❝ ရတနာ ထိုက်သော ❞
အခန်း ( ၁ )
သြဂုတ်လ ရဲ့ မိုးရာသီ က ကျွန်မ ကို ထွေးပွေ့ နိုင်လွန်းသည် ထင် ။ အအိပ် မမက်တတ်သော ကျွန်မ မိုးအေးအေး နဲ့ မှေးစက် သွားလိုက်တာ အိမ်ရှေ့ က ဆူညံပူညံ အသံတွေ ကြား မှ လန့် နိုး မိတော့တယ် ။ နာရီ ကြည့် လိုက်တော့ မနက် ( ၇ ) နာရီ တောင် ခွဲ နေပြီ ။ အပျင်းကြော ဆန့် နေဖို့ တောင် အချိန် မရှိတော့ ။ အိမ်ရှေ့ ကို အပြေးတပိုင်း ထွက် ကြည့်လိုက်မိတယ် ။ အဖွား ကို လက်ညှိုးငေါက်ငေါက် ထိုးပြီး ရန် တွေ့ နေတဲ့ အမေ့ ကို ကြည့် ပြီး ကျွန်မ တဒင်္ဂ မင်သက်မိသွားတယ် ။
“ တစ်သက်လုံး နီးပါး ကျွန်မ လုပ်ကျွေးခဲ့တာပဲ မဟုတ်လား ။ ဘာတွေများ ဝယ်စရာ ရှိလို့ ပိုက်ဆံ တွေ ခဏခဏ တောင်း နေရတာလဲ ။ အမေ့ ကို တင် ကျွေးထားရ တဲ့ ကျွန်မ ကို လည်း နည်းနည်းပါးပါး ငဲ့ ပါဦး ။ ကျွန်မ သမီးလေး ကျူရှင်လခ နဲ့ ကျွန်မ တို့ မိသားစု စားစရိတ် ကို ကျွန်မ မနည်း ရုန်းကန်နေရတယ် ။ အမေ တောင်းတဲ့ ပိုက်ဆံ ကျွန်မ မပေးနိုင်ဘူး ။ ထမင်း ဝအောင် စား နေရတာပဲ … ကံကောင်းတယ် မှတ် ”
ကျွန်မ အဖွား ကို သနား သွားတယ် ။ အမေ့ ဒေါသ ကို သိပေမယ့် ကျွန်မ ဝင် မေး လိုက်မိတယ် ။
“ အမေ ရယ် အဖွား သနား ပါတယ် ၊ အဖွား က ဘယ်လောက် တောင်း နေလို့ လဲ ”
“ ဟဲ့ ညည်း ဘာသိလို့ လူကြီးတွေ ကြား ထဲ ဝင် ပါချင်ရတာလဲ ။ အခုမှ အိပ်ချင် မူးတူး နဲ့ ငါ မပြောလိုက်ချင်ဘူး ။ သွား ကျောင်း သွားဖို့ ပြင် တော့ ”
အမေ့ ဒေါသ ကို မလွန်ဆန်ဝံ့စွာ မျက်နှာငယ်လေး နဲ့ ကြည့်နေတဲ့ အဖွား ကို စိတ် မကောင်းစွာ ကြည့်ပြီး ကျွန်မ လှည့် ထွက်ခဲ့လိုက်တယ် ။ အမေ လည်း တစ်နေ့ ကျရင် အဖွား နေရာ ရောက် မှာ ပဲ ဆိုတဲ့ အသိ က မတွေးဘဲ ဝင်ရောက် လာတယ် ။
ဒီနေ့ ကျောင်း သွားရတာ စိတ် မပါတော့ ။ အဖေ ဆုံးပြီး ကတည်း က စီးပွားရေး ကို မနိုင်မနင်း ရုန်းကန်ပြီး … မိသားစု စားဝတ်နေရေး ကို ဖြေရှင်း နေရ တဲ့ အမေ့ အခက်အခဲ ကို သိတယ် ။ ဒါပေမဲ့ အဖွား ကို တော့ ဒီလောက်အထိ ပြော ဖို့ မလိုဘူးလို့ ကျွန်မ ထင်တယ် ။ကိုယ့်အမေ အရင်း တစ်ယောက် ကို ဒေါသတကြီး အော်ငေါက် နေတဲ့ အမေ့ ကို ကျွန်မ ကယ်တင် ခွင့် ရချင်မိတယ် ။ အမေ ငရဲကြီး မှာ ကျွန်မ ကြောက်တယ် ။ ကျွန်မ ဘာလုပ်ရင် ကောင်းမလဲ ။
အခန်း ( ၂ )
“ အမေရေ သမီး ကျောင်း ကပြန်ရောက်ပြီ ”
“ အေးအေး သမီး ၊ ခဏ နားလိုက်ဦး ။ ဗိုက် ဆာရင် အိုးထဲ မှာ ထမင်းဟင်း အဆင်သင့် ရှိတယ် ။ ခူး စားလိုက်နော် ၊ အမေ အကြော် သွား ရောင်းတော့မယ် ”
“ ခဏ အမေ သမီး ပြစရာလေး တစ်ခု ရှိလို့ ”
“ ဘာလဲ သမီး ရဲ့ ”
“ ဒီမှာ လေ အမေ ၊ သမီး စုဘူးလေး တစ်လုံး ဝယ် လာတယ် ။ သမီး နောက်နေ့ က စပြီး အမေ့ ဆီ က မုန့်ဖိုး မယူတော့ဘူး ။ သမီး ကို ပေးမယ့် မုန့်ဖိုး တွေ ဟောဒီ စုဘူးလေး ထဲ ထည့်ထားပေး ပါ နော် ”
“ လိမ္မာလိုက်တဲ့ သမီးလေး ဘာဝယ် စရာရှိ လို့ လဲ ”
“ ဝယ်စရာ မရှိပါဘူး အမေ ရဲ့ ။ အမေ အသက် ကြီး သွားလို့ အဖွား လို ပိုက်ဆံ တောင်း လာတဲ့ တစ်နေ့ သမီး ပေးနိုင်အောင်လို့ ပါ ”
ကျွန်မ စကား ကြောင့် အမေ အံ့သြသွား ပုံ ရတယ် ။ ခဏကြာတော့ အမေ မျက်ရည်တွေ ကျ လာပြီး ကျွန်မ ကို လာ ဖက်တယ် ။ အမေ ပြုံး နေတာလား ၊ ငို နေတာလား ဆိုတာတော့ ကျွန်မ ဝေခွဲ မရပေမယ့် ကျွန်မ လုပ်တာ မမှားဘူးလို့ ကျွန်မ ရင် ထဲ က အလိုလို သိနေမိပါတော့တယ် ။
◾ဒီမိုးလွင်
📖 ဟာဟ ( ၁ )
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment