❝ ချောင်းနံဘေး က ရွာကလေး ❞
ကောင်းကင် သည် အလွမ်းမင်းသမီး တစ်ယောက် လို ငိုတော့မလို ညိုမှောင်နေသည် ။ ယမန်နေ့ က တစ်နေ့လုံး တစ်ညလုံး မိုးသီးမိုး ပေါက်တွေ ရွာသွန်းဖြိုးထားသည် ကို အားမရသေး ဟန် ပြင် နေသည် ။ ခြိမ်းသည့် မိုး မရွာ ဆိုသကဲ့ သို့ အညာမိုး သည် မခြိမ်းလေပဲ ရွာသွန်းဖြိုး တတ်သော သဘော ရှိလေ၏ ။
အဘညို သည် ချောင်းနဖူးထိပ် ကုန်းမို့မို့ ပေါ် ရှိ သမုန်းပင်ကြီး အောက် မှ နေ၍ ဝန်းကျင်တစ်ခို ကို မျှော် ကြည့်မိသည် ။ မိုး ရွာ သည် ကို သူ သဘော ကျပါသည် ။ သို့သော် မိုး ကို ဆည်မြောင်းချောင်းကန် ပြည့်လျှံဖြိုးအောင် “ ရွဲ ” လုံး မျှ လောက် မိုးပေါက် ကိုတော့ မသွန်းဖြိုးစေ လိုပါ ။ ဆည်မြောင်းချောင်းကန် အသင့်အမှန် တိုးစေဖို့ “ ပုလဲ ” လုံး မျှသာ ရွာစေချင်ပါ၏ ။ မိုးပုလဲ ကြောင့် ဝန်းကျင်တစ်ခို စိမ်းစို စေလို၏ ။ သူ့ နှမ်းခင်းပျိုလေး လည်း အောင်မြင်စေလို၏ ။ သူ ထိန်းကျောင်းနေ သော ဆိတ်အုပ် အတွက် ရွက်နုများ ဝေ စေလို၏ ။
သို့သော် သူတို့ ရွာ မှာ လူများစုကတော့ မိုးလုံးရွဲ မျှ ရွာစေချင် မှာ အမှန် ပင် ဖြစ်လိမ့်မည် ဆိုတာ အဘညို သိနေသည် ။ ချောင်းနံဘေး မှာ မေးတင် ဆောက်တည်ထားသော သူတို့ ရွာကလေး သည် မိုးလုံးရွဲ ရွာ ၍ ချောင်းရေ ကြီးလျှင် ဆိုင်းမဆင့် ပွဲမခံဘဲ တကယ့် ပွဲတော်ကြီး ဖြစ်သွား တတ်သည် ။ ရွာထိပ် က ချောင်းကလေး သည် အမှန်တကယ်တော့ သဲချောင်းပြင်ကြီး သာ ဖြစ်သည် ။ ချောင်း အထက်ပိုင်း မိုး ကောင်း ၍ ချောင်းရေ လျှံ လျှင် ငြိမ်သက်နေသော သဲချောင်း သည် ပဉ္စလက် အတတ် ဖြင့် ဖန်ဆင်း လိုက်သလို ရေစီးသန်သော ချောင်းကြီး ဖြစ် လာသည် ။ ချောင်း ကို ကန့်လန့်ဖြတ် ဖောက်ထားသော ကားလမ်းမ ပေါ်မှာ မည့်သည့် ကား မှ ဖြတ် မမောင်းဝံ့တော့ချေ ။ ချောင်း ၏ ထိပ် တစ်ဖက်တစ်ချက် မှာ ကားတန်းရှည်ကြီးတွေ ချောင်းရေ အကျ ကို စောင့် ဆိုင်းရတော့၏ ။
ဤသို့သော အခါမျိုးတွင် ရွာသားတွေ ပွဲတော် တွေ့ပြီး ရတနာပုံ ဆိုက်လေပြီ ။ ကြီးလတ်ငယ် အရွယ်မရွေး ရွာသား အချို့ ချောင်းပြင် သို့ ထွက် လာကြသည် ။ လမ်းဘေး က ထမင်းဆိုင်တွေ လက်ဖက်ရည်ဆိုင် တွေ ဈေးရောင်း ကောင်းသည် ။ ဈေးတင် ကောင်းသည် ။ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေ လည်း မနားရတော့ ။ ယောက်ျားပျို အချို့က ကား ဆွဲမလား ။ ကား တွန်းမလား ၊ လမ်းပြ ပေးမယ် ဟူသော ဈေး ခေါ် သံတွေ ကားတန်းရှည်အနီး မှာ ဆူညံနေသည် ။ ချောင်းရေ စပ် သွားလျှင်တော့ ရေတိုက်စား၍ ပျက်သွားသော သဲလမ်း ပေါ် တွင် လမ်းအလုပ် သမားအချို့နှင့်အတူ ရွာသား အချို့ ပေါက်ပြား ကိုယ်စီ ကိုင်ကာ ဆင်း သွားကြသည် ။ ဖြတ်သွားသော ကားများ ပေါ်မှ ပစ်ချပေးသော ငွေကြေးများ ကို အလုအယက် ကောက် ယူကြမည် ။
ချောင်း သည် လမ်း ကို သာ ပျက်စီးစေသည် မဟုတ် ။ ရွာသားတို့ ၏ စိတ်ဓာတ် ကို ပင် ဖျက်ဆီး ပစ်လေပြီတည်း ။ အဘညို တို့ ငယ်စဉ်ကလို စေတနာ ဖြင့် ကူညီမှုတွေ ကွယ်ပျောက်နေပြီ ။ ဖိုးသူတော် မျက်စိလည် တော့ ဆန်များများ ရသည် ။ ရွာနံဘေး က ချောင်းကလေး ရေ လျှံ တော့ ရွာသားတွေ ငွေ များများ ရသည် ။
အဘညို တို့ ရွာ မှာ မည်သည့် အရပ်ဒေသ တွင် မှ မရှိသော အကြွေး စနစ် တစ်ခုရှိသည် ။ “ ရေလာပေး” တဲ့ ။ သူများတွေ လို ပဲပေါ် ၊ နှမ်းပေါ် ပေး မဟုတ် ။ ချောင်းရေ လာ မှ ပေးဆပ်ရမည့် ရေလာပေး ကြွေး ဖြစ် လေ၏ ။
အဘညို သည် ကောင်းကင်မည်းမည်း ကို မော် ကြည့်လိုက်သည် ။ မရွာပါနဲ့တော့ မိုးရယ် ။ ရွာ ရင်လည်း မိုးပုလဲ မျှသာ ရွာ ပါလေတော့ ။ ယမန်နေ့က မိုးကြောင့်ပင် ရွာသားတွေ ချောင်းထိပ် မှာ စုရုံးနေတာ လှမ်း မြင်ရသည် ။ အဘညို သည် ရင်မောစွာပင် သက်ပြင်းချရင်း သမုန်းပင် အောက် မှာ ထိုင် ချလိုက်လေ၏ ။
••• ••• ••• •••
အဘညို သည် ဤ ချောင်းနံဘေး ရွာငယ်ကလေး မှာ ပင် မွေးဖွားခဲ့ သည် ။ ချောင်းရေ ထဲမှာ မြူးတူးဆော့ကစားရင်း သဲအိမ်လေးတွေ ဆောက်ကစားရင်း ကြီးပြင်းခဲ့သည် ။ ချောင်း ထဲ မှာ ကစားရင်း ကား တစ်စီးတလေ ဖြတ် သွားလျှင် အော်ဟစ် နှုတ်ဆက်ကြသည် ။ သဲချောင်း မှာ နစ်သော ကား ကို တွေ့လျှင် ဝိုင်းဝန်း တွန်းပေးခြင်းဖြင့် ကူညီသည် ။ ထိုစဉ်က ဤလမ်း ကို ဖြတ်သန်းသော ကားတွေ လည်း ယခုလို မများသေးပေ ။ ကူညီခဲ့သော အဘညို တို့ ၏ ရင်တွင်း မှာလည်း ငွေကြေး ရယူလိုမှု မပါဝင်သော စေတနာတွေ သာ ရှိခဲ့၏ ။ အဘညို အရွယ် ရောက်လာတော့ လမ်း ကုသိုလ် ယူကာ လမ်း အလုပ်သမားတွေ နှင့်အတူ လမ်းပြင် လုပ်အားပေးခဲ့ကြသည် ။ ယခု လူငယ်များ လက်ထက် တွင် စေတနာမေတ္တာတွေ ခန်းခြောက် ကုန်ပြီလား ။ အယူ မရှိသော အကူအညီ ပေးမှုတွေ ကွယ်ပျောက် ကုန်ပြီလား ။ အရာရာကို ငွေ နှင့် တန်ဖိုး ထား ကာ တိုင်းတာ တတ်နေပြီလား ။ ဒါတွေကို အစဉ်အလာ ကြီး တစ်ခု လို မျိုးဆက်သစ်တွေ တိုင်အောင် ပွားများ မသွားစေချင်တာ အဘညို ၏ ဆန္ဒ အမှန် ဖြစ်ပါ၏ ။
“ အဖေ ထမင်း စားမယ် ”
သမီး ဖြစ်သူ မယ်ထွေး ၏ အသံကြောင့် အဘညို အတွေး ရပ်သွား သည် ။ အဘညို သည် သောက်လက်စ ဆေးလိပ်တို ကို မီးငြိမ်းသတ်ပြီး ထမင်းဝိုင်း သို့လာသည် ။ ငရုတ်သီးရဲရဲ ဖြင့် ဆီပြန် ချက်ထားသော အမဲသားဟင်း တစ်ခွက် ၊ ဘူးညွန့်ဟင်းချို နှင့် သရက်ချဉ်သုပ် ပန်းကန် များ ကို ကြည့်ပြီး ထမင်း ပို ဆာ သွားသလိုပင် ။ အသင့် ရှိနေသော လက်ဆေးဇလုံ မှာ လက် ကို နှစ်ရုံသာ ဆေးပြီး ထမင်း စားရန်ပြင်ပြီးမှ “ ဘယ် သွား ကုန်ကြသလဲဟ ” သူ့ သမက် ထွန်းညွန့် နှင့် မြေးနှစ်ယောက် ကို မေးမှန်း မယ်ထွေး သိသည် ။
“ ကိုထွန်းညွန့် ချောင်း ထဲ က ပြန် မလာသေးဘူး ။ ကလေး နှစ်ယောက် လည်း အဲဒီမှာ ပဲ ထင်ပါရဲ့ ”
“ အေးပေါ့လေ ငွေစကလေး က ရွှင် နေတော့ အံ့ကျော် ရဲ့ အရက် ဆိုင် မှာ အရည်လေး သောက် လိုက် ၊ အမြည်းလေး စား လိုက် နေမှာပေါ့ ”
“ အဖေ ကလည်း ဟိုမှာ အလုပ် လုပ်နေတဲ့ ဟာကို ၊ ဒီ အချိန်လေး ကြိုးစား လုပ်ထားမှပေါ့ ”
မယ်ထွေး ၏ လေသံ က သူမ ၏ လင် ကို အပြစ် တင်တာကို မကြိုက် သလိုလို ။ အဘညို သည် ဘာမှ ထပ်မပြောတော့ဘဲ ထမင်း စားလိုက် သည် ။ သူ့ ဘဝ က သမီး နှင့် သားမက် ကို မှီခို နေရသူ ဖြစ်၍ သိပ် မပြော ချင် ။ ပြီးတော့ သူ့ ရင်ထဲ က ဆန္ဒတွေ ကို စကားလုံး စီ၍ ထုတ်ဖော် မပြောတတ်ပေ ။ ကျောင်းဆရာလေး ကိုဇော်အောင် ကတော့ ပြော တတ်သည် ။ သို့သော် ရွာသားတွေ က ကျောင်းဆရာလေး ၏ စကား ကို မနာယူတတ်ကြပေ ။ ကွယ်ရာမှာ နှုတ်ခမ်းပင် မဲ့ ကြသေး၏ ။
“ အမေရေ .. အမေ”
သူ ထမင်း စားနေဆဲမှာပင် မြေး နှစ်ကောင် အိမ်ဝိုင်း ထဲ ပြေး ဝင်လာ သည် ။
“ အမလေး ကျော်သူအောင် နဲ့ စန္ဒာ ရယ် ၊ နင်တို့များ ထမင်းမေ့ ၊ ဟင်းမေ့ ”
မယ်ထွေး က ပြောသည် ။ အဘညို ပြုံး မိသည် ။ တော က နာမည် တွေ ကို ရှေးကလို မယ်ထွေး ၊ မယ်အေး လို့ မမှည့်ကြတော့ ။ ခေတ်မီ ကုန်ပြီ ။ ခေတ်မီဆို ခေတ်ပေါ် ဗီဒီယိုကား တွေ က တော ရော မြို့ ပါ ပျံ့နှံ့နေပြီကိုး ။ ဗီဒီယို တွေကြောင့် ရွာ ထဲ မှာ ကောင်းကျိုး ဆိုးကျိုး တွေ ဒွန်တွဲ ဝင် လာသည် ။ ဝတ်စားဆင်ယင်မှု မှာ ပင် လေဘေးပုံ ထဲက စကတ်တွေ ၊ ဘောင်းဘီတွေ ဝယ် ဝတ် တတ်လာပြီ ။ တော နှင့် မြို့ တူ လုနေပြီ ။
“ ရော့ အမေ သုံးရာ့သုံးဆယ် ရတယ် ၊ သုံးဆယ် က ကျုပ် ညနေ ဗီဒီယို ကြည့်ဖို့ ယူ ထားမယ် ”
ကျော်သူအောင် က လက် ထဲ မှာ လိပ်ကျစ်ထားသော ငွေစက္ကူ အချို့ကို မယ်ထွေး ကို ပေးသည် ။ မယ်ထွေး က ငွေများ ကို ရေတွက် ယူရင်း
“ ဗီဒီယို တစ်ကား တစ်ဆယ် ပဲ ပေးရတာ ဘာကိစ္စ သုံးဆယ် ယူ ထားတာလဲ ”
“ ဒီည အလင်းပေါက် သုံးကား ဗျ ”
ကျော်သူအောင် က ပြောပြီး လက် မဆေးပဲ ထမင်းဝိုင်း ဝင် ထိုင် သည် ။ စန္ဒာ ကလည်း ဝင် ထိုင်သည် ။ မယ်ထွေး က ဘာမှ မပြောတော့ ဘဲ ငွေများ ကို အင်္ကျီ ရင်ဘတ် ထဲ သွင်း လိုက်သည် ။ အဘညို သည် ထမင်း စားခြင်းကို လက်စသတ် ကာ စောစော က ချထားသော ဆေး လိပ်တို ကို မီးညှိ ဖွာရှိုက်ရင်း ကလေး နှစ်ယောက် ကို အကဲ ခတ်ကြည့် သည် ။ ကလေးများ သည် ထမင်း ကို မြိန်ရေရှက်ရေ စားနေတာ အားကျစရာ ။ အာဟာရ သည် သူတို့ ၏ ခန္ဓာကိုယ် နှင့် ကောင်းသော အသိဉာဏ်တွေ ပါ ဖွံ့ဖြိုးလျှင် မည်မျှ ကောင်းလေ မည်နည်း ။ အဘညို အတွေး နှင့်အတူ သက်ပြင်း ချသည် ။ ကလေး နှစ်ယောက် က ထမင်း စားပြီး ချောင်းဘက် သို့ ပြေးသွား ပြန်၏ ။
မယ်ထွေး က ထမင်ဝိုင်း သိမ်းပြီး ရေ မလာခင် တစ်နွေလုံး ယူ စား ထားသော အကြွေးစာရင်း ကို တွက် ချက်နေသည် ။
“ အိမ်း ... တို့ ရွာသားတွေ လည်း စိတ်ဓာတ်တွေ ပျက်စီးကုန်ပါ ပေါ့လား ”
မနေနိုင်၍ နှုတ် မှ ဖွင့် ညည်းသည် ။ မယ်ထွေး က မျက်စောင်း ထိုးရင်း
“ ခက်ပါလား အဖေ ရယ် ”
မယ်ထွေး ဆက် ပြောလျှင် “ လုပ်အားခ ” ဆိုတာ ပါလာမည် ။ ထွန်းညွန့် တို့ လုပ်တဲ့ လုပ်အားခ ဆိုတာ တန်ရာတန်ဖိုး မဟုတ် ။ ကား နှင့် လူ ၏ အခြေအနေ ကို ကြည့်ကာ တစ်ထောင် နှစ်ထောင် ဈေး ခေါ်သော လုပ်အားခ ဖြစ်ကြောင်း သူတို့ နားလည်ပြီးသား ပင် ။
“ ဒါ့ကြောင့် လူတွေက ပြောကြတာ ၊ ဒီ ရွာသားတွေ ဟာ ရေ မလာ ရင် သူတောင်းစား ၊ ရေလာတော့ ဓားပြ တဲ့ ၊ ထွီ .. သူတို့မို့ မရှက်တယ် ”
မယ်ထွေး ၏ မျက်စောင်း ကို ကြောက်၍ နှုတ် ဖွင့် မပြောရဲတော့ပါ ။ သည် ချောင်း နှင့် သည် ရွာသားတွေ အတွက် ကောင်းသော ပြောင်းလဲခြင်း တစ်ခု ကိုသာ တိတ်တခိုး မျှော်လင့်မိပါ၏ ။
••• ••• ••• •••
မိုးလုံးပုလဲ ၊ မိုးလုံးရွဲတွေ ရပ်တန့် သွားလေပြီ ။ မြောက်ပြန်လေ သည် သူ နှင့် အတူ ဆောင်းနှင်းပွင့်တို့ ကို သယ်ဆောင်လာခဲ့ပြီ ။ ဘုံကထိန်ပွဲ မှ အိုးစည်သံတွေ တိတ် သွားပြီ ။ ရွာ ထဲ မှ လူတွေလည်း စိတ် မပါ့တပါ ဖြင့် တောင်သူလုပ်ငန်း ကို ခြေဦး လှည့်လာကြသည် ။ အံ့ကျော် ၏ အရက်ဆိုင် မှာ လူ ရှင်းစ ပြုလေပြီ ။ အေးမေ ၏ ထမင်းဆိုင် လည်း အရောင်း ကျသွားပြီ ။ ဒေါ်သုန် ၏ ကုန်စုံဆိုင် တစ်ခု သာ ရှေ့ နှစ် ရေလာ ပေး ကြွေးဖြင့် စည်ကား နေသည် ။ ဆောင်းနှင်းပွင့် ၏ အအေးဒဏ် ကြောင့် သဲချောင်း သည် ဝပ်ဆင်းငြိမ်သက်သွားကာ မော်တော်ကား တွေ ချောမောစွာ မောင်းနှင်သွားလေပြီ ။ သို့သော် ချောင်း လမ်း တစ်လျှောက် ပေါက်ပြား တစ်ဖက် ကိုင်လျက် မျှော်လင့်ချက်မျက်လုံး ဖြင့် ရပ်နေသော ရွာသား အချို့ ကို မြင် နေဆဲပင်တည်း ။
အဘညို သည် ချောင်းရိုး တစ်လျှောက် ထင်းခြောက် ကောက်ရင်း ကျောင်းဆရာလေး ကိုဇော်အောင် ပြောပြသော “ စိတ်ဓာတ် ” ဆိုတာ သတိ ရလာပြန်၏ ။ အဘညို တို့ ငယ်စဉ် ကတည်းက မှီခိုခဲ့သော ပတ်ဝန်း ကျင် ကို ထိန်းသိမ်း ခဲ့ကြသည် ။ တောထဲ ထင်း ခုတ် လျှင် တောင် မှ အပင် သေ ၊ အပင်ခြောက် တွေ ရွေး ခုတ်ကြသည် ။ သစ် တစ်ပင် ၏ တန်ဖိုးကို နားလည်စွာ လွယ်လွယ် နှင့် မခုတ်လှဲ ရက်ကြပေ ။ ဒါ စိတ်ဓာတ် ပဲလား ။ အဘညို သည် ထင်းခြောက်များ ကို ပုဆိုးဟောင်း တစ်ထည် ဖြင့် စုစည်း ရင်း သစ်ပင်ရိပ် တစ်ခု အောက် မှာ နားခိုရင်း မှေးခနဲ အိပ် ပျော်သွား သည် ။
အိပ်မက် ထဲ မှာ သူ သည် အသစ်တစ်ဖန် ပြန်လည် မွေးဖွားလိုက် သလို နုပျို နေသည် ။ သန်မာထွားကျိုင်းနေသည် ။ သူ သည် ပေါက်ပြား တစ်လက်ဖြင့် သဲချောင်းပြင် ၏လမ်းကြော ကို ပြုပြင်နေသည် ။ ထိုစဉ် သူဌေးတွေ စီးသော ကားငယ် တစ်စီးသည် ဖြတ် သွားသည် ။ သူ သည် ချော မောစွာ ဖြတ်သန်းသွားသော ကားလေး ကို ပီတိများစွာဖြင့် ငေးမော ကြည့်နေစဉ် ကား ပေါ် မှ အရာဝတ္ထု တစ်ခု ကျလာကာ လေ နှင့် အတူ လွင့်မျောလျက် သူ့ ခြေရင်း သို့ ရောက် လာသည် ။
“ တစ်ထောင်တန် ငွေစက္ကူ တစ်ရွက်ပါလား ”
သူ သည် ငွေစက္ကူ ကို ကောက်ယူရင်း အရှိန် ဖြင့် ပြေးနေသော ကား ကို အော်ဟစ် တားဆီးရင်း ပြေး လိုက်သွားသည် ။ ကား က သူ တား တာ ကို ကြား သွားသလို ရပ်တန့် သွားသည် ။ ကား အနီး မှာ ရပ်ရင်း သူ မောနေသည် ။
“ ဒါ ဘာလုပ်တာလဲ ၊ ကျုပ် သူတောင်းစား မဟုတ်ဘူး ၊ ပြန်ယူ သွား ”
ငွေ ကို ကား ထဲ ပစ်ထည့်လိုက်စဉ် မယ်ထွေး ရောက်လာကာ သူ့ ကို ရန်တွေ့သည် တဲ့ ။
သူ မယ်ထွေး ကို စကား တွေ အများကြီး ပြောသည် ။ သူ့ ရင် ထဲမှာ ထိန်းချုပ် ထားရသော စကားများစွာ ကို အိပ်မက် ထဲ မှာ ပြော ချသည် ။ အပြင် မှာ စကားလုံး စီ၍ မပြော တတ်သော်လည်း အိပ်မက် ထဲ မှာ ကရားရေလွတ် ပြော တတ်လိုက်ပုံများ အံ့သြစရာပင် ၊ သူ့ နှုတ်ဖျား မှာ “ စိတ်ဓာတ် ” ဆိုသော စကားလုံးတွေ များစွာ ပါဝင်နေတာကို တော့ သတိ ထားမိ၏ ။
“ စိတ်ဓာတ် ... စိတ်ဓာတ် အရေးကြီးတယ် ”
သူ့ နှုတ်ဖျား က တတွတ်တွတ် ရေရွတ်ရင်း အိပ်ရာ မှ လန့် နိုးလာ တော့ နေမင်း ၏ အပူရှိန် က သူ့ မျက်နှာ ကို စူးရှစွာ ကျရောက် နေတာ သိရသည် ။ သူ သည် အိပ်မက် ကို နှမြောသွားသည် ။ လှဲရာ မှ ထကာ ထင်းခြောက်စည်း ကို ထမ်းလျက် အိမ် သို့ ပြန်လာခဲ့လေ၏ ။
••• ••• ••• •••
ချောင်းထိပ် မှာ ကားဝါဝါကြီးတွေ ခဏခဏ လာသည် ။ သံတိုင် တွေ အုတ်တွေ စီ ပုံ ထားတာ တွေ့ ရသည် ။ ကျောင်းဆရာလေး ကိုဇော်အောင် ကတော့ အပြော သား ။
“ ဒီ ချောင်းကြီး ကို ဖြတ်ပြီး သံကွန်ကရစ်တံတားကြီး ထိုးဖို့ စီမံချက် ချ လိုက်ပြီ အဘညို ရေ ”
“ ဟုတ်ပါ့မလား ဆရာလေးရယ် ၊ ဒီလောက် ကျယ်တဲ့ ချောင်းကြီး ကို တံတား ထိုးနိုင်ပါ့မလား”
သူ က မယုံကြည်နိုင်သလို မေးသည် ။ ခေတ် အဆက်ဆက် က မတတ်နိုင်၍သာ ဒီ ချောင်းဆိုးကြီး ၏ ဒဏ် ကို ခံခဲ့ရသည် မဟုတ်ပါလား ။
“ အဘညို ချောင်း က တစ်ဖာလုံ တောင် ကျော်လို့လား ၊ ဒီချောင်း မပြောနဲ့ ဧရာဝတီ ၊ ချင်းတွင်းမြစ် တွေ ကို တောင် ဖြတ်ပြီး တံတားရှည် ကြီးတွေ တည်ဆောက်ပြီးပြီ ပဲ အဘ ရဲ့ ၊ အခုလည်း ဖြစ်နိုင်လို့ သံချောင်းတွေ ချ နေပြီလေ ၊ မကြာခင် ဒီ ချောင်း မှာ တံတားသစ်ကြီး ပေါ် လာတော့ မှာ ”
အဘညို က ဆေးလိပ် ကို ခဲရင်း ခေါင်း တဆတ်ဆတ် ညိတ်သည် ။ သူ့ အာရုံ ထဲမှာ ချောင်း ကို ဖြတ်လျက် တံတားသစ်ကြီး ကို မြင်ယောင် လာသည် ။ တံတားကြီး ပြီးလျှင်တော့ တောင်ကျရေ နှင့်အတူ ရွာသား တွေ ရဲ့ စိတ်ဓာတ်တွေ ပါ မျောပါ ပျောက်ကွယ်သွား မှာ သေချာသည် ဟု အဘညို ယုံကြည်မိလေ၏ ။
◾ သျှီ ( အင်ကြင်း )
📖 နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း
၂၀၀၀ ၊ မတ်လ
aung naing oo
.
No comments:
Post a Comment