Thursday, August 4, 2022

လူပျို မှိုတက် ( ၄ )


 

ဤကဲ့သို့ အောင်မြင်စွာ ဖြင့် တပ် လန်ခဲ့ပြီးသကာလ နောက် တစ်ခွင် ကို ထပ်မံ ဆင် ရပြန်သည် ။

“ အမှန်တော့ ကိုကြည် တက္ကနစ် မှား တာဗျ ”

သန်းဇော် က ဆို၏ ။ ဘာမဆိုင် ညာမဆိုင် စကားကြောင့် ကျွန်တော် မျက်မှောင် ကြုတ်မိရင်း

“ ဘာပြောတာလဲ ကွ ” 

သန်းဇော် က ပုံ ရေးလက်စ ခဲတံ ကို ဘေး ချပြီး

“ အခုခေတ် က ကောင်မလေး တစ်ယောက် ကို ရဖို့ ကို အဲဒီလို ဘတ်စ်ကား တစ်တန် ၊ ကုန်းကြောင်း တစ်တန် လိုက် နေစရာ မလိုတော့ဘူး ”

“ ဘယ်လို ”

သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူးသွား၏ ။ ဒါကို သန်းဇော် က သူ့ မေးမွေး ကို သူ ပြန် ဆွဲ ရင်း

“ ဟုတ်တယ် ၊ အချိန်ကုန် ခံပြီး ကောင်မလေး နောက် ကို လိုက် ၊ ပြီးရင် ပါးချ ခံရမှာလား ၊ ပြန် ကြိုက်မှာလား ၊ ငါးဆယ် ငါးဆယ် မျှော် လင့်ချက် နဲ့ တစ်နှစ်လောက် စောင့် ၊ ပြီးမှ အဖြေ ရ ။ အဲ အဖြေ ရတော့ လဲ ထဘီ အလှပ် မှာ လေဖြတ် လို့ ရတဲ့ သူမျိုး ဖြစ်နေ ၊ ကျွတ် စိတ်ညစ် စရာ ကောင်းတယ် ”

သန်းဇော် က သူ့ ဘာသာ သူ ပြောပြီး ခေါင်း ခါသည် ။ ကျွန်တော် က သာ သိချင်စိတ် နှင့်

“ ဒါဖြင့် ဘယ်လို လုပ် ရမှာလဲ ဟင် ” 

သန်းဇော် က တစ်ချက် ပြန်ကြည့်ပြီး

“ ကာရာအိုကေ သွား ”

သူ့ စကား ကြောင့် ကျွန်တော် မျက်လုံး ပြူး သွားရ၏ ။

“ ဟင် ကာရာအိုကေ သွား ၊ ဟုတ်လား ၊ ကာရာအိုကေ ဆိုတာ လွယ်တာ မှတ်လို့ ၊ တချို့ဆို ကာရာအိုကေ က ကောင်မလေး တွေ ပန်းကုံး စွပ်ရင်း မွဲ သွားတဲ့ သူတွေ မနည်းဘူးနော် ”

“ ဟဲ ဟဲ ဟဲ ”

သန်းဇော် က ခပ်ဟဟ ရယ်သည် ။

“ အခုက အဲဒီ ကာရာအိုကေ ပြောတာ မဟုတ်ဘူး ” 

“ ဘယ်လို ”

“ အခုခေတ် မှာ အဲဒါမျိုး ကို စင်တင်ကာရာအိုကေ ခေါ်တယ် ။ အဲဒီ စင်တင် က ပန်းကုံး ချ ရ ၊ စကား ပြောရ နဲ့ အချိန်ကုန် ငွေကုန် များ တယ် ၊ ကျွန်တော် ပြောတာက အခန်းတွင်း ကာရာအိုကေ ”

“ ဟေ အဲလိုလား ” 

ကာရာအိုကေ ခေတ်ကြီး ပြောင်း တာတောင် မသိလိုက် ။ ဟိုး အရင်ကတော့ အရက်ဆိုင် ဆိုတာ အရက် ချည်း သီးသန့်ရောင်းကြ တာပါ ။ နောက်တော့ တစ်ခေတ် ဆန်းပြီး အမျိုးသမီးစားပွဲထိုး ။ ထိုမှ တစ်ဆင့် ထို စားပွဲထိုးများ နှင့် သီချင်း ဆိုကြရင်း စင်တင်ကာရာအို ကေ ။ ယခုတော့ တစ်ဆင့် ထက် တစ်ဆင့် မြင့်သထက် မြင့်ပြီး အခန်း တွင်း ကာရာအိုကေ တဲ့ ။

“ ဘယ်လို ဘယ်လို ဂလု ရမှာလဲ ဟင် ” 

သိချင်စိတ် က တံတွေး ပင် မြို မကျ ။

“ လွယ်ပါတယ် ၊ ဆိုင်ထဲ ဝင်သွား ၊ အခန်း တစ်ခန်း ယူလိုက် ” 

“ အခန်းခ က ” 

“ တစ်နာရီ နှစ်ထောင့်ငါးရာ ” 

“ နှစ်ထောင့်ငါးရာ တောင် ”

ပိုက်ဆံ မရှိ သူ မို့ ထို ငွေပမာဏ က မျက်လုံး ပြူးစရာ ။

“ အဲဒါ အနည်းဆုံး ” 

“ ကဲ ထားပါတော့ ၊ နှစ်ထောင့်ငါးရာ ပေးပြီး ရင် ”

“ ကောင်မလေး တွေ ခေါ်လိုက် ၊ သူတို့ ဘာသာ သူတို့ လာ လိမ့် မယ် ၊ အဲဒီထဲ က မှ စိတ်ကြိုက် ရွေး ”

“ ရွေးပြီး ရင် ” 

“ သီချင်း ဆို ချင် ဆို ၊ မဆို ချင်လဲ စိတ်ကြိုက် စည်းရုံး ” 

“ ဟုတ်ရဲ့ လား ” 

“ ချက်ဖောင်း တောင် တစ်ယောက် ကြည်နေပြီ ”

မီးဖိုချောင် မှာ မီး မှုတ် နေသော ချက်ဖောင်း ပင် ကော်လံ ထောင် ပြ၏ ။

“ ပြီးရင် မုန့်ဖိုး ငါးရာ တစ်ထောင် လောက် ကြည့်ကျက်ပေး လိုက်ပေါ့ဗျာ ၊ အဆင် ပြေရင် ဆက် လုပ် ၊ အဆင် မပြေရင် နောက် တစ်ယောက် ပြောင်း ၊ ငတွတ် တောင် သုံးယောက် ရှိပြီ ”

“ ဟယ် ” 

ဘာကြောင့် ကိုယ် တစ်ယောက် တည်း ခေတ်နောက် ကျန် ခဲ့ မှန်း မသိ ။

“ ဟူး ဒါမျိုး က ကျန်းမာရေး ကောင်းတုန်းလေး လုပ် ထားရ တာ ၊ လွယ်တာ မဟုတ်ဘူး ၊ ဟူးဟူး ”

ငတွတ် ၏ သရော်တော်တော် အသံ ။ အောင်မာ ။ ရေ မချိုး တဲ့ ရွာသား က ဒီ အသံ ထွက် လို့ ဒီကောင် တောင် သုံးယောက် ပြောင်း ပြီ ဆိုတော့ ကိုယ် ကရော ဘာမို့လဲ ၊ တစ်ယောက် မဟုတ် တစ်ယောက် တော့ ရအောင် လုပ်ရမှာပေါ့ ။ ဟုတ်ဘူးလား ။ ထို့ကြောင့် အားတက်ပြီး

“ အေး ဒါဖြင့် ပိုက်ဆံ စုမယ် ။ ပြီးရင် ကာရာအိုကေ သွားမယ် ”

ကျွန်တော့် ၏ ဆုံးဖြတ်ချက် ။ ဒါကို ငတွတ် က

“ နေဦးဗျ ၊ ခင်ဗျား ဒီပုံ အတိုင်း သွားရင် ဘယ် ကောင်မလေး မှ အနား ကပ် ခံ မှာ မဟုတ်ဘူး ”

“ ဘာလို့ ” 

“ ကောင်မလေးတွေ က ဂေါ်မယ်ပွေမယ် ဆိုတဲ့ ပုံမျိုး မှ အထင် ကြီးတာ ”

“ ဒါ ဒါဆို ”

“ ခင်ဗျား မျက်နှာ ဖရိုဖရဲကြီး နဲ့ တော့ မဖြစ်ပါဘူးဗျာ ၊ အဲ ဒါပေမယ့် သန်းဇော် လို နားတွေ ဘာတွေ ဖောက် လိုက် ရင်တော့ ရုပ် တက် လာမယ် ၊ ဟိုလေ ၊ ရွှေနားကပ် အတုတွေ ဘာတွေ တပ် လိုက်ရင် ပေါ့ ”

ကျွန်တော် သန်းဇော် ကို ပြန် ကြည့်မိသည် ။ မှန်ပေသည် ။ ဒီ သန်းဇော် ဆိုသည့် ကောင် က ကျွန်တော့် လို ဆံပင်ရှည်ရှည် နှင့် ရုပ် က ဂဠုန် နှင့် မြွေပါ စပ် ကျထားသည့် ရုပ်မျိုး ။ တစ်နေကုန် သွားကြားထိုး တံ တစ်ချောင်း နှင့် တစိမ့်စိမ့် ကြည့်ပြီး ထောက် လျှင် တောင် သွားကြား ထိုးတံ တစ်ထောက် စာ ချစ်စမွေး မရှိ ။ သို့သော် နား ပေါက် ဖောက်ပြီး ကော်နားကပ် အနီကြီး တပ်ထားသည် ဆိုတော့ ဂေါ် ရှာသည် ။

“ မင်းတို့ ထက် ဂေါ်လို့ ကော်နားကပ် တပ်ထားတာ ”

ဆိုသည့် ရုပ်မျိုး ။ ဒါလေး တယမ်းယမ်း နှင့် ဆိုတော့ မျက်နှာ ကြီး ဖရိန် စောင်း နေတာ ၊ ဂဠုန် လို သွားတွေ တစ်ပြုံတစ်မ ထွက် နေတာ ၊ မြွေပါ လို မျက်ခုံး ကြီးပြီး အောက် စိုက်နေတာ ၊ နှုတ်ခမ်းဝ မှာ အမွေးတို့ ထိုးထိုးထောင်ထောင် ထွက် နေတာ ၊ စသည့် စသည့် ပြစ်ချက်ပေါင်း ရာချီ တို့ က ကော်နားကပ် အနီ အောက် ပျောက် သွား သယောင် ။ သူ့ ကို ကြည့်၍ ကျွန်တော် လဲ အားတက်ပြီး

“ အေး ငါ လဲ နား ဖောက် ချင်တယ် ကွာ ၊ သန်းဇော် မင်း နား ဖောက်တာ ဘယ်လောက် ပေးရလဲ ”

သန်းဇော် က သူ့ နား သူ ပြန် စမ်းရင်း

“ ဒါ က ဗြူတီစလွန်း မှာ ဖောက် ထားတာ ၊ တစ်ပေါက် နှစ် ထောင့်ငါးရာ လား ပဲ ”

တစ်ဆက်ရှင်ကြေး ပင် ။ ထိုမျှလောက် များသော ငွေကြေး ကို မပေးနိုင် ။ ဘယ်လို လုပ်ရမှန်းလဲ မသိ ။ ထို့ကြောင့်

“ အေး နား တစ်ပေါက် က ကာရာအိုကေ တစ်ဆက်ရှင်ကြေး ဖြစ် နေပြီ ၊ အဲဒီလောက်တော့ မတတ်နိုင်ဘူးကွာ ၊ ဘယ်လို လုပ်ရမလဲ ”

“ ကျုပ် ဖောက်ပေးမယ် ” 

ချက်ဖောင်း စကား ။

ကျွန်တော် လဲ လှည့်ကြည့်ပြီး

“ မင်း မင်း ဖောက်တတ်လို့လား ”

“ ဒီလိုပဲ ရမ်းသမ်း ဖောက်ရတာပေါ့ ၊ ဘာ ခက်တာ မှတ်လို့ အပ် နဲ့ ထိုး ထည့် လိုက်ရင် ပေါက်ပြီ ပဲ ”

ဟုတ်သား ။ သူ ပြောတော့ အလွယ်လေး ။ နားရွက်ကလေး ကို ကိုင် ၊ အပ်ကလေး နဲ့ စွပ် ဆို ဖောက်လိုက် ပေါက်ပြီပဲ ။

“ အေး လွယ်တော့ အလွယ်သား ၊ ဒါနဲ့ အပ် က ” 

“ အိမ် မှာ ဖိနပ် ချုပ်တဲ့ အပ် ရှိတာပဲ ၊ အဲဒါနဲ့ပဲ ကစ် လိုက်ရအောင် ”

ချက်ဖောင်း က မီးဖိုဘေး ဆောင့်ကြောင့် ထိုင်ရင်း ပြောသည် ။

“ ဟင် အဲလိုလား ၊ ငါ ငါ အပ် သွားဝယ် ” 

“ မဝယ် နဲ့ အဲဒီ အပ်တွေ က သေးတယ် ၊ ဖောက်ပြီး လဲ အပ် ချည်ကြိုး လောက် ထိုး ရမှာ ၊ ဖိနပ်ချုပ် အပ် က မှ အနေတော် ၊ တစ်ခါ တည်း နားကပ် က  စွပ် ထည့်ရုံပဲ ” 

“ သိပ်တော့ မသတီဘူး ကွ နော် ” 

“ ဪ ဒါက ဖိနပ် တစ်မျိုးတည်း ချုပ်တာပဲ ၊ သန့်ပါတယ် ” 

“ အေး အေး သန့်ရင်ဖြင့် လုပ်ကွာ ” 

ကိုယ် ကလဲ ဂေါ်ချင် ပွေချင် နေသူမို့ လက်ခံ လိုက်သည် ။ အမှန်တော့ အိမ် မှာ က ဖိနပ် ပြတ်သွားလျှင် ၊ ဒါမှမဟုတ် ပြတ်ခါနီး မှန်း သိလျှင် ဖိနပ် အသစ် ဝယ် မစီးနိုင်၍ ဖိနပ်ချုပ် အပ် ထား ရခြင်းဖြစ်၏ ။ ယခုတော့ ထို ဖိနပ်ချုပ်အပ် က အဆင့် တက်၍ နားထွင်းအပ် ဖြစ်ပြီ ။

ချက်ဖောင်း က ဖိနပ်အစုတ်ပုံ ကြား ထဲ ပစ် ထည့်ထားသော ဖိနပ်ချုပ် အပ် ကို ရှာသည် ။

“ ဟော ဒီမှာ တွေ့ပြီ ”

အပ်ကြီး က အတုတ်ကြီး အဝတ်ချုပ် အပ် လို သေးသေးသွယ် သွယ် မဟုတ် ။ ဖိနပ်သားရေ ကို ဖိပြီး ပေါက်အောင် ဖောက်ရသည်မို့ အပ် ကား ကြီး၏ ။

“ မီး မီးလေး ဘာလေး ကင် ဦးလေ ဟာ ၊ ပိုး သေအောင် ” 

တကယ်ပဲ အပ် ကို မီးဖို ထဲ ပစ် ထည့်လိုက်သည် ။ တစ်ခါတည်း ဖုတ်ပြီးသား ။ ဤ အပ် မှ ပိုး မသေလျှင် ဘယ် အပ် က ပိုး သေမည်နည်း ။

ခဏနေတော့ ချက်ဖောင်း က အပ် ကို တဖူးဖူး မှုတ်ရင်း မီး ညှပ် နှင့် ပြန် ကလော် ထုတ် လာသည် ။ 

နောက် လက်နှီးစုတ် နှင့် ကိုင်ရင်း

“ ရပြီဗျ ၊ ဖောက်လို့ ရပြီ ၊ ဟီဟိ ” 

အရေးထဲ အူ ရွှင်နေသေးသည် ။ ဒါကို ကျွန်တော် က

“ ရှောရှောရှူရှူ ဖြစ်အောင် ဆီ သုတ်ဦး ဟ ”  

ချက်ဖောင်း က ကျွန်တော့် ကို ကြည့်ပြီး

“ ခင်ဗျား မျက်နှာ မှာ အဆီ ချည်း ပဲဟာ ၊ မျက်နှာ ပေါ် က အဆီ နဲ့ သုတ် ရင်တောင် ဖြစ် ပါတယ် ” 

“ ဟာ မလုပ်ပါနဲ့ ၊ ဟင်းချက်တဲ့ ဆီ နည်းနည်း ယူပါ ”

ဖြစ်ချင်တော့ အိမ် မှာ က ခေါင်း ဖီးတဲ့ သူတောင် ခပ်ရှားရှား မို့ ခေါင်းလိမ်းဆီ တို့ အုန်းဆီ တို့ မရှိ ။ ထို့ကြောင့် ဟင်းချက်ရန် ဟန်ပြ ထားသော နှစ်ကျပ်ခွဲသား ဆီပုလင်း ကို ယူ လိုက်ရသည် ။

ချက်ဖောင်း က နားရွက် ကို ဆီ ဖြင့် ပွတ်သည် ။ အပ် ကလဲ တရွယ်ရွယ် ကျွန်တော် လဲ စိုးရိမ်ပြီး

“ ဟေ့ကောင် ဖြစ်မှလဲ လုပ်ဦးနော် ၊ တော်ကြာ ချော် သွားမှ ဖြင့် ” 

ချက်ဖောင်း က ပြုံးပြီး

“ ဖြစ်ပါတယ် ဗျ ရွာ မှာ တိရစ္ဆာန်တွေ ကျွန်တော် ပဲ ဆေး ထိုး လာ တာ ”

ကြားရတာ ကို က အားရစရာ ။

ဆီ ရွှဲ သွားတော့ မှ ချက်ဖောင်း က နားရွက် ကိုင် ပြီး

“ ကဲ ဆော်ထည့် လိုက်တော့မယ် ” 

ကျွန်တော် လဲ အားတင်းပြီး မျက်လုံး မှိတ်ကာ

“ ဆော်ကွာ ”

ကျွန်တော့် ခွင့်ပြုချက် ရသည်နှင့် ချက်ဖောင်း က နားရွက် ကို မနာကျင်စေရန် အတွက် ထူပူအောင် ပွတ်ရင်း

“ ကဲ ထိုးပြီ ” 

“ စွပ် ” 

နားရွက် ကို အပ် ဖြတ်သွားသော အသံ ။ ထို့အတူ

“ အား ”

ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံနက် ။ ကျွန်တော် အော်ခြင်း မဟုတ် ။ မရဲတရဲ မျက်လုံး ဖွင့်ကြည့်တော့

“ အား ”

မျက်လုံးကြီး ပြူး ပြီး တက်မတတ် အော်နေသော ချက်ဖောင်း ။ နားရွက် အဖောက် ခံရသော ကျွန်တော် က မအော်ဘဲ နားရွက် ဖောက် သော သူ က ဘာကြောင့် မှန်း မသိ ။ ထို့ကြောင့်

“ ဟေ့ကောင် မင်း ဘာလို့ သံကုန် ဟစ်အော် နေရတာလဲ ”

ဟု အမေး ကို ချက်ဖောင်း က ကျွန်တော့် နားရွက် အနောက် ဘက် လက်ညှိုး ထိုး ပြရင်း

“ အား ” 

ကြည့် လိုက်တော့

“ ဟာ ” 

“ အား ”

ဖြစ်ချင်တော့ ချက်ဖောင်း က ကျွန်တော့် နားရွက် ကိုင် ပြီး အပ် နှင့် ထိုး စိုက်လိုက်တော့ အပ် က နားရွက် ကို ထုတ်ချင်း ပေါက် ကာ နားရွက် အနောက် တွင် ခံ ထားသော သူ့ လက်မ ထဲ ဖိနပ်ချုပ် အပ်ကြီး စိုက်ဝင် နေ၍ ဖြစ်သည် ။

“  အား ”

လက်မ ကြား အပ်ဝင် နေ၍ ချက်ဖောင်း မှာ မည်မျှ နာကျင် နေသည် မသိ ။ သံကုန်ခြစ် အော်နေသည် ။ ဒီကြားထဲ အပ် က မီးဖုတ် ထားတာ ဆိုတော့ အငွေ့တွေ ပါ တထောင်းထောင်း နှင့် ညှော်နံ့ပင် သင်းနေ၏ ။

“ လုပ်ကြပါဦး ၊ ပြန် ဆွဲထုတ်ကြပါဦး ၊ အား ” 

အားလုံး ပြေး လာပြီး ပြန် ဆွဲထုတ် မှ အပ် က ထွက်သည် ။

ထို ဖိနပ်ချုပ် အပ် ကောင်းမှု နှင့် ကျွန်တော် က နားပေါက် တစ် ပေါက် ၊ ချက်ဖောင်း က လက်မ ၌ ပတ်တီး တစ်ခု ရ သွားလေတော့၏ ။ ဘုရင့်နောင် ကို လဲ ကိုယ်ချင်း စာ မိသွားသည် ။

◾ အကြည်တော်

📖 လူပျိုမှိုတက်

aung naing oo

.

No comments:

Post a Comment