Monday, August 1, 2022

လူပျိုမှိုတက်


 “ ကိုယ့် ရဲ့ ကိုယ်ရေးအကျဉ်း ကို တောင် မှန်အောင် မရေးနိုင်တဲ့ သူ က မိန်းမ ယူ ချင်သတဲ့ ”


သန်းဇော် စကား ။ ဒါကို ကျွန်တော် က


“ ဒါကကွာ ၊ သူများ ကျောင်းနေချိန် မှာ ကျောင်း နေခဲ့တယ် သူများ ရှင်ပြုချိန် ကျလဲ မပျက်မကွက် ပြု ခဲ့တယ် ၊ အဲ သူများ အိမ်ထောင် ပြုချိန် ကျတော့လဲ ကိုယ် လဲ အိမ်ထောင် ပြုချင်တာ ဘာ ဆန်းလို့လဲ ”


ကျွန်တော့် စကား ကို မီးဖိုဘေး မီး မွှေးနေသော ချက်ဖောင်း က


“ ဒါဆို ရှာ လေ ရှာ ၊ ရှာ ရင် ရပါတယ် ၊ ကိုယ်တိုင် က ဒီနေ့ ဝက်သားဟင်း စားချင် နောက်နေ့ ကျတော့ ချဉ်ပေါင်ဟင်း ဖြစ်ပြန် ၊ နောက်တစ်နေ့ ကျတော့ ပဲကုလားဟင်း ၊ ဒီလိုပဲ လိုက် ပြောင်းနေရင် ကြာရင် ငါးပိထောင်း တောင် ရမှာ မဟုတ်ဘူး ”


ကျွန်တော် ပြုံး လိုက်မိသည် ။ မိန်းကလေးများ အပေါ် စိတ် အပြောင်းအလဲ မြန် လှသော ကျွန်တော့် ကို ပြော နေခြင်းဖြစ်၏ ။ မရလို့လား မသိ ။ ကျွန်တော့် တွင် အချစ်တွေ အတည်တကျ မရှိ ။ ကိုယ် က  ကြံမယ် လုပ်လိုက် ပါ သွားလိုက် ဖြစ် နေတာကြောင့် လဲ အပြောင်းအလဲ များနေခြင်းလဲ ဖြစ်နိုင်သည် ။ ယခုတော့ ထိုသို့ မဟုတ် ၊  အဟုတ် ကို တွေ့ ထားပြီးပြီ ။


“ အခုဟာ က အတည် ”


အားလုံး ခေါင်းထောင် ကုန်ကြ၏ ။


“ အတည် လို့ ပြောပြီး ပြီးရင် အဖျား ရှူးပြီး အရင်း တုတ် တာ သာ အဖတ် တင်တယ် မဟုတ်လား ”


“ တောက် ”


ဒါကတော့ တဆိတ် လွန်လွန်းသွားပြီ ။ ကောင်မလေးတွေ က လွန် တာလား ။ ဒီကောင်တွေ ကပဲ အစွမ်းအစ နည်းသော ကျွန်တော့် အကြောင်း သိ လို့ စော်ကား နေတာလား မသိနိုင်တော့ ။


ကျွန်တော် စိတ်ဆိုးသွားသည် ကို သိသော ချက်ဖောင်း က


“ မင်း ကလဲ ကွာ ကိုကြည့် ကို အဲသလို မပြောပါနဲ့ ၊ ကိုကြည် က အလကားကောင် မဟုတ်ပါဘူး ၊ အဖိုးတန်ပါတယ် ”


“ ဘယ်လို အဖိုးတန်တာလဲ ” 


သန်းဇော် က မေးသည် ။ ဒါကို ချက်ဖောင်း က ရှင်းပြ၏ ။ 


“ ကိုကြည် က ကျွန်းပင် လို အဖိုး တန်တာ ”


ကျွန်တော် ကော်လံထောင် မိ မတတ် ဖြစ်သွား၏ ။ ချက်ဖောင်း မှ ပင် ဆက်၍


“ ဟုတ်တယ်ကွ ၊ ကိုကြည် လို လူမျိုး က ကျွန်းပင် လို ပဲ မွေး ထား သင့်တယ် ၊ ကျွန်းပင် လို ပဲ ကြာလေ တန်ဖိုးရှိလေ ဖြစ်မှာ ၊ နှစ်ရှည်ပင် လေ ”


မှန်ပေသည် ။ ကျွန်တော် က ကျွန်းပင် လို ကြာလေ တန်ဖိုးရှိ လေ ဖြစ်မည်မှန်း ကိုယ့် ကို ကိုယ် သိသည် ။ ဒါကို ချက်ဖောင်းက ဆက်၍


“ အဲ တစ်ခုတော့ ရှိတာပေါ့လေ ” 


“ ဘာလဲ ” 


ငတွတ် က မေးသည် ။


နှစ်ရှည်ပင်တို့ ရဲ့ ထုံးစံအတိုင်း သူ တန်ဖိုး ရှိချိန် ၊ မင်း တို့ တစ်သက် မီချင် မှ မီမှာပေါ့ ”


“ အိုကွာ ၊ တို့ မမီလဲ နောင်လာနောက်သား စားရင် တော်ပါပြီ ”


“ အဲဒီအချိန်ကျ အစိုးရ က သိမ်းချင် သိမ်းဦး မှာ ”


ဪ ကိုယ့် မှာတော့ နှစ်ရှည်ပင် ဖြစ်ပါလျက် ဘယ်က မှ ဘယ် တော့ မှ အသုံး မဝင်မှန်း သိ လိုက်ရသည် ။ သို့သော် အားပြန် တင်းရင်း


“ မင်းတို့ က ငါ့ ကို ဒီ အသက်အရွယ် ထိ ရည်းစား မရသေးလို့ နှိမ် တာလား ”


“ နှိမ်တာ မဟုတ်ဘူး ၊ အဖက် ကို မလုပ်တာ ” 


ငတွတ် က ဝင် ထောက်သည် ။ ကျွန်တော် လဲ တင်းသွားပြီး 


“ ရည်းစားများ ကွာ ၊ မလိုချင်လို့ပါ ၊ လိုချင်ရင် အလွယ်လေး ” 


“ ရွာပတ် ရှာ တာတောင် ခါ ထွက်လာတဲ့ဟာ ကို ” 


“ လုပ်စမ်းပါ ၊ လုပ်ပြ လိုက်စမ်းပါ ” 


အားလုံး က မြှောက်ပေး၏ ။ ကျွန်တော် လဲ မာန် တက်ပြီး


“ အေး မင်း တို့ ကြည့်နေ ၊ ငါ တစ်ပတ် အတွင်း ရည်းစား ရကို ရစေ့မယ် ” 


အားလုံး စိတ်ဝင်စား သွားကြ၏ ။ 


“ ခွင် တွေ့ နေပြီထင်တယ် ”  


“ ဘယ်သူလဲ ၊ ဘယ်ကလဲ ၊ ရုပ်ဆိုးလား ၊ မုဆိုးမလား ” 


တစ်ယောက် တစ်ပေါက် မေး ကြသည် ။ 


“ ဘယ်ကလာ အပျိုလေး ၊ ချောချောလေး ” 


“ ဘယ်ကလဲ ၊ ဘယ်သူလဲ ” 


“ လမ်းထိပ် ဈေးဆိုင် က ဖြူဖြူအောင် လေ ” 


“ ဟယ် ” 


ကျွန်တော် ပြော ပြလိုက်တော့ အံ့အားသင့်ကုန်၏ ။


လမ်းထိပ်ကုန်စုံဆိုင် မှ ဖြူဖြူအောင် ဆိုသည် မှာ နာမည် နဲ့ လိုက်အောင် ဖြူဖြူချောချောလေး သွက်လက်ချက်ချာပြီး ချစ်ခင်သူ ပေါများသူ ။


ဒါလေးကို ကျွန်တော် တက် ချိန်ပြီ ဆိုတော့ အားလုံး အံ့အား သင့်ကုန်၏ ။ ဖြစ်လဲ ဖြစ်ချင်စရာ ကောင်မလေး က ကျွန်တော် တို့ တစ်ဖွဲ့လုံး ကို အဖက်မျှပင် မလုပ်တာ ။ 


အဖက်လဲ လုပ်စရာကိုး ။ မျက်နှာရူးကြီး တစ်မ နှင့် တစ်နေ့ ကို မီးဆိုက်ထင်း ငါးဆယ်ဖိုး လောက် ဝယ်ပြီး ပရောပရီ လုပ် နေတာ သူ သိမှာပေါ့ ။


“ ခင်ဗျား ၊ ခင်ဗျား က သူ့ ကို ဘယ်လို လိုက် မလို့လဲ ”


သန်းဇော် အမေးကြောင့် ကျွန်တော် ပြုံး လိုက်မိသည် ။ သူတို့ ကလဲ ဒီ ကောင်မလေး ကို လိုက် ချင်နေကြသည်ကိုး ။


“ လွယ်လွယ်လေး အဝင်အထွက်လမ်းတွေ ငါ အကုန် သိ ပြီး  ” 


“ ညအမှောင် အိမ်သာထောင့် မှာ စောင့်ပြီး မုဒိန်း ” 


“ ဖြစ်စရာလား ၊ ငါ အဝင်အထွက်တွေ သိထားပြီ ဆိုတာ ဒီ လိုကွ ၊ ဖြူဖြူအောင် က နေ့ခင်း ဈေးကွဲရင် သူတို့ ဆိုင် အတွက် လိုအပ် တာ ဝယ်ဖို့ သိမ်ကြီးဈေး ကို သွား နေကျ ကွ ၊ ဈေး သွားရင် အထုပ် ဆွဲ ဖို့ လူ မလိုဘူးလား ၊ ပိုက်ဆံ မပေးရပါဘူး ဆိုပြီး ခပ်တည်တည် ကြောင်း ကြည့်တော့ သူ က လိုက်ချင် လိုက်တဲ့ ” 


“ ဟယ် ”


အားလုံး ထံ မှ အာမေဍိတ် သံ ပေါ်လာ၏ ။ ပြီးနောက် ပြူး ကြောင်ကြောင် နှင့် ကျွန်တော့် ကို ကြည့်သည် ။ သူတို့ စိတ် ထဲ၌ မျက်နှာ ပြောင် တိုက်ရဲသော ကျွန်တော့် ကို အံ့အား သင့်နေတာလား ။ ဒါမှ မဟုတ် ခြေလှမ်း သွက်သော ကျွန်တော့် ကို မတန်မရာ တက် ကိုင်သည် ဆိုပြီး ရွံရှာ သွားသည်လားတော့ မသိ ။ အားလုံးကတော့ ပါးစပ် အဟောင်းသား ။


“ ဟဲဟဲ မင်းတို့ လေ့လာမှု ၊ မျက်နှာပြောင်တိုက်မှု က ငါ့ရဲ့ ခြေဖဝါး အောက် က မြူမှုန်လောက် တောင် မရှိသေးပါဘူး ၊ ဟဲဟဲ ၊ မကြာ ခင် ငါ အဲဒီ ကောင်မလေး နဲ့ နှစ်ပြားဂဟေဆော် ၊ အဲလေ နှစ်ပြား ဂဟေဆက် ဟုတ်ပေါင် ဂဟေနှစ်ခါဆော် အာ ရောကုန်ပြီ ၊ ဘာလဲ အေး အဲလို ဖြစ်မှ အားကျစိတ် နဲ့ ငေး မနေကြနဲ့ ၊ ငါ အနေ ခက်တယ် ၊ ဟဲဟဲ ”


ခပ်ကျောကျော ပြောပြီး လူပျင်း တို့ ၏ ထုံးစံအတိုင်း လွတ်ရာ နေရာ ၌ ဘုန်းခနဲ လှဲပြီး စိတ်ကူးတွေ ယဉ် နေလိုက်တော့သည် ။


“ အင်း ဒီ ကိစ္စသာ မတော်တဆ အထမြောက်ရင် ဒီကောင် တွေ တော့ အံ့သြကျောတွေ တက်ပြီးသေပြီ ”


စိတ်ကူးတွေ ထဲ မှာတော့ အဆင်တွေ ပြေလို့ ။ ဖြူဖြူအောင် က ဆွဲခြင်းလေး ဆွဲ ။ ကျွန်တော် က ပိုက်ဆံအိတ်ကလေး ကိုင် လို့ ။ ပတ်ဝန်းကျင် ကိုတောင် ဖိုးကဒ် မပြတ်ဘဲ ထား လိုက်သည် ။ ကျွန်တော် တို့ နှစ် ၂ ယောက်တည်း လင်း လို့ ။


◾အကြည်တော်


📖 လူပျိုမှိုတက်


No comments:

Post a Comment