Wednesday, August 17, 2022

ငှက်ကျား ဧည့်သည်


 

  ❝  ငှက်ကျား ဧည့်သည်  ❞

ရေခဲတုံးလေးတွေ ကြား မှာ ပေါလော ပေါ်နေသည့် ဒိန်ခဲပြား ကို ဇွန်း ဖြင့် ခဲခဲယဉ်းယဉ်း ဆယ် ထည့်နေရ၏ ။ ငန်ပျပျ ဒိန်ခဲ အရသာကို စုစုထား မကြိုက်တတ် ။ သို့သော် မိမိ ပန်းကန် ထဲမှာ ပေါင်မုန့်နှစ်ယှက် ထည့် ခဲ့မိလျက်သားမို့ အများ နည်းတူ ဒိန်ခဲလေးတွေ လည်း ယူ လိုက်ဦး မှ ဟု သဘော ရသည် ။

ကိုယ်တိုင် ယူစား စနစ် ဖြင့် တည်ခင်းဧည့်ခံ သော ဘူဖေးဒင်နာ ခေါ် ညစာစားပွဲမျိုး ကို စုစုထား အတွေ့အကြုံ မရှိခဲ့ ။ သည် ပွဲမျိုးမှာ ရင်းနှီးသော အပေါင်းအသင်းတွေ ချည်း စုစည်းပြီး အစားအသောက် အလျှံပယ် တည်ခင်းထားသော စားပွဲကြီး ပတ်လည်မှာ တိုးဝှေ့ ရယ်မောကာ ၊ ပျော်ရွှင် နောက်ပြောင်ကာ စိတ်တိုင်းကျ ယူငင် စားသောက်ကြမြဲ ဖြစ်သည် ။

စုစုထား မှာ ကိုယ်ပိုင် မိတ်သင်္ဂဟ ရှိလှသူ မဟုတ်ချေ ။ ကိုကို့ အရှိန်အဝါ မျက်နှာ ဖြင့် ဖိတ်စာ ပေါ် မှာ ဦးတင်မောင်လွင် နှင့် ဇနီး ဟု ‘ ….နှင့်ဇနီး ’ ကလေး တစ်လုံး ပါ ပါ လာတတ်၍သာ ထို ထို ဧည့်ခံပွဲများ သို့ ဇနီးမယား တို့ ဝတ္တရား ရှိသည့် အတိုင်း လိုက်ပါ နေရခြင်း ဖြစ်သည် ။

ဧည့်ခံပွဲတွေ မှာ “ နေကောင်းတယ်နော် ” ၊ “ မတွေ့တာ ကြာပြီ ” စသည်ဖြင့် ပြုံးပြနှုတ်ဆက် အဆင့်ထက် မပိုသော ၊ သိရုံသိပြီး မကျွမ်းသော လူတွေက များသည် ။ ကိုကို နှင့် သာ ကျွမ်းဝင်ရင်းနှီးသော ကိုကို့ ပတ်ဝန်းကျင် မှာ လိုတာထက်တော့ ပို၍ စုစုထား မလိုက်လျောနိုင်ချေ ။

သို့ကြောင့် ဘူဖေးဒင်နာများ ကို စုစုထား လိုက်လေ့လိုက်ထ မရှိ ။ ခြုံပဝါ အသာ မ , ၍ လှလှပပ ဣန္ဒြေ ရရ စားသောက်နိုင်သော ညစာစားပွဲကြီးများ ကို သာ ခံတွင်းချဉ်ပြေ လိုက်လေ့ ရှိသည် ။

•••••   •••••   •••••

အိမ်ရှင်မ ဆိုသည်မှာ တစ်ခါခါ ခံတွင်း ချဉ်တတ်သည် ။

စာရေး သောက်ရေးများ ကို နေ့စဉ်နှင့် အမျှ နိစ္စဓူဝ ကိုယ်တိုင် ကိုယ်ကြပ် စီမံချက်ပြုတ်နေရဖန် များသော် ငြီးငွေ့ ချင်၏ ။ ဟင်းချို နှင့် ဆီးပြန်ဟင်း က လွဲလျှင် ရှောက်သီးပင် အစပ် တည့်အောင် မသုပ်တတ်သော စုစုထား အဖို့ ချက်ရပြုတ်ရ စားရသောက်ရ သည်မှာ ပိုပြီး ငြီးစော် နံသည် ။

ဟင်းသီးဟင်းရွက် နှင့် အသား ငါး သာ အမယ်အမျိုးမျိုး ပြောင်းသွားသည် ။ အနံ့အရသာ က တစ်ခါလာလည်း သည် ပုံစံ သည် အငွေ့အသက် ။

ကြေးများမည့် သားသမီးရယ် လို့ မပွားစည်းသေး၍သာ တော် တော့သည် ။ ကိုကို ကတော့ အစားအသောက် ကို တယ်ပြီး ဝါသနာ ပါလှ သူ မဟုတ် ။ သူ့ ဘဝ မှာ ရုံးချိန် က လွဲလျှင် စာအုပ် ကို သာ အဖော် လုပ်ချင်သူ ဖြစ်ရာ အိမ် မှာ လင်မယား နှစ်ယောက် ထမင်း လက်ဆုံ စား ဖြစ်လျှင်တောင်  သူ က စာအုပ် ကို ထမင်းပန်းကန် ဘယ်ဘက် မှာ ဖွင့် လျက် ချ ထားပြီး စာအုပ် တစ်ဝက် ထမင်း တစ်ဝက် စား တတ်သည် ။

တစ်ခါ တစ်ခါတော့လည်း စုစုထား က စာအုပ် ကိုပင် မနာလို မရှုစိမ့် ဖြစ်လာပြီး …

“ ဟင်းခွက်တွေ သိမ်း လိုက်မယ်နော် ကိုကို ၊ ထမင်း ကို ဟင်း နဲ့ မစား နဲ့ ၊ စာအုပ် နဲ့ ပဲ စား ”

ပြောရင်း တကယ် ဝမ်းနည်း လာကာ စားလက်စ ထမင်း ကို ဗြုန်းခနဲ လက်စ သတ်၍ လက်ဆေး လိုက်တော့ မှ …

“ အား ဆောရီး ဆောရီး ကွာ ၊ နေပါဦး နေပါဦး ၊ ကိုကို့ ကို စောင့်ပါဦး ၊ ဘယ့်နှယ် ထမင်း ကို စာအုပ် နဲ့ စားလို့ ဖြစ်မှာလဲ မိန်းမ ရဲ့ ၊ ထမင်းဝိုင်း မှာ မိန်းမ မျက်နှာ မပါဘဲ နဲ့ ကော ဘယ်လို လုပ် မြိန် ပါ့မလဲ ၊ မိန်းမ က လည်း… ”

ကိုကို က ပျာပျာသလဲ ချော့ရင်း ဟင်းခွက် ကို ကယောင်ကတမ်း ဇွန်းဖြင့် ဆွ သည် ။ ပြီးတော့ ပြုံးထေ့ထေ့ ဖြင့် …

“ အိမ်ထောင်သက် ၆ နှစ် ကျော် ပါပြီ ကွာ ၊ ကိုကို ထမင်း နဲ့ စားတာ မိန်းမမျက်နှာ ရယ် ဆီပြန်ဟင်း တစ်ခွက် ရယ် ဒါပဲဟာ ၊ မင်း သိသား နဲ့ ”

အရွှန်းအပြက် ပြော မှန်း သိသည် ။ သို့သော် စုစုထား ရင်ထဲ မှာ တကယ် ထိခိုက် သွားလေသည် ။ သို့သော် ဘယ် တတ်နိုင်မလဲလေ ။ ကိုယ် က လည်း ဟင်း နဲ့ တူအောင် ဆို၍ ဆီပြန် ချက်တာက လွဲ လျှင် ဘာ တစ်ခု မှ မတတ် ။ ဖွယ်ဖွယ်ရာရာ မစဉ်းစားတတ်တာလည်း ပါသည် ။ စိတ် မရှည်လှတာ လည်း ပါသည် ။

ဘာပဲ ဖြစ်ဖြစ် ကိုယ့် အိမ်ဦးနတ် က အစားအသောက် ကို သူ့ စာအုပ်တွေ လောက် စိတ် မဝင်စားတာ ကိုပဲ ကျေးဇူး တင်ရဦးတော့မည် ။

ချက်ရေး ပြုတ်ရေး မှာ ကိုယ့် လက် ကိုယ် အယုံအကြည် မရှိလှ သူ ပီပီ ကြာတော့ ကိုကို အပြင် မှာ စားသောက်လာလျှင် ဝမ်းသာ ရသေးသည် ။ ညစာ စားပွဲ ၊ ဧည့်ခံပွဲ ဖိတ်စာများများ ရလျှင် အတော်ကြီး အသက်ရှူ ချောင်၏ ။ ကိုကို တစ်ယောက်တည်း ဧည့်ခံပွဲ သွားလျှင် စုစုထား သည်
ညစာ ထမင်း ကို ဖြစ်သလို ပြီး လိုက်ကာ အလူမီနီယမ် ပက်လက်ကုလားထိုင် ပေါ် ကျော ဆန့်ရင်း ကက်ဆက် တစ်လုံး နှင့် အယ်လ်ခွန်းရီ သီချင်းတွေ တစ်ခွေပြီး တစ်ခွေ ဖွင့် ရသည်မှာ တကယ့် ချမ်းသာသုခတည်း ။

တစ်ခါ တစ်ခါမှာတော့ ညစာစားပွဲ ဖိတ်စာကတ်ပြားပေါ် က “ …. နှင့်ဇနီး ” ဆိုသော စာလုံးကလေး ကို အားကိုးကာ ကိုကို နှင့် စုံတွဲ နွှဲလေ့ ရှိသည် ။

အထူးသဖြင့် ဧည့်သည် တစ်ကျိပ်ကျော် မျှ ဖိတ်သော ဒင်နာများ ကို ပိုပြီး စိတ်ဝင်စား လေသည် ။ ကွပ်ကွပ်ရွတ်ရွတ် ဧည့်ခံ၍ ဝဝလင်လင် တင်းတင်းတိမ်တိမ် မြိန်ယှက်ဖို့ သေချာသည် ။

ပြီးခဲ့သော အင်္ဂလိပ်နှစ်ဆန်း တစ်ရက် က ဂျပန်သံအဖွဲ့ဝင် တစ်ယောက် အိမ် မှာ တည်ခင်းသော ညစာ ကို အထူးတလည် အမှတ်ရနေ၏ ။

ဂျပန်ရိုးရာ အစားအသောက် ဆို၍ ပထမ တော့ အင်တင်တင် ။ သို့သော် ဆာကေ ခေါ် ဂျပန်အရက်ကလေး တမြုံ့မြုံ့ သောက်ရင်း တစ်ပွဲ ပြီး တစ်ပွဲ ရောက် လာသည့် အစားအစာတွေ မှာ ခံတွင်း မြိန်ချင်စရာချည်း ဖြစ်လေသည် ။ အကြော်အလှော်တွေ ကျွေးတော့ ကြက်ကြော် ၊
ငါးကြော်တွေ ဘေး ဖယ်ကာ ‘ ရေဘဝဲကြော် ’ တွေ ချည်း ရွေးပြီး သီတံကလေး နှစ်ခု သုံးခု မျှ စား ပစ်လိုက်သည် ။

ရေဘဝဲ ၏ ဆိမ့်သော အရသာ ကို စုစုထား ဘယ်လို ကြိုက်မှန်း မသိ ။ အင်းလျားလိပ် မှာ ပင် ကြုံကြိုက်မှ စား ရတတ်သော ရှားပါး ပစ္စည်း ။ ကိုကို က ပင်လယ်ရေကြောင်းဆိုင်ရာ ဌာန တစ်ခု မှာ အမှုထမ်းသူ မို့ သင်္ဘောသားတို့ တစ်ခါတစ်ရံ လက်ဆောင် ယူလာ၍ ရ တတ်သော်လည်း အိမ် မှာ တင်းတိမ်အောင် မစားရပါ ။ ကိုကို့ အထက် အရာရှိကလည်း ရေဘဝဲ ကို အမြည်းကောင်း ဟု ခုံမင်တတ်သူ မို့ တစ်ဝက် မက ခွဲ ပို့ခဲ့ရစမြဲ ။

အကြောင့်ကြ မရှိ စိတ်ကြိုက် စားနိုင်သော ပွဲ မို့ ရေဘဝဲတွေ ဆယ်ကောင် နီးပါး ကုန်တော့ မျှစ်ချဉ်စပ်ဟင်း တစ်ခွက် ရောက်လာသည် ။ အအီပြေ တရှုပ်ရှုပ် သောက်ရင်း မြိန် လိုက်သည်မှာ ပြောမနေနှင့် ။

ပြီးတော့ ငါး ပုစွန်တွေ ရောက်လာသည် ။ တချို့က တစ်ဝက် မီးသင်းထားကာ တချို့က အစိမ်းသက်သက် ။ ဘေးချင်းယှဉ်လျက် ထိုင်နေသော ဂျပန် အမျိုးသား က ငါးစိမ်းအလွှာတွေချည်း ရွေးထည့်ကာ အားပါးတရ စား နေသည် ။ လူချင်း အတူတူ သူတို့ က ဘာကြောင့် သားစိမ်း ငါးစိမ်း စား နိုင်ရတာလဲ ဟု စူးစမ်းချင်စိတ် ပေါ်လာ၏ ။

မီးသင်းထားသော တစ်ဝက်ကျက် အမဲသား ၊ ဝက်သားများကိုတော့ ကိုကို့မိတ်ဆွေ ဂျာမန်မိသားစု ကို အကြောင်း ပြု ၍ စုစုထား မြည်းစမ်း ကြည့်ဖူးပြီ ။ မဆိုးလှ ။ စားမည်ဆိုလျှင် ဖြစ်နိုင်သည် ။ ဝက်သား အမဲသားများ ကို ပါးပါး လွှာ၍ တစ်ဝက်ကျက်ရုံ မီး နှင့် ကျပ်တိုက်ကာ ထောပတ် လူး၍ စား ရသည် ။ သွေး စို့နေသော အသားများ သည် ထောပတ်ကြောင့် မညှီတော့ဘဲ စား၍ ဖြစ်နေ၏ ။ အကြိုက် မတွေ့ လှသည့် တိုင် လေးလေးပင်ပင် ချို တာတော့ အမှန်ပင် ။

ငါး ပုစွန်ကျတော့ ပို၍ ညှီမည် ထင်ရသည်မို့ ဘယ်လို အစိမ်း စား၍ ဝင် ပါမည်လဲ ။ စုစုထား သည် ဆာကေ တစ်ခွက် သောက်ကာ အနား ရပ်နေသော ဘွိုင် ၏ လင်ဗန်း ထဲ မှ ပုစွန်ထုပ် အစိမ်း တစ်ကောင်ကို တူ ဖြင့် ညှပ် ယူလိုက်၏ ။

ဂျပန်မိတ်ဆွေ မစ္စတာမာရူယာမား က “ အစိမ်း နော် ” ဟု လှမ်း သတိပေးသည် ။

“ စမ်း ကြည့်ချင်လို့လေ ၊ ဒါကကော ဘာ ငါးလဲ ”

“ ငါးပါးနီ ” ဟု မြန်မာလို ပီပီသသ သူဖြေသည် ။

ပင်လယ်ငါး ပဲ ။ ပျားဂေဟာ အရောင်းဆိုင် မှာ ဈေး အကြီးဆုံး ငါးပဲ ။ တစ်ခါတုန်းက အိမ် မှာ ငါးဆုပ်လုံး ကြော် ပြီး စားဖူးသည် ။ ငါးဆုပ်လုံးကြော် ဆိုတော့ ငါးဆုပ်လုံးကြော် အရသာပါပဲ ။ ဘာမှ ထူးလှသည် မထင် ။ ဘွိုင် က ငါးစိမ်း နှင့် တို့ စားရန် ဟင်းရည်ခွက်ကလေး သုံးခွက် ချ ပေးသည် ။ တစ်ခု က ပဲငံပြာရည် ၊ တစ်ခု က ငရုတ်ချဉ်စပ် ၊ ဘာမှန်း အကဲခတ် မရသော ကျန် တစ်ခွက် ထဲ သို့ ငါးတစ်လွှာ ကို တူဖြင့် ညှပ်ကာ နှစ် ထည့်လိုက်သည် ။

စား ကြည့်သော် စပ်ရှိန်းရှိန်း ချိုမြမြ နှင့် ကောင်းလှချည်လား ဟု ထ အော်မိမတတ်ပင် ဖြစ် သွားလေသည် ။ ဂျင်းမှုန့် ဖျော်စပ်သော အချဉ်ရည်တစ်မျိုး ဖြစ်မည် ထင်သည် ။

“ အဲဒီ အရည် ထဲ ကို နှစ် လိုက် ရင်တော့ ဟာ့ဖ်ကွတ်ခ် ဖြစ် သွားတာပဲ ”

မာရူယာမား က အားပေးကာ ငါးစိမ်းတွေ ထပ် ထည့် ပေးလာသည် ကို စုစုထား မငြင်းမိတော့ပေ ။ အားပါးတရ စား လိုက်သည်မှာ နောက်ထပ် ရောက် လာသော ဟင်းအမည်တွေ ကို တို့ပင် မတို့နိုင်တော့ ။ နောက်ဆုံး ရေခဲမုန့် စား ပြီးကြတော့ ကိုကို က ယောက်ျားဝိုင်း မှာ ဟင်နက်ဆီ ဘရန်ဒီ နှင့် ပွဲ သိမ်းခဲ့သည် ။ စုစုထား ကတော့ ဆဲဗင်းအပ် တစ်ဖန်ခွက် သောက်ကာ စောစော က ဆာကေးအရှိန်ကလေး ရီဝေဝေ ဖြင့် ပြန်ခဲ့ကြ၏ ။ လမ်းမှာ “ ဒီတစ်ခါ ဒင်နာ ကတော့ တကယ် မြိန်တယ် ကိုကို နော် ” ဟု ကျေကျေနပ်နပ်ကြီး အဖော် စပ်မိသည် ။

“ ကိုကို ကတော့ သောက်တာ နည်းနည်း များသွားပြီကွာ ၊ ဒီ ည တော့ စာ ဖတ်နိုင်မှာ မဟုတ်တော့ဘူး ”

မကျေမနပ် နှင့် ကိုကို ညည်းညူသည် ကို စုစုထား နားမလည်ချေ ။ နောက်တစ်နေ့ ကျ လျှင်တော့ အိမ် မှာ ပုစွန်ထုပ် အစိမ်းသုပ်စားဦးမည် ဟု စိတ်ကူးလာ၏ ။

ယင်း စိတ်ကူး ကို လက်တွေ့ အကောင်အထည် ဖော်ကြည့်သော် ထမင်းဝိုင်း မှာ ဘယ်လိုမှ နှုတ်သီး မတွေ့ ။ ကိုကို လည်း တို့ကနန်း ဆိတ်ကနန်း စား ပြီး လက်ဆေး ထ သွားတော့သည် ။ ဘယ် စိတ်ကောင်း နိုင်ပါတော့မည်လဲ ။

ပုစွန်အစိမ်းသုပ် မှာ ထမင်း အားပြု စားသော မြန်မာ့ထမင်းဝိုင်း တွင် အဓိက ဟင်း အဖြစ် ဘယ်လို မှ မလိုက်ဖက်ကြောင်း ခုမှ သင်ခန်းစာ ရ တော့သည် ။ သို့နှင့် ဆီပြန်ဟင်းပဲ သံသရာ လည်ရပြန်လေသည် ။

ပဲပင်ပေါက် ဟင်းချို ၊ ဗူးရွက် ဟင်းချို ၊ ချဉ်ပေါင်ဟင်းချို စသည့် ဟင်းချိုနံ့ နှင့် ၊ ဆီပြန်ဟင်းနံ့ မှာ ကြာတော့ အီစလည်ကြီး ဖြစ်လာ၏ ။

သို့ဖြင့် လင်မယား နှစ်ယောက် ညနေဘက် မှာ မြို့ထဲ ထွက် တတ်လာသည် ။ စုစုထား က နီလာဒံပေါက် တစ်လှည့် ၊ တရုတ်တန်း တစ်လှည့် ပိုက်ဆံ ဖြုန်းရဖန် များသော် ဧည့်ခံပွဲ ဖိတ်စာများ ကို ပိုပြီး စိတ်ဝင်စား လာ၏ ။

ခုလို နွေဦး မှာ ဖိတ်စာတွေ ပိုပြီး ရောက်တတ်သည် ။ စုစုထား က ဖိတ်စာတွေ ကို ရွေးချယ်ရင်း ကိုကို့ အထက်အရာရှိ ၏ ငွေရတုမင်္ဂလာပွဲ ကို စိတ်ဝင်စား သွားသည် ။ ငွေရတုမင်္ဂလာပွဲ မို့ စုံတွဲ သွားရသည် မှာ ကျက်သရေ လည်း ရှိသည် ။

“ ဘူဖေးတော့ ဘူဖေးပဲ ၊ ဒါပေမဲ့ ဥယျာဉ်ပွဲကွ ၊ လူတွေ သုံးရာ လောက် ဖိတ် ထားတာ ၊ မင်း မကြောင်ပါဘူး ”

ကိုကို က အားပေးလေသည် ။ ဝီစကီ ထဲ မှာ လက်ပစ် ကူးရမည့်ပွဲ မို့ သူ ကတော့ စိတ်အား ထက်သန် နေပေမပေါ့ ။ သူ့ အထက်အရာရှိ မှာ ခရစ်ယာန်ဘာသာဝင် ။ မိသားစုတစ်ခု လုံး ဗိုလ်ဆန်ဆန် ၊ စနစ် ခပ်ကြီးကြီး တွေမို့ ဧည့်ခံပွဲ မှာ တခမ်းတနား တဆောင်တယောင် ရှိမည် ထင်သည် ။

“ အင်္ဂလိပ်စာ ကျွေးမှာလား ဟင် ”

“ အင်္ဂလိပ်စာ ရော ၊ သင်္ချာ ရောပေါ့ကွာ ၊ မင်း က လည်း … ”

ကိုကို နှင့် အတူ ရော၍ မရယ်မောနိုင် ။ အစားအသောက် အတွက် ကြောင့်ကြ နေလေသည် ။

ခုတလော နွေနေ ပူပြင်း၍ စုစုထား ခံတွင်း ပျက်နေသည်မှာ ကြာပြီ ။ ထမင်းစား ရတာ ငြီးငွေ့ နေသည် ။ ဟင်းနံ့ ကျွေးနံ့တွေ ကို အနံ့ ပင် မခံချင် ။

လက်ကိုင်အိတ် တံတောင်ဆစ် မှာ ချိတ်ပြီး ပါဝါနှစ်စ အသာ မ,ကာ ပန်းကန်ပြား တစ်ချပ် နှင့် ယောက်ယက်ခတ်ရမည့် ဘူဖေးဒင်နာ ကို စိတ်တိုင်း မကျသော်လည်း အိမ် မှာ ခံတွင်း ပျက်လွန်းသဖြင့် တိုတိုစစကလေးတွေ စားချင်စိတ် ပေါ် လာသည် ။

“ အနောက်တိုင်း အစားအစာ အဓိက ပဲ တဲ့ ၊ ဒါပေမဲ့ တရုတ်အစားအစာ လည်း ပါ တယ် တဲ့ ၊ အဲ မင်း ကြိုက်တဲ့ ရေဘဝဲတော့ ပါမယ် မထင်ဘူးကွ ”

စိတ် ထဲ မှာ ချီတုံချတုံ ရှိဆဲ အဝတ်လျှော် သည့် မအုန်းလှ ရောက် လာသောအခါ မနက်က ကျန် သည့် ငန်းသားဆီပြန်ဟင်းတွေ ကို အကုန် ခပ် ပေးလိုက်လေသည် ။ သို့ဖြင့် ညစာ စားပွဲ လိုက်ဖို့ သေချာ သွားတော့သည် ။

•••••   •••••   •••••

ပေါင်မုန့် နှစ်ယှက် နှင့် ဒိန်ခဲ နှစ်ပြား ထည့်ထားသော ပန်းကန်ပြား ပက်ပက်ကို ကိုင်ကာ တညောင်းကြီး မတ်တတ် ရပ်နေရ၏ ။ ကိုကို ကတော့ ငှက်ပျောပဒေသာပင် အောက် က ယောက်ျားဝိုင်း တစ်ဝိုင်း မှာ ဝီစကီဖန်ခွက် တကိုင် ကိုင် ရှိဆဲ ။ စုစုထား သည် အဖော်မဲ့ခြင်း အဖြစ် ကို အလိုမကျ စ ပြု၏ ။

ဟင်းလျာစားပွဲတွေ နား ကပ်၍ မရ ။ ဝိုင်းအုံ တိုးဝှေ့ နေကြသော လူစုလူအုပ် ကို ကြည့်ရင်း စိတ် အိုက်လာသည် ။ ပန်းကန်ပြားကြီး ကိုင်ပြီး ရပ် စောင့် နေရသည်မှာ ကြောင် လှပြီ ။

“ ဦးတင်မောင်လွင် မစ္စက် မဟုတ်လားဟင် ၊ ကျွန်မ လူမှုဖူလုံရေးဆေးခန်း က ဆရာဝန် မြင့်မြင့်စိုး ပါ ”

မိမိ လို ပန်းကန်တစ်ချပ် ကိုင်ဆဲ ရှိသော အနက်ရောင် ဝတ်စုံဝတ် မိန်းကလေး တစ်ယောက် က အနား လာရပ်ပြီး မိတ်ဆက်သည် ။ ကိုကို တို့ ဌာန ဆေးခန်း က ဆရာဝန် တဲ့ ၊ အနက်ရောင်လက်ပြတ် နှင့် ဆင်စွယ်နှစ် ထနေသော လက်မောင်းပြေပြေ မှာ ကျက်သရေ တင့်တယ် လှပါဘိခြင်း ။

“ ဟုတ်လား ၊ သိရတာ ဝမ်းသာပါတယ် ဒေါက်တာ ၊ ကျွန်မ နာမည် စုစုထား ပါ ”

“ မြင့်မြင့် လို့ ပဲ ခေါ်ပါ မမစု ရယ် ”

သို့ဖြင့် အဖော် တစ်ယောက် ကောက် ရသွားလေသည် ။ မြင့်မြင့် ပန်းကန် ထဲ ကြည့်သော် ပေါင်မုန့်နှစ်ယှက် သာ တွေ့သည် ။

“ ချိစ် မယူခဲ့ဘူးလား ၊ ဟိုနား မှာလေ ”

“ ဟဲ ဟဲ ကုန်ပြီ မမစု ရဲ့ ၊ မြင့်မြင့် က အဖော်တွေ နဲ့ စကား ဖြတ် မရလို့ နောက်ကျသွားတယ် ၊ ကဲ လာ လာ မမစု ၊ နည်းနည်း တိုး လိုက်ရအောင် ”

မြင့်မြင့် ဦးဆောင်မှုဖြင့် ဝက်အူချောင်း တစ်မြှောင်း ၊ ဝက်သားပြုတ် နှစ်လွှာ ကောက် ထည့် ဖြစ်သည် ။

“ မမစု များများ ထည့် ခဲ့လေ ၊ နည်း လိုက်တာ ”

“ တော်ပြီကွယ် ”

ဟင်းတွေ က ခုထိ စိတ်ကြိုက် မတွေ့သေး ။ ‘ ကြက်ကြော် ’ ဟု စာတန်း ကတ်ပြားကလေး ထောင် ထားသော သတ္တုလင်ဗန်း ထဲ မှာ ကား ပြန့်ကြဲနေသော ဟင်းတုံးကလေး သုံးလေးတုံး သာ ကျန် တော့သည် ။ မြင့်မြင့် က ဦးစားပေးသည့် သဘော နှင့် စုစုထား ပန်းကန် ထဲ ယူ ထည့်ပေးလေသည် ။

မိမိတို့ နှစ်ယောက် သာ နောက်ဆုံး ပရိသတ် ဖြစ်မည် ထင်ရ၏ ။ ငှက်ပျောပဒေသာပင် အောက်က အသောက်သမားတွေ က လွဲ လျှင်ပေါ့လေ ။

ဟင်းလျာစုံ စားပွဲကြီး ကို ခပ်ဖြည်းဖြည်း ပတ်ကာ တွေ့ရာကြုံရာ ခပ် ထည့်လာခဲ့၏ ။

သခွားသီး လေး ငါးစိတ် ၊ ဂေါ်ဖီရွက် အနည်းငယ် ထည့်ပြီးသော် အချဉ် ရှာ၍ မရပြန်ရာ မြင့်မြင့် က ရယ်သည် ။

“ ဟောတော် ၊ ထမင်းကြော် ဆိုတဲ့ စာတန်း ပဲ ကျန် တော့တယ် မမစု ရေ ”

“ ကိုယ့် ကုသိုလ် နဲ့ ကိုယ် ပေါ့ကွယ် ၊ ဟောဟိုမှာ ဘာကြော်တွေလဲ ”

“ ဂျူးမြစ်ကြော် ” ဟု ပြောရင်း မြင့်မြင့် က စုစုထား ပန်းကန် ထဲ ကောက် ထည့်ပေးသည် ။ အသားလုံး အနည်းငယ် ၊ အာလူးပြုတ်ကြော် နှစ်စိတ်စီခန့် ရကြပြီးသော် စားပွဲ ကို တစ်ပတ် ပတ် မိလေပြီ ။ စပါကလင် တစ်ဖန်ခွက် စီ ကိုင်ပြီး စားပွဲလွတ် တစ်ခု မှာ ဝင် ထိုင်လိုက်ကြသည် ။

ဇွန်း နှင့် ခက်ရင်း ကို ကောက် ကိုင်ကာ ဘယ်သင်း က ဘယ်လို စ ရမှန်း မသိ ဖြစ်နေ၏ ။ ပန်းကန် ထဲ မှာ သခွားသီးနှ င့် ဂေါ်ဖီတွေ ဖုံး နေကာ ပေါင်မုန့် လှီးဖို့ ခက် လှသည် ။

မြင့်မြင့် ကတော့ ဇွန်း ၊ ခက်ရင်း နှင့် ပင် ပန်းကန် ထဲ က အရာဝတ္ထု အားလုံး ကို အမြွှာမြွှာ ဖြတ် နေသည် ။ စုစုထား က အာလူးပြုတ်ကြော် တစ်ဖဲ့ ကို ခက်ရင်း နှင့် ထိုး ဆွရင်း ရယ်သံ တစ်ဝက် နှင့် …

“ ဘာတွေ မှန်းတောင် မသိတော့ပါဘူး ကွယ် ”

“ ဟဲ ဟဲ ၊ တကယ် မသိဘူးလား မမစု ၊ ဒါလေ ၊ အင်္ဂလိပ် ဓာတ်လပိုင်လို့ ခေါ်တယ် မမစုရဲ့ ၊ ဟဲ ဟဲ ”

“ ဟယ် ဟုတ်ပါ့ ဟုတ်ပါ့ ၊ မြင့်မြင့် က ပြောလည်း ပြော တတ်တယ်ကွယ် ၊ အင်္ဂလိပ် ဓာတ်လပိုင် တဲ့ ၊ ဟဲ ဟဲ ဟုတ်ပါ့ ”

ဇွန်းခက်ရင်း ဖြင့် လူးလှိမ့် မွှေနှောက်ထားသော သူ့ ပန်းကန် ကို လှမ်း ကြည့်ရင်း သဘော ပေါက်သွားလေသည် ။

“ ဟဲ ဟဲ ၊ အဲ ဒါကို မီးဖို ပေါ် တင် ကျို လိုက်ရင် အင်္ဂလိပ်ဟင်းလေး ဖြစ် သွားပြန်ရော ”

စုစုထား သည် အာလူးပြုတ်တွေ ဝါးရင်း အားပါးတရ ရယ်နေရ၏ ။ ကြုံလာသမျှ ကို ပျော်ရွှင်ပေါ့ပါးစွာ လက်ခံ တတ်သော မြင့်မြင့်စိုး ၏ စရိုက်ကို အားကျ စ ပြုလေသည် ။

“ ဝင် သလောက် စားထား မမစု ၊ ဗီဒီယို ပြဦးမှာ ၊ ဆယ်နာရီခွဲ ဆယ့်တစ်နာရီ လောက် မှ အစီအစဉ်တွေ ပြီး မှာ ”

ဗီဒီယို ပြမည့် အစား တေးဂီတဖျော်ဖြေပွဲ အစီအစဉ်ကလေး ပါရင် ကောင်း မှာ ဟု ကိုယ် သန်ရာ ကိုယ် ဆွဲတွေးရင်း ဝက်အူချောင်း ကို မြည်း ကြည့် လိုက်သည် ။ ချိုပေါ့ပေါ့ စိုစွတ်စွတ် နှင့် လျှာ ပေါ် မှာ အထားရ ခက်လာသည်မို့ အသားလုံးကြော် နှင့် နှောပြီး မျို ချလိုက်ရလေသည် ။

ပေါင်မုန့် တစ်ဖဲ့ နှစ်ဖဲ့ နှင့် ဝက်သားပြုတ် အနည်းငယ် လောက် စား ပြီးသော် ဆက် စားချင်စိတ် မရှိတော့ ။ ကျန်နေသော အသားလုံးကြော် တစ်လုံး ကို ခက်ရင်း မသုံးဘဲ ဇွန်း နှင့် ကော် စားလိုက်သည် ။ ပါးစပ် ထဲ မှာ ငန်ပျပျ ဒိန်ခဲ အရသာ ကိုပါ ခံစား ရလေသည် ။ အနေရ ခက် လာသည်နှင့် ဂျူးမြစ်ကြော် ကို ကောက် ဝါးသည် ။ ကြွပ်ရွ နေရမည့် ဂျူးမြစ်ကြော် မှာ သခွားသီးနှင့် ဂေါ်ဖီရွက်များ ကြား ညပ်ပြီး ပျော့စိစိ ပျင်းတွဲတွဲ ဖြစ် နေ၏ ။ အချဉ်ရည် မပါ သည့် သခွားသီး နှစ်စိတ် ခန့် ဆက်တိုက် ဝါး စားလိုက်ပြီး စပါကလင် ဖြင့် လက်စ သတ်၏ ။

မိမိ ကိစ္စ ပြီး တော့ မှ ပတ်ဝန်းကျင် ကို သတိ ပြုမိတော့သည် ။ မိမိ နောက် တည့်တည့်က စားပွဲ မှာ ငွေစာရင်း အရာရှိကတော် ဒေါ်လှလှစိန် ပါကလား ။ သူ ကလည်း စုစုထား လှည့် အကြည့် နှင့် အကြည့်ချင်း ဆုံကာ “ ဟော ၊ စုစု ” ဟု လှမ်း နှုတ်ဆက်သည် ။

“ ကြည့်စမ်း ၊ ခုမှ မြင်မိတယ် ၊ မမလှ စားပြီးပြီလား ”

သူ့ ရှေ့စားပွဲပေါ် မှာ ရေခဲမုန့် တစ်ပန်းကန် သာ တွေ့ ရလေသည် ။

“ ပြီးပြီ မမလှ က စတိ ပဲ ၊ အိမ် က ညစာ စား လာခဲ့လေ ၊ အစ်ကိုကြီး ကလည်း ညစာ ကို ငါးနာရီ လောက် မှာ စား တတ်တော့ စား ပြီးမှပဲ လာ ခဲ့ကြတယ် ၊ အနောက်တိုင်း အစားအစာတွေ က ကောင်းတော့ ကောင်းပါ ရဲ့ ၊ ခံတွင်း မလိုက်လှဘူး စုစု ရဲ့ ၊ အိမ် မှာ ပုစွန် နဲ့ ကြက်ဟင်းခါးသီး ချက် ပြီး ပန်ထွေဖျော်ကလေး နဲ့ စား လာခဲ့ကြတယ် ၊ ဒီမှာတော့ တို့ကာ ပင့်ကာ ပါပဲ ”

သူ့ ဝသီ အတိုင်း ရှည်ရှည်လျားလျား ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြော ပြနေသည် ကို ခါတိုင်း ဆိုလျှင် စိတ် မရှည်နိုင် ။ ခုတော့ စုစုထား သည် နားထောင် ရင်း ပါး ထဲ မှာ ကျဉ်တက်သွားသည် ထင် ရလောက်အောင် သွားရည် ကျ ချင်လာ၏ ။

ပုစွန် နဲ့ ကြက်ဟင်းခါးသီး ချက်သတဲ့ ။ ခုလို နွေနေ ပူပြင်းသည့် ရာသီဥတု မှာ အခါးကလေး စား ရလျှင် ကောင်းမည် ။ မိမိ စိတ် မကူးခဲ့ဖူးသော ဟင်းမျိုးစပ် ပါတကား ။ ပြီးတော့ ပန်ထွေဖျော် တဲ့ ။

ပန်ထွေဖျော် ဆိုတာ ဘယ်လို ချက်ရသလဲ ဟု သိချင်စိတ် ဖြင့် စုစုထား ဝိုင်းကူး ဖို့ ပြင်သည် ။ မြင့်မြင့်စိုးကို လှမ်း ကြည့်သေး၏ ။ အနောက်တိုင်းဝတ်စုံဝတ် အမျိုးသား တစ်ယောက် က ရေခဲမုန့်ပန်းကန် လာ ချပေး ၊ မြင့်မြင့်စိုး နှင့် စကားလက်ဆုံ ကျစ,ပြု နေသည် ကို မြင်သော် စိတ်အေး သွားကာ ဒေါ်လှလှစိန် တို့ ဝိုင်း သို့ ကူးခဲ့လေသည် ။

•••••   •••••   •••••

ည ၁၂ နာရီထိုး မှ ဗီဒီယိုစခန်း သိမ်း၍ အိမ် ပြန် ဖြစ် ခဲ့ကြတော့သည် ။

အိမ် ရောက်တော့ လင်မယား နှစ်ယောက် အတော်ကြီး ဆာ နေကြပြီ ။ ကိုကို က ယမကာဝိုင်း မှာ အမြည်း လောက် နှင့် ပြီး ခဲ့သည် ဟု ဆိုသည် ။ သူ က ဘယ်လောက် သောက်သောက် မစား မပျက် ။ တင်းတိမ်အောင် မစားရလျှင် မနေနိုင် ။ ဆာ တတ်သည် ။

“ မီးဖို ထဲမှာ ဘာ ရှိလဲ ၊ ရှိတာ လုပ်ကွာ ”

ကိုကို ဂျီကျ စ, ပြုသည် ။ စုစုထား သည် ဆာ လည်း ဆာ ၊ စိတ် လည်း အိုက်တိုက်တိုက် နှင့် မိတ်ကပ် ဆံပင်များ ပင် မဖျက်နိုင်ဘဲ အဝတ် လဲ ရုံမျှ လဲပြီး မီးဖို ထဲ စမ်းတဝါးဝါး ဝင် ခဲ့၏ ။

ထမင်းကြမ်း တစ်ခဲ မှာ တစ်ပန်းကန် သာသာ လောက် တော့ ရမည် ။ ဘဲသားဟင်းအိုး ကတော့ မနက် က မအုန်းလှ ကို အကုန် ခပ် ပေးလိုက်ပြီမို့ အဆီအနှစ် အကပ်အသတ် သာ ကျန် တော့သည် ။

ခရမ်းချဉ်သီးကလေး ၊ ငရုတ်သီးစိမ်းကလေး မှ ဝယ် ထားရကောင်းမှန်း မသိသော မိမိ အဖြစ် ကို လိပ်ပြာ ငယ်လာသည် ။ ခရမ်းချဉ်သီးလေး မီး အုံးပြီး ငါးပိစိမ်းစား နှင့် ဖျော်ကာ ငရုတ်သီးစိမ်း နှင့် နံနံမြိတ် ကြက်သွန်မြိတ် ကို ရိတ်ရိတ် လှီးပြီး အုပ်ရသည် ဆိုသော ပန်ထွေဖျော် ဆိုတာ ကို ပြန် တွေးမိပြီး တံတွေး ကို မျို ချလိုက်ရ၏ ။

“ အိမ်ထမင်း အိမ်ဟင်း ဆိုတာ ခံတွင်း လိုက်အောင် ချက်ရတာ စုစု ရဲ့ ၊ အလှူဟင်း ကတော့ ပကာသန ပဲ ၊ ပသာဒ လှအောင် ဦးစား ပေးရတော့ လူတိုင်း နဲ့ လျှာ မတိုးဘူးပေါ့ ၊ အိမ် မှာ ကတော့ ဆီ မပြန်ချင် နေ ၊ ထားဝယ်ငါးပိသုပ်စပ်စပ် နဲ့ ပုန်းရည်ကြီး နယ်ဖတ် စားရလည်း မြိန် တာပဲ ကွယ် ”

ဒေါ်လှလှစိန် က ထမင်းဟင်း အစပ်အဟပ် မှာ အနုပညာ ဆန်သည်ဟု ဆက် ပြောတော့ ပိုရန်ကော ဟု မထင်မိတော့ချေ ။ ဒေါ်လှလှစိန် ကတော့ ပါရမီ ထူးသူ အနုပညာရှင် ပါပဲ ။ မျက်ခုံးကြောကလေး တစ်ကြော မရှုံ့ရဘဲ နှင့် လျှာဖျား က လွယ်လင့်တကူ ပြော ပြသွားသော ဟင်းမျိုး အစပ်အဟပ်တွေ မှာ စုစုထား သွားရည် ကျချင်စရာ ချည်း ။

စုစုထား သည် မိမိ ၏ မီးဖိုချောင် မှာ တော့ လတ်တလော အကြံ ကုန်ကာ ထမင်းကြမ်းခဲ ကို ဘဲသားအိုးကပ် နှင့် လူးဖတ်နယ် ဖို့ သာ ပြင်ရ၏ ။ စိတ်ကူး ရ၍ ကြက်သွန်နီ နှစ်ဥ ခန့် ပါးပါး လှီး ထည့်သည် ။ ဆီ ၊ ငံပြာရည် နှင့် ပုစွန်ခြောက်မှုန့် အပြင် ရှာလကာရည် ချဉ်ချဉ်ကလေး ဆမ်း လိုက်ကာ နယ်ဖတ်ပြီး မြည်း ကြည့်တော့ အံမယ် ဘယ် ဆိုးလို့တုံး ။

•••••   •••••   •••••

“ အား ၊ စားလို့ ကောင်းလိုက်တာ မိန်းမ ရယ် ၊ ခုမှပဲ ဗိုက် ပြည့် သွားတော့တယ် ”

ဆီဝေ့နေသော နှုတ်ခမ်းသားများ ကို လက်သုတ်ပဝါ နှင့် တို့ရင်း ကိုကို က ကျေနပ်စွာ ဆိုသည် ။ လေးအိမှေးစင်းစ ပြုသော ကိုကို့ မျက်လုံး ရီဝေဝေ ကို မြင် ရကာ စုစုထား သည် မာနကလေး အနည်းငယ် တက် ချင်လာ၏ ။

“ ကြည့်နေ ၊ နက်ဖြန်က စပြီး ထမင်းပွဲ မှာ စာအုပ်ကြီး ချ စားနိုင်ဦးမလား ဆိုတာလေ ”

မိမိ ထမင်းပွဲ ကို ကိုကို စိတ် မဝင်စားခဲ့ခြင်း မှာ မိမိ ချို့ယွင်းချက် ပါပဲ ။ နောက်တော့ ကြည့် နေပေါ့ ။ စိတ် ထဲ မှာ ယုံကြည်စိတ်ချစွာ ကြိမ်းရင်း တေး ထားလိုက်သည် ။

ဆီပြန်ဟင်း ထက် ပိုပြီး ခံတွင်း မြိန်စေမည့် ဟင်းလျာ အစပ်အဟပ်တွေ စိတ်ကူး တတ်ပြီ ဟု လည်း ထင်သည် ။

အစားအသောက် ကောင်း သည် ဟု ကျော်ကြားသော ဆိုင်တွေ မှာ လေး ငါးဆယ်ခါ ထက် ပို မမြိန်နိုင်တာလည်း ကိုယ်တွေ့ ပင် ။ ကိုကို့ ကို အကြောင်းပြု၍ ရောက်ရှိလာသော ဖိတ်စာကတ်ပြားကလေး ပေါ် မှ “ …. နှင့် ဇနီး ” ဆိုသော စာလုံးကလေး ပါ မပါ ကို လည်း အားကိုးတကြီး ဖွေရှာ နေ ဖို့ မလိုတော့ပါဘူး ဟု ဆုံးဖြတ်ချက် ခိုင်ခိုင် ချလိုက်သည် ။

◾စမ်းစမ်းနွဲ့ ( သာယာဝတီ )

📖 သည်းဦးပန်းမဂ္ဂဇင်း
      ၁၉၈၅ ၊ နိုဝင်ဘာလ
     
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment