Monday, August 29, 2022

လူ့ပြည် ဆိုသည် မှာ


 

❝  လူ့ပြည် ဆိုသည် မှာ ❞

လင်မယား ဆိုသော်လည်း ... တစ်ယောက် အကြောင်း တစ်ယောက် နှစ်ပေါင်း လေးဆယ် ကျော် ပေါင်းသင်း လာပြီး မှ သိ ရသည် ဆိုသည် မှာ အံ့သြစရာ ကောင်းသည် ဟု အများ က ထင် ကြပေလိမ့်မည် ။ 

သို့သော် ကျွန်တော့် အဖို့ အသက် နှစ်ဆယ် က လက်ထပ် ခဲ့သော ကျွန်တော့် ချစ်ဇနီး အကြောင်း ကို ကျွန်တော် ခုမှပင် သိရတော့သည် ။

သူ သည် ချစ်ဖို့ ကောင်းသော မိန်းကလေး ဖြစ်သောကြောင့်ပေလား မသိ ၊ သူ့ အမည် မှာ “ မချစ်ဖို့ ”  ဖြစ်လေသည် ။ ကိုယ် မှာ ခပ်လုံးလုံး နှင့် ဖြူဖြူဖွံ့ဖွံ့ ကိုယ်လုံး မျိုး ဖြစ်ပေသည် ။ မျက်ခုံး မှာ မထူလှသော်လည်း အသား ဖြူ သောကြောင့် သူ့ မျက်ခုံးနက်များ သည် ထင်ရှားနေ၏ ။ 

မချစ်ဖို့ အပျိုခေတ် က အပျို လုပ်ရသည် မှာ ငွေကုန်ကြေးကျ သက်သာသည် ဟု ဆိုရပေမည် ။ ပဒုမ္မာအင်္ကျီ ကို အလွန်အကျွံ အလှပြင် ပါ မှ ဇာနား တတ် ခြင်း ၊ စက်ပန်း နှင့် လက်ဖျား ရော ရင်စင်း ပါ ဇာထိုး ဝတ် ကြသည် က လွဲ ၍ လုပ်စရာ မရှိပါပေ ။ အလွန်ဆုံး  ပါး နိုင် မှ “ မယ်ညို ” ပဒုမ္မာ သည် အပါးဆုံး ခေတ် အဆန်းဆုံး ဖြစ်သည် ။

မယ်ညို ပဒုမ္မာခေတ် က လည်း မချစ်ဖို့ သည် မယ်ညို ကို မဝတ် ၊ ပတ္တလား သို့မဟုတ်  ရွှေခေါင်းလောင်း တံဆိပ် တစ်အုပ် ကို လေးကျပ်ခွဲ ငါးကျပ် တန် လောက် ကို သာ သူ ချုပ် ဝတ်ပေသည် ။ ချုပ်ပါလျှင်လည်း တစ်အုပ် လုံး မချုပ် ၊ တစ်နှစ် ကို မှ ပဒုမ္မာအုပ်ဝက် ဘော်လီငါးထည် ဆို လျှင် မချစ်ဖို့ အတွက် လုံလောက်ပေပြီ ။

သရက်ထည် လုံချည် ဆယ်ထည် ကို ဖောက်သည်ဈေး ငါးကျပ်တန် များ ကို အိမ် နေရင်း ဝတ်ဖို့ အတွက် ဆယ်ထည် သူ ဝယ်ထားလျှင် တစ်နှစ် ၊ နှစ်နှစ် လောက် မချစ်ဖို့ သည် အသစ် မဝယ်တော့ ။ ထသွား လာသွား အတွက် သာ တိုဘရယ်ကိုး လုံချည် သုံးလေး ထည် ဝယ်၍ ထားပေသည် ။

ကျွန်တော် နှင့် ရပြီး ကျွန်တော် သည် သူ့ ကို စောင့် ကြည့်၏ ။ အင်္ဂလိပ်ခေတ် တစ်လ တစ်ရာ ခန့် ရသော ကျွန်တော့် လို အင်္ဂလိပ်ကျောင်း  ၊ ဆရာ တစ်ယောက် အတွက် မချစ်ဖို့ ကို ကောင်းကောင်း ထား နိုင်ပါသည် ။

“ မချစ်ဖို့ ကို ဝယ်လာတာတွေလေ ”

ကျွန်တော် သည် ရိုး မှ ပိုးတွန့်လုံချည် ဆန်းဆန်း တစ်ထည် နှစ်ထည် ပိုးတွန့်အင်္ကျီများ ဝယ် လာလျှင် မချစ်ဖို့ သည် မျက်စိမျက်နှာ ပျက် နေလေသည် ။

“ ကို ရယ် ... ချစ်ချစ် ဝတ်ဖို့ ဘာတွေလဲ ဆိုတာ ချစ်ချစ် ဘာသာ နားလည်ပါတယ် ။ ကို ဘာမှ မဝယ်ပါနဲ့ ... ကို့ အတွက်သာ ကိုယ် ဝယ်ချင် စိတ် ရှိရင် ဝယ် ”

ကျွန်တော် က လည်း .. မချစ်ဖို့ ဝယ် ပေးမှသာ ဝတ် တတ်တော့သည် ။

ထမင်းစားချိန် ကို ကျွန်တော် သတိထား ကြည့်၏ ။ ကျွန်တော့် အတွက် အသားဟင်း ကောင်းကောင်း တစ်ခွက် ချက်သည် မှ လွဲ၍ သူ သည် ပုစွန်ဆိတ် နှင့် ဘူးသီးကြော်ချက် ၊ မျိုးကောင်း တစ်ရာ ပါ သော ငါး ဆိုသည့် ငါးဘဲဖြူ ၊ ငါးသံချိတ် စသော ငါးလေးဆီပြန်မျိုး နှင့် အိမ် တွင် သူ ကိုယ်တိုင် ထည့်သော  သရက်သီး ဆားစိမ်လောက် နှင့် ပင် စား တော့သည် ။ ကျွန်တော့် ရင်ထဲ တွင် ချစ်ချစ် သည် ထိုမျှ ခြစ်ခြစ် ခြုတ်ခြုတ် လုပ်ဖို့ မလို ဟူ၍ ...  ထင်ပါသည် ။ 

ကျွန်တော်တို့ လို မြစ်ဝကျွန်းပေါ် တွင် အင်္ဂလိပ်ခေတ် ပုစွန်သား ငါးဈေး မှာ အလွန် ပေါသည် ။ တော်သလင်း လောက် များ ဆိုလျှင် ပုစွန် တစ်ပိသာ တစ်မူး ဆယ်ပြား အထိ ဈေး ကျ သွားတတ်၏ ။

“ ချစ်ချစ်  ... ကိုတို့မှာ သားသမီး လည်း မရှိဘူး ၊ ချစ်ချစ် နေတာ ၊ စားတာ ၊ သောက်တာ ဟာ မလွန်လွန်း ဘူးလား ... ချစ်ချစ် ဘယ်သူ့ အတွက် ဒါလောက် ငွေ စုနေတာလဲ ” 

ချစ်ချစ် ကား ပြုံး ၍ နေပါသည် ။

' ချစ်ချစ် ငွေ စုတာ ဘယ်သူ့ မှ မထိခိုက်ရင် ပြီးတာပဲ မို့လား ကိုရယ် ...  ။ မလှူရက် မတန်းရက် မပေးကမ်း ဘဲ စု တာမျိုးမှ မဟုတ်ဘဲ ... ' ဟု သူ က ဆိုပါသည် ။ မှန်ပါသည် ။ ကျွန်တော်တို့ ရပ်ရွာထုံးစံ အတိုင်း သာရေး နာရေး ဖြစ်ဖြစ် ရပ်ရွာ အတွက် စာ ကြည့်တိုက် ၊ လမ်းပြင် ၊ ကျောင်းပြင်ရန် ကိစ္စများ တွင် လည်း ချစ်ချစ် သည် ကျွန်တော် မျက်နှာ မငယ်ရအောင် ငွေ ကို သူများနည်းတူ ထည့်ဝင် ကူညီ တတ်ပါသည် ။

သို့သော်လည်း သူ ကိုယ်တိုင် တော့ ငါးသေးငါးမွှားလေးများ စား ကာ လုံချည်အင်္ကျီ အပေါစား များ ဝတ်၍ ငွေ စုနေသည် ကို ကျွန်တော် မကြည့်ရက်ပါပေ ။ ဖေဖေ တို့ မေမေ တို့ ကမူ သူ တို့ ရှာပေးသော ချွေးမ ၏ စနစ်ကျပုံ ၊ ငွေစုပုံ ကို ကျွန်တော် နှင့် တွေ့တိုင်း ဂုဏ်ယူ ချီးကျူးပါသည် ။ စင်စစ်မတော့ သူတို့ ဂုဏ်ယူမည် ဆိုလျှင်လည်း ဂုဏ်ယူ ထိုက်ပါ သည် ။ ကျွန်တော့် အနေနှင့် လည်း ချစ်ချစ် ကို မကျေနပ်၍ သာ မကျေနပ် ဘူး ပြော ရသည် ။ အပြစ် က လည်း ရှာ၍ မရပါပေ ။ သူတစ်ပါး ကို မထိ ခိုက်သော ငွေစုနည်း ကို ကျွန်တော် ဘယ်လို လုပ်၍ အပြစ် ပြောရပါမည်နည်း ။ သို့သော် ရင်ထဲ မှာမူ မကျေနပ်ပေ ။

နှစ်ဖက်မိဘများ သည် ကျွန်တော် တို့ ကို အားကိုးကြဖို့ မလိုပေ ။ သူတို့ ဘာသာ အေးအေး  နေထိုင် နိုင်ကြသူများ ဖြစ်၏ ။ သီတင်းကျွတ် လျှင် “ ကို - ကို့ မိဘတွေ ကို ကြိုက်တာ နဲ့ ကန်တော့ နော် ... ကိုယ် ကြိုက်တာ ဝယ် ၊ ဖေဖေ တို့ မေမေ တို့ ဖို့ပါ တစ်ခုစီ ပို ဝယ်ခဲ့ ”

ကျွန်တော့် မိဘ နှင့် တန်းတူ သူ့ မိဘ ကိုလည်း သူ ကန်တော့ပါသည် ။

တစ်နှစ်ပြည့်သော အခါတွင်မူ သူ သည် ကျွန်တော့် ကို လက်ဝါး ဖြန့် ခိုင်းပါသည် ။ ကျွန်တော် လက်ဝါး ဖြန့် လိုက်သော အခါတွင်မူ သူ သည် အိတ်ဖြူလေး တစ်လုံး ကို ကျွန်တော့် လက် ပေါ် သွန် ချပါသည် ။ အိတ် ထဲ မှ ရွှေဒင်္ဂါး တစ်ဆယ့်ငါးပြား ကျ ၍ လာပါသည် ။ ဟိုခေတ်က ရွှေဒင်္ဂါး တစ် ပြား ကို တစ်ဆယ့်ငါးကျပ် ဈေး ရှိ၏ ။

“ ဒါတွေ ဘာလုပ်ဖို့လဲ ချစ်ချစ် ရယ် ”

“ ချစ်ချစ်တို့ အိမ် ဆောက်ရမယ်လေ ... ခု နေရတာ သူများ အိမ် ငှား နေရတာ မို့ လား ”

“ ဪ ... ဖေဖေ တို့ သေရင် တို့များ အဲဒီ အိမ်တွေ အမွေ ရမှာပဲ ဟာ ချစ်ချစ် ရာ ၊ မစားရက်  မသောက်ရက် မစုစမ်းပါနဲ့ ”

“ ကိုယ် ဟာ အတော် ခက်တာပဲ ” 

သူ က ညည်းပါ၏ ။

“ မခက်နဲ့ လေ ... တော်ကြာ ခင်ဗျား တော့ သေရင် အဲဒီ ရွှေဒင်္ဂါး တွေ စွဲ ပြီး ဥစ္စာစောင့်မကြီး ဖြစ် တော့မယ် ”

ကျွန်တော် က ပြောင်သလိုလို ပြော လိုက်လျှင် သူ သည် ချစ်ဖွယ် ကောင်းအောင် ပင် ရယ်မော တတ်ပါသည် ။

ကျွန်တော် က သာ သူ့ ကို ဥစ္စာစောင့်မကြီး ဖြစ်မည် ။ ဘာညာ ပြောရ သော်လည်း ကျွန်တော် တို့ လက်ထပ်ပွဲ ဆယ်နှစ် မြောက်သော နေ့ တွင် မူ ကျွန်းပျဉ်ထောင် ကာ သော လေးပင်သုံးခန်း နှစ်ထပ်အိမ်ကြီး ပေါ် သို့ ပြောင်းရွှေ့ ရသောအခါ ကျွန်တော် အလွန် ပျော်ပါသည် ။ ကျွန်တော် သည် သူ့ ကို ပွေ့ယူကာ လက်ထပ်သော ညဉ့်ဦး က လို ပင် လှိုက်လှိုက်လှဲလှဲ နမ်း ရှုံ့လိုက်ပါသည် ။ သို့သော် ယခင်က အနမ်း က ချစ် ၍ သက်သက် နမ်း  ခြင်းတည်း ။ ယခု အနမ်းကား ကျေးဇူး တင်ခြင်းပါ စွက်ဖက်ရောနှော ၍ နမ်း ခြင်း ဖြစ်ပါ၏ ။ 

မချစ်ဖို့ သည် နှစ် ကြာလာသောအခါ ပို၍ပင် ချစ်ဖို့ ကောင်းလာ ပါသည် ။ သို့သော် မချစ်ဖို့ ပုံစံက မပြောင်းပေ ။ အရင်လိုပင် ပဒုမ္မာထူထူ သို့မဟုတ် ပင်နီချောများ ကို ဝတ်မြဲပင် ဖြစ်၏ ။ သူ ၏ သရက်ထည် ဆယ်ထည် ငါးကျပ်တန် က လည်း  ဝတ်မြဲ ပင် ဖြစ်ပေသည် ။ အိမ်သစ် ကို ရောက် ရပြန်တော့ လည်း သူ့ မှာ ကြမ်း တိုက်ရသည့် အလုပ် ပို လာပါသည် ။ အိမ် ကျယ်ဝန်းသည် နှင့် အမျှ အိမ်ထောင် ပရိဘောဂများ ၊များပြား လာသည် ။ အလှ ပြင်ရသော အလုပ် ၊ ဖုံ သုတ်ရသော အလုပ် မှာ လည်း ချစ်ချစ် အတွက် ပို လာတော့သည် ။ သူ့ ကိုယ် ဝတ်စား ဖို့ ကိုသာ ချွေတာ သည် ။ အိမ် အလှ ပြင်ရန် အတွက် ဇာခန်းဆီး အပြာနုများ ၊ ငွေပန်းအိုးနှင့် ဖန်ပန်းအိုးများ ကို မူ ချစ်ချစ် သည် ဝယ်ယူရန် မနှမြောပေ ။ လူ တွင် ကိုယ် ကြိုက်သော ဝါသနာလေးများ တစ်ခု စီ ပါ ကြစမြဲ ပင် ဖြစ်၏ ။

“ ကို တော့ မသိဘူး ၊ ချစ်ချစ် တော့ အလုပ်ပင်ပန်းပြီး နားချိန် ရောက်ရင် ရေမိုးချိုး အဲဒီ ကြမ်းပြောင်ပြောင် အိမ်လေး မှာ လေ ... ခန်းဆီးလေး က လေ ထဲ တလွင့်လွင့် နေပြီး ၊ ငွေပန်းအိုး ထဲ က ပန်းတွေက များ မွှေး နေတာ မြင် ရ ၊ ရှူ ရရင် သိပ်ပြီး စိတ် ချမ်းသာတာပဲ ... ”

မရွှေချစ် စိတ်ချမ်းသာ လျှင် ကျေနပ်ပါပြီ ။ ဒီလိုမှ သူ့ မှာ စိတ် ချမ်းသာ ကွက်ကလေး ၊ အရသာခံ ကွက်ကလေး တစ်ကွက် မရှိဘူး ဆိုလျှင် သူ လူ ဖြစ်ရသည့် ဘဝ ကို ကျွန်တော် ကြား ထဲက အတော် နှမြောမိပေသည် ။ အဘယ်ကြောင့်ဆိုသော် ချစ်ချစ် သည် သူ့ အတွက် “ ဇိမ် ”  ကွက်ကလေး တစ်ကွက် ရအောင် လူ့ ပြည် တွင် မနေတတ်သောကြောင့်တည်း ။ 

သို့သော် ကျွန်တော် ကတော့ အပြော မလျော့ပါပေ ။

“ ကဲ ... ဒေါ်ရွှေချစ် ခင်ဗျား နေချင်တဲ့ အိမ်လည်း ရပါပြီ ၊ ခုထိ ငါးသေးငါးမွှားစား ၊ အင်္ကျီ ထူလဗျစ်ကြီး ဝတ် နေဦးမှာလား ”

သူ က ကျွန်တော့် ကို ပြန်လည်၍ မချေပ ၊ ရယ်၍ ပင် နေပါသည် ။

ကျွန်တော်တို့ လက်ထပ်ပွဲ အနှစ် နှစ်ဆယ်မြောက် ၊ အသက် အား ဖြင့် လေးဆယ် လောက် တွင် ဂျပန်ခေတ် ကို ကြုံ ကြရပါသည် ။ သို့သော် ဂျပန်ခေတ် ၅ နှစ် သည် ကျွန်တော်တို့ အတွက် ဒုက္ခ မဖြစ်ပါပေ ။ မရွှေချစ် ၏ ပင်နီများ သည် ဂျပန်ခေတ် တစ်ခေတ်လုံး ဝတ် မကုန်ပါပေ ။ သူ တကာများ မှာ သန်းကြီးမ တို့ ပေါက်ဖွား ရာ ချည်အလုံးကြီး နှင့် ယက်ရ သော ဖျင်ကြမ်းလုံချည်များ ၊ ဖျင်ကြမ်းအင်္ကျီများ ကို ဝတ် ရချိန်တွင် ကျွန်တော် သည် ပလေကပ်လုံချည်များ ကို အိမ် နေရင်း အေးအေးလူလူ ဝတ် နေနိုင်၏ ။

ထိုအခါ ကျ မှ ကျွန်တော် သည် ဖျင်ကြမ်းလုံချည် ကို ပင် မဝတ်နိုင် သော လူ နု တစ်ယောက် မှန်း ကိုယ့် ကိုယ် ကို သတိထား မိပါသည် ။ ဂျပန် ခေတ် ၏ အနိဋ္ဌာရုံ များ တွင် သန်းကြီးမ ကိုင်းထ နေသော ဝဲနာများ သည် ကျွန်တော့် အတွက် မမြင်မရှု နိုင်သော မြင်ကွင်း များ ဖြစ်၏  ။ ဗုံးကျ ၍ သေလိုက်ချင်သေးသည် ။ ကျွန်တော် သည် သန်းကြီးမ အကိုက် ခံ၍ ဝဲ မပေါက် ချင်ပါ ။

ထို တစ်ကြိမ် တွင် လည်း ကျွန်တော် သည် ကျွန်တော် ၏ မချစ်ဖို့ ကို ချစ် မိပြန်သည် ။ 

“ ဒီတစ်ခါတော့ သိပ် ကို ကျေးဇူးတင်တာ ပဲ ချစ်ချစ် ရယ် ၊ နို့မို့ရင် ကိုယ် တော့ လား ဒီ သန်းကြီးမ အိမ် ဖွဲ့ ကောင်း တဲ့ ဖျင်ကြမ်းလုံချည်တွေ ဝတ် ရမှာ ”

မချစ်ဖို့ က ပလေကပ်လုံချည် အသစ် တစ်ထည် ချုပ် ပေးတိုင်း ကျွန်တော် က သူ့ ကို ကျေးဇူးတင် စကား ဆိုရပါ၏ ။ သူ သည် အင်္ဂလိပ် ခေတ် က လိုလိုမယ်မယ် စုဆောင်း သိုသိပ်ထားသော တယောစွပ်ကျယ် များ ၊ ပလေကပ်လုံချည်များ သေတ္တာ တစ်လုံး ပြည့်လုလု ကို ကျွန်တော့် အား ထုတ် ပြပါသည် ။

ယခင် က လိုတော့ တစ်နှစ် ကုန်တိုင်း ရွှေဒင်္ဂါးများ ထုတ်၍ ထုတ် ၍ ကျွန်တော့် ကို မပြတော့ပါ ။

သို့သော် ဂျပန်ခေတ် ကုန်ခါနီး တွင် မူ သူ ကျွန်တော့် ကို တိုင်ပင်၏ ။

“ မြို့ပြင် နား က တိုက်ခံအိမ်ကလေး ဝယ် ရအောင် ကို ရယ် ၊ မြေ က တစ်ဧက နီးနီး ရှိတယ် ”

ကျွန်တော် သည် မချစ်ဖို့ မျက်နှာ ကို စူးစိုက် ကြည့်၏ ။

“ ကိုယ် က ချစ်ချစ် မှာ ငွေ မရှိဘူး ထင်လို့လား ၊ ချစ်ချစ် ရွှေဒင်္ဂါး တချို့ ကို ဂျပန်ငွေ နဲ့ ရောင်းပြီး စပါး ဝယ်တယ် ၊ ဖေဖေ့ တပည့် ကိုလှ က ဆန်ခွဲ ပြီး အညာ သွားရောင်းပေးတယ် ။ သူ့ အတွက်လည်း ပေးပြီး သား ၊ ချစ်ချစ် ငွေ ပြန်ရပြီ ၊ ကို့ ကို တိုင်ပင် လုပ်ရင် ချစ်ချစ် ရယ် ဘယ်သူ့ အတွက် အပင်ပန်း ခံ ရတာလည်း နဲ့  ကို က ဆို ဦးမှာ ”

ကျွန်တော် သည် ဂျပန်ခေတ် တွင် လည်း ပရိုက်ဗိတ် ကျောင်းဆရာ လုပ် ကာ ... ဂျပန်ခေတ် ဝင်ငွေ နှင့် ချစ်ချစ် ကို ရှာ ကျွေးလာခဲ့သူ ဖြစ်၏ ။ ယခုလို ချစ်ချစ် တစ်ဖက်မှ နေ၍ သူ့ အဖေ နှင့် ပေါင်းကာ ငွေ ရှာနေသည် ကို ကျွန်တော် မသိပါ ။ သူ လိုချင်သော တိုက်ခံအိမ် မှာ ဂျပန်ခေတ် ငွေ နှင့် ခေတ်နှောင်းပိုင်း တွင် နှစ်သောင်း ကျော် သုံးသောင်း နီးနီး ခန့် ကျ ပေ မည် ။

“ ဒီ အိမ် ရှိပြီပဲ ချစ်ချစ် ရယ် ... ချစ်ချစ် တိုက် နဲ့ နေချင်လို့လား ...  ၊ ချစ်ချစ် မှာ လိုချင်တဲ့ ဒုက္ခ ကြောင့် အစား ချွေရတာ ၊ အဝတ် ချွေ ရတာ နဲ့ ကိုယ် က ချစ်ချစ် ကို မြင် ရတာ စိတ် မချမ်းသာလို့ပါ ”

“ ကိုယ် ကလဲ နော် ၊ ဒါပဲ ပြောတာပဲ ၊ ချစ်ချစ် ငယ်ငယ် က အကျင့်  ပဲ ဟာ ၊ တိုး ထူးပြီး ချွေတာ နေ ရတာ မှ မဟုတ်ဘဲ ။ ချစ်ချစ် က ခြံလေး နဲ့ နေ ချင်လို့ ၊ ဒီ အိမ် က မြို့ထဲ မှာ ဆိုတော့ မြေပို သိပ်မကျန်ဘူး ကိုယ် ရဲ့ ၊ သစ်ပင်ပန်းပင်လေးတွေ စိုက် ချင် ချင်သေးတယ် ”

ကျွန်တော် သည် သူ့ ဆန္ဒကို လိုက်လျော လိုက်၏ ။ မလိုက်လျော နိုင်စရာ အကြောင်း က လည်း မရှိပါပေ ။ ကျွန်တော် ရှာဖွေကျွေးသည် ဆို ပေမယ့် သူ့ ဘာညာ ငွေစု ၊ ထို ငွေ ကို တိုးပွားအောင် လုပ်ကာ သူ ဝယ်ချင် ခြမ်းချင် သည် ကို ကျွန်တော် ကန့်ကွက် ဖို့ မလိုပါပေ ။

စောစောက ကျွန်တော် ပြောခဲ့ သလိုပင် သူ စစ်ကုတ် ချွေတာ အနစ်နာ ခံခြင်း အတွက် သူ့ သာယာမှု တစ်ကွက် အတွက် ကျွန်တော် ကလည်း လိုက်လျောသင့်သည် ဟု ကျွန်တော် ထင်ပါသည် ။ 

ကျွန်တော့် အသက် လေးဆယ့်ငါးနှစ် တွင် စစ် ပြီး သွားပါသည် ။

စစ်ပြီးချိန် တွင် ကျွန်တော်တို့ လင်မယား နှစ်ယောက် သည် နှစ်ထပ် တိုက်ခံ အိမ်လေး တွင် အေးအေးချမ်းချမ်း နေ ကြရပေသည် ။

ထိုတိုက်ခံအိမ် ရောက်မှ မာလီတစ်ယောက် နှင့် အိမ်ဖော်မိန်းကလေး တစ်ယောက် ကို ချစ်ချစ် ငှားတော့သည် ။

ဆောင်းဦး ရောက်လျှင် ချစ်ချစ် စိုက်သော ပန်းပွင့်လေးများ သည် အစွမ်းကုန် ပွင့် ကြသည် ။ ကျွန်တော် သည် ကျောင်းဆရာ လုပ်မြဲ ပင် လုပ် ၏ ။ ညနေတိုင်း ရောက်လျှင် ကျွန်တော် ထိုင်နေသော ကုလားထိုင်ဘေး တွင် ပန်းရောင်စုံလေးများ ပွင့် ကြသည်ကို ကျွန်တော် မြင်ရသော အခါ အလွန် စိတ်ချမ်းမြေ့ ၍ သွား ပါသည် ။ 

ချစ်ချစ် သည် အရွယ်အားဖြင့် ယခင် ချစ်ချစ် မဟုတ်တော့ ဒေါ်ချစ်ဖို့ ဖြစ် နေပေသည် ။ အသက် လေးဆယ် ကျော် သွား ၍ ကိုယ်ရေ စစ် သွားသော်လည်း ဖျတ်လတ်ပုံ မှာ ငယ်ငယ်တုန်း က လိုပင် ဖြစ်၏ ။ လှပသော ပန်းခိုင်လေးများ ကို ဖြတ်တောက် ၍ ခြင်းတောင်း ထဲ တွင် ထည့် နေသည် ။ သူ ညနေ စောင်း လျှင် ဘုရားပန်းအိုး လဲ မည် ဖြစ်သည် ။ ဘီး ကျော်ပတ် ဆံပင် ကို ပတ်၍ အိန္ဒိယ ဖြစ် ရှန်သားတစ်ကိုက် နှစ်ကျပ်ခွဲ သုံးကျပ်တန် နှင့် ဟန် ကလည်း ခုထိ မပျောက်သေးပေ ။ တရုတ် နှင့် ဂျပန် က လာသော ထဘီ တစ်ကိုက် နှစ်ကျပ် နှစ်ကျပ်ခွဲ တန် က လည်း သူ့ ခါး တွင် ရှိမြဲ ဖြစ်၏ ။ ကျွန်တော် သည် တစ်ခါတစ်ရံ သူ့ ကို နောက်  ၍ နှစ်ကျပ်ခွဲတန် မချစ်ဖို့ ဟူ၍ နောက်ပြောင် ခေါ်ပါသည် ။ သို့သော် သူ့ မျက်နှာ သည် ယခင် လို ပင် အေးချမ်း၍ ယခု လို ပင် ချစ်ဖွယ် ကောင်းနေသေး သည် ။

တစ်ညနေတွင် မူ ... ကျွန်တော် နှင့် ရန်ကုန် တွင် ကျောင်း နေဘက် မိတ်ဆွေ တစ်ယောက် ကျောင်း ကို ပေါက် လာသည် ။ သူ သည် ရန်ကုန် တွင် စားရိတ် ကြီးလွန်း ၍ ကျွန်တော်တို့ မြို့သို့ ပြောင်း လာကြောင်း ။ ယခု အရှေ့ ပိုင်း တွင် အိမ်ငှား နေကြောင်း ပြောပြ၏ ။ ကျွန်တော့် အိမ် ကို မသိ၍ ကျောင်း လိုက် လာကြောင်း ပြောပါသည် ။ သူ့ အမည် ကိုကျော်မြင့် ဖြစ် ပါသည် ။ 

“ ကိုဖေအောင် ရှိတယ် ဆိုတာ သာ သိ တာ ။ အိမ် တော့ ကျွန်တော် က မစုံစမ်းမိဘူး ၊ ဒါနဲ့ ကျောင်း လိုက်လာတာ ”

ကျွန်တော့် မှာ သူငယ်ချင်း ကို တွေ့၍ အလွန် ဝမ်းသာပါသည် ။

“ ဒီလိုလုပ် ကိုကျော်မြင့် ရေ ... ခင်ဗျား အိမ် ကျွန်တော် ကျောင်း ဆင်း လိုက် လည်မယ် ၊ ပြီးတော့ ကျွန်တော့် အိမ် ကို တနင်္ဂနွေ တစ်နေ့ လာ လည် ပေါ့  ။ ခင်ဗျား မိန်းမ ရော ကလေးတွေ ရော ထမင်းပါ စားတာပေါ့ ” 

ကျွန်တော် သည် သူငယ်ချင်း ကို ထမင်းစား ဖိတ်လိုက်၏ ။ ညနေ တွင် မူ ကိုကျော်မြင့် ပြောင်း လာသည် ဆိုသော အိမ် ကို လိုက် သွားပါသည် ။ ရန်ကုန် တွင် သာ ဥက္ကလာပ ၊ သာကေတ တို့ ရှိသည် မဟုတ်ပေ ။ ကျွန်တော်တို့ မြို့ အရှေ့ပိုင်း တွင် လည်း တော မှာ ရွာ ပျက် ၍ ပြေး လာသော သူ များ အတွက် တာကြီးပိုင်း တွင် နေရာ ချထားသော ရပ်ကွက် ရှိပေသည် ။ ကိုကျော်မြင့် ရသော အိမ် မှာ ထို ရပ်ကွက် ထဲ မှ အိမ် တစ်လုံး ဖြစ် လေသည် ။

ကျောင်းများ ပိတ် ကာ နီး၍ ဆောင်းရာသီ နှောင်း လာသောကြောင့် အပူရှိန် မှာ ပြင်း လာချိန် ဖြစ်၏ ။ ကိုကျော်မြင့် အိမ် မှာ သွပ်မိုး ၊ ကြမ်းခင်း ၊ ထရံ ကာ အိမ် ဖြစ်သည် ။ အိမ် မှာ တစ်ထပ် အိမ် ဖြစ်၍ ပူ လိုက်သည်မှာ လွန် ပါ ရော ၊ ကလေးများ ကလည်း ပုစုခရု နှင့် ဆူ လိုက် ဆော့ လိုက် ကြသည်မှာ  ၊ သူ့ အိမ်လေး သိမ့်သိမ့် တုန် သွားမတတ် ဖြစ်ပါသည် ။ မိန်းမ ဖြစ်သူ မှာ မချစ်ဖို့ လောက် ပင် အသက် မကြီးသေးသော်လည်း နို့ပျဉ်းကျကျ နှင့် အတော် အိုစာ နေပါသည် ။ သူ သည် စေတနာ တော့ အတော် ကောင်းသော မိန်းမ တစ်ယောက် ဖြစ်ဟန် တူပါသည် ။ ကျွန်တော် ရောက်လျှင်ပင် ကော်ဖီ နှင့်   လက်ဖက်ပန်းကန် လာ ၍ တည်ပါသည် ။ 

“ ကိုဖေအောင် နဲ့ တွေ့ရတော့ မှ အား ရှိတော့တယ် ။ ရန်ကုန် မှာ တစ်ခါ တွေ့ပြီး ကတည်း က မတွေ့ရတော့ဘူး နော် ”

သူ့ခမျာ အာလ္လာပသလ္လာပ စကား ဆိုရင်း ရစ်ဝဲ လာသော ယင်ကောင် များ ကို ယပ်တောင် တစ်လက် ဖြင့် ခတ် ပေးရှာ၏ ။ ယင်ကောင်များ ပေါ ရ သည့် အထဲ ထမင်းလုံး နှင့် ကြက်သွန်ပုပ်များ ရော၍ နေသော မြောင်းပုပ်နံ့ က တစ်ချက် တစ်ချက် ဝှေ့၍ လာသောအခါ ကျွန်တော်သည် မူးညှီညှီ ဖြစ် လာပါသည် ။ လက်ဖက် ကိုလည်း မစားချင် ၊ ချွေးစီးများ လည်း ပြန် လာပါတော့သည် ။

နောက် တနင်္ဂနွေ တွင် ကျွန်တော် တို့ အိမ် သို့ ထမင်း လာ စားဖို့ ကျွန်တော် ကိုယ်တိုင် လာ ခေါ်မည့် အကြောင်း လင်မယား နှစ်ယောက်စလုံး ကို ဖိတ်ခေါ် ကာ ပြန် လာခဲ့ရပါသည် ။ အိမ် ရောက်လျှင် နှစ်ကျပ်ခွဲတန် ရှန်သား နှင့် ပင် သနပ်ခါးရေကျဲ လူး ကာ ကျွန်တော့် မချစ်ဖို့ သည် ကျွန်တော့် ကို ကြို ပါသည် ။

ကျွန်တော် သည် တိုက် ထဲ ရောက်လျှင် မချစ်ဖို့ ကို အိပ်ခန်း ထဲ သို့  ဆွဲ ခေါ် သွားပါသည် ။ မချစ်ဖို့ သည် မျက်လုံးလေး ကလယ်ကလယ် နှင့် ကျွန်တော့် အပြုအမူ ကို နား မလည်ဘဲ အိပ်ခန်း ထဲ သို့ လိုက် လာပါသည် ။

ကျွန်တော် သည် သူ့ ကို ဆွဲယူ ပွေ့ကာ သနပ်ခါးရနံ့ သင်း နေ သာ ပါးပြင် အား လက်ထပ်သော ညဉ့်ဦး က လို ပြင်းပြစွာ နမ်းရှုံ့ လိုက် သည် ။

“ ဟော့တော့ ... အဲဒါက ဘယ်လို ဖြစ်တာလဲ ” 

မချစ်ဖို့ က ရယ်ရတော့ မလို ပြုံးရတော့ မလို မျက်နှာထား နှင့် ကျွန်တော့် ကို မေးတော့သည် ။ မှန်၏ ။ အသက်များ ပင် ၅၀ ကျော် ကာ မှ ငယ်မူ ပြန်သော လူပျိုပေါက်စ လို ကျွန်တော် ၏ အပြုအမူ ကို မချစ်ဖို့ သည် အံ့ဩ နေပေတော့မည် ။

“ ကျေးဇူး တင်လွန်းလို့ပါ ချစ်ချစ် ရယ် ... ချစ်ချစ် သာ တကယ်လို့ မစီစစ်ရင် ကိုယ် တို့ လေ ခုလို အရွယ်မှာ ဒီလို အေးအေးချမ်းချမ်း နေနိုင် ၊ မှာ မဟုတ်ဘူး ။ ဒီနေ့ ကိုယ့် ရဲ့ သူငယ်ချင်း ကိုကျော်မြင့် ပြောင်းလာလို့ တာကြီးပိုင်း သွား လည်တယ် ၊ တက တည်း ကွာ ယင် က ပေါ ၊ ကလေး က ဆူ ၊ မြောင်းပုပ်နံ့ က နံ နဲ့ ကိုယ် ဖြင့် စကား ပြောရင်း အံချင် သလို ၊ ခေါင်းခဲ သလိုလို ချွေးစီးတွေ က လည်း ပြန် လာတာပဲ ခုမှပဲ လမ်း လျှောက် စဉ်း စားရင်း ချစ်ချစ် လုပ်သမျှတွေ ဟာ ငါ့ ဘို့ ပါလား တွေး ပြီး ကျေးဇူးတင် လာ လို့ ”

“ ဪ ...  ဖြစ်မှ ဖြစ်ရလေ ကို ရယ် ”

မချစ်ဖို့ ကား သူ့ ဟန် ရိုးရိုးလေး နှင့်ပင် ရယ်ပြီး ၍ နေတော့သည် ။ စင်စစ် မတော့ ရွှေဒင်္ဂါးများ ကို စောင့်သော ဥစ္စာစောင့် ဖြစ်မည် ။ ချစ်ချစ် သေလျှင် အိမ်စောင့်သူရဲကြီး ဖြစ်မည် ဟူ၍ သာ ပြောရသည် ။ ချစ်ချစ် ဖန်တီးပေးသော လှပသော အိမ်လေး ၊ သာယာသော ခြံဝင်းလေး ၏ အရသာ ကို တကယ် ခံစားလို သူ မှာ ကျွန်တော် သာ တည်း ။ ယခု တစ်ခဏလေး ပင် အနိဋ္ဌာရုံ ကို တွေ့ရသည့် အတွက် ကျွန်တော့် မှာ အတော် မခံမရပ်နိုင် ဖြစ် ခဲ့ရပါသည် ။ ရေချိုး ပြီးလျှင် ခြံပြင် သို့ ကမန်းကတန်း ထွက်ကာ ဆောင်း လို မလှတော့ ဟူ၍ ပင် ဆို ဦးတော့ ကိုကျော်မြင့် အိမ် ထက် ဆယ်ဆ လောက် သာ ပါသည် ။

ယခုမှပင် တဖြူးဖြူး တိုက်ခတ်သော လေတွင် အသက် ကို ဝဝ ရှူ ရပါသည် ။

ကျွန်တော် ငါးဆယ့်ငါးနှစ် ပြည့် ၍ ပင်စင် ယူသော အချိန်တွင် မချစ်ဖို့ သည် ညနေ တိုင် ရောက် လျှင် အိမ် တွင် မရှိတတ်ပေ ။

တစ်ခါတစ်ရံ ခြံ ထဲတွင် ပန်းပင်များ စိုက် ၊ ပန်း ပွင့်များ ခူး နေ သော်လည်း သူ့ မျက်နှာ သည် ယခင်လို မရွှင်လှပေ ။ အိုမင်း လာကြ ပြီ ဖြစ်၍ မျက်နှာ သွင်ပြင်များ ပြောင်း လာကြသည် ဟု သာ ကျွန်တော် က ထင် ပါသည် ။ အသက်ခြောက်ဆယ် ပြည့် သော နေ့တွင် မူ ချစ်ချစ် သည် သူ ၏ ငွေစုစာအုပ်လေး ကို ကျွန်တော့် လက် သို့ လာ ပေးပါသည် ။

“ ဒါ ဘာလုပ်ဖို့လဲ ချစ်ချစ် ” 

ကျွန်တော် က မေးရင်း စာအုပ် ကို ဖွင့် ကြည့်လိုက်၏ ။

သူ့ ငွေ မှာ တစ်သောင်း မပြည့်တတ်ပေ ။

“ ကို ... ယူထားလေ ”

သူ့ မျက်နှာ က လည်း မကြည်လင်လှပေ ။ ကျွန်တော် သည် ခါတိုင်း စကား ပြောနေကျ အတိုင်းပင် ရယ်သလို မောသလို သူ့ ကို ကြည့်၍ ပြော၏ ။

“ ကဲ ... ဆိုစမ်းပါဦး ၊ ဒေါ်ရွှေချစ် ရဲ့ အိမ် ရ ပြန်တော့ တိုက် နဲ့ ခြံ နဲ့ ဝင်း နဲ့ မှ နေချင်တယ် ဆိုပြီး စု လိုက်ရတဲ့ ပိုက်ဆံ ၊ စား လိုက်ရတဲ့ ငါးသေးငါး မွှား ၊ ဝတ်လိုက်ရတဲ့ နှစ်ကျပ်ခွဲတန် ၊ ခုရော  ဒီ ငွေတစ်သောင်း နဲ့ ဘာ လုပ် ချင်ပြန်ပလဲ ”

သူ့ မျက်နှာ ထား ကား တည်တည်ငြိမ်ငြိမ်ပင်တည်း ။

“ ကို  ... မလဲနော် အသက် လည်း ခြောက်ဆယ် ပြည့် ပြီ ၊ ညား လာ တာ လည်း အနှစ် လေးဆယ် ၊ ကိုယ့် မိန်းမ အကြောင်း ကို ခုထိ မသိသေး ဘဲကိုး ” 

သူ က ဆိုပါ၏ ။

“ ဆိုပါဦး ၊ ခင်ဗျား ရဲ့ နောက်ဆုံး ဆန္ဒ က ”

“ ဆိုပါဦး မနေ နဲ့ အဲဒါတွေ အဲ့ဒါတွေ ရအောင် စုခဲ့ ပြီးပြီ မို့လား ၊ ပျဉ်ထောင်အိမ် လခ နဲ့ပဲ ချစ်ချစ် တို့ လင်မယား စား လောက်တယ် လေ ”

“ ဟုတ်ပါတယ် ၊ ဒီ တိုက် လည်း ရှိ ၊ ငွေ လည်း တစ်သောင်း ရှိပြီ ၊ အဲဒီတော့  ...  ”

“ အဲဒီတော့ မနေနဲ့လေ အဲဒါတွေ ကို ဖြတ်နိုင်အောင် ကြိုးစားရဦး မယ် ၊ အဲဒါဟာ ချစ်ချစ် ရဲ့ နောက်ဆုံး ဆန္ဒ ပဲ ”

“ ဘုရားရေ ...”

ကျွန်တော် သည် ကျွန်တော့် ချစ်ဇနီး မချစ်ဖို့ ၏ အဘိဓမ္မာ ကို နား မလည်နိုင်ပေ ။

“ ဪ ... ချစ်ချစ် ရယ် ပင်ပန်းလိုက်တာ ကွယ် ”  

“ ဟုတ်တယ် ၊ ရဖို့ အတွက် ပင်ပန်း သလို ပဲ ဖြတ်ဖို့ အတွက်လည်း ချစ်ချစ် ညနေတိုင်း လိုလို ရိပ်သာ သွား ပြီး ကြိုးစား နေတာ ”

“ ဟင် ဒီလို ဆိုရင်လည်း အစ ကတည်း က မရှာ ရင် အခု လည်း ဖြတ်ဖို့ အတွက် မကြိုးစား ရတော့ဘူးပေါ့ ချစ်ချစ် ရယ် ”  

“ ဒီလို ဘယ် ဟုတ်မလဲ ကိုရယ် ၊ ကို ဟာ အတော် ခက်တာပဲ ၊ လူ့ ပြည် ဆိုတာ ငယ်တုန်း ရွယ်တုန်း ရအောင် ရှာကြဖွေကြ ၊ ကြီး လာ တော့ ရှာပြီးသား တွေ စွန့် နိုင်အောင် တစ်ခါ ခါ ကြိုးစားရ ၊ ပြတ်ရာ ပြတ်ကြောင်း တရား ရှာ ရပြန်ရော ၊ အဲဒါ လူ့ပြည် ပဲ ”

“ အစ ကတည်း က မရှာရင် အဲဒီ ပစ္စည်းတွေ လည်း မရှိဘူး ၊ မရှိတော့ ပြတ်အောင် လုပ်စရာ မလိုတော့ဘူး ”

“ အဲဒီအခါ ကျတော့ လည်း ခုလို အတွေးအဆ  ခေါင်း ထဲ မှာ ပေါ် လာ ဖို့ အချိန် မပေးတော့ဘူး ။ နှစ်ဆယ့်လေးနာရီ လုံးလုံး ကိုကျော်မြင့် လို သားသမီး တရုံးရုံး ရေမြောင်းပုပ်နံ့ ခံပြီး အို သေ တဲ့ အထိ ဇော ပြန် နေရပြန် ရော ၊ အလုပ် လုပ် ရတာနဲ့ သေချင်စော် နံပြီး အဲဒီ ဇောနဲ့ပဲ သေရော လူ့ ပြည် ဆိုတာက လိုအပ်သလောက် လည်း စွမ်းအား ထုတ်ရမှာ ပဲ ၊ လျောက် ပတ်ရုံ လောက် လည်း ခြိုးခြံ ရမှာပဲ ၊ ပြီးတော့ လည်း စိတ်နှလုံး ချမ်းငြိမ်းမှု လည်း ရအောင် နေ သွားရမှာပဲ ၊ ပြီးတော့လည်း စိတ်နှလုံး အေးအေးချမ်းချမ်း နေနိုင်အောင် သင့်တော်တဲ့ ခြိုးခြံမှု ကို မလုပ်ရင် ကိုယ် ရဲ့ အိုမင်း ချိန် မှာ ဘယ်လို အနား ယူ မလဲ ၊ အလုပ် လုပ်ပြီး သေဖို့ လူတွေ မွေးလာတာ မဟုတ်ဘူး ။ အလုပ် လည်း လုပ် ကြရမယ် ၊ သူတို့ ရဲ့ စိတ်နှလုံး ဟာ လောကီ မှာ ရော တမလွန် မှာ ရော ချမ်းငြိမ်းစွာ နားဖို့ တရား အသိလေး ဝင်စား ဖို့ မွေး လာ ကြတာ ၊ စိက် မနား ရ ရင်လေ ... ဘယ် သူဌေး ဖြစ်ဖြစ် မနား ရဘူး မှတ် ပေတော့ ...” 

“ လူ့ပြည် ဆိုသည်မှာ ”  ဆို၍ အကျယ် ချဲ့ပြသော သူ့ အဘိဓမ္မာ မှာ မည်မျှ မှား ၍ မည်မျှ မှန် သည် ကိုတော့ ကျွန်တော် အဆုံးအဖြတ် မပေး ပါ ။ မချစ်ဖို့ ကတော့ သူ ၏ အဘိဓမ္မာ သဘော အယူအဆ အတိုင်း ပင် သူ ရအောင် စုဆောင်းခဲ့သော ပစ္စည်းများ ကို သူ ပြတ်အောင် တရား ရှာ နေ သည် ။

ကျွန်တော် လည်း သူ ဖန်တီးပေးသော တိုက် နှင့် ခြံဝန်းကလေး ထဲ တွင် ကျွန်တော် ၏ အိုမင်း ချိန် ကို ချမ်းငြိမ်းစွာ နှင့် ပင် ကုန်လွန် ခဲ့ ပါ၏ ။

သီတင်းနေ့ သို့ ရောက် ၍ ကျွန်တော် ကိုကျော်မြင့် ကို ရိပ်သာ သွား ရန် သွား ခေါ်တိုင်း “ သူငယ်ချင်း ရဲ့ ကိုယ့် မှာ စိတ် မအေးတော့ တရား ကို နှလုံး မသွင်းနိုင်သေးဘူး ကွဲ့ ” ဟု ဆိုမြဲ ဆို ပါသည် ။ 

ကျွန်တော့် မှာ မူ ပေါင်းသင်း လာ သော နှစ် အနှစ် လေးဆယ် ကျော် မှ ပင် ကျွန်တော့် ဇနီး မချစ်ဖို့ အကြောင်း ကို သိ ရပါတော့သည် ။

◾  ခင်နှင်းယု

📖  ကြာတော၌ ရွာသောမိုး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment