Saturday, August 6, 2022

လူပျို မှိာတက် ( ၆ )


 

“ ရွာ သာ လိုက်ခဲ့စမ်းပါ  ကိုကြည် ရာ ”

အညာသား ဖိုးဇေ က အိမ် ကို ရောက်တုန်းရောက်ခိုက် ဖိတ် ခေါ်၏ ။

“ ကျုပ်တို့ ရွာ မှာ အပျိုတွေ အများကြီး ၊ ခင်ဗျား ကလဲ ၊ ခင်ဗျား ရည်းစား ရဖို့ ကျုပ် တာဝန် ယူတယ် ၊ ခင်ဗျား ”  

ဖိုးဇေ က အတင်း အာမခံနေ၍ အားတက် သွားသည် ။ လူပျို သက် သုံးသက် မီလုလု ထိ ကို ရည်းစား တစ်ယောက် မှ ဖျစ်ဖျစ် မည်အောင် မဖျစ် ရသေးတော့ စိတ်အား ထက်သန်နေမိသည် ။

“ ဒီလို နွေရာသီ ဆို ထန်းရည် ကလဲ ကောင်း မှ ကောင်း ”

ဪ လူ က လဲ သူတော်ကောင်း ဆိုတော့ မဟုတ်တာတွေ ချည်း နဲ့သာ မြူဆွယ် နေတာ ။

အရက်ကလေး ၊ ထန်းရည်ကလေး ၊ မိန်းမကလေး နဲ့ ဆွယ်ရင် မရှိတဲ့ အမြီး ကို နန့် နေတာ ။

“ ဒါနဲ့ မင်း တို့ ရွာ က သွားရလာရ ဝေးတယ် မဟုတ်လား ”

“ ဒီကနေ မကွေး ကို တစ်ဆင့် ဗျာ ၊ မကွေး က မှ ဟိုဖက် ကို တစ်ဆင့် ၊ သိပ် မဝေးပါဘူး ”

ရန်ကုန် ကနေ မကွေး တောင် မိုင်ပေါင်း နည်းလှ သည် မဟုတ် ။ မကွေး က မှ ဟိုဖက် ထပ် သွားရမှာ ဆိုတော့ စဉ်းစားသာ ကြည့် ။ 

“ ဒါပေမယ့် အခုလို တက္ကသိုလ်တွေ စာမေးပွဲ ပြီးတဲ့ အချိန် ကျတော့ နယ် ပြန်သူ များပြီး ကား ကျပ်တယ် ဆို ၊ တချို့ဆို ကား ပေါ် မှာ ခုံ မရလို့ တစ်နေ ကုန် မတ်တတ်ရပ် စီး ရတယ် ဆိုပဲ ”

ဖိုးဇေ က ပြုံးလိုက်ပြီး

“ အဲဒီအတွက် မပူနဲ့ ” 

ကျွန်တော် သူ့ ကို ကြည့်နေမိသည် ။

“ ဒီကနေ မကွေး အထိ ကို ခုံ ရရစေ့မယ် ၊ အဲ ဟိုဖက် ကတော့ ဖိုးဇေ အပိုင် ၊ ကားခေါင်း က ကို စီး ရမှာ ”

သူ့ စကား ကြောင့် ကျွန်တော် အား တက် သွားသည် ။ ထို့ကြောင့်

“ ဒါဖြင့် လိုက်မယ်ကွာ ဟို ရောက်ရင် သာ ” 

“ ကျုပ် တာဝန် ထားစမ်းပါ ဖိုးဇေ တစ်ရွာလုံး မီးသေပါတယ် ”

ကျွန်တော် တို့ စကား ခိုး နားထောင်နေသော ငမျိုး ကပါ

“ ဒါဆို ကျွန်တော်လဲလိုက်မယ် ” 

စိတ်ထဲမှာတော့ ထင့်ခနဲ  ။

   •••••   •••••   •••••   •••••

မကွေးကားဂိတ် ဆီ ရောက်တော့ ကား တစ်စီးလုံး မှာ ကျပ် ညပ်သပ်နေသည် ။ ကား ၏ နဂိုပါ ထိုင်ခုံများ ပါ ပြည့်ကျပ်နေသည့် အပြင် ကား ၏ အလည် လူလျှောက်လမ်း ၌ ပင် ကော်ခုံများ ညပ်သပ် အောင် ထိုး ၍ လူ တင်ထားသည် မို့ ခြေ ချစရာပင် မရှိ ။ ဒါကို ခုံ နဲ့စီးရ မည် ဆိုသော ဖိုးဇေ ဘက် လှည့်၍

“ ဟေ့ကောင် မင်း ပြောတော့ ခုံ ရမယ် ဆို ၊ အခုဟာ ခုံ ရဖို့ မပြောနဲ့ ၊ ခြေ ချ စရာတောင် ရရင် အင်မတန် ကံကောင်း ”

ကျွန်တော့် စိုးရိမ် စကား ကို ဖိုးဇေ က

“ အသာနေပါ ကိုကြည် ရာ ၊ ကိုကြည် ခုံ နဲ့ စီးရရင် ပြီးရော မဟုတ်လား ”

ကျွန်တော် လဲ ခေါင်း ကို ခပ်သွက်သွက် ညိတ်ပြီး

“ အေးပါကွာ ၊ ခုံ ရရင် တော်ပါပြီ ”

ကား က အတော် ကြပ်ညပ်နေပြီ ။ သို့သော် လူ က တင်တုန်း ။ အချိန်ကလဲ စာမေးပွဲ ပြီးချိန် ၊ သင်္ကြန် နား လဲ နီးပြီမို့ ကိုယ့် ဌာနေ ကိုယ် ပြန်ကြသူများ ၊ များပြားလှ၏ ။ မည်မျှ များပြားသည် ဆိုသော် အလည် ၌ ကော်ခုံ နှင့် ထိုင်နေသူများပါ ပေါင်ချင်း အပ်၍ ထိုင်ရသလိုမျိုး ။ ဒီလို အခြေအနေမျိုး ၌ ဘယ်မှာလဲ ကျွန်တော် တို့ အတွက် ခုံ ။ 

“ ပြည့်ပြီ ဆရာရေ့ ၊ ကဲ ဟို ညီလေးတွေ တက်ကြ ၊ ကား ထွက် တော့မယ် ”

စပယ်ယာ ၏ လောဆော် သံ ။ ကျွန်တော် က

“ ဟေ့ကောင် ဘယ်မှာလဲ မင်း ခုံ ” 

စိုးရိမ်တကြီး အမေး ။ ဖိုးဇေ က ကျွန်တော့် ကို တွန်း တင်လိုက်ပြီး

“ တက်လိုက်စမ်းပါ ”

ကားပေါ် ရောက်တော့ အခြေအနေ ကို ပို သဘော ပေါက် သွား၏ ။ ကားပေါ် တွင် ခုံ မပြောနှင့် ၊ ခြေ ချ စရာ နေရာပင် မရှိ ။ ထို့ ကြောင့် ဒေါသထွက်ပြီး

“ ဟေ့ကောင် ဘယ်မှာလဲ မင်း ခုံ ” 

“ ထိုင် ချလိုက်လေ ” 

“ ဟင် ” 

ကြည့် လိုက်တော့ ကား အတက်အဆင်း ခြေနင်း ခုံ ။

“ ဟေ့ကောင် မင်း ပြောတော့ ခုံ ရမယ် ဆို ” 

“ အေးလေ ၊ ဒါလဲ ခုံပဲလေ ” 

“ ဒါ ခြေနင်းခုံ ကွ ၊ ခြေနင်းခုံ ”

“ အေးလေ ၊ ခုံ ရမယ်လို့ပဲ ပြောထားတာ ၊ ဘယ်လို ခုံမျိုး လို့ ပြောထားတာ မှ မဟုတ်တာ လာပါ ထိုင်ပါ ၊ ခင်ဗျား ကလဲ ”

“ တောက် ”

ဘာမှ မပြောချင်တော့ ။ ခြေနင်းခုံ မှာသာ ဆောင့်ကြောင့် ထိုင် လိုက်ရသည် ။ ဟုတ်တော့ ဟုတ်သား ။ ကိုယ် က ဘယ်လို ခုံ ရမှ လို့ မှ မပြောခဲ့တာ ။ ခြေနင်းခုံ ကလဲ ခုံ အမျိုးအစား ထဲ မှာ ပါ တာ ပါပဲ ။ ဒါကို ဖိုးဇေ က ပြုံးဖြီးဖြီး လုပ်ပြီး

“ စိတ်မပူပါနဲ့ဗျာ ၊ ခြေနင်းခုံ နဲ့ မကွေး အထိ သာ ဒုက္ခ ခံလိုက် ပါ ၊ ဟိုဖက် ရောက်ရင် ကားခေါင်း က ကို စီစဉ် ထား ပါတယ် ”

ကျွန်တော် သိပ် မယုံရဲတော့ ။ ထို့ကြောင့်

“ မင်း မင်း သေချာတယ်နော် ” 

ကျွန်တော့် စကား ကို ဖိုးဇေ က ဖြဲခနဲ ရယ်လိုက်ပြီး

“ သေချာပါတယ် ဗျ ၊ ရွာကားတွေ ဖိုးဇေ ပိုင်ပါတယ် ၊ ကား ခေါင်း က ကို နေရာ ချန်ထားဖို့ ပြောထားပါတယ် ”

“ ငါ ခေါင်း က စီးရ မှ စီးမှာနော် ” 

“ စိတ်ချပါ ဗျာ ”

ဖိုးဇေ က ဖြဲခနဲ ရယ်ရင်း ပခုံး ပုတ်သည် ။ ကျွန်တော် ဘာမှ မပြောတော့ ။

“ ကိုယ်တန်ရာတန်ရာ ရတာပဲလေ ” 

ဟု ပဲ သဘော ထား လိုက်တော့၏ ။

   •••••   •••••   •••••   •••••

ခြေနင်းခုံ မှာ ထိုင်ရတာ လွယ်လှသည်တော့ မဟုတ် ။ ဒီအတိုင်း ကြီး ငုတ်တုတ် ကလဲ ရေရှည် မထိုင်နိုင် ။ ထို့ကြောင့် ကားတံခါး ပိတ် ထားချိန် ၌ ခြေထောက် ကို အပေါ် တင် ၍ ကားတံခါး ကို ကျော မီကာ ပက်လက်ကြီး ထိုင် လိုက်ရသည် ။ ဒီကြား ထဲ ကားတံခါး ပွင့်ထွက်သွား လျှင် လူလဲ နောက်ကျွမ်း ပစ်ပြီး အပြင် ရောက်သွားမည့်အရေး ရှိသေး သမို့ သတိ လဲ ထားရသေး၏ ။ ကံ ထူးသည် က ကျွန်တော် တို့ ထိုင်သော ခြေနင်းခုံ နား ၌ ကျောင်းသူ လှတပတလေး နှစ်ယောက်က စကပ်တို လေး နှင့် ထိုင် နေကြသည်မို့ မအိပ်နိုင် မစားနိုင်ဘဲ အရောင် ကို လောင်းကြေးစားကြေး လုပ်ပြီး တစ်လမ်းလုံး မျက်လုံး ကို ဖြဲ ကား လာရ၏ ။

ပို၍ ကံ ကောင်းသည် က ကျွန်တော် တို့ ၏ ခြေသလုံး ပင် ။ ကား တံခါး ကို မီ ထိုင်၍ ခြေထောက် ကို အပေါ် တင် ထားရသည်မို့ ထို ကျောင်းသူလေးများ ၏ ခြေသလုံးများ နှင့် ကျွန်တော် တို့ ခြေသလုံး မထိ ချင် လဲ ထိပြီး ခြေသလုံးချင်း ခြေမျက်စိချင်း ဆုံ ရင်တွေ ခုန်ပြီး ခြေ သလုံးချင်း မေတ္တာ မျှ ၍ ချစ်သူ ဘဝ ပင် ရောက် ကြပေပြီ ။ ခြေသလုံး နှစ်ဖက် မှာ တစ်ဦး ကို တစ်ဦး ပူးကပ် ၍ မခွဲနိုင် မခွာရက် ပင် ဖြစ်နေကြ ပေပြီ ။ ခြေမျက်စိ နှစ်ခု ကလဲ အချင်းချင်း တစ်ဦး ကို တစ်ဦး ကြည့်မဝ ၊ ရှုမဆုံး ။ 

ဒါကို မိခင် ဖခင် ဖြစ်သူ ပေါင်ရင်း က မကျေနပ် ။ မိန်းကလေး ရှင် ခြေသလုံးဖက် ကို လက်ညှိုး ငေါက်ငေါက် ထိုး၍ ကြိမ်း နေသေး၏ ။

“ ငါ နဲ့ တော့ တွေ့တော့မယ် ၊ ဘာမှတ်လဲ ၊ လက်ညှိုး တဲ့ တစ် ချောင်းတည်း ရှိတာ ၊ လက်သီးဆုပ် က နှစ်လုံး ”

အဲလေ ။ ဘယ်တွေ ရောက်ကုန်ပါလိမ့် ။

လူချင်း ကတော့ တစ်ချက် ပင် လှည့် မကြည့်သော်ငြား ခြေသလုံးချင်း သာ မေတ္တာ မျှခဲ့ရသော ကောင်မလေး နှစ်ယောက် အနီ နှင့် အပြာဝတ် မှန်း သိချိန်ဝယ် မကွေးကားဂိတ် သို့ ဆိုက်ရောက်ပေ ပြီ ။ ပန်းရောင် ဖက်မှလောင်းသော ငမျိုး ရှုံး၍ ငွေနှစ်ဆယ် ရ၏ ။ ( လက်ကိုင်အိတ် ကို လောင်း တာ ပြော ပါတယ် )

“ တောက် နှမြောလိုက်တာ ကွာ ”

ကား ပေါ် က ဆင်းဆင်းချင်း ကြိတ်မနိုင် ခဲမရ ပြောသော ကျွန်တော့် စကားကြောင့် ဖိုးဇေ မျက်မှောင် ကြုတ် သွား၏ ။

“ ဘာပြောတာလဲ ”

ကျွန်တော် လဲ ကျော်သွားပြီ ဖြစ်သော ကောင်မလေးများ ဖက် မေးငေါ့ ပြလိုက်ပြီး

“ ဟိုမှာလေ ၊ ခြေမျက်စိချင်း အကြည့်ချင်း ဆုံ ၊ ခြေသလုံးချင်း မေတ္တာ မျှနေပြီးမှကွာ ”

“ ဟဲ ဟဲ ဟဲ ” 

ဖိုးဇေ ၏ မခိုးမခန့် ရယ်သံ ။ ကျွန်တော် မျက်မှောင် ကြုတ်မိပြီး

“ ဘာရယ်တာလဲ ကွ ” 

“ ဒီမှာလေ ”

ဖိုးဇေ က ကျစ်ကျစ်ပါအောင် ဆုပ် ထားသော သူ့ လက် ကို ဖြန့် ပြသည် ။

“ အမွေး သုံးချောင်း ” 

အမွေးတွေ မြင်တော့ အံ့အားသင့် သွားရသည် ။

“ ကျွန်တော် နှုတ်လာတာ"

ဪ ကိုယ့် မှာတော့ ခြေသလုံးချင်း ၊ မေတ္တာမျှရုံ ရှိသေး သည် ။ ဟိုကောင်က အမွေး ပင် နှုတ် ပြီးနေပြီ ။ ကျွန်တော် အသေ အချာ ကြည့်မိသည် ။ နောက် မှ မျက်လုံး ပြူးပြီး

“ ဟာ ဟေ့ကောင် ဒါ ခြေသလုံးမွေး မဖြစ်နိုင်ဘူး ” 

“ ဘာဖြစ်လို့ ” 

“ ခြေသလုံးမွေး ဆို ဒီလောက် မရှည်ဘူး ဟေ့ကောင် ” 

ဖိုးဇေ ပြန် ငုံ့ကြည့်သည် ။

“ ဟုတ်ပါတယ်ဗျ ၊ ကျွန်တော် အသေအချာ နှုတ်လာတာ ” 

ကျွန်တော်တို့ စကား ကို ဘေးနား က ငမျိုး က

“ ဘာမှမဟုတ်ဘူး ဟေ့ကောင် ” 

ကျွန်တော်တို့ ငမျိုး ကို လှည့် ကြည့်မိသည် ။

“ ငါ လဲ အိပ်ငိုက်တာ နဲ့ အဲဒီ ခြေသလုံး ကြား ဝင် ကွေး တာ ။ အဲဒါကို မင်း က မှားပြီး ငါ့ နှုတ်ခမ်းမွေး တွေ နှုတ် သွားတာ ၊ ငါ လဲ ငေးကောင်း နေချိန်မို့ ဘာမှ မပြောတာ ”

“ ထွီ ရွံလိုက်တာ ”

ဖိုးဇေ က သူ့ လက် ထဲ မှ တယုတယ နှင့် ကျစ်ကျစ်ပါအောင် ဆုပ် ထားသော အမွေးများ ကို လွှင့်ပစ်ပြီး သူ့ လက် ကိုသူ တံတွေး နဲ့ထွေး ဖုတ်ဖက်ခါ လုပ်သည် ။ ဒါကို ကျွန်တော် က

“ ဟေ့ကောင် မင်း ခု နပြောတော့ အိပ်ငိုက် လို့ ခြေသလုံး ကြား ဝင် အိပ်တာဆို ၊ ကောင်းကောင်းနဲ့ ငေးနေတုန်း ဆိုတာက ” 

ငမျိုးက ပြဲခနဲ ရယ်ပြီး

“ အဟီး ၊ ကျွန်တော် က မျက်လုံး ဖွင့်ပြီး အိပ် တတ်တာ ”

ဒီကောင့် သောက်ကျင့် ကို ကျွန်တော် သဘော ပေါက်သွား သည် ။ ဘာမှ ပြောစရာ မရှိတော့ ။ ဆဲစရာသာ ကျန်တော့သည် ။

“ ကဲ ရွာ သွားတဲ့ ကား မမီဘဲ နေမယ် ၊ သွား ရအောင် ” 

ဖိုးဇေ လောဆော်မှု နှင့် အားပြန် တက် သွားသည် ။

   •••••   •••••   •••••   •••••

“ ဟာ ” 

ရွာ သွားမည့် ကား မြင်တော့ လန့် သွားသည် ။

ဟုတ်ပေသည် ။ စစ်ကျန်ခေတ် က ဂျစ်ကားများ ။

ကျွန်တော်တို့ ရောက်သွားချိန်ဝယ် ကားတစ်စီးလုံး လူ ပြည့် ကျပ် နေသည့် အပြင် ဂျစ်ကား နောက်မှ ဟိုး ကားခေါင်း ထိ ကော်ပိုက် လုံးများ ကို တံကျင် ရှို သလို ဖင် မှ ခေါင်းထိ ကို လျှို ထည့် ထားသေး၏ ။ ကျွန်တော်တို့ အတွက် စီစဉ်ထားသည် ဆိုသော ခေါင်းခန်း တွင် ဆရာတော် နှစ်ပါး လဲ ထိုင် နေ၏ ။

ဆရာတော်များ မှာ ကျန်းမာရေး လဲ ကောင်းပုံ မပေါ် ။

ချောင်း ကို တဟွတ်ဟွတ် ဆိုးရင်း

“ ဒကာကြီး ဦးဇင်း လဲ ကျန်းမာရေး မကောင်းဘူး ကွယ် ၊ အဆုပ် ကလဲ မကောင်း ၊ အဟွတ် အဟွတ် ၊ မျက်စိ ကလဲ မှုံ ဆိုတော့ ”

ဦးဇင်း စကား မဆုံးခင် ဒရိုင်ဘာ က စပယ်ယာ ဖက် လှည့်၍

“ ဟေ့ကောင် ထွန်းဦး ၊ ဒီမှာ ဆရာတော် က ကား မှန် မမြင်ရ လို့ လာ သုတ်ပေးလိုက်ဦး ”

“ ဟုတ်ကဲ့ လာပြီ ဆရာ ”

ထွန်းဦး ဆိုသော စပယ်ယာ က အဝတ်စုတ် တစ်ခု ယူ လာပြီး လာ ပြေး သုတ်သည် ။

အမှန်တော့ ကား မှာ ဘာ မှန် မှ မပါ ။ ကား မှန် ရှိ ဟန် နှင့် သုတ် ယောင် ပြသည် ။ ပြီးတော့ မေး သေးသည် ။

“ ကြည်သွားပြီလား ဦးဇင်း ”

“ အေးကွယ် ၊ မင်း သုတ် ပေးလိုက်တော့လဲ ကြည် သွားတာ ပေါ့ ၊ သာဓု သာဓု ”

ဦးဇင်း က သာဓု ခေါ်လို့ ။ ဟိုက မရှိသည့် မှန် ကို အယောင် ပြ လာ သုတ်ပြသွားတာ ။ ဦးဇင်း က မျက်လုံး မကောင်းတော့ မသိ ။

ကား အရှေ့ခန်း မျှော်လင့်ချက် မရှိ၍ အနောက် ခန်း ကြည့် တော့ လဲ လူတွေ က ပြည့်ရုံ မက ဘေးနား ၌ ပင် တိုးလိုးတွဲလောင်းတွေ အများကြီး ။

ကျွန်တော် လဲ ဖိုးဇေ ကို တံတောင် နှင့် တွတ်ပြီး

“ ဟေ့ကောင် မင်း ပြောတော့ ပိုင်ပါတယ် ဆို ၊ ကားခေါင်း က ” 

“ အသာနေပါ ၊ ကျုပ် ပိုင်ပါတယ် ”  

သူတို့ နယ် နား ဆိုတော့ သူ့ စကား သာ ယုံစား လိုက်ရသည် ။ ကား ကတော့ အတော် အခြေအနေ မကောင်း ။ ဂျစ်ကားစစ်စစ် ဖြစ် သည့်အပြင် အပေါ် အမိုးပင် မပါ ။ ကိုင်း မျှ သာပါပြီး ထို ကိုင်း ကိုပင် မတ်တတ်ရပ် လိုက်သူများ ၊ တွယ်စီးသူများ ကပါ မလွတ်တမ်း ဆွဲ ထား ကြရ၏ ။

“ လူ ပြည့်ပြီ ၊ ကား ထွက်မယ် ” 

လူ က ပြည့်ရုံ မက လျှံပါ လျှံ ထွက်နေသည် ။

“ ကဲ ဖိုးဇေ တို့ အဖွဲ့တက် မယ် ”  

စပယ်ယာ က လှမ်း ခေါ်၍ လန့် သွားရသည် ။

“ ဟေ့ကောင် ကားထွက်မယ်တဲ့ ၊ ဘယ်နား တက်ရမှာလဲ ” 

“ လာစမ်းပါဗျာ ”

ဆိုပြီး ဆွဲခေါ်သွား၏ ။ ကိုယ်လဲ ယက်ကန်ယက်ကန် ။ ကား နား ရောက်တော့

“ ကဲ အဲဒါ ကားခေါင်း ပဲ တက်တော့ ” 

“ ဟင် ” 

သူ ညွှန်ပြရာ ကြည့် တော့ ကားခေါင်း မှ ကားခေါင်း အစစ်ကြီး ။ ကားခေါင်း မည်မျှ ပီသသည် ဆိုရသော် ကိုယ့် အောက် မှာ ကား ဘီး သာ ရှိတော့သည့် ကားခေါင်းစစ်စစ်ကြီး ။

“ ဟင် ဒါ ဒါက ” 

ကျွန်တော့် ၏ ဗလုံးဗထွေး အမေး ကို ဖိုးဇေ က

“ အေးလေ ၊ ကားခေါင်း လေ ၊ ကိုကြည် ပဲ ကားခေါင်း က စီး ချင်တယ် ဆိုတော့ ကားခေါင်း မရ ရအောင် မနည်းကို ဘိုကင် လုပ်ထား ရတာ ”

“ တောက် ”

ဘာမှ မပြောလိုတော့ ။ ခုနကလဲ ကားခုံ နေရာ ရမည် ဆိုပြီး ခြေနင်းခုံ က စီး ပြီးပြီ ။ ယခုလဲ ကားခေါင်း က စီးရမည် ဆိုပြီး ခေါင်းစစ် စစ်ကြီး က စီး ရပေတော့မည် ။

ဘာမှ မတတ်နိုင်တော့ ။ ထို ကား မှ မစီးလျှင်လဲ ခြေလျင် သာ လျှောက်ရမည့်ကိန်းကိုး ။ ထို့ကြောင့် သူတို့ ညွှန်ပြရာ ကားဘီး အထက် နား က ကားခေါင်း ပေါ် သို့ သာ တက် ထိုင် လိုက်ရသည် ။

“ ဆွဲဆရာ ရေ ၊ ရရင် လမ်း မှာ လူ တင်မယ် ”  

“ ဟဲ့ ပလုတ်တုတ် ”

ကားလေး က ခုန် ထွက်သွားသဖြင့် လန် မကျအောင် မီ ရာ မနည်း လှမ်း  ကိုင် လိုက်ရသည် ။

ကား က ဘောနက်ဖုံး က အစ လူ ပြည့်အောင် တင် ထား၍ ကားမောင်း သော ဒရိုင်ဘာ မှာ ဂီယာ ထိုး ပြီးသည် နှင့် ဘယ်ဖက်ခြေ နှင့် လီဗာ နင်းပြီး ကျန် ခြေတစ်ဖက် ကို ကား ခြေနင်းခုံ နင်းကာ တစ်ကိုယ် လုံး အပြင် ထွက် ၍ မောင်းရ ရှာသည် ။ 

ဒါတောင် သူ က အရှေ့ တွင် လူ ကွယ်နေ၍ သူ့ ဖက် တစ်ခြမ်း သာ မြင် နေရသည်မို့ ဟိုဖက် တစ်ခြမ်း ကို စပယ်ယာ က အခါ ပေးရ သည် ။ 

“ ရှေ့မှာ ထန်းပင် ၊ ရှေ့မှာ ထန်းပင် ၊ ညာဖက် ဆွဲ ၊ ညာဖက် ဆွဲ များ သွားပြီ ၊ တမာတန်း ဖက် ဦးတည် နေပြီ ၊ ဘယ်ပြန် ဝိုက် ၊ ဘယ်ပြန် ဝိုက် ၊ အဆုံး ဝိုက် ၊ ပြန်ဖြည် ထား ပြန်ဖြည် ထား ၊ ရှေ့မှာ ချောက် ရှေ့ မှာ ချောက် ၊ ကား ထဲ ဝင် ဂီယာ ပြန်ချိန်း ၊ ရပြီ ၊ လက်ကိုင် ဖြောင့်ထား ”

စသည်ဖြင့် တရစပ် ပြော နေရသည် ။ သူ ပြောသည့် အတိုင်း ဒရိုင်ဘာ က မောင်း ရရှာ၏ ။

သူတို့ ကတော့ နေ့စဉ် ဘယ်လို ခရီး သွားနေကြသည် မသိ ။ ကားခေါင်း တည့်တည့် စီး နေရသော ကျွန်တော် တို့ ခမျာ ထန်းပင်ကြီး က ပြေး ဝင်လာလိုက် ။ တမာပင် ဆီ ဦးတည် သွားလိုက် ချောက် ထဲ ပဲ ကျတော့ မလို ဖြစ်လိုက်မို့ တထိတ်ထိတ် ။

ခုန်လဲ မချရဲ ။ ခုန်ချ လျှင် လဲ ကားဘီး တည့်တည့် ။

ထို ထက် စိတ်နာစရာ ကောင်းသည် က ကားဖင် မှ သည် ကား ခေါင်း ဆီ သို့ တံကျင် လျှိုသလို ထိုး ထားသော ကော်ပိုက်များ ပင် ။

ကား က ယိုင်ထိုးယိုင်ထိုး သွား နေသည်မို့ သူတို့ ကလဲ ဘယ် ညာ လှုပ် နေ၍ ထို အပေါ် စိတ်ချ လက်ချ ဖင်ချ မထိုင်ရဲ ။ ကား အကွေ့ မှာ ကော်ပိုက်များ ရွေ့ပြီး ဖြောင်းခနဲ လာ ရိုက်ကာ ကိုယ့်ဥ ( ပတိ ) ကို ကိုယ် ညှစ် ခွဲ သလို ဖြစ်သွား မှာ ကလဲ စိုးရိမ် ရသေး၏ ။ သတိလက်လွတ် ဖြစ်သည် နှင့် ဥမကွဲ သိုက်မပျက် အိမ်ပြန် ရောက်ရန် လမ်း မမြင် ။ ထို့ကြောင့် အဓိက ကို လဲ သတိ ထား ရသေးသည် ။ မည်မျှ ဆိုသော် ...

ကျွန်တော် သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်သော် ငြား ( အရွယ်မတိုင်သေး၍ လဲ ဖြစ် နိုင်သည် ။ )တရားဒေသနာ ကို လွန်လွန် ကျူးကျူး လိုက်စားသူ မဟုတ် ။ ဘုရားစာများ လဲ ဟုတ်တိပတ်တိ ရ ပါ ။ သို့သော် ထိုအခါတွင်တော့

“ ရွှေတိဂုံဘုရား ကယ်တော်မူပါ ၊ မဟာမြတ်မုနိ လဲ ကယ်တော် မူပါ ၊ ဆူးလေဘုရားကြီး လဲ ကယ်တော်မူပါ ၊ မော်လမြိုင်မြို့ က ကျိုက်သလ္လန်ဘုရား လဲ ကြည့် မနေပါနဲ့ ၊ ရွှေစက်တော်ဘုရား နဲ့ မြန်မာပြည် အရပ်ရပ် ၌ ရှိသော ဘုရား အားလုံး ကယ်တော်မူကြပါ ”

ဟူ၍ မှတ်မိသမျှ ဘုရားအားလုံး တ ၍ ဖင် တကြွကြွ နှင့် ခရီး သွားခဲ့ရ လေတော့သည်  ။

◾ အကြည်တော်

📖 လူပျိုမှိုတက်

aung naing oo

.

No comments:

Post a Comment