Monday, August 8, 2022

နှလုံးအိမ် ၏ အရောင် မတူသော တံခါးရွက် နှစ်ချပ်


 

❝  နှလုံးအိမ် ၏ အရောင် မတူသော တံခါးရွက် နှစ်ချပ် ❞

ကိုအဏ္ဏဝါ သည် စောစော အိပ်ရာ က ထ သည် ။ သူ့ အိမ်ပေါ် ထပ် က စာဖတ်ခန်း မှာ ထိုင်ပြီး စာ ဖတ်နေသည် ။ နေရှင်နယ်ဂျီအိုဂရပ်ဖက် မဂ္ဂဇင်း က ဓာတ်ပုံဆောင်းပါး တစ်ပုဒ် ကို စိတ်ဝင်တစား ဖတ် နေသည် ။ အာဖရိက နိုင်ငံ တစ်နိုင်ငံ က ဖူးစာရှင် ရွေးပွဲ ရပ်ဓလေ့ ရွာဓလေ့ ဆောင်းပါး ဖြစ်သည် ။ ဈေးနေ့ လို့ ခေါ်သည့် ၇ ရက် တဈေး ကျင်းပသော ဈေးရောင်းဈေးဝယ် နေ့ မှာ ပြုလုပ်သော ရိုးရာ ဖူးစာရှင် ရွေးပွဲ အကြောင်း ဆောင်းပါး ဖြစ်သည် ။

ဈေးရောင်း ၊ ဈေးဝယ်လာကြသူတွေ ထဲ က အပျို ၊ လူပျို သို့မဟုတ် လင် မရှိသူ ၊ မယား မရှိသူ တွေ ထဲ က လင် လို ချင် သူ ၊ မယား လို ချင် သူ တွေ သည် ဈေးရုံကြီး ထဲ က ဈေးကောင်စီလူကြီးတွေ ထံ သွားပြီး လင် လိုချင်ကြောင်း ၊ မယား လိုချင်ကြောင်း စာရင်း ပေးရသည် ။ လင် မရှိ မယား မရှိသေးသူ မည်သူ မဆို အသက် ကန့်သတ်ချက် မရှိ စာရင်း ပေးနိုင်သည် ။ ဈေးကောင်စီလူကြီးတွေ က စာရင်း ပေးသွင်းသူတွေ ထဲ က အမျိုးသား တစ်ယောက် ၏ အမည် ကို ခေါ်ထုတ်ပြီး ထိုင် နေသည့် အမျိုးသမီးတွေ ထဲ က မိမိ ကြိုက်သည့် မိန်းမ ကို ရွေးချယ် စေသည် ။

အရွေးချယ် ခံရသည့် မိန်းမ က ကြိုက် မှသာ ဖူးစာ ဖက် ဖြစ် နိုင်သည် ။ မိန်းမ က မကြိုက်ဘူး ဆိုလျှင် ယနေ့ အဖို့ ထို ယောက်ျား ၏ ရွေးချယ်ပိုင် ခွင့် အခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်သည် ။ နောက် အပါတ် ဈေးနေ့ကို စောင့် ရဦးမည် ဖြစ်သည် ။ ယောက်ျား သည် မိမိ ကြိုက်သည့် မိန်းမ ကို လက်ညှိုး ထိုးပြီး ရွေးချယ်နိုင်ခွင့် ရှိ သော်လည်း မိန်းမ က သာ အဆုံးအဖြတ် ပေးသည် ။ မိမိ ကို ကြိုက်သည့် ယောက်ျား ၏ အသက်အရွယ် ၊ အလုပ်အကိုင် ၊ အိမ်ပိုင်ရာပိုင် ရှိ မရှိ တို့ကို မေးပြီး ကြိုက် မှ လက်ခံသည် ။ အဲဒီ အစီအစဉ်ဖြင့် အတွဲလိုက် အတွဲလိုက် ဖူးစာ ဖက် ပေးသော ဈေးနေ့ အကြောင်း ရေး ထားသော ဆောင်းပါး ဖြစ်သည် ။

ဆောင်းပါး ရေးသူ က အတွေ့အကြုံ အရ မကြိုက်ဘူး လို့ ပြောတဲ့ မိန်းမ အတော် ရှားသည် ဟု ဆိုပါသည် ။ ယောက်ျား ဘက် က ကြိုက်တယ် လို့ ပြော လိုက်တာနဲ့ ထိုင်ရာက ထပြီး လက်ထပ် ပေးမည့် နတ်ဆရာ ( ဘုန်းကြီး ) နှင့် ဈေး လူကြီးတွေ ရှိရာ ဈေးရုံကြီး ကို အတွဲလိုက် အတွဲလိုက် ထ သွားကြတော့သည် ဟု ဆို ပါသည် ။ ဆောင်းပါး ရှင် က အဲဒီ ဒေသ က မိန်းမတွေ ဟာ လင် ရဖို့ မလွယ်တဲ့ အတွက် ကြိုက် သူ ရှိတာနဲ့ တပြိုင်နက် လက် ခံ လိုက်တော့တာပဲ ဟု ရေး ထား သည် ။ ဖြစ်နိုင်သည် ။ မိန်းမတွေ ရဲ့ ပုံတွေ ကို ကြည့် ရတာ လင် ရဖို့ မလွယ်တဲ့ ပုံတွေ ဖြစ်သည် ။ ထုံး စရာ မလိုသည့် ဆံပင်တွေ လိပ်ခွေ နေလို့ ခေါင်းတုံး လို ဖြစ်နေသည် ။

အသား က မည်းရတဲ့ အထဲ မှာ ရေ မချိုး လို့ ဖုံအလိမ်းလိမ်း ကပ်နေသည် ။ အောက်နှုတ်ခမ်း ကို အလျားလိုက် ခွဲပြီး သစ်သားပြား အဝိုင်းလေး ထည့်ထားသဖြင့် သွား တွေ ပေါ်ပြီး တွဲလောင်း ကျနေသည် ။ နားရွက် ကို ဖေါက်ပြီး ဆွဲထား သည့် ကြေးကွင်း ရဲ့ အလေးချိန် ကြောင့် နားပေါက်ကြီး ကျယ်ပြီး ရှည် ကျနေသည် ။ အောက်ပိုင်း မှာ အရှက် လုံရုံလေး အဝတ် ဖုံး ထားသည် ။ လင် ရ ဖို့ အတော် မလွယ်သည့် ရုပ်တွေ ဖြစ်သည် ။

ယောက်ျားတွေ က လည်း မိန်းမတွေ လိုပင် ထူး မခြားနား ဖြစ်သည် ။ အဝတ်အစား မဝတ်သူတွေ ဖြစ်သည် ။ နဖူး ၊ ပါးနှစ်ဖက် နှင့် ရင်ဘတ်တွေ မှာ အသားဖု အမာရွတ်ကြီးတွေ ဖြစ် အောင် ဓားထက်ထက် ဖြင့် လှီးကာ ဒီဇိုင်း အလှ အမျိုးမျိုး ဖေါ်ထား ကြသည် ။ ဖုံ အလိမ်းလိမ်း ကပ်နေသည့် ရေ မချိုးသူတွေ ပင်ဖြစ်သည် ။ ဆုံရွဲ တွေ နှင့် ကျည်ပွေလိန် တွေ တွေ့ ကြသည့် နေ့ ဖြစ်သည် ။ ဆောင်းပါးရှင် က သူ ၏ ဆောင်းပါးကို ( ဒီ ခေတ် မှာ အမျိုးသမီးတွေ ဟာ ယောက်ျား ရဖို့ လွယ်ကူသလောက် လင် ရဖို့ မလွယ် ) ဟု ရေးပြီး အဆုံးသတ် ထားသည် ။

ကိုအဏ္ဏဝါ ၏ အိမ် နောက်ဘက် က စူးစူးဝါးဝါး အော်လိုက် သည့် အမျိုးသမီး တစ်ယောက် ၏ ငိုသံ ကြောင့် ကိုအဏ္ဏဝါ စာ ဖတ် နေတာ ကို ရပ် ပစ်လိုက်မိသည် ။ စောစောစီးစီး အလန့်တကြား ဘယ်သူ ဘာများ ဖြစ်ပါလိမ့် ဟု နား စွင့် လိုက်သည် ။ ကိုအဏ္ဏဝါ ၏ အိမ် နှင့် ကျောချင်းကပ် က သုံးခန်းတွဲ တန်းလျား မှာ ငှား နေသည့် အမျိုးသမီး အော် ငို နေတာ ဖြစ်သည် ။ သူ့ ယောက်ျား နဲ့ ရန် ဖြစ်ပြန်ပြီ နဲ့ တူတယ် လို့ တွေး လိုက်မိသည် ။ သူ့ ယောက်ျား က တိုင်စီ မောင်း သည် ။

ကား သိမ်းချိန် မှာ မူး လာတတ်၍ မကြာခဏ လင်မယား စကား များ ရန်ဖြစ်သည်  ။ လင်မယား ရန်ဖြစ်ကြပြီ ဆိုလျှင် လင် က မယား ကို လက်သီး ဖြင့် ထိုး ၊ ဆောင့်ကန် လုပ်သည် ။ မယား က လည်း လင် ကို ကိုက်ဆွဲ ကုတ်ဖဲ့ လုပ်သည် ။ မကြားဝံ့ မနာသာသည့် စကားလုံးတွေ နဲ့ ဆဲ သည် ။ အိမ်နီးနားချင်းတွေ ကူ ဆွဲ ဝိုင်း ဖျင် လို့ ရန်ပွဲ ပြီးသွားသည့် အခါ လည်း ရှိသည် ။ ဆွဲလို့ လွဲလို့ မရသည့် အတွက် ရပ်ကွက် လူကြီး တွေ နှင့် ရဲ ကို ခေါ်ရသည့် အခါ တောင် ရှိသည် ။ သည်းကြီးမဲကြီး ရန် ဖြစ်ပြီး သော်လည်း လင်မယား မကွဲကြဘဲ နောက် တစ်ရက် နှစ်ရက် လောက် အဲဒီလောက် ဆိုလျှင် လင် နှင့် မယား ပျော်ပျော် ရွှင်ရွှင် ဖြင့် ဝတ်ကောင်းစားလှ တွေ ဝတ်ပြီး တွဲသွား တွဲလာ လုပ်နေ ကြတာ တွေ့ရ ပြန်သည် ။

ဒီလောက်တောင် မူးရူး သောက်စားပြီး ထိုးကြိတ်ရိုက်နှက် နေသည့် လင် ကို မကွဲနိုင် မကွာရက် ဖြစ်နေတာ က ဖတ်လက်စ ဆောင်းပါး ထဲ က ဆောင်းပါးရှင် ပြော သလို လင် ရဖို့ မလွယ်လို့ ရ ထား တဲ့ လင်ဆိုး ကိုပဲ မျက်စိ မှိတ် ပေါင်းနေလေရော့ သလား လို့ တွေး မိသည် ။ ဒီ တစ်ခါ ရန် ဖြစ်ပုံ နည်းစနစ် က ဆန်းသစ် နေသည် ။ တစ်ဖက်သတ်ကြီး ဖြစ်နေသည် ။ သူ့ ယောက်ျား ၏ အသံ ကို လုံးဝ မကြားရ ဖြစ်နေသည် ။ အမျိုးသမီး ၏ အသံ ကို ပဲ ကြား နေရ သည် ။ သူ့ ယောက်ျား အိမ် မှာ မရှိ ဟု ယူဆ ရသည် ။ သူ့ ယောက်ျား မရှိဘဲ သူ တစ်ယောက် တည်း ဘယ်လို လုပ်ပြီး လင်မယား ရန် ဖြစ်နေပါလိမ့် ဟု ကိုအဏ္ဏဝါ စိတ်ဝင်စား လာသည် ။ စာ ဖတ်နေရာ အိမ် အပေါ်ထပ် မှ လှမ်း ကြည့်လိုက်သည် ။

အမျိုးသမီး သည် သူတို့ အိမ်သာ ဘက် ကို ထွက်သည့် နောက်ဖေးပေါက် တံခါးဝ မှာ အကျအန ထိုင်ပြီး အော် ငို နေသည် ။ တစ်ယောက် တည်း စကားတွေ အဆက်မပြတ် ပြောပြီး လက်ဟန် ခြေဟန် ဖြင့် ရင်ဘတ် ကို ထု လိုက် ၊ ခြေ ဆောင့်ပြီး ဖနောင့် ပေါက်လိုက် လုပ်ပြီး အော် ငိုနေသည် ။ သူ့ အိမ် မှာ သူ တစ်ယောက် တည်း ပဲလား ၊ သူ့ ယောက်ျား က အိမ် ထဲ မှာ ရှိ နေသလား ၊ မကွဲမပြား ဖြစ်နေသည် ။ နံနက်စောစော ဖြစ်၍ သူ့ယောက်ျား အလုပ် မသွားသေး ဟု ယူဆ ရသည် ။ သူ တို့ ဘေးခန်း က မိသားစု တွေ တောင် အိပ်ရာ က မနိုးကြ သေး လို့ သူ့ ယောက်ျား အိမ် ထဲ မှာ ရှိနေသည် ဟု ယူဆ ရသည် ။ ဒီ ပဟေဠိ ၏ အဖြေ က အမျိုးသမီး ပြောဆို နေသည့် အထဲ မှာ ပါ နေ သည် ။

“ ဒီ ည မှာ အော်ဒါ ရှိလို့ ငါ အိမ်ပြန် မအိပ်ဘူး လို့ ပြောပြီး မယားငယ်တွေ နဲ့ အိပ်နေတာ ငါ မသိဘူးများ မှတ်နေလား ၊ ပဲခူး ကို အော်ဒါ ရလို့ ၊ ပြည် ကို အော်ဒါ ရ လို့ ညအိပ် ခရီး သွားရမယ် လို့ ငါ့ ကို လိမ် နေတာ ကြာပြီ ၊ အရက်ဆိုင် မှာ တစ်ညလုံး တွဲ ပြီး ကာရာအိုကေ ဆို နေတာ ၊ အတူ အိပ်နေတာ ငါ မသိဘူး မှတ်နေလား ၊ အခုတော့ မသင်္ကာ လို့ လိုက် ချောင်းတာ ဘာ ငြင်းနိုင်သေးလဲ ၊အဲဒီလို ကမြင်းကြော ထ ချင်ရင် ဘာဖြစ်လို့ မယား ယူထားသေးလဲ တဲ့ မ အေ ... ရဲ့ ဟီး ဟီး ”

သူ့ ယောက်ျား အိမ် ထဲ မှာ ရှိနေတာ သေချာသည် ။ သူ့ အပြစ် နဲ့ သူ မို့ ငြိမ်ပြီး ကုတ် ခံနေတာ ဖြစ်မည် ။ သူ့ ယောက်ျား တစ်ည လုံး ပြန် မလာလို့ သူ့ ယောက်ျား သွားတတ် လာတတ်သည့် ဘီယာ ဆိုင် အရက်ဆိုင်တွေ ကို လိုက် ချောင်း ရာမှ မကောင်းတဲ့ မိန်းမတွေ နဲ့ တွဲပြီး ကဲ နေတာ ကို တွေ့လို့ ဆွဲ ခေါ်လာခဲ့တာ ဖြစ်မည် ။

“ ပြော လိုက်တော့ မိုးလား ကဲလား ၊ ငါတို့ အမျိုးတွေ က ပညာ တတ်တွေ ၊ ဂုဏ်သရေ ရှိ လူကြီးလူကောင်းတွေ တဲ့ ၊ ရှင့် အမျိုးတွေ က လူကြီးလူကောင်းတွေ ဟုတ်သလား မဟုတ်သလားတော့ မသိဘူး ရှင် ကတော့ လူကြီးလူကောင်း မဟုတ် တာ သေချာတယ် ၊ အိမ်ထောင် မကျခင် လူပျို ဘဝတည်း က သုတ်ကြော ဖြတ်ထားတဲ့ ယောက်ျား ၊ သူများ သားပျို သမီးပျိုတွေ ကို အပျော် လိုက် ကြံနေတဲ့ ကိလေသာ မုဆိုး မ အေ …..  ၊ နင့် အစ်မ ဘွဲ့ရ ပညာတတ် ဆိုတဲ့ ဟာမတွေ ကို တခြား ယောက်ျားတွေ က နင် လုပ်သလို လုပ်ရင် နင် ကျေနပ်မလားတဲ့ မအေ … ၊ နှမ … ၊ ကိုယ်မေကိုယ် … ”

လင် ကို ပယ်ပယ်နယ်နယ် တွယ် နေသည် ။ လူပျို ဘဝ ကတည်း  က သုတ်ကြော ဖြတ် ထားတယ် ဆိုတာ ကို တရားဝင် အကြင် လင်မယား ဖြစ်ပြီး မှ သိ ရသည့် ဇနီးမယား တစ်ယောက် ၏ နေရာ မှာ ဝင်ပြီး ကိုအဏ္ဏဝါ ခံစား ကြည့်မိသည် ။ အတော် ရွံရှာစက်ဆုတ်စရာ ကောင်းသည့် ယောက်ျား ၊ နာကျည်းစရာ ကောင်းသည့် လင်သား ဖြစ်သည် ဆိုတာ ကို သတိထား မိသည် ။ တစ်လင် တစ်မယား ဘဝ ဖြင့် သားသမီး ရရှိရေးကို ဟန့်တားခြင်း ခံရသည့် အဖြစ်ဆိုးကြီး ဖြစ်သည် ။ သားသမီး လိုချင်လျှင် ဒီ လင် ကို ကွာ ပစ်ပြီး သုတ်ကြော မဖြတ်ရသေးသည့် နောက် လင် ယူ မှ ဖြစ် တော့မည် ။ တစ်လင်တစ် မယားစနစ် ကို မြတ်နိုးတန်ဖိုးထား သည့် အမျိုးကောင်း သမီး တစ်ယောက် အတွက်တော့ အလွန် နစ်နာသော ဘဝ ဖြစ်သည် ။

လင်ကိုယ်မယား နှစ်ယောက်တည်း ရှိတာ ကိုတောင် သာယာတဲ့ အိမ်ထောင်ရေး ဖြစ်အောင် မဆောင်ရွက် နိုင်သည့် လင် ကို မကျေနပ် လို့ လင် ကို သာမက လင်ဘက် က မအေ နှင့် နှမ ကိုပါ မကျန် ကိုယ် မှာ ရှိတာတွေ နဲ့ ခိုင်းနှိုင်း ဆဲဆို အော်ဟစ် ငိုနေသည် ။

ဒီတော့မှ သူတို့ မှာ ကလေး မရှိတာကို ကိုအဏ္ဏဝါ သတိ ထား မိသည် ။ အမျိုးသမီး သည် အတော့် ကို မခံမရပ်နိုင် ဖြစ်ပြီး လင် နှင့် လင်ဘက် က ဆွေမျိုးတွေ ကိုပါ ကိုင် တုတ်လာသော အခါ အိမ် ထဲ မှာ ငြိမ်ကုတ် နေသူ ၏ အသံ တိုးတိုး ကို ကြား ရသည် ။ သဲသဲကွဲကွဲ မကြားရလို့ ဘာ ပြောမှန်း မသိရ ဖြစ်နေသည် ။

“ မတော်နိုင်ဘူး ၊ ပြောမှာပဲ ၊ ဆဲတော့ ဘာဖြစ်လဲ ၊ ရှင် က ဘာ လုပ်ချင်လို့လဲ ”

“  ...   .....   .... ”

“ မဆိုင်တဲ့ သူတွေ ကိုလည်း ထည့် ပြောရမှာပဲ ရှင့် မျိုးရိုး ကို က မကောင်းလို့ ရှင် လည်း အောက်တန်း ကျတာ ၊ မကောင်းတာ ဘာ ပြောချင်သေးလဲ ”

“  ...   .....   .... ”

“  မတော် ဘူး ၊ ပါးစပ် ပိတ် မထားနိုင်ဘူး ၊ သတ္တိ ရှိရင် လုပ် စမ်းပါ ” 

အမျိုးသမီး သည် အိမ်နောက်ဖေး ပေါက် မှာ ထိုင် နေရာ က ထသွားပြီး သူ့ ယောက်ျား ကို ခါး ထောက်ပြီး ရင်ဆိုင် ဟန် တူသည် ။ သူ့ ယောက်ျား ရဲ့ အရိုက် ကို ခံချင်နေပုံ ရသည် ။ အမျိုးသမီး သဘာဝ အရ လင် ရဲ့ အရိုက် ကို ခံ ရ မှ အားရပါးရ ငို လို့ ကောင်းတယ် ဆိုတာ ကို သိ နေပုံ ရသည် ။ လင် က မရိုက်ဘဲ ငို နေ တာ ဖီလင် မပါလို့ ပေါ့ပျက်ပျက် နဲ့ အသက်မဝင် ဖြစ်နေသည်  ။ လင် က ရိုက် ပြီးမှ ပြန် ချော့ တဲ့ ည မှာ ခံစားရတဲ့ အရသာ ကို လည်း သိနေပြီး ဖြစ်ဟန် တူသည် ။ တဆွေလုံး တစ်မျိုးလုံး ကို သိမ်းကျုံး အဆဲ ခံထားရလို့ ဒေါသ ထွက်နေတဲ့ လင် ရဲ့ အနား ကို အရိုက် ခံ ဖို့ ကပ် သွားတာ ဖြစ်မည် ။

အသံ ကုန် ဟစ်ပြီး အော် လိုက်သည့် အမျိုးသမီး ၏ အသံကြီး ကို ကြား လိုက်ရတော့သည် ။

“ ဟောဒီမှာ အရပ်ကတို့ ရေ … ကျွန်မ ကို သတ် နေပါ တယ် ၊ လာကြပါ ၊ ကူကြပါ ၊ ကယ်ကြပါ တော့ ဟော့ ... ဟော့ ”

ဘေးခန်းတွေ က အိပ်ပျော်နေသူ တွေ နိုး ကုန်ကြဟန် တူ သည် ။ ထ လာပြီး ဆွဲကြ ၊ လွဲကြ ဟန် တူသည် ။ ရန်ပွဲ အရှိန် အား ပျော့ သွားတာ ကြား လိုက်ရသည် ။ ရိုက်ချင် နေသူက ရိုက် လိုက်ရ သည့် အပြင် အရိုက် ခံ ချင်နေသူ ကလည်း အရိုက် ခံလိုက်ရ၍ ကျေနပ်သွားဟန် တူသည် ။ မကြာမီ အသံတွေ လုံးဝ တိတ်ဆိတ် သွား ပြီး အိမ် နောက်ဖေး တံခါး ပါ ပိတ် သွားလေတော့သည် ။ ဒီ ည မှာ အချော့ ခံ ရလျင် ပို၍ အဆင် ပြေ သွားမည် ဖြစ်သည် ။

ယနေ့သည် စနေနေ့ ဖြစ်၍ ကိုအဏ္ဏဝါ အတော်ကြာ အောင် စာ ဖတ် လိုက်သည် ။ မနက်ဖြန် သွားစရာ တွေ ရှိလို့ မော်တော်ကား ကို သန့်ရှင်းရေး လုပ်သည် ။ ဓာတ်ဆီ သွား ထုတ်သည် ။

တနင်္ဂနွေနေ့ နံနက် မှာ တော့ ကိုအဏ္ဏဝါ နှင့် ဇနီး မဖြူတုတ် တို့ မင်္ဂလာဆောင် တစ်ခု ကို သွားမလို့ ကား ပေါ် တက် နေ စဉ် မနေ့ က ရန် ဖြစ်သည့် လင်မယား သည် ဘုရား ကို သွားကြ ရန် ပျော်ပျော်ရွှင်ရွှင် ဖြင့် လမ်း ထဲ က ထွက် လာတာ တွေ့လိုက် ရသည် ။

◾အဏ္ဏဝါစိုးမိုး

📖 နှစ်လုံးအိမ်
      ၂၀၀၃ ခု  ၊စက်တင်ဘာလ
     
aung naing oo
8 Aug 2022
   
.

No comments:

Post a Comment