❝ မီးသင့် အသိုက် ❞
မီးကျွမ်းနေသော တံခါးကျည်းပေါင်မည်းမည်း မှာ တွန့်လိမ်နေ သည့် ပတ္တာများ တွယ်ကပ် နေသည် ။ အရင်က မြောက်ဘက်ပြတင်းပေါက် များ မှ ကြည့်လျှင် မြင်ရသည့် ဝင်းထရံများ ၊ နိမ့်မြင့် အိမ်ခေါင်မိုးများ နေရာတွင် မီးလောင်တိုင် ငုတ်တို ၊ မီးကျွမ်းအသား တိုးလိုးတွဲလွဲ ၊ မီးသင့် အုတ်နံရံ တို့ သာ အချိုးမကျ ၊ မလှမပ မြင်နေရသည် ။
တံခါးမဲ့ မီးသင့်ပြတင်းပေါက် သံတိုင်များ မှာတော့ မြက်ခြောက် ပင်လေးတွေ တင်ကျန်ရစ်သည် ။
တကျိကျိ အသံ ပေး ရင်း စာကလေး တစ်ကောင် သည် လျှာထိုး ကြမ်း အောက် ထုပ် ကြား မှ ဆင်းလာ၏ ။ သံတိုင် ပေါ် က မြက်ပင် ကို နှုတ်သီး နှင့် ကောက် သည် ။ ဖလပ် ... ဖလပ် အသံ ပေးကာ အားစိုက် ပျံပြီး ထုပ် နှင့် ကြမ်းကြား နေရာ လွတ် မှာ နားသည် ။ ချီ လာသော မြက်ခြောက်ပင် ကို ချသည် ။ ခေါင်းလေး ငဲ့ကာ ဟိုသည် ကြည့်သည် ။ နှုတ်သီး ကြား မှာ မြက်ပင်တထွေးကြီး နှင့် နောက်ထပ် စာကလေး တစ်ကောင် က ဝှီးခနဲ ရောက် လာပြန်၏ ။ မြက်ပင်တွေ ကို ထုပ် နှင့် ကြမ်းကြား နေရာ လွတ်လေး မှာ ချသည် ။ ပြီးတော့ နှစ်ကောင်သား ပြတင်းဝ က အပြင်ဘက် ပြန် ထွက် သွားကြသည် ။ အတားအဆီး မဲ့ မီးလောင်ပြင် အား ဖြတ်သန်းလာသော လေရိုင်း တစ်ချက် အဝေ့ မှာ ထုပ်ကြား က မြက်ပင်တစ်ထွေး အောက် သို့ ကျ လာသည် ။ သမံတလင်း ပေါ် မှာတော့ မြက်ခြောက်ပင်တွေ ၊ အဝတ်စ လေးတွေ ၊ အမှိုက်ဖတ်လေးတွေ ပွစာ တက်နေ၏ ။
••• ••• ••• •••
နွေနေ သည် ပြင်းပြင်းပူ၏ ။ လေပြင်းဝှေ့လေတိုင်း မီးလောင်ငုတ်တို များ မှ ပြာများ ဖွေးဖွေး လွင့်သည် ။ မီးလောင်ညှော် နံ့ များကား အခုတော့ အားလုံး ၏ နှာခေါင်း မှာ အသား ကျ နေလောက်ပြီ ။
တုန်လှုပ်ချောက်ချားဖွယ် မီးအန္တရာယ်ကြီး ကို ပွတ်ကာသီကာ လွတ်မြောက်ပြီး သော်လည်း စိုးရွံ့ ထိတ်လန့်မှု အရှိန်မှာ မသေသေးသော ကြောင့် အိမ် မှ ခွာပြီး ဟိုဟိုသည်သည် တောင် မသွားဝံ့ ။
မီးလောင်သော နေ့ က မိမိ မှာ ဧည့်သည် နှစ်ယောက် နှင့် အိမ် မှ နှစ်ပြခန့် ကွာသော လက်ဖက်ရည်ဆိုင် မှာ ရောက် နေသည် ။ ရုတ်တရက် ဆူညံသံ ၊ မီးလှန့်သံချောင်းသံ နှင့် အတူ မိုးယံ သို့ ထိုးတက်လာနေသော မီးခိုးလုံးကြီးများ ကို မြင်ရတော့ အိမ်ပြန် ပြေးကြသည် ။ အိမ် ကို လှမ်း မြင် နေရချိန်တွင် မီး က အိမ်နောက်ဖေး ရောက် နေပြီ ။ အသက်ရှစ်ဆယ် အရွယ် အမေ သည် အလည် ရောက် နေသော မြေးများ ၊ မြစ်များ ကို လက် ဆွဲကာ ပြေး ကြပြီ ။ အိမ်နား မူကြိုကျောင်း က သားငယ် မှာ မျက်လုံးလေး ကလယ် ကလယ် နှင့် လွယ်အိတ်လေး ကောက် လွယ်ပြီး မအေ့ ထဘီ ဆွဲကာ ဆု တောင်းရ ဘုရားတန်ဆောင်း ထဲ တရွတ်တိုက် ပါသွားပြီ ။
နောက်ဖေးပေါက် မှ မီးခိုးလုံးတွေ လှိမ့် ဝင်လာတော့ ယောက်ယက် ခတ်နေသော မိမိ ကို ကြည့်ကာ မိတ်ဆွေ က “ ဘာ သယ်မှာလဲ ၊ ဘာ သယ် မှာလဲ ” ဟု အော်သည် ။ မိမိ က အပေါ်ထပ် ပြေး တက်သည် ။ မီးညွန့်များ က နောက်ဖေး အိမ် ကို ဝါးမျို နေပြီ ။ အပေါ်ထပ် အိပ်ခန်း ရှိ ကင်မရာ ကို ထုတ်သည် ။ မှတ်ပုံတင် နှင့် အိမ်ထောင်စုဇယား ပါသော စာရွက်စာတမ်း အိတ် ကို ထုတ်သည် ။ မိမိ မှာ တစ်စုံတစ်ရာ ငွေကြေး အပို မရှိ ။ ရှိသမျှ ပိုက်ဆံ လည်း မနက် ကတည်း က ဝတ်လက်စ အင်္ကျီအိတ် မှာ ထည့် ထားသည် ။ အိမ်အောက် အပြေးအလွှား ဆင်းလာတော့ သူငယ်ချင်းတွေ ၊ ဆွေမျိုးသားချင်းတွေ ၊ မိတ်ဆွေတွေ တစ်စုကြီး အပြေးအလွှား ရောက် နေသည် ။
“ သယ် .. သယ် ၊ မြင်သမျှ သယ် ” ဟု အော်ပြီး ရှိရှိသမျှ ပစ္စည်းတွေ ဆွဲ ထုတ်ကြသည် ။ အိမ် မှာ ကြီးကြီးမားမား ၊ များများစားစား ပစ္စည်း ဆို ၍ စာအုပ်သေတ္တာ ၊ စာအုပ်ဗီရိုများ သာ ရှိသည် ။ အားလုံး မှာ မတိုင်ပင် ရဘဲ စာအုပ်ဗီရိုကြီးများ ကို မ,ထုတ် ကြသည် ။ အတွေ့အကြုံ ရှိသူ တစ်ဦး သတိပေး မှ လျှပ်စစ်မီတာ ကို ဖြုတ်သူ က ဖြုတ်သည် ။
“ ဝုန်းခနဲ ပေါက်ကွဲသံကြီးများ ဆက်တိုက် ... ဆက်တိုက် ကြား ရချိန်မှာ အိမ် ထဲ က လူ အားလုံး အပြင် ထွက် ပြေးကြရသည် ။ တော်တော် နှင့် ပြန် မဝင်ရဲကြ ။ မိမိ မှာ လမ်းတစ်ဖက် ပလက်ဖောင်း ပေါ် မှာ ပုံထား သော စာအုပ်ပုံကြီး နား ရပ်ပြီး စိတ် တည်ငြိမ်မှု ရအောင် ထိန်း နေရသည် ။
“ အပေါ်ထပ် မှာ ဘာ ကျန်သေးလဲ ၊ ဘာ ကျန်သေးလဲ ” ဟု မိတ်ဆွေ များ အမေး ကို “ ဘာမှ မကျန်ဘူး ၊ တော်ပြီ တော်ပြီ ” ဟု အော်နေမိ၏ ။
မျက်နှာစိမ်း လူ တချို့ ရောက် လာပြန်ပြီး ....
“ ဒီ အိမ် က အဖိုးတန်ပစ္စည်းတွေ တော့ မသယ်ဘဲ ဘာမှ အသုံးမကျ တဲ့ စာအုပ်တွေ ပဲ သယ် ထားရသလား ။ ဖယ်ကြ ... ဖယ်ကြ ။ ဘာကျန် လဲ ။ ဝင်သယ်မယ် ၊ ဝင်သယ်မယ် ” ဟု အော်ဟစ်သည် ။ မိမိ နှင့် အပေါင်း အသင်းများ က အားလုံး သယ်ပြီး ပြီ မကျန်ဘူး ၊ မကျန်ဘူး ဟု ပြန် အော် ကာ အိမ် ထဲ ပြန် ဝင် ကြရသည် ။
မီး သည် မြောက်ဘက်အိမ် ၏ ခေါင်မိုး ကို တဝုန်းဝုန်း စွဲ နေ၏ ။ နောက်ဖေး အိမ် က ပြာ ကျသွားပြီ ။ ရေ .. ရေ .. ။
ရေ ဘယ်မှာလဲ ။ သုံးမတ်ပိုက်လုံးလေး က ထွက် လာသော ရေ လေး က မီးညွန့်များ ကြားဝယ် ဆံခြည်မျှင်တစ်စ လို အငွေ့ပျံ ပျောက်ကွယ် သွားသည် ။ မီးရှိန် က ဟပ်သည် ။ မြောက်ဘက် လျှပ်စစ်ရုံးဝင်း ဆီ က မီးသတ်ကား ဥသြသံတွေ ဆူညံ နေသည် ။
တဝုန်းဝုန်း ဝါးမျိုလောင်ကျွမ်း လာ သော မီးတောက်များ ကြောင့် လူတွေ နောက် ဆုတ်ကြရသည် ။ ဆုတ် ... ဆုတ် ... ဆုတ် ။
မြောက်ဘက် ဝင်းထရံ လောင်၏ ။ အိမ် ၏ မြောက်ဘက်တံခါးတွေ မီး စွဲပြီ ။ အနောက်မြောက် ထောင့် ခေါင်မိုး က မီးညွန့် တစ်ခု တလူလူ တက် လာသည် ။ ရေ ... ရေ ... ရေ ..... ။ ဘယ်မှာလဲ ။
ရှိသမျှ လူအားနှင့် ရသမျှ အိုးခွက်များ ကို ကိုင်ကာ ပက်သမျှ ရေမှာ သည် မီးရှိန်ကြီး တွင် လေထဲ မှာ ပင် အငွေ့ ဖြစ် ကုန်ကြပြီ ။ အား .. ပူလိုက် တာ ။ ဆုတ် ... ဆုတ် ... ။
မီးသည် မြောက်ဘက်တံခါးများ ကို စိမ်ပြေနပြေ ဝါးမျိုသွားလေ ပြီတကား ။
••• ••• ••• •••
မီးသင့်ပြတင်းပေါက်များ မှ လှမ်း ကြည့်လိုက်တော့ အရင်က စာ ကလေးတွေ အသိုက်ဖွဲ့ နေခဲ့ကြသည့် အိမ်ခေါင်မိုးများ လည်း မရှိတော့ ။ လမ်းမဘေး က ဗာဒံပင်များလည်း မရှိတော့ ။ စာကလေးတွေ ခိုကိုးရာမဲ့ ဖြစ် နေကြပြီ ။ သည်တော့ မိမိ အိမ် အောက်ထပ် ကြမ်းခင်း နှင့် ထုပ်ကြား က လက်သုံးလုံး သာသာ နေရာလွတ်ကလေး မှာ အသိုက် လုပ်ဖို့ ကြိုးစား နေတာ သုံးလေးရက် မက ရှိပြီ ။ အခုထိတော့ အသိုက် လုပ်လို့ မအောင် မြင်သေး ။ သည် လက်သုံးလုံးလောက် နေရာလွတ်ကလေး မှာ မြက်ခြောက်ပင်လေးတွေ ၊ အဝတ်စတွေ ၊ အမှိုက်စလေးတွေ က နေရာ မကျသေး ။ လေ အတိုက် မှာ မကြာမကြာ ပြုတ်ကျသည် ။
သို့သော် စာကလေးတွေ က စိတ် မပျက် အား မလျှော့ ဘဲ တစ်နေ ကုန် အသိုက် ပြန် ဆောက်ကြ၏ ။ မိမိ မှာ တော့ အိမ် က မခွာဖြစ်သေးတာ မို့ ပက်လက်ကုလားထိုင် မှာ တစ်နေကုန် ထိုင် ရင်း စာကလေးတွေ ၏ ဇွဲ ကို ကသိုဏ်း ရှုနေမိသည် ။
အောက် က သမံတလင်း မှာ သူတို့ အသိုက် က ပြုတ် ကျသော အမှိုက်တွေ လူမြင် မကောင်းအောင် ရှုပ်ပွ နေပြီ ။ သို့သော် မိမိ မှာ စာကလေး တွေ ကို မခြောက်လှန့် ရက် ။ ရှုပ်လွန်းမက ရှုပ် မှသာ တံမြက်စည်း နှင့် ထ ရှင်းသည် ။ ပြီးတော့ စာကလေးတွေ ၏ အသိုက် ဆောက်ဖို့ ပစ္စည်းသယ် လူးလာခေါက်တုံ့ ခရီး ကို ရင်တမမ ငေး ရတော့သည် ။ တစ်နေကုန် ဆိုပါ တော့ ။ သည်လို နဲ့ နောက် တစ်နေ့ ၊ နောက် တစ်နေ့ .... ။
••• ••• ••• •••
နောက်တစ်နေ့ ....
ဘုရား ... ဘုရား ၊ နောက်တစ်နေ့ မှာ သူတို့ လာကြတော့ မှာပါ ကလား ။ တကယ်တော့ သည် အိမ် ကို သူတို့ ရောင်းချင်နေတာ ကြာ ပြီ ။ ဦးလေး နှင့် အဒေါ် မျက်နှာ ကြောင့် ယခု လောက် ထိ မိမိတို့ ကို ထား ခဲ့ခြင်း ဖြစ်သည် ။ စပေါ်ငွေ တစ်ပြား တစ်ချပ် မှ မရဘဲ ဘာ မဟုတ်သည့် လခငွေ လေး မဖြစ်စလောက် နှင့် နှစ်ရှည်လများ မိမိတို့ ကို အငှား နေစေခဲ့သည် မဟုတ်ပါလား ။ လွန်ခဲ့သည့် နှစ်နှစ်လောက် က ပွဲစား တစ်ယောက် ၏ လာရောက် ဈေးဖြတ်မှု အပေါ် အံ့အားတသင့် ဝမ်းပါး ခဲ့ကြသည် ။ ပွဲစား ၏ များပြားလှသည့် သိန်းဆယ်ဂဏန်း အရေအတွက် မှာလည်း ဝမ်းပါးချင် စရာ ကောင်း လှသည် ။
“ ဘာပဲ ပြောပြော ၊ ငါတို့ တစ်သက် ရှာ တောင် ဒီလောက် ငွေ ပိုလျှံဖို့ ဆိုတာ မလွယ်ဘူး မဟုတ်လား ။ ဒါပေမဲ့ ငါ မရိုင်းပါဘူးကွာ ။ ငါ အလုပ် လုပ်ဖြစ်တောင် မင်းတို့ နေရေးထိုင်ရေး ထည့် တွက်ပါ့မယ် ” ဟု မိမိ ကို နှစ်သိမ့်ခဲ့သည် ။ ဟုတ်လည်း ဟုတ်သည် ။ မြင်းခြံ လို မြို့တစ်မြို့က ဆေးရိုးကုန်သည် တစ်ဦး အဖို့ ၊ သမ္မာအာဇီဝ ရှာဖွေခဲ့ကြရသည့် ဓန အင်အား သည် မန္တလေး ၏ အပြောင်းအလဲ မှ ထွက်ပေါ်လာသည့် မြေ နှင့် အဆောက်အဦ တန်ဖိုး ကိန်းဂဏန်းများ ကို အံ့အားသင့် စရာ ဖြစ် သင့် သည် ။
ဒါပေမဲ့ ရိုးသားသော ၊ အေးဆေးသော မိရိုးဖလာ ကုန်သည်များ ပီပီ ၊ လက်ဝယ်ပစ္စည်း ကို အလွယ်တကူ ထုခွဲဖို့ တွန့်ဆုတ်ခဲ့ကြသော ကြောင့် မိမိတို့ လည်း တည်တည်ငြိမ်ငြိမ် ဖြစ်ခဲ့ကြရ သည် မဟုတ်ပါ လား ။
အခုတော့ မီးဘေး လွတ်ပေမင့် ၊ မြောက်ဘက် တစ်ခြမ်း နီးပါး ပြန် လည် ပြင်ဆင် ရမည် ။ ဝင်းထရံတွေ ကာ ရမည် ။ လက်ရှိ ပေါက်ဈေး နှင့် တွက်ချက်ကြည့်လျှင်ပင် ကုန်ကျစရိတ် က ကနဦး ဝယ်ခဲ့သည့် မြေ နှင့် အိမ် တန်ဖိုးလောက် ရှိနေပြီ ။ သည်တော့ စဉ်းစား ကြရမှာပေါ့ ။ ဆုံးဖြတ် ကြရမှာပေါ့ ။
တလောက သည် နေရာ ကို ဈေး ဖြတ်ဖူးသည့် ပွဲစား လည်း မြင်းခြံ လိုက်သွားသည် ဆိုတော့ တစ်စုံတစ်ရာ အဖြေ ရတော့မှာ ပေါ့ ။ ထို အဖြေ သည် မည်သို့ပင် ဖြစ်စေ မိမိတို့ ကံ မကောင်းတော့ မှာ သေချာသည် ။
မီး လန့်ခဲ့ဖူးသော အရှိန် ကြောင့် လည်းကောင်း ၊ လှုပ်ရှားရင်ခုန်နေ သော သောကကြောင့် လည်းကောင်း ထို ညက ကောင်းကောင်း အိပ်မပျော်ဘဲ နောက် တစ်နေ့ မိုး လင်းခဲ့ရတော့သည် ။
••• ••• ••• •••
နေသား မကျသေးသော စာအုပ်ဗီရိုများ ၊ စားပွဲများ ၊ ခုတင်များ က အစ ... အိုးခွက်ပန်းကန်များ ပါ နေရာတကျ ပြန်လည် စီစဉ်ထားဖို့ စိတ်တောင် မကူးဝံ့သေး ။ လွတ်သည့် နေရာမှာ ထိုင် ၊ လွတ်သည့်နေရာမှာ အိပ် ၊ လွတ်သည့်နေရာမှာ စား နှင့် အားလုံးမှာ လေးကန် ဖင့်နွှဲနေသည် ။ ဇနီးသည် က ...
' ကဲ ... ဧည့်သည်တွေ လာရင် လူမြင် ကောင်းအောင် နည်းနည်း ရွှေ့ဦးမှ ' ဟု ဆိုကာ တချို့ပစ္စည်းတွေ အိပ်ခန်း ထဲ သွင်းသည် ။ သေတ္တာ တွေ ဆင့် သည် ။ ခုတင်တွေ ကပ် သည် ။ ခုံတွေ စီ သည် ။ စာအုပ်တွေ ရှင်းသည် ။ အခုတော့ ကြည့်ပျော်ရှုပျော် ဖြစ်သွားသည် ။ ဒါပေမဲ့ ဧည့်သည် တွေ ထိုင်မည့် ဆက်တီ နား က သမံတလင်း ပေါ် မှာ မြက်ခြောက်တွေ ၊ အမှိုက်စတွေ ၊ အဝတ်စလေးတွေ မြင်မကောင်း ဖြစ်နေတာ မမြင်ချင်ယောင် ဆောင်ပြီး ဘယ်သူ မှ မရှင်းလင်းကြ ။ စာကလေးတွေ တကျိကျိ အသံပေး ၊ တငြီးငြီး ပျံသန်းကာ မြက်ပင်တွေ တစ်ထွေး ပြီး တစ်ထွေး သယ်ပြီး ကြမ်း နှင့် ထုပ်တန်းကြား သွင်း သည် ။ တစ်ထွေးပြီး တစ်ထွေး အောက် ပြုတ် ကျသည် ။ ထပ် သယ် ကြသည် ။ ထပ် ဆောက်ကြသည် ။
မိမိ က နာရီ လှမ်း ကြည့်သည် ။ မြင်းခြံ က မနက် အစော ထွက် လာ ရင် ဒီ အချိန် ရောက်နိုင်ပြီ ဟူသော အသိ ကြောင့် ဒိန်းခနဲ ရင် ခုန်လာသည် ။ နာရီ လှမ်း ကြည့်လိုက်သော မိမိ မျက်နှာ ကို ဇနီးသည် က သဘောပေါက် ဟန် တူ၏ ။ တံမြက်စည်းရှည် ကို လှမ်း ယူသည် ။ ထုပ်ကြား က အသိုက် ဆီ ရွှေ့ သည် ။ မိမိ က သူ့ လက် လှမ်း ဆွဲလိုက်သည် ။ စာကလေးတွေ အသိုက် ထဲ က လန့် ပျံပြေးသည် ။
အိမ်ရှေ့ မှာ ကား တစ်စီး ရပ်သံ ကြား ရသည် ။ မိမိ က အိမ် ရှေ့ လှမ်း ကြည့်ပြီးတော့ “ ဟော ... ” ဟု အလန့်တကြား အသံ ထွက် သွားသည် ။
ဇနီးသည် က ကြမ်း နှင့် ထုပ် က အသိုက်များ ကို တံမြက်စည်း နှင့် ထိုး ချလိုက်သည် ။ မြက်ပင်တွေ ချီ လာသော စာကလေး တွေ လန့် ပျံ ပြေးသည် ။ အသိုက်တွေ တစ်ထွေးကြီး ကျ လာ၏ ။
ကားတံခါးတွေ ပိတ်သံ ကြား ရသည် ။
ပြုတ် ကျလာသော အသိုက် ထဲ က စာဥကလေး တစ်လုံး သမံတလင်း မှာ ကွဲ သွားသည် ။
◾ဆူးငှက်
📖 မြားနတ်မောင်မဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၄ ။
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment