Friday, August 26, 2022

လိင် လိမ်သူ


 

❝ လိင် လိမ်သူ ❞

“ ဒီမှာ ကိုထွန်း ၊ ခင်ဗျား က သာ စာရေးဆရာ ဆိုတဲ့ လူတွေ ကို ကြည်ညို နေ ။ သူတို့ လည်း လူ ပါပဲဗျာ ၊ သိကြားသားတွေ မို့လား ။ မယုံရင် ကြည့် ၊ ကျွန်တော် မိန်းကလေး ယောင် ဆောင် ပြီးတော့ ရန်ကုန် က အောင်ဇေယျာ မဂ္ဂဇင်းတိုက် လက်ကိုင်စာရေးဆရာ ဝေဠု ကို မိတ်ဆက် စာ တစ်စောင် ရေး လိုက်မယ် ။ ချက်ချင်း စာ ပြန်လာစေရဲ့ ”

မန္တလေးမြို့ ဈေးချို လက်ဖက်ရည် တစ်ဆိုင် တွင် ကိုဘလှ သည် သူ့ မိတ်ဆွေ စာပေသမား ကိုထွန်း အား ငြင်းခုံလျက် ရှိနေလေ၏  ။ ကိုထွန်း မှာ ခေတ်စာပေများ ကို လိုက်စားပြီး ခေတ်စာရေးဆရာများ ၏ အရေး အသား ကို ဝေဖန် သင့် က ဝေဖန်လျက် ကြည်ညို သင့် က ကြည်ညို နေသူ ဖြစ် လေရာ စီးပွားရေး ဘက်တွင် ပိုမို၍ စိတ် ရှိသူ ကိုဘလှ က ဤကဲ့သို့ ငြင်းခုံ လိုက်ခြင်း ဖြစ်လေ၏ ။

“ ခင်ဗျား က မိတ်ဆက်စာ ရေးတော့ စာရေးဆရာ ဆိုတာ ဟာ လူထု နဲ့ ဆက်ဆံ နေရတဲ့ လူတန်းစားမျိုး ဆိုတော့ စာ ပြန်ရမှာပေါ့ဗျာ ၊ ဘာများ ထူးဆန်းလို့လဲ ”

ကိုထွန်း က အလျှော့မပေးဘဲ ပြန်လည် ငြင်းလိုက်သည်၌ ကိုဘလှ သည် အားရပါးရ ရယ်မောပြန် ကာ ...

“ ဒါလောက် ကို ပြောတာ မဟုတ်ဘူးဗျ ။ ခင်ဗျာ့ ဆရာ ဝေဠု ဟာ ကျွန်တော် မိန်းကလေး နာမည် နဲ့ ရေးတဲ့ စာတွေ ကို စာပြန်ရင်း စာပြန်ရင်း နဲ့ နောက်ဆုံးကျတော့ ရည်းစား စာ ရေး လာစေ့မယ် ။ ဘယ့်နှယ်လဲ ”

ဟု မေး လိုက်သည် ၌ ကိုထွန်း က

“ ဟာဗျာ မဖြစ်နိုင်တာ ကို တချို့တလေတော့ လည်း ဟုတ်မပေါ့ ၊ အားလုံးတော့ ဟုတ်မယ်မထင်ပါဘူး ”

ဟု ဆိုလိုက် လေသည် ။

“ ကဲ ခင်ဗျား မယုံရင် ကျွန်တော် စာ ရေးပြမယ် ။ ခင်ဗျာ့ ဆရာ ဝေဠု ကျွန်တော့် ကို တကယ့် မိန်းကလေး ထင်ပြီး တဖြည်းဖြည်း ချစ်ရေး ဆိုပြီး လာ ရ စေ့မယ် ။ ဘာကြေး လောင်းမလဲ ”

ကိုဘလှ သည် လက်တွေ့ ပြက်လုံးများ ကို ဝါသနာ ကြီးသူ ဖြစ်၏ ။ ကိုယ်ပိုင် အလုပ်အကိုင်ကလေး နှင့် ကြီးပွားနေသူ တစ်ကိုယ်တော် လူပျိုကြီး ဖြစ်သည့် အလျောက် မကြောင့်မကြ မတောင့်မတ နေထိုင်သူ ဖြစ်လေရာ အားလပ်ချိန်ကလေး ရ လျှင် ပင် လက်တွေ့ပြက်လုံးများ ကို မနားတမ်း ရှာ ဖွေ၍ မိတ်သင်္ဂဟများ အား ပျော်တော် ဆက်၍ နေသူဖြစ်လေ၏  ။

ကိုထွန်း နှင့် ယနေ့ဆုံမိကြရာ တွင် အချို့သော နယ်က ဘုန်းဘုန်း များ နှင့် လူပြောင်လူနောက် များ ရန်ကုန်စာရေးဆရာများ ထံ သို့ မိန်းကလေး နာမည် နှင့် စာရေး ဆက်သွယ်ကြသော အရူး လုပ်နည်း ကို အားကိုးကာ လောင်းကြေး ထပ် လိုက်ခြင်း ဖြစ်လေရာ ကိုထွန်း မှာ မခံချိ မခံသာကြီး ဖြစ် သွားရလေ၏ ။

သို့သော် စာပေ ကို မြတ်နိုးသူ ဖြစ်သည့် အလျောက် စာရေးဆရာ တစ်ဦး ကို နောက်ပြောင်သည့် အလုပ် တွင် မပါလို သဖြင့်

“ မဟုတ်တာတွေ မလုပ်စမ်းပါနဲ့ ဗျာ ။ မလောင်းချင်ပါဘူး ”

ဟု ငြင်းလိုက်လေ၏ ။

သို့တိုင်အောင် ကိုဘလှ က

“ ဘာလဲ ခင်ဗျား က သတ္တိ မရှိဘူးလား ၊ ခင်ဗျား ၁ ကျပ် ၊ ကျွန်တော် ၁ဝဝ ကျပ် လောင်းမယ်လေ ၊ ဆရာဝေဠု ဆီ က ချစ်ရေးဆို တဲ့ စာ ကို ကျွန်တော် ရအောင် မိန်းကလေး ယောင် ဆောင်ပြီး ဆက်သွယ် နိုင်ရင် ခင်ဗျား ၁ ကျပ် ပေး ၊ ကျွန်တော် ရှုံးရင် ခင်ဗျား ကို ၁၀၀ လျော် မယ် ၊ ဘယ့်နှယ်လဲ ”

ဟု ဇွဲသတ္တိ စမ်းနေပြန်သည် ။

ဤတွင် ကိုထွန်း လည်း မနေသာတော့ဘဲ

“ စိန်လိုက်ဗျာ ။ ဒါလောက် တောင် ရှိလှတာ ”

ဟု စိတ်တိုတို နှင့် ဆို လိုက်လေသည် ။ ကိုဘလှ သည် တပြုံးပြုံး နှင့် ဆရာဝေဠု ထံ စာ တစ်စောင် ကို ရေး နေလေ၏ ။

သို့
     စာရေးဆရာဝေဠု
     အောင်ဇေယျာမဂ္ဂဇင်းတိုက်
     ဘားလမ်း ၊ ရန်ကုန်မြို့

မှ
     ခင်ခင်လှ
     သမ္မစိတ္တကုမ္ပဏီ
     ဈေးချို  ၊ မန္တလေး
            
              နေ့စွဲ ၁ - ၉ - ၅၅

      လေးမြတ်စွာ စာရေး မိတ်ဆက်လိုက်ပါသည် ဆရာ ရှင့်  ။ အထူး အစီရင်ခံလိုသည် မှာ ဤ စာ ကို ရေးသူ “ လှ ” သည် ငယ်စဉ် ကတည်းကပင် စာပေဘက် ၌ အထူးဝါသနာ ထုံ ခဲ့ပါသည် ။ ယခု လည်း စာပေ နှင့် ကဗျာ ကို များစွာ လိုက်စား လေ့လာလျက် ရှိနေပါ သည် ။ လစဉ်ထုတ် မဂ္ဂဇင်းမျိုးစုံ တို့ ကို မနားတမ်း ဝယ်ယူ ဖတ်ရှု ခဲ့ရာ တွင် ကလောင်ရှင်ပေါင်းများစွာ တို့ အနက် ဆရာ ၏ စာများ ကို အနှစ်သက်ဆုံး ဖြစ် ခဲ့ပါသည် ။ အထူးသဖြင့် ဆရာ ၏ ဆောင်းပါး ၊ ဝတ္ထု ၊ ကဗျာများ ကို နှစ်သက် လှပါသဖြင့် ယခုကဲ့သို့ စာရေး မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည် ရှင့် ။ လှ ၏ မိတ်ဆွေဖွဲ့မှုအား လက်ခံပါရန် တောင်းပန် အပ်ပါသည် ။ အကယ်၍ လှ အား ဆရာ ၏ မိတ်ဆွေ အဖြစ်ဖြင့် လက်ခံမည် ဆိုပါက အထက် ဖော်ပြပါ လိပ်စာ အတိုင်း စာ ပြန်ကြားလိမ့်မည် ဟု မျှော်လင့်ပါသည် ရှင့် ။
           ကြည်ညိုလေးစားစွာဖြင့်
                    ခင်ခင်လှ

“ ဟဲ ... ဟဲ ... ကျွန်တော် ရေးတဲ့စာ မိန်းကလေး သံ ပါရဲ့လား ၊ ဟင် .. ကိုထွန်း ”

ကိုဘလှ သည် သူ ရေးသော စာ ကို ကိုထွန်း အား ထိုးပေး ပြီးနောက် ဖောင်တိန် ကို ပိတ်ရင်း ပြုံး ကာ မေး လိုက်လေ၏ ။ ကိုထွန်း သည် စာ ကို ဖတ် ပြီး ...

“ ဒါကတော့ အပြစ် ကင်း တဲ့ စာ ပဲ ဗျာ ။ စာ ပြန်ရင် ပြန် မှာပေါ့ ”

ဟု ဆိုလိုက်သည် ၌ ကိုဘလှ က ..

“ အရှည် ကြည့်ကြသေးတာပေါ့ ဗျာ ၊ ဟဲ ... ဟဲ ”

ဟု ပြောရင်း စာ ကို ခေါက် ကာ စာအိတ် ထဲ သို့ ထည့်၍ တံဆိပ်ခေါင်း ကပ် လိုက်လေ၏ ။

     •••••   •••••   •••••   •••••

ကိုဘလှ ၏ စာ ကို ထည့် လိုက်ပြီးသည့် နောက် ၇ ရက် ခန့် အကြာတွင် ဆရာဝေဠု ထံမှ စာတစ်စောင် အောက်ပါ အတိုင်း ပြန်၍ လာလေ၏ ။

             နေ့စွဲ ၃ - ၉ - ၅၅ 
ပြန်ကြားအပ်ပါသည် မခင်ခင်လှ

     ပေးပို့လိုက်သော မိတ်ဆက် စာ ကို ကောင်းစွာ ရရှိသဖြင့် ကျေးဇူးတင် ဝမ်းသာပါသည် ။ စာပေ ကို ဝါသနာပါသည် ဟု သိရ သဖြင့် ပိုမို ဝမ်းသာရပါကြောင်း ။
                လေးစားစွာဖြင့်
                           ဝေဠု

“ ကိုင်း ... ဘယ့်နှယ် ရှိစ ၊ ခင်ဗျား စာရေးဆရာတွေ ဟာ အူလူးချည့်ပါ ပဲလို့ ကျွန်တော် ပြောတာ မှန် လိုက်တာဗျာ ။ ကြည့်လေ ကျွန်တော့် စာကို ရ ရခြင်း ပြန် လိုက်တာဗျ ။ နေ့စွဲ ကို ကြည့်စမ်း ”

ကိုဘလှ သည် ဆရာဝေဠု ထံ မှ ပြန်စာ ကို ကိုဘထွန်း ကို ပြရင်း အောင်မြင်စွာ ရယ်မော လိုက်လေ၏ ။

“ ဒီလိုဆိုရင် ဘာဆက်ပြီး လုပ်ကြဦးမလဲ ”

“ စာ ထပ်ပြီး ရေး မှာ ပေါ့ ဗျ ကိုထွန်း စောင့်သာ ကြည့်ပါ ၊ ခင်ဗျား စာရေးဆရာဝေဠု တော်တော် ကြာရင် စလုံးရေ စပြီး လာ စေ့မယ် ။ ငွေကြွေကလေး တစ်ကျပ် တော့ လွယ်လွယ် ဆောင်ထားနော် ဟဲ ... ဟဲ ...  ”

ကိုဘလှ သည် ဆရာဝေဠု ထံမှ ပြန်စာ ကို ဖြန့်၍ သူ့ ရှေ့တွင် ချ လိုက် ပြီးနောက် အောက်ပါ စာ ကို ကောက်၍ ရေး နေလေ၏ ။

             နေ့စွဲ ၇ - ၉ - ၅၅
စာရေး ပြန်ကြားအပ်ပါသည် ဆရာ ရှင့်

     ၃ - ၉ - ၅၅ နေ့စွဲ နဲ့ ပေး လိုက်တဲ့ ဆရာ့ စာ ကို ရတဲ့အတွက် လှ မှာ ပတ္တမြားတစ်လုံး ကို ကောက်၍  ရဘိ သကဲ့သို့ ဝမ်းသာ ၍ မဆုံးနိုင် ဖြစ် ရပါသည် ။ နာမည်ကျော် စာရေးဆရာကြီးများ ဟာ နယ် က စာဖတ်ပရိသတ် ကို အရေး မလုပ်ဘူး လို့ သတင်း ကြား နေရ တာနဲ့ လှ ဆီ ကို ဆရာ စာ ပြန်မှ ပြန် ပါ့မလား လို့ စိုးရိမ် မိတာ ဟာ ခုတော့ ဆရာ့ စာ ကို ရတဲ့ အတွက် အားလုံးပဲ ပြေပျောက် သွားရပါပြီ  ၊ လှ အား မိတ်ဆွေ အပြင် တပည့် လို လည်း သဘော ထားပါဦး ဆ ရာ ။ လှ လည်း ကလောင် သွေးချင်တဲ့ စိတ် ရှိနေပါ ၏ ။ လှ ရေးထား တဲ့ ကဗျာကလေးတွေ ပို့ လိုက်  ချင်ပါသည် ။ သင့် လျော် ရင်လည်း ဆရာ တို့ မဂ္ဂဇင်း မှာ သုံး ပေးပါဆရာ မသင့်လျော်သေးရင်တော့ ဝေဖန်စာ နဲ့ လှ ထံ သို့ ပြန် ပို့ပြီး စာပေတပည့် အနေနဲ့ သွန်သင်ဆုံးမ ပါ ဆရာ ။
          အားထားယုံကြည်လျက်
                              လှ

“ ကဲ ... ဖတ် စမ်းပါဦး ဗျ ၊ ခုမှာတော့ ဒါလောက် ပဲ ရေးတာ ကောင်း မယ် ”

ကိုဘလှ သည် သူ ရေးသော စာ ကို ကျေနပ်စွာ ကိုထွန်းအား ပြလိုက် လေ၏ ။

“ ဒီ စာကကော ဘာများ ဆန်းလို့လဲဗျ ။ ခင်ဗျာ ကဗျာ ပို့ရင် ဝေဖန်စာပဲ ပြန် လာမှာပေါ့ ”

“ ခင်ဗျား မသိပါဘူး ကိုထွန်း ရာ ၊ စောင့်ပြီးတော့ ကြည့်စမ်းပါဦး ဟဲ .. ဟဲ ...”

     •••••   •••••   •••••   •••••

ကိုဘလှ ၏ စာ ကို ထည့် လိုက်ပြီးနောက် ၉ ရက်ခန့် အကြာ တွင် ဆရာဝေဠု ထံမှ ပြန်စာ တစ်စောင် ရောက် လာလေ၏ ။ စာမှာ ..

           နေ့စွဲ ၁၆ - ၉ - ၅၅
ပြန်ကြားအပ်ပါသည် ခင်ခင်လှ
     ဒုတိယ ပေးစာ ကို ကောင်းစွာ ရရှိ၍ ဝမ်းသာပါသည် ။ တိုက် အလုပ်တွေ များ နေ၍ ချက်ချင်း စာ မပြန်ရပါ ။ ကဗျာများ ပေးပို့လိုသည် ဆို၍ ကျေးဇူး တင်ပါ၏ ။ ကဗျာများ ပို့ပါ ။ ကောင်းမွန် ပါ က မဂ္ဂဇင်း တွင် ထည့်ပါမည် ။ လိုနေသေးပါက ဝေဖန်စာ နှင့် အတူ ပြန် ပို့မည် ။ တပည့် အဖြစ် အမှတ်ထားဖို့ မလိုပါ  ။ တတ်နိုင်သည့် ဘက်မှ ကူညီရန် အသင့် ရှိနေပါကြောင်း ။
               လေးစားလျက်
                            ဝေဠု

“ ဟား ... ဟား ... ဟား .. ခင်ဗျား လူ ကတော့ တဖြည်းဖြည်း အူလူး ဘက် ကို ယိုင် လာပြီ ဗျို့ ၊ ဒီမှာ ကြည့်စမ်းပါဦး ”

ကိုဘလှသည် ဆရာဝေဠု ထံ မှ ပြန်စာ ကို ထိုးပြရင်း အားရပါးရ ရယ်မော ၍ နေ ပြန်လေ၏ ။ ကိုထွန်း လည်း မျက်မှောင် ကြုတ်၍ စာ ကို ဖတ် ပြီး

“ ဘာ အဆန်း ပါလို့လဲ ကိုဘလှ ရဲ့ ၊ ပြန်ရိုးပြန်စဉ် ပြန်တဲ့ စာကပဲ ”

ဟု ဆိုလိုက်သည် ၌ ကိုဘလှ အပြုံး မပျက်ဘဲ

“ ကြည့်ဦးလေ ဒီတစ်ခါ ”

ဟု ဆို ကာ ဖောင်တိန် စက္ကူများ ကို အသင့် ပြင်လိုက်လေ၏ ။

           နေ့စွဲ ၂၀ - ၉ - ၅၅
လေးမြတ်စွာ အစီရင်ခံပါသည် အစ်ကိုကြီး ရှင့်
     အစ်ကိုကြီး ထံ မှ ပြန်စာ ကို ဒီကနေ့ ရတာနဲ့ပဲ ချက်ချင်း စာ ပြန် လိုက်ပါသည် ။ ဒီ စာ မှာ ထူးခြားချက် တစ်ရပ်ကို အစ်ကိုကြီး သတိ ထားမိပါလိမ့်မည် ။ အဲဒါကတော့ ဆရာ့ ကို ဆရာ လို့ မခေါ်ဘဲ ‘ အစ်ကိုကြီး ’  လို့ သုံးနှုန်း ထားလိုက်ခြင်းပင် ဖြစ်ပါသည် ။ ဆရာ က တပည့် အဖြစ် အသိအမှတ် ပြုရန် မလို ဟု ဆိုထားသောကြောင့် ညီမငယ် သဖွယ် လှ အပေါ် တွင် သဘော ထား ၍ ဆုံးမသွန်သင် ပါ ရန် လှ က အပ်နှံပါရစေ ၊ ထို့အတွက်ကြောင့် ပင် အစ်ကိုကြီး လို့ ခေါ်ဝေါ် လိုက်ရခြင်း ဖြစ်ပါသည် ရှင့် ။ ဤ စာ နှင့် အတူ ညီမလေး ရေးသော ကဗျာ တစ်ပုဒ် ပို့ လိုက်ပါသည် ။ မကြာမီ အစ်ကိုကြီး ထံ မှ အကျိုး အကြောင်း သိ ရလိမ့်မည် ဟု မျှော်လင့်နေရပါသည် ရှင့်  ။
              လေးစားယုံကြည်စွာဖြင့်
              ညီမလေး - လှ

“ ဟီ ဟီ .. ဒီ တစ်ချီတော့ မြင်း က မလှုပ် ခုံ က လှုပ် ပစ်လိုက်ပြီါ ၊ သူ့ ဆီ က ပြန်စာ ကို စောင့် ရမယ် ”

ကိုဘလှ သည် သူ ရေးထားသော စာ နှင့် ဖြစ်ကတတ်ဆန်း စပ် ထား သော ကဗျာတစ်ပုဒ် တို့ ကို ကိုထွန်း အား ပြရင်း ပြော လိုက်ပြန်လေ၏ ။

ကိုဘလှ ၏ စာကို ထည့် လိုက်ပြီး နောက် ၁၀ ရက် ခန့် အကြာ တွင် ဆရာဝေဠု ထံ မှ ပြန်စာ တစ်စောင် ရောက် လာလေ၏ ။ စာ မှာ ကား ..

                        ရန်ကုန်
            နေ့စွဲ ၃၀ - ၉ - ၅၅
     အစ်ကို ကြီး စာရေး ပြန်ကြားပါသည် ။ ညီမလေး ပေး စာကို ကောင်းစွာ ရရှိပါ၏ ။ အစ်ကိုကြီး မှာ မဂ္ဂဇင်း ဖောင်ပိတ်ရက်တွေ နှင့် တိုး နေ၍ ရုတ်တရက် စာ မပြန်ရသည်ကို သည်းခံပါ  ။ ပေးပို့လိုက် သော ညီမလေး ၏ ကဗျာ ကို ဖတ် ကြည့်ရာ ကာရန် ကို ကောင်းစွာ မနိုင်နင်းသေးဘဲ ရှိနေသည် ကို တွေ့ ရပါသည် ။ ကဗျာဖွဲ့နည်း ကျမ်း များ နှင့် ကဗျာကောင်းများ ကို လေ့လာ စေချင်ပါသေးသည် ။
                ကျန်းမာပါစေ
                    အစ်ကိုကြီး

“ ခင်ဗျား လူ တော့ ဗုန်းဗုန်း လဲ ရှာပြီဗျို့ ။ ဟောဒီ မှာ သူ့ စာ ၊ ဖတ်သာ ကြည့် ပေတော့ ”

ကိုဘလှ သည် ကိုထွန်း အား ဆရာဝေဠု ၏ ပြန်စာ ကို ထိုး ပြရင်း အားရပါးရ ပြော လိုက်လေ၏ ။ ကိုထွန်း လည်း စာ ကို ဖတ်ရာ က

“ ကျွန်တော် မရှုံးသေးပါဘူး ဗျ ။ သူ့ စာ က ရိုးရိုး ကြီး ပဲ ၊ ဘာမှ အငွေ့ အသက် ပါသေးတာ မှ မဟုတ်ဘဲ ”

ဟု ဆင်ခြေ တက် လိုက်ရာ ကိုဘလှ က

“ အရှည် ကြည့်သေးတာ ပေါ့ ကိုထွန်း ရာ ၊ ဟဲဟဲ ”

ဟု ပြောပြီး နောက် ဆရာဝေဠု ထံ စာ ပြန်ဖို့ ဟန် ပြင် လိုက်လေ၏ ။

            နေ့စွဲ ၂ - ၁၀ - ၅၅
ခင်မင်ပါသော အစ်ကိုကြီး
       ပြန် လိုက်တဲ့ စာ နဲ့ ကဗျာ ကို ကောင်းမွန်စွာ ရရှိပါပြီ ။ ခုလို ဂရုတစိုက် ဝေဖန်ပြီး စာ ပြန်တဲ့ အတွက် ကျေးဇူး လည်း တင် ၊ ဝမ်း လည်း သာ ၊ ပိုပြီးတော့လည်း လေးစား ခင်မင်မိပါတယ် ။ အစ်ကိုကြီး ရေး လိုက်တဲ့ အတိုင်း ကြိုးစားပါ့မယ် ။ ကဗျာ ဖွဲ့နည်း ကျမ်းတွေ ဘာတွေ ကိုလည်း လေ့လာ ပါမယ် ။ ပြီးတော့မှ ကဗျာ တွေ ထပ် ပို့ဦးမယ် နော် ။ ဒီလ မဂ္ဂဇင်းမှာ အစ်ကိုကြီး ရေးလိုက်တဲ့ ဝတ္ထု ကို ဖတ်ရတာ လှ ဖြင့် သိပြီး သဘော ကျတာပဲ အစ်ကိုကြီး ရယ် ။ နောက်ကိုလည်း အဲဒီလို ဝတ္ထုမျိုးတွေ ကို ရေးပါဦးနော် ။ လှ ဖတ်ချင်လွန်းလို့ပါ ။ ဆက်ဆက် ရေးပါနော် ။
                   ချစ်ညီမလေး
                                လှ

“ အဟီး ”

ကို ဘလှသည် သူ ရေးသော စာ ကို ကိုထွန်း အား ပြ လိုက်၏ ။ ကိုထွန်း သည် သူ ရေးသော စာ ဖတ် အပြီး တွင် “ အရှည် ကြည့်သေးတာပေါ့ ဗျာ ” ဟုသာ ဆိုလိုက်လေသည် ။

     •••••   •••••   •••••   •••••

မကြာမီ ဆရာဝေဠု ထံ မှ ပြန် စာ ရောက် လာပြန်၏ ။

           နေ့စွဲ ၅ - ၁၀ - ၅၅
ချစ်ညီမလေး လှ
       ပြန်စာ ကို ခုပဲ ရပြီး ချက်ချင်း ပြန် လိုက်ပါတယ် ။ ကဗျာကျမ်း များ ကို လေ့လာမယ် ကြားလို့ ဝမ်းသာ ပါတယ် ။ ကြိုးစားရင် ဘုရား တောင် ဖြစ် နိုင်ပါတယ် ။ ညီမလေး ကြိုးစားပါ ။ အစ်ကိုကြီး တို့ လည်း ကြိုးစား ခဲ့ရပါတယ် ။ ညီမလေး ဖတ်ချင်တဲ့ ဝတ္ထုမျိုးတွေ ကို အစ်ကိုကြီး ကြိုးစား ရေးပါ့မယ်ကွယ် ... ။
              ချစ်ခင်ပါသော
                    အစ်ကိုကြီး

ကိုဘလှ ဝါးခနဲ ရယ်ချလိုက်ပြီး နောက် ...

“ ခင်ဗျား ဆရာကြီး တော့ နေမြင့်လေ အရူး ရင့်လေ ဖြစ်လာပြီ ဗျို့ ၊ ကြည့်စမ်းပါဦး ”

ဟု ဆိုကာ ဆရာဝေဠု  ထံမှ ပြန်စာ ကို ကိုထွန်း အား ပြလိုက် လေ၏ ။ ကိုထွန်း သည်စာ ကို ဖတ်ရင်း မျက်နှာကြီး ရှုံ့တွတွ ဖြစ် လာလေ တော့သည် ။ ဤတွင် ကိုဘလှ က အားရပါးရ ပြုံး ရင်း ..

“ ဒီ တစ်ချီတော့ တစ်ဆင့် တက်ပြီး တိုး လိုက်ရဦးမါ ။ ဟောဒီလို ... ဟောဒီလို ”

ဟု ဆိုကာ သူ့ အိတ် ထဲ မှ ဓာတ်ပုံကလေး တစ်ပုံ ကို ထုတ် လိုက် လေ၏ ။ ပုံ မှာ မိန်းမချောကလေး တစ်ဦး ၏ ဓာတ်ပုံ ဖြစ်လေသည်  ။

“ ဒါက ဘာလဲဗျ ၊ ကိုဘလှ ရ ”

“ ခင်ခင်လှ ရဲ့ ပုံ လေ .. ။ ဟဲဟဲ .. ဟို ဓာတ်ပုံဆိုင် က တိတ်တိတ် ဝယ်လာ တာဗျ ၊ ဒီပုံကို ဆရာဝေဠု ဆီ ပို့ ရမယ် ။ ဟဲဟဲ .. ဤ ဖေကိုယ် အကြံ က ”

ကိုဘလှ သည် ဓာတ်ပုံ နှင့် အတူ ပို့ရန် စာတစ်စောင် ကို ရေး နေလေ၏ ။

             နေ့စွဲ ၉ - ၁၀ - ၅၅
ချစ်ကို ကြီးရေ
       ကိုကြီး ဆီ က စာ ကို ဒီကနေ့ ပဲ လှ ရပါတယ် ကွယ် ။ ကိုကြီး ရဲ့ အားပေးမှု ဟာ လှ အဖို့ မှာ တစ်ခါတည်း အားဆေးကြီး တစ်ပုံး လုံး မျို လိုက် ရသလို အား တက်စေပါတယ် ကိုကြီး ရယ် ။ ဒါနဲ့ ကိုကြီး ရယ် ကိုကြီး နဲ့ လှ တို့ ခုလောက် အထိ ချစ်ခင်နေရက်သား နဲ့ ကိုကြီး ရဲ့ ရုပ်ပုံလွှာ ကို တစ်ခါမှ မမြင်ဖူးသေးပါဘူး ။ မဂ္ဂဇင်းတွေ မှာ အခြား စာရေးဆရာတွေ ရဲ့ ဓာတ်ပုံ တွေ ပါ ဖူးပေမဲ့ ကိုကြီး ရဲ့ ဓာတ်ပုံ တစ်ခါ မှ မပါဘူး ၊ ကိုကြီး ကို လှ မြင်ဖူးချင်တယ် ကိုကြီး ရယ် ။ လှ ကို ချစ်ရင်  ၊ ခင်ရင် ကိုကြီး ရဲ့ ဓာတ်ပုံ ကို ပေးပါ နော် ၊ လှ ရဲ့ ကျောက်အိုးကွဲ အရုပ် ဆိုး ဓာတ်ပုံ ကို လည်း ပေး လိုက်ပါတယ် ။ ပုံ ကို ကြည့် ပြီးတော့ လန့် ပြီး ဖျား မနေနဲ့ဦး ။ ကိုကြီး ဖျားရင် လှ က လာပြီး ပြုစု နိုင်တာ မဟုတ် ဘူး ။ လှ က အဝေးကြီး မှာ ။ အနား မှာ သာ ဆိုရင်တော့ ပြုစု မှာပေါ့  ။ ကိုကြီး ရဲ့ ဓာတ်ပုံ ဆက်ဆက် ပို့ပါနော် ။ လှ မျှော် နေပါ့မယ် ။
            ချစ်တဲ့ညီမ
                      လှ

“ ဂွီ .. ဒီ တစ်ချီ တော့ ခင်ဗျာ လူ ကို နော့ကောက် ချလိုက်ပြီ ကိုထွန်း ရေ ...”

ကိုဘလှ သည် ဓာတ်ပုံ နှင့် စာ ကို အိတ် ထဲ သို့ ထည့်ရင်း ကြုံးဝါး လိုက်လေ၏ ။

၄ ၊ ၅ ၊ ၁ဝ ရက်ခန့် အကြာတွင် ဆရာဝေဠု ထံ မှ ပြန်စာ တစ်စောင် သည် ရောက်၍ လာ တော့သည် ။ စာ မှာ ကား ...

         နေ့စွဲ ၁၆ - ၁၀ - ၅၅
ချစ်တဲ့ ညီမလေး လှ
       ပေးလိုက်တဲ့ စာ နဲ့ ဓာတ်ပုံ ကို ရပါတယ် ။ ကိုကြီး ရဲ့ ဓာတ်ပုံ ကို မဂ္ဂဇင်းတွေ မှာ မတွေ့ရတာ ကတော့ ကိုကြီး ရဲ့ ရုပ် က သိပ် ဆိုးတာ လှ ရဲ့ ၊ ကင်မရာ မှန်ဘီလူး က တောင် လန့်လန့်ပြီး ကွဲ တာနဲ့ ဓာတ်ပုံ ဆိုင်တွေ က ရိုက် မပေးဝံ့ကြဘူး ။ လှ ရဲ့ ပုံကတော့ နာမည် နဲ့လိုက် အောင် လှ ပါပေတယ် ကွယ် ။ သဘောကောင်း ၊ မနောကောင်း ၊ ချိုသာ ကြည်လင်မယ့် ရုပ် ၊ ကောင်းစားမယ့် ရုပ်ရည်မျိုး ပါ ပဲ ။ လှ ရဲ့ ပုံ ကို ကိုကြီး ရဲ့ စာရေး စားပွဲ မှာ မှန်ဘောင်ကလေး သွင်းပြီး ထောင် ထား ပါတယ် ၊ ကိုကြီး ရဲ့ ပုံ ကို မပေးလိုက်ရတာ ကို သည်းခံပါနော်
               ချစ်တဲ့ ကိုကြီး
                             ဝေဠု

“ သူ့ စာ အရ ဆို ရင်တော့ ခင်ဗျာ့ ငနဲသား က သောက်ရုပ် ခပ်ဆိုးဆိုး နဲ့ တူ တယ်ဗျ ။ ဒါပေမဲ့ ကျွန်တော် ပို့ လိုက်တဲ့ ဟိုကောင်မလေး ရဲ့ ပုံ ကို ကြည့်ကြည့်ပြီး ငမ်းနေ မှာ ကို မြင်ယောင်သေးသဗျာ ဟား ... ဟား ...  ၊ ဒီ တစ် ချီ တော့ ငနဲသား ကို မီး သေအောင် ကြိတ် တော့မယ် ။ ခင်ဗျား ငွေ တစ်ကျပ် သာ အဆင်သင့် ထားပေ ရော့ ”

ကိုဘလှ သည် ဆရာဝေဠု ထံ စာ ပြန်ရန် ဟန် ပြင်ရင်း ကိုထွန်း အား ပြော လိုက်လေ၏ ။

          နေ့စွဲ ၂၀ - ၁၀ - ၅၅
အစ်ကို ဝေ
       ပြန် စာ ကို ရပါတယ် အစ်ကိုဝေ ။ အစ်ကို ဝေ့ ဓာတ်ပုံ ကို မရတာ ကို ဖြင့် လှ မကျေနပ် နိုင်ပါဘူး ။ ဘာလဲ အစ်ကိုဝေ က အစ်ကို ရဲ့ ယောက်ျား ပီသတဲ့ ဓာတ်ပုံ ကို လှ ကြည့်ရင်း ရူး သွားမှာ စိုး လို့လား ။ အစ်ကိုဝေ့ ဓာတ်ပုံ ကို မရနိုင်သေးတော့ လှ မှာ ဖြင့် အစ်ကိုဝေ့ ရဲ့ လက်ရေး ဝိုင်းဝိုင်းစက်စက် လှလှကလေးတွေ ကိုချည့် ကြည့်ပြီး စိတ် ကို ဖြေ ရပါတယ် ။ လက်ရေး ဒီလောက် လှတဲ့ အစ်ကိုဝေ ဟာ ကိုယ်လက် ကြံ့ခိုင်ရမယ် ၊ ရုပ်ရည် တည်ကြည် ချောမောရမယ် ၊ သိက္ခာ ရင့်ကျက်ရမယ် ၊ စိတ်သဘော ကောင်းမွန်ရမယ် ဆိုတာ လှ ရိပ်မိပါတယ် အစ်ကို ရယ် ။ အစ်ကိုဝေ့ လက်ရေးတွေ ကို ကြည့် ရင်း လှ ရဲ့ စိတ် ထဲ မှာ ဘယ်လိုကြီးမှန်း မသိဘူး ။ ရင် တလှပ်လှပ် နဲ့ ။ ဪ ဒါနဲ့ အစ်ကိုဝေ ရယ် လှ ကို ချစ်ရင် သနားရင် စာ ချက်ချင်း ပြန် ပါနော် ။ အစ်ကိုဝေ့ စာ ကို မျှော်ရတာ ကြာတော့ ပို့စမင်း ကို တောင် ရှက် ချင်လာပါပြီ ။ လှ ရင်ထဲ မှာ ရှိနေတာတွေ ကို အစ်ကိုဝေ အကုန် လုံး သိ စေချင်တယ် ။ တော်ပြီကွယ် ၊ ရေးရင်း ရေးရင်း ကိုယ့် အဖြစ် ကို ကိုယ် ရှက်မိပါရဲ့  ၊ တော်သေးပြီ နော် ။
       သာယာသော အချိန်များ နဲ့ သာ တွေ့ ပြီး မျှော်လင့်ချက်တွေ ပြည့်စုံပါစေလို့ ...
                     ချစ်-လှ

“ ဒီ တစ်ခါ တော့ သူ့ ဆီ က ပြန်စာ ဟာ ခင်ဗျား ကို ငွေ တစ်ကျပ် ဖြုတ် မယ့် စာ ပဲ လို့သာ မှတ် လိုက်ပေတော့ ဆရာထွန်း ရေ့ ၊ ခင်ဗျာ့ ငါးကြီး တော့ ငါးမျှားချိတ် ကို ဟပ် တော့မယ် ၊ မယုံရင် စောင့်ကြည့် ...  ”

ကိုဘလှ သည် ကျေနပ်စွာ ပြော လိုက်လေ၏ ။

     •••••   •••••   •••••   •••••

ကိုဘလှ ပြောသည့် အတိုင်းပင် မကြာမီ ဆရာဝေဠု ထံ မှ စာ ပြန် ၍ လာ၏ ။

          နေ့စွဲ ၂၇ - ၁၀ - ၅၅
ချစ်တဲ့ လှလေး ရေ
       အစ်ကိုဝေ ဖြင့် လှ ရဲ့ စာ ကို ဖတ် ပြီးတော့ ကိုယ့် ကုသိုလ် ကို ကိုယ် မယုံနိုင်အောင် ဖြစ် ရတယ် ။ လှ ဆိုလိုတာ ကို အစ်ကိုဝေ နားလည်ပါတယ် ကွယ် ။ အစ်ကိုဝေ မှာလည်း လှ ရဲ့ ဓာတ်ပုံလေး ကို မရခင် က ဆူလှိုက် နေသမျှ ဟာ ဓာတ်ပုံ ကို လည်း ရကရော တစ်ခါတည်း ပွင့်အန်ပြီး တော့ ထွက် ရတာပါပဲ အချစ်ရယ် ။ ရန်ကုန် နဲ့ မန္တလေး အလှမ်း ဝေးနေတာ က ခက် လှတယ်ကွယ် ၊ နို့ မဟုတ်ရင်ဖြင့် ကိုဝေ လေ လှ ဆီ ကို ချက်ချင်း ပြေး လာချင်တော့တယ် ကွယ် ။ ငှက်သွင် ပျံကြွ မတတ်သော် ဆိုတဲ့ နတ်သျှင်နောင် ကို ခုမှ ကိုယ်ချင်း စာ တတ် တော့တယ် ။ မကြာခင် လှ နဲ့တွေ့ရပါစေလို့
         လှရဲ့ ကို ဝေ

     •••••   •••••   •••••   •••••

“ ပေးတော့ တစ်ကျပ် ”

ကိုဘလှ သည် စာ ကို ထိုး ပေးရင်း ကိုထွန်း ၏ ရှေ့ ၌ လက်ဝါး ကို ဖြန့် လိုက်လေ၏ ။ ကိုထွန်း လည်း ခပ်ရွံ့ရွံ့ နှင့် တစ်ကျပ်တန် ငွေစက္ကူ တစ်ရွက် ကို ပေး လိုက်ရင်း

“ အေးဗျာ ...  ၊ ဒီ ဆရာတွေ ကလည်း ငမ်းပဲ ငမ်း လွန်းပါတယ် ”

ဟု ညည်းလိုက်လေ၏ ။  ။

“ ဒါလောက် နဲ့ များ ဘယ် ပြီး ဦးမလဲ ကိုထွန်း ရ ၊ ကျွန်တော် ကုန်ဝယ် ဖို့ ရန်ကုန် ကို ဆင်းစရာ ရှိတယ် ၊ ရန်ကုန် ရောက် ရင် အောင်ဇေယျာမဂ္ဂဇင်း တိုက် ကို ၀င်ပြီး ဆရာဝေဠု ဆိုတာ ကို သေသေချာချာ ကြည့်ခဲ့မယ် ။ ပြန်လာ တော့ မှ ခင်ဗျာ့ ငမ်းငနဲ ဟာ ဘယ်လိုလဲ ဆိုတာ ကျွန်တော် ပြော ပြ မယ် ။ ဓာတ်ပုံ ရရင်လည်း တောင်း ခဲ့မယ် ။ ကျွန်တော်တို့ စကားဝိုင်း တွေ မှာ သူ့ ပုံကြီး ပြပြီး သော ကြရအောင် ဟုတ်လား ။ ကဲ .. ကဲ ... အစ်ကိုဝေ ဆီ စာ ပြန် ဦးမှ အဟိ ”

ကိုဘလှ သည် ပြန်စာ ကို ကောက် ၍ ရေး လေ၏ ။

            နေ့စွဲ ၄ - ၁၁ - ၅၅
ချစ်ကို ဝေ
       လှ ရဲ့ နည်းတူ ကိုဝေ က လှ အပေါ်မှာ ချစ်စေတနာ ထားတယ် ဆိုတာ ကို သိ ရတာ လှ မှာ ပီတိ တွေကို စိမ့်စိမ့် ဖြာ ပြီး အသည်းနှလုံး တွေ သိမ့်သိမ့် ခါ ပြီး သွား ရပါတယ် ။ ချစ်တယ် ကိုရယ် ၊ ကိုဝေ ကို လှ ချစ်တယ် ။ လှ အပေါ် မှာ သစ္စာနှောင်ကြိုး မြဲပါနော် ...  ။

ဪ .. ဒါနဲ့ ကိုဝေ ရေ ၊ လှ လေ မိတ်ဆွေတစ်စု နဲ့ ၁၀ - ၁၁ - ၅၅ မှာ ရန်ကုန် ကို လာမလို့  ။ ရန်ကုန် မှာ ရှိတဲ့ ဘွားအေကြီး က မှာ တာနဲ့ ခရီးကြုံ တဲ့ မိတ်ဆွေတွေ ရှိတုန်း လှ လာရမှာ ။ ဒီတော့ကာ ဘူတာကြီး ကနေပြီး ၁၄ ၊ ၁၅ ၊ ၁၆ ရက် တွေ မှာ ကြို ပါလားကွယ် ။ လှ ဓာတ်ပုံ ထဲ က ရုပ်အတိုင်း အပြင် မှာ လည်း လှ ဟာ ရုပ်ဆိုးဆိုး မို့ ကိုဝေ မှတ်မိပါလိမ့်မယ် ... ဟဲဟဲ ။ ကိုဝေ ကြို ရင် ရေနံရောင် ဘန်ကောက် နဲ့ အယ်လ်ပတ်ကား အပေါ်အင်္ကျီ ဝတ်ပြီး ကြို နော် ။ သုံးရက် အကြို ခိုင်းတာက ရထား က အချိန်မသေချာလို့ပါ ။ ကိုဝေ တွေ့ချင် နေတဲ့ လှ ကို ကိုဝေ လူချင်း တွေ့ရပါတော့မယ် ကွယ် ။ ဝမ်းသာ ထား နှင့် ပေတော့ ။ ရန်ကုန် ရောက်ရင် လိုဏ်ဂူတော် တို့ ၊ ကမ္ဘာအေး တို့ ကို လိုက် ပို့ရမှာ ဆရာ ။ ပြီးတော့ ရုပ်ရှင်လည်း ကြည့် ချင်တယ် ။ အင်းယား မှာ ရေကူး လည်း သွားရအောင် ဟုတ်လား ။ ဆက်ဆက် ကြို နော် ။
             အချစ်မွေးမွေးများစွာဖြင့်
                                   လှ

“ ဝါး ဟား ဟား ၊ ရော့ ဖတ်စမ်းပါဦး ”

ကိုဘလှ ထိုး ပေးလိုက်သော စာ ကို ဖတ်ပြီးနောက် ကိုထွန်း က “ ဘာတ ွေရေးတာလဲဗျ ” ဟု မေးလိုက်၏ ။

“ ဒီလိုလေ ဗျာ ... ငတိ က ဘူတာ မှာ ဆင်း ကြိုမယ် ၊ သူ့ ကို ကျွန်တော် က ဘန်ကောက် နဲ့ အင်္ကျီ ကြောင့် သိ နိုင်တယ် ။ သူ ကတော့ ကျွန်တော့် ကို ဘယ် သိမလဲ ။ ငတိ ကြည့် ပြီး ကျွန်တော် ဘယ်လောက် ဝမ်းထဲ က ကျိတ်ပြီး ရယ် ရမယ် ဆို စဉ်းစားသာ ကြည့်တော့ဗျာ ဟားဟား ။ ငနဲသား ဟာ အနည်းဆုံး သုံးရက် တော့ ဂေျာက် ပေါ့ ။ ဘူတာ မှာ ဗျိုင်းကြီး လို လည်ပင်း တငင်ငင်နဲ့ နေရမှာ မြင်ယောင်သေး ... အဟေး ဟေး ”

ကိုဘလှသည် သူ့ အကြံ ကို သူ သဘော ကျ နေလေ၏ ။

     •••••   •••••   •••••   •••••

လေးရက် အကြာ တွင် ဆရာဝေဠု ထံမှ စာ ရောက်လာ၏ ။

            
            နေ့စွဲ ၈ - ၁၁ - ၅၅
လှ
       လှ လာမယ် ဆိုလို့ ဝမ်းသာ လိုက်တာ ။ စာတောင် ဖြောင့်ဖြောင့် ရေးလို့ မရဘူးကွယ် ။ ကဲ တိုတိုပဲ ၊ ကိုဝေ ကြို မယ် ။ မတော်တဆ လွဲ ရင် ကိုဝေတို့ တိုက် ကို လာပေါ့ ၊ ဟုတ်လား ၊ လာ ခဲ့နော် ။
               လှ ရဲ့ ကိုဝေ

ကိုဘလှ သည် စာတိုကလေး ကို ဖတ်ကာ မျက်လုံး ပိတ်အောင် ရယ် ၍ နေပြီး မှ ကိုထွန်း ၏ လက်သို့ စာ ကို ကမ်း လိုက်လေ၏ ။

     •••••   •••••   •••••   •••••

ကိုဘလှ သည် ရန်ကုန် သို့ လဆန်း ၁၁ ရက် နေ့ တွင် ဆင်း သွား၏ ။ “ အပြန်ကျမှ ခင်ဗျာ ဆရာဝေဠု အူလူး နိုင်ပုံ ကို သောကြဦးစို့ ဗျို့ ” ဟု လည်း ဘူတာ သို့ လိုက်ပို့ သူ ကိုထွန်း အား မှာ ၍ သွားလေသည် ။

ရက်ပေါင်း ၂၀ ကျော် မျှ ကြာ၍ သွားပြီးနောက် ကိုထွန်း ၏ အိမ်သို့ သူငယ်မကလေး တစ်ယောက် လာ၍ စာ တစ်စောင် ပေး၏ ။ စာ မှာ ...

ကိုထွန်း ရေ
       မနေ့ည က မှ ပြန် ရောက်တယ် ။ ခု စာ ရရခြင်း လိုက်ခဲ့စမ်းပါ ။ ဆရာဝေဠု အကြောင်း ပြောရအောင် ။
                ဘလှ

ကိုထွန်း သည် ကိုဘလှ ၏ အိမ်သို့ ကောက် ၍ လိုက် သွား၏ ။ ရောက်သောအခါ ကိုဘလှ သည် ပြုံးပြုံးကြီး ဆီးကြို ၍ နေ လေသည် ။

“ လာ .. ကိုထွန်း ”

“ ဘယ်နှယ့်လဲ ခင်ဗျာ့ ဆရာဝေဠု  တွေ့ခဲ့ရဲ့လား ”

ကိုထွန်း က မေးလိုက်သည် တွင် ကိုဘလှ က ပြုံး၍ ...

“ တွေ့ခဲ့ပါတယ် ဗျာ ၊ ထိုင်စမ်းပါဦး ”

ဟု ဆိုသဖြင့် ကိုထွန်း သည် ကုလားထိုင် ၌ ဝင်၍ ထိုင်လိုက်ရလေ၏ ။

“ ဘယ်မှာလဲ ဗျ ကိုဘလှ ရဲ့ ”

“ ကျွန်တော် ရန်ကုန် ကို ရောက် သွားတော့ ဆရာဝေဠု ကို ရထားစင်္ကြံ မှာ ရှာ သဗျ ၊ မတွေ့ဘူး ။ ဒါနဲ့ ကိစ္စကလေးတွေ ပြီးတော့ ကာ အောင်ဇေယျာ မဂ္ဂဇင်းတိုက် ကို သွားပြီး ဆရာဝေဠု နဲ့ တွေ့ ရသဗျ ။ အဆင်သင့် ပဲ တွေ့ရ တယ် ။ တဖြည်းဖြည်း တစ်ယောက် နဲ့ တစ်ယောက် ခင်မင် သွားပြီး အကြောင်းအပေါင်း သင့် သွားကြတာပေါ့ဗျာ ဟဲဟဲ ”

ထို ခဏတွင် လှပ ခန့်ထည်သော အမျိုးသမီးတစ်ဦး သည် အိမ်တွင်းခန်း မှ ထွက်လာကာ ကိုဘလှ ၏ အနီး၌ ခပ်ပြုံးပြုံး ဝင် ထိုင်လိုက်လေ ၏ ။ ကိုထွန်း သည် ဤ အိမ်တွင် တစ်ခါမျှ မမြင်ဖူးသော အမျိုးသမီး လူစိမ်း ကို ကြည့်ရင်း အံ့အား သင့်နေခိုက် ကိုဘလှ က

“ ဟောဒါ က ကိုထွန်း ... ဟောဒါ က ဆရာဝေဠု ”

ဟု မိတ်ဆက် ပေးလိုက်ရာ ကိုထွန်း မှာ ပါးစပ် အဟောင်းသား နှင့် ဖြစ်နေရလေ၏ ။ ပြီးမှ

“ ဘယ်လိုလဲဗျာ ... ရှင်းကြစမ်းပါ ဦး ”

ဟု ဆိုလိုက်မိရာ ကိုဘလှ က ပြုံးရင်း

“ ကလောင်နာမည် က ဝေဠု ဆိုတော့ ကျွန်တော်တို့ ယောက်ျား ထင် နေတာကိုးဗျ ။ စင်စစ်မတော့ ဝေဠု အမည်ခံ ဟောဒီ မြ က မဂ္ဂဇင်း ရဲ့ အမျိုးသမီးကဏ္ဍ ကို တာဝန်ယူ ရသဗျ ၊ ဝတ္တု လည်း ရေးတယ် ။ ကျွန်တော် သူ့ ကို မဂ္ဂဇင်းတိုက် ကို သွားပြီး ဆရာဝေဠု ကို မေးတော့ မြ က “ ကျွန်မပါပဲ ရှင် ” လို့ ဆီး အပြော မှာ ကျွန်တော့် ကိုယ် ကျွန်တော် မယုံနိုင်ဘူး ။ နောက်ကျ မှ တခြား စာရေးဆရာတွေ မေးကြည့်ပြီး ယုံ လာရတယ် ။ ဒါနဲ့ ကျွန်တော် နဲ့ မြ ဟာ မိတ်ဆွေ ဖြစ်ပြီး ၁၄ ရက် အတွင်း မှာ လက်ထပ်ဖို့ ဆုံးဖြတ် လိုက်ကြတယ်လေ .. ဟဲ ... ဟဲ လျှပ်တစ်ပြက် စီမံကိန်းပေါ့ ”

ဟု ရှင်း ပြလိုက်၏ ။

ကိုထွန်း လည်း မျက်လုံး ပြူးမြဲ ပြူး ရာ က

“ နို့ ဟိုဟို စာတွေ က ကော ..”

ဟု မေး လိုက်ရာ ကိုဘလှ က သူ့ ဇနီး ဘက် သို့ လှည့် ၍

“ ရှင်းပြ လိုက်ပါဦး မြရယ် ”

ဟု ဆိုလိုက်လေ၏ ။

မြ လည်း ကြည်လင်စွာ ပြုံး ရာ က

“ ဒီလိုပါ ရှင် ... ၊ မြ က မြ ရဲ့ကလောင် နာမည် ရှာတော့ ဝေဠုရိယကျောက်ညိုမြ ဆိုတဲ့ စာပိုဒ်ကလေး ကို တွေ့ တာနဲ့ ‘ ဝေဠု ’ ဆိုတဲ့ နာမည် ကို ယူ လိုက်တယ် ။ ဒီနာမည် နဲ့ ရေး တာကို စာဖတ်ပရိ သတ် အချို့ က ယောက်ျား စာရေးဆရာ ထင် နေကြတယ်လေ ။ မြ က လည်း ဝေဠု ဟာ မိန်းမ ဆိုတာကို နယ် က မသိအောင် လျှို့ဝှက် ထားခဲ့တယ် ။ အဲဒါနဲ့ ကိုလှ ဆီ က စာတွေ ရောက်လာတာပါပဲ ”

ဟု ဖြေ၏ ။

“ ဒါနဲ့များ ... ၊ ကိုဘလှ ဆီ က စာတွေ ကို ယောက်ျား ဟန် ဆောင်ပြီး ပြန် နေရသေးသလားဗျာ ”

ဟု ကိုထွန်း က မကျေမချမ်း မေး၏ ။

“ ဒါကတော့ တစ်လ နှစ်ကျပ် ကိုး ရှင့် ”

“ ရှင်းပါဦး ဗျာ ”

“ စာရေး ဆရာတွေ ဟာ စာဖတ်ပရိသတ် ကို အလို လိုက်ပြီး အကြိုက် ဆောင် ကြရတယ် ။ သူတို့ ပေးတဲ့ စာတွေ နဲ့ လျော်ညီအောင် စာ ပြန် ရတယ် ။ မဟုတ်ခါ မှ နေ ရော ... ပြည်တည်တည် ရေးတဲ့ နယ် က စာတွေ ကို သာ အကုန် လုံး တကယ် ယုံမှတ် ရရင် မခက်သေးပါလား ဦးထွန်း ရယ် ။ စာရေးဆရာ ဆို တာ ဟာ အူလူး တွေ မှ မဟုတ်ဘဲ ၊ ပြီးတော့လည်း ခုလို ၁၅ ပြားဖိုး စာ ပြန်ရင် မြ တို့ က အမြဲ မြတ်တယ် ”

“ ဗျို့ ...”

“ ဟုတ်တယ်လေ ... ။ ဆိုပါတော့ ။ ဝေဠု ကို ပြည်တည်တည် စာ ရေးလို့ ဝေဠု က ပြည်တည်တည် စာ ပြန်ရင် အဲဒီ စာ ဖတ်သူဟာ အောင်ဇေယျာ မဂ္ဂဇင်း ကို လစဉ် မပြတ်တမ်း ဝယ် ဖတ်ကရော မဟုတ်လား ရှင် ...  ။ မြင်ပြီ လား ... အဲဒီ အကွက် ကို ”

ထိုခဏ၌ ကိုဘလှ သည် စာအိတ်တစ်လုံး ကို ကိုထွန်း အား လှမ်းပေး ရင်း စကား ဆက်လိုက်၏ ။

“ စင်စစ်မှာ ကျွန်တော် ရှုံးတာဗျို့ ။ ဒါပေမဲ့ ... အရှုံး ကောင်း ဆိုပါတော့ ဗျာ ... ဟဲဟဲ ... ရော့ ... ဟောဒီ စာအိတ် ထဲ မှာ ပါ လေရဲ့ ငွေ ၁၀၀ ကျပ် ...”

◾ အောင်မြင်

၁၉၅၆ ခုနှစ် ၊ ဇွန်လ

📖  အောက်မေ့ဖွယ် ဟာသဝတ္ထုများ ( ၇ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment