အပိုင်း ( ၆ )
ဒီနေ့ ကိုယ် ကျောင်းစောစော ရောက် သွားသည် ။ ကျောင်းနား ရောက်ခါနီး တွင် နောက် မှ “ ကလင် ၊ ကလင် ” ဆိုပြီး ကြားရသည် ။ တင်အောင်ခိုင် ဖြစ်ပါသည် ။ သူ့ အစ်ကို က စက်ဘီး ဖြင့် လိုက်ပို့ခြင်း ဖြစ်သည် ။ ကိုယ့် နား ရောက်သောအခါ စက်ဘီး ကို ရပ်ခိုင်းပြီး သူ ဆင်း လိုက်သည် ။ သူ့ အစ်ကို ကို သူ က ပြောသည် ။
“ ကိုကို.... အောင် ညီညီ နဲ့ ပဲ သွားတော့မယ်နော် ” ဆိုပြီး စက်ဘီးဟန်ဒယ် ကို ကိုင်ထားသော သူ့ အစ်ကို ၏ လက်အောက် မှ ငုံ့ပြီး ထွက်လာသည် ။
သူ့ အစ်ကို ကလည်း “ လမ်းဘေး က ကပ် သွားကြနော် ” ဟု ပြောပြီး ထွက်သွားသည် ။
တင်အောင်ခိုင် က
“ အလကားကွ ၊ ကိုကို ကလည်း ငါ့ ကို သိပ် လိုက်ပို့ချင်တာ မဟုတ်ဘူး ၊ အိမ် က လိုက်ပို့ ခိုင်းလို့သာ ၊ ငါ က လည်း သူ လိုက်ပို့တာ မကြိုက်ပါဘူးကွာ ၊ ကိုကို က စက်ဘီး ကို နောက်က တင်ပြီး မနင်းတတ်ဘူး တဲ့ ။ ရှေ့ဘားတန်း မှာ ပဲ ထိုင်ရတာ ။ ချိုင့်တွေ ဘာတွေ ဆောင့်ပြီ ဆိုရင် သိပ် ဖင်ညောင့်ရိုး နာတာ ”
“ ဘာဖြစ်လဲကွ ၊ လိုက်ပို့တာ ကောင်းတာပေါ့ ၊ ခြေညောင်း တောင် သက်သာသေးတယ် ”
ကိုယ် က ပြန် ပြောသည် ။ သူ က ခေါင်း ကို ခါ၍ ...
“ ဟာ... သိပ်အောက်တာပဲ ၊ ကိုယ့် ဘာသာ ကိုယ် လမ်းလျှောက် သွားရတာပဲ ပျော်တယ် ကွာ ၊ ပြီးတော့ အိမ် မှာ ဆိုလည်း လွတ်လွတ်လပ်လပ် မကစားရဘူး ၊ မေမေ တို့ ဖေဖေ တို့ က ငါ့ ကို ပဲ လိုက် ကြည့်နေတာပဲ ၊ ငါ မကြိုက်ဆုံးကတော့ အချိန် နဲ့ လုပ် ရတာကို မကြိုက်ဘူးကွ ၊ စာ ကျက်ချိန် ဆိုရင် စားပွဲ မှာ ဝင် ထိုင်ရရော ၊ မထ ရဘူး ။ ထမင်းစားချိန် ဆိုလည်း ဆာဆာ မဆာဆာ စား ရတာပဲ ။ အိပ်ချိန် ဆိုလည်း မအိပ်ချင် ဘဲ ဝင် ရတာ ၊ သိပ် ဖီလင် အောက်တာပဲ ”
ကိုယ် သည် တင်အောင်ခိုင် ပြောသည် ကို ငေးကြည့် နေမိသည် ။ သူ နှင့် ကိုယ် နှင့် က ပြောင်းပြန် ။ ကိုယ့် ကျတော့ ဒီလို ပြောမယ့် ဆိုမယ့် သူ မရှိ ။ ဒါကိုပင် သူ က အားကျ နေပြန်သေးသည် ။
“ ငါ သာ မင်းလိုဆို သိပ် ကောင်းမှာပဲ ၊ မင်း ဆိုရင် ကြည့် ၊ မင်း ပြောဖူးတယ် မဟုတ်လား ၊ အိမ်ပြန် ရောက်ရင် ဘယ်သူ မှ မရှိဘူး ဆို ၊ ဘယ်လောက် ကောင်း သလဲ ၊ ကိုယ် ကြိုက်သလို နေလို့ ရတယ် ။ သိပ် မိမှာပဲ ”
“ ကိုယ် ကတော့ ပျင်းတယ် ကွာ ၊ တစ်ယောက် တည်း ၊ မင်းလို အစ်ကို တစ်ယောက် ရှိရင် သိပ် ကောင်းမှာပဲ ”
“ ဖွတ် .. ကိုကို က အလကား ပေါစိန် ကွ ၊ သူ က ငါ့ ကို အလို လိုက်ဖို့ နေနေသာသာ မေမေ တို့ ဘက်တော်သား လူ ။ ငါ ဘာလုပ်တယ် ဆိုတာ လိုက် ချက်ပြီး မေမေ တို့ ကို ပြန် တိုင်တာပဲ ၊ ခုတောင် သူ ငါ့ ကို စက်ဘီး နဲ့ နင်း ပို့ရတာ ညောင်းလို့ ပြန် သွားတာ ။ နို့မို့ဆိုရင် ငါ ဆင်းနေခဲ့တဲ့ အကြောင်း ပြန် တိုင်မှာ ကြိမ်းသေတယ် ”
သူ က “ ငါ သာ မင်းလို တစ်ယောက်တည်းသာ ဆိုရင် သိပ် ကောင်းမှာကွ ၊ အေးအေးဆေးဆေး ကစားလို့ ရတယ် ” ဟု ဆက် ပြောသည် ။
ကိုယ် ကတော့ သူ့ စကားတွေ ကို နားထောင်ရင်း အံ့သြ နေမိသည် ။ သူ က ကိုယ့် လို နေချင်လို့ တဲ့ ။ ကိုယ် ကကျတော့ သူ့ လို နေချင်သည် ။ တော်တော် လည်း ရယ်စရာ ကောင်းတဲ့ အဖြစ်ပဲ ဟု ထင် မိသည် ။ ရယ်တော့ မရယ်မိပါ ။
ကိုယ် သူ့ ကို တစ်ခုခု မေးမည် ပြင်တုန်းမှာ သူ က ..
“ ဟာ ... ဟိုမှာ ဂျွန်ဆင် တောင် ရောက်နေပြီ ကွ ”
သူ လက်ညှိုး ထိုး ပြရာသို့ ကြည့် လိုက်သည် ။ ဂျွန်ဆင် သည် ကျောင်းရှေ့အုတ်ခုံ မှာ ထိုင်နေရာမှ ကိုယ်တို့ ကို မြင်သောအခါ ထ ရပ်လိုက်သည် ။ ကိုယ်တို့ သူ့ အနား ရောက်သောအခါ ...
“ ငါ ရောက်နေတာ ကြာ လှပြီကွ ”
“ ကိုယ်တို့ က စောလှပြီ ထင်တာ ၊ မင်း က ပို စောနေတာကိုး ”
ကိုယ် က ပြန်ပြောသည် ။
ဂျွန်ဆင် က ...
“ ဟေ့ကောင်တွေ ကစ်တီ တို့ လည်း ရောက် နေပြီကွ ”
“ မိခိုင် ရောလား ”
“ အေးပေါ့ ၊ မီးမီး ရောပဲ ၊ ဒါနဲ့ ဟေ့ကောင်တွေ ဝါးကြော ရှိတယ်ကွ ”
“ ဘယ်မှာလဲ ဟေ့ ”
တင်အောင်ခိုင် က ဝင်မေးသည် ။
“ ခုန ပြောသွားတာ ကွ ၊ စောင့်နေတယ် တဲ့ ”
“ ဟင် ... မင်း စကား က ဘာလဲကွ ၊ ဘာ ပြောနေတာမှန်းလဲ မသိဘူး ၊ ဘယ်သူ က စောင့် တာလဲ ၊ ဘာ ဝါးကြော လဲ ”
ကိုယ် က ဝင်ပြောသည် ။ တင်အောင်ခိုင် က ရယ်သည် ။ ဂျွန်ဆင် သည် ဒီလိုပဲ စကား ပြောလျှင် ဗလုံးဗထွေး နှင့် ။ သူ ခေါင်းကုတ် လိုက်ပြီး
“ ငါ့ ဟာ ငါ ပြော နေတာ ကောင်းသားနဲ့ ၊ မင်း တို့ ဝင် ရှုပ် နေတာနဲ့ ဘာ ပြောရမှန်းတောင် မသိတော့ဘူး ၊ ဒီလိုကွ ခုန ကစ်တီ တို့ မှာ သွားတာ ၊ စောင့်နေမယ် တဲ့ ဟို မှာ ”
“ ဘယ်မှာလဲ ”
“ ငါ တို့ ထိုင်နေကျ ကွာ ၊ စိန်ပန်းပင်ကြီး အောက် မှာ ”
“ အဲဒါနဲ့ ဝါးကြော နဲ့ ဘာဆိုင်လို့လဲ ”
“ ဆိုင်တာပေါ့ကွ ၊ ကစ်တီ က သူတို့ ခြံထဲ က မာလကာသီးတွေ ခူး လာတယ် တဲ့ ။ ငါတို့ ကို တစ်ယောက် တစ်လုံး ကျွေးမယ် ပြောတယ် ”
“ ဟာ ... ပိုင်တာပဲ ၊ သွားကြစို့ ”
တင်အောင်ခိုင် က ရှေ့ဆုံး က ပြေး လေသည် ။ ကိုယ် နှင့် ဂျွန်ဆင် ကတော့ မပြေးပါ ။ မြန်မြန်တော့ လျှောက်လာသည် ။ ထိုအချိန်မှာ နောက် ကနေ“ ဟေ့ကောင်တွေ နေဦးကွ ” ဆိုပြီး ဇော်ဝင်း ပြေး လိုက်လာသည် ။
ကိုယ် တို့ စိန်ပန်းပင်ကြီး အောက် ရောက်သောအခါ သူတို့ တစ်တွေ သည် မာလကာသီး တစ်ယောက် တစ်လုံး စီ ကိုက်စား နေကြ၏ ။
“ နင်တို့ ကလည်း ကြာ လိုက်တာ ”
မီးမီး က အနား မရောက်ခင်က လှမ်း အော်သည် ။
ဇော်ဝင်း က ...
“ ငါတို့ တောင် မစောင့်ဘူး ၊ နင်တို့ က စား နေကြပြီ ”
မိခိုင် သည် ကိုယ့် ကို လှမ်း ကြည့်ပြီး ပြောသည် ။
“ ငါ ပြောပါသေးတယ် ၊ နင်တို့ လာမှ စား ရအောင် လို့ ၊ ဟို မီးမီး က စပြီး စား တာ ”
“ အို .. ဘာဖြစ်လဲ စားတာ ၊ သူတို့ကို စောင့်လည်း ဒီ အရသာ ပဲ ။ မစောင့်လည်း ဒီ အရသာပဲ ၊ နင် သာ စောင့်ချင်နေတာ ”
မီးမီး က မိခိုင် ကို လှမ်းပြောပြီး “ အဟိ ” ဟု ရယ်သည် ။ မိခိုင် က မီးမီး ၏ ပေါင် ကို ဆွဲ ဆိတ် လိုက်သည် ။
“ နာတယ် ဆိတ်မ ရဲ့ ”
“ ဟင် ... ဘာပြောတယ် ၊ ဆိတ်မ ဟုတ်လား ”
တင်အောင်ခိုင် က ဝင်မေးသည် ။ ကစ်တီ က ဝင်၍ ရှင်းပြသည် ။
“ ဒီလိုဟ ၊ မိခိုင် က သူ ရှက်သွားပြီ ဆိုရင် ဆွဲ ဆွဲ ဆိတ် တတ်တယ် ။ ဒါကြောင့် ဆိတ်မ လို့ခေါ်တာ ”
မိခိုင် က “ အမယ် ၊ သူတို့မှာလည်း နာမည်ရှိတယ်နော် ၊ ကစ်တီ က ဇီးကွက် ၊ မီးမီး က အဘွားကြီး ”
ကိုယ်တို့ ဝိုင်း ရယ်ကြသည် ။ ကစ်တီ က မျက်လုံးပြူးပြူးကလေး နှင့် ဖြစ်သောကြောင့် ဇီးကွက် ဟု ခေါ်ခြင်း ဖြစ်မည် ။ မီးမီး ကတော့ သိပ် သိသာသည် ။ ဆံပင်ကောက်ကောက်ကလေး နှင့် သွားတစ်ချောင်းကလည်း ကျိုး နေသည် ။ ကိုယ့်စိတ်ထဲမှာတော့ သူတို့ ထဲ မှာ မိခိုင် က ကြည့်လို့ အကောင်းဆုံး ဟု ထင်ပါသည် ။
“ ကဲ .. သိပ်မအာကြနဲ့ဟာ ၊ မာလကာသီး ပေးဖို့တော့ မေ့နေကြတယ်“
ဂျွန်ဆင် ပြောတော့မှ ကစ်တီ က “ အေး ... ဟုတ်သားပဲ ” ဟု ဆိုပြီး သူ့ စကတ်ကြီး ထဲက မာလကာသီး လေးလုံးကို နှိုက်ယူလိုက်သည် ။ ဇော်ဝင်း က “ ဟင့် ” ဆို နှာခေါင်း ရှုံ့သွားသည် ။
ကစ်တီက “ ဘာဖြစ်လို့လဲ ၊ မစားချင်နေ ” ဟု ပြောပြီး ရယ်လိုက်သည် ။
“ မဟုတ်ပါဘူးဟ ၊ မာလကာသီးကလည်း အစိမ်းကြီးတွေ ”
“ အို .. နင်တို့က နောက်ကျ တာကိုး ၊ ဒါပဲ ရမယ် ”
ကစ်တီ က တစ်ယောက် တစ်လုံးစီ ပေးသည် ။ ဟိုကောင်တွေ က ယူ သော်လည်း ကိုယ် က မယူ ။
“ ကိုယ် တော့ မစားဘူး ၊ အစိမ်းပေမယ့် ပွပြီ ဆို စားလို့ ကောင်းသေးတယ် ၊ ခုဟာက ကိုက် လို့ တောင် ရမှာ မဟုတ်ဘူး ”
“ ကြီးကျယ် မနေနဲ့ဟေ့ ၊ မစားချင်နေ ”
“ မစားဘူး ဟေ့ ၊ မာလကာသီး တစ်လုံး လောက် နဲ့တော့ အကြော မခံဘူး ”
“ နင် အဲလို မပြောနဲ့ သိလား ၊ ငါ အမြဲတမ်း ကျွေးတာပဲ မဟုတ်လား ”
ဟုတ်တော့ လည်း ဟုတ်ပါသည် ။ ကစ်တီ သည် သူတို့ ခြံထဲ က အသီးတွေ ကို ခဏခဏ ယူလာပြီး ကျွေး တတ်သည် ။ တစ်ခါတလေ မာလကာသီး ၊ တစ်ခါတလေ မရမ်းသီးမှည့်တွေ ၊ တစ်ခါတလေကျတော့ သရက်သီးစိမ်းတွေ ကို ခြမ်း ၍ သကြားရည် စိမ်ပြီး ငရုတ်သီးမှုန့် နှင့် နယ်၍ ယူ လာတတ်သည် ။ ကိုယ် ကလည်း သူ့ ကို တမင်သက်သက် လျှောက် စနေခြင်း ဖြစ်ပါသည် ။ မိခိုင် က ဝင်၍ ဖြန်ဖြေသည် ။
“ တော်ကြပါတော့ ဟယ် ၊ ညီညီ က အစိမ်းကြီး မစားချင်ဘူးဆိုရင် ” ဟု ပြောပြီး သူ့ လွယ်အိတ် ထဲ က မာလကာသီး အမှည့် တစ်လုံး ထုတ် လိုက်သည် ။
“ ရော့... နင်စားချင် စားလေ ”
“ ကြည့်စမ်း ဆိတ်မ တို ထားတယ် ”
မီးမီး က ပြောသည်ကို မိခိုင် ဂရုမစိုက် ၊ “ အင့်လေ ” ဆိုပြီး ကိုယ့် ကို လှမ်းပေးနေသည် ။ ကိုယ် က မယူ ။
“ နင့် ဟာ နင် စား ပါဟာ ”
“ ငါ စားပြီးပါပြီ ဟ ၊ ဒါက နင့် ဖို့ တမင် ချန်ထားတာ ”
ကစ်တီ နှင့် မီးမီး က မိခိုင် ကို မျက်စောင်း ဝိုင်းထိုးကြ၏ ။ တင်အောင်ခိုင် က ဇော်ဝင်း ကို လက် ကုတ် လိုက်သည် ကို ကိုယ် မြင် လိုက်ရသည် ။
“ ကဲ .. ကဲ .. ညီညီ က မစားဘူးတဲ့ ၊ ငါ့ ပေး ”
တင်အောင်ခိုင် က မိခိုင် လက်ထဲမှ မာလကာသီး ကို ဝင် လုသည် ။ မိခိုင် က “ အင့် ” ဆို လုပ်၍ လက်ကို နောက် မှာ ဝှက်လိုက်၏ ။
“ အီစီကလီ လုပ်မနေနဲ့ကွာ ၊ ယူချင်လည်း ယူလိုက် ”
တင်အောင်ခိုင်က ပြောသည် ။
“ နင် စားမလား ၊ မစားဘူးလား ”
မိခိုင် က မာလကာသီး အမှည့်ကို လှမ်း ပေးရင်းက ပြောပြန်သည် ။ သူ့ မျက်လုံးတွေ ကို ကိုယ် ကြည့်လိုက်သည် ။ ကိုယ် က မစားဘူး ဟု ပြောလျှင် သူ ငိုချင် ငိုလိမ့်မည် ဟု စိတ် ထင်မိ၏ ။ ထို့ကြောင့် သူ့ လက်ထဲ က မာလကာသီး ကို ယူ လိုက်သည် ။ တစ်ကိုက် ကိုက် လိုက်၏ ။ ကစ်တီ နှင့် မီးမီး တို့ ဆီက ပြိုင်တူ အသံ ထွက်လာကြသည် ။
“ ဟယ် .. အူနီသီးကြီး ”
••••• ••••• ••••• •••••
နောက်ဆုံး အချိန် ကတည်း က မိုးတွေ စ ရွာသည် ။ ကျောင်းဆင်း သည် အထိ မစဲသေးချေ ။
ကိုယ် သည် ခပ်ဖြည်းဖြည်းပင် လျှောက် လာခဲ့သည် ။ တင်အောင်ခိုင် သည် သူ့ အစ် ကို အတန်း ရှေ့ မှ လာ စောင့်နေသောကြောင့် ပါ သွားပြီ ။ ခုလို အတန်း ရှေ့ကနေ ပိတ် စောင့် မနေလို့လည်း မဖြစ် ။ တင်အောင်ခိုင် သည် ကျောင်းဆင်းချိန်တွေ မှာ ခုလို မိုး ရွာပြီဆိုလျှင် ကိုယ်တို့ အတန်းကနေ ကျောင်းရှေ့ ဆင်ဝင်ကြီး အထိ အမိုး ရှိသော လမ်း အတိုင်း မသွားဘဲ မိုးရွာ ထဲ က ဖြတ် ပြေးတတ်သည် ။ ဒါကို သိလို့ သူ့ အစ်ကို က လာ စောင့်ရခြင်း ဖြစ်သည် ။ ဂျွန်ဆင် နှင့် ဇော်ဝင်း တို့ ကတော့ မိုးကာအင်္ကျီတစ်ထည် ထဲ ကို နှစ်ယောက် ပူး ခြုံ၍ ထွက် သွားကြပြီ ။
ကိုယ့် မှာ ထီး ပါသည် ။ အမှန်မှာ ကိုယ် ထီး ယူလာဖို့ မဟုတ် ။ မေမေ က ကိုယ့် ကို မိုးကာအင်္ကျီ ဝယ် ပေးထားသည် ။ သို့သော်လည်း မိုးကာအင်္ကျီ ကို ကိုယ် မကြိုက်ပါ ။ ခုနောက်ပိုင်း မိုးကာအင်္ကျီတွေ မှာ ဆိုလျှင် ခေါင်းစွပ် ပါ တစ်ခါတည်း ပါသည် ။ ကိုယ် သူငယ်တန်း လောက် တုန်းက မိုးကာအင်္ကျီကလေး ကျတော့ ခေါင်းစွပ် မပါ ။ ကက်ဦးထုပ်ကလေး သပ်သပ် ပါသည် ။ ထို ကက်ဦးထုတ်ကလေး နှင့် က သားနားသေးသည် ။ ခေါင်းစွပ်ကြီး နှင့် က သိပ် အောက်သည် ။ ခေါင်းမြီး ခြုံ ထားရသလိုပဲ ။ ပြီးတော့ မိုးကာအင်္ကျီ က လုံခြုံလွန်းလှသည် ။ ကိုယ် ပေါ် ကို မိုးရေ တစ်စက်မျှပင် မစင် ။ အထဲ ကို လေ လည်း မဝင် သောကြောင့် အပြင် မှာ မိုးတွေ သည်းကြီးမည်းကြီး ရွာနေလျက်သား နှင့် အထဲ မှာ ကိုယ် အိုက်စပ်ချွေးပျံ နေတော့သည် ။ ဒါကို ကိုယ် မကြိုက် ။
ထို့ကြောင့် ကိုယ် မိုးကာအင်္ကျီ ကို မယူပါ ။ ကိုယ့် အဝတ်အစား ဗီရိုကလေး ထဲ မှာ ဝှက် ထားလိုက်သည် ။ ကျောင်း ကိုတော့ ထီး ပဲ ယူလာသည် ။ အဲဒီ ထီး ကလည်း ကိုယ့် ထီး မဟုတ် ။ မေမေ ဟိုး အရင် က ဆောင်းသော ထီး ၊ ခုတော့ ခေါက်ထီးတွေ ပေါ် လာသဖြင့် သည် ထီး ကို မေမေ မဆောင်းတော့ ။ အခန်းထောင့် မှာ သည် အတိုင်း ချိတ် ထားခဲ့တာ ကြာ လှပြီ ။ ကိုယ် ထီး မှာ ကပ်နေသော ပင့်ကူအိမ်တွေ ၊ အမှိုက်တွေ ၊ ဖုန်တွေ ကို ရှင်းပြီး ကိုင်ခြင်း ဖြစ်ပါသည် ။ အိမ် က အထွက် မိုးရွာသော နေ့တွင် ဖြစ်ဖြစ် ၊ မိုးတွေ အုံ့ပြီး တစ်နေ့လုံး မိုးရွာ မည် ဟု ထင်သောအခါ မှာ ဖြစ်ဖြစ် ထီး ယူ သွားတတ်သည် ။ နေသာသော နေ့ ၊ မိုး မရွာဘူး ထင်လျှင် မယူချေ ။
ထီး ပါလာခဲ့သောကြောင့် အမိုး ရှိသော လမ်းအတိုင်း မသွားဘဲ ဖြတ်လမ်း မှ သွားသည် ။ ကျောင်းရှေ့ ဆင်ဝင်ကြီး အောက် သို့ ရောက်သောအခါ မိခိုင် တို့ အုပ်စုကို မြင် ရသည် ။ သူတို့ သည် တစ်ခုခု ကို ငြင်းခုန် နေကြတာ ဖြစ်မည် ။ အသံစာစာတွေ ကို ကြား နေရ၏ ။ ကိုယ် အနား ရောက်သွားသည် ကိုပင် သူတို့ ချက်ချင်း မမြင်ချေ ။
“ ဟ .. ဘယ်လို ဖြစ်ကြတာလဲ ၊ နင်တို့ အသံတွေ ကလည်း မိုးသံ ထက်တောင် ဆူ သေးတယ် ”
ကိုယ့် အသံ ကြား မှ သူတို့ လှည့် ကြည့်ကြတော့သည် ။ ကစ်တီ နှင့် မီးမီး တို့က ပြုံးစေ့စေ့ ဖြစ်နေပြီး မိခိုင် က နှုတ်ခမ်း စူ နေသောကြောင့် သူ တို့ မိခိုင် ကို ဝိုင်း စနေခြင်း ဖြစ်ကြောင်း သိ လိုက်သည် ။ ကိုယ့် ကို မြင်သောအခါ ကစ်တီ က ..
“ ဟော... အတော်ပဲ ၊ ညီညီ လာပြီ ”
“ ဘာလဲဟ ၊ ကိုယ်လာတော့ ဘာဖြစ်လို့လဲ ”
ကိုယ် က မေးသည် ။ မီးမီး က ရှင်း ပြသည် ။
“ ဒီလိုဟ မိခိုင် က ထီး ပါ မလာလို့ ”
“ ကစ်တီ လည်း ပါတာ မဟုတ်ပါဘူး ”
ဟု မိခိုင် က ဆောင့်ဆောင့်အောင့်အောင့် ပြန် ပြောသည် ။
“ ကစ်တီ နဲ့ ငါ နဲ့က တစ်လမ်း ထဲ ပြန် မှာဟ ၊ နင် က ... ”
“ လုပ်မနေနဲ့ ဟေ့ ၊ ခါတိုင်းလည်း ငါတို့ ဘက် က လှည့် ပြန်တာ မဟုတ်လား ၊ ဒီနေ့လည်း အဲလို ပြန်ပေါ့ ”
“ ဟယ်... တစ်ကွေ့တစ်ပတ်ကြီး ၊ မိုး မရွာဘူး ဆိုရင် တော်သေးတယ် ”
“ နင်တို့ ယုတ်တာပါဟယ် ၊ လမ်း ထဲ ခဏလေး ကွေ့ ဝင် လိုက်ရင် ရသားနဲ့ ”
“ အို ... ထီး တစ်လက် ထဲ သုံးယောက် ပေါင်းရင် အကုန် စိုမှာ ”
ဟု မီးမီး က ပြောပြီး ကိုယ့် ဘက် လှည့် ပြောပြန်သည် ။
“ ဒီတော့ ညီညီ ၊ နင် မိခိုင် ကို လိုက်ပို့လိုက် ”
“ ဟာ ... ဘယ်ဖြစ်မလဲ ၊ ကိုယ့် အိမ် နဲ့ သူ့ အိမ် က တခြားစီပဲ ။ ပြီးတော့ ”
ကိုယ် ပြော နေတုန်းတွင် မိခိုင် က ကိုယ့် ကို ဖျတ်ခနဲ လှည့် ကြည့်လိုက်သည် ။ သူ ကြည့်ပုံ မှာ ကိုယ့် ကို မကျေမနပ်ဖြစ်နေပုံ မျိုး ။ ကိုယ် စကား ဆက်မပြောဘဲ နေသည် ။ မိခိုင် က အသံတုန်တုန်ကလေး နှင့် ...
“ ငါ့ ကို ဘယ်သူ မှ စေတနာ မရှိဘူး ၊ ငါ ကသာ စေတနာ ထားတာ ”
ကိုယ့် အတွက် မာလကာသီး ချန် ထားခဲ့သည် ကို စောင်း ပြောခြင်း ဖြစ်မည် ဟု ကိုယ်တွေးမိ၏ ။ မျက်ရည် ဝဲလာပြီး ငိုသံ လည်း ပါလာသည် ။
“ နေပါစေ ၊ ငါ့ ဘာသာ မိုးရွာ ထဲ ပြန်မယ် ၊ မိုး မိပြီး ဖျား လည်း သေပစေ ”
သူ လှည့်ထွက်သွားမည် ပြုသည် ။ ကိုယ် က “ ဟေ့ .. နေဦး ” ဟု အော် လိုက်ရာ သူ ပြန် ရပ်သွားသည် ။
“ နင် ကလည်း ကိုယ် ပြောတာကို သေသေချာချာ တော့ နား မထောင်ဘူး ၊ ကိုယ့် ထီး ကို နင် ယူသွား ”
“ နင် ကရော ”
“ ကိုယ် က မိုး ရွာ ထဲ ဒီအတိုင်း ပြန်မှာပေါ့ ”
“ နင် မိုး မိပြီး ဖျား နေပါဦးမယ် ဟာ ”
“ မဖျားပါဘူး ၊ မိုးရွာ ထဲ လမ်းလျှောက် ပြန်ရတာ ပိုတောင် ပျော်စရာ ကောင်းသေး ”
“ နင့် လွယ်အိတ် ထဲက စာအုပ်တွေ စို ကုန်မှာပေါ့ ”
ကိုယ်တို့ နှစ်ယောက် ပြော နေကြတုန်း မီးမီး နှင့် ကစ်တီ တို့ က
“ နင်တို့ဘာသာ ကြည့် ရှင်းကြတော့ ၊ ငါတို့ တော့ သွားတော့မယ် ၊ အိမ်ပြန် နောက်ကျ နေဦးမယ် ”
ဆိုပြီး ထွက်သွားကြသည် ။ သွားခါနီး ကစ်တီ က စပ်ဖြဲဖြဲ လုပ် သွားသေးသည် ။ မီးမီး က လျှာ ထုတ်ပြသွားသည် ။ မိခိုင် က “ ကောင်မစုတ်တွေ ” ဟု လှမ်း အော်လိုက်သည် ။
“ ကဲ .. ဘယ်လို လုပ်မှာလဲ ”
“ သိဘူးဟာ ”
ကျောင်းဆင်ဝင်ကြီး အောက်မှာ လူ နည်းနည်းပဲ ကျန် တော့သည် ။ မိခိုင် လိုပင် ထီး မပါသူတွေ နှင့် အိမ် က လာ အကြို စောင့်နေကြသူတွေ ။
“ ကိုယ့် ထီး သာ ယူ သွားစမ်းပါ ဟာ ”
“ မဖြစ်ပါဘူး ”
“ ကိုယ် နင့် ကို အိမ် အထိ လိုက် ပို့မယ်ဟာ ၊ မထူးပါဘူး ”
“ နင် အဝေးကြီး ပြန် လျှောက် ရမှာပေါ့ ”
“ အို .. လျှောက်ရတာ အရေး မကြီးပါဘူး ၊ ဒီလိုမှ မသွားရင် နင် အိမ်ပြန် ရောက်မှာ မဟုတ်ဘူး ၊ မိုး ကလည်း တော်တော် နဲ့ တိတ် မှာ မဟုတ်ဘူး ”
“ ဒါဆိုလည်း သွားမယ် ဟာ ”
“ နေဦး ”
“ ဘာဖြစ်ရပြန်တာလဲ ”
“ မဟုတ်ဘူးလေ ၊ နင့် ကို ကိုယ် က လိုက် ပို့ရင် ... ”
ကိုယ် ဆက်မပြောဘဲ နေ လိုက်သည် ။ သူ့ အိမ်ကများ ဆူ နေမလား ဟု ကိုယ် စဉ်းစားမိသည် ။ ဘာဖြစ်လို့ ဆူ မှာလဲ ဆိုတာတော့ ကိုယ် လည်း မသိ ။ သူ က ကိုယ့်ကို ကြည့်ပြီး “ ဘာလဲ ” ဟု မေးသည် ။
“ ဘာမှ မဟုတ်ပါဘူး ၊ လာ .. သွားကြစို့ ”
ကိုယ် တို့ နှစ်ယောက် ထီး အတူတူ ဆောင်းပြီး ထွက် လာခဲ့ကြသည် ။ မိုး ကတော့ မစဲသေး ။ တော်တော်လေး သွားပြီးသည် ထိ ကိုယ် တို့ ဘာမျှ မပြောကြ ။ ဒီအတိုင်းပဲ လျှောက် လာခဲ့ကြသည် ။ လမ်းမှာ တွေ့သော လူတချို့ က ကိုယ်တို့နှစ်ယောက် ကို ကြည့်သွားကြသည် ။ ကိုယ် သည် ရှက် သလိုလို ဖြစ် လာ၏ ။ သူ ကတော့ ရှက်သလား ဘာလား မသိ ။ မိုး ပက်သောကြောင့် ထင် သည် ။ ကိုယ့် ဘက်သို့ တိုး၍ ကပ် လာ၏ ။ သူ့ လက်မောင်း နှင့် ကိုယ့် တံတောင်ဆစ် ထိ ထိ သွားသည် ။ သူ့ လက်မောင်းသည် နွေးနွေးကလေး ဖြစ် နေသည် ။ သို့သော်လည်း ကိုယ် အချမ်း မပြေပါ ။ ကြက်သီးပင် ထ လာသေးသည် ။
“ နင့် ဘက်က လုံ ရဲ့လား ”
ကိုယ် ပြောပြီး ထီး ကို သူ့ ဘက် သို့ ပို၍ ကာ ပေးလိုက်သည် ။ ထိုအခါ ကျပြန်တော့ ကိုယ့် ဘက် မှာ မိုး မလုံချေ ။ ကိစ္စ မရှိ ။ သူ့ ဘက်က လုံ ဖို့ အရေး ကြီးသည် ။ သူ က “ ထီး ကို နင့်ဘက် လည်း ကာ ဦးလေ ” ဟု ပြောပြီး ထီးရိုး ကို ဒီဘက် သို့ တွန်းသည် ။
“ ကိစ္စမရှိပါဘူး ”
ကိုယ် သူ့ ဘက် ကိုသာ ကာ သည် ။ မိုးစက်များ သည် ကိုယ့် ပခုံးပေါ် သို့ ကျသည် ။ ကိုယ် တစ်ခြမ်း စိုရွှဲ နေသည် ။ ဘာကြောင့်မှန်း မသိ ။ စောစော ကလို ကြက်သီး မထတော့ဘဲ နွေးထွေး လာပြန်သည် ။ လေတစ်ချက် ဝှေ့ ပြီး တိုက်သော အခါ မိုးမှုန်ကလေးများ သည် ကိုယ် တို့ ၏ မျက်နှာများ ကို ပင် လာ ထိသည် ။ သို့သော် မချမ်းပါ ။ ကိုယ် ကတော့ နဖူး မှာ ချွေးကလေး ပင် စို့ လာသေးသည် ။ သူ့ ကို အသာကလေး စောင်း ကြည့်မိသည် ။ သူ သည် ခေါင်း ငုံ့ရင်း က လျှောက် နေသည် ။ သူ့ ဆံပင်တွေ မှာ မိုးမှုန်ကလေး တွေ ကပ် နေသည် ။
“ နင် ချမ်းနေသလား မိခိုင် ”
သူ က ခေါင်း ခါသည် ။ “ နင်ကော ” ဟု တိုးတိုးလေး ပြန် မေးသည် ။
“ ကိုယ် ကတော့ မချမ်းဘူး ၊ နွေးတောင် နွေး သေးတယ် ”
သူ ကိုယ့် ကို တစ်ချက် မော့ကြည့်သည် ။ စိန်ပန်းပင်ကြီး တစ်ပင်အောက် က ဖြတ် လျှောက်လာကြသည် ။ မြေပေါ် မှာ ကြွေ ကျနေသော စိန်ပန်းပွင့် တွေ နီရဲ နေလေသည် ။ ဒီ အပင်ကြီး သည် အပွင့် နောက်ကျသော ကြောင့် ခုချိန် ထိ အပွင့် တွေ ရှိနေတုန်း ဖြစ် လိမ့်မည် ။
ကိုယ် သည် စိတ်ထဲ တွင် တစ်မျိုးကြီး ဖြစ် သွားသည် ။ စိန်ပန်းပွင့် တို့ကို မြင်လျှင် ခုလိုမျိုး ဖြစ် သွားတတ်သည်မှာ ကိုယ့် အကျင့်ပင် ။ ငုပန်း ဝါဝါတွေ ကို မြင် ရလျှင်တော့ ကိုယ် ပျော်ပျော်သွားလေ့ ရှိသည် ။ ကိုယ် တော့ ဒီလို ထင်ပါသည် ။ ငုပန်း ပွင့်ချိန်မှာ နွေကျောင်းပိတ် ခါနီး အချိန် ၊ ကျောင်း ပိတ်လျှင် ဘယ်လို ကစား လိုက်မည် ဟု တွေးရင်း ပျော် ခဲ့ရသည် ။ နောက် မိုးဦးကျခါစ စိန်ပန်းနီနီတွေ ပွင့်သော အချိန်မှာ ကျောင်းပိတ်ရက် ကုန်ဆုံးကာနီး ဖြစ်သည် ။ စိန်ပန်းနီနီ တို့ သည် ကျောင်း ပြန်ဖွင့်တော့မည် ဟု သတိပေး သလို ဖြစ်နေသည် ။ ထို့ကြောင့် စိန်ပန်းနီနီ တို့ကို မြင်ရလျှင် ကိုယ့် စိတ်ထဲ တစ်မျိုး တစ်မျိုး ဖြစ် သွားတတ်ခြင်း ဟု ထင်ပါသည် ။
“ နင် မနက်ဖြန် ကျောင်း စောစော လာဦးမှာလား ”
သူ့ ကို ကိုယ် မေးလိုက်သည် ။
“ ဟာ ... နင် ကလည်း နက်ဖြန် ဗုဒ္ဓဖူး လေ ဟာ ”
“ ဘယ်ကလာ ဗုဒ္ဓဟူး ရမှာလဲ ၊ နက်ဖြန် သောကြာ ပါ ဟ ”
“ မဟုတ်ဘူးလေ ဟာ ဗုဒ္ဓဖူးလေ ၊ ဝါတွင်း ဆို ဗုဒ္ဓဖူး ကျောင်း ပိတ်တယ် မဟုတ်လား ”
“ ဟား .. ဟား ... ဥပုသ် ပါ ဟ ၊ နင် ကလဲ ”
“ အေး ... အေး ... ဟုတ်တယ် ၊ ငါ က ဥပုသ် နဲ့ ဗုဒ္ဓဖူး ကို ခဏ ခဏ မှားတယ် ”
“ နင် ကလည်း ဒီလောက် တခြားစီ ပဲ ဟာကို ၊ တင်အောင်ခိုင် လည်း ဒီလိုပဲ ၊ မနေ့တုန်းကလို့ မပြောဘူး ၊ မနက်ဖြန်တုန်း က တဲ့ ၊ ကိုယ်တို့ က ဝိုင်း ဝိုင်းဟား လို့ ခုမှ ဒီကောင် မှန်အောင် ပြောနိုင်တာ ”
“ အေးဟာ ငါ လည်း သတိထားမှပဲ ”
မိခိုင်သည် တချို့ စကားတွေ လည်း ပီအောင် မပြောတတ်ချေ ။ ခုပဲကြည့် ဗုဒ္ဓဟူး ကို ဗုဒ္ဓဖူး တဲ့ ။ ပြီးတော့လည်း ရှိသေးတယ် ။ ပြတင်းပေါက် ကို ကတင်းပေါက် ။ ဝရန်တာ ကို ဘရန်တာ တဲ့ ။
“ ဒီဘက် ကို ချိုးရမှာလေ ဟာ ”
ကြည်တော်ကုန်း ထဲသို့ ချိုးဝင် လာခဲ့သည် ။
“ သတိထား လျှောက် နော် ၊ ငါတို့ လမ်း က မိုး ရွာရင် သိပ် ချောတာ ”
ဟုတ်လည်း ဟုတ်သည် ။ သူတို့ လမ်းသည် ကျောက်ခဲကြီးတွေ ခင်းထားသော်လည်း ညီညီညာညာ မဟုတ် ။ အတုံးအကြီးကြီးတွေ ဖြစ်သည် ။ ကိုယ့် ကို သတိထား လျှောက်ဟု ပြောပြီး တကယ် ကျတော့ သူ က သတိထား လျှောက်နေရခြင်း ဖြစ်သည် ။ လဲကျမည် စိုးသောကြောင့် ကိုယ့် အင်္ကျီစ ကို သူ ကိုင်ထားသည် ။
“ ညာဘက် ကို ချိုး ရဦးမယ် ”
သူ ပြောသည် ။ ကိုယ်တို့ နှစ်ယောက် ချိုးကွေ့ လိုက်စဉ်မှာပင် ရှေ့နား က လူကြီး တစ်ယောက် လျှောက် လာနေတာ တွေ့ ရသည် ။
“ ဟယ် .. ဟိုမှာ ဖေဖေ ”
မိခိုင် တို့ ဖေဖေသည် ကိုယ်တို့ ကို မြင် သွားသည် ။ ကိုယ့် စိတ် ထဲ က ဆူများ ဆူနေမလား ဟု စိုးရိမ် သွားမိသည် ။ သူ အနား ရောက်လာသောအခါ မိခိုင် က ဦးအောင် ပြောလိုက်သည် ။
“ ဖေဖေ ကလဲ ၊ ဒီလောက်တောင် မိုး ရွာနေတာ မသိဘူးလား ၊ လာတောင် မကြိုဘူး ”
“ သမီး မှာ ထီး ပါမသွားဘူး ဆိုတာ ဖေဖေ မသိလိုက်ဘူး ကွယ် ။ သမီး ကလည်း မိုးတွင်းကြီး မှာ ထီး ယူ သွားမှပေါ့ ”
“ အို ... သမီး တော့ ယူချင် မှ ယူ မှာပဲ ၊ ထီး မပါရင် ဖေဖေ လာ ကြိုရမှာပဲ ”
“ အေးပါကွယ် ၊ ခုဟာကလည်း ဖေဖေ သမီး ထီး ပါသွားတယ် အောက်မေ့လို့ပါ ။ နောက်မှ သမီး ကိုင်နေကျ ထီးကလေး ကို တံခါးကြား ထဲမှာ သွား တွေ့တာ ၊ ဒါနဲ့ ဖေဖေ လည်း လုပ်လက်စ အလုပ်တွေ ကို ပစ် ထားခဲ့ပြီး .... ”
ကိုယ် သည် မိခိုင် နှင့် သူ့ ဖေဖေ စကား ပြောနေသည်ကို ကြည့် နေမိသည် ။ မိခိုင် သည် ဘယ်အချိန် က သူ့ ဖေဖေ ၏ ထီး အောက် ရောက်သွားမှန်း မသိ ။ မိခိုင် က သူ့ ဖေဖေ ထီး ကိုင်ထားသော လက်ကို ခိုသလို လုပ် ထားသည် ။ ကိုယ် သည် ခုမှ အိမ် ပြန်ဖို့ သတိရသည် ။
“ ကိုယ် သွားမယ်ဟေ့ မိခိုင် ”
ကိုယ် လှည့်ထွက်မည် ပြု လိုက်သည် ။ ထိုအခါကျမှ သူ့ ဖေဖေ က
“ နေပါဦးကွ ၊ မင်းက မိခိုင် သူငယ်ချင်းလား ”
ကိုယ် မပြောခင် မိခိုင် က ...
“ ဟုတ်တယ် ဖေဖေ ၊ ညီညီ တဲ့ ၊ သူတို့ အိမ် နဲ့ က တစ်လမ်း စီ ပဲ ၊ သူ က သက်သက်မဲ့ လိုက် ပို့ရတာ ”
သူတို့ ဖေဖေ က ခေါင်းတညိတ်ညိတ် လုပ် နေရာက ကိုယ့် ဘက် ပြန်လှည့်ပြီး .......
“ မပြန်ပါနဲ့ဦး ကွ ၊ မိခိုင် တို့ အိမ်ကို လိုက် လည်ပါဦးလား ၊ မင်း မိုးတွေလည်း စိုလို့ ၊ အိမ် မှာ ကော်ဖီပူပူလေး သောက် သွားပါလား ”
“ အေးလေ နင် လိုက်ခဲ့ပါလား ”
မိခိုင် က ပါ ဝင် ပြောသည် ။ ကိုယ် ခေါင်း ခါလိုက်သည် ။
“ ဟင့်အင်း ၊ အိမ်ပြန် နောက်ကျ နေလိမ့်မယ် ၊ သွားတော့မယ် နော် ”
“ အိမ် က ဒီနားလေးတင်ပါကွ ”
“ ကိုယ် မသောက်တော့ဘူး ”
“ အေး.. အေး ... မင်း သူငယ်ချင်း ကို လိုက်ပို့တဲ့ အတွက် ကျေးဇူး တင်တယ်ကွာ ၊ နောက်ကို မိခိုင် တို့ အိမ် ကို လည်း လာလည်ပေါ့ ကွ ၊ ဟုတ်လား ”
ဟု ပြုံး၍ ပြောသည် ။ ကိုယ် လည်း နှုတ်ဆက်ပြီး ထွက် လာခဲ့သည် ။
မိုး သည် စောစောကလောက် မသည်းတော့ သော်လည်း ရွာ နေတုန်းပင် ။ ခုမှ ကိုယ် တကယ် ချမ်းလာသည် ။ လမ်းလျှောက် နေရင်းက မိခိုင် တို့ ဖေဖေ အကြောင်း စဉ်းစားမိသည် ။ သူတို့ ဖေဖေ ပြုံး ပုံမှာ အားရပါးရ ရှိလှသည် ။ မိခိုင် တို့ ဖေဖေ နှင့် မိခိုင် တို့ စကား ပြောနေကြပုံ ကို ကြည့်ပြီး ကိုယ့် အတွက် ထူးဆန်းသလို အံ့ဩသလို ဖြစ် ခဲ့ရသည် ။ မိခိုင် တို့ ဖေဖေ ၏ အပြုံး သည် မျက်စိ ထဲ က မထွက်ချေ ။
◾ မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment