Saturday, August 27, 2022

ငှက်ကလေး ( ၈ )


 

အပိုင်း ( ၈ )

ကျောင်း စ ဖွင့်သော နေ့တွင် မနက် အစောကြီး ထဲ က ကိုယ် ကျောင်း ရောက်နေသည် ။ ခဏ ကြာတော့ သူငယ်ချင်းတွေ လည်း တစ်ယောက် ပြီး တစ်ယောက် ရောက် လာသည် ။ အကြာကြီး လူ မစုံဘဲ နေပြီးမှ ခုလို တစ်စုတစ်ပေါင်း တည်း ပြန် ဆုံ ရသောအခါ ပျော်စရာ တော်တော် ကောင်းပါသည် ။ ကျောင်း ပိတ်ရက် တုန်းက အကြောင်းတွေ ကို ပြန် ပြောကြရာ တစ်ယောက် တစ်ပေါက် ဆူညံ နေပါတော့သည် ။ ဘယ်သူ့  စကား ကို နားထောင်ရမည်မှန်း ပင် မသိ ။ နောက်ဆုံး တစ်ယောက် တစ်လှည့် စီ ပြောကြ ခိုင်းတော့ မှ အဆင် ပြေသွားသည် ။ အားလုံး ပြောကြသည့် အထဲ တွင် လူတိုင်း စိတ်ဝင်စားသော အကြောင်း မှာ ကိုယ့် အကြောင်း ဖြစ်သည် ။ အေးကြည် ၊ မောင်ပါ တို့ နှင့် ငှက်ပစ် ထွက် သည့် အကြောင်း ဖြစ်ပါသည် ။

ဂျွန်ဆင် က နောက် တစ်ခါ သွားလျှင် သူ လည်း လိုက်မည် ဟု ပြောသည် ။ ကိုယ့် စိတ် ထဲ တွင် နောက်တစ်ခါ အေးကြည် တို့ နှင့် လျှောက် မသွားတော့ဘူး ဟု ဆုံးဖြတ် ထားသည်ကို သူတို့ အား မပြောဘဲ နေလိုက်သည် ။ တင်အောင်ခိုင် ကမူ ဂျွန်ဆင့် ကို အပြတ် ဟား လေသည် ။

“ ဟား .. ဟား ... မင်း လား ငှက်ပစ် ထွက်မယ့် ကောင် ၊ ဂျွန်ဆင် ရာ ကြည့်လည်း လုပ်ပါဦး ၊ ငါ တီကောင် နဲ့ လိုက် တို့တာတောင် ကြောက်လို့ အော် ငိုတဲ့ ကောင် ကများ ”

“ ဟ .. တီကောင် ကတော့ ရွံစရာကြီးကိုး ကွ ”

“ ဒါဆို မင်း က လေးဂွ ကော ပစ် တတ်လို့လား ”

“ ပစ်တတ်တာပေါ့ကွ ၊ ငါ့ အိမ် မှာ လေးဂွတောင် ရှိသေးတယ် ”

“ မင်း အစ်ကို ဟာ မဟုတ်လား ”

“ ဖွတ်တဲ့မှပဲ ၊ ငါ့ မှာ အစ်ကို မှ မရှိဘဲ ၊ အစ်မတွေ ပဲ ရှိတယ် ”

“ ဟုတ်လား ၊ ပိုင်တာပဲကွ ” ဟု တင်အောင်ခိုင်က ပြောသည် ။ ဂျွန်ဆင် က တင်အောင်ခိုင့် ကို “ မင်း မယုတ်နဲ့ နော် ” ဆိုပြီး လက်မောင်း ကို တစ်ချက် ထိုးသည် ။

“ အဲဒါ ....” ဟု ပြောပြီး မှ သူ့ ပြောလက်စ စကား ကို မေ့ သွားသဖြင့် ဘာ ဆက် ပြောရမှန်း မသိ ဖြစ် သွားသည် ။ ဂျွန်ဆင် ခေါင်း ကုတ်နေ၏ ။

“ အင်း  ... ဟိုဥစ္စာကွာ ”

“ လေးဂွ ... လေ ”

မီးမီး က ဝင် ပြောသည် ။

“ အေး  ... လေးဂွ လေးဂွ ၊ ငါ့ ဆီ မှာ လေးဂွ ရှိတယ် ၊ ကျွဲချိုကွ ၊ ငါ့ ခေါင်းအုံး အောက် မှာ အမြဲတမ်း ထား အိပ်တာ ၊ ဖန်ဂေါ်လီ သုံးလုံး လည်း ရှိတယ် ”

ကစ်တီ က “ ဟင် ခေါင်းအုံး အောက် မှာ ဘာကြောင့် ထား အိပ်တာလဲ ၊ အိပ်မက် ကောင်းကောင်း မက် အောင် လို့လား" ဟု ဝင်မေးသည် ။

“ ဘာ ... ဘယ်ကလာ ၊ နင် ကလည်း ညဘက် သူခိုးတွေ ဘာတွေ လာရင် ပစ်ဖို့ပေါ့ ဟ ”

တင်အောင်ခိုင် က “ ခွီးခွီး ” ဆိုပြီး ရယ်လိုက်သည် ။

“ သူခိုး ပစ်ဖို့ ဟုတ်လား ”

“ အေးပေါ့ ကွ ”

တင်အောင်ခိုင် က သူ့ ခါး ကို သူ ဘာသာ သူ ကလိ ထိုးပြီး “ ဟား ဟား ရယ်ရတယ် ၊ ဟား ဟား ရယ်ရတယ် ” ဆိုပြီး တွန့်လိမ်၍ ရယ်နေသည် ။

“ တင်အောင်ခိုင် ဘာ ပေါက်တာလဲ " ဟု မိခိုင် က ဝင်ပြောသည် ။

“ ဟားဟား မင်း လား သူခိုး ကို လေးဂွ နဲ့ ပစ် မှာ ၊ မနက် မနက် ကျောင်းသွားချိန် အမီ အိပ်ရာက ထ ဖို့တောင် မှ မင်းတို့ အမေ က အတင်း နှိုးနေရတဲ့ ကောင်ကများ သူခိုး ဖမ်း မလို့တဲ့ ဟား ဟား ”

“ မင်း နော် မင်း"

ဂျွန်ဆင် က တင်အောင်ခိုင့် ကို လိုက် ထိုးသည် ။ တင်အောင်ခိုင် က ကိုယ်တို့ ကြား ထဲ မှာ ကွေ့ပတ် ပြေးသည် ။ ပြေးရင်းက ကစ်တီ ၏ နောက်မှာ သူသွား ကွယ်သည် ။ ကစ်တီ နောက် က နေ ခေါင်း ကို ဟိုဘက် က ထုတ်လိုက် ၊ ဒီဘက် က ထုတ်လိုက် လုပ် ပြီး စသည် ။ ဂျွန်ဆင် က ဝင် မလိုက်သေးဘဲ ချောင်း နေသည် ။ နောက်မှ လှစ်ခနဲ ဝင် ဖမ်းသည် ။ တင်အောင်ခိုင် က ကစ်တီ ကို နောက်ကနေ အသာ တွန်းပေး လိုက်ပြီး ပတ်ပြေး သွားသည် ။ အတင်း ဝင်လာသော ဂျွန်ဆင် နှင့် ကစ်တီ တို့ ဝင် တိုက်မိ ကြ လေသည် ။ ကစ်တီ က ရှက်ပြီး ဂျွန်ဆင့် ကို ပိတ် တွန်းလိုက်ရာ ဂျွန်ဆင် ဖင်ထိုင် လျက် ကျ သွား၏ ။ အားလုံး ဝိုင်း ရယ် ကြသည် ။ ဂျွန်ဆင် ကလည်း ရှက်ကိုးရှက်ကန်း နှင့် ထ လာပြီး ဖင် မှာ ပေ နေသော သဲတွေကို ခါ နေသည် ။ တင်အောင်ခိုင့် ကို လည်း “ မင်း သိမယ် မင်း ” ဟု လှမ်း ကြိမ်းလိုက်သေးသည် ။

“ တော်ကြတော့ ဟယ် ”

မိခိုင် က ပြောသည် ။ ပြီးတော့ ကိုယ့်ဘက်လှည့်၍ “ နင် နောက်ကို အဲဒီလို ငှက်ပစ်တာတွေ ဘာတွေ မလုပ်နဲ့ ”

“ ဘာဖြစ်လို့လဲ ”

“ သူများ အသက် သတ်တာ မကောင်းဘူး"

“ ဘာဆိုင်လို့လဲ ၊ ကိုယ် ပစ်တာမှ မဟုတ်ဘဲ ”

“ ဘာထူးလို့လည်း ဟ ၊ နင် ပါ လိုက်သွားတယ် ဆိုတော့ ငရဲ ကြီးစရာ ရှိရင် နင် ပါ ပါမှာပဲ ”

“ ဟင် ... အဲဒါဆို နင် တို့ လည်း ငရဲ ကြီးမှာ ပေါ့ ”

“ ဘာဖြစ်လို့လဲဟဲ့ ” ဟု မီးမီး က ဝင် မေးသည် ။

“ ဘာဖြစ်ရမှာလဲ ဟ ၊ နင်တို့လည်း ကြက်သားတို့ ငါးတို့ စားတာပဲ မဟုတ်လား ”

“ အသေကို ဝယ်တာပဲဟာ ”

“ ဒါပေမယ့် နင်တို့ စားဖို့ အတွက် သတ်တဲ့ လူတွေ က သတ်ပေးရတာပဲ မဟုတ်လား ”

ဦးလေးမောင်မောင်ကြီး တစ်ခါ က ပြောဖူးသည့် အတိုင်း ပြော ပြ လိုက်သည် ။

“ အဲဒါဆို တစ်ကမ္ဘာလုံး ငရဲမကြီးတဲ့ လူ ဘယ် ရှိတော့မှာလဲ ”

ဇော်ဝင်း က ခုမှ ဝင်ပြောသည် ။

“ ရှိတာပေါ့ကွ ၊ သတ်သတ်လွတ် စားတဲ့ ဘာဘူကုလားကြီးတွေ ငါတို့ အိမ် အနား မှာ ရှိတယ် ”

ဂျွန်ဆင် က ပြောသည် ။

ကစ်တီ က “ တော်စမ်းပါ ဟယ် ၊ ကိုယ် နားမလည်တာတွေ မပြောကြစမ်းပါနဲ့ ၊ လာကြ သွားကြမယ် ။ ကျောင်း တက်တော့မယ် ”

•••••   •••••   •••••

တင်အောင်ခိုင် နှင့် ဂျွန်ဆင်သည် လက် လှဲနေကြသည် ။ ခါတိုင်းကတော့ တင်အောင်ခိုင် ပဲ အမြဲ နိုင်သည် ။ ဒီတစ်ခါတော့ ဂျွန်ဆင် က ဖိထား နိုင်သည် ။ တစ်ချက် တစ်ချက်တွင် တင်အောင်ခိုင့် ဘက် သို့ ယိုင်ယိုင်ကျ သွားသည် ။ ဂျွန်ဆင် သည် သူ အမြဲ ရှုံးနေသဖြင့် ကိုယ် တို့ ဝိုင်း နောက်ကြသည် ကို မခံနိုင် ဖြစ်ပြီး အတင်း ကြိတ်နေခြင်း ဖြစ်သည် ။ ပြီးတော့ သူ က ခုရက်ပိုင်း မှာ အားဆေးတွေ ဘာတွေလည်း စား နေ့တိုင်းလည်း နွားနို့ သောက်ထားသည် ဟု ကိုယ့် ကို တိုးတိုးကလေး လာပြော ထားသည် ။

ပြောမယ့် သာ ပြောရသည် ။ ကိုယ် သည် သူတို့ နှင့် တစ်ခါမျှ လက် မလှဲဘူးပါ ။ ကိုယ် သည် လက် သိပ် အားမသန်ကြောင်း ကိုယ့် ဘာသာ သိသည် ။ အစကတော့ ကိုယ့် ကိုယ် ကို မကျေနပ်ချေ ။ ကိုယ် သည် ပိန်လည်း ပိန်သည် ။ အားလည်း သိပ် မရှိ ။ သူများတွေ နှင့်ယှဉ်လျှင် ကိုယ် က ပျော့ နေတတ်လေသည် ။ သို့သော်လည်း တီချာမေ က ကိုယ့် ကို ပြောဖူးသည် ။

“ လောက မှာ ကိုယ်ခန္ဓာအားကြီးဖို့ ထက် ဉာဏ်ပညာအားကြီးဖို့ က ပို အရေးကြီးတယ် ၊ ညီညီ က ဦးနှောက် သိပ်ကောင်းတာ ၊ ဒါကြောင့် စာတော် တာပေါ့ ” တဲ့ ။

ထိုအခါမှ စ၍ ကိုယ် သိပ် အားမငယ်တော့ ။ ပြီးတော့ ကိုယ်သည် ပိန်ပင် ပိန်သော်လည်း တကယ့် တကယ် အရေး ကြုံလာလျှင် သတ္တိ ရှိကြောင်း ကိုယ့်ဘာသာ သိ ခဲ့ပြီ ။ အုန်းသီး ကို မကြောက် ဘဲ ပြန် ထိုး ခဲ့သည် ကို ကြည့် ပါလား ။

“ ဂျွန်ဆင် ကွ ”

ဇော်ဝင်း က ထ အော် လိုက်သည် ။ ကိုယ် ကြည့် လိုက်သောအခါ ဂျွန်ဆင့် လက် က တင်အောင်ခိုင့် လက် ကို အတင်း ဖိချ နေသည် ကို တွေ့ရသည် ။ တင်အောင်ခိုင့် လက် သည် စားပွဲ ကို ထိဖို့ တစ်ထွာ လောက် သာ လို တော့သည် ။ သူ က အတင်း ပြန် လှန်ဖို့ ကြိုးစားနေသည် ။ သူ့ မျက်နှာ သည် ရှုံ့မဲ့ နေ၏ ။ ဂျွန်ဆင် က အံကြိတ်ပြီး ဆတ်ခနဲ ချ လိုက်ရာ တင်အောင်ခိုင့် လက် စားပွဲပေါ် ကျ သွားသည် ။

“ ဟေး ... ဂျွန်ဆင် နိုင်ပြီကွ ”

ဂျွန်ဆင် သည် ရင် ကို ကော့ပြီး ခါး ထောက်ထားသည် ။ သူ နိုင်သဖြင့် ဝမ်းသာနေပုံ ရသည် ။ တင်အောင်ခိုင် က သူ့ လက်ကောက်ဝတ် ကို ဆုပ်ကိုင်ထားရင်း က “ ငါ က မနက်တုန်းက သုံးခါ တောင် ချီးတွေ ပါထားလို့ အားနည်း နေလို့ပါကွ ”

“ ဟေ့ကောင် ... ခုမှ အရှက်ပြေ မပြောနဲ့ ၊ ခုတော့ ငါ့ ကို ငယ်နိုင်ပါကွ ဆို ၊ မင်း ပဲ ”

“ အို ... ဆယ်ခါ တစ်ခါ ပါ ကွာ ၊ မင်း နိုင်တာ ”

“ ဘာပဲ ဖြစ်ဖြစ် ခု ငါ နိုင်တာက နိုင်တာပဲ ”

သူတို့ နှစ်ယောက် ငြင်း နေတုန်း တီချာမေ ဝင် လာသောကြောင့် ကိုယ့် နေရာ ကိုယ် ပြေးကြရသည် ။ ရောက်တော့ တီချာမေ့ ကို “ မင်္ဂလာပါ ဆရာမ ” ဟု နှုတ်ဆက် ကြသည် ။ တီချာမေ က ပြန် နှုတ်ဆက်ပြီး ထိုင်ကြရသည် ။ ကျောင်း ခေါ်ချိန် နာမည်စာရင်း ခေါ်သည် ။ နောက် တီချာမေ စာ သင်လေသည် ။ တီချာမေ စာသင်လျှင် ဘယ်တော့ မှ ပျင်းစရာ မကောင်းပါ ။ တီချာမေ သင်နေသည် ကို ကြည့်ရင်း ကိုယ် တို့ အတန်းသားတွေ ပါ စိတ်ဝင်စား လာ တတ်သည် ။ ကိုယ် ဖြင့် တီချာမေ့ အချိန် ကုန်သွားမည် ကိုပင် စိုးမိသေးသည် ။ တီချာမေ က ကိုယ် ရဲ့ အချစ်ဆုံး ဆရာမ မဟုတ်လား ။ တီချာမေ က စာ ဆို စာ တစ်ခု တည်း သင်တာ မဟုတ် ။ ဗဟုသုတ ဖြစ်စရာတွေ လည်း ကြားညှပ် ၍ ပြော တတ်ပါသည် ။ စာ သင်နေရင်း က ကိုယ်တို့ ကျောင်းသား ကျောင်းသူတွေ နည်းနည်း ပျင်းလာပြီ ဟု ထင်လျှင် ရယ်စရာတွေ ဘာတွေ ပြောပြတတ်သည် ။ ထိုအခါ အိပ်ချင်နေသူတွေ ပင် မျက်လုံး ကျယ်ပြီး ပျော် လာတတ်ပါသည် ။ ခုလည်း တီချာမေ သည် မြန်မာသဒ္ဒါ အကြောင်း သင် နေရင်းက မြန်မာစာ ရေးသား ရာ တွင် ဂရု စိုက်ရမည့် အချက်တွေ ကို ပြော ပြလေသည် ။ 

“ စာစီစာကုံး ရေးတဲ့ အခါ ကျရင် တချို့က ခေါင်းစဉ် တပ်တဲ့ အခါ ပန်းချီဆန်ဆန် ရေးကြတယ် ၊ အဲဒါမျိုး မလုပ်ရဘူး ၊ ခေါင်းစဉ် ကို မျက်တောင် အဖွင့်အပိတ် တပ် တာတို့ ၊ အောက် က မျဉ်း တားတာတို့လည်း မလုပ်ရဘူး ။ ခေါင်းစဉ်နောက် မှာ ပုဒ်မ မတပ်ရဘူး ။ အဲ ဝါကျ တစ်ကြောင်း ဆုံးပြီ ဆိုရင်တော့ ပုဒ်မ ချဖို့ မမေ့ကြနဲ့ ။ ပုဒ်ဖြတ် ကိုလည်း သူ့ နေရာ နဲ့ သူ ထည့် တတ် ရမယ် ။ မြန်မာစာ ရေးသား ရာ မှာ အရေးကြီးဆုံး ကတော့ သတ်ပုံ မှန်ကန် ဖို့ နဲ့ စာလုံး ကို ပီပီသသ ရေးဖို့ပဲ ။ လက်ရေး လှ ရုံပဲ မပြီးဘူး ကွယ့် ။ ရှင်းအောင် ရေးတတ်ဖို့ နဲ့ ပီသဖို့ လည်း လိုတယ် ။ စကား စပ်မိ လို့ မင်းတို့ ကို ပြောပြရဦးမယ် ”

တီချာမေ သည် မြေဖြူ ကို ကောက်ယူ ၍ ကျောက်သင်ပုန်း ပေါ် မှာ အင်္ဂလိပ်စာ တစ်ကြောင်းကို ရေး လိုက်သည် ။

HANG HIM NOT, LET HIM GO.

“ အဲဒါကတော့ ရှေးတုန်းက အင်္ဂလန်ပြည် မှာ ဖြစ်တဲ့ အကြောင်း တစ်ခုပဲ ။ ပြစ်မှုတစ်ခု နဲ့ အဖမ်း ခံနေရတဲ့ လူ တစ်ယောက် အတွက် အမိန့် ချ လိုက်တဲ့ စာ ပဲ ။ အဓိပ္ပာယ် ကတော့ သူ့ ကို ကြိုးပေး မသတ် နဲ့ ၊ လွှတ်လိုက်ပါ တဲ့ ။ HANG ဆိုတာ ကြိုးပေး သတ်တာ ကို ပြောတာ ။ အဲဒီ လူ မှာ အပြစ် မရှိလို့ လွှတ်လိုက်တဲ့ သဘောပေါ့ ။ ဒါပေမယ့် အဲဒီ အမိန့် ကို စာ နဲ့ ရေးရတဲ့ လူ က ကော်မာ ကို သူ့ နေရာ နဲ့ သူ မထည့်ဘဲ မှား ထည့် ရေးမိရော ၊ ဘယ်လို ဖြစ် သွားသလဲ ဆိုတော့ ”

တီချာမေ သည် NOT နောက် က ကော်မာ ကို ဖျက်ပြီး NOT ရှေ့  မှာ ရေး ပြလိုက်သည် ။

“ အဲဒီတော့ ... ကြည့်စမ်း ၊ ဘယ်လောက် အဓိပ္ပာယ်ပြောင်းသွားသလဲ ၊ Hang Him, Not Let Him Go ဆိုတော့ အဓိပ္ပါယ်က သူ့ ကို ကြိုးပေး သတ်လိုက် ၊ မလွှတ် နဲ့ လို့ ဖြစ် သွားရတယ် ။ တွေ့လား ၊ ကော်မာ လေး တစ်ခု ပေမယ့် ဘယ်လောက် အရေးပါသလဲ ။ သူ့ နေရာ နဲ့ သူ မထားမိဘဲ ရှေ့ နဲ့ နောက် မှား သွားရုံ နဲ့ အဓိပ္ပာယ် ဟာ လုံးဝဆန့်ကျင်ဘက် ဖြစ် သွားတာပဲ ။ တို့ မြန်မာစာ မှာ လည်း ရှိတယ် ”

တီချာမေ သည် ကျောက်သင်ပုန်း ပေါ် မှ စာ ကို ဖျက်မည် ဟု ဘောဖျက် ကို ကိုင်ပြီး မှ မဖျက်သေးဘဲ “ ကူးချင် ကူးထားကြ ၊ နေဦး ၊ ပထမ တစ်မျိုး ရေးပေးဦးမယ် ” ဆိုပြီး အပေါ်မှ တစ်ကြောင်း ထပ်ရေးပေးသည် ။ ကော်မာ ကို Not နောက် မှာ တပ်သည် ။

“ ကူးပြီးပြီလား ဟေ့ ”

“ ပြီးပါပြီ ”

တီချာမေ ဆက် သင်မည် အပြု တွင် ရှေ့တန်း က သန်းမြင့် မတ်တပ် ရပ် လိုက်သည် ။ တီချာမေ က သူ့ ကို လှမ်း ကြည့်သည် ။

“ ကျွန်တော် တစ်ခု မေးချင်လို့ပါ တီချာ ”

“ မေးလေ မောင်သန်းမြင့် ”

“ ဟို  ... ”

သန်းမြင့် သည် ထုံးစံအတိုင်း သူ့ နှာခေါင်း ကို ပွစိ ပွစိ လုပ် နေသေးသည် ။ ဒါကြောင့် သူ့ ကို ပွစိ လို့ ခေါ်ကြတာ ။

“ ဟို .. ခုန ပြောတဲ့ အထဲ မှာ အဲလို စာရေးတာ မှားသွားတော့ ဖမ်းထားတဲ့ လူ ကို သတ်ပစ် လိုက်ရောလား မသိဘူး ”

တီချာမေ က ပြုံး၍ ...

“ အေး ... ဟုတ်သားပဲ ၊ တီချာပြောဖို့ မေ့သွားတယ် ၊ အေးကွယ့် ၊ အဲဒီ စာ ကို ထောင်ထဲ သွားပို့တော့ ထောင် က တာဝန် ရှိတဲ့လူတွေ က အဲဒီ လူ ကို ကြိုးပေးပြီး သတ်လိုက်ကြတာပေါ့ ။ ကော်မာလေး တစ်ခု အတပ် မှား သွားတာ နဲ့ အပြစ် မရှိတဲ့ လူတစ်ယောက် အသက် ဆုံးရှုံးသွားရရှာတယ် ”

ကိုယ် ထို အသတ်ခံရသော သူကို သိလည်း မသိ ။ မြင်လည်း မမြင်ဘူးပါဘဲနှင့် သနား သွားမိလေသည် ။

"ကဲ ... ဘာမေးကြဦးမလဲ ”

“ မမေးပါဘူး တီချာ ”

ဝိုင်း အော်ကြလေသည် ။ ကိုယ် ကတော့ လိုက် မအော်ချေ ။ တီချာမေ က ကိုယ့် ကို လှမ်းကြည့်ပြီး မေးငေါ့ ပြသည် ။ ကိုယ် တစ်ခုခု မေး ချင် နေသည် ကို အရင်ကလိုပင် တီချာမေ သိနေ၏ ။ ကိုယ် မတ်တပ်ရပ်လိုက်ပြီး “ ကိုယ် တစ်ခု မေးမလို့ ” တီချာမေက ခေါင်းညိတ် ပြသည် ။

“ ခုန တီချာမေ ပြောတဲ့ ထဲ မှာ အမိန့်စာ ကို လိုက် ရေးရတဲ့ လူ က မှား ရေးမိတယ် မဟုတ်လား ၊ အဲဒီ စာ ကို ရေးဖို့ အမိန့် ပေးတဲ့ လူ က သေသေချာချာ ပြန်ဖတ်ပြီး မစစ်ဆေးကြည့်ဘူးလား ”

တီချာမေ သည် သွား ပေါ်အောင်ပင် ပြုံးရင်း ခေါင်းတညိတ်ညိတ် လုပ် နေသည် ။

“ အေး  ... ညီညီ ပြောတာ မှန်တယ် ၊ အမိန့် ချတဲ့ လူ က အမိန့်စာ ကို သေသေချာချာ စစ်ဆေးသင့်တာပေါ့ ၊ ခုတော့ မစစ်ဆေးဘဲ ပေါ့ပေါ့ဆဆ လုပ်လိုက်မိလို့ ခုလို ဖြစ်သွားတာပေါ့ ၊ ဒါကြောင့် တီချာ မကြာခဏ ပြောတာ ၊ ဘယ်အရာမဆို ပေါ့ပေါ့ဆဆ မလုပ်ရဘူးလို့ ၊ စာမေးပွဲ ဖြေတဲ့အခါမှာ လည်း ကိုယ် ဖြေထားတာ မှန် မမှန် ပြန် စစ်ဆေးရမယ် လို့ ပြော တာပေါ့ ”

တီချာမေ က လက် နှင့် ပြ၍ ထိုင်ခိုင်းသည် ။ ကိုယ် သည် ပြီးခဲ့သော ပထမ အစမ်း စာမေးပွဲ တုန်း က အကြောင်း ကို သတိ ရ၏ ။ သင်္ချာတစ် ဖြေတုန်း က ဖြစ်သည် ။ မေးခွန်း က လွယ်လွယ်လေး ၊ မီးရထားလမ်း ခင်းရန်အတွက် သံလမ်း ၏ တစ်ပေတန်ဖိုး ကို ပေးထားသည် ။ ခရီးအကွာအဝေး ကို လည်း ပေးထားသည် ။ ကုန်ကျစရိတ် ငွေကို ရှာ ခိုင်းသည် ။ ကိုယ် လည်း လွယ်လွယ်ကလေး ဖြစ်သောကြောင့် မြန်မြန် ပင် တွက် ချလိုက်သည် ။ ကြိုက်ရာ ငါးပုဒ် တွက်ပြီးသော အခါ အတန်းစောင့်ဆရာ က “ အချိန် နာရီဝက် ကျန်သေးတယ် ” ဟု သတိပေးသံ ကြား ရသည် ။ ကိုယ် သည် တွက်ပြီးသော ပုစ္ဆာများ ကို ပြန် စစ်ကြည့်သည် ။ ထိုအခါ စောစောက မီးရထားလမ်းပုစ္ဆာ တွင် ကိုယ့် အမှား ကို သွား တွေ့လေသည် ။ သင်္ချာဆရာ သည် ပုစ္ဆာလွယ်လွယ်လေး ကို ပညာသား ပါပါ မေး ထားခြင်း ဖြစ်သည် ။ ပေါ့ပေါ့ဆဆ သွား တွက် မိလျှင် မှား နိုင်သည် ။ မီးရထားလမ်း ဆိုသည် မှာ သံလမ်း နှစ်ချောင်း ယှဉ် ထားတာ မဟုတ်လား ။ သူ့ ပုစ္ဆာ မှာ က တစ်ပေ ရှိသော သံလမ်း တစ်ချောင်း လျှင် ငွေ ဘယ်လောက် ကျသည် ဟု ပေးထားသည် ။ ထို့ကြောင့် သံလမ်း အရှည်မိုင် ကို ပေဖွဲ့ ၊ တစ်ပေတန်ဖိုး နှင့် မြှောက်ပြီး ရသော တန်ဖိုး သည် သံလမ်း တစ်ဖက် စာ ထဲ သာ ဖြစ်သည် ။ ကိုယ် လည်း ဒီ အတိုင်း တွက် ထားမိသည် ။ ပြန် စစ်ကြည့် မှ အမှား ကို တွေ့ ရသည် ။ ကိုယ် ရေးထားသော အဖြေ ကို နှစ် နှင့် မြှောက်ပြီး မှ အဖြေမှန် ကို ရရှိသွားသည် ။ ကိုယ် သည် သေသေချာချာ ပြန် စစ် ခဲ့သောကြောင့် သာ ထို ပုစ္ဆာ တွင် မမှားဘဲ အမှတ် ပြည့် တစ်ရာ ရခဲ့ခြင်း ဖြစ်ပါသည် ။

စဉ်းစားနေသောကြောင့် တီချာမေ စာသင်သည် ကို ခဏမျှ ဂရုမစိုက်မိဘဲ ဖြစ် သွားသည် ။ အမြန် ပြန်ပြီး ကြည့် နေလိုက်ရ၏ ။

“ မြန်မာစာ မှာ အဲဒါမျိုး ရှိတာပဲ ”

ကျောက်သင်ပုန်း ပေါ် တွင် အောက်ပါအတိုင်း ရေး လိုက်သည် ။

သူ့ နဖူး မှာ ရွေးစေ့ခန့် ရှိသော မှဲ့ကြီး တစ်လုံး ရှိသည် ။

“ ကဲ ... ကြည့်စမ်းကွာ ၊ တချို့က စာရေးတဲ့အခါ စာလုံးကို ပီပီသသ မရေးကြဘူး ၊ ပြီးပြီးရော မြန်မြန်ထက်ထက် ရေးကြရော ၊ ဒီ ဝါကျ မှာ ဆိုရင် ရွေးစေ့ ဆိုတဲ့ နေရာမှာ ရကောက် ကို ပီပီသသ မရေးဘဲ ဂငယ် နဲ့ တူအောင် ရေးမိရင် ဘယ်လို ဖြစ်သွားမလဲ ”

ခဏမျှ ငြိမ် နေကြသည် ။ ကိုယ် က အရင် စ ရယ်သည် ။ ပြီးတော့ တစ်ခန်းလုံး ဝေါခနဲ ရယ် လိုက်ကြသည် ။ အရယ်သန်သော တင်အောင်ခိုင် ဆိုလျှင် တော်တော် နှင့် မရပ် ။ တီချာမေ ပင် တော်တော်လေး ကြာအောင် လက်ကိုင်ပဝါ ဖြင့် ပါးစပ် ကို အုပ်ထားရ၏ ။

“ ဘယ်လောက် ရယ်စရာ ကောင်းသလဲ နော် ”

တီချာမေ သည် ရယ်သံကြီး ဖြင့် ထပ် ပြောသည် ။ ထိုအခါ ထပ် ရယ် ကြပြန်သည် ။ ခဏကြာ မှ တီချာမေ က အရယ် ရပ်ပြီး  ...

“ အဲ ... ရွေးစေ့ ဆိုတာ သိကြရဲ့လား ၊ ရွှေတို့ ဆေးတို့ ချိန်တဲ့အခါမှာ သုံးတယ် ၊ ဟောသလောက် ကလေးတွေ ၊ တစ်ရွေးသား နှစ်ရွေးသား ဆိုတာ ကြားဖူးကြမှာပေါ့ ”

တင်အောင်ခိုင် က ကိုယ့် ကို “ ရှူး ရှူး ” ဆို လှမ်း ခေါ်ပြီး တိုးတိုး ပြောသည် ။

“ ရွေးစေ့ ဆိုတာ တီချာမေ ပြသလောက် သေးသေးလေး မဖြစ်နိုင်ဘူးကွ ” ဟု ဆိုပြီး ခွီးခနဲ ရယ်လိုက်သည် ။

“ တင်အောင်ခိုင် ဘာ ပြော တာလဲဟေ့ ”

တီချာမေ က လှမ်း မေးသဖြင့် တင်အောင်ခိုင် က “ ဟုတ်ဖူး တီချာ ” ဆိုပြီး မတ်တပ် ထရပ်သည် ။

“ ဘာပြောတာလဲ ”

တီချာမေ က ထပ်မေးပြန်သည် ။

“ ဟိုဒင်း တီချာ ၊ ဂျွန်ဆင့် နဖူး မှာ မှဲ့ ရှိလို့ ”

ဝါးခနဲ ရယ်ကြပြန်သည် ။ ဂျွန်ဆင် ဝုန်းခနဲ ထရပ်ပြီး “ ဘယ်မှာရှိလို့လဲ ၊ ကြည့်ပါလား ဒီမှာ ၊ မရှိဘူး တီချာ ၊ မယုံရင် ကြည့် ” ဟု သူ့ ဆံပင်တွေ ကို သပ်တင်ပြီး ပြနေသည် ။ ရယ်သံတွေ မှာ ဆူညံ နေသည် ။ တော်တော်နှင့် မရပ် ။

တီချာမေ ကိုယ်တိုင် ပင် မျက်ရည်တွေ လည်အောင် ရယ်နေမိပြီး  ...

“ ကဲ .. ကဲ တော်ကြပါတော့ကွယ် ၊ စာ ဆက်သင်ကြရအောင် ”

တီချာမေ က သဒ္ဒါ အကြောင်း ဆက် သင်သည် ။ တင်အောင်မိုး သည် ကိုယ့် ဘက် ကို လှည့် ကြည်လိုက် ၊ လက်ညှိုး နှင့် လက်မ ကို ဝိုင်းပြပြီး ကြိတ်၍ ရယ်လိုက် လုပ် နေတုန်းပင် ။ တီချာမေ က စိုက် ကြည့်လိုက်မှ ရပ်သွားတော့သည် ။

မုန့်စား လွှတ်သောအခါ ထမင်းဘူး ကို ကိုင်၍ ထွက်လာခဲ့သည် ။ အတန်းပေါက် ဝ တွင် ရပ်စောင့် နေသော မိခိုင် ကို တွေ့ရသည် ။ ကိုယ့် ကို တွေ့တွေ့ ချင်း  ...

“ နင် က ဘာလို့ ကြာ နေတာလဲ ၊ ငါ စောင့်နေတာ ကြာ လှပြီ ”

“ ဖိနပ်တွေ ပျောက် နေလို့ ဟ ၊ ဟိုကောင်တွေ နောက်ပြီး ဖွက် သွားတာ ၊ ဒါနဲ့ နင် က ဘာဖြစ်လို့ စောင့် နေတာလဲ ”

“ ဟိုတစ်ခါ ငါ ပြောဖူးတယ် မဟုတ်လား ၊ ငါ နဲ့ ထမင်း တူတူ စားဖို့ လို့ ”

“ နင် နဲ့ တူတူ စားရမယ် ဟုတ်လား ၊ နင့် မေမေ က ခေါ်လို့လား ”

“ ခေါ်တာပေါ့ ။ ငါ ပြော ပြီးပြီ ”

“ ဒါဖြင့်လဲ အပြင် ကနေ ဘာလို့ စောင့်နေတာလဲ ၊ အတန်း ထဲ ဝင်ပြီး လာ ခေါ်လိုက်ရင် ပြီးရော ၊ ကိုယ်တို့ အတန်းထဲများ နင် က မဝင်ရဲဘူးလား ဟ ”

“ ဟာ ... ဟိုကောင်တွေ က ငါ့ကို လောင်မှာ ဟ ”

“ လောင်မယ် ဟုတ်လား ၊ ဘယ်လို လောင် မှာလဲ ”

"နောက် မှ ငါ ပြောပြမယ် ”

သူတို့ ထမင်း စားနေကျ ဖြစ်သော အားကစားရုံကြီး ဘက်သို့ လျှောက် လာကြသည် ။ ကိုယ် က သူ့ ကို မေးသည် ။

“ ဒါနဲ့ နေပါဦး ၊ ကစ်တီ တို့ မီးမီး တို့ ရော ”

“ သူတို့ က ငါ နဲ့ တူတူ မစားဘူးဟ ၊ နင် ကြည့်ပါလား ၊ သူတို့ က လမ်းလျှောက်ရင်း နဲ့ လည်း ထမင်း စားရင် စားတာ ၊ ထမင်း စားနေရင်းလည်း ထမင်းဘူး ကို ချထားပြီးတော့ ဆော့ချင် ဆော့နေတာ မဟုတ်လား ၊ တင်အောင်ခိုင် တို့ ကကော ”

“ တင်အောင်ခိုင် က အိမ် မပြန်တဲ့ နေ့ ဆိုရင်တော့ ကိုယ် နဲ့ တူတူ စားတာပဲ ၊ ဒီနေ့တော့ သူ့အစ်ကို လာ ခေါ်သွားတယ် ”

“ ဂျွန်ဆင် နဲ့ ဇော်ဝင်း ကကော ”

“ ဒီကောင်တွေပေါ့ ဟ ၊ ကိုယ့် ဖိနပ် ကို ဖွက် သွားတာ ၊ ခုလည်း ဘယ်ရောက် နေကြမှန်း မသိဘူး"

အားကစားရုံကြီး ထဲ သို့ ရောက် လာကြသည် ။ ထိုနေရာမှာ အိမ် က ပို့သော ထမင်း ကို စားသူများ ၏ နေရာဖြစ်သည် ။ စကား ပြောသံတွေ ၊ ရယ်သံတွေ ၊ ဇွန်းသံ ၊ ပန်းကန်သံတွေ ဆူညံ နေသည် ။ ကိုယ်သည် အရင်က ဒီနေရာ ကို မလာခဲ့ဖူးချေ ။ တကယ့် တကယ်ကျတော့ လာစရာလည်း မလိုပါ ။ ကိုယ့် မှာ အိမ် က ထမင်း လာပို့တာမှ မဟုတ်ဘဲ ။

ကျောင်းသားကျောင်းသူတွေ အားရပါးရ စားသောက် နေကြတာ ကြည့်ပြီး ပို၍ ဆာ လာသည် ။

“ ဟိုမှာ မေမေ ” ဟု ပြောပြီး သူ ပြေး သွားသည် ။ သူ့ မေမေ က ပြုံး၍ ကြည့် နေသည် ။ သူ့ မေမေ ၏ အသက် မှာ ကိုယ့် မေမေ လောက်ပင် ရှိမည် ထင်သည် ။ မေမေ က မျက်နှာ ဝိုင်းပြီး သူ့ မေမေ က မျက်နှာ သွယ် လေသည် ။

ကိုယ် သည် ထမင်းဘူး ကို ကိုင်ပြီး ရပ် ကြည့်နေမိသည် ။ မိခိုင်သည် သူ့ မေမေ ကို ဘာတွေမှန်း မသိ ပြောနေသည် ။

စကား ပြောရင်းကလည်း သူ့ မေမေ ၏ ပခုံးကို တို့၍ တို့၍ နေသည် ။ ပြီးတော့ ကိုယ့် ကို လက်ညှိုး ထိုးပြသည် ။ သူ့မေမေ သည် ကိုယ့် ကို ကြည့်ပြီး ပြုံး ပြလေသည် ။ သူ့ မေမေ ၏ မျက်နှာ သည် ပျော်ရွှင်နေသည် ဟု ကိုယ် ထင်ပါသည် ။  မိခိုင် က ကိုယ့် ကို လက်ရပ် ခေါ်သည် ။ ကိုယ် မရဲတရဲ လျှောက် သွားသည် ။ သူတို့ နား မှာ ရပ်သည် ။

“ ထိုင်လေဟာ ”

မိခိုင် က ပြောသည် ။ ခင်းထားသော ပလတ်စတစ်စ ပေါ် မှာ ထိုင် လိုက်သည် ။ သူ့ မေမေ သည် ကိုယ်တို့ ကို စကား မပြောအားပါ ။ ထမင်း စားဖို့ အမြန် ပြင်ဆင်နေသည် ။

“ မေမေ ကလည်း စောစော ကတည်း က ပြင် ထားရင် ပြီးရော ၊ ကြာ လိုက်တာ ”

သူ့ မေမေ သည် သူ့ ကို မကြည့်ဘဲ လုပ်စရာ ရှိတာ မြန်မြန် လုပ်နေရင်း က ပြန်ပြောသည် ။

“ ဪ .. သမီး ရယ် ၊ စောစော ကတည်း က ချိုင့် ဖွင့်ထားရင် ယင်ကောင်တွေ အုံ မှာ စိုးလို့ပါ ။ မကြာပါဘူး ၊ ဆာလှပြီလား ”

မိခိုင် က “ ဆာတာပေါ့ ၊ အူတွေတောင် ပြတ်ထွက်တော့မယ် ” ဟု နှုတ်ခမ်း စူပြီး ပြောသည် ။

သူ့ မေမေ က “ အေးပါ ၊ အေးပါ ၊ ပြီးပါပြီ ” ဟု ပြန် ပြောလေသည် ။

သူ့ မေမေ သည် ကိုယ့် လို ထမင်းဘူး ယူလာခြင်း မဟုတ်ချေ ။ လေးဆင့်ချိုင့်လေး ဖြစ်သည် ။ ပလတ်စတစ်ခြင်းတောင်း အပြာကလေး ထဲ မှာ ထည့် ယူလာခြင်း ဖြစ်သည် ။ အပေါ်ဆုံး က အဖုံး ဖုံးထားသော ချိုင့် တစ်ဆင့် ကို ယူ၍ ဖယ် ထား လိုက်သည် ။ ဒုတိယ အဆင့် မှာ ဟင်း ဖြစ်သည် ။ ဆိတ်ကလီဇာဟင်း ဖြစ်မည် ထင်သည် ။ ကိုယ် ကြိုက် တတ်သော ဟင်း ဖြစ် သဖြင့် သွားရည် ပင် ယိုချင်သလို ဖြစ်၏ ။ နောက် တစ်ဆင့် မှာ ဟင်းချို ဖြစ်၍ အောက်ဆုံး အဆင့် သည် ထမင်း ဖြစ်သည် ။ ထမင်း ထဲ တွင် ရေနွေးကြမ်း ပန်းကန်လုံးကလေး ဖြင့် ဖိထည့် ထားသော ငပိကြော်များကို လည်း တွေ့ရသည် ။

သူ သည် ထမင်းချိုင့် ကို ဆွဲ ယူသည် ။ ငွေရောင် ဇွန်းကလေးဖြင့် ဟင်းခွက် ကို နှိုက်မည် လုပ်ပြီး မှ မနှိုက်သေးဘဲ ကိုယ့် ကို လှည့် ကြည့်သည် ။ ကိုယ် သည် ထမင်းဘူး မဖွင့် ရသေးဘဲ ငိုင် ၍ ကြည့်နေတုန်း ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment