Wednesday, August 24, 2022

ငှက်ကလေး ( ၅ )


 

အပိုင်း ( ၅ )

“  ဟိတ် ” 

သူ့ အသံ ကို နောက်ဖက် ဆီ မှ ကြား လိုက်ရသည် ။

“ နင် ရောက်နေတာ ကိုယ် သိသားပဲ ”

ကိုယ် က သူ့ ကို လှည့် မကြည့်ဘဲ ပြောသည် ။

“ အမယ် .. နင့် နောက်မှာ ငါ ရောက်နေတာ ခဏတောင် ကြာပြီ ။ နင့် ဟာ နင် ထမင်း ကို မဲ စားနေပြီးတော့ များ ”

သူ သည် ကိုယ့် ဘေး မှ ကွေ့ လျှောက်လာပြီး မျက်နှာချင်း ဆိုင် ရှိ သစ်မြစ် ပေါ် မှာ ဝင် ထိုင်သည် ။

“ မနေ့က ညနေ ကျောင်းဆင်း တုန်း က နင် တို့ ဘီတန်းဘက် ကို ကြည့် သေးတယ်ဟ ”

“ ငါ က ချက်ချင်း ပြန် သွားတာပဲ ”

“ နင် ခဏ စောင့်ရင် ကိုယ် နဲ့ တွေ့မှာပေါ့ ”

“ ငါ က ကစ်တီတို့ နဲ့ ပြန် ရတာဟ ၊ သူတို့ က စောင့် မှာ ဟုတ်ဘူး ”

“ ဒါနဲ့ နေပါဦး ၊ နင် က ဘယ်မှာ နေတာလဲ ”

“ ကြည်တော်ကုန်း မှာ ”

“  ဟင် ... ကိုယ် အိမ်ပြန်တဲ့ လမ်း နဲ့ တခြားစီပဲ ”

“ နင် က ဘယ်မှာ နေလို့လဲ ”

“ ဇိုင်းကနိုင်း မှာ ”

“ အေး ... တခြားစီပဲ ”

“ အေးလေ ၊ မုန့်စား ဆင်းရင် ဒီကို လာခဲ့ပေါ့ ၊ နင့် ကို ကိုယ် ခင်ပါတယ် ”

“ ငါ လည်း နင့် ကို ခင် ပါတယ် ဟာ ၊ ပြီးတော့ သနားတယ် ”

“ ဘာ သနားတယ် ဟုတ်လား ၊ နင် သနားရအောင် ကိုယ် က ဘာဖြစ်နေလို့လဲ ၊ သူတောင်းစား မှ မဟုတ်ဘဲ ”

ကိုယ် သူ့ ကို ဟောက်လိုက်သည် ။ သူ သည် မျက်လုံးကလေး ပြူးကြောင်ကြောင် နှင့် ကိုယ့် ကို ကြည့်နေ၏ ။ မျက်နှာကလေး ငယ် သွားပြီးတော့ ဆက် ပြောသည် ။

“ ငါ က နင် ဟိုတစ်နေ့ က အရိုက် ခံရလို့ သနား တာ ကို ပြောတာ ”

ကိုယ် သူ့ ကို စိတ် မဆိုးတော့ ပြန်ပါ ။ မိုက်ကြည့် ကြည့် နေသော ကိုယ့် မျက်နှာကို ပြင် လိုက်ပြီး သူ့ ကို စိုက်ကြည့် နေလိုက်သည် ။ သူ သည် လည်း မျက်လုံးကလေး ကလယ်ကလယ် လုပ်၍ ကိုယ့် ကို ပြန် ကြည့်နေပါသည် ။ ကိုယ့် မျက်နှာ သည် တဖြည်းဖြည်း ပြုံး လာသည် ဟု ထင်သည် ။

သူ က “ ဘာ ကြည့်တာလဲ ”  ဟု ပြော ပြီးလျှင် ကား ထားသော ခြေထောက် ကို စု လိုက်သည် ။ ဒူးခေါင်း နား တွင် ဟိုက် ကျနေသော စကတ် အစ နှစ်ဖက် ကို လက် ဖြင့် စု ၍ ကိုင် ထားလိုက်သည် ။ ကိုယ် သည် စိတ် ထဲက တစ်မျိုးကြီး ဖြစ် သွားရ၏ ။

     •••••   •••••   •••••   •••••

ကျောင်း သည် အရင် ကလို ကိုယ့် အပေါ် နား မလည်ကြသူတွေ ချည်း ရှိနေသော နေရာ ဟု မထင်တော့ပါ ။ သင်္ချာဆရာ က လည်း ကိုယ့် ကို မရိုက်တော့ချေ ။ သူ စာသင် နေ လျှင် ကိုယ် ကလည်း ဂရုစိုက်၍ ကြည့်ပါသည် ။ ကိုယ် သိပြီးသားပင် ဖြစ်စေ ၊ ကြည့် ၍သာ နေ လိုက်သည် ။ လစဉ် စာမေးပွဲ တွင် သင်္ချာ မှာ ကိုယ် အမှတ် တစ်ရာ အပြည့် ရသည် ။ သင်္ချာဆရာ က “ ညီညီ က လူတော်ကလေး ပဲ ” ဟု ပထမဆုံး အကြိမ် ချီးကျူးလေသည် ။

ကိုယ် သည် ကျောင်း မှာ ရန် လည်း မဖြစ်တော့ပါ ။ အုန်းသီး သည် ကိုယ့် ကို အရင်လို အနိုင် မကျင့်ရဲတော့ချေ ။ ဟိုတစ်နေ့ က ဆိုလျှင် အုန်းသီး သည် ကိုယ့် အတွက် “ စာကလေးခွေ ” တစ်ခု ဝယ်လာ ပေးသည် ။ ကိုယ် က မယူပါ ။ သူ က “ ဒီနေ့က စပြီး မင်းနဲ့ ငါနဲ့ ဇေကွာ ” ဟု ပြောသည် ။

တင်အောင်ခိုင် နှင့် ဂျွန်ဆင် တို့  သည် ကိုယ်  နှင့် တွဲဘက် သူငယ်ချင်းများ ဖြစ် လာကြသည် ။ ဇော်ဝင်း က လည်း ကိုယ်တို့ အုပ်စု ထဲမှာ ပါ ချင်သည် ဟု ပြောသည် ။ သူ က စာလည်း တော်သည် ။ ဘောလုံး ကန်လည်း ကောင်းသည် ။ ကိုယ့် ကို လည်း ခင်သည် ။ ထို့ကြောင့် သူ့ ကိုပါ အုပ်စု ထဲ ထည့် လိုက်ပါသည် ။ တင်အောင်ခိုင် သည် မုန့်စားဆင်းချိန် တစ်ခါတလေ ကျလျှင် သူ့ အစ်ကို နှင့် ပြန် လိုက်မသွားဘဲ ကိုယ်တို့ နှင့် ကစားသည် ။ သူ့ အစ်ကို လာ မကြိုသော နေ့များ ဆိုလျှင် ကျောင်း အပြီး လွှတ်လျှင် သူ နှင့် ကိုယ် တူတူ ပြန်ကြသည် ။ တစ်ခါတလေ ကျောင်း အသွားတွင် လည်း သူ့ အစ်ကို မပါသော နေ့များ မှာ ကိုယ့် ကို သူ ဝင် ခေါ်သည် ။ တင်အောင်ခိုင် တို့ အိမ် နှင့် ကိုယ်တို့ အိမ်သည် သိပ် အရမ်းကြီး မဝေးပါ ။

ပြီးတော့ မိခိုင် ။

“ နင် က ငါ့ ကို မခင်ပါဘူး ၊ တင်အောင်ခိုင် တို့ ကိုပဲ ခင်တာပါ ” ဟု နှုတ်ခမ်း စူပြီး ပြောသည် ။

“ နင် ကကော ထမင်း စားရင် ကိုယ် နဲ့ အတူတူ စား လို့လား ၊ နင့် အမေ နဲ့ စား တာ မဟုတ်လား ”

“ နင် တူတူ စား ချင်လည်း ရ သားပဲ ၊ ငါ နဲ့ လာ စားပေါ့ ”

“ နင့် အမေ က ဆူ မှာပေါ့ ”

“ မဆူပါဘူး ဟ ၊ မေမေ က သိပ် သဘော ကောင်းတာ ”

“ အေး ... ကောင်းပြီ ။ နင်လည်း ကိုယ်တို့ နဲ့ တူတူ လာ ကစားပေါ့ ”

“ နင်တို့ က ဘောလုံး ကန်တဲ့ ဟာ ”

“ အမြဲတမ်းကြီး ဘောလုံး ကန်တာ မဟုတ်ပါဘူး ဟ ၊ နင်တို့ လာမယ် ဆိုရင် တမျိုးမျိုး ပြောင်း ကစားမှာပေါ့ ”
 
“ အေးဟ ... ကောင်းတယ် ၊ ကစ်တီ တို့ မီးမီး တို့ လည်း ခေါ်ခဲ့မယ် ”

“ ခေါ်ခဲ့ပေါ့ ဟ ”

“ ပြီးတော့ သူတို့ ပြော သေးတယ် ၊ နင် က ချောတယ်တဲ့ ဟ ”

ကိုယ် နည်းနည်း ရှက်သွားသည် ။

“ အလကားပါ ဟ ၊ ကိုယ် က မချောပါဘူး ၊ နင် က သာ လှတာ ”

“ ဟယ် ”

သူ ကိုယ့်ကို ပြုံးပြီး ကြည့်သည် ။

“ ဟုတ်တယ် ဟ ၊ တင်အောင်ခိုင် တို့ ကလည်း ပြော တယ် ၊ နင် က လှတယ် တဲ့ ”

“ တင်အောင်ခိုင် တို့ ကပဲ ပြော တာပေါ့ ။ နင် ကတော့ မပြောဘူး ပေါ့ ”

“ အေး ... ဟုတ်တယ် ၊ မပြောဘူး ”

“ ဘာပြောတယ် ”

သူ့ မျက်နှာ သည် နီရဲ လာသည် ။ ငိုမဲ့မဲ့ လည်း ဖြစ်လာသည် ။ ကိုယ် ရယ်ချင် လာသည် ။

“ နင် က ကိုယ့် တော့ ပြောတယ် ၊ နင် ပြောတာကျတော့ ကြည့်ဦး ၊ ကိုယ့် ကို အဲဒီလို ချောတယ် လို့ ပြောတာ ၊ ကစ်တီ တို့ က ပြောတာ ဆို ၊ နင် က ပြောတာ မှ မဟုတ်ဘဲ ”

သူ သည် ငိုမဲ့မဲ့ လုပ်နေရာမှ ခစ်ခနဲ ရယ် လိုက်ပြန်သည် ။

“ ဟုတ်တယ် ... ဟုတ်တယ် ၊ ငါ က ပြောတာ မဟုတ်ဘူး ၊ ငါ့ မျက်စိ ထဲ မှာ နင် က သရဲ ရုပ် ”

“ ကိုယ် က သရဲ ဆိုရင် နင် က မှင်စာ ”

“ နင် က ပြိတ္တာ ”

“ နင် က တစ္ဆေ ”

“ ဘီလူး ”

“ နင် က ... ”

“ နင် နော် ငါ ငို ပစ်လိုက်မယ် သိလား ” ဆိုပြီး ကိုယ့် လက်မောင်း ကို ဆွဲ ဆိတ်သည် ။

“ ဟ... နာတယ်ဟ ၊ နင် ကလည်း အရမ်း ဆွဲလိမ်တာပဲ ”

“ အဲဒါ ငါ့ ကို ပြောချင်ဦး ”

“ ဟ .. ကိုယ် က နင့် ကို မလှဘူးလို့ ပြော လို့လား ”

“ နင် ပဲ ခုန မပြောဘူး ဆို ”

“ အေးလေ ၊ တင်အောင်ခိုင် တို့ က ပြောတယ် ၊ ကိုယ် က မပြောဘူး ”

“ အဲဒါ ဘာထူးသေးလဲ ”

“ ထူးတာပေါ့ ဟ ၊ ကိုယ် က ပါးစပ် က မပြောပေမယ့် သိ တာပေါ့ ”

“ ငါ လှတယ် ဆိုတာ သိ တာလား ”

“ အင်း ” ဆိုပြီး ကိုယ် က တစ်ခုခု ဆက် ပြောမည် ပြုလိုက်သည် ။ သူ က .. “ နင် နော် ဘာ ပြောဦးမလို့လဲ ” ဟု ဆွဲဆိတ်မည် ပြုပြန်သည် ။ ကိုယ်က မြန်မြန် ပြောလိုက်ရသည် ။

“ အေးပါ ၊ အဲဒါ သိတာပေါ့ ”

“ ဒါဖြင့် ငါ က လှတယ်ပေါ့ ”

“ အေး ... ဟုတ်တယ် ”

သူ့ မျက်နှာ တစ်မျိုး ဖြစ်သွားသည် ။ ရှက်သွားတာလား မသိ ။ နောက် သူ ရယ်ပြန်သည် ။ လှည့်ပြီး ပြေး ထွက်သွားသည် ။ နောက်မှ ပြန် လှည့်ပြီး ...

“ နင် တကယ်နော် ”

“ အေးပါ ... အဲဒါက အရေးမကြီးဘူး ၊ နင် ကိုယ့် ကို ရန် လုပ်နေတာနဲ့ နင့် လက် ထဲက ဓားလှီးရေခဲမုန့် တောင် ပျော်ကုန်ပြီ ”

“ အေး ... ဟုတ်သားပဲ ၊ နင် စားဦးမလား ”

ကိုယ် ခေါင်းခါ ပြလိုက်သည် ။ မိခိုင် ၏ လက် ထဲ မှာ ကိုင် ထားသော ဓားလှီးရေခဲမုန့် သည် အရည် ပျော်ပြီး သူ့ လက်ပေါ် သို့ စီး ကျလာသည် ။ သူသည် လက်မှာ ပေနေသော ဓားလှီးရေခဲမုန့် အရည်များ ကို လျှာ ဖြင့် လျက် လိုက်သောအခါ ကိုယ် ကြက်သီး ထသွားသည် ။

     •••••   •••••   •••••   •••••

ကိုယ် သည် စိန်ပန်းပင်ကြီး ကို ကျော ဖြင့် ကပ် ထားသည် ။ မှီနေရာမှ ကိုယ် ကို စောင်း လိုက်သည် ။ ခေါင်း ကို အသာကလေး ထုတ်ပြီး ချောင်း ကြည့်သည် ။ ဘယ်သူမှ မရှိ ။ ဘေး ကို တစ်ချက် ကြည့်ပြီးနောက် အုတ်နံရံဆီ သို့ ပြေး ကပ်လိုက်၏ ။ နောက် ကို လှည့် ကြည့်သည် ။ ဘယ်သူမျှ မရှိ ။ အတော်ကြာအောင် ဆက် ရပ်နေသည် ။ ရှေ့ ကို တိုးမည် ပြုလိုက်သည် ။ ဘေးဘက် မှ ချွတ်ခနဲ အသံ ကြားသောကြောင့် လန့် သွားသည် ။ လှည့် ကြည့်သောအခါ စာကလေးတစ်ကောင် ထ ပျံသွားတာ ကို တွေ့ရသည် ။ အုတ်နံရံကို ကပ်ပြီး ဖြည်းဖြည်းလေး ရှေ့ တိုး သွားသည် ။ ရှေ့နောက် ဘေး ကို ဝေ့ ကြည့်လိုက်သည် ။ အားလုံး ရှင်းသည် ။ ရှေ့မှာ ပုဏ္ဏရိပ်ချုံ ရှိသည် ။ ဟိုဘက် မှာ အုတ်တိုင် တစ်တိုင် ။

ပုဏ္ဏရိပ်ချုံ ကို သွားမလား ၊ အုတ်တိုင် မှာ ပြေး ကပ်မလား စဉ်းစားရ၏ ။ ပုဏ္ဏရိပ်ချုံ ဘက်သွားတာ ကောင်းမည် ။ ပြေးမည် ဟု ပြင်ပြီး မှ ခြေသံ ကြားသွားမည် စိုးသဖြင့် အသာကလေး ဖြည်းဖြည်းချင်း လျှောက် ရသည် ။ ကိုယ် ကို ကုန်းကုန်းကလေး လုပ် ထားရသည် ။ ပုဏ္ဏရိပ်ရုံ နား အရောက် တွင် ရှေ့နား မှ ရိပ်ခနဲ မြင် သောကြောင့် ဝပ် ချလိုက်ရ၏ ။ ဝပ် နေရာမှ ခေါင်းထောင် ကြည့်သည် ။ ရှေ့မှာ လှုပ်ရှားမှု မတွေ့ရ ။ အားလုံး ရှင်းကြောင်း တွေ့ရမှ အုတ်တိုင် ဆီ သို့ လေးဖက် ထောက် သွား ရသည် ။ အုတ်တိုင် ကို ကပ်မိ မှ အသာကလေး ထ ရပ်သည် ။ ကျော ကပ်လျက်သား နေရာ ရွှေ့ ရ၏ ။ အုတ်တိုင် အစွန်း ကို ရောက်သောအခါ ကိုယ် ကို ဖြည်းဖြည်း လှည့်သည် ။ အရဲ စွန့်ပြီး ထွက် ကြည့်သည် ။ တွေ့ ပြီ ။

“ ဒိုင်း ... ဂျွန်ဆင် မင်း သေပြီကွ ”

ဂျွန်ဆင် သည် ဝပ် နေရာမှ ထိုင် ရမလို ထ ရမလို ကုန်းကုန်းကွကွကြီး ဖြစ် သွားသည် ။ ကိုယ့် ကို လှည့် ကြည့်ပြီးမှ သူ ထ ရပ်လိုက်ပြီး ....

“ ဟေ့ကောင် ... ညီညီ ၊ ငါ ကာဗာ ယူထားတာပဲကွ ”

“ ဟား ... ဟား ... မင်းလား ကာဗာ ယူထားတာ ၊ မင်း ကာဗာ ယူထားတဲ့ သစ်ပင် ကလည်း လက်သန်းလုံး လောက်ပဲ ရှိတာပဲကွ ၊ ဟား ... ဟား... ဟား .... ”

ဂျွန်ဆင်သည် မငြင်းသာတော့သောကြောင့် ခေါင်းကုတ်ပြီး ရယ် နေသည် ။ ကိုယ် က လက် ထဲ မှာ ကိုင်ထားသော ပလတ်စတစ်သေနတ် ၏ လက်ကိုင်ကွင်း ထဲသို့ လက်ညှိုး ကို ထည့်ပြီး လေးငါးပတ် လှည့် လိုက်သည် ။

ကိုယ် သည် ကျောင်း ၌ ပျော်ခဲ့လေပြီ ။

     •••••   •••••   •••••   •••••

ဖြစ်နိုင်မည်ဆိုလျှင် အိမ် က အကြောင်း ကို မေ့ ထားလိုက် ချင်ပါသည် ။

ကျောင်း မှာ ပင် အမြဲ နေချင်သည် ။ ကျောင်း မှာ ဆိုလျှင် အဖော်အပေါင်းတွေ စုံစုံလင်လင် ။ စာသင်ချိန်မှာ စာ ကို ဂရုစိုက် ကြည့်သည် ။ တစ်ခါတလေ ကျ မှသာ ကိုယ့် စိတ် က အတန်း ထဲ မှာ မရှိ ။ ဘီတန်း ဘက် ရောက်ရောက် သွားခြင်း ဖြစ်သည် ။ ခုချိန်ဆို မိခိုင် တစ်ယောက်တော့ ဆရာ မ သိအောင် ဆီးသီးထုပ်တွေ ခိုး စားနေမလားဟု တွေး လိုက်မိတတ်သည် ။ သူ သည် အတန်း ထဲ မှာ တစ်ခါတလေ မုန့် ခိုးစားတတ်ကြောင်း ကိုယ့် ကို ပြောပြဖူးပါသည် ။

တချို့ အချိန်တွေ ကျလျှင် ကိုယ် နှင့် ဟိုဘက်ခုံ ၊ သည်ဘက်ခုံ ထိုင်သော တင်အောင်ခိုင် နှင့် စာရွက် ပေါ် မှာ စာဖြင့် ရေးပြီး စကား ပြောတတ်သည် ။ မုန့်စားဆင်းချိန် ကျလျှင် ကစားကြ ၊ စကားပြောကြ အလွန် ပျော်စရာ ကောင်းသည် ။ အားလုံးကို မေ့ ထားလို့ရသည် ။

ကျောင်း က ပြန် လာလို့ ခြံဝင်း ထဲ ဝင် လိုက်မိသည်နှင့် ကိုယ့် စိတ်သည် ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ် သွားတတ်သည် ။ ကိုယ့် တို့ အိမ်ဝင်းက သစ်ပင်တွေ အများကြီး အုပ်ဆိုင်း နေတာလည်း ပါမည် ။ ဘာလို့ဆို ကိုယ် ကျောင်း က ပြန် လာပြီး အိမ်ရိပ် ကို နင်းမိလျှင် စိမ့်ခနဲ ဖြစ် သွားတတ်သောကြောင့် ဖြစ်လေသည် ။

ကျောင်း မှာ လို မဟုတ် ။ အိမ် မှာ အပြောင်းအလဲ မရှိပါ ။ ပျော်စရာ မကောင်းသည့် ဘက်တွင် မပြောင်းလဲခြင်း ကို ဆိုလိုပါသည် ။ တိတ်တိတ်ဆိတ်ဆိတ် ခြောက်သွေ့ပြီး ပျင်းစရာ ကောင်းမြဲ ပင် ။ ကိုယ် မကြိုက်ပါ ။ ကိုယ် သည် အရင်ကလို တစ်ယောက်တည်း တစ်ခုခု ကို တွေးပြီး နေရသည်ကို သိပ် သဘောမကျတော့ပါ ။ အိမ် ၌ လည်း ကျောင်း မှာ လိုပင် သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ပါးပါး နေ ချင်သည် ။ သို့သော်လည်း ကိုယ် လိုချင်သလို မဖြစ်နိုင်ပါ ။

တင်အောင်ခိုင် တို့ ဦးလေး တစ်ယောက် ရှိသည် ။ သူ့ နာမည် က ဦးမြင့်ဆောင် ဖြစ်ပါသည် ။ တင်အောင်ခိုင် ကမူ ဦးမီးဆာ ဟု ခေါ်သည် ။ ငယ်ငယ်ကတည်းက သည်လိုပဲ ခေါ်သည် ဟု ပြောသည် ။ ဦးမီးဆာ သည် စာတွေ ဘာတွေလည်း ရေးသော စာရေးဆရာ ဟု ပြောသည် ။ သူ ရေးသော ကဗျာတစ်ပုဒ် ကို တင်အောင်ခိုင် က ကူးယူ လာဖူးသည် ။

ဘဝ ဆိုတာ ဝင်္ကပါ လေ ၊ နေ နဲ့ လ နဲ့ တစ်လှည့် စီ ။

ကိုယ် သည် ထို ကဗျာ ကို အလွန် ကြိုက်သည် ။ မြန်မာကဗျာ ပုံနှိပ်စာအုပ် ၏ နောက်ဆုံး စာမျက်နှာ အလွတ် မှာ ကူးယူ ထားခဲ့သည် ။ အစ ကတော့ အဓိပ္ပာယ် တိတိကျကျ မသိခဲ့ပါ ။ တင်အောင်ခိုင် ကို မေးတော့လည်း သေသေချာချာ သူ လည်း မသိ ။ “ ဘဝ ဆိုတာ ဝင်္ကပါ လိုပဲ ၊ နေ နဲ့ လနဲ့ တစ်လှည့် စီ ပေါ့ကွာ ” ဟု ပြောသည် ။ သူ ပြောတာ ကလည်း ကဗျာ ထဲ က စာသားတွေ နှင့် ဘာမျှ မထူး ။ “ မင်း ဦးလေးကို ပြန် မေးကြည့်ကွာ ” ဟု ပြော လိုက်သည် ။ ဦးမီးဆာ က နောက်တစ်နေ့ ကျတော့ ရှင်း ပြလိုက်သဖြင့် တင်အောင်ခိုင် က ပြန် ပြော ပြသည် ။

နေ နှင့် လ တို့သည် တစ်ခု နှင့် တစ်ခု မတွေ့ကြရ ။ ည မှာ လ ထွက်သည် ။ နေ့ ကျတော့ နေ ထွက်သည် ။ နေ နှင့် လ တို့သည် ဘယ်တော့မှ အတူတူ မထွက်ကြချေ ။ ကိုယ် တစ်ခုခု ကို သွား သတိရ လိုက်လေသည် ။

ကိုယ့် အိမ် မှ နေမင်းကြီး နှင့် လမင်းကြီး တို့ သည်လည်း ဘယ်သော အခါမှာ မှ မျက်နှာချင်း ဆိုင်ခဲ့သည်မှ မရှိဘဲ ။

ကိုယ် သည် ကျောင်း မှာ ပျော်စရာ ကောင်းကြောင်းတွေ ၊ အိမ် အကြောင်းတွေ စဉ်းစားလာရင်း အိမ် နား ကို ရောက် လာသည် ။ ခြံတံခါး ကို ဖွင့်ပြီးသော်လည်း ချက်ချင်း မဝင်သေးဘဲ နေသည် ။ ဝင်း ထဲ ဝင်လျှင် ကိုယ့် စိတ် ထဲတွင် ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်သွားမည် ကို စိုးသောကြောင့် ဖြစ်သည် ။ သို့သော်လည်း မဝင်လို့ မဖြစ် ။ နောက်ပြီး အပြင် မှာ တိုက်နေသော လေ က လည်း အေး လာပြီ ။ မိုး ပေါ် ကို မော့ ကြည့်လိုက်သော အခါ မိုးသားတွေ မည်း တက်လာသည်ကို တွေ့ရ၏ ။ မိုး ရွာတော့မည် ။

ကိုယ် အိမ် ထဲ သို့ ခပ်သုတ်သုတ် ပြေး ဝင်လိုက်သည် ။ ထုံးစံအတိုင်း ပင် အိမ် မှာ ဖေဖေ ရော မေမေ ပါ မရှိကြ ။ ဆော်လီမား က ဧည့်ခန်းထဲမှာ ကြမ်း တိုက်နေသည် ။ မိုး ရွာပြီးမှ ဆိုလျှင် သိပ် ချမ်းနေမည် စိုးသောကြောင့် ရေ မြန်မြန် ချိုးရသည် ။ ကိုယ် အဝတ်အစား လဲပြီး ထမင်းစားခန်း ထဲ ဝင်လိုက်သော အခါမှာပင် မိုး စ ရွာသည် ။ သွပ်ပြားပေါ်သို့ မိုးစက်တွေကျသံ ' တဒေါင်ဒေါင် ' ကြား နေရသည် ။ တဖြည်းဖြည်း ပို၍ သဲလာ၏ ။ ထမင်း စားပြီးသောအခါ စာရေးစားပွဲ မှာ တန်း ဝင် ထိုင်လိုက်ရသည် ။ ခါတိုင်းလို ခြံထိပ် က ထိုင်ခုံ မှာ သွား ထိုင်ပြီး မေမေ့ ကို စောင့်နေလို့ မဖြစ်တော့ချေ ။

သင်္ချာတစ် အရင် တွက်သည် ။ ဈေးတွက်ပုစ္ဆာ ငါးပုဒ် ကို ခဏလေး နှင့် ပြီးသည် ။ သမိုင်းတစ်ပုဒ် ကျက်သည် ။ ပြီးတော့ တီချာမေ ရေး ခိုင်းလိုက်သော စာစီစာကုံး ကို ရေးဖို့ စဉ်းစားရလေသည် ။ ခေါင်းစဉ် က “ မိုးရွာသော နေ့တစ်နေ့”

ဘာ က စ ရေးရင် ကောင်းမလဲ ဟု စဉ်းစား ရသည် ။ အပြင်မှာ လည်း မိုးတွေက တကယ် ရွာ နေပြီ ။ မိုးတွေ ရွာပြီ ဆိုလျှင် ကိုယ် လုပ်တတ်တာ တစ်ခု ရှိသည် ။ မှန်ပြတင်း မှ နေပြီး အပြင် မှာ မိုးတွေ ရွာတာကို ကြည့် တတ်ခြင်း ဖြစ်ပါသည် ။ ဒီလို စဉ်းစားမိမှပင် ကိုယ် သည် မိုး ရွာတာကို တကယ် ကြည့်ချင် လာပြန်သည် ။ စာရေးစားပွဲ မှ ထ လိုက်ပြီး ဧည့်ခန်းပြတင်းပေါက် သို့ သွားသည် ။ အပြင် ကို ငေး ကြည့်နေလိုက်သည် ။ မိုး သည် မစဲသေးချေ ။ ပိတ် ထားသော ပြတင်းပေါက် မှ ကြည့် ရသည်ကို အားမရပါ ။ ထို့ကြောင့် ဖိနပ်ချွတ်သော နေရာသို့ ဆင်း လိုက်သည် ။ ဖိနပ်ချွတ် တွင် အမိုး သာ ရှိ သည် ။ အကာ မရှိ ။ လက်ရမ်းများ သာ ကာ ထားသည် ။

မိုးရေများ သည် ရေစီးကြောင်းတွေ ဖြစ်ပြီး ကွေ့ကွေ့ကောက်ကောက် စီးဆင်းနေကြသည် ။ ရေစီးကြောင်း ထဲ တွင် သစ်ရွက်တွေ မျောပါ သွားကြသည် ။ မြေပြင်ပေါ် မှာ ပင် ရှိသေးသော သစ်ရွက်များ ပေါ်သို့ မိုးစက်တွေ ကျ သောကြောင့် တဖောက်ဖောက် အသံမြည်နေသည် ။ မိုးသည် စဲမလို ဖြစ်သွားရာ မှ လေတွေ ပြန် တိုက်လာ၏ ။ သစ်ကိုင်းတွေ မှာ အရမ်း လှုပ်ခါနေသည် ။ ကိုယ်တို့ ခြံကလေး ထဲ မှာ သစ်ပင်တွေ ပိုများသောကြောင့် လေတိုးသံတွေ ဆူညံ နေလေသည် ။ တံစက်မြိတ် မှ ကျနေသော ရေတွေ ကို ကြည့် မိပြန်သည် ။

ရေတန်းကလေးများ သည် မြေပေါ် မှာ ရှိသော ကျောက်စရစ်ခဲလေးတွေ ပေါ် ကို ကျသည် ။ ကျောက်စရစ်ခဲလေးများ သည် ပြောင်လက် နေကြ၏ ။

ငယ်ငယ်တုန်း က အကြောင်း သတိ ရပြန်သည် ။ ကိုယ် ငယ်ငယ် က မိုးတွင်း ကျပြီ ဆိုလျှင် မေမေ က ပိတ်ခြင်ထောင်ကြီး ထောင် ပေးသည် ။ ခြင်ထောင်ကြီး သည် အားလုံး ပိတ်တွေချည်း ဖြစ်ပြီး ဝင်ပေါက် တစ်ဖက်တည်းပဲ ဇာ တပ်ထားသည် ။ မိုးတွေ အရမ်း သည်းလာပြီလား ဆိုလျှင် အဲဒီ ဇာပေါ် က ပိတ်တစ်ထည် ထပ် ဖုံးလိုက်သေးသည် ။ ထိုအခါ အပြင် ကနေ အထဲ ကို ၊ အထဲ ကနေ အပြင် ကို လုံးဝ မမြင်ရတော့ ။ အမိုးသွပ်ပြားပေါ် သို့ မိုးပေါက်ကြီးတွေ ကျသံ ' တဒေါင်းဒေါင်း ' ကို နားထောင်ရင်း မေမေ့ ရင်ခွင် ထဲမှာ ကွေး ပြီး အပေါ် က ဂွမ်းကပ်စောင်ကြီး ခြုံ ၍ အိပ် ရသည်မှာ အလွန် ဇိမ်ရှိသည် ။

စဉ်းစားနေရင်း က ချမ်းစိမ့်ပြီး ကြက်သီးတွေ ထ လာသည် ။ လေဝှေ့ပြီး တိုက် သောကြောင့် မိုးမှုန်ကလေးတွေ ကျ နေကြောင်း တွေ့ရသည် ။ စောစောတုန်းက သိပ် မချမ်းသောကြောင့် ကိုယ် သည် စပို့ရှပ်ကလေးသာ ဝတ် ထားခဲ့သည် ။ ခုမှ ချမ်း လာ၏ ။ ချက်ချင်း ပြန်မဝင်သေးဘဲ တံစက်မြိတ် မှ ကျနေသော ရေ ထဲ မှာ လက် ခံလိုက်သေးသည် ။ ပြီးမှ အိမ် ထဲ ဝင်ခဲ့သည် ။ အိပ်ခန်းထဲသို့ ဝင်မည် အပြုတွင် နောက်မှ “ နီနီ နီနီ ” ဟု ခေါ်လိုက်သော ဆော်လီမား အသံ ကို ကြားရသည် ။ ကိုယ် လှည့် ကြည့်သောအခါ ဆော်လီမား သည် လက်ထဲ မှာ စာရွက်ကလေး တစ်ရွက် ကိုင်ပြီး ကိုယ့် ဆီ လာနေသည် ကို တွေ့ရသည် ။

“ ဘာလဲ ”

“ တံမြက်စည်းလှည်းတယ် ဒါတွေ့တယ် ”

သူ့ လက်ထဲ က စာရွက်ခေါက် ကို လှမ်းပေးသည် ။

“ ဘယ်က တွေ့တာလဲ ”

“ စားပွဲအောက်ကမှာ ”

“ အင်း ... အင်း ... ပြီးရော ”

ကိုယ် အိပ်ခန်း ထဲ ဝင်ခဲ့သည် ။ စာရွက်ခေါက် ကို မေမေ့ မှန်တင်ခုံ ပေါ် ပစ် တင်လိုက်သည် ။ စပို့ရှပ်အပေါ် က ဆွယ်တာ ထပ်ဝတ်သည် ။ အိပ်ခန်း ထဲ က ပြတင်းပေါက် တစ်ချပ် မပိတ်ရသေးကြောင်း တွေ့သည် ။ ပိတ်မည် ဟု စိတ်ကူးနေတုန်း မှာ လေ ခပ်ပြင်းပြင်း တစ်ချက် တိုက် သောကြောင့် သူ့ အလိုလို ' ဒိုင်းခနဲ ' ပိတ် သွားသည် ။ မှန်တင်ခုံပေါ် မှ စာရွက်ခေါက်ကလေး လည်း လေ ဟပ်သောကြောင့် ကြမ်းပေါ် လွင့် ကျသွားလေသည် ။ စာရွက်ခေါက်ကလေး ကို ကောက် ယူပြီး မှန်တင်ခုံ ပေါ် ပြန် တင်လိုက်သည် ။ ကိုယ်လိမ်းပေါင်ဒါဘူး ဖြင့် ဖိလိုက်မည် ပြုပြီး မှ ထို စာကို ဖတ် ကြည့်ချင်စိတ် ပေါ် လာလေသည် ။ တီချာမေ ပြောသော စကား တစ်ခု ကို လည်း သတိ ရပြန်၏ ။ သူ တစ်ပါး ကိုယ်ရေးကိုယ်တာ အကြောင်း ရေး ထားတဲ့ စာတွေ ဘာတွေ ကို ယူ မဖတ်ကြည့်ရဘူး တဲ့ ။ သို့သော်လည်း ဖတ်ချင်သော စိတ်က အရမ်း ဖြစ်လာ၏ ။ စာရွက်ခေါက် ကို ဖြန့် လိုက်သည် ။ စာလုံးခပ်ကြီးကြီး ကို သော့ ၍ ရေး ထားသဖြင့် ဖေဖေ့ လက်ရေးမှန်း ကိုယ် ချက်ချင်း သိလိုက်ပါသည် ။

ငွေ ၈၀ဝိ/-
အိမ်စရိတ် ၇၀ဝိ/-
ကျန် ၁၀ဝိ/- သား အတွက် လိုတာ ဝယ်ပါ ။

ဘယ်သူ့ အတွက် ရေးတာလဲ ဟု နာမည် လည်း တပ် မထား ၊ အောက် မှာ လက်မှတ်တွေ ဘာတွေလည်း ထိုး မထား ။ သို့သော်လည်း ကိုယ် ကောင်းကောင်းကြီး သိပါသည် ။ ဖေဖေ က မေမေ့ ကို ရေးသော စာ ၊ စာ သည် တိုတိုလေး ။ ကိုယ့် အတွက်တော့ စဉ်းစားစရာတွေ အများကြီး ။

ဖေဖေ နှင့် မေမေ တို့ သည် စကား မပြောကြ ။ သို့သော်လည်း ပြောစရာ အကြောင်း ကိစ္စ ရှိလျှင် ခုလိုပဲ စာဖြင့် ရေး ရေးပြီး ပြောနေကြလိမ့်မည် ထင်သည် ။ တင်အောင်ခိုင် နှင့် ကိုယ် စာသင်ချိန် အတွင်း မှာ ဆရာ ၊ ဆရာမတွေ မသိအောင် စာ ရေးပြီး စကား ပြောကြသည် ။ ဖေဖေ နှင့် မေမေ တို့ ကျတော့ ဘာဖြစ်လို့ အဲဒီလို လုပ်နေကြတာလဲ ။ သူတို့ သည် ကလေးတွေ လည်း မဟုတ်ကြဘဲ နဲ့ ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment