Wednesday, August 10, 2022

ခင်နန်းငယ် ၏ မေမေ


 

❝  ခင်နန်းငယ် ၏ မေမေ ❞

( ၁ )

ပြီးခဲ့သော နှစ် နှစ် က သမင်ပျိုမ တစ်ကောင် လို ရှက်ရွံ့ပျိုမျစ်ဟန် အပြည့် ရှိခဲ့သည့် သမီးကလေး က ခုတော့ မြိုင့် ရှေ့မှာ ခြင်္သေ့ပျို တစ်ကောင် လို မာန်ထည် ဝင့်ကြွားနေသည် ။ သမီး မျက်လုံးတွေ က စူးရဲစွာ တဖျတ်ဖျတ် တောက် လက် လို့ ။ နှုတ်ခမ်း ကို တင်း နေအောင် စေ့ ပိတ် ထားရင်း မြိုင့် စကားတွေ နားထောင်နေသော သမီး က တိုက်ပွဲဝင် သူရဲကောင်း ၏ ဟန်ပန်မျိုးနှင့် လည်း ရဲပ နေပြန်သည် ။

“ မေမေ ပြောတာ သမီး လက်ခံတယ် မဟုတ်လား ”

သမီး က တချက်တော့ ငေး သွားသည် ။ ပြီးတော့ မှ

“ ရပါတယ် မေမေ ၊ သမီး က မေမေများ အတူ နေဖို့ ခေါ် ထားချင်မလား လို့ပါ ။ တကယ်လည်း မေမေ ပြောသလိုပဲ အိမ်ထောင်သည် ဘဝ မှာ အခြေအနေ ပေးရင် နှစ်ယောက် သီးသန့် နေတာကိုပဲ သဘော ကျတာပါ ။ ခုလည်း သူ က သမီး ကို ခေါ်သွားချင်တာပဲ မဟုတ်လား ”

သမီး က လေသံအေး နှင့် ပြောသည် ။ ခဏ ကြာ မှ

“ သမီး က မေမေ ခွဲ နိုင်လိမ့်မယ် မထင်ခဲ့ဘူး  ”

ဟု တိုးညံ့ညံ့ ရေရွတ်သည် ။ ထို စကားသံ တွင် ကြေကွဲရိပ် တချို့ပါမည်လား ဟု မြိုင် တွေး မကြည့် ချင်တော့ပါ ။

သမီး မျက်လုံး ထဲ မှာတော့ မျက်ရည်ကြည်တွေ က စို လက် နေကြသည် ။ သမီး က စိတ်များ ထိခိုက် နေတာလား ။ မြိုင် သည် သမီး အတွက်တော့ သမီး မကြာခဏ ဖွင့် ပြောဖူးသလို အစား ထိုး မရနိုင်သည့် အမေ ဖြစ် ခဲ့တာ မဟုတ်လား ။ ခုလည်း မိခင် ကို ချစ်သည့် သမီး ပီသစွာ သမီး ကတော့ ‘ မေမေ့ ခမျာ ငါ စိတ် မကောင်း ဖြစ် မှာ စိုး လို့သာ အလွယ်တကူ လိုက်လျော ရတာပဲ ’ ဟု တွေးကာ ဝမ်းနည်းနေခြင်း မျိုး ဖြစ် နိုင်သည် ။

သို့ ဆိုလျှင်တော့ မြိုင် ကပဲ စိတ် မကောင်း ဖြစ်စွာ သမီး ကို အားနာ ရပါမည် ။ တကယ်တော့ မြိုင် သည် သမီး ၏ ဘဝ ကို မပိုင်တော့သော ဆိုင်ရုံမျှ သာ ဆိုင်သော မိန်းမ တစ်ဦး ဖြစ်ကြောင်း ၊ ကိုယ့် ကိုယ် ကို ဆုံးဖြတ် ခဲ့ခြင်း က သာ သမီး ကို ခွဲထွက်ခွင့် ပြုလွယ်သည့် မေမေ ဖြစ်ခဲ့ရခြင်း သာ ပင် ။

ကျောခိုင်း ထွက်သွားသော သမီး ၏ ညာဘက် ဘေး မှာ မြိုင် အလွန် သဘော တူသည့် သမီး ၏ ချစ်သူ ခင်ပွန်းလောင်း “ ခိုင်သန့် ” ၏ အရိပ် ကို မြင်ယောင် နေမိသည် ။ သမီး က သိပ် တော်တာပဲ ။ အင်မတန် နှစ်လိုဖွယ် အရည်အချင်း ရှိသော ( ရည်မွန်အေးချမ်းပြီး အလုပ် ကြိုးစားကာ သမီး ကို သိပ် ချစ်မှန်း သိသာသည့် မျက်ဝန်းများ ရှိသော ) ယောက်ျား တစ်ယောက် ကို ပိုင်ဆိုင်ခွင့် ရခဲ့တာ မဟုတ်လား ။

ဒီနေရာ မှာ သမီး က မြိုင့် ထက် ကံ ကောင်းခဲ့သည် မို့ ပင် မြိုင် ဆက်နေမည့် တဘဝစာလုံး မှာ စိတ်အေးချမ်းသာ ရှိ နိုင်မှာ မဟုတ်လား ။ ထိုသို့သော ချစ်ရသူ တစ်ယောက် ကို တခါက မြိုင် လိုချင် ခဲ့ ဖူးသည် လေ ။ ကျေနပ် သာယာစွာ မျက်လွှာ ကို ဖိ ပိတ်စဉ် မှာ နှုတ်ခမ်း တို့ မှ ပြုံး နေလျက် နှင့် မျက်ရည်နွေး တွေ က စီး ကျ လာသည် ။

လွန်ခဲ့သော နှစ်ဆယ့်လေးနှစ် က အသက် နှစ်ဆယ် အရွယ် မြိုင် နှင့် ခု မြိုင့် ရဲ့ အသက် နှစ်ဆယ် အရွယ် သမီး ခင်နန်းငယ် တို့ ကတော့ အခြေအနေ ချင်း သိပ် ကွာခြားသည် ပဲ နော် ။

( ၂ )

ထိုစဉ်က ခင်နန်းမြိုင် အသက် နှစ်ဆယ် ဖြစ်သည် ။ ထို နေ့ တနေ့ မှာ ၊ ဖေဖေ နှင့် မေမေ ရှေ့ ၌ မြိုင် က အလွန် ရှက်ရွံ့တုန်လှုပ် နေသည် ။ ထို နေ့ ကတော့ ၊ မြိုင် ၏ ခင်ပွန်း ဖြစ်လာမည့် သမီး ဖေဖေ ကိုဇော် က မြိုင့် ကို လူကြီး စုံရာ နှင့် လာရောက် တောင်းရမ်းသော နေ့ ပဲ ဖြစ်သည် ။ ပြီးတော့ ဖြင့် ခင်နန်းမြိုင် ကလေး က အပျံ သင်စ ငှက်ကလေး လို ပျော်လို့ ။ ဒါပေမယ့် ၊ ရှက်စနိုး ဖြစ်နေပြန်သည် ။ ထို ရှက်ရွံသိမ်မွေ့တတ်မှု တို့ ကို ရဲဝံ့ ရင်ဆိုင်နိုင်သော အစွမ်းသတ္တိ အဖြစ် ပြောင်း ပစ် လိုက်သည်ကတော့ သမီး ဖြစ်လာမည့် သန္ဓေ ပဲ ဖြစ်သည် ။

     •••••   •••••   •••••   •••••

ကိုဇော့် ကို တွေ့ဖူးရစဉ် တုန်း က မြိုင့် အသက် က ဆယ့်ရှစ်နှစ် အရွယ် ၊ တက္ကသိုလ် မှာ တတိယနှစ် ကျောင်းသူ ဖြစ် သည် ။ အရာရှိ ဖေဖေ နှင့် သူဌေးမျိုး မေမေ တို့ ၏ သားသမီး ငါးယောက် အနက် တစ်ဦးတည်း သော သမီး ဘဝ မှာ မြိုင် က စာရေး ကဗျာရေး ၊ ပန်းချီတွေရေး ဖြင့် ထက်မြက်ချင်လှသူ ဖြစ်သည် ၊ ။ မေမေ က နူးညံ့သိမ်မွေ့ကာ ရှက်ရွံ့အားငယ် မှ မိန်းမ ပီသ သည် ဟု ယူဆ စဉ် မှာ မြိုင် ကတော့ အချုပ်အနှောင် ဘဝ အတွင်း ရှိ ကျားသစ်မကလေး လို တစုံတရာ ကို ရင်ဆိုင်ဖို့ အမြဲ ပြင်ဆင် နေတတ်သည် ။ ထို့ကြောင့် ပဲ ကိုဇော့် ကို မျော်လင့်.ဖြစ်ခဲ့သည် ထင်၏ ။ ပြီးတော့  အစ်ကိုတွေ က မြိုင့် ကို ချုပ်ချယ် လှသည် ။ နောက်ဆုံး ၊ ကိုဇော် နှင့် လက်ထပ် ခွင့် ရခဲ့သည် က ပင်လျင် ဖေဖေ ၏ ခေတ်မီသော အမြင် ရှိခြင်းကြောင့် သာ ။ ကိုဇော့် နောက် ကို လိုက်ရသော နေ့ က မြိုင် က သိသိသာသာ ပဲ ပျော် နေခဲ့သည် ။ လှောင်အိမ် ထဲ က ကျားသစ်ပျိုမလေး လွတ် လာပြီ ။ ကိုဇော့် ကို လည်း သိပ် ချစ်ခင် နေခဲ့သည် ။ ကိုဇော် က မြိုင့် ထက် အသက် သုံးနှစ် သာ ကြီး သော်လည်း အများကြီး လူကြီး ဆန်သည် ။ စီပွား ရှာရခြင်း ကို သိပ် စုံမက်သည် ။ ပြီးတော့ ၊ အရေးကြီးဆုံး အရည်အချင်း က မြိုင့် ကို အလို လိုက် သည် ။

မှတ်မိသေးသည် ။ ကိုဇော် နှင့် ယူပြီးခါစ မှာ ပျော်ရွှင်လွတ်လပ် နေသော မြိုင် က တသက်လုံး က လွတ်လွတ် လပ်လပ် သွားချင် နေခဲ့သည့် ခရီးတွေ ကို ကား တစ်စီး နှင့် လျောက် သွားတော့သည် ။ ပြီးတော့  သိပ် ကျေနပ်စရာ ကောင်းစွာ တက္ကသိုလ် မှာ နည်းပြဆရာမ အလုပ် ရတော့ မြိုင် သည် လောက တွင် ကံ အကောင်း ဆုံး ၊ စိတ် ကျေနပ်မှု ကို အပိုင်နိုင် ရ ဆုံး မိန်းမ အဖြစ် ကိုယ့် ကိုယ် ကို ဂုဏ်ယူ တော့သည် ။ ထိုစဉ်က ကိုဇော့် ကို ခေါင်းညိတ်ဖြစ်ခဲ့သည် ကပင် အချစ် စစ် ရဲ့ လား ဟု တခါ တခါ တွေး မိဖူးသည် ။ ဘာကြောင့် ဆို မြိုင် က ကိုဇော့် အတွက် အိမ်ရှင်မ ကောင်း မဖြစ်ခဲ့ရသော ကြောင့်ပါပဲ ။

ကြော့ရှင်းလှပသည့် ဆရာမ ဟူသည့် ဂုဏ်ပုဒ် ကို ဖက်တွယ်ကာ စာ သင်ရခြင်း ၌ သာ စိတ် ဝင်စားခဲ့သည် ။ ကိုဇော် ကလည်း ထိုစဉ်က တော့ ကျေနပ်လို့ ။ နောက် မှ  အိမ်ထောင်သက် သုံးနှစ် အကြာ မှာ ကလေး ယူကြစို့ ဟု ကိုဇော် က ပြော လာတော့ မြိုင် က အလွန်အမင်း တုန်လှုပ် သွားရတော့သည် ။ သားသမီး တစ်ယောက် ကို မြိုင် ဆက်ဆံ ဖို့ မတတ် နိုင်သေး ။ ပြီးတော့ မေ့မေ့ လို သိပ် ချုပ်ချယ်သော အမေ မျိုး မဖြစ် ချင်သလို ၊ အလို လိုက်မိ၍ သားသမီး ဆိုး မှာ ကိုလည်း စိုးရိမ်လှသည် ။ အို .. မြိုင် လွတ်လပ် ၍ လည်း မဝသေးဘဲ နော် ။ ခုမှ လွတ်လပ်ဖူး ခါ စ ရှိ သေးတာ ။ ဒါပေမဲ့ သည် တကြိမ် မှာ တော့ဖြင့် ‘ မြိုင် ကလေး မမွေးချင်သေးပါဘူး ကိုဇော်ရယ် ’ ဟု နွဲ့ ပေမယ့်လည်း ကိုဇော် က မသာယာတော့ ပြန် ။

ပြီးတော့ မြိုင် မြင်ခဲ့ရဖူးသော ဗိုက်ကျောပြတ် ဒဏ်ရာတွေ ၊ ပွယောင်းယောင်း ဒါမှမဟုတ် ပြားပိန်ပိန် ခန္ဓာကိုယ်တွေ ၊ ပြင်းထန်သော နာကျင်ကိုက်ခဲရမှုတွေ ၊ ပြီးတော့ ကလေး တစ်ယောက် ကို ထိန်းသိမ်း ပျိုးထောင် ရသော ဒုက္ခ တို့ ကို အတွေး ၌ ပင် ဇောချွေး ပြန်ကာ ရက်ပေါင်း များစွာ စိတ်ဆင်းရဲ နေခဲ့ရသည် ။ ကလေး မယူ၍ ကိုဇော် စိတ် ငြိုငြင် မှာ ကို တော့လည်း ကြောက် သေးသည် ။ မြိုင် က တစ်ယောက် တည်း ဘဝ မှာ တော့လည်း နေတတ်မည် မထင် ။ ပြီးတော့ မေမေ တို့ နှင့်လည်း မနေနိုင်တော့ ။  ကိုဇော့် အရိပ် အောက် မှ လွတ်လပ် နေရသော မြိုင် ဘဝ ကို ပဲ မြိုင် တပ်မက်လှသည် ။

သို့နှင့်ပင် ၊ “ မြိုင် မလှတော့ ရင်လည်း ချစ် ရမှာနော် ” ဟု ကိုဇော့် ကို ချွဲနွဲ့သလိုလို နှင့် အတည် ပြောပြီး သားသမီး ယူဖို့ ဆုံးဖြတ် လိုက်ခဲ့ကြသည် ။ သန္ဓေ အဖြစ် သမီး စတင် ခိုတွယ် လာစဉ်မှာ ကိုဇော့် ကို အသိ ပေး သော မြိုင့် အသံ ကပင် အေးအေးသက်သာ နိုင်လွန်း နေခဲ့ပြီ ။ မြိုင့် ငယ်ဘဝ မှာ အပြည့်အဝ မခံစားခဲ့ရသော လွတ်လပ်မှု အရသာ ကို မြိုင့် ကိုယ်ပွား ရင်သွေး ကို ပေးအပ်နိုင်မည် ဟူ သော အတွေး ကပဲ မြိုင့် ကို တည်ငြိမ် အေးဆေး စေခဲ့သည် ထင်၏ ။

သမီး ကို မွေးဖွားချိန် မှာတော့ မြိုင် အလုပ် က ထွက် ခဲ့သည် ။ သမီး ဖေဖေ ကပင် အံ့ဩ တုန်လှုပ် ခဲ့သေး၏ ။ သူ ကတော့ အဲသလောက် ထိ မလိုအပ်လှ ဟု ထင် လိမ့်မည် ။ ဒါပေမဲ့ မြိုင့် အတွက် ကတော့ သမီး ကို အချိန်ပြည့် ပြုစုပျိုးထောင်နိုင်ရေး က ဘဝ ၏ အရေးပါဆုံး တာဝန် သာ ဖြစ် လာပြီ ။ သမီး ဖေဖေ ကတော့ မြိုင် က သမီး ကို ပုံ သွင်းနေတာတဲ့ ။

သမီး ကို မွေးခဲ့ပြီး တစ်နှစ် အတွင်း ကဗျာ တစ်ပုဒ် မဖွဲ့ဖြစ် ။ ဝါသနာ ပါ ရာ ပန်းချီ တစ်ကြောင်း မှ မခြစ် ဖြစ်သည် ကို ပထမ တော့ မြိုင် သိပ် စိတ် ထိခိုက်ရသည် ။ သမီး က မြိုင့် ကို တူ လှသည် ။ ခြေဆံလက်ဆံ ရှည်ရှည် ၊ အသား ညိုလဲ့လဲ့ ၊ ဆံပင် ထူထူနက်နက်တွေ နှင့် ။ နောက်တော့ မြိုင် သည် သမီး ထံ မှာ ကဗျာ များစွာ ပန်းချီ များစွာ ဆက်တိုက် ဖန်တီးတော့သည် ။

သမီး ၏ မျက်ခုံးတွေ ကို ကွမ်းရိုး တွေ နှင့် ရိပ်ရိပ် ပုံ ဖေါ် ၊ နှာတံဖွဖွ ဆွဲ ထင်စေ ၊ ခြေဆံလက်ဆံတွေ ကို ပြုပြင် ဖြောင့်စင်းပေး နှင့် သမီး ပန်းချီတွေ ။ သမီး ကို စကား သင် ၊ အက သင် နှင့် သမီး ကဗျာ တွေ အများကြီး ဖန်တီး နိုင်ခဲ့သည် မဟုတ်လား ။ သမီး က မြိုင် ရဲ့ ဖန်တီးမှု တခု ။

မြိုင် မရခဲ့သော တောင့်တခဲ့ဖူး သမျှ ကို သမီး ရ ရမည် ။ သမီး က လွတ်လပ် ပေါ့ပါးစွာ ရှင်သန် ကြီးပြင်းခဲ့ရ သူ ဖြစ် ခဲ့တော့သည် ။ မြိုင် ကတော့ တစတစ နှင့် ရုပ်လုံး ပေါ်လာသော မြိုင့် လက်ရာ ပန်ချီ ကား တချပ် ကို အားရကျေနပ်စွာ တမက်တမော ဖက်တွယ် ဖြစ်ခဲ့တော့သည် ။

မြိုင် အတွက် မြိုင် သည် လည်းကောင်း ၊ သမီး ဖေဖေ သည် လည်းကောင်း သမီး ဖေဖေ အလိုရှိသော နောက်ထပ် ပွားစီးမည့် ရင်သွေးများ သည် လည်းကောင်း သိမြင်နေစရာ မလိုတော့ ။ တကယ်တော့ “ ခင်နန်းငယ် ” ဟာ “ ခင်နန်းမြိုင် ” အသစ်ကလေး သာ ဖြစ်ရမည် ။

( ၃ )

ခင်နန်းငယ် ကို မွေးဖွားသည့် ပြာသိုလဆန်း တစ်ရက်နေ့ မှာ ခင်နန်းမြိုင် ရဲ့ဘဝ တစ်ခု လုံးလုံးလျားလျား သေဆုံး သွားခဲ့သည် ပဲ ။ ဒါ သေချာသည် ။ ပြီးတော့ ထို သေဆုံးခြင်း က တချိန် မှာ ပြန်လည် ရှင်သန်နိုင်သော သေဆုံးခြင်းမျိုး ဖြစ်ပြီး သေဆုံးသူ ကိုယ်တိုင် က နှစ်ခြိုက်စွာ ဖန်တီး လိုက်သော အဖြစ်အပျက် တစ်ခု လည်း ဖြစ် ပြန်သည် ။ ဖြစ်နိုင်လျှင်  သမီး ကို “ ခင်နန်းမြိုင် ” ဟု ပင် အမည် ပေးချင်တာ ဖြစ်သည် ။

အိမ်ထောင်သည် ဘဝ မှာ မှ သွက်လက် ရှင်သန်ရသော ခင်နန်းမြိုင် က သမီး တစ်ယောက် ရဲ့ အမေ ဘဝ မှာ သေဆုံး ပစ်လိုက်ရတာ စဉ်းစား ကြည့်လျှင် မြိုင့် အတွက် တော့ ကြေကွဲစရာ ကောင်း လှ သည် ။ ဒါပေမယ့် သမီး ၏ ရှင်သန်ဖွံ့ဖြိုးမှု က မြိုင့် ကို ဖမ်းစား ခဲ့သည် ။ သမီး ဟာ ခင်နန်းမြိုင် ပါ ပဲ ဟု တခါတရံ တီးတိုး ရေရွတ်မိတော့ တခါမှာ သမီး ဖေဖေ ကြားသွားပြီး စိတ်ပျက်ဟန် ဖြင့် ခေါင်း ယမ်း နေခဲ့ဖူးသည် ။

သမီး ကို မွေး အပြီး မှာ အသက် နှစ်ဆယ့်လေးနှစ် သာ ရှိသေးသော မြိုင် က အဖွားကြီး တစ်ယောက် လို အိုစာ သွား ကာ တဖြည်းဖြည်း အရွယ် ရောက် လာသည့် သမီး ကတော့ အသက် ငါးနှစ် အရွယ် မှ စ၍ ပင် မြိုင့် အတွက် သိပ် ပြည့်စုံသော အနုပညာလက်ရာ တစ်ခု ဖြစ် နိုင်ခဲ့တာ ဘယ်လောက် အားရ ကျေနပ်စရာ ကောင်းသလဲ … ။

အသက် လေးနှစ် မပြည့် တပြည့် မှာ သမီး ကို မူကြိုကျောင်း စ ထားတော့ ထို အရွယ်မှာ တုန်းက ကြောက်ရွံ့ နေတတ်သော ပါးကွက်ကျားကလေး နှင့် ခင်နန်းမြိုင် ၏ ငယ်ဘဝ နှင့် ဆန့်ကျင်စွာ ဂါဝန် ဖြူလွလွ ဖါးဖါး နှင့် ဆံပင်နှစ်ဖက်ခွဲစည်း လုံးလုံးကလေး နှင့် နှုတ်ခမ်းနီပါးနီ ဆေးခြယ်သော ကော်ပတ်ရုပ်ကလေး လို သမီး ခင်နန်းငယ် ကို လှပ ပျော်ရွှင်ခွင့် ရစေခဲ့သည် ။ ပြီးတော့ နှစ်စဉ် ကျောင်း ကပွဲတွေ မှာ သမီး က သူမ ၏ စိတ် ကို နေရာတော်ခင်း အက ၊ ဆီမီးခွက် အက ၊ ကဗျာလွတ် အက ၊ ယိုးဒယားကန်တော့ခန်း အက များ ဖြင့် ကျေနပ် စေခဲ့သည် ။ မြိုင် ငယ်ငယ် က အဲလို သိပ် က ချင် နေခဲ့သူမဟုတ်လား ။ ( မြိုင့် မေမေ က မကြိုက်လို့ ကခွင့် မရဖူးခဲ့တာ ) ။ ထိုအခါ သမီး ၏ အားကိုးချစ်ခင်ခြင်း ကို အပြည့်အဝ ပိုင်ဆိုင်ရခြင်း ၌ လည်း မြိုင် က စုံမက် သာယာခဲ့သည် ။

ဒါပေမဲ့ မြိုင် ဖြစ်စေချင်သလို သမီး က ပန်းချီ နှင့် ကဗျာ ကို စိတ် မဝင်စားစဉ် ကတော့ မြိုင် သည် ရက် အတော်ကြာ အောင် စိတ်ခြောက်ချား နေခဲ့ရသည် ။ နောက်တော့ သမီး က စောင်း တီးပြီး သီချင်း ဆို ရာ၌ ကျွမ်းကျင် သူ ဖြစ် လာ မှ ပင် မြိုင့် ရဲ့ ခြောက်ချား အိပ်မက်ည တို့ ကုန်ဆုံးခဲ့ရသည် ကို တော့ မြိုင် ခုထိ သတိတရ ရှိ ဆဲပင်ဖြစ်၏ ။ တက္ကသိုလ် မှာ ကျော်ကြားသော သမီး သည် မြိုင် အလိုချင်ဆုံး ဆန္ဒ တစ်ခု ကို ပါ သယ်ဆောင် လာခဲ့သည် ။  ခိုင်သန့် ကို သမီး ခေါ်လာသော နေ့ မှာ ပင် သမီး နှင့် ပတ်သက်သည့် မြိုင့် အလိုဆန္ဒ တို့ က နိဂုံးချုပ် နိုင်တော့ တာ ဖြစ်၏ ။ မြိုင် ငယ်စဉ် က စိတ်ကူးယဉ်ခဲ့ဖူးသော အသားဖြူဖြူ အရပ်မြင့်မြင့် ညိုမှောင်သော မျက်လုံးများ နှင့် ယောက်ျားပျို တစ်ယောက် ကို သမီး က ချစ်ခွင့် ရ သတဲ့ ။ ထို ကောင်လေး ကလည်း သမီး ကို ချစ်ခင် စုံမက်စွာ ပေါင်းသင်း လို သတဲ့ ။

ထို ည က မြိုင် ငို သည် ။ ပြီးတော့ ၊ အားရပါးရ ရယ် သည် ။ ‘ သမီးခင်နန်းငယ် ကို တွေ့ရင် ဒါ … မြိုင် ပါပဲ လို့ ပဲ ထင် မိတယ် ။ မြိုင် ရယ် ... သမီး ကတော့ တကယ့် ကို မင်း ပါပဲ ။ သမီး တစ်ယောက် ဟာ အမေ တစ်ယောက် နဲ့ ခုလောက် တူ နိုင်လိမ့်မယ်လို့ ကိုယ် တို့ မထင်ခဲ့ဖူးဘူး ’ ဟူသော အဓိပ္ပါယ် တူ စကား များစွာ ကြားခဲ့ဖူးတာ သတိ ရသည် ။ ထိုအခါ …

ဟင့်အင်း .. မတူပါဘူး ။ ခင်နန်းငယ် ဟာ မြိုင့် ထက် ပြည့်စုံ ရမယ် ၊ ပြီးတော့ ခင်နန်းမြိုင် ရဲ့ ဘဝ အသစ် ဖြစ်တယ် …

ဟု မြိုင် အမြဲ ငြင်းဆန် ဖြစ်ရသည် ။ ခုရော .. တကယ့် ကို ကျေနပ်အားရဖွယ် ( မြိုင် ကိုယ်တိုင် လိုချင်ခဲ့ဖူးသော ) ဘဝ ကို သမီး က အရ ယူ နိုင်ခဲ့တာပဲ မဟုတ်လား ။

မြိုင် တုန်းက စိတ်ကူး ယဉ်ရရုံ ထက် ပို သာခွင့် မရခဲ့သော အခြေအနေ တစ်ရပ် ကို မြိုင် အသက် သွင်းပေးခဲ့တဲ့ ကိုယ်ပွားရုပ်ကလေး က ပိုင် သွားရတာ ။ လိုဘ ပြည့်စွာ မြိုင် ရယ်မော မိတော့သည် ။

( ၄ )

ခိုင်သန့် နှင့် ယှဉ်တွဲ ထိုင်ကာ ကန်တော့ နေသော သမီး က မျက်လုံး အိမ်မှာ မျက်ရည် တို့ ဝိုင်း နေသည် ။ မြိုင် ကတော့ “ မေမေ သမီး ကို ခွဲ နိုင်တာ သမီး သိပ် ဝမ်းနည်းတာပဲ ” ဟု အနား လာ ကာ ပြော သွားသော မကြာသေးခင် က သမီး စကား ကို ပြန် သတိရကာ စိတ် မကောင်းတော့ ဖြစ် နေမိသည် ။ သမီး ဖေဖေ ကတော့ သိသိသာသာ ပင် မျက်နှာ ပျက်လို့ ။ မျက်နှာ ပျက်စရာ မဟုတ်ဘဲ နဲ့ ကွယ် ။ သမီး ဟာ အကောင်းဆုံး လမ်း ကို လျောက် နိုင်ခဲ့တာပဲ ။ ပြီးတော့ ကိုဇော် က လည်း အဖေ တစ်ယောက် ရဲ့တာဝန် ကို ကျေ နိုင်ခဲ့တာပဲ မဟုတ်လား ။ သမီး ကို တိုက်ခန်းတစ်ခန်း နဲ့ ကားတစ်စီး လက် ဖွဲ့နိုင်တာ ခု ခေတ်ရဲ့ မိဘတွေ အတွက်တော့ သိပ် ကျေနပ် စရာ ကောင်းတာပါ .. လို့ ကိုဇော့် ကို နှစ်သိမ့် ရဦးမည် ။

သမီး ကို ကားတံခါးဝ ထိ လိုက် ပို့တော့ လက်ဖဝါးတွေ ကို ဆုပ်ကိုင်ထားသော သမီး လက်ဖျားတွေ က အေးစက် နေသည် ။ “ သမီး အား ငယ်လိုက်တာ မေမေ ” တဲ့ ။

မြိုင့် ရင်တွေ ဆူပွက် လာသည် ။ မဟုတ်ဘူး ... သမီး ပျော် ရမှာ  ။ မြိုင့် သမီး ဟာ ရဲရင့် ရမယ် ။ “ သမီး .. ပျော်ရမှာလေ ” ဟု မြိုင် တင်းတင်းမာမာ ပဲ ပြန် ပြောဖြစ်သည် ။ သမီး က တစုံတရာ ကို အား တင်းသလို မြိုင့် လက် ကို တချက် တင်းတင်း ညှစ် လာသည် ။ ကား စက် နှိုးသံ အဆူ မှာ “ သမီး မေ့မေ့ ကို လွမ်း နေနော် ” ဟူသော မြိုင် အသံ က လွင် နေပြန်၏ ။ သည်တော့ သမီး က ယဲ့ယဲ့ ပြုံး ပြသည် ။ မြိုင့် တုန်း က မေ့မေ့ ကို လွမ်းသည်ထက် ဘဝသစ် ၌ ပျော်ချင် သည် က များ နေခဲ့သည် ကို သတိ ရသည် ။ ဒါကြောင့်ပဲ သမီး ကို ကျတော့ မြိုင့် ကို လွမ်းနေ စေချင် ပြန်၏ ။ သမီး ၏ တွယ်တာမှု ကို ပိုင် ရသော အမေ ဘဝ ကိုတော့ မြိုင် က ရ လို သေးသည်လေ ။

     •••••   •••••   •••••   •••••

သမီး တို့ ကားလေး ပျောက် အသွား မှာ ရုတ်တရက် သမီး ၏ မေမေ ခင်နန်းမြိုင် ဆိုသော နာမ်တရား က ဗုန်းကနဲ လဲ ကျ သွားသည် ထင်၏ ။ မိုက်ကနဲ တစ်ချက် မူးဝေ သွားပြီး ခဏချင်း မှာပင် ဖျတ်ကနဲ ထင်လင်း လာသော လျှပ်ရောင် ကို မြင်ရ၏ ။

အနှစ် နှစ်ဆယ်ကျော် ကြာ သေဆုံး နေသော ခင်နန်းမြိုင် ၏ ဘဝ ပြန်လည် ရှင်သန် လာခဲ့ပြီ ။ ချက်ချင်းပဲ မြိုင့် ကိုယ်လက် တို့ ပေါ့ပါး လာသည် ။ ကြည့်မှန် ထဲ တွင် အိုမင်းရင့်ရော်ရိပ် တို့ ဖြင့် ဒေါ်ခင်နန်းမြိုင် ကို တွေ့ရသည် ။ တကယ်တော့ အဲဒီ ဒေါ်ခင်နန်းမြိုင် က တစုံတယောက် အတွက် သာ အမြဲ အသက် ရှင်ခဲ့ရသူ ဖြစ်သည် ။ ပထမဆုံး .. ဖေဖေ နဲ့ မေမေ အတွက် ၊ နောက်တော့ သမီး ဖေဖေ အတွက် .. ပြီးတော့ … သမီး အတွက် ။

ခုတော့ ခင်နန်းမြိုင် ထင်သလို ဆက်ဆံ၍ ရသော သမီး ဖေဖေ ၏ အရိပ် အောက်မှာ ခင်နန်းမြိုင် က ပြန်လည် လွတ်မြောက် သူ ဘဝ ရ ပြန်ပြီ ။ သမီး အတွက် ခင်နန်းမြိုင် မလိုတော့ဘူး လေ ။ ပြီးတော့ ခင်နန်းမြိုင် လိုချင်သမျှ ကို သမီး က စားသုံး ခွင့် ရ သွားခဲ့ပြီလေ ။

     •••••   •••••   •••••   •••••

ထုံးဖွဲ့ထားသော ဆံပင် တို့ ကို ဖြေချလိုက်တော့ ခင်နန်းမြိုင် က လွန်ခဲ့သော အနှစ် နှစ်ဆယ် က လိုပဲ နုပျို သွားပြန်သည် ထင်၏ ။ ‘ မြိုင် က သိပ် အတ္တ ကြီးတယ် ’ ဟု သမီး ဖေဖေ ပြောတာ ဟုတ်ပါလိမ့်မည် ။ ခုတော့ဖြင့် မြိုင် မျက်လုံး တွေ က တဖိတ်ဖိတ် လက် လို့ ။ ခရီးဆောင်အိတ် ထဲ က အဝတ်အစား သုံးစုံခန့် နှင့် ကင်မရာ တစ်လုံး ၊ ဆေးဝါးပစ္စည်း အပြည့်အစုံ တို့ ကို ရွှင်ရွှင်မြူးမြူးပဲ ထပ်မံ စစ်ဆေး ဖြစ်သည် ။

မြိုင် တစ်ဦး တည်း မြန်မာပြည် အနှံ့ လျှောက် သွားမည် ။ သမီး ဖေဖေ ကို ကန်တော့ တော့ ၊ သမီး ဖေဖေ က စိတ်မသက်သာ ဟန်ဖြင့် ကြည့်ကာ မြိုင် သိပ်ကြာကြာ မနေနဲ့ နော် … တဲ့ ။

မြိုင် က တကယ့် သပြေခက် အရွယ်ကလေး လို ခစ်ခစ်ပါအောင် ရယ်ကာ “ ခင်နန်းမြိုင် က သူ့ ရဲ့ ကြိုးရှည်ရှည် နဲ့ ချည်တိုင် ကို တော့ ပြန် လာမှာပါ ကိုဇော် ရယ် ။ ခု ခရီး ကလည်း ကိုယ့် ဘာသာ ကိုယ် ကျင်းပတဲ့ ပြန်လည် ရှင်သန်ခြင်း အထိမ်းအမှတ် သက်သက် ပါ ” ဟု ပြန် ဖြေမိသည် ။ တကယ်လည်း ရင် ထဲ မှာ ပျော်ရွှင် လှသည် ။ သည်နေ့ သည်ရက် သည်အချိန် ကို ရောက်ရဖို့ အတွက် မြိုင် အနှစ် နှစ်ဆယ် လုံးလုံး စောင့်ဆိုင်းခဲ့ရသည်  ကို တော့ မြိုင် ကပဲ အသိဆုံး ဖြစ်သည် မဟုတ်လား ။

ပြီးတော့ သမီး ဖေဖေ မရှိသည့် အကာကွယ်မဲ့ ဘဝ မှာ လွတ်လပ်စွာ ရှင်သန်ပျော်ရွှင်နိုင်ခွင့် မရနိုင်သည် ကို လည်း သမီး ဖေဖေ အပြော အရ အတ္တ ကြီးလှသည် ဆိုသော မြိုင် က သိပ် နားလည်သည်ပဲ လေ ။

◾မေငြိမ်း

📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
      အောက်တိုဘာ ၊ ၁၉၉၀ ။

aung naing oo
10 Aug 2022

.

No comments:

Post a Comment