Monday, August 8, 2022

လူပျို မှိုတက် ( ၈ )


 

“ ပေါင် နဲ့ ဖင် က တစ်တိုင်းတည်း ကွ ၊ နောက် ပျော့ပျော့ကြီး ၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒီ အဘွားကြီး အတော် အို နေပြီ ဆိုတာ သိ သာတယ် ၊ အပျိုဖင် ဆို တင်းတင်းရင်းရင်း ရှိရမယ် ၊ ဟုတ်ဘူးလား ”

ကားဂိတ် လက်ဖက်ရည်ဆိုင် တွင် ဦးစံတိုး ၏ အသံကျယ်ကျယ် ကို ကြား နေရသည် ။

ကျွန်တော် က တောရဘုန်းကြီးကျောင်း သွားရန် ပြင်ဆင်ထား သော ထွေလာဂျီ ပေါ် ခေါင်း ဝှက် နေရခြင်းဖြစ်၏ ။

“ နောက်ပြီး ဆံပင် က ကျိုးတိုးကျဲတဲ နဲ့ ဖြူ တစ်ဝက် နီ တစ်ဝက် ကွ ၊ အပေါ်ပိုင်း မှာ လဲ ဘာ မှ ဝတ်ထားပုံ မပေါ်ဘူး ”  

ရွာသားများ ကို ဦးစံတိုး က ည က သူ မြင်ခဲ့ရသော သဲထိတ် ရင်ဖို ဇာတ်လမ်း အား ပြန်လည် ဖောက်သည် ချ နေခြင်းဖြစ်သည် ။

“ ကဲ ငါ မရှင်းတာ က အင်္ကျီချွတ် နဲ့ ခါးတောင်းကျိုက် အဘွား ကြီး က ဘာလို့ ဂစ်တာ ထမ်း ပြေးရတာလဲလို့ ”

သူ့ စကား ကို စက်ဘီး ပြင်သော ညိုလုံး က

“ ဟာဗျာ ဦးစံတိုး ဟာက ဖြစ်နိုင်ပါ့မလားဗျာ ၊ အင်္ကျီ လဲမပါ ဘူး ၊ ထဘီ လဲ ခါးတောင်းကျိုက် ထား တဲ့ အဘွားကြီး က ဂစ်တာ ထမ်း ပြေးတယ် ဆိုတာ ”

ဒါကို နံဘေး နား က လက်ဖက်ရည်အဖျော်ဆရာ ခင်မော် က

“ အေးလေ ၊ ဦးစံတိုး တွေ့ခဲ့တာ သရဲများ လား ” 

“ အာ သရဲ က ဂစ်တာ ထမ်း ပြေး မလားကွ ” 

“ ဒါဆို ဥစ္စာစောင့် ဖြစ်မယ် ”

“ ထွီ အင်္ကျီ ဝတ်ဖို့ တောင် မရှိအောင် ဆင်းရဲတဲ့ ဥစ္စာစောင့် မင်း ကြားဖူးလို့လား ”

အားလုံး ဦးစံတိုး စကား ကို ပဟေဠိ တွေ ဖြစ် နေကြသည် ။ ဖြစ်ပေမပေါ့ ။ ကျွန်တော် ကလဲ ဒီ ရွာခံ ငမျိုး ကောင်းမှု နဲ့ မနေ့ ည က မှ ဒီ ရွာ ရောက်တာကိုး ။ ယခုလဲ ည က အဖြစ် ကို ရှက်ပြီး ထွေလာဂျီ ပေါ် ခေါင်း ဝှက် နေတာ ဆိုတော့ ကျွန်တော် မှန်းပင် မသိကြသေး ။ ထို့ကြောင့် ည က အဖြစ်အပျက် ဆွေးနွေး ကောင်း ချင်တိုင်း ကောင်း နေတာ ။

“ ကိုကြည် ကိုကြည် ” 

ရွာခံ ဖိုးဇေ ခေါ်သံ ။ ကျွန်တော် အသာအယာ ခေါင်း ထောင် ကြည့်လိုက်သည် ။

“ ဟေ ဘာလဲကွ ” 

ဖိုးဇေ ၏ စပ်ဖြဲဖြဲ မျက်နှာ မြင် ရ၏ ။

“ အဟီး ရွာ က အပျို ရှိသမျှ အားလုံး ခေါ်ခဲ့တာ ။ အားလုံး ဆယ့်နှစ်ယောက် တောင် ”

ကျွန်တော် ဝမ်းသာ သွားသည် ။ ယခု ခရီး မှာ တောရဘုန်းတော် ကြီး ဖူးရန် ဟူ၍ ခေါင်းစဉ် တပ်ထားသော်ငြား ထို တစ်ခုတည်း မဟုတ် ။

နယ်တကာ လှည့်ပတ် ဆတ်ဆလူးထ လာတာတောင် မစွံ သော ကျွန်တော့် အား သူတို့ ရွာသူ တစ်ပါးပါး နှင့် နှစ်ပါးဂဟေ ဆက်ရန် အဲလေ နှစ်ပါးဂဟေဆက် နိုင်ရန် ကြံရွယ်ထားသော ဇာတ်လမ်း လဲ ရှိသေး ၏ ။ ထို့ကြောင့် ရွာ ရှိ အပျိုကုန် ကို ဆင့်ခေါ် ထားခိုင်းခြင်းပင် ။

“ အဲဒီ အထဲ မှာ ကျွန်တော် ပိုး နေတဲ့ နှစ်ယောက် တောင် ပါ သေးတယ် ၊ ဟီဟိ ၊ ဒါပေမယ့် ရ ပါတယ် ၊ ကိုကြည် မြင်မြင်သမျှ သာ စွတ်ပိုး ၊ ကျွန်တော်တို့ က ငယ်သေးတယ် ၊ ကိုကြည် က အိုပြီ ”

မည်သို့ပင် ဆိုဆို အပျိုလေး ဆယ့်နှစ်ယောက် တိတိ ကို တစ် ပြိုင်နက်တည်း ပိုး ခွင့် ရသော ကျွန်တော့် လောက် မည်သူ က မှ ကံ ထူး လိမ့်မည် မထင် ။ ထို့ကြောင့်

“ ရပါတယ်ကွာ ၊ ဒီလောက်တော့ ငါ လဲ ရပါတယ် ၊ အဟဲ ” 

“ မရလို့ဖြစ်မလား ၊ လူပျိုသက် ပဲ လေးသက် မိ တော့မယ့်ဟာ ”

ကျွန်တော်တို့ စကား ကို ဘယ်က ဘယ်အချိန် ရောက် နေမှန်း မသိသည့် ငမျိုး က ဝင် ဖျက်သည် ။ ဖိုးဇေ က မျက်မှောင် ကြုတ်ပြီး

“ ဘာလဲဗျ ၊ လူပျိုသက် လေးသက် ဆိုတာ ”

“ ဆယ့်သုံးနှစ် မှာ လူပျို တစ်ကြိမ် ၊ နှစ်ဆယ့်သုံးနှစ် မှာ ဒုတိယအကြိမ် ၊ သုံးဆယ့်သုံး မှာ တတိယအကြိမ် ၊ အခု လေးဆယ့်သုံး မှာ ”

“ ဟေ့ကောင် ငါ အဲလောက် မကြီးသေးပါဘူး ”

“ သိပါတယ် ၊ တစ်ဆွေလုံး တစ်မျိုးလုံး ပေါင်း မှ ခြောက်လက်မ ကျော် တာ ”

လာပြန်ပြီ ဒီ ခြောက်လက်မ ကိစ္စ ။ ကျွန်တော် လဲ တင်းပြီး

“ ဟေ့ကောင် မလိုအပ်သေး လို့ ထုတ် မသုံးသေးတာနော် လိုအပ်ရင် ”

“ သိပါတယ် ၊ လူနေချုံကြား စိတ်နေထုံနား ဆိုတာ ” 

ဖိုးဇေ က မျက်မှောင် ကြုတ်သွားပြန်ပြီး

“ ဘာလဲဗျ ၊ စိတ်နေ ထုံနား ဆိုတာ ” 

“ တစ်ချိန်လုံး ထုံကူး ဖို့ လောက် ချောင်းနေတာလေ ” 

“ ဟော ပြောရင်းဆိုရင်း လာပြီ ”

ဟုတ်၏ ။ မှန်၏ ။ ကြည့်တော့ ကွက်တိ ။ ဆယ့်နှစ် အတိ ။ အညာသူများ ဆိုတော့ ညိုညိုထွားထွားကြီး တွေ ။

“ တောက် မြင်းတောင် ရွှေဘိုမြင်း မှ စီး ချင်ခဲ့တာ ”

စိတ် ထဲ မှ ကြိတ် ရေရွတ်မိသေး၏ ။ အပျိုတသင်း ကတော့ သူတို့ ကို ဟိုသင်းစိတ် နှင့် ကြည့်နေတာ မသိဘဲ ဟီလာတိုက် အဲလေ ရယ်ကာမောကာ လျှောက် လာကြ၏ ။

အနား ရောက်လာတော့ ဖိုးဇေ က

“ ဒါက ရန်ကုန်မြို့ ကနေ တို့ ရွာ လာ လည်တဲ့ ကိုကြည် တဲ့ ၊ ကိုကြည် က ခုသာ ဘယ်သူမှ မသိသေးတဲ့ အပေအတေ ၊ ဒါပေမယ့် မကြာခင် နိုင်ငံကျော် အပေအတေကြီး ဖြစ် လာမှာ ”

သူ့ စကား ကို နံဘေး နား က ငမျိုး ကလဲ အားကျမခံ 

“ ဟုတ်တယ် ၊ ကိုကြည်က အခုသာ အလကားကောင် ” 

“ နောက်ဆို ” 

“ နောက်လဲ ပိုက်ဆံ ပေးရမှာ မဟုတ်ဘူး ”

ဘာမှ မပြောတော့ ။ ဝင် ပြောနေလျှင် လဲ ကိုယ် အနာချည်း ပဲ ဖြစ်မည်မို့ ဟုတ်မှန်ကြောင်း ၊ အလကားကောင် သာ ဖြစ်ကြောင်း ၊ နောင်ဆိုလျှင် ဖရီး( Free ) ပင် ရနိုင်ကြောင်း ခေါင်းညိတ် ပြနေလိုက်ရတော့၏ ။

“ ကိုကြည် ၊ ဒါကတော့ ခင်ရီဝင်း ၊ သူက အေးချိုနွယ် ၊ သူက အေးသီရိ ၊ သူက ခင်မာချို ၊ သူ က ”

အားလုံး တစ်ဒါဇင် အတိ ။ အရွယ်စုံ ဆိုဒ်စုံ ။ ပစ်ရက်စရာ မရှိသော ရုပ်တွေ ။ ( အေးလေ ကိုယ် က ဘယ် မိန်းမ မှ ပစ်ရက်တာ မှ မဟုတ်တာ ၊ ကိုယ့် ကို ချည်း ပစ် သွားကြတာချည်း )

” ကဲ လူ စုံရင် နေ မမြင့်ခင် သွား ရအောင် ၊ အားလုံး ကား ပေါ် တက်ကြ ” 

ဘုရားစူး ကားပါဗျာ ။ ရွာ မှာ ဆိုတော့လဲ ဒါပဲ ကား လုပ် စီးနေရတာ ။

“ ညီမလေးတို့ အနောက် မှာ ထိုင် ၊ အစ်ကို အရှေ့ မှာ ထိုင်မယ် ”

ဆိုကာ ကား ၏ အရှေ့ဆုံး သံပန်း နား နေရာ ယူ လိုက်သည် ။

ဒါကလဲ ကိုယ့် အကြံ နှင့် ကိုယ် ။ အရှေ့ဆုံး မှာ ထိုင်တော့ တစ် ကား လုံး ပါ အမျိုးသမီးငယ် အားလုံး ကို ခပ်တည်တည် နှင့် ပြန်လှည့် ၍ ညှို့ နိုင်မည် ဆိုသည် က တစ်ကြောင်း ၊ နောက် နဂို ဖရိုဖရဲ ဆံပင်များ က ကားသွားရာ လမ်းဖက် ကျော ပေး၍ လေ တိုက်သောအခါ မျက်နှာ ပေါ် ထို ဆံပင် များ  ကျပြီး လေအဝှေ့ မှာ မျက်နှာ ကျ မပေါ့တပေါ် နှင့်မို့ ကား ဆောင့်ဆောင့် ခုန် တိုင်း မိန်းကလေးများ မျက်စိ မှောက်နိုင်ပေ လိမ့်မည် ။ 

ကိုယ် အညှို့ နှင့် သူ  အမှောက် ဒက်ထိ ဆုံ လျှင် တစ်ယောက် သော သူ ကတော့ ရင်ခုန် ပေလိမ့်ဦးတော့မည် ။

နောက်ဆုံး မှ ထိုင်လျှင်လဲ ဖြစ်တော့ ဖြစ်သည် ။ သို့သော် ထိုသို့ ထိုင် လိုက်ပါက လေအဝှေ့ တွင် အလေ့ကျ ပေါက်ရောက်နေသော ဆံပင် နီတျာတျာကြီး လေတိုးဒဏ် ကြောင့် နောက် လန်ပြီး ကိုယ့် နဖူးပြောင် လူ မြင်လျှင် စိတ် နာမည်က တစ်ကြောင်း ၊ တစ်နေကုန် ထိုင်ပြီး တစိမ့် စိမ့် ကြည့်လို့မှ ချစ်စမွေး တစ်စေ့ တောင် မပါသော မျက်နှာတစ်ပြား ကို မြင်မကောင်း ရှုမကောင်း ကွက်ကွက်ကွင်းကွင်း မြင် နေရမည် စိုး၍ တစ်ကြောင်း တို့ကြောင့် ထိုသို့ ရွေးချယ်ရခြင်း သာ ဖြစ်၏ ။

“ ထုန်း ထုန်း ထုန်း ”

ကျယ်လောင်လှသော ထွေလာဂျီ စက်သံ ။ မျက်နှာ ပေါ် ကျ လာသော ဆံပင် ဟု ခေါ်သော ထိုအမွေးများ ဖုံးလု ကွယ်လု ကြား ဘယ် လို မှ မသမာ နိုင်သော မျက်လုံးရှည် ကို ပင့်ကာ ပင့်ကာ ဖြင့် အပျို တစ်သင်း ကို ခိုး ရှိုး ရသေး၏ ။

“ အင်း ချိုရီနွယ်လေး က မဆိုးဘူး ၊ ဒါပေမယ့် ငယ်သေး လား ပဲ ၊ ခင်မာချို ကလဲ ငါ့ အကြိုက်ပဲ ၊ ညိုညိုရှည်ရှည်လေး ၊ အေးသီရိ က တစိမ့်စိမ့် ကြည့်တော့ လှသ ဟ ဒါမျိုး ရရင်လဲ ကျေနပ်ရမှာပဲ ”

မိန်းကလေး တစ်သိုက် ကတော့ သူတို့ ကို ဘယ်လိုမှ မသမာသော စိတ် ၊ မသမာသော အကြည့် နှင့် ကြည့် နေသည်ကို သိလေလား ၊ မသိလေလားတော့ မသိ ။ သူတို့ အချင်းချင်း တွတ်ထိုးရင်းသာ လိုက်ပါ လာကြလေသည် ။

လမ်းတွေ ကလဲ ကြမ်း ၊ ချိုင့်ခွက်တွေ ကလဲ ပေါ သည့် နေရာမို့ လူပျံတော်ပတ္တမြား မဖြစ်အောင် မနည်း ကြိုးစားနေရသည် ။ 

ထွေလာဂျီ အမိုးဖွင့် တို့ ၏ ထုံးစံ အတိုင်း ကိုင်စရာ လက်တန်း က မရှိ၍ ထိုင် နေရသော သံတန်း ကို သာ လွတ် မထွက်အောင် ကျစ်ကျစ် ပါအောင် ဆုပ် ထားရသည် ။

ဒီကြားထဲ ကားဘော်ဒီ မှာ လဲ မြန်မာ လက်ဖြစ် ဘော်ဒီကြီး မို့ သံတွေ က ဆွေးသည့်နေရာ ဆွေး ကွက်သည့်နေရာ ကွက် ချွန်သည့် နေရာ ချွန်နှင့် မညှပ်မိအောင် မနည်းကြိုးစားနေရလေသည် ။

“ ထန်း ထုန်းထုန်း ”

“ ခလွမ်း ” 

“ အောင်မလေးတော့ ” 

“ အမေ့ ”

ထွေလာဂျီ အကွေ့ မှာ ကြား လိုက်ရသော အသံကြောင့် အား လုံး လန့် အော်မိကြသည် ။

“ ဖိုးဇေ ဘာဖြစ်တာလဲ ”

“ ဘာမှ မဖြစ်ဘူး ၊ ဘီးလေး ကျွတ် သွားတာပါ ၊ ရတယ် ရတယ် ငမျိုး ပြန်တွန်းလာမယ် ”

“ ဟာ ”

ပြောပုံကလဲ ကြည့်ဦး ။ ဘီးလေး ကျွတ် သွားတာတဲ့ ။ ဒီလောက် လှုပ်စိစိ ထွေလာဂျီ ဘီး ကျွတ်သွားတာ ဆိုတော့ စဉ်းစားသာ ကြည့် ။

“ ဟာ ဖိုးဇေ ရပ်ဦး ဟ ၊ ဘီး ပြန်တပ်ပါဦး ” 

“ ဟာဗျာ ၊ ခင်ဗျား ကလဲ စိုးရိမ်တတ်လိုက်တာ ”

ဖိုးဇေ မရပ်ချင် ရပ်ချင် နှင့် ထွေလာဂျီ ကို ရပ် လိုက်သည် ။ နောက် ငမျိုး တွန်း ယူလာသော ဘီး ကို ပြန် တပ်သည် ။

“ ဝိုင်းကူပေးရဦးမလား ” 

ကျွန်တော် ၏ အမေး ။ ဒါကို အလိုက် သိသော ဖိုးဇေ က

“ အလှမပျက် ချွေးမထွက်ဘဲ နေပါ ၊ မူလီ လေးလုံး လှည့်တာ လွယ် ပါတယ် ”  

ကျွန်တော် ကလဲ မွေးရာပါ လက်ကြော မတင်းသူမို့ စပ်ဖြဲဖြဲ ဖြင့် သာ ထိုင် နေလိုက်သည် ။

“ ဒါနဲ့ ကိုကြည် က ရန်ကုန် မှာ ဘာ လုပ်တာလဲ ဟင် ”

ရွာသူလေး ခင်မာချို ၏ အမေး ။ ကျွန်တော် လဲ နဂို မျက်နှာ ကို ထပ် ဖြဲလိုက်ပြီး

“ အခု အခုတော့ ဘာမှ မလုပ်သေးဘူး ၊ ဟီး ဟီး ”

“ နောက် ဆိုရင်ရော ”

“ နောက်လား ။ နောက် ဆိုရင်လဲ ဘာမှ မလုပ်ဘူး ၊ ဘာမှ မလုပ် တတ် လို့ ၊ အဟစ် ”

ကောင်မလေးတွေ ကျွန်တော့် ကို အားကိုးချင်စိတ် အတော် ပေါက် သွားကြပုံ ပေါ်၏ ။ တစ်ယောက်မှ လှည့် မလာတော့ ။ သူတို့ ဘာ သာ သူတို့ ပြန်လည် တွတ် ထိုးနေကြတော့၏ ။ ဒါကို ကားဘီး ကူတပ် ပေးနေသော ငမျိုး က

” ကိုကြည် က ဘာမှ သာ မလုပ်တာ ၊ ပေါ့သေးသေး မထင်နဲ့ ။ နှစ်ပိဿာလောက် ရှိတာ ဆန်ကုန်မြေလေး ”

“ ဟုတ် ”

ကိုယ်တိုင် ပင် ဝန်ခံ မိ သွားသည် ။ ဟုတ်တယ်လေ ။ အဲဒီတုန်း က လက်ကြော တင်း မှာ ကြောက်လို့ စာတောင် မရေးသေးတာ ။

“ ကဲ ရပြီဟေ့ ၊ သွားမယ် ”

ဖိုးဇော် အသံ နှင့် အတူ ထွေလာဂျီစက်သံ တထုန်းထုန်း ကြား ရသည် ။

ကြီးမားသော သစ်ပင်တန်း ၊ ချိုင့်ဝှမ်းများ ကို အတော်ကြာ ကျော်ဖြတ်ပြီး မှ

“ ဘုန်းကြီးကျောင်း ရောက်ပြီဟေ့ ”

လမ်းတစ်ခု ထဲ ကွေ့ ဝင် လိုက်သောအခါ အေးမြသော အရိပ် အာဝါသများကြား ကြီးမားသော ဘုန်းတော်ကြီးကျောင်း တစ်ခု ကို တွေ့ ရသည် ။

ဖိုးဇေ က လမ်းကျဉ်းကလေး ထဲ ခက်ခက်ခဲခဲ ကွေ့ဝင်ပြီး ဘုန်းကြီးကျောင်း ရှေ့ မြေကွက်လပ် တွင် ထွေလာဂျီ ကို ထိုး ရပ်လိုက် သည် ။

“ ကဲ ဆင်းလို့ရပြီ ၊ ကိုကြည် လဲ ဆင်းလေ ”

“ နေပါစေ ၊ ကောင်မလေးတွေ အရင် ဆင်းပါစေ ၊ lady first ပေါ့ ”

အမှန်တော့ lady first ချင်လို့ မဟုတ် ။ ထွေလာဂျီ ပေါ် မှ ခုန်ဆင်းသွားကြလေသော ကောင်မလေးများ ကို အရသာ ခံကြည့်နေ ချင်သေး၍ ဖြစ်သည် ။ အားလုံး ကုန်မှ

“ ဆင်းပြီဟေ့ ” 

ဆိုပြီး ရုတ်တရက် အထ

“ ဗြိ ”

“ ဟာ ”

နောက်ကျော က ကြားလိုက်ရသော အသံကြောင့် လန့်သွား သည် ။ လှည့် ကြည့်လိုက်တော့

“ ဗြိ ”

“ ဟာ ”

ဝတ် လာသော လုံချည် မှာ ထွေလာဂျီသံတန်း မှ သံစ နှင့် ညိ ၍ စုတ်ထွက်သွားပေပြီ ။ ဒါကို ပြန် လှည့် ကြည့်လိုက်တော့ ဆောင့်ဆွဲ သလို ဖြစ်ပြီး တစ်ထွာသာသာ ကွဲ ထွက်သွားခြင်း ပင် ။ ရုတ်တရက် ဘာလုပ်ရမှန်း မသိ ။ ခေါင်းနပန်း ကြီး နေမိသေး၏ ။ နောက်မှ သတိရ ပြီး ကမန်းကတန်း ပြန် ထိုင် ချလိုက်ရလေသည် ။

“ ဟာ ကိုကြည် ဆင်းလေ ၊ ဘာလို့ နေပူကြီး ထဲ ကားပေါ် ထိုင် နေရတာလဲ ၊ လာလေ ထလေ ”

“ သေတောင် မထဘူး ”

ပါးစပ် က ထို စကား တစ်ခွန်း သာ ထွက် လာရ၏ ။ ဘယ်လို မှ ထ လို့ မဖြစ်တာ ကိုယ် သာ သိ၏ ။ ထ လိုက်လျှင် ရွာသူ တသင်း ကို ဟို သင်း ဖွဲ့ ပြ သလို ဖြစ် နေပေတော့မည် ။ မာန ကြီးလွန်းလှသော ကျွန်တော့် ကို ကြည့် ၍ ဖိုးဇေ အနား ကပ်လာ၏ ။

“ ဘာဖြစ်လို့လဲ ကိုကြည် ၊ နေ မကောင်းလို့ လား ၊ မျက်နှာ မှာ ကလဲ ချွေးစေးတွေ နဲ့ ၊ လာပါဗျ ”

“ သေတောင် မထပါဘူး ဆိုနေ ”

အောက် က တန်ပြန် တိုက်ခတ်နေသော လေပူ ငွေ့ငွေ့ ကို ထိတွေ့ ခံစားနေရ၏ ။ ဒါကို ဖိုးဇေ က ခေါင်းကုတ် ရင်း

“ ကောင်မလေးတွေ နဲ့ စကား များပြန်ပြီ ထင်တယ် ၊ ဟေ့ နင် တို့ ကိုကြည့် ကို ဘာ ပြောလိုက်လို့လဲ ”

ကောင်မလေးများ ကလဲ တိကျ သည် ။

“ အဖက်တောင် မလုပ်ဘူး ”

“ သူ့ ပြောဖို့ နေနေသာသာ ကိုယ့် ပါးစပ် နဲ့ ကိုယ်တောင် မအား ဘူး ”

ဖိုးဇေ  ခေါင်း ကုတ်သွားသည် ။ မျက်နှာ ပုပ်ကြီး ဆံပင် ဖားလျားကြီး နှင့် ထွေလာဂျီ ပေါ် ကျွန်တော် ပေ ထိုင်နေခြင်း ကို စဉ်းစား မရ ဖြစ်နေပုံ ပေါ်၏ ။

“ ဒါဖြင့် ဘာဖြစ်လို့လဲ ကိုကြည် ” 

“ ဟေ့ကောင် မင်း ငါ့ ကို ဒီ အပေါ် က ဆင်းစေ ချင်သလား ” 

“  ဟုတ်ကဲ့ ” 

“ ဒါဆို ကောင်မလေးတွေ ဝေးရာ လွှတ်လိုက် ” 

“ ဗျာ ဘယ်လို ” 

“ ကောင်မလေးတွေ ကို ဝေးရာ လွှတ်လိုက် ပါ ဆို ” 

“  ဪ အင်း အင်း ” 

ဖိုးဇေ က ဘုမသိဘမသိ နှင့် ခေါင်းညိတ်ရင်း တစ်ဖက်လှည့်

“ ဟေ့ မိန်းကလေးတွေ ၊ ကျောင်းပေါ် တက် ပြီး ဆရာတော် ဖူး ကြ ၊ ပြီးမှ ငါ နဲ့ ကိုကြည် လိုက် လာမယ် ”

မိန်းကလေးများ ကျောင်း ပေါ် တက် သွားကြသည် ။ ထိုတော့ မှ ဖိုးဇေ က

“ ဘာဖြစ်လို့လဲ ကိုကြည် ရ ဘာကို စိတ်ကောက် ”

“ ဟေ့ကောင် စိတ်ကောက် စရာလား ၊ အခုဟာ ငါ့ လုံချည် ငါ့လုံချည် ”

“ လုံချည် လာ နေလို့လား ၊ ယောက်ျားကြီးတန်မဲ့ ဗျာ ”

“ ဟေ့ကောင် အဲဒါ ပြောတာ မဟုတ်ဘူး ၊ အခုဟာ က ငါ့ လုံချည် ၊ နင့် ထွေလာဂျီ နဲ့ ညပ်ပြီး လုံချည် ကွဲ သွားလို့ ”

ဖိုးဇေ မျက်လုံး ပြူး သွားသည် ။

“ မှန်း ဘယ်မှာလဲ ” 

“ ဟောဒီမှာ ကြည့် ”

“ ဗြိ ”

“ ဟာ ”

စိတ်ဆိုးဆိုး နဲ့ ထ လိုက်တော့ ညိ နေသောလုံချည် က ထပ် ကွဲ ထွက်လာ၏ ။

“ ဟာ နည်းတာ မဟုတ်ဘူး ” 

“ ဟေ့ကောင် ဘာ ကို ပြောတာလဲ ” 

“ အဲ လုံချည် ကို ပြောတာပါဗျ ၊ ခင်ဗျား ကလဲ ” 

“ အဲ အဲဒါက ဘယ်လို လုပ်မလဲ ဟင် ” 

“ နေဦး ၊ နေဦး ၊ ကျွန်တော် ဖြုတ် ကြည့်ဦးမယ် ”

ဆိုကာ ဖိုးဇေ က လုံချည် ညိ နေရာ အသေအချာ ရှာ ဖြုတ် သည် ။ အတန်ကြာမှ

“ မလွယ်ဘူးဗျ ၊ လုံချည် က ဟိုး အောက် က သံချွန် မှာ ညိ ပြီး ရစ် နေတာဆိုတော့ ဖြုတ်ရ ခက်တယ် ”

ကျွန်တော် ချွေးတွေ ပျံ လာ၏ ။

“ ဒါ ဒါဖြင့် ဘယ်လို လုပ်မလဲ ” 

“ လုံချည် မီး ရှို့လိုက်မယ်ဗျာ ”

ကျွန်တော် တုန် တက်သွား၏ ။

“ ဟေ့ကောင် လုံချည် မီးမြှိုက်တော့ ငါ့ ငါ့ အိုကွာ မဖြစ်နိုင် ပါဘူး ”

“ ဒါဖြင့် ကျွန်တော့် ပါးစပ် နဲ့ ကိုက်ဖြတ် ကြည့်မယ် ”

ဆိုကာ လုံချည် ညိ နေရာ သူ့ ပါးစပ် နှင့် ကိုက်ဖြတ် ကြည့် သည် ။ သို့သော်

“ ဟဲ့ ကျောင်းရှေ့ထွေလာဂျီ ပေါ် က ဒကာ နှစ်ယောက် ၊ ဘုန်း ကြီးကျောင်း မရှောင် ၊ လူလည်ခေါင် မရှောင် ဘာ လုပ်နေတာလဲ ”

ဦးဇင်း တစ်ပါး အော်သံ ကြောင့် နှစ်ယောက် သား ခေါင်း ထောင် သွားရ၏ ။

ဟုတ်ပ ။ တစ်ယောက် က မတ်တတ် ရပ်ပြီး တစ်ယောက် က ကုန်းပြီး လုံချည် ကိုက် ဖြတ်နေတာဆိုတော့ တစ်မျိုးကြီး ။

“ လာပါပြီဗျ ၊ ဒီမှာ ငြိ နေသေးလို့ပါ ” 

ဆိုကာ ဖိုးဇေ က

“ ကဲ ကိုကြည် ၊ ဖြုတ် နေရင် ကြာ နေလိမ့်မယ် ၊ ကြာရင် ပို အရှက် ကွဲလိမ့်မယ် ”  

“ အဲဒီတော့ ”

“ ဒီအတိုင်း လုံချည် အကွဲ ခံပြီး ဆွဲ ထုတ်သွားဗျာ ၊ ကျန်တာ ကြည့် စီစဉ်မယ် ”

“ အေး ကောင်းပြီ ”

ဆိုကာ ထူထူပူပူ နှင့် လုံချည် ကို ညိနေသည့် အတိုင်း ဆွဲ ထုတ် လိုက်ရသည် ။

“ ဗြိ ”

ရှည်လျားသော အသံ နှင့် အတူ လုံချည် က ခါးအောက်ပိုင်း မှ စ၍ ထက်ခြမ်းကြီး ကွဲ သွားရသည် ။

“ ပြေး ပြေး ကိုကြည် ပြေး ”

ဖိုးဇေ ၏ လောဆော်မှု ဖြင့် ကျောင်း အောက် အလျင် အမြန် ပြေး ရသည် ။

“ ဟာ ”

ကျောင်းအောက် သို့ ရောက်သော အခါ လုံချည် ကို ပြန် လှည့် ဝတ်တော့ ဘယ်လို မှ ဝတ် မရတော့ ။ အဘယ့်ကြောင့် ဆိုသော် လုံချည် အစကြီး တစ်စ က ထွေလာဂျီ ပေါ် ညပ် ၍ ဖတ်သီဖတ်သီ ကျန် ခဲ့ ပေပြီ ။

“ ဟေ့ ဟေ့ကောင် ၊ ဘယ်လို လုပ်ကြမလဲ ၊ ဘာမှ မလုံ မလုံ တော့ဘူး ကွ ”

ကျွန်တော့် ၏ ကတုန်ကယင် စကား ။ ဒါကို ဖိုးဇေ က

“ နေဦး ၊ ကျွန်တော် စဉ်းစားနေပါတယ် ဗျ ။ ရွာ ပြန် ယူဖို့ ဆိုတာ လဲ အဝေးကြီး ”

မှန်ပေသည် ။ ရွာ ကို လုံချည် ပြန် ယူ က နေ့ဝက် ကျိုးသွားပေ လိမ့်မည် ။

“ မင်း မင်းတို့ အထဲမှာ လုံချည် အပိုလေးများ မပါကြဘူးလား ”

“ ဟာဗျာ ၊ ဘုန်းကြီးကျောင်း လာတာ ဘယ့်နှယ် လုံချည် အပို က ပါ မှာလဲ ”

“ ဒါ ဒါဖြင့် ဒီ ကျောင်း မှာရော လုံချည် မရှိနိုင်ဘူးလား ”

“ ဘုန်းကြီးကျောင်း ဆိုနေမှာ ၊ ဘုန်းကြီးတွေ ချည်း နေတာ ဘယ့်နှယ် လုံချည် က ရှိမှာလဲ ”

ကျွန်တော် ခေါင်းနပန်း ကြီးနေမိသည် ။ အခြေအနေက ဘေးကျပ် နံကျပ် ။

“ ဒါ ဒါဖြင့် ဘယ်လို ဘယ်လို ” 

“ လာဗျာ ၊ ဟိုဖက် မှာ ကိုရင်လေး တစ်ပါး ရှိတယ် ” 

“ ဟင် ဘာလုပ်ဖို့ ” 

ကျွန်တော် မျက်လုံး ပြူး နေမိသည် ။

“ အဲဒီ ကိုရင်လေး မှာ သင်းပိုင် အပို တော့ ရှိမှာပဲ ”

“ ရှိရင် ”

“ ခင်ဗျား ခဏ ယူ ပတ်ထားလိုက်ပေါ့ဗျာ ” 

ကျွန်တော် မျက်လုံး ပို ပြူး သွားမိသည် ။

“ အဲဒီလိုလား ” 

“ လာဗျာ ၊ အခုလောလောဆယ် ဒါ အကောင်းဆုံးပဲ ” 

“ အေး အေး အေးပါကွာ ” 

ဆိုကာ သူ ဆွဲခေါ်ရာ လုံချည်ကွဲ တမ  နှင့် လိုက်ရ ရှာ၏ ။

ကျောင်း ရောက်တော့ ကိုရင်လေး ကို အခန့်သင့် တွေ့ရသည် ။ ဆံပင်ဖားလျား နှင့် လုံချည်ကိုးရိုးကားရား ဖြစ်နေသော ကျွန်တော့် ကို ကိုရင်လေး က ပြူးကြောင်ကြောင် ကြည့်သည် ။ 

ကျွန်တော်တို့ အကျိုးအကြောင်း ရှင်း ပြလိုက်တော့ ကိုရင်လေး က ရှောရှူစွာပင် သူ ၏ သင်းပိုင် တစ်ထည် ထုတ်ပေး၏ ။

သင်းပိုင် ပတ် လိုက် မှ ကျွန်တော့် မှာ လုံခြုံခြင်း ကို ပြန် ရ၏ ။

“ ဟူး အခုမှ စိတ်အေးရတယ် ” 

သက်ပြင်းများ ပင် ချ မိတော့၏ ။

သင်းပိုင်တို့ ၏ ထုံးစံ အတိုင်း ဝတ်နေကျ လုံချည်ထက် လည်း ပို ကြီး နေ၍ သင်္ကန်းများ ပတ် သလိုသာ ပတ် ထားရလေသည် ။ ဒါကို ကြည့်ပြီး ဖိုးဇေ က

“ ကဲ စိတ်လဲ အေးမနေနဲ့ ၊ ဆရာတော် လဲ သွား ဖူးလိုက်ကြရအောင် ”

သူ့ စကားကြောင့် ကျွန်တော် လန့်သွားရသည် ။

“ ဟင် ဒီပုံကြီး နဲ့ ” 

ဖိုးဇေ က ကျွန်တော့် ကို လှည့်ပတ် ကြည့်ရင်း

“ အာ ဘာဖြစ်လို့လဲဗျ ။ လုံလုံခြုံခြုံပဲ ဟာ ” 

“ ဟာ လုံခြုံတာတော့ ဟုတ်တာပေါ့ ၊ အခုဟာ က ”

“ အခုဟာကတွေ ဘာတွေ လုပ် မနေနဲ့ ၊ ခဏ ကြာလဲ ဒီပုံမျိုး နဲ့ ပဲ တွေ့ရမယ့် ဟာ ကို ၊ ကဲ လာ ကြာတယ် ၊ သွားမယ် ”

ဆို ကာ ဆွဲခေါ် သွားလေသည် ။

ဟုတ်တော့လည်း ဟုတ်ပါသည် ။ ဘာမှကို မှ ထပ် လဲ စရာ မရှိ တော့တာ ။ ရွာ ပြန် လျှင်လဲ ဒီအတိုင်း ပြန် ရမှာမို့ အခု မမြင်လဲ ရွာပြန် မြင်ကြရပေဦးမည် ။ ထို့ကြောင့် ရှက်ခြင်း ရှက် ကြို ရှက် ထားတာက ပို ကောင်းမည် ဟု စဉ်းစားမိပြီး သူ ခေါ်ရာ လိုက်ပါ လာမိသည် ။

ကျောင်း ပေါ် တက်လိုက်သည် နှင့်

“ ဟင် ကိုကြည် ဘယ်လိုကြီးလဲ ” 

“ ဟာ ကိုကြည် ၊ ဘာဖြစ်သွားတာလဲ ” 

“ ဟဲ့ ကိုကြည် ၊ ကိုကြည့် ကို ကြည့်ကြပါဦး ”

တွတ်ထိုးသံများ ။ သင်္ကန်းတစ်ပိုင်း နှင့် ကျွန်တော့် ကို အံ့အား သင့် နေကြဟန် တူ၏ ။ ဒါကို  ငမျိုး  က အားရဝမ်းသာ နှင့်

“ ဟာ ကိုကြည် တို့ ရွာ ရောက်တုန်းရောက်ခိုက် သင်္ကန်း စီးချင် တယ် နဲ့ တူတယ် ” 

သူ့ စကား ကို အားလုံးကလဲ ဝမ်းသာအားရ အသံဖြင့်

“ ဟယ် ဟုတ်လား ၊ ဒါဆို တို့တွေ ကုသိုလ် ရပြီပေါ့ ” 

“ ဟေ့ ပိုက်ဆံစု ၊ ပိုက်ဆံစု ၊ ပရိက္ခရာရှစ်ပါး ၊ ဆရာတော်ဘုရား ဆီ က လျှောက် ရအောင် ”

“ ဟေ့ ငါတို့ တော့ ရဟန်းအစ်မ ဖြစ်ပြီဟေ့ ”

သူတို့ စကားများ ကြားတော့ ကျွန်တော် မျက်လုံး ပြူးသွားရ သည် ။ နောက် မှ သတိ ရပြီး

“ ဟင် အဲလို အဲလို မဟုတ် ၊ အဲလို မဟုတ် ”

ကျွန်တော့် စကားပင် မဆုံးလိုက် ။ နံဘေးနား ပါလာသော ဖိုးဇေ က ပါ ဝင်၍

“ ဟေ့ ကြာတယ် ၊ ကိုကြည် စိတ် မပြောင်းခင် မြန်မြန် လုပ်ကြ  ”

“ ဟင် မဟုတ်သေး မဟုတ်သေး ” 

“ ကဲ မောင်ရင်လောင်း ဆရာတော်ဘုရား ဆီ ဦးချမဟေ့ ” 

အတင်း ဆွဲခေါ်ကာ ဘုရားစင် ရှေ့ ဦးချ ခိုင်းသည် ။

“ အဲ အဲလို မဟုတ် ”  

“ ဟဲ့ ဒကာလေး ၊ သာသနာအရေး မငြင်းကောင်းဘူး ကွယ့် ”

ကျောင်းထိုင်ဦးဇင်း ကပင် ဝင် ပြောနေ၍ ဘာ ပြန် ပြောရမှန်း မသိ ။ ထိုခဏ၌ ပင်

“ ဟေ့ ဆံချဖို့ ဓား အမြန် ယူခဲ့ဟေ့ ထက်ပစေနော် ” 

“ ဟင် မလုပ် မလုပ် ”

မိန်းမ က ဆယ့်နှစ်ယောက် ၊ ယောက်ျား က လေးယောက် ခန့် ဝိုင်း ဖမ်း နေကြတော့ ငပိန် ကျွန်တော့် မှာ မရုန်းသာလှ ။ ဒါကို ငမျိုး က အခွင့်ကောင်း ယူ၍

“ ကဲ ဆံချဖို့ အသင့်ပဲဟေ့ ၊ ပဝါစတွေ ကိုင် ထားကြ ”

“ ဗြိ ”

“ ဟာ ”

အနှစ်နှစ် အလလ အရှည် ထားခဲ့သောဆံပင်များ ကျ လာတော့ အံ့အားသင့်ပြီး ကြောင် သွားသည် ။

“ ဟင် မင်း ဘာလုပ် ၊ သွားပြီ ၊ သွားပြီ ၊ ခေါင်းတုံး ဖြစ်ပြီ ”

စဉ်းစား၍ မဆုံးခင် မှာ ပင်

“ ဗြိ ဗြိ ဗြိ ”

“ ဟာ ” 

မညှပ်ရက် မပြုရက် ထားခဲ့သော ဆံပင်များ အထွေး လိုတ် ။

ကြောင်ပြီး ပြန် ငုံ့ကြည့်နေမိသည် ။ နောက်မှ သတိ ရ ပြီး ကတုန်ကယင် နှင့်

“ ဟင် တကယ် တကယ်ကြီးလား ” 

“ မောင်ရင်လောင်း ဘုရားတရား သာ အာရုံပြု ” 

“ ဗြိ ဗြိ ”

ဆံပင်များ အထွေးလိုက် ။ ထပြေးချင်စိတ် ရှိသော်လည်း ထ ပြေး၍ လဲ မဖြစ်တော့ ။

ထို့နောက် ...

•••••   •••••   •••••   •••••

ဖုန် တထောင်းထောင်း နှင့် ရွာသူရွာသားများ အား တင် ဆောင်သွားသော ထော်လာဂျီလေး က လက်တပြပြ နှင့် ပျော်ရွှင်စွာ ထွက်ခွာ သွားပေပြီ ။ သူတို့ ရင်ထဲမှာတော့ ကုသိုလ်တွေ တထမ်းပိုး နှင့် ။

သင်္ကန်းဝတ် နှင့် ကျန်ခဲ့သော ကိုယ်တော် မှာ သာ ငို ၍ ပဲ ပြေး လိုက်ရမလား ၊ တရား နှင့် ပဲ ဖြေ ရမလား မသိနိုင်ဘဲ လက်တွင်း ကိုင် ထားသော ပုတီး ကို စိတ် ၍ အံကြိတ် ကျန်ခဲ့ရလေတော့သတည်း ။

လေးစားစွာကြိုးစားလျက်

◾ အကြည်တော်

📖 လူပျိုမှိုတက်

aung naing oo

.

No comments:

Post a Comment