Sunday, August 21, 2022

ငှက်ကလေး ( ၃ )


 

အပိုင်း ( ၃ )

မုန့်စားဆင်း ခေါင်းလောင်း ထိုးသည် ။

အပြင် မထွက်တော့ဘဲ အတန်းထဲ မှာ ပင် ထမင်း စား တော့မည်ဟု စဉ်းစားပြီး ထမင်းဘူး ကို ဖွင့် လိုက်သည် ။ ဆော်လီမား ၏ လက်ရာ ငါးမွှေထိုး ဟင်း ။ ငါးမွှေထိုး ကို ကိုယ် သိပ် မကြိုက်ပါ ။ အကောင် ကြီးလျှင် နည်းနည်း တော်သေးသည် ။ အခုဟာက အကောင်သေးသေးလေးတွေ ၊ အရိုးပေါ် မှာ ကပ် နေသော အသားမာမာတွေ ကို ဖဲ့ ယူရတာ ကို က စိတ် မရှည်စရာ ။ ထမင်း ကို နည်းနည်း ပဲ စား တော့သည် ။

မနေ့က စ၍ ကျောင်း ပြန်တက်ခြင်း ဖြစ်သော်လည်း လက် က နည်းနည်း နာ နေသောကြောင့် ဘောလုံးကွင်း ဘက် မသွားမိပါ ။ ဒီနေ့တော့ လက် မနာတော့ ။ ကျောင်း ရှေ့ကွက်လပ် သို့ ထွက် လာခဲ့သည် ။ သူတို့ လူ ခွဲဖို့ စီစဉ်နေတုန်း ကိုယ် ရောက်သွားသည် ။

“ ကိုယ် ဘယ်ဘက် က ပါရမလဲ ”

အုန်းသီး က ဘောလုံး ကို ကိုင်ထားရာ မှ လှည့် ကြည့်သည် ။

“ ဘယ်ဘက်က မှ မပါနဲ့ ”

သူ နောက် ပြောတာ မှတ်လို့ ကိုယ် ပြုံးပြ လိုက်သည် ။ သို့သော်လည်း သူ့ မျက်နှာက ဒီအတိုင်း ။

“ ကိုယ် လည်း ပါမယ်ကွာ ”

ကိုယ် ထပ် ပြောသည် ။ သူတို့ သည် ကိုယ့် ကို ဘာမျှ ပြန်မပြောကြဘဲ သူတို့ ဘာသာ လူစု ခွဲနေကြသည် ။ ကိုယ် နည်းနည်း ရှက် သွားသည် ။ ထွက် မသွားသေးဘဲ ဆက် ၍ ရပ်နေသည် ။ ဖရက်ဒီ သည် ဂိုး ဖမ်းရန် ဂိုးတိုင်နား သို့ လျှောက်လာရင်း ရပ်နေသော ကိုယ့် ကို တွေ့သွားသည် ။ သူ က မေးသည် ။

“ မင်း ပါချင်လို့လား ”

ကိုယ် က ခေါင်းညိတ် ပြ လိုက်သည် ။

“ ပါချင်ရင် အိမ်သာ ထဲ သွားပါပါလား ကွ ”

အားလုံး ဝိုင်း ရယ်ကြသည် ။ ကိုယ့် မျက်နှာ သည် ရှက်စိတ်ကြောင့် ပူရှိန်း သွားသည် ။

အုန်းသီး က လှမ်း အော်ပြောသည် ။

“ ဒီ ကောင် ပါရင် စာရင်း ရှုပ်တယ် ၊ လက် နာ ရတာ နဲ့ ဖင် နာရတာ နဲ့ ဘောလုံး မှန်တာလေးတောင် မခံနိုင်ဘူး ၊ အလကား ကောင် အခြောက် ”

“ ဘာကွ ”

ကိုယ့် အသံ ကို ကိုယ် အံ့သြ သွားသည် ။ ဒီလောက် ကျယ်ကျယ် ပြောလို့ ရမှန်း ခုမှ သိ၏ ။ ကိုယ် သူတို့ ကို မကြောက်တော့ဘဲ ဖြစ် သွားသည် ။ ကိုယ် အော် ပြောပြန်၏ ။

“ အခြောက် ဟုတ်လား မဟုတ်လား သိ ရအောင် စမ်း ကြည့်ပါလား ”

ကိုယ့် ထက် အသက် လည်း ကြီး ၊ အကောင် လည်းကြီးသော အုန်းသီး ကို ပြန် ဟောက် လိုက်သောကြောင့် အံ့သြ ကုန်ကြသည် ။ ကိုယ့် ကို မပြော နှင့် ၊ တစ်တန်းလုံး ကို ပင် အနိုင် ကျင့် ချင်သော အုန်းသီး သည် သူ့ ကို အာခံသောကြောင့် ရှက် သွားသည် ။ ဘောလုံး ကို ပစ်ပေါက်ချလိုက်ပြီး ကိုယ့် နားသို့ လျှောက်လာသည် ။

“ မင်း က ဘာပြောတာလဲ ”

ကိုယ့် အင်္ကျီရင်ဘတ်စ ကို သူ ဆွဲကိုင် လိုက်သည် ။ သူ ကိုယ့် ကို စိုက် ကြည့်နေသည် ။ ကိုယ် ကလည်း ကိုယ့် ထက် မြင့် နေသော သူ့ မျက်လုံးများ ကို ပြန်စိုက် ကြည့်လိုက်သည် ။

“ မင်း က ဘာလဲ"

“ မင်း က ကော ဘာလဲ ”

အင်္ကျီစ ကို လာ ဆွဲထားသော သူ့ လက် ကို ကိုယ် ပုတ် ချလိုက်သည် ။ သူ သည် အံ့သြလွန်းသဖြင့် ကိုယ့် ကို ပြူးကြောင် ကြည့်နေဆဲ ။ သူ့ ဗိုက် ကို လက်သီး နှင့် တအား ထိုးချလိုက်သည် ။ “ အင့် ” ခနဲ အော်ပြီး သူ့ ကိုယ်ကြီး သည် ရှေ့ သို့ ငိုက် ကျလာသည် ။ သူ့ မျက်ခွက် တည့်တည့် ကို တအား ကြုံး ထိုး ပစ်လိုက်သည် ။ သူ ဖင်ထိုင်ရက် လဲ သွားသည် ။ ပြန် မထနိုင်ခင် မှာ သူ့ ရင်ပတ် ပေါ် သို့ တက် ခွပြီး လည်ပင်း ကို ညှစ်သည် ။ သူ ရုန်း သော်လည်း ကိုယ် မလွှတ် ။ တခြား ကောင်တွေ ကလည်း ဝင် မဆွဲရဲဘဲ ဒီအတိုင်း နေကြသည် ။ အုန်းသီး ၏ မျက်လုံးများသည် ပြူးကျယ် ၍ လာသည် ။ ကြောက် နေသော သူ့ မျက်နှာ ကို မြင် ရ၏ ။ သူ သည် “ ကြောက်ပြီ ကွ ၊ အေ့ .. အစ် ၊ ကြောက်ပြီ ညီညီ ” ဟု ရုန်းရင်းကန်ရင်း အော် သည် ။ သူ့ အသံတွေ မပီသချေ ။ သို့သော်လည်း ကိုယ် လွှတ်ပေးဖို့ စိတ် မကူးမိဘဲ ပို၍ပင် ဒေါသ ဖြစ် လာသည် ။ တစ်ယောက် ယောက် က ကိုယ့်ကျော ကို တုတ် နှင့် ရိုက်လိုက်သော အခါ ကျ မှ သူ့ ကို လွှတ်၍ လှည့် ကြည့်သည် ။ ကြိမ်လုံး ကို ကိုင် ၍ ရပ် နေသော သင်္ချာဆရာ ကို တွေ့ရလေသည် ။

“ နှစ်ယောက်စလုံး လိုက်ခဲ့ ”

ဆရာ/ဆရာမများ အပန်းဖြေခန်း ထဲ သို့ ခေါ်သွားသည် ။ အခန်း ထဲ တွင် ဆရာမ နှစ်ယောက် သာ ရှိသည် ။ တခြား ဘယ်သူ မှ မရှိ ။ တီချာမေ များ လား ဟု လှမ်း ကြည့်မိသေးသည် ။ မဟုတ် ။ တခြား ကိုယ် မသိသော ဆရာမတွေ ။ သူတို့ ကလည်း ဟိုဘက် လှည့်၍ ပိတ်စတွေ ကို ကိုင် ကြည့်နေကြသည် ။

“ ဘာ ဖြစ်ကြတာလဲ ”

ဆရာ မေးတာ ကို ကိုယ် မဖြေ ။ အုန်းသီး က ဖြေသည် ။

“ သူ ကျွန်တော့် ကို ဆွဲထိုးတယ် ၊ ပြီးတော့ ... ပြီးတော့ လည်ပင်း ကို လဲ ”

အုန်းသီး သည် စကား မဆက်နိုင်ဘဲ တရှုံ့ရှုံ့ ငိုသည် ။ သွေးတွေ စီးကျနေသော နှာခေါင်း ကို လက် ဖြင့် သုတ်သည် ။ လက်ရာတွေ ထင် နေတုန်း ရှိသော လည်ပင်း ကို လည်း ကိုင်စမ်း နေသည် ။

“ မင်း က လူမိုက် လား ”

ဆရာ သည် ကိုယ့် ကို မျက်လုံးကြီး ပြူး ကြည့်ရင်း မေး သည် ။ ကိုယ် ဘာမျှ ပြန် မဖြေ ။

“ ဟေ့ကောင်... ငါ မေးနေတယ် ”

ဆရာ့ အသံ က ကျယ် လာသည် ။ လေသံ လည်း မာ လာသည် ။ ကိုယ် ပြန် မဖြေဘဲ ကြမ်းပြင် ကို သာ စိုက် ကြည့်နေလိုက်သည် ။ ကိုယ့် ရင်ဘတ် သည် နိမ့်လိုက် မြင့်လိုက် ဖြစ်နေတုန်း ။ ကိုယ် ခုထိ ဒေါသ မပြေသေး ။

' ရွှီ ' ခနဲ မြည်သံ ကြား ရပြီး ကြိမ်လုံး သည် ကိုယ့် ခြေသလုံး ကို လာ ထိသည် ။ ပူခနဲ ဖြစ် သွား၏ ။

“ ဟင် ... မင်း... မင်း က ဘာကောင် လဲ ”

' ဖြန်းခနဲ ၊ ဖြန်းခနဲ ' မြည်သံတွေ ကြားရသည် ။ တင်ပါး ၊ ပေါင် ၊ ခြေသလုံး ။ ကိုယ် ငို လည်း မငို ၊ ခါး ကော့၍ ကော့၍ လည်း မသွား ၊ ရှောင်လည်း မရှောင် ။ ကိုယ် ကို တောင့်၍ ခံသည် ။ ဘယ် နှစ်ချက် လဲ ကိုယ် မှတ်မထား ။ နာ ရ မည်လည်း ကိုယ် မသိတော့ ။

“ အို ... ဆရာ .. ဆရာ ... ”

အသံ တစ်သံ ကြား သည် ။ တီချာမေ့ အသံ ဖြစ်မည် ။ ဆရာ သည် အရိုက် ရပ် လိုက်ရ၏ ။ သို့သော်လည်း ဒေါသ မပြေသေးကြောင်း သိသာသည် ။ ကြိမ်လုံး ကို လေထဲ တွင် ယမ်းနေတုန်း ၊ ' တဝီဝီ ' မြည်နေသည် ။ ကိုယ် သည် လည်း ခုမှ နာရမှန်း သိ လာသည် ။ ခြေထောက် တွေ တဆတ်ဆတ် တုန် နေသည် ။

“ ဘယ်လို ဖြစ်တာလဲ ဆရာ ”

“ အုန်းသီး ကို ထိုးတယ် ဆရာမ ”

ဆရာ က ပြောသည် ။ ဆရာ့ လေသံ သည် စောစောတုန်းကလို မာ မနေတော့ ။ တီချာမေ က အုန်းသီး ကို မေးသည် ။

“ ဘယ်လို ဖြစ်သလဲ အုန်းသီး ”

“ လည်ပင်း ကို လည်း ညှစ်တယ် တီချာ ”

အုန်းသီး သည် ငို ပြန်သည် ။ ခါတိုင်းက သူ အနိုင်ကျင့်ပြီး ထိုးလိုက်လို့ ကျောင်းသားငယ်တွေ ငိုကြသည် ကို ကြည့်ရင်း တဟားဟား ရယ် တတ်သော အုန်းသီး ကို ကိုယ် မသနားချေ ။ နောက် တစ်ချက် လောက် ထပ် ထိုး လိုက်ချင်သေးသည် ။ တီချာမေ က လည်း ဒါကို သိလိမ့်မည် ။

“ ကဲ မောင်အုန်းသီး ၊ သွားတော့ ” 

ဟု ပြောလိုက်သည် ။

ပြီးတော့ ကိုယ့် ဘက် လှည့်၍

“ ဘာဖြစ်လို့ ထိုးတာလဲ ညီညီ ”

“ ကိုယ့် ကို ... ကိုယ့် ကို အခြောက် လို့ ပြောလို့ပါ ” 

တီချာမေ ဆရာ့ ကို ကြည့် လိုက်ပြန်သည် ။ သူ အရိုက် လွန် သွားကြောင်း ဆရာ သိသွားဟန် တူသည် ။ တီချာမေ စိတ် ဆိုးနေကြောင်း ကို လည်း သူ ရိပ်မိသည် ။

“ ဒီကောင် သိပ် ဆိုးတယ် ဆရာမ ၊ ပြီးတော့ မေးတာ ကိုလည်း မဖြေဘူး ၊ ပေကပ်ကပ် လုပ် နေတယ် ၊ ဒါကြောင့် ကျွန်တော် ... ”

“ ဒီမှာ ဆရာ ”

တီချာမေ့ အသံ နည်းနည်း မာ သွားသည် ။ ကိုယ် သည် ဘောင်းဘီတို ဝတ် ထားသောကြောင့် ခြေသလုံး က အရှိုးရာများ ကို မြင်နိုင်မည် ထင်သည် ။ တီချာမေ သည် ကိုယ့် ခြေသလုံး ကို တစ်ချက် ကြည့်ပြီး မျက်နှာ ပျက် သွားသည် ။ ဆရာ့ ကို ပြောသည် ။

“ ဒီမှာ ဆရာ ၊ ကျွန်မ အတန်း က ကျောင်းသား တစ်ယောက် ဟာ ခုလောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ဆုံးမရလောက်အောင် ဆိုးသွမ်းနေတယ် ဆိုရင် ကျွန်မ ထိန်းသိမ်းမှု ညံ့ လို့ပဲ ဖြစ်လိမ့်မယ် ထင်တယ် ”

ဆရာ သည် ဘာမျှ ပြန် မပြောချေ ။ တီချာမေ သည် ကိုယ့် ကို ကြည့်ပြီးနောက် လေသံ ကို နည်းနည်း လျှော့ လိုက်သည် ။

“ တကယ်တော့ ညီညီ ဟာ ကျောင်းသားဆိုး တစ်ယောက် မဟုတ်ပါဘူး ဆရာ ၊ ညီညီ ကို ဆရာ နားမလည်သေး လို့ ဖြစ်ပါလိမ့်မယ် ၊ အင်းလေ .. အေးအေးဆေးဆေး ကျ မှ ကျွန်မ ရှင်း ပြပါမယ် ။ ခုဟာကတော့ သူ့ အပြစ် နဲ့ အရိုက် ခံရတာနဲ့ မမျှဘူးလို့ ထင် ပါတယ် ”

“ ဆောရီးပဲ ဆရာမ ၊ ကျွန်တော် နည်းနည်း ဒေါသ ဖြစ်သွားမိလို့ ”

တီချာမေ သည် အခန်း ထဲ က ထွက် သွားသော ဆရာ့ နောက်ကျော ကို ငေး ကြည့်နေသည် ။ ဆရာ့ ကို ကြည့်နေရာ မှ ကိုယ့် ဘက် ကို လှည့်လိုက်သော တီချာမေ ၏ မျက်နှာ သည် ချက်ချင်း ပြောင်းသွားသည် ။ ဆရာ နှင့် စကား ပြောနေတုန်းကလို မဟုတ်တော့ပါ ။

“ ညီညီရယ် ... ဖြစ်မှ ဖြစ်ရလေကွယ် ”

ခုမှပင် ကိုယ် ဝမ်းနည်း လာသည် ။ ဝဲ လာသော မျက်ရည်ကို ကျ မလာအောင် မျက်နှာမော့ ထားလိုက်သည် ။ အရိုက်ခံ ခဲ့ရသော နေရာများ မှ နာ လာပြန်သောအခါ မျက်ရည်တို့ တိတ် သွားကြပြန်သည် ။ ခြေသလုံး မှာ အရှိုးရာတွေ ထင်နေသည် ။ ဒီ အရှိုးရာတွေ နှင့် အတန်းထဲ သို့ ပြန် မဝင်လိုပါ ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အရိုက် ခံရ ပြီးလျှင် အတန်း ထဲ ကို ဝင်ရမှာ ရှက်သည် ။ ကိုယ့် စိတ်များကို တီချာမေ က မပြောဘဲ နှင့် သိ သိ နေသည် ။

“ ကဲ ညီညီ အတန်း ထဲ ကို ပြန် မသွားနဲ့တော့ ၊ ဒီမှာပဲ စာ ဖတ်ရင်း ကျောင်းဆင်းတဲ့ ထိ နေပေါ့ ၊ ဟုတ်လား ”

ကိုယ် ခေါင်း မြန်မြန် ညိတ်ပြသည် ။ တီချာမေ က ...

“ ညီညီ လွယ်အိတ် ကို တစ်ယောက် ယောက် ပို့ ခိုင်းလိုက်မယ် ” 

ဟု ပြောပြီး ထွက်သွားသည် ။ ကိုယ့် အကြောင်းတွေ ကိုယ့် စိတ်တွေ ကို ဂရုစိုက်တဲ့ ၊ နားလည်တဲ့ တီချာမေ ။ တီချာမေ ထွက်သွားသည် ကို ငေးကြည့်ရင်း အခန်း အပြင် မှာ ရပ် နေသော ကောင်မလေး တစ်ယောက် ကို မြင် လိုက်ရသည် ။

ကိုယ် နှင့် ရွယ်တူ လောက် ပင် ရှိမည် ။ သူ သည် ဓားလှီး ရေခဲမုန့် ကို စုပ်နေရင်း က ကိုယ့်ကို ကြည့် နေ၏ ။ သူ က ကိုယ့် ကို သနားနေပါသလား မသိ ။ ကိုယ် ကလည်း သူ့ ကို ပြန် ကြည့်နေကြောင်း သိ သွားသောအခါ “ စားမလား ”  ဆိုသော သဘောဖြင့် သူ့ လက်ထဲ က ဓားလှီးရေခဲမုန့် ကို မြှောက်ပြသည် ။

ကိုယ် ခေါင်းခါလိုက်၏ ။

•••••   •••••   •••••

ကိုယ့် ခြေသလုံး က အရှိုးရာတွေ ကို မြင်သောအခါ ဆော်လီမား က ...

“ အာယိုယို ဘရာရေ ၊ ဘာဖိတာလဲ နီနီ ”

ဟု အော်လေသည် ။

“ အာရိုရို ဘုရားရေ ၊ ဘာဖြစ်တာလဲ ညီညီ ” 

ဟု ပြောခြင်း ဖြစ်ပါသည် ။

“ ဘာမှ မဖြစ်ပါဘူး ”

“ ဆနွန်းနော် ထည့်ရမယ် ”

ဟု ပြောပြီး မီးဖို ထဲ ဝင်သွားသည် ။ နနွင်းပုလင်းကြီး ကိုင်ပြီး ထွက်လာသည် ။

“ ဟာ ... နနွင်း ထည့် လို့ မဖြစ်ဘူး ၊ မေးခိုင်ပိုး ဝင်လိမ့်မယ် ”

“ ဘာ မေးခိုင်းတာလဲ ”

မေးခိုင်ပိုးတွေ ဘာတွေ သူ သိမှာ မဟုတ်ပါဘူး ဟု စဉ်းစားမိသဖြင့်

“ ဘာမှ မဟုတ်ဘူး ၊ အင်္ဂလိပ်ဆေး ထည့်မယ် ”

ကိုယ် ထွက်လာသည် ။ ပြီးမှ ပြန်လှည့်၍

“ မေမေ့ ကို ဘာမှ ပြန် မပြောနဲ့နော် သိလား ”

ဆော်လီမား ကလည်း ထို ကိစ္စလောက် ကို အရေးတကြီး လုပ် မနေတော့ပါ ။ လျှော်စရာ အဝတ်ဟောင်းတွေ ကိုသာ လိုက် စုနေသည် ။ ကိုယ် လည်း အင်္ကျီ ချွတ် ၊ ရေတစ်ခွက် သောက်ပြီး ရေချိုးခန်း ထဲ ဝင် ခဲ့သည် ။

ရေတစ်ခွက် လောင်း ချ လိုက်သောအခါ ခြေထောက် မှ အရှိုးရာတွေ က အရမ်း စပ်သွားသည် ။ ဆပ်ပြာ မတိုက်ရဲတော့ဘဲ ရေ မြန်မြန် ချိုးရသည် ။ ရေချိုး ပြီးတော့ ကိုယ့် မှာ တစ်ထည် တည်း ရှိသော လုံချည်အပြာကလေး ကို ထုတ်ဝတ်လိုက်သည် ။ ဒီ လုံချည်ကလေးကို မဝတ်တာ ကြာပြီ ။

လွန်ခဲ့သော သုံးနှစ် ခန့် က ဖွားမေသိန်း ဒီကို လာတော့ ကိုယ့် အတွက် ဝယ် လာခြင်း ဖြစ်သည် ။ သီတင်းကျွတ် ၊ တန်ဆောင်တိုင် တို့ မှာသာ နှစ်ခါ သုံးခါ ဝတ်ပြီး သိမ်းထားခဲ့ခြင်း ဖြစ်ပါသည် ။ ဒီနေ့တော့ ဒီ လုံချည် ကို မဝတ်လို့ မဖြစ်ပါ ၊ ဘောင်းဘီ နှင့် ဆိုလျှင် ခြေထောက် အရှိုးရာတွေ ကို မေမေ မြင် သွားနိုင်သည် ။ ထမင်း စားပြီးတော့ ခြံဝ က ခုံတန်း မှာ မေမေ့ ကို သွားစောင့်မည် စိတ်ကူးပြီး မှ မစောင့်ဘဲ စာကြည့်စားပွဲ မှာ ထိုင်လိုက်သည် ။ စာ မကြည့်ဖြစ်သေးပါ ။ နေ့လယ် က အကြောင်း ကို ပြန် စဉ်းစားကြည့်သည် ။ အုန်းသီး ကို ကိုယ် ခံထိုးခဲ့သည့် အတွက် အံ့သြမိသည် ။ ခါတိုင်းက ဆိုလျှင် သူ သည် ကိုယ်တို့ ကို အနိုင် ကျင့်နေကျ ။ ကိုယ်တို့ လို ကျောင်းသားငယ်လေးတွေ ကို တွေ့ပြီ ဆိုလျှင် ခြေသလုံး ကို ပိတ်ပိတ် ကန်တတ်သည် ။ သတိထားပြီး မရှောင် မိ လျှင် သိပ် နာသည် ။ ပြီးတော့ “ မင်း ငါ နဲ့ ချမလား ”  ဟု ကိုယ့် ကို ခဏခဏ မေးသည် ။ ကိုယ် က ခေါင်း ခါပြလျှင် “ အေး .. မင်း ငါ့ကို အာမခံ နဲ့ သိလား ” ဟု ပြောတတ်သည် ။ ဟိုတစ်ခါတုန်းကလည်း တင်အောင်ခိုင့် ကွန်ပါဘူး ထဲ က နှစ်ဘက်ချွန် ကို သူယူ၍ တံခါး ကို ပစ်တမ်း ကစားသည် ။ တစ်ချက်ကျတော့ တံခါး ကို မထိဘဲ ဘေး က အုတ်နံရံ ကို သွား ထိရာ ဆူးချွန်ကြီး ကောက် သွားလေသည် ။ တင်အောင်ခိုင် က ငိုပြီး တီချာမေ ကို သွား တိုင်သည် ။ အုန်းသီး အရိုက် ခံရသည် ။ အုန်းသီး သည် သွား တိုင်ရကောင်းလား ဆိုပြီး တင်အောင်ခိုင့် ကို ဆွဲ ထိုး၏ ။ တင်အောင်ခိုင် နှာခေါင်း ထဲ က သွေးတွေပင် ကျလာသည် ။ သို့သော်လည်း နောက်ထပ် အထိုး ခံရမည် စိုးသောကြောင့် မတိုင်ရဲတော့ချေ ။

နေ့လယ်ကမူ ကိုယ့် စိတ် ထဲက ဘယ်လိုတွေ ဘာတွေ ဖြစ်သွားမှန်း မသိ ။ သူတို့ ကို မကြောက်မိချေ ။ အုန်းသီး ကို ပြန်ထိုးသည့် အတွက် ကိုယ့် ကို သတ္တိ ရှိတယ် ဟု ပြောနေကြမလား မသိ ။

မေမေ ပြန်လာသော အခါ ကိုယ် အရိုက် ခံရသည့် အကြောင်း သိသွားမည် စိုးသဖြင့် မေမေ့ နားမကပ်ဘဲ နေသည် ။

သို့သော်လည်း မေမေ က ကိုယ့် လုံချည် ကို ဂရုစိုက်မိသွား၏ ။

“ အမယ် ... သား က လုံချည်တွေ ဘာတွေနဲ့ပါလား ”

“ ဟုတ်တယ် မေမေ ၊ ကိုယ် နောက် ကို လုံချည် ပဲ ဝတ်တော့မယ် နော် ”

“အေးလေ ၊ ဝတ်ပေါ့ ။ သား က လူပျိုကြီး ဖြစ်နေပြီပဲ ဟာ ”

ကိုယ် ရှက်သွားသလို လည်း ဖြစ်မိသည် ။ ရုတ်တရက် လည်း ပျော်သွားသောကြောင့် သတိမေ့ပြီး မေမေ့ ကို ပြေး ဖက်လိုက်မိသည် ။ မေမေ ကလည်း ကိုယ့် ကို ပြန် ဖက်ထား၏ ။ မေမေ့ ထံ မှ ကြားရခဲသော အသံ ကို ကြား ရသည် ။ ရယ်သံ ပင် ဖြစ်ပါသည် ။

“ သား က တော်တော် ထွားလာတယ် သိလား ၊ ကြီးလာရင် ဘာလုပ်မှာလဲ သား ”

“ ဆရာဝန် ပေါ့ မေမေရဲ့”

“ ဖြစ်မှာပါ ။ သား က စာ တော်တာပဲ ”

မေမေ့ အသံ သည် ကြည်ကြည်လင်လင် ရှိ ပါသည် ။ ထိုကြောင့် မေမေ လည်း ပျော် နေကြောင်း သိသာသည် ။ မေမေက ရယ်လိုက်ပြီး ...

“ ဒါပေမယ့် သား က မိန်းမ ယူ မှာ မဟုတ်လား ၊ အဲဒီအခါကျတော့ မေမေ့ ကို လုပ်ကျွေးနိုင်ဦးမလား ”

“ အို ... ကိုယ် က မိန်းမ မယူပါဘူး ၊ မေမေ့ ကိုပဲ လုပ်ကျွေးမှာပေါ့လို့ ”

မေမေ သည် ပြုံးနေရာ မှ မျက်နှာ ကို တည်လိုက်သည် ။ ပြီးတော့မှ ပြန် ပြုံးလိုက်ပြီး ...

“ အင်း .. မေမေ တော့ ဒီသားကြီး ကို ပဲ အားကိုးရမှာပဲ ”

မေမေ သည် ကိုယ့် ကို ဖက်ထားသော လက် ကို လျှော့လိုက်ပြီး ရယ်ပြန်သည် ။ ကိုယ့်တင်ပါး ကို ချော့သိပ်သလို ပုတ်နေသည် ။ အရိုက် ခံထားရသော နေရာ မှ ဆစ်ခနဲ နာသွား၏ ။ သို့သော်လည်း မေမေ သိသွားမည် စိုးသောကြောင့် ဘာမှ မဖြစ်သလို အောင့် ခံ နေလိုက်သည် ။ မေမေ သိသွားလျှင် ခုလို ပျော်နေသော အရှိန်ကလေး ပျက်သွားမည် စိုးရပါသည် ။

•••••   •••••  •••••

ကျောင်း တက်ဖို့ ထွက်လာခဲ့သည် ။ ခါတိုင်းလို ဘောင်းဘီတို မဝတ်တော့ဘဲ တစ်ထည်တည်းသာ ရှိသည့် လုံချည်ပြာကလေး ကို ပင် ဝတ် လာခဲ့သည် ။ ကိုယ့် ခြေလှမ်းများ နှေးပါသည် ။ လမ်း လျှောက် နေရသည် ကို စိတ် မပါသလို ဖြစ်နေသည် ။ အတန်း ထဲ က လူများ သည် ကိုယ် အရိုက် ခံရသည် ကို သိပြီးသား ဖြစ်နေပါလိမ့်မည် ။ ကိုယ့် ကို ဘယ်လို ပြော ကြမည်နည်း ။ အရိုက် ခံရသောကြောင့် သနား နေကြမလား ။ လူဆိုး ဟု ပြောကြမှာလား ။ သတ္တိ ကောင်းသည် ဆိုကြမှာလား ။ အုန်းသီး ၊ ဖရက်ဒီ ၊ ပြီးတော့ သင်္ချာဆရာ ။ ကိုယ် လျှောက်နေရာမှ ရပ်လိုက်၏ ။ “ ညီညီ ရယ် ” ဆိုသော အသံ ကို ကြားမိသည် ။ တီချာမေ ၏ မျက်နှာ ကို မြင်ယောင်လာသော အခါ ရပ် နေရာမှ ပြန် လျှောက် မိပြန်သည် ။ ဟိုးရှေ့ မှာ ကိုယ့်လိုပင် ကျောင်း သို့ သွားနေကြသော ကျောင်းသား နှစ်ယောက် ကို တွေ့ရသည် ။ သူတို့ ကို မြင်သော အခါမှပင် ကိုယ် တို့ ကျောင်းစည်းကမ်း ကို သတိ ရတော့သည် ။ လုံချည် ဖြစ်ဖြစ် ၊ ဘောင်းဘီဖြစ်ဖြစ် အစိမ်းရောင် ကို သာ ဝတ် ရသည် ။ အင်္ကျီ ကျတော့ အဖြူ ။ အစိမ်း နှင့် အဖြူ မဟုတ်လျှင် ကျောင်းထဲ မဝင်ရ ၊ ကိုယ် ဝတ်ထားသည် မှာ အင်္ကျီ ကတော့ အဖြူ မှန်သည် ။ လုံချည် က အပြာ ဖြစ် နေသည် ။ သည်အတိုင်း သွားလို့လည်း မဖြစ်သေးပါ ။ အိမ် ကို ပြန်ပြီး ဘောင်းဘီတို လည်း မလဲချင် ။ ကိုယ့် ခြေသလုံး သည် မနာတော့သော်လည်း အရှိုးရာတွေ ထင် နေတုန်းပါ ။ ကိုယ့် ခြေထောက်များ သည် တဖြည်းဖြည်း နှေး လာရာ မှ ရပ် သွားလေသည် ။ ကိုယ် သည် ကျောင်း မပြေးဖူးပါ ။ ကျောင်း ပြေးရမည်ကို ရှက်လည်း ရှက်ပါသည် ။ ကြောက်လည်း ကြောက်ပါသည် ။ သို့သော်လည်း ကိုယ့် ကို လက်သီး ထောင် ပြနေသော အုန်းသီး ကို မြင်ယောင် နေသည် ။ ကိုယ့် နား ထဲ တွင် ကြိမ်လုံးသံ တရွှီရွှီ ကို လည်း ကြား လာ၏ ။ မျက်မှန် တပ်ထားသော်လည်း ကြင်နာစွာ ကြည့် တတ်သော တီချာမေ ၏ မျက်လုံးများ ကို သတိ ရသောအခါ အား တက်မိပြန်သည် ။

လမ်း လျှောက်လိုက် ရပ်လိုက် လုပ်ရင်း က တံတားကြီး နား ကို ရောက် လာသည် ။ တံတားကြီးထိပ် မှ နေ၍ ကိုယ် ရပ်ကြည့်နေမိသည် ။ ချောင်း ထဲ တွင် ဝါးဖောင်တွေ တွေ့ ရသည် ။ ဝါးဖောင် ပေါ် တွင် ကိုယ် တို့အရွယ် ကောင်ကလေးတွေ ငါးမျှား နေကြသည် ။ ကောင်လေး တစ်ယောက် သည် ရေပေါ်တွင် ပေါ်နေသော တုတ်ချောင်းကလေး တစ်ချက် နှစ်ချက် မြုပ် သွားသည် နှင့် ငါးမျှားတံ ကို ဆွဲ တင်လိုက်သည် ။ ငါးမျှားကြိုး တွင် ငါးတစ်ကောင် တန်းလန်း ပါလာသည် ။ ငါး ဆီ မှ ' ဇီဇီ ' ဆိုသော အသံ ကို ကြားရသည် ။ ထိုအော်သံကို ကိုယ် မကြားဘူးသောကြောင့် အံ့သြသွား၏ ။ ထို ငါးမျိုး ကို ကိုယ် မှတ်မိသည် ။ အိမ် မှာ ဆော်လီမား ခဏခဏ ချက်တတ်ပြီး ကိုယ် မကြိုက်သော ငါး ၊ ငါးဇင်ရိုင်း ဖြစ်သည် ။ တချို့ ကောင်လေးတွေ သည် ချောင်းစပ်လတာပြင် ပေါ် ၌ ဖောင်စီးကဏန်းများ ကို လိုက် ဖမ်းနေသည် ။ တချို့ ချောင်း ထဲ မှာ ရေကူး နေကြလေသည် ။ ကျောင်း တက်ချင်စိတ် ဖြစ်ပေါ် လာပြန်သည် ။ ထိုအချိန်မှာ ပင် ဘယ်ဆီက လွင့်လာမှန်း မသိသော သံချောင်း ခေါက်သံ ကို ကြား ရသည် ။ ရှစ်နာရီ ထိုးပြီ ။ ကျောင်း တက်ပြီ ဖြစ်ပါသည် ။ သည်ကနေ ကျောင်း ကို ငါးမိနစ် လောက်တောင် လျှောက်ရဦးမည် ။ ကျောင်း နောက်ကျတာ တပြစ် ၊ လုံချည်ပြာဝတ်ထားတာ က တပြစ် ၊ တီချာမေ ရှိရာ ကိုယ် တို့ အတန်း ထဲ ကို ရောက်ဖို့ ဆရာ တစ်ယောက် စီ အလှည့်ကျ စောင့် ရသော ကျောင်းဝင်းတံခါး ကို ပထမဆုံး ဖြတ်ရမည် ။ နောက် ကျောင်း အလယ်ပေါက် မှာ လက် နောက်ပစ် ၍ ရပ် နေသော စည်းကမ်း ကြီးလှသည့် ကျောင်းအုပ်ဆရာကြီး ကို တွေ့ ရမည် ။ ဖြစ်လိုရာ ဖြစ်စေတော့ ဆိုပြီး ကိုယ် လျှောက်လာခဲ့သည် ။ ခြေလှမ်း က မြန်သော်လည်း စိတ် လေးနေပါသည် ။

ကျောင်းဝင်း တံခါးဝ နှင့် ခပ်လှမ်းလှမ်း သို့ ရောက်သောအခါ ကိုယ့် ခြေလှမ်း သည် တုန့်ခနဲ ရပ် သွား၏ ။ တာဝန်ကျ ဆရာ သည် ကြိမ်လုံး ကို ကိုင်၍ အပေါက်ဝတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည် ။ ကိုယ့် ကို သူ မမြင် ။ သင်္ချာဆရာ ပင် ဖြစ်လေသည် ။ ကိုယ် ချာခနဲ လှည့်ထွက်လာခဲ့သည် ။

ဘယ် ကို သွားရမှန်းလဲ မသိ ။ သူများ တွေ ကျောင်း ပြေး ကြသောအခါ ရုပ်ရှင် ကြည့် သည် ။ မဟာစေတီ ဘက် မှာ ငှက်လျှောက် ပစ်သည် ။ ကိုးသိန်းကိုးသန်း ၊ ရွှေဂူလေး ဘက် မှာ ရေသွား ကူးသည် ဟု ကြားဖူးပါသည် ။ အဲဒါတွေလည်း ကိုယ် မလုပ်လိုပါ ။ တံတားကြီး ဘက် သို့ ပြန်လျှောက် လာခဲ့သည် ။ ဝါးဖောင် ပေါ် မှာ ငါး မျှား နေသော ကောင်လေးတွေ ၊ လတာပြင် မှာ ကဏန်း ကောက် နေသော ကောင်လေးတွေ ၊ ရေ ကူးနေသော ကောင်လေးတွေ ရှိနေတုန်း ။ ကိုယ် သူတို့ ကို ရပ်ကြည့်၍ နေလိုက်သည် ။ ချောင်းရေ သည် နောက်ကျိ နေလေသည် ။

ငါး မျှားနေသော ကောင်လေး နှစ်ယောက် တံတား ထိပ် သို့ တက် လာသည် ။ တစ်ယောက် က ပလိုင်းကလေး ကို လွယ်ထားသည် ။ နောက် တစ်ယောက်က လွယ်အိတ်စုတ်ကလေး နှင့် ။ ကိုယ် သည် လွယ်ထားသော ' က၀ ' လွယ်အိတ်ကလေး ကို ယောင်ရမ်း၍ ဆုပ်ကိုင်မိသည် ။ သူတို့ နှစ်ယောက် သည် ကိုယ့်နား သို့ ရောက်လျှင် ရပ်လိုက်၏ ။ ကိုယ့် ကို ခြေဆုံးခေါင်းဆုံး ကြည့် နေကြသည် ။ ကိုယ် ကလည်း သူတို့ နှစ်ယောက် ကို ပြန် စိုက်ကြည့်လိုက်သည် ။ သူတို့ မှာ အင်္ကျီ မပါ ။ လုံချည် မှာလည်း ရွှံ့ ရေတွေ ပေကျံလျက် ။

“ မင်း က ကျောင်းသားလား ”

တစ်ယောက် က မေးသည် ။

“ အေး ... ဟုတ်တယ် ”

ကိုယ် ဖြေသည် ။

“ ကျောင်း မတက်ဘူးလား ”

ကိုယ် ခေါင်းခါ ပြသည် ။

"မင်း ကျောင်းပြေးတာလား ”

ကိုယ် ဘာမျှ ပြန်မဖြေပါ ။

“ ကျောင်းပြေးတယ် ဆိုရင် မင်း အဖေ က ဆူ မှာပေါ့ကွ ၊ ပြီးတော့ ဆရာမ တွေ ”

နောက် တစ်ယောက် က ဝင် ပြောပြန်သည် ။ သူတို့ သည် ကိုယ့် ကို လာ ရန်စနေတာလား ၊ သူတို့ က စ ထိုးလျှင် ကိုယ် ပြန်ထိုးမည် ဟု စဉ်းစား ထားသည် ။ သူတို့ ကို ကိုယ် မကြောက် ။ တကယ့် တကယ်တော့လည်း သူတို့ ကိုယ့် ကို ကြည့် နေပုံမှာ ကြောက်စရာ မကောင်းချေ ။ သူတို့ နှင့် ကိုယ် စကား ပြော ချင်လာသည် ။

“ မင်း တို့ ကော ကျောင်း မနေချင်ဘူးလား ”

လွယ်အိတ် လွယ်ထားသော ကောင်လေး သည် သူ့ လွယ်အိတ်စုတ်ကလေး ကို ဆုပ်ကိုင်လိုက်ပြီး ...

“ အစကတော့ နေ သေးတယ် ၊ တစ်တန်း လည်း ရောက်ရော ကျောင်း ထွက် လိုက်တာပဲ ”

“ ငါ လည်း သူ နဲ့ တူတူပဲ ”

ပလိုင်း လွယ်ထားသော ကောင်လေး က ဝင်ပြောသည် ။

“ ဘာလို့ ကျောင်း ထွက် လိုက်တာလဲကွ ”

“ အဖေတို့ အမေတို့ က ဆက် မထားလို့ပေါ့ ကွ ”

“ ငါတို့ က ဆင်းရဲတယ် ကွ ”

ကိုယ် သူတို့ ကို သနားသွားသည် ။ ကျောင်း က ရေခဲချောင်း ရောင်းသော ကောင်လေး ကို လည်း သွားသတိ ရလိုက်မိ၏ ။

“ မင်း တို့ ဒီ ငါးတွေ ရောင်း ဖို့လား ”

“ အေးကွ ၊ များများ ရရင်တော့ ရောင်းတာပေါ့ ၊ နည်းနည်းပဲ ရရင်တော့ အိမ် မှာ ပဲ ချက် စားတာပဲ ၊ တစ်ခါတလေ ပိုက်ဆံ မရှိရင်တော့ ဘယ်လောက်ပဲ ရရ ရောင်းတာပဲ ”

တစ်ယောက် သည် ပလိုင်း ကို စလွယ်သိုင်း ပြင် လွယ်လိုက်ပြီး ...

“ ကဲ .. ငါတို့ သွားဦးမယ် ၊ ဒီနေ့တော့ ဟင်းစားလေးလောက်ပဲ ရတာကွ ၊ ဟင်းချက်ဖို့ အမီ ပြန်ရဦးမယ် ”

သူတို့ သည် ထွက်သွားမည် ပြုပြီး မှ

“ ဒါနဲ့ မင်း နာမည် က ဘယ်သူလဲ ”

ကိုယ် မဖြေ ။ ကိုယ့် နာမည် ကို အမှန်အတိုင်း ပြော မပြလိုပါ ။ ဘယ်လို ပြောရင် ကောင်းမလဲလို့ စဉ်းစားနေရင်း က ပြန် မေးလိုက်သည် ။

“ မင်းတို့ နာမည်တွေ ကကော ”

“ ငါ က မောင်ပါ ၊ သူ က အေးကြည် ”

လွယ်အိတ် နှင့် ကောင်လေး က ဖြေသည် ။ တစ်ယောက် က

“ မင်း နာမည် လည်း ပြောဦးလေ ”

ကိုယ် သည် ပါးစပ် ထဲ တွေ့ရာ ကို ပြောမိ၏ ။

“ ဗိုလ်အောင်ဒင် ”

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment