❝ အရေးပေါ် အခြေအနေ ❞
“ င ” နံပါတ် ကောင်ဆယ်ကားကလေး သည် အရှေ့မြင်းပြိုင် ကွင်းလမ်း အတိုင်း မြို့ ထဲ သို့ ဦးတည်၍ သွား နေ၏ ။ ဒီဇင်ဘာ ၏ နှင်း တို့ မှုန်မှုန် ကျနေခြင်း သည် ချစ်သူ တို့ လက်တွဲ ၍ လျှောက်ချင်စရာ ကောင်း လှပါသည် ။ သို့ရာတွင် ကိုအေးသန်း ကမူ ထို နှင်း တို့ ကို သိပ် သဘောမကျလှချေ ။ သူ့ ကား က မီးအား သိပ် မကောင်း ၊ ပြီးတော့ သူ့ ရှေ့ က မှန်သည် နည်းနည်း အက်နေ၏ ။ ထို့ကြောင့် ကား ရှေ့ မြင်ကွင်း ကို ထင်းခနဲ နေအောင် မမြင်သာ ။ ရှေ့ ကို အာရုံ စိုက်၍ ကြည့် နေရသောကြောင့် မျက်စိ ညောင်းလာသည် ။ ဒီနေ့ ရှာ၍ ရသမျှသော ငွေ ကို စိတ် ထဲ က တွက် ကြည့်မိသည် ။ ခု နောက်ဆုံး တစ်ခေါက် သင်္ဃန်းကျွန်း ကို လိုက် ပို့သဖြင့် ရရှိ ငွေ တစ်ဆယ့်ငါးကျပ် ၊ စုစုပေါင်း ရရှိငွေ ကိုးဆယ့်ငါးကျပ် ။ ဓာတ်ဆီဖိုး ၊ အင်ဂျင်ဝိုင်ဖိုး အစိတ် နှုတ်လျှင် ခုနစ်ဆယ် ကျန် ။ စားသောက် စရိတ် တစ်ဆယ် ထား ၊ ခြောက်ဆယ် ကျန်ငွေ ၊ ဒီနေ့ သိပ် မရ ဟု ထင်သည် ။
ပရိုက်ဗိတ်တက်စီ ခေါ် ကိုယ်ပိုင်အငှားယာဉ် အလုပ် ။ ခေါ်နေကျ မို့သာ နား ယဉ် နေရသည် ။ အမှန်အားဖြင့်လည်း ထို အမည် သည် အတော် ရယ်စရာ ကောင်းလှ၏ ။ ကိုယ်ပိုင် ဖြင့်လည်း ကိုယ်ပိုင် ။ အငှားယာဉ် ဖြင့်လည်း အငှားယာဉ် ။ အခုတော့ ကပြား အမည် လို ဖြစ် နေလေသည် ။ နံပါတ် ကတော့ အနက် ၊ ကိုယ်ပိုင် ပေါ့ ။ သို့ရာတွင် အငှား လိုက်သည် ။ တစ်နာရီ သုံးလျှင် တစ်ဆယ့်ငါးကျပ် ၊ သို့တည်းမဟုတ် နှစ်ဆယ် ။ ဟိုနား ဒီနား တစ်ခေါက် လောက် လိုက် ပို့ ရုံဆိုလျှင် ရှစ်ကျပ် ၊ တစ်ဆယ် ။ မနေ့ကတော့ အချီကြီး ရ လိုက်သည် ။ မိန်းကလေး နှစ်ယောက် ကို သုံးမိုင် ခရီးလောက် လိုက်ပို့ ရုံ ၊ ညနေ ကျတော့ သွား ကြိုရုံ မျှဖြင့် ငွေသုံးဆယ် ရလိုက်သည် ။
ရိပ်ခနဲ ဝင်လာသော မြင်ကွင်း သည် အတွေး အားလုံး ကို ရပ်တန့် သွားစေ၏ ။ တာမွေ ခြောက်လမ်း ထဲ မှ ဖြတ် ထွက်လာသော စက်ဘီး တစ်စီး ကား ရှေ့ တည့်တည့် သို့ ဘေးတိုက် ဝင်လာသည် ။ နီးနီးကလေး ။
ဘရိတ် ဖမ်း ရန် အချိန် မရ ။ ကား ကို ဘယ်ဘက် ကို ကွေ့ ချ လိုက်သည် ။ စက်ဘီး နှင့် ကား ဦးတည်ရာ လမ်းကြောင်း တို့ ပြောင်းပြန် ဖြစ် သွားသည် ။ သို့ရာတွင် စက်ဘီးသမား က ကြောက်အား လန့်အား ဖြင့် ဘယ်ဘက် ကိုပင် ကွေ့ သည် ။ စက်ဘီး သည် လမ်းပေါ် တွင် စက်ဝိုင်း လို လည်၍ ကား ရှိ ရာ သို့ ပြန် လှည့် လာသည် ။ ကား လက်ကိုင်ဘီး ကို ဘယ်ဘက် သို့ ဆွဲ လှည့်သည် ။ မရတော့ ။
“ လေဆိပ် ၇၅ ” ဇာတ်ကား ထဲ မှ လေယာဉ်ပျံကြီး နှင့် လေယာဉ်ပျံကလေး တို့ တိုက် မိကြသလိုပင် ။ ကား နှင့် စက်ဘီး တို့ သည် “ ဂျိုင်း ” ခနဲ ဘေးချင်း ဝင် ဆောင့်ကြလေ၏ ။
ကိုအေးသန်း သည် ကားပေါ် မှာ ခဏ မျှ ငိုင် နေမိသည် ။ “ ကားတော့ တိုက်ပြီဟေ့ ” ဟူ သော အော်သံ ကြား မှ ကားတံခါး ကို ဖွင့် ၍ လျင်မြန်စွာ ဆင်း လိုက်သည် ။ လူတို့ သည် ဘယ် က ဘယ် လို ထွက် လာကြမှန်း မသိ ။
လူအုပ် တော်တော် များနေပြီ ။ လူအုပ် ကြားထဲသို့ ကြည့် လိုက်သောအခါ လူ တစ်ယောက် သည် ဆယ့်နှစ်နှစ် အရွယ်ခန့် ရှိသော ကောင်လေး တစ်ယောက် ကို ပွေ့ ချီ ထားသည် ။ ကလေးငယ် သည် ဦးခေါင်း ငိုက်စိုက် ကျ နေ၏ ။ သူ့ ခေါင်း မှ သွေး တို့ သည် ကတ္တရာလမ်း ပေါ်သို့ တတောက်တောက် ကျ နေသည် ။ ဘုရား ... ဘုရား ၊ အသက် မသေပါစေ နှင့် ။
“ ဘယ်လို လုပ် မောင်းတာလဲ ”
“ စက်ဘီး တစ်စီးလုံးတောင် မမြင်ဘူး ”
“ သေပြီ ထင်တယ် ”
“ ကားသမားတွေ ရမ်း ကို ရမ်းတယ် ”
ရန်ကုန်မြို့သားများ မှာ အကျင့် တစ်ခု ရှိသည် ။ လူ တစ်ယောက် ကို ကားတစ်စင်း က ဝင် တိုက်မိပြီ ဆိုလျှင် ကားမောင်းသူ ကိုသာ အပြစ် ဖွဲ့ချင်တတ်သော အကျင့် ။ သူတို့ သည် မကျေနပ်ချက် မှန် သမျှ ကို ကားမောင်းသူများ ၊ သူခိုးများ ၊ ခါးပိုက်နှိုက်များ အပေါ် ပုံ အော တတ်ကြလေသည် ။ သို့ရာတွင် ကိုအေးသန်း ကတော့ သက်သာရာ ရ သွား၏ ။ ဩဇာ ညောင်းပုံ ရသော လူကြီး တစ်ယောက် ရောက်ရှိ လာသောကြောင့် ဖြစ်ပါသည် ။
“ ဟေ့ ... ဘာလို့ ဝိုင်းအုံ ကြည့်နေကြတာလဲ ၊ အသက် ရှိ သေးတယ် မဟုတ်လား ၊ ဆေးရုံ ပို့ပါလား ၊ ခင်ဗျား ကား မောင်းလို့ ရသေးတယ် မဟုတ်လား ”
“ ဟုတ် ... ဟုတ်ကဲ့ပါ ခင်ဗျာ ”
“ ဒါဆို ကားပေါ် တင် ၊ မောင်ပိုင် ၊ ကျော်မြင့် ၊ သံချောင်း ကား နဲ့ လိုက်ခဲ့ ၊ မြင့်လှိုင် က ကလေး အဖေ ကို အကြောင်း ကြားပြီး ဆေးရုံ ကို ခေါ်ခဲ့ ၊ ကဲ ... မောင်း ... မောင်းလေဗျာ ”
ကား ကို “ ဝူး ” ခနဲ မောင်းထွက်လိုက်၏ ။ ကိုအေးသန်း ကား ထူပူ နေသောကြောင့် သွားနေကျ လမ်းများ ကိုပင် မမှတ်မိသလို ဖြစ် နေလေသည် ။ ခုန လူကြီး က လမ်းညွှန် နေရသည် ။
“ မြေနီကုန်း ဘက် ကို မောင်း ၊ အဲဒီက လမ်း ရှင်းတယ် ၊ ဦးဝိစာရလမ်း ရောက် မှ ဖြတ် ချ ”
ကိုအေးသန်း သည် ရှေ့ ကို ကြည့် နေသော်လည်း စိတ် က ကား နောက်ခုံ ရှိ ကလေး ဆီသို့ ရောက် နေသည် ။ မတော်တဆ ဖိတ်စင်၍ သွား ခဲ့လျှင်
“ ဖွဟဲ့ ၊ လွဲပါစေ ၊ ဖယ်ပါစေ ”
“ ဘယ်လို နေသေးလဲ ”
သူ့ စိုးရိမ်မှု သည် သူ့ အသံတွင် ပေါ်လွင် နေသည် ။ စိတ် မတည်ငြိမ်ဘဲ ကားမောင်း နေလျှင် နောက်ထပ် တိုက်မိ နိုင်ကြောင်း ကို နောက်ခန်းမှ လူကြီး က နားလည်သွားသည် ။
“ စိတ်အေးအေး ထားပြီး မောင်းစမ်းပါ ဗျာ ၊ ကလေး က အသက် ရှု နေတုန်းပါပဲ ၊ နှလုံး လည်း မှန်မှန် ခုန်တယ် ”
“ ဟုတ်ပါတယ် အစ်ကို ၊ စိတ်မပူပါ နဲ့ ၊ ကျွန်တော် တို့ အားလုံး မြင် ပါတယ် ၊ အစ်ကို့ အမှား မဟုတ်ပါဘူး ၊ သူ့ စက်ဘီး က မှား ဝင်လာတာပါ ၊ ကလေး မိဘ လာ ရင် လည်း ဝိုင်း ပြော ပေးပါ့မယ် ”
လူကြီး ၏ စကား ကို လူငယ် တစ်ယောက် က ထောက်ခံ လိုက်သည် ။ ရွှေဂုံတိုင် အဝိုင်း တွင် မီးပွိုင့် က နီ နေပြန်သည် ။
“ မောင်း ဗျာ ၊ ကား လည်း ရှင်း သားပဲ ”
မီးနီ ကို ဖြတ်၍ မောင်းသည် ။ လမ်းဆုံ ပလက်ဖောင်း ပေါ် မှ ယာဉ်ထိန်းရဲ ၏ ခရာသံ ကို “ ရွှီ ” ခနဲ ကြား လိုက်ရသည် ။ နောက်ခန်း မှ လူကြီး က “ လူနာ ပါလို့ ဗျို့ ” ဟု လှမ်း အော်လိုက်သံ ကို လည်း ကြားရသည် ။
ဦးဝိစာရလမ်း အတိုင်း ဖြတ် ၊ ထို့နောက် ဘုရားလမ်း အတိုင်း မောင်း ၊ ဗိုလ်ချုပ်လမ်း နှင့် ဆုံရာညသို့ ရောက် လာသည် ။ ဆေးရုံကြီး သည် ညာဘက် မှာ ရှိ၏ ။ သို့ရာတွင် ဗိုလ်ချုပ်လမ်း သည် တစ်လမ်း မောင်း ၊ ညာကွေ့ လို့ မရ ။ အနော်ရထာလမ်း အထိအောင် ဆက်မောင်း ၊ ညာကွေ့ ၊ လမ်းမတော် မှ အပေါ် သို့ ဖြတ် တက် ၊ ဗိုလ်ချုပ်လမ်း အတိုင်း ပြန် မောင်း ၊ တစ်ကွေ့ တစ်ပတ်ကြီး ။
“ အရေးပေါ်လူနာဌာန ကို ဘယ်လမ်း က ဖြစ်ဖြစ် အလွယ်တကူ ဝင်လို့ ရအောင် စီစဉ်ထား ဖို့ ကောင်းတယ် ၊ ဒီကိစ္စမျိုး က စက္ကန့် နဲ့ အမျှ အရေး ကြီးတာကလား ”
လူကြီး ၏ စကား နှင့်အတူ အရေးပေါ်ဌာန ၏ ဆင်ဝင် ရှေ့မှာ ကား ရပ်မိသည် ။ တံခါး လေးခု တစ်ပြိုင်တည်း ပွင့် သွား၏ ။ ကလေး ကို ပွေ့ချီသွားသည် ။ အသင့် တွေ့ ရသော လူနာတင် တွန်းကုတင် ပေါ်သို့ တင်သည် ။ ဆရာဝန် တစ်ဦး ရောက် လာသည် ။ ကလေး ၏ ဒဏ်ရာ ကို ကြည့်သည် ။ “ ဘာမှ မဖြစ်ပါဘူး ” ဟု ပြော၍ သုတ်သုတ်ပျာပျာ ပြန် ထွက်သွားသည် ။ ဟင် ... သွေးတွေ ကို မြင် နေရတာ တောင်မှ ဘာမှ မဖြစ်ပါဘူး တဲ့ ။ လူကြီး က ထွက်သွားသော ဆရာဝန် နောက်သို့ လိုက်မည့် ဟန် ပြု၏ ။ ဆေးရုံ အမှုထမ်း တစ်ယောက်က လူကြီး ၏ လက်မောင်း ကို ကိုင် လိုက်သည် ။
“ ခဏစောင့်ပါဦးလေ ၊ ဟိုမှာ သိပ် အရေးကြီးတဲ့ လူနာ တစ်ယောက် ရောက် နေလို့ပါ ၊ သေမလား ရှင်မလား မသိဘူး ၊ အသက် ကို လု ယူနေရတယ် ၊ ပြီးတော့ ဦးလေး တို့ လူနာ က ဘာမှ မဖြစ်ဘဲ ၊ အဲ ... အခြေအနေ ကောင်းပါတယ် ၊ ခေါင်း နည်းနည်း ကွဲသွားတာရယ် ၊ လက် မှာ ပွန်းပဲ့ သွားတာရယ် လောက်ပါပဲ ”
ခုမှပင် ကိုအေးသန်း စိတ်သက်သာရာ ရ သွား၏ ။ ဟုတ်တော့လည်း ဟုတ်ပေသားပဲ ။ ခေါင်း ကွဲ သွားသော လူနာ နှင့် စာလျှင် လူကောင်း ပကတိ သည် ဘာမျှ မဖြစ် ။ အသက် လု နေရသော လူနာ နှင့် စာလျှင် မူ ခေါင်း ကွဲ သွားရုံ ဖြစ်သော လူနာ သည် ဘာမျှ မဖြစ် ဟု ဆို နိုင်သည် ။ အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ ပင် တည်း ။
ကလေး ထံ မှ ညည်းသံ တစ်ချက် ထွက် လာသည် ။ ကလေး သည် မေ့မျောနေခြင်း မဟုတ် ။ ဒဏ်ရာ အရှိန် ကြောင့် မှိန်း နေခြင်း သာ ဖြစ်ပါသည် ။ မျက်နှာ မှာလည်း သွေးဆုတ် နေသော လက္ခဏာ မရှိ ။ ဆေးရုံ စကား နှင့် ပြောရလျှင် ဘာမျှ မဖြစ် ။
သုံးဘီးကား စက်သံ နှင့် အတူ ပြေး လာနေသော ခြေသံများ ကို ကြား ရသည် ။ ကလေး အဖေ လာ ပြီ ။ ကလေးအဖေ သည် ကလေး ရှိရာသို့ ပြေးသွားသည် ။
“ သား ... သား ၊ သတိ ရရဲ့လား ၊ ဖေဖေ လေ ”
ကလေးက “ အင့် ” ခနဲ ညည်း ပြန်သည် ။ လူကြီး က ကလေးအဖေ ၏ ပခုံးပေါ် လက် တင်လိုက်ပြီး ...
“ မောင်တင်ရွှေ ... ကလေး ဘာမှ မဖြစ်ပါဘူး ”
ကလေး အဖေ က လူကြီး ကို မျက်လုံး အကြောင် သား ဖြင့် စိုက် ကြည့်နေသည် ။ လူကြီး ကလည်း သူ့ စကား သည် ကလေးအဖေ အဖို့ နည်းနည်း စိမ်း နေသေးကြောင်း သိသွားပုံရသည် ။
ကလေး ကို အတွင်းခန်း ထဲ သို့ ခေါ်သွားသည် ။ လူကြီး နှင့် ကလေးအဖေ ကိုတင်ရွှေ တို့ လိုက်သွား ကြသည် ။ ခဏ ကြာသောအခါ ကလေး ၏ စူးစူးဝါးဝါး အော်လိုက်သံကို ကြား ရ၏ ။ ဘေးမှ လူ တစ်ယောက် က ...
“ အစိမ်း ချုပ် နေတာဗျ ၊ အဲဒါ ပို ကောင်းတယ် ၊ ထုံဆေး နဲ့ ချုပ်တာထက် အနာ ပိုပြီး အကျက် မြန်တယ် ”
ဟုတ် မဟုတ်တော့ မသိ ။ နား မချမ်းသာသောကြောင့် အပြင် သို့ ထွက်လာခဲ့သည် ။ သူ့ ကား နှင့် ပါ လာခဲ့သော လူငယ် တစ်ယောက် ကို ဆင်ဝင်အောက် မှာ တွေ့ သဖြင့် စီးကရက် နှစ်လိပ် ဝယ်ပြီး တစ်လိပ် ကို ပေး လိုက်သည် ။ ကား ရှိရာသို့ လျှောက်သွားပြီး တိုက်မိသည့် နေရာ ကို ကြည့်သည် ။ နည်းနည်း ချိုင့်သွားရုံ သာ ။
ခုမှပင် ကိုအေးသန်း သတိ ရလာသည် ။ ကလေး အတွက် ဆေးဖိုးဝါးခ ကိစ္စ ။ ဒီနေ့ည အဖို့ ငွေ ငါးဆယ်လောက် ပေး ထားခဲ့မှ ကောင်းမည် ။ ကုန်ပြီ ၊ ဒီနေ့ ရှာလို့ ရသမျှ ။ နက်ဖြန် ဆိုလျှင်လည်း ရှာပေဦးတော့ ၊ ငါးဆယ်လောက် ထပ် ပေးရဦးမည် ။
ပြတ်တောင်း ပြတ်တောင်း ဉဩသံ ကို ကြား ရ၏ ။ ရဲကား တစ်စင်း နှင့် လူနာတင်ကား တစ်စင်း ဆိုက် လာသည် ။ လူနာတင် ကား ပေါ်မှ ထမ်းစင် ကို သယ်ယူ လာကြသည် ။ လူငယ် တစ်ယောက် ၊ အနောက်တိုင်းဝတ်စုံ အပြည့်အစုံ ဝတ်ဆင် ထားသည် ။ လည်မျို တည့်တည့်တွင် ဓားမြှောင်ကြီး တစ်ချောင်း စိုက် နေ၏ ။ သွေး တို့သည် ရှပ်အင်္ကျီ အဖြူတွင် ရွှဲနစ် နီရဲလျက် ။ သေ နေပြီ ။ ကပွဲ တစ်ခုခု သို့တည်းမဟုတ် ဟိုတယ် တစ်ခုခုတွင် ရန် ဖြစ်လာခဲ့ဟန် တူသည် ။
အထဲက အချုပ်အလုပ် ကိစ္စများ ပြီးဆုံး သွားသည် ။ ကလေးကို အပြင်သို့ ပွေ့ခေါ် လာကြသည် ။ ပတ်တီး တစ်ခု ၊ ခေါင်း မှာ တစ်ခု ၊ ကလေး သည် သတိ ကောင်းစွာ ရနေပြီ ။ သို့ရာတွင် အနာ ကို ချုပ် စဉ်က အော်ဟစ်ခဲ့ရသောကြောင့် မောပန်းနေဟန် တူ၏ ။ ပွေ့ချီ ထားသူ ၏ လက်မောင်း ကို မှီလျက် မှေး နေသည် ။ ကိုအေးသန်း သည် ကလေး ၏ ဆံပင်ကလေး ကို ပွတ်သပ် လိုက်သည် ။ သူ သည် ကလေး ကို မည်သို့ အားပေး စကား ပြောရမှန်း မသိ ဖြစ် နေ၏ ။ ထိုအချိန်မှာပင် ဆရာဝန် ထွက် လာသောကြောင့် သူ့ အခက်အခဲ ပြေလည်သွားသည် ။
“ ကလေး ကို ပြန် ခေါ်သွားနိုင်ပါပြီ ၊ နီးစပ်ရာ ဆေးခန်း မှာပဲ ပြပေါ့ ၊ ယာဉ်မောင်း နဲ့ ကလေးအဖေ တော့ နေခဲ့ကြပါဦး ဗျာ ”
ဆရာဝန် က ဆက်လက် ရှင်းပြသည် ။ ကလေး သည် သာမန် ထိခိုက်ရုံမျှသာ ဖြစ်၍ အမှုအခင်း မဖြစ်နိုင်လောက် ။ ရဲ ကိုတော့ အကြောင်း ကြားရမည် ။ ရဲ ၏ ရှေ့တွင် ကိုအေးသန်း နှင့် ကလေး ဖခင် တို့ က ကျေအေးကြောင်း လက်မှတ် ထိုးရမည် ။ ယခု ဖြစ်ပွားသော ယာဉ်တိုက်မှု တွင် ကိုအေးသန်း က ကလေး ၏ ကျန်းမာရေး အတွက် ဆုံးခန်းတိုင် တာဝန် ယူရမည် ။ ယခု ဒဏ်ရာ နှင့် ပတ်သက်၍ နောက်ပိုင်း ဖြစ်ပေါ်လာသမျှ ကိစ္စ ကို တာဝန် ယူရမည် ။ ကလေး အဖေ က ...
“ ဖြစ်ပြီး မှတော့ ဘယ်လို မှ မတတ်နိုင်တော့ဘူးပေါ့ ဗျာ ၊ ကျွန်တော့် ကလေး ကိုသာ ဂရုတစိုက် လာ ကြည့်ရင် ကျေနပ်ပါပြီ ”
“ ဟာ ... စိတ်ချပါ ၊ ကျွန်တော် လုံးဝ တာဝန် ယူပါတယ်ဗျ ”
ဆရာဝန် က ကလေးအဖေ နှင့် လူကြီး တို့ ဘက်သို့ လှည့်၍ ...
“ စောစောတုန်းက အစ်ကိုကြီး တို့ လူနာ ကို ချက်ချင်း မကူညီနိုင်တဲ့ အတွက် တောင်းပန်ပါတယ် ၊ အထဲ မှာက သိပ် အရေးကြီးတဲ့ လူနာ တစ်ယောက် ရှိ နေလို့ပါ ၊ သူ လည်း ကား တိုက်ခံရတာပါပဲ ၊ လူတစ်ကိုယ်လုံး ကားရှေ့ မှန် ထဲ ကို ကျွံ ဝင်သွားတာ ၊ သွေး လည်း သိပ် လွန်နေတယ် ၊ သေ မှာပါပဲဗျာ ၊ အဲ ... အဲ ၊ ဟို ကား နဲ့ တိုက်တာပေါ့ ”
ဆရာဝန် ညွှန်ပြရာ သို့ ကြည့် လိုက်ရာ ချက်ဗလက်ဘစ်ကိန်း ကားကြီး တစ်စင်း ပြားပြားရှည်ရှည် လှလှပပကြီး ။ ရှေ့မှန် ကား ရစရာ မရှိအောင် ကြေမွ နေ၏ ။ မှန်အစွန်းအစများ သည် ဘောင်အတွင်း မှ ထိုးထိုးထောင်ထောင် ထွက်နေသည် ။ နှမြောစရာ ။ ကိုအေးသန်း သည် ကားကြီး ကို ငေး ကြည့်နေမိ၏ ။ တရုတ်ကြီးတစ်ယောက် သည် ကား ကို မှီ၍ ရပ် နေသည် ။ ဆရာဝန် ကို တွေ့သောကြောင့် သူတို့ ဆီ သို့ လျှောက် လာသည် ။ ဆရာဝန် သည် တရုတ်ကြီးကို လည်ပင်း ဖက်၍ ခေါ် သွားပြီး တစ်စုံတစ်ခု ပြော နေသည် ။ ဆရာဝန် အသံ ကို တစ်စွန်းတစ်စ ကြားလိုက်ရ၏ ။
“ စိတ် မပူပါနဲ့ဗျာ ၊ လူနာ အခြေအနေ ကောင်းတယ် ၊ အေးအေးဆေးဆေး ပဲ ”
ဪ ... မုသား ပြောခြင်း ဖြင့် လူတို့ ကို စိတ်ချမ်းသာစေသူများ တွင် ဆရာဝန်များ လည်း ပါလေသည် တကား ။
ကလေး ကို အိမ်ပြန် ပို့ဖို့ စီစဉ်ကြသည် ။ ကိုအေးသန်း က လိုက် ပို့လိုသော်လည်း ရဲ ကို စောင့်ရဦးမည် ဖြစ်၍ မပို့နိုင် ။ ကလေးအဖေ ကလည်း ကလေး ကို သူ မပါဘဲ ပြန် မလွှတ်လို ။ ကိုအေးသန်း ကား ပေါ် မှာ ခဏ သိပ် ထားလိုသည် ။ လူကြီး ကမူ ကလေး အအေး မိမည် စိုး၍ အိမ် ကို ခေါ်သွားနှင့် ချင်သည် ။ သူတို့ နှစ်ယောက် အချီအချ ငြင်းခုန်နေကြ စဉ် ကိုအေးသန်း ထွက်လာခဲ့သည် ။ စောစောက ချက်ဗလက်ကားကြီး ဆီသို့ ကြည့် လိုက်ရာ ကားရှင် တရုတ်ကြီး သည် ကားခေါင်း ပေါ်မှာ ထိုင်၍ မှိုင် နေလေသည် ။ ထိုနေရာ သို့ ကိုအေးသန်း လျှောက် လာခဲ့သည် ။ သူ အနား ရောက်သောအခါ တရုတ်ကြီးက မော့ ကြည့်၏ ။ ကိုအေးသန်း က ...
“ ဒီမှာ ဆရာကြီး ၊ ခင်ဗျား ကား အတွက် ရှေ့မှန် ယူ မလား ”
“ ခင်ဗျား မှာ ရှိလား ”
“ ရှိတယ် ”
“ ဒါဆို ခင်ဗျား လိပ်စာ ပေးလေ ၊ နက်ဖြန် လာ ကြည့်မယ် ”
တရုတ်ကြီး၏ မျက်လုံးများ သည် တောက်ပ လာသည် ။ ကိုအေးသန်း ကမူ ကား မှန် ဈေး ကို ဘယ်လောက် ပြောရင် ကောင်းမလဲ ဟု စဉ်းစား နေလေသည် ။
◾ မင်းလူ
📖 ရှုမဝ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၇၉
ko aung naing oo
5 Aug 2022
.
No comments:
Post a Comment