ်ခြည်း သိလာရလေ၏  ။ 

အားလုံး ၏ မျက်လုံး အစုံ သည် ခါတိုင်း ကိုကြည်မောင့် ကား ရပ်ထားတတ်ရာ မလှမ်းမကမ်း ရှိ လမ်းဘေး သို့ ရောက်မိကြသည် ။ ပြောင်ပြောင်လက်လက် လှလှပပ မရှိ ခဲ့သည့် အမြဲလိုလို ဖုန်များ ပေကပ် နေတတ်သော ကားကလေး သည် ရှိနေရာကျ နေရာတွင် မရှိပေ ။ အားလုံး ရင် သည် ဟာ သွားသည် ။ မန္တလေး ပြောင်း ရတော့မည် ဆိုသော ကိုကြည်မောင့် အသွင်သဏ္ဌာန် သည် သူတို့ မျက်ဝန်းစုံ တို့ ဝယ် တဝဲလည်လည် ရှိလေသည် ။ သည်အသွင်သဏ္ဍာန် သည် မကြာမီပင် သူတို့ မျက်မှောက် မှ လုံးဝ ကွယ်ပျောက် လေတော့မည် ။

       •••   •••   •••   ••• 

“ ရုပ်ဆိုးတယ် နော် ”

ကိုကြည်မောင် နှင့် အတူ တစ်ကျောင်းတည်း မှ ပြောင်းလာသော မိန်းကလေး ပြုံး သည် ။ ကိုကြည်မောင် အား ပထမဆုံး မြင် တွေ့လိုက်ရသူ တိုင်း က သည်လို ရုတ် တရက် ဆိုမိလိုက်တတ်ကြတိုင်း ထို မိန်းကလေး အမြဲ ပြုံး တတ်သည် ။ သူ့ နှုတ်မှ မည်သို့မျှ ပြန် မပြောသော်လည်း သူ့ မျက်လုံးများ ကမူ “ ကိုကြည်မောင် ရုပ်ဆိုးတာ တကယ် ဟုတ်ချင် မှ ဟုတ်မှာ ပေါ့ ” ဟု ပြောနေ သည့်နှယ် ပင် ။ မည်သို့ဆိုစေ ကိုကြည်မောင့် အား စ တွေ့ လိုက်ရသူတိုင်း က သူ့ အသွင် ကို အမှတ်ထင်ထင် ရှိလိုက်ရသည်ချည်း ဖြစ်သည် ။

ကိုကြည်မောင့် အသား က ညိုသည် ။ ညို သည် မှ အတော့် ကို ညို သည် ။ နှာခေါင်း က ပြား သည် ။ မျက်နှာ တွင် ကျောက်ပေါက်ရာ အချိုင့်အဝှမ်းလေးများ ဖြင့် ပြည့်နေ သည် ။ နှုတ်ခမ်း က ထူထူအမ်းအမ်း ဖြစ်သည် ။ သူ့ မျက်နှာ တစ်ခုလုံး တွင် လှသော အစိတ်အပိုင်း ဟူ၍ တစ်ခု မျှ မရှိ ။ သူ့ မျက်လုံးများ သည် လည်း တောက်ပစူးရှခြင်း မရှိ ။ သာမန် မျက်လုံးများ ပင် ဖြစ်သည် ။ ခေါင်း ကို လည်း သပ် သပ်ရပ်ရပ်ကြီး ဖြီးသင် မထား ။ ဆံပင် အချို့မှာ နဖူးပေါ် မသေမသပ် ဝဲကျ နေကြသည် ။ သူ့ မျက်နှာထား သည် ပြုံးရွှင်ဖော်ရွေခြင်း မရှိချေ ။ အမြဲလိုလို တည်တည်ကြီး ဖြစ်လေ၏ ။ သည် ရှုတည်တည် ပုံစံကြောင့်ပင် ပို၍ အကြည့်ရ ဆိုးလေ၏ ။

ထိုသို့သော ကိုကြည်မောင် သည် အကျည်းတန် သည် ဟူသော သူ့ ကိုယ်ပိုင် အရည်အချင်း ဖြင့် အစဦး ၌ အ တော်လေး လူသိ များသည် ။ နောက်ပိုင်း၌ မူ ရုပ်ဆိုးသလောက် ဘု ကလည်း ကျသည် ဆိုကာ ကိုကြည်မောင် သည် ကျောင်းသားဟောင်းများ အဖို့ အထူးအဆန်းသ ဖွယ် ဖြစ်ကာ ပို၍ နာမည် ကြီးလေ၏ ။ ကိုကြည်မောင် သည် သူတို့ ပတ်ဝန်းကျင် မှ ကျောင်းသား တစ်ဦး နှင့် မျှ မတူပေ ။

သူ့ အပေါ် မနှစ်သက်မိလှခြင်းသည် တဖြည်းဖြည်း အံ့သြစရာ အဖြစ်သို့ ရောက်ရပြန်၏ ။ အတန်း ထဲ တွင် တော်လှ တတ်လှ ပါသည် ဆိုသော ကျောင်းသားများ သည် သူ့ နောက် တွင် ပြတ်ကျန်ရစ်သောအခါ အရုပ်ဆိုး လှသော ကျောင်းသားသစ် အားလုံး က ဝိုင်း ကြည့်ရလေ၏ ။ ထို တော်လှသော ကျောင်းသားများ ကဲ့သို့ ကျောင်းစာ ကို ချည်း အချိန်မလပ် ဖတ်နေရသည် မဟုတ်သော သူ့ အား အံ့သြရခြင်း ၊ အထင် ကြီးရခြင်း သည် ထိုမှ စသည် ။ ထိုအခါ အချို့က သူ့အား ချဉ်းကပ်လာကြသည် ။ ထို ချဉ်းကပ်ကြ သည့် အနည်းငယ်သော အရေအတွက် မှ သည် နောက်ပိုင်း တွင် အားလုံးသော ကျောင်းသားများ သည် သူ့ နံဘေး တွင် ဝိုင်းဝိုင်းလည်ပါသတည်း ။

ဘု ကျသည် ဆိုသော ကိုကြည်မောင့် အား အံ့သြရ ပြန်လေပြီ ။ ကျောင်းစာ နှင့် ပတ်သက်လာလျှင် လေအေးအေး နှင့် သူ အရှင်းနိုင်ဆုံး ရှင်းပြတတ်သော ၊ စိတ်ရှည်လှ သော ကိုကြည်မောင့် အား ဘုကျသည် ဆိုခြင်းကို အတန်း သားများ က လက် မခံလိုကြတော့ ။ အားလုံးသည် ကိုကြည်မောင့် သဘောထား ကို သိကြလေပြီ ဖြစ်သည် ။ သူတို့ သည် ကိုကြည်မောင့် အား တွယ်တာ လာကြသည် ။ သင်္ချာ နှင့် ပထဝီဝင် တွင် မည်သူမျှ လိုက် မမီအောင်တော်သော ကို ကြည်မောင် သည် သူ တတ်သမျှ ၊ သူ သိသမျှ အားလုံး ကို တစ်ခုမှ မထိမ်မချန် မဝှက်မသိုဘဲ ညီမျှ ဖြန့်ဝေသည် ။

အခြား ကျောင်းသားများ ကဲ့သို့ တစ်ပါးသူ ကိုယ့် ထက် သာ မည် စိုး၍ ပညာ ဝှက်ခြင်း သည် သူ့ တွင် မရှိ ။ သူ မသိသေး သည့် အကြောင်းအရာများ ကိုလည်း သူ့အား သင်ကြား ပြသပါရန် တောင်းပန်တတ် သူ ဖြစ်ပါ၏ ။ ကိုကြည်မောင် သည် အတန်းသား အားလုံး သာ မက ဆရာများ၏ အသိ အမှတ် ပြုခြင်း ၊ လေးစားခြင်းတို့ ဖြင့် အထက်တန်းများ ၌ ပေါ်လွင် ထင်ရှားသည် ။ သူ သည် အားလုံး ၏ ချစ်ခင်အားကိုးရသော လူ တစ်ယောက် ဖြစ်လာရလေသည် ။

ဖုန် ရွှံ့ အထပ်ထပ် လိမ်းသော သူ့ ကားပေါ် တွင် ကျောင်းသားများ ပြည့်ညပ်သိပ်နေတတ်သည်ကို မကြာ ခဏ တွေ့ရမည် ဖြစ်သည် ။ အထက်လွှာ မှ ဖြစ်သော်လည်း သူ့ တွင် ' မာန် ' မရှိပေ ။ သူ သည် အထက်လွှာ မှ ဖြစ်ကြောင်း သူ စီးနေကျ အိုပယ်လ်ကား တစ်ခု ကပင် သက်သေခံ ပြော ပြလိမ့်မည် ထင်၏ ။ တန်ဖိုးကြီးစွာ ပေး ရသော လှလှပပ တောက်တောက်ပြောင်ပြောင် အဝတ်အစားများ ကို တက္ကသိုလ် မှ ပါမောက္ခ တစ်ဦး ၏ သား ဖြစ်သော သူ့ ကိုယ်ပေါ် ၌ မတွေ့ရ ။ အားလုံးသည် တွေ့ ဖူးရလှသော အထက်လွှာ မှ လူများ နှင့် ခြားနားပါလေ၏ ။

မိန်းကလေးများ သည် တင်းနစ်ကွင်း တွင် ကိုကြည်မောင့် အကြောင်း ပို သိရသည် ။ မိန်းကလေးများ ကစားနေ သည်ကို သေချာစွာ စောင့်ကြည့်ပြီး သူ ကိုယ်တိုင် ထိုမိန်း ကလေးများ နှင့် ဝင် ကစား၏ ။

“ ခင်ဗျား လက် တက်နိုင်တယ် ၊ ဒါကြောင့်ပဲ ”

သူ ကူညီသော မိန်းကလေး အား မရယ်မပြုံး ခပ် တည်တည် ၊ ခပ်တိုတို သည်သို့ ပြောတတ်သည် ။ ဖွင့် မပြော သော်လည်း မိန်းကလေးများ ၏ မျက်လုံးများ မှ သူ့ အား ချစ်ခင်ခြင်း ၊ အထင်ကြီး လေးစားခြင်း တို့ ကို သူ တွေ့ပါလိမ့် မည် ။ အများအားဖြင့် ယောက်ျားလေးများ သည် မိန်းက လေးများ နှင့် ယှဉ် မကစားလိုတတ်ကြ ။ လက် ကျသည် ဟု ဆိုတတ်လေ့ ရှိသည် ။ ယခု တင်းနစ် ရိုက် ရာတွင် ပျံနေအောင် တော်သည် ဆိုသော ကိုကြည်မောင် သည် မကျွမ်း ကျင်လှသေး သော မိန်းကလေးများ နှင့် လာ၍ ကစား သည် ။ သူသည် ကိုယ် ရဖို့ ထက် တစ်ပါးသူ အား ပေးလို သော သူ သာတည်း ။

       •••   •••   •••   ••• 

“ ကိုကြည်မောင့် ကား ကလည်း ညစ်ပတ်လိုက်တာ ၊ ဆေး ပါဦး ”

“ ကျွန်တော် ကား စီးတာ လူ အထင်ကြီးဖို့လည်း မဟုတ်ဘူး ၊ အလှပြချင်လို့လည်း မဟုတ်ဘူး ။ သွားရေး လာရေး လွယ်ကူဖို့ပဲ ။ စက် မကောင်းရင်သာ ပြင်ဖို့ ရှိတယ် ။ သူများ ကြည့် မကောင်းမှာ စိုးလို့တော့ မဆေးချင်ဘူးဗျ ။ အချိန် ကုန်တယ် ”

အပြော ခံလိုက်ရသူ မိန်းကလေး သည် ကိုကြည်မောင့် အား ကြောင် ၍ ကြည့်လေ၏ ။ ကိုကြည်မောင် ကတော့ ဂရုမစိုက် ၊ သူ ပြလက်စ စာကို သာ ဆက်ပြ၏ ။ ဆယ့်နှစ်လ ၏ မိုးရေချိန် လက်မများ အခြေအနေ နှင့် အပူချိန်ဒီဂရီ တို့ ကို ကြည့်ကာ ကမ္ဘာ့အရပ်ဒေသများ ကို ခန့်မှန်းခြင်း ၌ မကျွမ်းကျင် သော ကျောင်းသားကျောင်းသူများ သည် သူ့ ပြော စကားများ ကို စူးစိုက် နားထောင်သည် ။ သူသည် ဂရပ်ဖ် ကို လှပသေသပ်စွာ ဆွဲလေသည် ။ သူ သည် သပ်ရပ်လှပ စွာ မနေတတ်သော်လည်း သူ ဆွဲ သောပုံများ သည် လှပ သေသပ်သပ်ရပ်လေ၏ ။ သူ့ လက်ချောင်းများ သည် သွယ်သွယ်လျလျ ရှိသည် ။ 

“ ကိုကြည်မောင် သင်္ချာ လည်း တော်တယ် ၊ ပထဝီ လည်း သိပ်တော်တာပဲ ၊ ဉာဏ် သိပ်ကောင်းတယ် ၊ ရူပဗေဒ ၊ ဓာတုဗေဒ တို့ ယူရင် ကောင်းမှာ ပဲ ။ ဘာလို့ မယူတာလဲ ဟင် ”

“ ဆယ်တန်း အောင်ပြီးရင် ဘယ် တက္ကသိုလ် တက်ဖို့လဲ ”

ကိုကြည်မောင် က သူ့ အား မေးသော မိန်းကလေး အား ပြန် ၍ မေးသည် ။ ထို မိန်းကလေး သည် တင်းနစ်ကွင်း တွင် မကြာခဏ တွေ့ဖူးသော သိပ္ပံဘာသာရပ်များ ယူသည့် မိန်းကလေး တည်း ။

“ ဖေဖေ နဲ့ မေမေ ကတော့ ဆေးတက္ကသိုလ် တက် လို့ ပြောတာပဲ ”

“ ကိုယ်တိုင် ကကော ဝါသနာ ပါလို့လား"

“ ဝါသနာ ပါလှတယ်တော့ မဟုတ်ပါဘူး ”

ပြုးခဲသော ကိုကြည်မောင့် မျက်နှာ တွင် အပြုံးရိပ် က ယှက်သန်းသည် ။

“ ဝါသနာ မပါဘဲ နဲ့ တော့ ဘာလို့ လုပ်မလဲဗျ ။ လူ အ ထင်ကြီးတော့ ခံရတယ် ၊ ဒါပေမဲ့ ကိုယ့် အတွက် အခက်အခဲ တွေ့ မှာပဲ ။ မကျွမ်းကျင်တဲ့ ဘာသာရပ် မှာ တဗိုင်းဗိုင်း ကျနေမယ့် အစား ကျွမ်းကျင်တဲ့ ဘာသာရပ် မှာ ထူးချွန်တာ ပို  ၊ မကောင်းဘူးလား ။ ကျွန်တော် ကိုယ် ကြိုက်တာမှပဲ လုပ် လိုက်ချင်တယ် ။ အပြင်လူ က ဘာပြောပြော မကြိုက်ဘူးဆို မလုပ်ဘူး ။ ကျွန်တော့် အဖေ က ကျွန်တော့် ကို ဆရာဝန် လုပ် စေချင်တယ် ။ ဒါပေမဲ့ ဝါသနာ မှ မပါဘဲ ။ စိတ်ဝင်စားတာက မိုးလေဝသ လုပ်ငန်း ၊ ခိုင်းတာက ဆေးကုခိုင်း တာ ဆိုတော့ တခြားစီပဲ ။ ကိုယ် စိတ်ဝင်စားတာ ကိုယ် လုပ်တာ က တခြား လူ အထင် မကြီးချင်နေပေစေ ၊ စိတ်ချမ်းသာ တယ် ၊ လွတ်လပ်တယ်ဗျ ”

ကိုကြည်မောင် က ပြော ပြီး ပြီးချင်း မည်သူ့ကို မျှ နှုတ် မဆက်ဘဲ ထွက်သွားလေ၏ ။ အားလုံးသည် တိတ်ဆိတ်စွာပင် ငေးမော ကျန်ရစ်ရလေ၏ ။ နောက် တစ်နေ့တွင် သူ  ၊ မပြောခဲ့သော သူ့ အကြောင်းအချို့ ကို ကြားရသိရပြန် သည် ။ ကိုးတန်း အောင် စဉ်က ရုပဗေဒ နှင့် သင်္ချာ ကို ဂုဏ်ထူး နှင့် အောင်ခဲ့ခြင်း နှင့် တင်းနစ်ပြိုင်ပွဲများ တွင် ဆုတံဆိပ်များ ကို ထပ်ခါထပ်ခါ ရရှိထားခြင်းပေတည်း ။ မပြော နှင့် ဟု ကိုကြည်မောင် က ပိတ်ထားလျက် နှင့် သူငယ်ချင်း ၏ အရည်အချင်း မှန် ကို မဖုံးဝှက်ထားလိုသော သူ နှင့် တစ် ကျောင်းတည်း မှ ပြောင်း လာသည့် မိန်းကလေးကပြော ခြင်းတည်း ။ 

ကိုကြည်မောင် သည် ကိုယ့် အကြောင်း ကိုယ် ထုတ် ဖော် မပြောတတ်သော လူတစ်ယောက်ပင် ။

       •••   •••   •••   ••• 

“ သူ့ အဖေ ပြောင်း လည်း သူ နေခဲ့လို့ ရသားပဲ ”

“ သူ က ပထဝီ ယူမယ့် လူ ပဲ ၊ အဖေ နဲ့ နီးနီးကပ်ကပ် နေ တော့ ပိုလည်း ကောင်းတယ် မဟုတ်လား ၊ ဒါကြောင့် လိုက် ပြောင်းတာ နေမှာပေါ့ ”

ကိုကြည်မောင် မန္တလေး ပြောင်းတော့မည့် သတင်း သည် သူ့ အတန်းသားများ လောက သို့ လျင်မြန်စွာ ပြန့်နှံ့ သွားလေ၏ ။ ဆယ်တန်း ပထဝီအခန်း မှ ကျောင်းသား ကျောင်းသူ အားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကြသည် ။ သတင်း သည် သေချာသောအခါ လမ်း တွင် တစ်ယောက် နှင့် တစ်ယောက် ဆုံမိကြတိုင်း သည်အကြောင်း သာ ဝမ်းနည်း ပက်လက် ပြောမိကြလေ၏ ။ ကိုကြည်မောင့် အပေါ် ထား ကြသော သံယောဇဉ် သည် ကြီးလှကြောင်း သည်တွင် ပေါ်လွင်လာသည် ။

ကိုကြည်မောင့် အား ပြန်လည် တွေ့ဆုံရရန် ခဲယဉ်း သွားပြီ ကို သိ လိုက်ကြသော အတန်းသား တို့ သည် သူ့ အား ချီးကျူးဂုဏ်ပြုခွင့် ကို ဆရာကြီး ထံ မှ တောင်းကြသည် ။ ခွင့်ရ၍ အမှတ်တရ လက်ဆောင် ပေးရန် ငွေ ကောက်သော အခါ အလှူငွေ ဆို ဝေးဝေး က ရှောင်ကြသော ကျောင်းသား ကျောင်းသူများ သည် လူစေ့တက်စေ့ ထည့် ကြလေ၏ ။

အားလုံး သည် ကိုကြည်မောင့် အလာ ကို သာ မျှော် လင့်တကြီး စောင့်ဆိုင်းနေကြသည် ။ သူ့အား အတန်း ထဲ တွင် ကော ၊ တင်းနစ်ကွင်းတွင် ပါ မတွေ့ရသည် မှာ နှစ်ရက် ရှိပြီ ။ မျက်လုံးများ သည် ကျောင်းခန်းမ တံခါးဝ ဆီ သို့ ရောက်ကြသည် ။ 

“ ကိုကြည်မောင် အလုပ် သိပ် မအားလို့ နောက်ကျ နေ ပါတယ် ။ ကျောင်းသား ကျောင်းသူများ သည်းခံ စောင့်ကြ ပါခင်ဗျာ ”

အခမ်းအနားမှူး ဖြစ်သော ကျောင်းသား က စင်မြင့် ပေါ် မှ တောင်းပန်သည် ။ သူ ပြန် ဆင်းသွားသည့် တိုင် ခန်းမ ထဲ မှ ကျောင်းသားများ သည် တိတ်ဆိတ်လျက် ။ ခါတိုင်း ကျောင်းခန်းမ ထဲ တွင် စုဝေးမိကြပြီ ဆိုလျှင် လူငယ်တို့ ဘာဝ တစ်ယောက်လက် တစ်ယောက် တို့ ဆိတ်ကာ ပြော ရသည့် စကားများ မကုန်နိုင် မခန်းနိုင် ။ ခန်းမကြီး တစ်ခုလုံး ဆူညံ ကာ ဆရာများ လာ ကြိမ်းရသည်က အမြဲ ။ ယခုမူ ယခင်အ ကြိမ်များ နှင့် ခြားနားလှပါဘိ ။ ယင်းသို့ တိတ်ဆိတ်နေမိကြ ခြင်း ကို ကျောင်းသားများ ကိုယ်တိုင် ကပင် အံ့သြမိရ လေ၏ ။

ကိုကြည်မောင့် အပေါ် တွယ်တာခင်မင်ကြည်ညို လေးစားရခြင်း သည် အလိုလို ပေါ်လွင် ရလေသည် တကား ။

လက်ခုပ်သံများ သည် ဆူညံသွားလေ၏ ။ ကိုကြည်မောင် သည် ဆရာကြီး ၊ အတန်းပိုင်ဆရာ ၊ အခြား ဆရာ တို့ နှင့်အတူ စင်မြင့် ပေါ် တက် လာသည် ။ ခါတိုင်း ဖိုသီဖတ်သီ နေတတ်လှသော သူ သည် သည် နေ့ အင်းလေးပုဆိုး ၊ တိုက်ပုံအဆန့်ဆန့်ပြန့်ပြန့် နှင့် ခံ့ညား နေလှသည် ။

“ ပထဝီအခန်း က ကျောင်းသားတွေ က မောင်ကြည်မောင့် ကို ချီးကျူးဂုဏ်ပြုပွဲ လုပ်ချင်ပါတယ် လို့ ခွင့်လာ တောင်းတော့ ဆရာကြီး အင်မတန် အံ့သြသွားတယ် ။ ဒီ ကျောင်း က ကျောင်းသားကျောင်းသူ တချို့ အခု မောင်ကြည်မောင့် လိုပဲ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွား ကြတာတွေ မကြာခဏ ရှိခဲ့ဖူးတယ် ၊ ဒါပေမဲ့ ဘယ်တုန်း က မှ ခုလို ချီးကျူးဂုဏ်ပြုပွဲတွေ ဘာတွေ လုပ်ဖို့ ဘယ်သူက မှ ခွင့် မတောင်းခဲ့ဖူးဘူး ။ ထုံးစံလည်း မရှိခဲ့ဖူးဘူး ။ ခု တစ်ကြိမ် ဒီလို ဖြစ်လာတော့ အံ့သြလွန်းလို့ ဆရာကြီး က မေးတယ် ။ မင်းတို့ ဘာဖြစ်လို့ လုပ်ချင်တာလဲ လို့ ။ ကိုကြည်မောင် ဟာ သူတို့ အတွက် သိပ်ကို ကြည်ညိုလေးစားစရာ ကောင်းတဲ့ ကျောင်းသား တစ်ယောက် ၊ အစ်ကိုကြီး တစ်ယောက် ဖြစ်တယ် ။ လူတော် တစ်ယောက် ဖြစ်တယ် ။ ဒီလို လူမျိုး ကို ဆုံးရှုံးလိုက်ရတာ ဟာ သူတို့ အတွက် အင်မတန်ဝမ်းနည်း စရာကောင်းတယ် လို့ ပြောကြတယ် ။ ဆရာကြီး ကိုယ်တိုင် ဒါကို ထောက်ခံတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ကြည်မောင် ဟာ အင်မတန် တန်ဖိုးရှိတဲ့ ကျောင်းသား တစ်ယောက် ဆိုတာ သိတယ် ။ ကိုယ်တိုင် မင်း တို့ ဆယ်တန်း ကို သင် ရလို့ အရည်အချင်း ကို ဆရာကြီး ကောင်းကောင်းကြီး သိတယ် ။ ဒါကြောင့် ဒီ အခမ်းအနား ကို ကျောင်းသားများ ရဲ့ ဆန္ဒ နဲ့ သာမက ဒီ က ဆရာ ၊ ဆရာမတွေ ရဲ့ ဆန္ဒ နဲ့ ပါ ပြုလုပ်ပေးခြင်းဖြစ်ပါတယ် ”

ဆရာကြီး နှင့် ဆရာ နှစ်ယောက် က ကိုကြည်မောင့် ဂုဏ်ပုဒ်များ ကို ထုတ်ဖော်ချီးကျူးကြသည် ။ နောက် ကျောင်းသားကျောင်းသူ နှစ်ယောက် ကလည်း အတန်း ကိုယ်စား ကိုကြည်မောင့် အား ဂုဏ်ပြုစကား ကို ပြောသည် ။ ကိုကြည်မောင် လိုလူမျိုး နောက်ထပ် ဆုံစည်းရန် အလွန် ခဲယဉ်းသည် ဟူသော စကားသည် ကျောင်းသား အားလုံး အား ပို၍ ထိခိုက်ဝမ်းနည်းခြင်းကို ဖြစ်စေသည် ။

စကားပြောခွက် ရှေ့ ရပ်လိုက်သော ကိုကြည်မောင့် အား ကြည့် ကာ အားလုံး ၏ ရင်ဝယ် ခိုက်သွားသည်  ။ သူ့ မျက်နှာ သည် ဖြူလျော်လျော် ဖြစ်နေကာ သူ့ အသံ သည် ခါ တိုင်း လို မညီညာ မပြေပြစ် ၊ စကား ပြော စ တွင် ခံစားရမှု ဖြင့် တုန်အက်အက် ဖြစ်နေ၍တည်း ။

“ ကျွန်တော့် ရင် ထဲ မှာ သိပ် တုန် နေတယ် ။ ပရိသတ် ရှေ့ စင်မြင့်ပေါ် တက်ပြီး စကား ပြောရတဲ့ အတွက် တုန်တာမျိုးတော့ မဟုတ်ပါဘူး ။ ကျွန်တော့် ကို ဒီလောက် တွယ်တာသံယောဇဉ် ကြီးပြီး စေတနာ ထားကြပါလား ဆိုတဲ့ အသိ က လှုံ့ဆော် လို့ ဝမ်းနည်းဝမ်းသာ ခံစားချက်နဲ့ ပါ ”

ကျောင်းသားကျောင်းသူများ ၏ ရင်ဝယ် တသက် သက် နာကျင်ခြင်းဝေဒနာ က လွှမ်းမိုးသည်  ။ မိန်းကလေး တချို့ သည် ကိုကြည်မောင် အားကြည့်ကာ ကိုကြည်မောင့် တုန်အက်သောအသံကို နားထောင်ကာ မျက်ရည်ဝဲကြ သည် ။ 

“ ကျွန်တော့် အတွက် ဒီ ပွဲ လုပ်မယ် ၊ လာ တက်ပါလို့ လာ ဖိတ်ကြတုန်းက ကျွန်တော် ယုံတောင် မယုံပါဘူး ။ တစ်ခါ ဒီ အခမ်းအနား ရောက်ပြန်တော့လည်း သိပ် အံ့သြရ ပြန်ပါတယ် ။ ခါတိုင်းလို မဆူမညံဘဲ ကျွန်တော့် အလာကို တိတ်တိတ်ဆိတ်ဆိတ် စောင့် နေကြတာဟာ ကျွန်တော့် အ ပေါ် အတန်းသားတွေ ရဲ့ မေတ္တာ ဘယ်လို ထားတယ် ဆိုတာ နားလည်လိုက်ရလို့ပါပဲ ။ အားလုံးရဲ့ မျက်နှာတွေပေါ် က ခံစားချက်တွေ ကို တွေ့ရတော့ သူငယ်ချင်းတွေ ရဲ့ သံယောဇဉ်အဟုန် ဘယ်လောက် ကြီးမားတယ် ဆိုတာ သိ လိုက်ရ ပါတယ် ။ ကျွန်တော် ဝန်ခံပါတယ် ။ ခု တစ်ခါလောက် ဝမ်းနည်း တာ ကျွန်တော့် ဘဝ မှာ မကြုံရသေးပါဘူး ။ ခါတိုင်း အချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် မာနလေးတွေ ကိုယ်စီ နဲ့ ပြိုင်ချင်စိတ်ကလေးတွေ ရှိ ကြပေမယ့် ခု တစ်ခါတော့ အားလုံး တက်ညီလက်ညီ ညီညီညွတ်ညွတ် လုပ် ကြ တာကို ကျွန်တော် သိပ် ဝမ်းသာပါတယ် ။ သတိလည်း အမြဲ ရနေမှာပါပဲ ။

“ ကျွန်တော် ခု သွားရမှာ က မသွား မဖြစ်လို့တော့ မဟုတ်ပါဘူး ။ မသွားရင်လည်း ဖြစ်တော့ ဖြစ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော့် အိမ်သား အားလုံး က လိုက် စေချင်ကြ တယ် ။ အထူးသဖြင့် ကျွန်တော့် ဖခင် ရဲ့ ဆန္ဒ ပို ပြင်းတယ် ။ သူတို့တွေ ရဲ့ မေတ္တာ ကို အလေးအနက် ထား ပြီးတော့ ကျွန်တော် ဆုံးဖြတ်တာပါ ။ နောက်ပြီး ကိုယ်တိုင် ကလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း တွေ ကို တက် မှာ မဟုတ်လို့ မန္တလေး ပြောင်းဖို့ ကိစ္စ ပို ခိုင်မာ သွားရတာပါ ။ နောက်ဆုံး ပြော ချင်တာက ကျွန်တော် တို့ ဟာ အခု ခွဲခွာရပေ မယ့် နောက် တစ်ချိန်ချိန် တစ်နေရာရာ မှာ မလွဲမသွေ ပြန် တွေ့ကြရဦးမှာပဲ ။ ဒါ သေချာပါတယ် ။ ဒီ အချိန် ကိုပဲ ကျွန် တော်တို့ မျှော်လင့်ကြပါစို့ လို့ ပြောပါရစေ  ။ နောက် တစ်ခုကတော့ အခု ကျွန်တော့် အတွက် ရည်ရွယ်တဲ့ အခမ်းအနား ကို အတန်းသား အားလုံး ညီညီညွတ်ညွတ် လုပ် ကြသလို နောက် ကြုံ ရမယ့် ဘယ်လို အရေးကိစ္စ ကို ပဲ ဖြစ်ဖြစ် ခုလိုပဲ အားလုံး တိုင်တိုင်ပင်ပင် နဲ့ ဆွေးနွေး လုပ်ကြပါလို့ ပြောချင် တာပါပဲ ”

အတန်းသားများ စု၍ ပေးသော တင်းနစ်ရက်ကက် ၊ ဘောလုံးကင်းဗတ်ဖိနပ် နှင့် ဖောင်တိန် တို့ ကို ဆရာကြီး ထံ မှ တစ်ဆင့် လက်ခံယူသော ကိုကြည်မောင့် လက်များ သည် မသိမသာ တုန်နေသည် ။ ခန်းမ ထဲ မှ ထွက်လာသော အခါ သူ ၏ ဖြူရော်ရော်ဖြစ်နေသော မျက်နှာ ကို နီးကပ်စွာ မြင်ကြ ရလေ၏  ။ တုန်အက်သော သူ့ အသံသည် နား တွင် ငြိခိုနေ ဆဲတည်း ။ 

ကိုကြည်မောင် သည် သူ့ အတန်းသားများ အား ပြုံး ၍ နှုတ်ဆက်သည် ။ မကြည်လင်သော အပြုံး သည် သူ့ သူငယ်ချင်းများ ၏ ရင်တွင် တူမျှသော ဝမ်းနည်းမှုခံစားချက် ကို ဖြစ်စေလေသည် ။ ဆရာကြီး နှင့် ဆရာ ၊ ဆရာမများ သူတို့ အပါးမှ ထွက်ခွာ သွားသောအခါ ...

“ ခင်ဗျားတို့ စိတ် မကောင်းဖြစ်မှာ စိုးလို့ ကျွန်တော် အတန်း ထဲ မှာတောင် မပြောခဲ့ဘူး ။ နှုတ် မဆက်ခဲ့ဘူး ။ ဒါတောင် ဒီပွဲ လုပ်ဖြစ်အောင် လုပ်ကြသေးတာကိုး ။ အေးဗျာ ၊ အခြေအနေ က ဖြစ် လာတာကိုး ။ ဘယ် တတ်နိုင်ပါ့ မလဲ ။ ကျွန် တော့် ကို ခုလို ခင်ခင်မင်မင် ရှိကြတာ သိပ်ဝမ်းသာပါ တယ်ဗျာ ။ ကျွန်တော် ဘယ်လိုမှ မမျှော်လင့်ခဲ့ဘူး ။ ခင်ဗျား တို့ ပေးတဲ့ ဒီပစ္စည်းတွေ ကို ကျွန်တော် တန်ဖိုးထားတယ် ။ စေတနာ က ဖြစ်လာတာ ဆိုတော့ သိပ် မြင့်မြတ်တယ် ။ ကျွန်တော် ရခဲ့ဖူးတဲ့ ဆုတွေ ထက် ခင်ဗျားတို့ ပေးတဲ့ ပစ္စည်းတွေ က ပို တန်ဖိုး ရှိပါတယ် ။ လေးနက်ပါတယ် ။ ဟို ဆုတွေ ရခဲ့ တုန်း ကတောင် ခုလောက် ကျွန်တော် မခံစားခဲ့ရပါဘူး ”

ကိုကြည်မောင် သည် မယုံနိုင်စရာ ကောင်းလောက် အောင်ပင် စကား များများ ပြော လေသည် ။ သူ က ယုံပါ ဟု မဆိုသော်လည်း သူ့ စကားများ ကို အားလုံးက ယုံကြည် ကြသည် ။ သူ့ သူငယ်ချင်းများ သည် စကား ပြန် မပြောကြ ဘဲ သူ့ ကို သာ ငေး ကြည့်နေကြသည် ။ မိန်းကလေး အချို့ ၏ မျက်လုံး ဝယ် မျက်ရည်များ ရစ်ဝိုင်းသည် ။ မျက်ရည် မဝိုင်း သော အခြားမျက်လုံးတို့ တွင်လည်း ဝမ်းနည်းကြေကွဲခြင်း က ဖုံးကွယ် မရ ပေါ်လွင်သည် ။

မကြည်လင်သော အပြုံးဖြင့် ထပ် ပြုံး ကာ ကိုကြည်မောင် က နှုတ်ဆက်သည် ။ သူ ၏ ကားကလေး သည် တ ဖြည်းဖြည်း ဝေး၍ ဝေး၍ သွားလေသည် ။ ကျန်ရစ်ကြသူများ ၏ ရင်ဝယ် ဟာ သွားကြသည် ။ ပြန်လည် ဆုံတွေ့နိုင်ရန် မမျှော်လင့်တော့ပါလား ဟု အတွေး တွင် တမြည့်မြည့် ခံစားကြရပါ၏ ။

ကားကလေး သည် ပျောက်ကွယ် သွားလေပြီ ။ 

အမြဲ ထာဝရ ကသီကရီ နိုင် လှသော ကိုကြည်မောင် သည် လည်း သူတို့ မျက်မှောက် မှ ပျောက်ကွယ်သွားပေတော့မည် ။ သို့သော် သူ့ အား အားလုံး က သတိ ရနေမည် ဖြစ်သည် ။ အထူးသဖြင့် ဖုန် အထပ်ထပ် ပေသော အိုပယ်လ် ကားများ ကို မြင်တိုင်း ပို၍ သတိ ရမိကြမည်သာတည်း ။

       •••   •••   •••   ••• 

ကိုကြည်မောင် သည် သူ့ ပတ်ဝန်းကျင်ရှိ ယောက်ျား များ နှင့် မတူသော ယောက်ျား တစ်ယောက် ဖြစ်သည် ။ သူ သည် အရုပ်ဆိုး အကျည်းတန် သူ တစ်ဦး ဖြစ်ပါ၏ ။ စကား ကို လည်း လည်လည်ပတ်ပတ် လိမ်လိမ်မာမာ နားဝင်ချို ဖွယ် ပြောတတ်သူ မဟုတ် ။ သူ ပြောစရာ ဆိုစရာ ရှိလျှင် အပြောအဆို ခံရမည့်သူ မည်သို့ ခံစားရစေ ၊ ပြောတတ် ဆိုတတ်သူ ဖြစ်သည် ။ ရှုတည်တည် မျက်နှာထား သည် တစ်ပါးသူ မနှစ်မြို့ဖွယ်သော ၊ ကြီးစွာသော အဟန့်အတား တစ်ခုပင် ။ အသံ ကြား သနားပါစေ ၊ မျက်နှာ မြင် ချစ်ခင်ပါ စေ ဟူသော စကား သည် သူ့ အတွက် မဟုတ်ခဲ့ပေ ။ သို့သော် သည်သို့သော ကိုကြည်မောင် သည် သူ့ အတန်းသား အားလုံး ၏ ရင်ထဲ တွင် ကျန်ရစ်ခဲ့သည် ။ သူ ၏ ခွဲခွာခြင်း အတွက် တုန်လှုပ် ထိခိုက်စေနိုင်ခဲ့သည် ။ မမြင်ရသော သူ ၏ လှပ ခြင်း သည် အားလုံး ကို လွှမ်းမိုး အနိုင် ယူနိုင်ခဲ့ပြီတည်း ။

◾   လွမ်းမိုးလှိုင်

📖  ငွေတာရီမဂ္ဂဇင်း
       ၁၉၆၈ ၊ ဖေဖော်ဝါရီ

aung naing oo

.

No comments:

Post a Comment