Tuesday, August 16, 2022

ချစ်သူ နဲ့ တွေ့ မှ ရင်ဖိုတာ မဟုတ်ပါဘူး


 

❝ ချစ်သူ နဲ့ တွေ့ မှ ရင်ဖိုတာ မဟုတ်ပါဘူး ❞

လေးလေး တို့ ဆီမှာ “ လိင် ” ပညာပေး ဆိုတာ မရှိ သလောက်ပါပဲ ။ သဘာဝတရား က ခွင့်ပြု ထားသလောက် အချိန်တန် အရွယ် ရောက် လာတဲ့ အခါ သိကြတာပဲ ရှိပါတယ် ။

ဒီမှာ က “ လိင် ” ပညာပေး နဲ့ “ ညစ်ညမ်းမှု ” က ရောထွေး နေတယ် ။ အမှန်ကတော့ ဘယ်လို မှ ရောထွေးစရာ မရှိပါဘူး ၊ တစ်ခြားစီပဲ ။

( ၁ ) ပညာပေး ဆိုတာ က သိသင့် သိထိုက်တာတွေ ကို ရေး ပြတာပဲ ။

( ၂ ) ညစ်ညမ်းမှု ဆိုတာက သွေးသားဆန္ဒ နဲ့ ပတ်သက်တဲ့ ခံစားမှုတွေ ကို ရေးဖွဲ့ ပြတာပဲ ။

လေးလေး ဆီ ကို စာ တစ်စောင် ရောက် လာတယ် ။ ဆရာအတတ်သင် က ဆရာမလေး တစ်ယောက် ဆီ ကပါ ။

“ အပျိုစင် တို့ သိဖို့ ယောက်ျားတို့ အကြောင်း ” ကို သူ က သူ့ သူငယ်ချင်း တွေ ပေးဖတ်တော့ စာအုပ်နာမည် ကြည့်ပြီး “ ဟင့်အင်း .. အဲဒါမျိုးတွေ မဖတ်ရဲဘူး ” လို့ ပြောသတဲ့ ။ နောက်တော့ မှ ဒါက ပညာပေး ။ ညစ်ညစ်ညမ်းညမ်းတွေ ရေးထားတာ မဟုတ်ဘူး လို့ ရှင်းပြပြီး ပေးဖတ် မှ ယူ ကြည့်သတဲ့ ။

ဒီမှာက “ ပညာပေး စာအုပ်စာတမ်း ” အထွက် နည်း လို့ “ ပညာပေးစာအုပ် ” ရဲ့ သဘောထား အနေအထား ကို အသိ နည်းကြတာပေါ့ ။ လေးလေး ဒီ စာအုပ်ကလေးတွေ ထုတ် လိုက်တော့ သမီးငယ် အတော်များများ ဆီ က ပွင့်ပွင့်လင်းလင်း တိုင်ပင်တဲ့ စာတွေ ။ သိချင်တာ မေးချင်တာတွေ ရောက် လာတယ် ။ ဒီ နှစ် မှာ ဆယ်တန်း တက် ရမယ့် ကျောင်းသူလေး တစ်ယောက် ဆီက စာ ကို ငါ့ တူမများ သိအောင် ဖော်ပြချင်တယ် ။

••••••  •••••••  ••••••  •••••

ဦးဦးရှင့် ….

သမီး က ဒီနှစ် မှ ဆယ်တန်း တက် ရတာပါ ။ အသက် ကတော့ ၁၇ နှစ် ရှိပါပြီ ။ သမီး ကို တစ်ခု ပြောပြပေးပါ ။

သမီး အကြောင်း အရင် ပြော မယ်နော် ။

သမီးတို့ အရပ် ထဲ ကပဲ ဖေဖေ့ သူငယ်ချင်း ရဲ့ သား ဆိုတာ ရှိတယ် ။ သူ က ဘွဲ့ ရပြီးသားပါ ။ သမီး ကို အင်္ဂလိပ်စာ လာ လာ သင်ပေးတယ် ။ အမြဲတော့ မဟုတ်ပါဘူး ။ တစ်ခါတစ်လေ ပါ သင်္ချာတို့ ဘာတို့ မေး ရင်လည်း တွက် ပြတယ် ။

တစ်ရက် ကတော့ သူ က သမီး ကို မေးတယ် ။

ရည်းစား ရှိ သလား တဲ့ ။ သမီး က ဟင့်အင်း ဆိုပြီး ခေါင်း ရမ်း ပြလိုက်တယ် ။ နောက်တော့ ခေါင်းလည်း ငုံ့ ထားမိတယ် ။

ဘာလို့မှန်း မသိဘူး ။ ရင်တွေ ပါ ဖို လာတယ် ။

နောက်တော့ ရည်းစား မထားနဲ့ နော် ဆို ပြောပြီး ပြောပြောဆိုဆို သမီး နဖူး ကို ငုံ့ နမ်းပြီး ထွက် သွားတယ် ။ သမီး အဲဒီ နေ့ ကတည်း က စာ ကျက်လို့ မရပါ ။ အဲဒီ အကြောင်းချည်း တွေးပြီး ရင် ဖိုနေပါတယ် ။ အဲဒါ သူ့ ကို ချစ်လို့လား ။ သူ က ချစ်တယ် ပြောတာလဲ မဟုတ်တော့ သမီး က ဘာ ဆက် လုပ်ရမှန်း မသိဘူး ။ သူ ကတော့ အလာအသွား မပျက်ဘဲ ။

သမီး ကို အကြံ ပေးပါဦး ဆိုပြီး ရေး ထားတဲ့ စာပါ ။ လေးလေး သူ့ ဆီ ကို စာ ပြန်ခဲ့တယ် ။

အဲဒီ လူ ကို မေ့ထားလိုက် ။ စိတ်ဝင်စားရင် စာမေးပွဲကြီး ပြီးမှ သူ က ဆက်သွယ် လာရင် စဉ်းစဉ်းစားစား နဲ့ အဖြေ ပေး သင့် ပေး ။ လောလောဆယ်တော့ အဲဒီ ကိစ္စ ကို မေ့ထားတာ အကောင်းဆုံးပဲ လို့ ။ အဲဒီ သမီးငယ် ကတော့ သူ့ စာမေးပွဲ ကိစ္စ အနှောင့်အယှက် ဖြစ်မှာ စိုးလို့ ချစ်ရေး မဆိုတာ နေမှာ ။ သူ့ ကို ချစ်လို့ နမ်း သွားတာ ။ သူ ကလည်းချစ်လို့ ရင်ဖိုတာ ဆိုတာ မျိုးတွေ ပါ ရေးပြ ထားသေးတာ ။

မဟုတ်ဘူးကွယ့် ။

ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ် ယောက်ျားလေး က နမ်းနမ်း အနမ်း ခံ ရရင် ရင် ဖိုမှာပဲ ။ ရင်ခုန် မြန် မှာပဲ ။ ရင်ခုန် မြန်တိုင်း ရင်ဖို တိုင်း ချစ်လို့ ရယ် လို့ မထင်လေနဲ့ ။ လေးလေး တို့ ဆီမှာ က စည်းကမ်းဘောင် အတွင်း နေသားကျ ကြီးပြင်းခဲ့တာ ဆိုတော့ လူမှုဆက်ဆံရေး နယ်ပယ် မှာ ပါ မိန်းကလေး နဲ့ ယောက်ျားလေး ဟာ ရောရောထွေးထွေး ရှိခဲ့တာ မဟုတ်ဘူး ။ ဒီတော့ ယောက်ျားလေး တစ်ယောက်ယောက် နဲ့ အနေ နီး လိုက်တာ နဲ့ အဖက်အပွေ့ ခံ လိုက်ရတာနဲ့ အဲဒီ ယောက်ျားလေး ကို စွဲ သွားရော ။ မေ့ မရ အောင် ဖြစ်နေရော ။ ဒီတော့ ဘာဖြစ်သလဲ ဆိုရင် အဲဒီ ပထမဆုံး တွေ့ လိုက်ရတဲ့ ယောက်ျားလေး ဟာ ကိုယ့် ဘဝ အတွက် အားကိုး ရလောက်တဲ့ အရည်အချင်း မျိုး ရှိတယ် ဆိုရင် တော် သေးတယ် ။ ပေါက်တက်ကရ ဘာ အရည်အချင်း မှ မရှိတဲ့ ရူးကြောင်ကြောင် လူမျိုး ကို သွား စွဲ မိရင် ကိုယ်ကျိုး နည်းရော ။ မဖြစ်သင့်တာတွေ ဖြစ် ကုန်ရော ။

ယောက်ျားလေး တစ်ယောက် နဲ့ ကြုံရ ဆုံရ လို့ ရင်ဖို ရတာ သာယာမှု ရတာ ဟာ ကိုယ့် ချစ်သူ မှ မဟုတ်ပါဘူး ။ ဘယ် ယောက်ျားလေး နဲ့ ပဲ ကြုံကြုံ ၊ ဒီလိုပဲ ရင် ခုန်တာပါပဲ ။ အထိအတွေ့ ဆိုတာ ချစ်ခြင်းမေတ္တာ နဲ့ မဆိုင်ဘူး ။ သွေးသားဆန္ဒ နဲ့ ပဲ ဆိုင်တယ် ။ အဲသလို သိ ထားရင် အကြောင်းကြောင်း ကြောင့် မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ယောက် နဲ့ ဆုံ လိုက်ရပေမယ့် အသိတရား ကင်းလွတ်လောက်အောင် စွဲလမ်းတာမျိုး တော့ မဖြစ်တော့ဘူးပေါ့ ။ ကိုယ် နဲ့ ဆုံ မိတဲ့ သူဟာ အားကိုးထိုက်သူ ဟုတ်ရဲ့လား ။ မဟုတ်ရင် အနေ နီး လို့ မတော်တဆ ကြုံ ဆုံ ရတာကို စွဲလမ်း နေဖို့ မလိုတော့ဘူး ။ အဲဒီ အတွေ့ အာရုံမျိုး ဟာ ဘဝ တစ်ခုလုံး ပုံ ပေးရလောက်တဲ့ အထိ စွဲလမ်း စရာ မဟုတ်ဘူး ဆိုတာ သိထားရင် နောက် ဆုတ်သင့်ရင် အချိန်မီ နောက်ဆုတ် လို့ ရမယ်ပေါ့ ။

နောက်ပြီးတော့ လေးလေး တို့ မြန်မာလူမှုရေး အစဉ်အလာ အရ မိန်းကလေး တစ်ယောက် ဟာ ယောက်ျားလေး တစ်ယောက် နဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး ရောရောထွေးထွေး နေဖို့ ခွင့်ပြု မထားဘူးလေ ။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး ဆင်ဆင်ခြင်ခြင် နေ ။ ဘယ် ယောက်ျားလေး ကို မဆို အပြန်အလှန် လေးစားမှု နဲ့ နေအောင် ဆက်ဆံပါ ။

အကြောင်းကြောင်းကြောင့် များ လေးလေး ဆီ စာ ရေးလိုက်တဲ့ သမီးငယ် လို ကြုံ ရရင် ....

ဘဝ အတွက် အဆုံးအဖြတ် တစ်ခု ကို ခံစားမှု နဲ့ မဆုံးဖြတ်ပါ နဲ့ ။ အသိဉာဏ် နဲ့ ဆုံးဖြတ်ပါ လို့ လေးလေး မှာ ချင်တယ် ။

အတွေ့ မှာ စွဲလမ်း သွားလို့ မဆုံးဖြတ်သင့်တာ ဆုံးဖြတ် မိပြီး ဘဝ တစ်သက် လုံး ဒုက္ခ ရောက် သွားရသူတွေ အများကြီးပဲ ။ ဒါကြောင့် လေးလေး အလေးအနက် သတိ ပေး ချင်တယ် ။

ချစ်သူ နဲ့ တွေ့မှ ရင် ဖိုတာ မဟုတ်ပါဘူး ။ ရင်ဖို မိတိုင်း လက်ထပ် ဖို့ မဆုံးဖြတ်ပါ နဲ့ ။ မမျှော်လင့်ဘဲ တွေ့ လိုက်ရ သူ ဟာ အားကိုးထိုက် သူ ဟုတ် မဟုတ် ။ ကိုယ့် ဂုဏ်သိက္ခာ ။ မိဘ ရဲ့ အခြေအနေ နဲ့ အံဝင် မဝင် အသိဉာဏ် နဲ့ စဉ်းစားပါ ။ ခံစားမှု မှာ မသာယာပါ နဲ့ ။

သာယာမှု ဆိုတာ ဘယ် ယောက်ျားလေး ဆီ က ဖြစ်ဖြစ် ရ ပါတယ် ။

ကိုယ့် ဘဝ အတွက် အားကိုးစရာ ကတော့ ယောက်ျား တိုင်း ဆီ မှာ မရှိပါဘူး ။ အိမ်ထောင်ဖက် ကို အသိဉာဏ် နဲ့ ရွေးချယ်ပါ ။

◾ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment