“ နင့် ဘူး ဖွင့်လေ ဟာ ”
ကိုယ် သည် ထမင်းဘူး မှာ ပတ်ထားသော လက်သုတ်ပဝါ ကို ဖြည် သည် ။ ရင် တထိတ်ထိတ် နှင့်ပင် ထမင်းဘူး ကို ဖြည်းဖြည်းကလေး ဖွင့် သည် ။ ကိုယ့် ဟင်း မှာ ဘဲဥဆီပြန် နှစ်ခြမ်း ၊ ကိုယ် ရှက်သွားမိသည် ။ မနက်က ဆော်လီမား ဈေးပြန် နောက်ကျသောကြောင့် ဟင်း မမီချေ ။ ကိုယ့် အတွက် ဘဲဥဟင်း မြန်မြန် ချက်ပြီး ထည့် ပေးလိုက်ခြင်း ဖြစ်ပါသည် ။ သူ သည် ဇွန်း ဖြင့် ဆိတ်ကလီဇာဟင်း ကို ခပ်ပြီး ကိုယ့် ထဲ ထည့် ပေးသည် ။ ကိုယ် ကလည်း ဘဲဥဆီပြန် တစ်ခြမ်း ကို သူ့ ထဲ ပြန် ထည့် ပေးလိုက်သည် ။ သူ့ မေမေ သည် ကိုယ့်တို့ နှစ်ယောက် ကို ကြည့်၍ ပြုံးနေသောကြောင့် ကိုယ် အားတက် သွားမိသည် ။ ထမင်း စားလို့လည်း ကောင်းသည် ။ သူ သည် “ စားလေဟာ ၊ စားလေဟာ ” ဟု ပြောပြီး ကိုယ့် ထဲ သို့ ဟင်း ခဏခဏ ထည့် ထည့်ပေးသည် ။ ကိုယ့် မှာတော့ သူ့ ကို ထည့် ပေးစရာ ဘဲဥ မရှိတော့ချေ ။
မှတ်မှတ်ရရ ကိုယ် သည် ဒီ တစ်ခါလောက် ထမင်း စားကောင်းခဲ့တာ မရှိခဲ့ဘူးသေး ဟု ထင် ပါသည် ။
ထမင်း စား ပြီးသောအခါ သူ့ မေမေ သည် ခြင်းတောင်း ထဲ က ရေပုလင်း ကို ထုတ်ပြီး တစ်ယောက် တစ်ခွက် စီ တိုက်သည် ။ ပြီးတော့ စောစောတုန်း က ဖယ်ထားသော ချိုင့်ကလေး ကို ယူ၍ အဖုံး ဖွင့်လိုက်သည် ။ အထဲ မှာ အတုံး သေးသေးကလေးတွေ တုံး ထားသော အုန်းနို့ကျောက်ကျောတုံးကလေးတွေ နှင့် ခရင်းသေးသေးကလေး တစ်ခု ကို တွေ့ရသည် ။ မိခိုင် သည် သူ့ မေမေလက်ထဲ က ချိုင့် ကို ဆတ်ခနဲ ဆွဲ ယူ၍ ကိုယ့် ရှေ့ မှာ “ အင့် ” ဆိုပြီး ချ ပေးသည် ။
“ စားလေဟာ ”
ကိုယ် က ခေါင်း ခါလိုက်သည် ။
“ ဘာလို့လဲ ” ဟု သူ က မေးသည် ။ ကိုယ့် က သူ့ မေမေကို တစ်ချက် မော့ကြည့်သည် ။ သူ့ မေမေ က “ စားလေ သား ရဲ့ “ ဟု ပြောသည် ။ ကိုယ့် ကို ' သား ' ဟု သူ့ မေမေ က ခေါ်လိုက်သောကြောင့် စိတ် ထဲ က တစ်မျိုးကြီး ဖြစ်သွားသည် ။
ကိုယ် က “ နင် အရင်စား ” ဟု မိခိုင် ကို ပြောသည် ။ မိခိုင် ကလည်း “ နင် အရင်စားပါဟ ၊ နင် က ယောက်ျားလေး ပဲ ” ဟု ပြန်ပြောသည် ။
“ ဘာဆိုင်လို့လဲဟ ”
“ ဆိုင်တာပေါ့ဟ ၊ ယောက်ျားလေး ဆိုတာ ဘုန်း ရှိတယ် တဲ့ ”
သူ့ မေမေ က ရယ် နေသည် ။
“ ကဲပါကွယ် ၊ သား က အရင် စားလိုက် ၊ စား ... စား ... ”
ကိုယ် က တစ်တုံး အရင် စားရသည် ။ ပြီးတော့ ခပ်ကြီးကြီးတစ်တုံး ကို ခရင်း ဖြင့် ထိုး၍ သူ့ ကို လှမ်း ပေးလိုက်သည် ။ သူ က ယူ စားပြီး ကိုယ့် ကို ပြုံး ပြလိုက်သည် ။
“ သား နာမည် က ညီညီ တဲ့ နော် ”
“ ဟုတ်ကဲ့ ဒေါ်ဒေါ် ”
“ မေမေ ကလည်း မသိဘူးလား ၊ ဟိုတစ်ခါ မိုးတွင်းကြီးတုန်း ကလေ ၊ သမီး မှာ ထီး မပါလို့ သူတောင် လိုက် ပို့ရသေးတာကော ”
မိခိုင် က ဝင် ပြောသည် ။
သူ့ မေမေ က ...
“ ဪ ... အေးအေး ၊ အဲဒီတုန်းက ညီညီ က အိမ် အထိ လိုက် မလာဘဲကွယ် ၊ ဒေါ်ဒေါ် က ဘယ် မြင်ဖူးမလဲ ၊ တနေ့နေ့ ကျရင် ဒေါ်ဒေါ်တို့ အိမ် ကိုလည်း လာ လည်ဦးနော် ”
“ ဟုတ်ကဲ့ခင်ဗျာ ”
စားသောက်ပြီးကြ၍ သူ့ မေမေ က “ ကောင်းကောင်း ကစားကြနော် ” ဟု ပြောပြီး ပြန် သွားသောအခါ ကိုယ်တို့ နှစ်ယောက် သည် စိန်ပန်းပင်ကြီး အောက် သို့ လာခဲ့ကြသည် ။ ထိုနေရာ မှာ ဘယ်သူ့ ကို မျှ မတွေ့ရပါ ။
“ ဟာ ... ဟိုကောင်တွေ ဘယ် ရောက်နေကြလဲ မသိဘူး ”
“ အေးဟာ ၊ ကောင်မစုတ်တွေရော တစ်ယောက် မှ မရှိဘူး ၊ နေပစေ လိုက် မရှာနဲ့ ၊ ငါ တို့ လျှို နေရအောင် ”
“ ဘာပြောတယ် ”
“ သူတို့ ကို လိုက် မရှာတော့ဘူးဟာ ၊ ကျောင်း လည်း ပြန် တက်တော့မှာပဲ ၊ ငါတို့ နှစ်ယောက် တည်း စကား ထိုင် ပြောရအောင် ”
ကိုယ်တို့ နှစ်ယောက် စိန်ပန်းပင်ကြီး အောက် မှာ ထိုင် ကြသည် ။
“ ဒါနဲ့ နေပါဦး ၊ ကစ်တီ တို့ က စတယ် ဆိုတာ ပြော ဦးလေ ”
“ အို ... နောက် မှ ပြောမယ် ”
“ ဟ .. ဘာဖြစ်တာလဲ ”
“ နက်ဖြန် မှ ပြောမယ် ဟာ ”
“ နင် ကလည်း ကြောင် လှချည်လား ”
“ ကြောင်ကြောင် ဟာ ၊ ငါ ခု မပြောချင်တော့ဘူး ”
“ အေးလေ ... ပြီးရောပေါ့ ”
သူ သည် ကိုယ့် ကို စောင်း ကြည့်ပြီး ...
“ ငါ နောက်တော့ ပြောမယ်နော် ”
ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။
“ နင့် မေမေ က သိပ် သဘော ကောင်းတာပဲ နော် ”
“ အေး ...ဟုတ်တယ် ၊ ဖေဖေ ကလည်း ကောင်းတာပဲ ၊ နင့် မေမေ ရော ”
“ ကောင်းတယ်ဟ ”
“ နင့် ဖေဖေ ရော ”
ကိုယ် ချက်ချင်း ပြန် မဖြေ ။ ဖေဖေ သည် သဘော ကောင်းသလား ၊ မကောင်းဘူးလား ။ “ ဖေအောင် က စိတ်ရင်း ကောင်းပါတယ်ကွယ် ၊ ဘုဆတ်ဆတ် လုပ် တတ်တာ တစ်ခုထဲပါ ” ဟု အန်တီလူး က တစ်ခါ ပြောဖူးသည် ကို သတိ ရ၏ ။
“ အေး ... ကောင်းပါတယ် ဟာ ”
ကိုယ် က တိုးတိုး ပြောသည် ။
သူ က “ အံမယ် ငါတို့ ဘွားဘွားက ပိုတောင် သဘော ကောင်း သေးတယ် ”
သူ့ ဘွားဘွား က သူ့ ကို အရမ်း အလို လိုက်ကြောင်းတွေ ပြော ပြသည် ။
“ ခုတော့ ဘွားဘွား မရှိတော့ဘူး ၊ သေသွားပြီ ၊ ငါလေ ဘွားဘွား ကို သိပ် သတိရတာပဲ ”
ဆိုပြီးလျှင် မျက်ရည်တွေ ဝဲ လာသည် ။ ခဏကြာတော့ တရှုံ့ရှုံ့ ငို လေတော့သည် ။ ကိုယ် လည်း ဘာ ပြောရမှန်း မသိ ဖြစ်နေရာမှ ဝမ်းနည်း၍ လာ လေ၏ ။ ကိုယ် သည် ဘာ ကို ဝမ်းနည်းမိမှန်း ကိုယ့် ဘာသာပင် မသိပါ ။ သူ့ လို လည်း မဟုတ် ။ ကိုယ် တို့ ဘွားမေသိန်း သည် သေဖို့ နေနေသာသာ ခုထိ ထမင်းဟင်းတွေ ချက် နိုင်တုန်း ဟု ဦးလေးမောင်မောင်ကြီး က ပြောပြ ဖူးပါသည် ။
“ ငို မနေပါနဲ့ ဟာ ၊ နင့် ဘွားဘွား မရှိလည်း နင့် မေမေ ရှိသားပဲ ” ဟု ကိုယ် သူ့ ကို ပြောသည် ။ သူ လည်း အငို တိတ်သွား၏ ။ အင်္ကျီလက်မောင်း နှင့် မျက်ရည်တွေ သုတ်သည် ။ ပြီးတော့ ကိုယ့် လက်မောင်း ကို လှမ်း ပုတ်ပြီး “ နင့် ကို ငါ တစ်ခု မေးစရာ ရှိ သေးတယ် ”
“ အေး ... မေးလေ ”
“ နင် ကြီးလာရင် ဘာ လုပ်မှာလဲ ”
“ ဘာ လုပ်မှာလဲ ”
ကိုယ် မဖြေတတ် ။ ဘာ ဖြေ ရမှန်းလည်း မသိပါ ။
“ ပြောလေ ဟာ ”
“ ကိုယ် မသိဘူး ”
“ ဟယ် .. မသိဘူးရယ်လို့ ၊ နင့်ဟာကလဲ ” ဆိုပြီး သူ ခစ်ခနဲ ရယ်သည် ။ ခုနပဲ ငို နေပြီးတော့ ခုပဲ ရယ်ပြန်သဖြင့် ကိုယ် အံ့သြ သွားသည် ။ သူ့ ကို ချက်ချင်း စကား မပြောနိုင်သေးဘဲ ခဏ ကြာ မှ ပြန် ပြောရသည် ။
“ မေမေ ကတော့ ဆရာဝန် လုပ်စေချင်တယ် ”
“ နင် ကကော မလုပ်ချင်ဘူးလား ဆရာဝန် ”
“ အဲဒါ .. ကိုယ် မသိဘူးလေဟာ ”
သူ က ထပ် ရယ်ပြန်သည် ။ ပြီးတော့ ...
“ နင့် ဖေဖေ ကကော ဘာပြောလဲ ”
“ ဘာမှ မပြောဘူး "
သူ ပြော မှ ကိုယ် သတိ ရသည် ။ ဖေဖေ သည် ကိုယ့် ကို ကြီး လာလျှင် ဘာလုပ်မလဲ ဟု တစ်ခါမျှ မမေးဘူးပါ ။ ဘာလုပ်ရမယ် ဟု လည်း တစ်ခါမျှ မပြောဘူးပါ ။ ကိုယ် ကြီးလာလျှင် ဘာ လုပ်ရမလဲ ဆိုသည် ကို ကိုယ့် ဘာသာ စဉ်းစား ရမှာလား ။ ဖေဖေ တို့ မေမေ တို့ က လုပ်ခိုင်း ရမှာလား ။ ဆရာ ၊ ဆရာမတွေ က ပြော မှာလား ။ ကိုယ် ဖြင့် သေသေချာချာ မသိ ။
“ နင် ကော ကြီး ရင် ဘာ လုပ်မှာလဲ ”
ကိုယ် က ပြန် မေးသည် ။
သူ က ...
“ ငါလား ဘာမှ မလုပ်ဘူး ”
“ ဟင် ... ဘာမှ မလုပ်ဘူး ၊ ဟုတ်လား ”
“ အေး ... ဟုတ်တယ် အိမ် မှာ ပဲ နေမယ် ”
"ဟာ ... အိမ်မှာ ကတော့ နေ ရမှာပေါ့ ”
“ မဟုတ်ဘူးလေ ၊ အလုပ်တွေ ဘာတွေ မလုပ်ဘူးဟာ ၊ အိမ် မှာ နေပြီးတော့ ငါ စားချင်တာတွေ လုပ်စားမယ် ”
ကိုယ် သူ့ စကား ကို ရယ်ချင် သွား၍ ရယ် လိုက်သည် ။
“ ဟုတ်တယ် ဟ ၊ ဆီးထုပ်တို့ ဓားလှီးရေခဲမုန့်တို့ ကို ငါ့ ဘာသာ အိမ် မှာ လုပ်စားမယ် ၊ ခုဆိုရင် အဲဒါတွေ ကျောင်း မှာ ပဲ စား ရတယ် ။ အိမ် ရောက်ပြီ ဆိုတာနဲ့ မေမေ က မစားရဘူး တဲ့ ။ ပြီးတော့ ရှိသေးတယ် ။ ငါ က ကြံသကာ သိပ်ကြိုက်တာ ဟ ၊ မေမေ ကလေ ကြံသကာ ချောင်းဆိုးတယ် ဆိုပြီး ထန်းလျက် ပဲ တစ်လုံး တစ်လုံး ကျွေးတယ် ။ ငါ ကြံသကာ သိပ် စားချင်တာပဲ ။ ဟေ့ ... ဟေ့ နေဦး ငါ ပြောမယ် ။ တကယ်လို့ နင် ကြီးလာလို့ အလုပ်တွေ ဘာတွေ လုပ်လို့ ပိုက်ဆံ ရရင် ငါ့ကို ကြံသကာ ဝယ်ကျွေး ဟာ ”
“ ဟာ ... နင် ကလည်း ကြံသကာ ပဲ ဟာ ၊ ခု ဝယ်ကျွေး လည်း ရတာပဲ"
“ အို .. ခု ဝယ်ကျွေးရင် သေးသေးလေးပဲ ရမှာ ၊ နင့် ပိုက်ဆံတွေ အများကြီး ရှိ တဲ့အခါ ကျ မှ ငါ့ ကို ဖျာ လောက် ရှိတဲ့ ကြံသကာကြီး ဝယ် ကျွေးဟာ နော် ”
“ အေးပါဟာ ”
သူ သည် ခေါင်း ကို ကုတ်၍ စဉ်းစား နေသည် ။ ပြီးတော့ ပြောသည် ။
“ နေဦးဟ ၊ ငါ ခုန ပြောတာ အလုပ် မလုပ်ဘူး ဆိုပေမယ့် အိမ် မှာ ထမင်းတွေ ဟင်းတွေ ချက် တာတော့ လုပ် မှာပေါ့ ၊ ငါ ထမင်းဟင်း ချက် ရင် နင် စား မလားဟင် ”
ကိုယ် သူ့ ကို ကြည့် လိုက်သည် ။ သူ သည် ကိုယ့် ကို ကြည့်၍ ပြုံးနေ၏ ။ ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။ သူ ထမင်းဟင်း ချက်လျှင် စားလို့ ကောင်းမလား မသိ ။ ကိုယ် သူ ချက်သော ထမင်းဟင်း ကို စားချင် စိတ် ပေါက်သွားသည် ။
“ နင် ချက်ရင် ဆိတ်ကလီဇာဟင်း ချက် ဟာ ”
••••• ••••• •••••
နေ့လယ် က မိခိုင် နှင့် အတူတူ ထမင်း စားရသည့် အကြောင်း ကို စဉ်းစားလာသော ကြောင့် လမ်း လျှောက် လာရသည် ကို ဘာမျှ မကြာလိုက် ထင် သည် ။ အိမ်ရှေ့ ကို ရောက်မှ ပင် စဉ်းစားခန်း ရပ် လိုက်သည် ။ ဝင်းတံခါး နား ရှိ မာလကာပင် သည် ပြွတ် သိပ်နေအောင် သီး နေ၏ ။ ကျောင်း ကို မာလကာသီးတွေ ယူ လာပြီး ဝေ ပေးတတ်သော ကစ်တီ ကို သတိရ မိ၏ ။ ပြီးတော့ မိခိုင် က ကိုယ့် အတွက် မာလကာသီး အူနီကြီး ချန် ထားပေးသည် ကို လည်း မှတ်မှတ်ရရ ရှိသည် ။ ကိုယ် တို့ အိမ် က မာလကာပင်ကြီး ကတော့ အရင်တုန်း က ငယ် သေးသောကြောင့် သိပ် မသီး ခဲ့ ။ ခုမှ အရမ်း သီး လာခြင်း ဖြစ်သည် ။ မှည့်ပြီ ဆိုလျှင်တော့ ကျောင်း က သူငယ်ချင်းတွေ အတွက် ခူး သွားရဦးမည် ။ တီချာမေ ကို လည်း ပေးမည် ။ မိခိုင် ကိုတော့ အလုံးလှလှကြီးကြီး မှည့်မှည့် ကို သူများတွေ မသိအောင် တိတ်တိတ်ကလေး ပေးရမည် ။ ထို အသီး ကို အူနီသီး ဖြစ် အောင်တော့ ဘယ်လို ရွေးရပါ့မလဲ ကိုယ် မသိ ။
မာလကာပင် ၏ အကိုင်းဖျား နား က အသီးတစ်လုံး သည် မမှည့်သေးသော်လည်း စားလို့ ရ လောက်ပြီ ။ ကိုယ် သည် ခြေထောက် ကို စုန် ကန်၍ ခုန်ပြီး ခူးသည် ။ မမှီချေ ။ ထမင်း စား ပြီးမှပင် တံချူ နှင့် ခူးတော့မည် ။
အိမ် ထဲ ကို ဝင်မည် ဟု တံခါးဝနား ကပ် လိုက်သောအချိန်မှာပင် “ ခက်ပါတယ် ကိုမောင်မောင်ကြီး ရယ် ” ဆိုသော မေမေ့ အသံ ကို ကြားရသည် ။ အိမ် ထဲ သို့ မဝင်သေးဘဲ ရပ်၍ နားထောင် နေမိသည် ။ ကိုယ် ခုမှ စဉ်းစား မိသည် ။ သည်နေ့ စနေနေ့ ။ မေမေ ရုံး တစ်ဝက် ဆင်း ရသည် ။ ထိုကြောင့် အိမ် ကို စောစော ရောက် နေတာ ဖြစ်မည် ။
ဦးလေးမောင်မောင်ကြီး ၏ အသံ ကို ကြား ရပြန်၏ ။
“ မစောမြင့် ကို ကိုယ် တစ်ခု မေး ချင်တယ် ၊ ဖေအောင် က မစောမြင့် အပေါ် မှာ မကျေနပ်စရာ တစ်ခုခု များ ရှိ နေသလား ”
“ သူ ကလား လောကကြီး တစ်ခုလုံး ကို မကျေမနပ် ဖြစ်နေတာပါ ၊ ဟင်း ... ဟင်း ဟုတ်တယ် ၊ ရှင့် သူငယ်ချင်း က ဘာကို မှ စိတ်တိုင်း ကျတာ မဟုတ်ဘူး ”
မေမေ့ ရယ်သံ ခပ်တိုးတိုး ကြားရသည် ။ တကယ် ရယ်ချင်၍ ရယ်သလိုမျိုး မဟုတ် ။ အန်တီလူး နဲ့ စကား ပြောသော အခါ တွင် လည်း အဲဒါမျိုး ခဏခဏ ရယ် တတ်သည် ။
“ အင်းပါလေ ၊ သူ စိတ်တိုင်း မကျတာ မကျေနပ်တာ ကို မစောမြင့် ရအောင် ရှာပေါ့ ”
“ ကျွန်မ မှာ အပြစ် တစ်ခုခု ရှိနေတယ် လို့ ထင် လို့လား ကိုမောင်မောင်ကြီး ”
“ ဟာ ... မဟုတ်ပါဘူးလေ ။ ကိုယ်ရယ် ၊ မစောမြင့် တို့ ရယ် သိခဲ့ကြတာ အနှစ် နှစ်ဆယ်နီးပါး ရှိခဲ့ပါပြီ ၊ မစောမြင့် တို့ လက် မထပ်ခင် ကတည်း က ခင်မင် ခဲ့ကြတာပဲ ။ မစောမြင့် အကြောင်း ကိုယ် ကောင်းကောင်း သိ ပါတယ် လေ ။ မစောမြင့် ကို အပြစ် ပြောတာ မဟုတ်ပါဘူး ၊ အပြစ် ရှိချင်း ရှိရင် ဖေအောင့် မှာ သာ ရှိ မှာပါ ”
ဘာ သံ မှ ဆက် မကြားတော့ ။ တိတ်ဆိတ် နေပြန်သည် ။ ခုချိန် ကိုယ် ဝင် သွားလျှင် ကောင်းမလား စဉ်းစားမိသည် ။ သို့သော်လည်း ကိုယ် ဆက်၍ နားထောင် ချင်သေးသည် ။ ဘာမှန်း မသိသော အကြောင်း တစ်ခုခု ကိုယ် သိချင် နေသေးသည် ။ ဘာကို သိချင်တာလဲ ဆိုသည် ကို မူ ကိုယ် မပြောတတ်ပြန်ပါ ။
“ ကိုမောင်မောင်ကြီး ကို ကျွန်မ တစ်ခု မေးချင်တယ် ”
“ မေးပါလေ ၊ မေးပါ ”
"ကျွန်မ ကို အမှန်အတိုင်း ဖြေစေ့ချင်တယ် ရှင် ”
“ ကိုယ် ဟာ ဖေအောင့် သူငယ်ချင်း ဆိုပေမယ့် မစောမြင့် အပေါ်မှာ ဘယ်လို စေတနာ ထားတယ် ဆိုတာ မစောမြင့် သိမှာပါ ”
ခဏကြာအောင် မေမေ ဘာမျှ မပြောဘဲ နေသည် ။ ပန်းကန်ချင်း တိုက်မိသံ ကြားသည် ။ ဦးလေးမောင်မောင်ကြီး က ကော်ဖီ ယူ သောက်ပြီး ပန်းကန်ပြား ပေါ် ပြန် ချလိုက်တာ ဖြစ်မည် ။
“ ကိုမောင်မောင်ကြီး က ရန်ကုန်မှာ နေတာ ဆိုတော့ သူ ရန်ကုန် လာတဲ့အခါ တွေ့ ကြမှာပေါ့ ၊ သူ ရန်ကုန် မှာ တခြား ...”
မေမေ့ အသံ သည် အရမ်း တိုး သွားသည် ။ နောက် ဆက် ပြော လိုက်သလား ၊ မပြောလိုက်သလား တောင်မှ မသိရ ။
“ ဟာ ... အဲဒါတော့ မဟုတ်ဘူး ၊ ကိုယ် အာမခံပါတယ် ၊ ဒီကောင် အဲဒါမျိုးတော့ မရှုပ်ပါဘူး ၊ ကိုယ် ကလည်း အရှုပ် မခံဘူး ၊ ဇွတ် တားမှာပဲ ၊ ဖေအောင့် အကြောင်း ကိုယ် သိတယ် ။ ဒီကောင် က အလုပ် ကိုပဲ စိတ်ဝင်စားတာ ”
“ ဟုတ်ပါတယ် ၊ သူ့ အလုပ် ကို ပဲ စိတ်ဝင်စားတာ ၊ မိန်းမ ကို စိတ်ဝင်စားတာ မဟုတ်ဘူး ၊ ဟုတ်တယ် ... ဟုတ်တယ် ၊ ရှင့် သူငယ်ချင်း က အလုပ် ကို အိမ် က မိန်းမ ထက် ပိုပြီး ချစ်တာ ”
စောစောကလို မေမေ ရယ် ပြန်သည် ။ ကိုယ့် စိတ် ထဲက တွေးမိသည် ။ ဖေဖေ သည် အလုပ် ကို ကိုယ့် ထက် ရော ပိုပြီး ချစ်သလား လို့ ။ အဲသည်လို မေမေ့ ထက်ရော ၊ ကိုယ့် ထက်ရော အလုပ် ကို ပိုပြီး ချစ်တယ်ဆိုတာ ကောင်းသလား ၊ မကောင်းဘူးလား ကိုယ် မသိ ။ ကိုယ် သိတာ တစ်ခုတည်း ။ ဖေဖေ သည် မေမေ့ ကို ချစ်စေ ချင်သည် ။ ကိုယ့် ကို လည်း ချစ်စေ ချင်သည် ။ ကိုယ် သည် ကလေး တစ်ယောက် ဖြစ်နေသောကြောင့် အဲဒါတွေ စဉ်းစားနေတာ ကောင်း မှ ကောင်းပါ့မလား ။ နောက်ထပ် ပြောသော စကားသံ တို့ သည် နည်းနည်း တိုးသွားသည် ။ ကောင်းကောင်း မကြားရ ။ အရဲစွန့် ၍ ရှေ့သို့ နည်းနည်း ထပ်တိုးပြီး နားထောင် တာတောင်မှ ကြား တစ်ချက် မကြား တစ်ချက် ။ အင်္ဂလိပ်စကားတွေ လည်း ပါ လာပြန်ပြီ ။ ကိုယ့် နာမည်လည်း ပါသည် ။
“ ညီညီ က မက်ကျူအာ မဖြစ်သေးဘူး ”
“ သား ကြောင့် သာ ခုထိ ”
“ ဂရုစိုက်ပါ ”
“ ဘဲရီးစင်းစတစ် ”
“ စိတ်ဝေဒနာ ဖြစ် သွားရင် ”
“ ဟုတ်တယ် ၊ မကောင်း ...”
“ အညွန့် မကျိုးစေချင်ဘူး ”
“ ညီညီ ”
"ဖေအောင် ”
“ မစောမြင့် ”
ကိုယ် ဆက်ပြီး နားထောင် နေလို့လည်း ဘာမျှ သေသေချာချာ ကြား ရတော့မည် မဟုတ် ။ တစ်ခွန်း နှစ်ခွန်း ကြား လည်း ကိုယ် နားလည်မည် မဟုတ်တော့ပါ ။ ပြီးတော့ ထမင်း လည်း ဆာ လာပြီ ။ ခြံဝ ဘက် သို့ ခပ်မြန်မြန်လျှောက် လာခဲ့သည် ။ ပြီးတော့မှ အိမ်ဘက် သို့ ပြန် လှည့်ပြီး “ မေမေ ” ဟု ခေါ်ရင်း လျှောက် လာသည် ။ အိမ် တံခါးဝ မှ ဝင် လိုက်သော ကိုယ့် ကို မြင်သောအခါ မေမေ က “ ဟော ... သား တောင် ပြန်လာပြီ ” ဦးလေး မောင်မောင်ကြီး က ကိုယ့် ကို လှမ်းကြည့်ပြီး ပြုံး ပြသည် ။ တီချာမေ ကိုယ့် ကို ပြုံးပြ တတ် သလိုမျိုး ဖြစ်သည် ။ ပြီးတော့ သူ ပြောသည် ။
“ ဟေ့ ညီညီ ၊ ခုပဲ မင်း အကြောင်း ပြော နေတာကွ ၊ မင်း စာ သိပ် တော်တဲ့ အကြောင်း ”
အဲသည် အကြောင်း ပြော နေတာ မဟုတ်ကြောင်း ကိုယ် သိသည် ဟု ထင်ပါသည် ။ အင်္ဂလိပ် လို ညှပ်ပြီး ပြောကြသော စကားတွေ ကကော ကိုယ် စာ တော်တဲ့ အကြောင်း ဖြစ် နိုင်ပါ့မလား ။ ဦးလေး မောင်မောင်ကြီး သည် ကိုယ့် အနား သို့ လျှောက် လာပြီး ကိုယ် ပခုံး ကို လာ ဖက်သည် ။ ပြီးတော့ ...“ ညီညီ က သိပ် လိမ္မာတာ ဗျ ” ဟု မေမေ့ ကို လှမ်း ပြောသည် ။
မေမေ က လည်း ... “ ဟုတ်တယ် ၊ ကျွန်မ ဖြင့် သား လိမ္မာတဲ့ အတွက် ပဲ ဝမ်းသာ နေရတယ် ”
သူတို့ သည် ကိုယ် စာ တော်ကြောင်း ပြော နေတာ မဟုတ်ဘဲ နဲ့ ဟုတ်တယ် ဟု ပြောကြသည် ။ ပြီးတော့ ကိုယ့် ကို မြင်သောအခါ အသား လွတ် မြှောက်ပင့် ပြော နေကြသည် ။ ဘာကြောင့် သည်လို ဖြစ် ကြတာလဲ ။
ကိုယ် သည် ဦးလေး မောင်မောင်ကြီး ကို မော့ ကြည့်ပြီး ပြုံး ပြလိုက်သည် ။ ကိုယ် တကယ် မပြုံးချင် ဘဲ ပြုံးလိုက်တာ ဖြစ်ကြောင်း သူ သိသွားမလား မသိပါ ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment