“ ဘာ ... ဗိုလ်အောင်ဒင် ဟုတ်လား ၊ သိပ်ကောင်းတဲ့ နာမည်ပဲ ကွ ၊ ဟို အလှူမှာ ဖွင့်တဲ့ ဇာတ်လမ်း ထဲ က နာမည်မျိုး ”
ကိုယ် သည် ဗိုလ်အောင်ဒင် လိုပင် ရယ် လိုက်ချင်သည် ။ အေးကြည် နှင့် မောင်ပါ တို့ ထွက်သွားပြီးနောက် ကိုယ်တစ်ယောက် တည်း ကျန် ခဲ့သည် ။ ထမင်း ဆာ လာသည် ။ ဝါးဖောင် ပေါ် တက်ပြီး ထမင်း စားရင် ကောင်းမလား ဟု စဉ်းစားသည် ။ မသွားတော့ဘဲ ချောင်း ထဲ သို့ ဆင်းသည့် ကုန်းလျှောကလေး မှာ ပင် ထိုင် ချလိုက်သည် ။ ထမင်းဘူး ကို ဖွင့်ကြည့် သောအခါ ဆိတ်ကလီဇာဟင်း ဖြစ်ကြောင်း တွေ့ ရသည် ။ ကိုယ့် အကြိုက် ဟင်း ဖြစ်သောကြောင့် ထမင်း ကုန်အောင် စားနိုင်သည် ။ ခါတိုင်းတုန်းကလို ထမင်းတွေ သွန်မပစ်ရတော့ ။ ကပ်သတ်ကျန်နေသော ထမင်းစေ့ကလေးများ ကို ချောင်းထဲ သို့ လှမ်း ပစ်ချရင်း ကိုယ် စဉ်းစားသည် ။ ဘယ်ကို သွားမလဲ ။
ရဲတံခွန် ရုံ မှာ ' ကိုကိုမောင် တော်တော်ဆိုး ' ပြ နေသည် ။ ကျော်ဟိန်း ကား ဖြစ်သောကြောင့် ကြည့် ချင်သော်လည်း ကိုယ် မသွားရဲပါ ။ ကျောင်းလွယ်အိတ်ကြီး နှင့် ရုပ်ရှင်ရုံ ကို သွားလို့ မဖြစ် ။ ဘယ် ကို သွားရမည် မှန်း ကိုယ်စဉ်းစားလို့ မရပါ ။ ဒီနေရာ မှာလည်း အကြာကြီး ထိုင်၍ မနေချင် ။ နေရာတစ်ခု ကို စဉ်းစားလို့ရသည် ။ သွားလို့ ဖြစ် မဖြစ်ကို လည်း စဉ်းစားရပြန်သည် ။ မေး လျှင် ဘယ်လို ဖြေမလဲဆိုတာ ။ သို့သော်လည်း သွားဖို့ ဆုံးဖြတ်လိုက်သည် ။
ပန်းလှိုင် ထဲ မှာ ဖေဖေ့ အလုပ်ရုံရှိသည် ။ ကိုယ် ငယ်ငယ် က ရောက်ဖူးသည် ။ ကိုယ့် ကို သူ့အလုပ်ရုံ သို့ ခေါ် ခေါ်သွားတတ်သည် ။ ခု နောက်ပိုင်း ခေါ်မသွားတော့ ။ လေးငါးနှစ်လောက် ကြာပြီ ထင်သည် ။ နေရာ ကို ကိုယ် မှတ်မိနေသည် ထင်သည် ။
ပန်းလှိုင် ထဲ သို့ လျှောက်လာသည် ။ ရှေ့ မှာ ကိုယ် ငယ်ငယ်ကတည်း က မှတ်မိနေသော အုန်းပင်ကြီး ကို တွေ့ရသည် ။ အုန်းပင် နှင့် တည့်တည့်သည် ဖေဖေ့ အလုပ်ရုံ ။
“ ရတနာ စက်မှုလုပ်ငန်း ”
ဆိုင်းဘုတ် ကို တွေ့သည် ။
ချက်ချင်းကြီး မဝင်ရဲသောကြောင့် အပြင် ကနေ ရပ်ကြည့်သည် ။ အထဲ မှာ လူတွေ ရှုပ် နေ၏ ။ အလုပ်ရုံ ၏ အပြင်ဘက် မှာ လူ နှစ်ယောက် သည် သံဘောင်ကြီး တစ်ခု ကို ဝရိန်ဆော် နေကြသည် ။ ကိုယ့် ကို လုံးဝ မကြည့်ဘဲ သူတို့ အလုပ် ကို သာ ငုံ့ ၍ လုပ်နေကြသည် ။ အထဲ ကို လှမ်း ကြည့်သော်လည်း ဖေဖေ့ ကို မတွေ့ရပါ ။ ဝရိန် ဆော် နေသူများ နားသို့ ကိုယ် မရဲတရဲ ကပ်သွားသည် ။
“ ဦးလေး ဖေဖေ ရှိလား ”
သူတို့ သည် မော့မကြည့်ဘဲ ...
“ ဘယ်သူလဲ ကွ ”
“ ကိုယ့် ဖေဖေ လေ ”
တစ်ယောက် က ကိုယ့် ကို မော့ ကြည့်၍ ..
“ မင်း ဖေဖေ နာမည် က ဘယ်သူလဲ ”
ကိုယ် စိတ်ဆိုးသလို ဖြစ်သွား၏ ။ ကိုယ့် ဖေဖေ နာမည် ကို တောင် သူတို့ က မသိကြတော့ဘူးလား ။ အမှန်မှာ သူတို့က ကိုယ့် ကို မသိကြခြင်း သာ ဖြစ်သည် ။
“ ကိုယ့် ဖေဖေ နာမည် က ဦးဖေအောင် ”
“ ဟေ ”
“ ဟုတ်တယ် ၊ ကိုယ့် မေမေ က ဒေါ်ခင်စောမြင့် ”
သူတို့ သည် ဝရိန် ဆော်သည့် သံကောက်ကလေးမှ ထွက်နေသော မီးတန်း ကို ငြိမ်းလိုက်သည် ။ ပြီးတော့ ပျာပျာသလဲ ထ ရပ်လိုက်ကြ၏ ။
“ အို ... မင်း က ဆရာ့ သားကိုး ၊ ဦးဦးတို့ က မမှတ်မိလို့ပါကွာနော် ”
ကိုယ့် ကို မမှတ်မိသည့် အတွက် သူတို့ အပြစ် ဖြစ်မှာ စိုးနေကြသလား မသိ ။ သူတို့ ဖေဖေ့ ကို သိပ် ကြောက်ရမည် ထင်သည် ။ သူတို့ နှစ်ယောက် သည် တစ်ယောက် က ကိုယ့် ပခုံး ကို ဖက် ၊ တစ်ယောက် က လက် ကို ဆွဲ၍ အလုပ်ရုံ ထဲ သို့ ခေါ်လာသည် ။
“ ဆရာ ... အဲ မင်း ဖေဖေ ဟိုမှာ ”
ဖေဖေ့ နေရာ သည် အလုပ်ရုံထောင့် က စားပွဲရှည် တစ်လုံးမှာ ဖြစ်သည် ။ ဖေဖေ သည် သူ့ အလုပ် မှာ စိတ်ဝင်စားနေသောကြောင့် ကိုယ် လျှောက်လာသည် ကို မမြင်ပါ ။ စားပွဲနား မှာ ရပ် လိုက်သည်ထိ မော့မကြည့်သေးချေ ။ သံကွင်းတစ်ခုကို ဂွ လို ကိရိယာ ဖြင့် တိုင်းထွာ နေသည် ။ ပြီးတော့မှ ကိုယ့် ကို မော့ ကြည့်ပြီး
“ ဟာ ... သား ပါလား ၊ ထိုင်လေ ... သား ”
ကိုယ် ဝင် ထိုင်လိုက်သည် ။
“ သား ကျောင်း မတက်ဘူးလား"
“ အစည်းအဝေး ရှိလို့ ဒီနေ့ ကျောင်း ပိတ်လိုက်တယ် ဖေဖေ ”
စဉ်းစားလာခဲ့သည့် အတိုင်း ကိုယ် ပြော လိုက်သည် ။ ဖေဖေသည် ကျောင်း တကယ် ပိတ် မပိတ်ကို လိုက် စုံစမ်းမည် မဟုတ်ကြောင်း ကိုယ် သိသည် ။ စုံစမ်းဖို့ နေနေသာသာ ကိုယ်ပြန် ပြောသော စကား ကို တောင်မှ သေသေချာချာ နားထောင်ပါရဲ့လား ။ ကိုယ့် ကို ဘာမျှ ပြန် မပြောတော့ဘဲ သူ့တပည့် တစ်ယောက် ကို လှမ်းခေါ်လိုက်သည် ။
“ ဟုတ်ကဲ့ ဆရာ ”
လူကြီးတစ်ယောက် သည် ဖေဖေ ရှေ့မှာ တောင့်တောင့်ကြီး လာ ရပ်သည် ။
“ ဒီ ဘယ်ရင် ကို ကြက်ခြေခတ်ပြထားတဲ့ ဘက် က အဝ တစ်ပဲချဲ့ ၊ အနက် တစ်မတ် ကြားလား ၊ သေသေချာချာ လုပ်နော် ၊ အဝ နဲ့ အနက် နဲ့ မှား ဦးမယ် ၊ နေဦး ”
ဆိုပြီး စာရွက် တစ်ခု ပေါ် တွင် ရေး ပေးလိုက်သည် ။
“ ဒီမှာ စာ နဲ့ လည်း ရေးပေးထားတယ် ”
“ ဟုတ်ကဲ့ ဆရာ ”
“ အေး ... သွားတော့ ၊ နေဦး နေဦး ၊ ရင်မျိုး ကို ပြောလိုက် ၊ ရေခဲသုပ် တစ်ခွက် သွားယူခဲ့လို့ ”
“ ဟုတ်ကဲ့ ဆရာ ”
ဟု ပြောပြီး ထွက်သွားသည် ။
ကိုယ် သည် ကျောင်းစိမ်းလုံချည် ကိစ္စ ပြောချင်စိတ် ဖြစ်လာသည် ။ ဖေဖေ သည် သူ့စားပွဲ ပေါ် တွင် တင် ထားသော မော်တာ တစ်လုံး မှ ဝိုင်ယာကြိုးများ ကို ကိုင် ကြည့်နေပြန်သည် ။
“ ဖေဖေ ”
ဖေဖေ သည် ဝါယာကြိုးများ ကို ကိုင် ကြည့်နေရာ မှ ဘာလဲ ဆိုသော သဘောဖြင့် မေး ငေါ့ပြသည် ။
“ ကိုယ့် ကို ကျောင်းစိမ်းလုံချည် ဝယ် ပေးပါ နော် ”
ကိုယ် မရဲတရဲ ပြော သည် ။
“ အေး ... အေး ဝယ်ပေးမယ် ”
“ ကိုယ် နောက် ကို လုံချည် ပဲ ဝတ် တော့မယ် ”
ခေါင်းညိတ် ပြသည် ။
“ ဒီနေ့ ဝယ်ခဲ့ နော် ဖေဖေ ”
“ အေးပါကွာ ”
ပြောပြောဆိုဆို ထ သွားသည် ။ သူ့ တပည့်တွေ အလုပ် လုပ်နေပုံ ကို လိုက် ကြည့် နေလေသည် ။ ဖေဖေ မှာ လိုက်သော ရေခဲသုပ်ဖန်ခွက် ရောက် လာသည် ။ ကိုယ့် ဖို့ မှာ တာ ဖြစ်မည် ထင်သော်လည်း ဖေဖေ က ဘာမျှ မပြောသေးသောကြောင့် ကိုယ် မစားဘဲ နေသည် ။ ခဏကြာတော့ ဖေဖေ ရောက်လာသည် ။
“ သား စားလေကွာ ”
ဟု ပြောပြီး ပြန် ထွက်သွားသည် ။
စက်တွေ လည် နေသံ ကို ကြားရသည် ။ သံစကလေးတွေ သည် အလိန်အလိန်ကလေးတွေ ဖြစ်ပြီး ကျ လာသည် ။ တစ်ယောက် က သံချောင်းတစ်ခု ကို လွှ ဖြင့် ဖြတ် နေသည် ။ တချို့ကလည်း သံပြားကြီး ကို “ တဒုန်းဒုန်း ” ထု နေကြသည် ။ ဖေဖေ့ အလုပ်ရုံ တစ်ခုလုံး မှာ လှုပ်လှုပ်ရွရွ ဆူဆူညံညံ ဖြစ်နေကြသည် ။
ရေခဲသုပ် ကုန် သွားသည် ထိ ဖေဖေ သည် စားပွဲ ရှိရာ သို့ ပြန်ရောက် မလာချေ ။ ခုမှ ကိုယ်သတိ ရသည် ။ လုံချည် ဝယ်လျှင် နှစ်ထည် လောက် ဝယ် ခဲ့ဖို့ ပြော ရဦးမည် ။ ဒါမှ တစ်ထည် လျှော် နေတုန်း တစ်ထည်ဝတ် လို့ ရသည် ။ ပြီးတော့လည်း တခြား အချိန်တွေ မှာ ဝတ်လို့ ရအောင် လုံချည်အကွက်ကလေး တစ်ထည်လည်း လိုချင်ပါသေးသည် ။
ထိုင်နေရာ မှ ကြည့် လျှင် ဖေဖေ့ကို မမြင်ရပါ ။ မတ်တပ်ရပ်လိုက် မှ စက်ကြီး တစ်ခု ဘေး မှာ ရပ် နေသည် ကို မြင်ရသည် ။ ဖေဖေ့ ဆီ သို့ ကိုယ် လျှောက်သွား၏ ။ ဖေဖေ သည် စောစောက ပေးလိုက်သော သံကွင်း ကို ကိုင်ရင်း သူ့ တပည့် ကို တစ်ခု ခု ပြော နေသည် ။ စက်သံတွေ ဆူညံ နေသောကြောင့် ဘာမျှ မကြားရ ။ ဖေဖေ့ နား မှာ ကိုယ် သွား ရပ်သည် ။ ဖေဖေ သည် ကိုယ့် ကို တစ်ချက် လှည့် ကြည့်ပြီး စကား ဆက်ပြောသည် ။
“ ငါ ဘယ်နှစ်ခါ ပြောရမလဲ ဟင် ၊ တစ်ပဲ စား ရမယ် ဆိုရင် တစ်ပဲ အတိ ဘယ်တော့ မှ မစားနဲ့ နည်းနည်း ချန်ပြီးတော့ စား ၊ ပြီးတော့မှ တစ်ပဲ ရအောင် ဖြည်းဖြည်းချင်း ညှိ ယူပါလို့ ၊ ခုလို တစ်ပဲ အတိ စား ချလိုက်တော့ အချော ညှိစရာ အသား ဘယ်ရှိတော့မလဲ ၊ လုပ်လိုက်ရင် အဲဒီလို ချည်းပဲ ။ သောက်သုံး ကို မကျဘူး ”
ဖေဖေ သည် သူ့ တပည့် ကို ဆူပူကြိမ်းမောင်းနေခြင်း ဖြစ်ပါသည် ။ ထို လူကြီး သည် အလွန် ကြောက်နေဟန် တူပါသည် ။ ဖေဖေ က သူ့ ကို အလုပ် ထုတ်ပစ်မည် စိုးသောကြောင့်လား မသိပါ ။ စက်သံတွေ ဆူညံနေသောကြောင့် ဖေဖေ သည် အော်၍ အော်၍ ပြောရ၏ ။ ဖေဖေ အိမ် မှာ စကား ပြောလျှင် အသံ ကျယ်တတ်သည် မှာ ဒီက အကျင့် ပါနေတာ ဖြစ်မည် ။
“ ဖယ်စမ်း ၊ ငါ လုပ်မယ် ”
သူ့ တပည့် ၏ လက်မောင်း ကို တွန်း၍ ဖယ်ခိုင်းပြီး ဖေဖေကိုယ်တိုင် ဝင် လုပ်သည် ။ သံကွင်း ကို စက် မှာ တပ်၍ ညှပ် လိုက်သည် ။ ပြီးတော့ ဘာတွေ မှန်းမသိ ချိန်ကိုက်နေသည် ။ ဖေဖေ သည် ကိုယ် အနားရောက် နေကြောင်း ကို သတိရတော့မည် မထင်ပါ ။ အံကိုကြိတ်ရင်း က ရှေ့ တိုးလိုက် ၊ နောက် ဆုတ်လိုက် ၊ ဘီး ကို ဟိုဘက် လှည့်လိုက် သည်ဘက်လှည့်လိုက် ၊ တိုင်းလိုက် ၊ ထွာလိုက် လုပ် နေသည် ။ ကျောင်းစိမ်းလုံချည်နှစ်ထည် နှင့် အကွက်ကလေး အကြောင်း မပြောရဲတော့ပါ ။ စားပွဲဆီ ပြန် လာပြီး ထိုင် နေလိုက်သည် ။ စောစောတုန်း က တစ်ခါတည်း ပြော လိုက်ရ ကောင်းသား ဟု စိတ်ထဲ က မကျေမနပ် ဖြစ် နေရသည် ။ တော်တော်လေး ကြာမှ ဖေဖေ ရောက်လာသည် ။ ဟိုကိစ္စ ပြောရင် ကောင်းမလား ။ ဖေဖေ့ မျက်နှာ ကို မသိမသာကြည့် သောအခါ သုန်သုန်မှုန်မှုန်ကြီး ဖြစ်နေတုန်း ။ ထို့ကြောင့် မပြောဖြစ်တော့ပါ ။
“ ကိုယ် သွားတော့မယ် ဖေဖေ ”
“ အေး ”
ဖေဖေ ဘာများ ပြောဦးမလဲလို့ ကိုယ် ခဏ ရပ် စောင့်သေးသည် ။ ဖေဖေ က ဘာမျှ မပြောတော့ဘဲ ခုနက ဝိုင်ယာကြိုးများ ကို လှမ်း ကိုင်လိုက်သော အခါကျမှ ကိုယ် လည်း ထွက်လာခဲ့သည် ။
ဦးလေးမောင်မောင်ကြီး ကို မေမေ တစ်ခါ က ပြောဖူးသည် ။
“ ရှင်တို့ သူငယ်ချင်း က ဘာကို မှ စိတ်တိုင်းကျတာ မဟုတ်ဘူး ”
••••• ••••• •••••
“ ကြာချည်ရန် ... နာရီပြန် ဗဟိုငြိမ့်ပါပေါ့
မှေးမှိတ်လို့ စက်ပါသော်...
ရေး မှ မပျော် ။
အို .... ညချမ်း သီတဂူ တိမ်ယံက ပြုထွက်လာဆဲ
ခဝဲသင်းပင်း ရံရွှေတော်ကျင်းတယ်
ကြယ်မင်းများ အလယ် တင့်တယ်ပေစွ ... သာယာလှချိန်ဝယ် ။
ရွှေဘောတော် တဉာဏ်ပွေ့လို့မလာပေ
တာရှည်နေတဲ့ ပျို့ ဘုန်းမော် ကိုလူလှကိုကွယ်
ဘယ်မူရေးခြယ် တွေးခက်ရတယ် ”
မေမေ သည် ပြတင်းဘောင်ပေါ်တွင် လက်ထောက် မေးတင်ရင်း သီချင်း ဆိုသည် ။ ကိုယ်သည် ခါတိုင်းညများ လို ပင် လှိုက်ခနဲ ဝမ်းနည်းသွားမိပြန်သည် ။ သို့သော်လည်း ခါတိုင်း ညတွေ မှာ လို သီချင်းတွေ မဆုံးခင် အိပ်ပျော်သွားခြင်းမျိုး မဖြစ်ချေ ။ သီချင်းတွေ ဆုံး၍ ဟင်းခနဲ သက်ပြင်း ချလိုက်သော မေမေ့ အသံ ကိုပင် ကောင်းကောင်း ကြား ရသည် ။
ဒီနေ့ ည ကိုယ် အိပ် မပျော်ချေ ။ မျက်စိ ကြောင်နေသောကြောင့် မဟုတ်ပါ ။ ဖေဖေ့ ပြန် အလာကို စောင့်နေခြင်း သာ ဖြစ်ပါသည် ။ နေ့လယ် က ဖေဖေ့ ကို ကျောင်းစိမ်းလုံချည် ဝယ်ခဲ့ဖို့ မှာ ခဲ့သည် ။ ထို့ကြောင့် မအိပ်ဘဲ စောင့် နေခြင်း ဖြစ်လေသည် ။
ကိုယ် သည် စောစော အိပ်တတ်သူ ဖြစ်သည် ။ ခုလည်း ကိုယ် အိပ်ချင်နေပါပြီ ။ သို့သော်လည်း စိတ် ကို တင်းထားရ၏ ။ အိပ် မပျော်သွားအောင် ကြိုးစား နေရသည် ။ တစ်ခါတစ်ခါ မှေးခနဲ မှေးခနဲ ဖြစ် ဖြစ်သွားသေးသည် ။ မျက်လုံး ကို အတင်း နင်းကန် ပြန် ဖွင့် ရလေသည် ။ မေမေ သည် အိပ်ရာပေါ် တွင် လှဲနေသော်လည်း အိပ်၍ မပျော်သေးကြောင်း ကိုယ် သိသည် ။ မေမေ့ ဘက်သို့ လှည့် မကြည့်သော်လည်း အိပ်ရာ ပေါ် မှာ လူးလိမ့်သံ ၊ ခဏခဏ သက်ပြင်း ချသံ တို့ ကို ကြား နေရသည် ။
မှေးခနဲ တစ်ချက် ငိုက် သွားစဉ်မှာ ပင် ' ကလင် ' ဆိုသော ခေါင်းလောင်းသံ ကြား လိုက်ရသောကြောင့် လန့် နိုးသွားသည် ။ ဟော ... ဖေဖေ ပြန်လာပြီ ။ ခုတင် လှုပ်သွားသည် ။ ခြေသံ တရှပ်ရှပ် ကြား ရသည် ။ ထို့ကြောင့် မေမေ ထ သွားကြောင်း သိ လိုက်သည် ။ ကိုယ့်မှာ သိချင်တာ နှစ်ခု ဖြစ်လာလေသည် ။
ဖေဖေ ကျောင်းစိမ်းလုံချည် ဝယ် လာလေမလား ။
ဖေဖေ နှင့် မေမေ သည် ခုလို ကိုယ့် ကွယ်ရာကျ မှ စကား ပြော မလား ။
ခုတင် ပေါ် မှ အသံ မမြည်အောင် ဆင်း လိုက်သည် ။ ကိုယ် တို့ အခန်း တံခါးဝ သို့ သွားသည် ။ ခန်းဆီး ကြား မှ အသာကလေး ချောင်း ကြည့်သည် ။ မေမေ သည် အိမ်ရှေ့ မီး ကို ဖွင့် သည် ။ တံခါးကန့်လန့် ကို ဖြုတ်သည် ။ ကိုယ့် ရင် သည် တဒိတ်ဒတ် ခုန်နေ၏ ။ တံခါး ဖွင့် လိုက်သောအခါ ကျွီခနဲ အသံ မြည် သွားသည် ။ မေမေ နှင့် ကွယ်နေသောကြောင့် ဖေဖေ့ ကို တစ်စွန်းတစ်စ သာ မြင် ရသည် ။ ကိုယ် သည် အားစိုက်၍ နားထောင်သည် ။ စကားပြောသံ မကြားရ ။ အားမလို အားမရ ဖြစ်လာသောကြောင့် ခန်းဆီးစ ကို ပို ဟ ၍ ကိုယ် ကို ရှေ့သို့ ကိုင်း လိုက်သည် ။
သို့သော်လည်း အားလုံး သည် တိတ်တိတ်ဆိတ်ဆိတ် ။ မေမေသည် နောက် သို့ တစ်လှမ်း ဆုတ် လိုက်၏ ။
ဖေဖေ အိမ် ထဲ ဝင် လာသည် ။ ဖေဖေ လက် ထဲ ၌ စီးကရက်တစ်လိပ် မှ လွဲ၍ ဘာမှ ပါမလာချေ ။ စကား တစ်ခွန်း မှ မပြောကြဘဲ ဖေဖေ ကလည်း သူ့ အခန်း ထဲ ဝင် သွားသည် ။ မေမေ လည်း တံခါး ပြန် ပိတ်နေ၏ ။
ကိုယ် သည် အိပ်ရာ ပေါ် သို့ အသာ ပြန်တက်ပြီး ဟိုဘက်ကို လှည့်၍ အိပ်ချင် ယောင် ဆောင်နေလိုက်သည် ။ မီးခလုတ် ပိတ်သံ ကြား ရသည် ။ ခြေသံ ကြား ရသည် ။ ခုတင် လှုပ် သွားသောကြောင့် မေမေ အိပ်ရာ ပေါ် သို့ လှဲ ချ လိုက်မှန်း သိ၏ ။
ကိုယ့် စိတ် ထဲ က ဝမ်းနည်းနေသည် ။
ဖေဖေ ကျောင်းစိမ်းလုံချည် ဝယ် မလာသောကြောင့် ဝမ်းနည်း တာ ဖြစ်မည် ။
••••• ••••• •••••
ဟိုတစ်ခါ ကိုယ် နေမကောင်းတုန်းက အကြောင်း ကို သတိရမိသည် ။
အဲဒီတုန်းက ကိုယ် သည် စောင် ကို ခြုံ၍ အိပ်ရာ ထဲ တွင် လှဲနေသည် ။ မေမေ သည် ကိုယ့်ဘေး က ခုတင်စွန်း မှာ ထိုင်ရင်း စာ ဖတ်နေသည် ။ မျက်စိ ကို မှိတ်၍ မှိန်းနေတုန်း လက် တစ်ခုက ကိုယ့် နဖူး ကို လာ စမ်း သည် ။ မေမေ့ လက် လို ပျော့ပျော့အိအိ မနေဘဲ မာကြမ်းကြမ်း ဖြစ်သောကြောင့် ဖေဖေ့ လက် ဖြစ်လိမ့်မည် ကို သိ၏ ။
“ သား ... နေကောင်းရဲ့လား ”
ဖေဖေ့ အသံ ကို ကြား ရသည် ။
“ သက်သာသွားပါပြီ ”
မေမေ့ အသံ ။ ကိုယ် ထိတ်ခနဲ ဝမ်းသာ သွားသည် ။
သို့သော်လည်း ခပ်မာမာ ပြောလိုက်သော ဖေဖေ့ အသံ က .…
“ သား ကို မေးတာ ”
ခြေသံပြင်းပြင်း နှင့် နင်းပြီး ထွက်သွားသည် ။ မေမေ ဖတ်နေသော စာအုပ်ကလေး ကြမ်းပေါ် သို့ ကျ သွားသံ ကြား ရသည် ။
ကျောင်းစိမ်းလုံချည် ၊ ခြေသံတရှပ်ရှပ် ၊ သက်ပြင်းချသံ ၊ ကြမ်းပေါ် ကျသွားသော စာအုပ် ၊ စားပွဲ ကို လက်သီး နှင့် ထုသည် ။ ဟင်းပန်းကန်လုံးတွေ ကို နံရံသို့ ပစ်ပေါက် ခွဲသည် ။ ထမင်းစား စားပွဲကြီး ကို ဆွဲမှောက်ပစ်လိုက်သည် ။ ပန်းကန်တွေ လျှောကျသွားသည် ။ ထမင်းဟင်းတွေ ကြမ်းပေါ် မှာ ပြန့်ကြဲ နေသည် ။ ကျသံ ကွဲသံတွေ ၊ ဝုန်းခနဲ မြည်သံတွေ ၊ ဖေဖေ ၏ ဒေါသတကြီး အော်ဟစ်သံတွေ ။
ကိုယ် သည် မေမေ့ ရင်ခွင် မှာ မျက်နှာ အပ်ပြီး ရှိုက်ကြီးတငင် ငိုလေသည် ။
“ သား ... သား ဘာဖြစ်တာလဲ ”
မျက်စိ ဖွင့် ကြည့်လိုက်သောအခါ မေမေ သည် ကိုယ့်ကို ဖက်ထားသည် ကို တွေ့ရ၏ ။ ကိုယ့် တစ်ကိုယ်လုံး သည် ချွေးတွေ ရွှဲနစ် နေသည် ။ မောလည်း မော နေသည် ။ ကိုယ်သည် ရှိုက်နေဆဲ ။
“ သား ... အိပ်မက်တွေ မက်ပြီး လန့် ငိုနေတယ် ထင်တယ် ၊ ရေသောက်လိုက် ... ရေသောက်လိုက် ၊ ခဏ ဖယ် မေမေ သွားခပ်ဦးမယ် ”
ကိုယ် ခေါင်း ခါပြီး မေမေ့ ကိုသာ အတင်း ဖက်ထားသည် ။ အမှန်တော့ အိမ်မက် မက်တာ မဖြစ်နိုင် ။ ဟိုးအရင် ကိုယ် ငယ်ငယ်တုန်းက ဖေဖေ နှင့် မေမေ တို့ ရန်ဖြစ်ကြသည့် အကြောင်း ကို ရေးတေးတေး ပြန်လည် မှတ်မိခြင်း ဖြစ်နိုင်ကြောင်း မေမေ မသိဘူးလား ။
••••• ••••• •••••
ကိုယ် အိပ်ရာ မှ နိုးသော အချိန်တွင် နေတောင် တော်တော် ပူနေပြီ ။ ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်သောကြောင့် ကျောင်း မတက်ရပါ ။ မျက်နှာ သစ် နေစဉ် ည ကအကြောင်း စဉ်းစားမိသည် ။ ဖေဖေ နှင့် မေမေ ရန်ဖြစ်ကြသည့် အကြောင်း ကို ည က အိပ်မက် မက် ခဲ့တာများလား ။ တကယ်ပဲ ငယ်ငယ် က ကြုံဖူးတာကို ပြန် သတိရတာလား ။ ဘယ်ဟာ အမှန်လဲ တွေးမရတော့ပြန်ပါ ။
ကော်ဖီ သောက်ရန် ထမင်းစားခန်း ထဲ သို့ ဝင် လိုက်သောအခါ ပေါင်မုန့်တစ်ချပ် ကို ဝါးရင်း သတင်းစာ ဖတ် နေသော ဖေဖေ့ ကို တွေ့ ရသည် ။
ကျောင်းစိမ်းလုံချည် ကိစ္စ သတိ ရလာပြန်သည် ။ ဖေဖေ မေ့ သွားပြီလား ။ ခုနေ သတိပေး လျှင် ကောင်းမလား ။ သို့သော်လည်း ကိုယ် မပြောရဲပါ ။
ဖေဖေ သည် ကိုယ့် ကို တစ်ခါမျှ မရိုက်ခဲ့ဘူးချေ ။
သို့သော်လည်း သူ မကြိုက်တာ တစ်ခုခု လုပ်မိပြီ ဆိုလျှင် စူးစူးစိုက်စိုက် ကြည့် တတ်သည် ။ ထိုအခါမျိုး တွင် ဖေဖေ့ မျက်လုံးများ သည် အသည်း ခိုက်လောက်အောင် ကြောက်စရာ ကောင်းပြီး ကိုယ် သည် အလိုလို မျက်ရည် ဝဲ လာတတ်၏ ။ ခုလည်း ဖေဖေ သည် မျက်နှာ တည်တည်ကြီး နှင့် ထိုင် နေသည် ။ မနေ့က သူ့ တပည့်တွေ ကို စိတ်ဆိုး လာသော အရှိန် ပြေချင် မှ ပြေမည် ။ ထို့ကြောင့် ကိုယ် ဘာမျှ ပြောဖို့ စိတ် မကူးတော့ဘဲ အသာ ဝင် ထိုင်လိုက်သည် ။
ဖေဖေ သည် မျက်လုံး တစ်ချက် လှန် ကြည့်ပြီး သတင်းစာ ဆက် ဖတ်နေသည် ။ ကိုယ် စိတ်ကူး တစ်ခု ရ လာပြန်သည် ။ လုံချည်ဝယ် ပေးဖို့ ဖေဖေ မေ့ နေလျှင် မေမေ့ ကို ပင် ဝယ် ခိုင်းတော့မည် ။ မေမေ သည် သူ့ လခ ထဲ က ကိုယ့် အတွက် လုံချည် တစ်ထည် လောက်တော့ ဝယ် ပေးနိုင်မည် ထင်သည် ။ တစ်ခုတော့ ရှိသည် ။ မေမေ သည် သူ့ လခ ထဲ က ပိုက်ဆံတွေ ကို ခွဲပြီး စာတိုက် မှာ အပ်သေးသည် ဟု အန်တီလူး ကို တစ်ခါက ပြောဖူးသည် ။ ဘာပဲဖြစ်ဖြစ် မေမေ့ ကို ပြောတော့ ပြော ကြည့်မည် ။ ကိုယ် သည် ကော်ဖီတစ်ခွက် ထည့်ပြီး ပေါင်မုန့်တစ်ချပ် ကို ယူ၍ ယိုသုတ်သည် ။ သိပ်တော့ မစားချင်လှပါ ။ ပေါင်မုန့် တစ်ကိုက် ကိုက်ပြီး ကော်ဖီ တစ်ငုံ သောက်သည် ။ ဖေဖေ သည် သတင်းစာ ကို ခေါက်၍ စားပွဲပေါ် တင် လိုက်သည် ။ ကျန်နေသော ကော်ဖီ ကို အကုန်လုံး မော့သောက်လိုက်ပြီး
“ သား .…. စားသောက်ပြီးရင် ရေ မြန်မြန် ချိုး ၊ အဝတ်အစား မြန်မြန် လဲ ကွာ ၊ ဖေဖေ နဲ့ ခဏ လိုက်ခဲ့ ”
ကိုယ် ထိတ်ခနဲ ဝမ်းသာသွား၏ ။
“ ဘယ် သွားမလို့လဲ ဖေဖေ ”
ဟု မေးမိသည် ။
“ ဟော ... သား ပဲ ကျောင်းစိမ်းလုံချည် ဝယ်ပေးပါ ဆို ”
ကိုယ် သည် ထိုင်နေရာ မှ ခုန်ထလိုက်သည် ။ လှည့်ထွက်မည်အပြု တွင် ဖေဖေ က ...
“ မုန့် ကို ကုန်အောင် စားဦးလေကွာ ၊ ကော်ဖီ ရော ”
စားလက်စ ပေါင်မုန့် ကို ပြန်ကောက်ယူ၍ ပါးစပ် ထဲ သို့ အကုန်လုံး သွတ် ထည့်လိုက်သည် ။ ကော်ဖီ ကို တစ်ခါတည်း မော့ ချလိုက်ပြီး ထမင်းစားခန်း ထဲ မှ ပြေး ထွက်လာခဲ့၏ ။
ရေ မြန်မြန် ချိုး သည် ။ ဆပ်ပြာတောင် မှ သေသေချာချာ မတိုက်မိ ။ အဝတ်အစား မြန်မြန် လဲပြီး ထွက်လာသည် ။
အိပ်ခန်း ထဲ က အထွက် တွင် မေမေ နှင့် အပေါက်ဝ မှာ ဆုံသည် ။
“ ဖေဖေ က ကျောင်းစိမ်းလုံချည် ဝယ် ပေးမလို့ တဲ့ ”
ဟူ၍ သာ ပြောပြီး ပြေး ထွက်လာသည် ။
ကိုယ် သည် ပျော်သွားသောကြောင့် သတိ လစ်ပြီး ဖေဖေ့ အခန်း ထဲ သို့ စွတ်ခနဲ ဝင်သွားမိသည် ။ ဖေဖေ့ ကို မြင် မှ သတိရပြီး ကိုယ် လန့်သွားသည် ။ အခန်းပြင် သို့ ပြန်ထွက်ပြီး အပေါက်ဝ မှာ ရပ် စောင့် နေလိုက်သည် ။ ဖေဖေ ကတော့ ဘာမှ မပြောပါ ။ ချိတ် မှာ ချိတ်ထားသော အင်္ကျီတစ်ထည် ကို ဆွဲ ယူလိုက်ပြီး ထွက် လာသည် ။ လမ်းလျှောက် နေရင်း ကျ မှ အင်္ကျီကြယ်သီး ကို တပ်သည် ။ ကိုယ် တို့ သားအဖ နှစ်ယောက်သည် ဈေး ထဲ က လုံချည်ဆိုင်တွေ ကို တစ်ဆိုင် ပြီး တစ်ဆိုင် လျှောက် ကြည့်ကြသည် ။ ဆိုင်တွေ မှာ လုံချည်အကွက်ကလေးတွေ ကို လည်း တွေ့ရသည် ။ ကိုယ့် စိတ် ထဲတွင် လုံချည်အကွက်ကလေး ပါ ဝယ်ပေးဖို့ပြောလျှင် ကောင်းမလား ဟု စဉ်းစားနေသည် ။
ဖေဖေ သည် လုံချည်ဆိုင် တစ်ဆိုင် ရှေ့ မှာ ရပ် လိုက်သည် ။ ကျောင်းစိမ်းလုံချည်များ ကို ယူကြည့်သည် ။ ဈေး မေးသည် ။ ဖေဖေ နှင့် ဈေး ရောင်းသော မိန်းမကြီး တို့ ဈေး ဆစ်နေကြတုန်း တွင် ကိုယ် သည် လုံချည်အကွက်ကလေးတွေ တင်ထားသောဘက် ကို ကြည့် မိသည် ။ အပြာ နှင့် အနက် အကွက်သေးသေးလေးပါသော လုံချည်ကလေး တစ်ထည် လည်း ပါသည် ။ ကိုယ် သိပ်ကြိုက်သွား၏ ။
“ သား ”
ဖေဖေ က ခေါ် လိုက်သောကြောင့် ကိုယ် ဆတ်ခနဲ တုန်သွားမိသည် ။ ဖေဖေ က စက္ကူအိတ် နှင့် ထည့်ထားသော လုံချည် ကို ကိုယ့် ကို လှမ်းပေးသည် ။ နှစ်ထည် ဖြစ်မည် ထင်သည် ။ ဖေဖေ သည် ကိုယ့်ကို ခဏမျှ စိုက်ကြည့်လိုက်ပြီး ...
“ ဘာ ကြည့်နေတာလဲကွ ”
“ ဟိုဒင်း ဖေဖေ ၊ ဘာမှ မဟုတ်ပါဘူး ”
ဖေဖေ က နည်းနည်း ပြုံးလိုက်သည် ။ ဆိုင်ရှင်မိန်းမကြီး ဘက်သို့ လှည့် ၍
“ အဒေါ် ဟိုဘက်က အကွက်တွေကကော ဘယ်လောက်လဲ ”
“ အဲဒါက လူကြီးဝတ်တွေ ကွယ့် ၊ ကလေးဝတ် က ဒီဘက် မှာ ”
ကိုယ် ဖေဖေ့ ကို လှမ်းကြည့်နေသည် ။ ရင် ထဲ က လည်း ဒိတ်ဒိတ် ဒိတ်ဒိတ် မြည်နေပါသည် ။ ဈေး က နှစ်ဆယ့်ခုနှစ်ကျပ် တဲ့ ။ ဖေဖေ က နှစ်ဆယ်ဆစ်သည် ။ ဈေးသည်ကြီး နှင့် ဖေဖေ တို့ တစ်ယောက် တစ်လှည့်စီ ပြော နေကြတုန်း ကိုယ်ကလည်း ဘယ်ဟာယူလျှင် ကောင်းမလဲ ဟု လိုက်ရွေးနေလေသည် ။ စောစောက ကြည့်ခဲ့သော အနက် နဲ့ အပြာကွက်က လူကြီးဝတ် တဲ့ ။
“ ကိုင်း ... နှစ်ဆယ့်သုံး ယူဗျာ ၊ ခွဲတွေ ဘာတွေ လုပ် မနေနဲ့တော့ ”
ဈေးသည်ကြီး က ခေါင်းညိတ်လိုက်သည် ။ ကိုယ် သည် အရဲစွန့်ပြီး ပြော လိုက်ပါသည် ။
“ ဖေဖေ ... ဟိုဟာလေး ”
ဈေးသည်ကြီး က
“ ဒါလေးလားကွယ့် ”
ဟု အနီကွက်ကြီး ကို ကိုင်ပြသည် ။ ကိုယ် ခေါင်းခါလိုက်ပြီး .....
“ ဟိုဘက်က ဟာ ဘာရောင်လဲတော့ မသိဘူး ”
ဈေးသည်ကြီး က ပြုံး၍
“ ဪ ... ချောကလက်ရောင်နှင့် မီးခိုးပြာ ”
ဟု ပြောပြီး လှမ်းပေးသည် ။
“ ငါ့ တူလေး က အဆင် ရွေးတတ်သားပဲ ”
ဟု ပြော လိုက်သည် ။
ထို နေ့သည် ကိုယ့် အတွက် အပျော်ဆုံးနေ့ တစ်နေ့ပါ ။ လုံချည်တွေ လည်း ရသည် ။ ပြီးတော့လည်း ဖေဖေ နှင့်အတူတူ ဈေး ထဲ လျှောက်သွားရသည် ။ ပြန်ကာနီးတော့ ဖေဖေ က ရေခဲမုန့် တစ်ခွက် ပင် ကျွေး လိုက်သေးသည် ။
ကိုယ် သည် လုံချည်ထုပ် ကို ကိုင်ရင်း ဖေဖေ့ ဘေး မှာ ရင်ဘတ် ကို ကော့၍ လျှောက်လိုက် လာခဲ့လေသည် ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment