Tuesday, August 16, 2022

ဆရာလေး ကိုအောင်ကျော်


 

❝ ဆရာလေး ကိုအောင်ကျော် ❞

ဆရာလေး ကိုအောင်ကျော် ကျုပ်တို့ ရွာ မူ လတန်း ကျောင်းလေး ကို ကျောင်းအုပ် အဖြစ် ရောက် လာတာ ကျုပ် ကတော့ အရမ်း ဝမ်းသာ တာပဲ ဗျာ ။ ကျုပ် တင် မဟုတ်ပါဘူး တစ်ရွာလုံး က ဝမ်းသာ ကြတာပါ ။ ဆရာတော် ဘုရား ရော ၊ ရပ်ရွာ လူကြီး တွေ ရော ၊ ကျောင်းသား မိဘတွေ ရောပေါ့ ။

ဆရာလေး က အသက်ငယ်ငယ်ပဲ ရှိ ဦးမယ် ။ ကျုပ် အထင် ပြော ရရင် အလွန်ဆုံး ရှိလှ ၂၇ ၊ ၂၈ ပေါ့ ။ ဘွဲ့ရ ပညာတတ် လူရည်သန့်လေးဗျာ ။ စကား ပြော လည်း အလွန်ရည်မွန် ညက်ညော တာ ကလား ။ ဘယ်အချိန် ကြည့်ကြည့် ပြုံးပြုံး ပြုံးပြုံးနဲ့ ။ လူ ငယ်ပေမယ့် အသောက်အစား လည်း မရှိဘူး ။ ကွမ်း ဆေးလိပ်တောင် ရှောင် တယ်ဗျာ ။ အံ့ရော ။

ကျုပ် လား ကျုပ် ကတော့ ဒီ ကျောင်း ရဲ့ ကျောင်းစောင့် ဆိုလည်း ဟုတ်ရဲ့ ၊ ဆရာလေး ရဲ့ ထမင်းချက် ဆိုလည်း မှန် ရဲ့ ၊ ဒီ ကျောင်းလေး ကို စောင့် ရင်း ရောက် လာသမျှ ကျောင်းအုပ် ဆရာကြီး တွေ ရဲ့ ဝေယျာဝစ္စတွေ ကို ဒိုင်ခံ လုပ် ပေးခဲ့တာ ခုမှ မဟုတ်ပါဘူး ။ ရွာကျောင်းလေး စ ဖွင့် ကတည်း က ဆိုပါတော့ ။ ဒီ ကျောင်း ကို ဖွင့် ပြီး မကြာခင် မှာ ပဲ ကျောင်းအုပ်ဆရာကြီး နေ ဖို့ ဆိုပြီး ဒီ အိမ်လေး ကို လည်း ရပ်ရွာ က စုပြီး ဆောက် ပေးခဲ့တာပါ ။

ပထမဦးဆုံး ကျောင်းအုပ် က ဆရာမ ဒေါ် သန်းလှ အပျိုကြီး ၊ ခရမ်း မြို့ပေါ် ကနေ ကျောင်း လာ လာ တက်ရတာ ။ မိုးတွင်း ဆိုရင် ပဲ့ ထောင် နဲ့  ။ နွေ ဘက် ဆိုရင် ကိုယ်တိုင် စက်ဘီး လေး နင်း ပြီးလာတယ် ။ ဆရာမ အား နာတာနဲ့ ပဲ ကျောင်းစည်းရိုး နဲ့ ကပ်လျက် ဒီ အိမ်လေး ကို ဆောက် ပေးခဲ့တာ ရပ်ရွာ ရဲ့ စေတနာပေါ့ ။ ဆရာမ မပျော် မှာ လည်း စိုး ရသေးတယ် မဟုတ်လား ။ အဲဒီတုန်းက ဆရာမ ဒေါ်သန်းလှ ကို အဖော် လုပ်ဖို့ ရွာခံ ဆရာမ မခင်မေ နဲ့ ဆရာမ မနှင်းရွှေ တို့ လည်း ဒီ အိမ် မှာ ပဲ နေ ခဲ့ကြ တယ် ။

ဆရာမ ဒေါ်သန်းလှ ရာထူး တက်ပြီး မြို့ကို ပြောင်း သွားတော့ ဆရာဦးမောင်ကို ရောက် လာ တယ် ။ ဆရာ ဦးမောင်ကို က အိမ်ထောင် ရှိ ပေမဲ့ မိသားစု ကို ခေါ် မလာဘူး ။ မြို့ပေါ် မှာ ပဲ ထားတယ် ။ တစ်ပတ် တစ်ခါ အိမ် ပြန်တယ် ။ ဆရာကတော် က ခရမ်းဈေး ထဲ မှာ အထည် ရောင်းတယ် ဆိုလားပဲ ။ ဆရာ ဦးမောင်ကို ရွာ မှာ နေတဲ့ အချိန် ဆိုရင် ကျုပ်တို့ လင်မယား က ပဲ ဆရာ့ ကို ချက်ပြုတ် ကျွေးခဲ့ ရတာပေါ့ ဗျာ ။ အဲဒီ တုန်း က ကျုပ် အဘွားကြီး မဆုံးသေးဘူး ရှိ သေးတယ်ဗျ ။

ဆရာဦးမောင် ကို ပြီးတော့ ဆရာမ ခင်ခင်အုန်း ။ ဆရာမ ခင်ခင်အုန်း ပြီးတော့ ဆရာ ဦးစိန်လွင် ။ အခုနောက်ဆုံး ဆရာလေး ကိုအောင်ကျော် ရောက် လာတာပေါ့ ။

ဒီတော့ ဒီ ကျောင်းလေး ကို အုပ်ချုပ်သွားတဲ့ ကျောင်းအုပ်ဆရာကြီး ၊ ဆရာမကြီးတွေ ရဲ့ အကြောင်း ကို ကျုပ် က အူမချေးခါး ပါ မကျန် အကုန် သိတာပေါ့ ။ ဆရာတိုင်း မှာ ကောင်း တာ ရှိသလို ဆိုး တာ လည်း ရှိတာပဲ ။ တော် တာ ရှိသ လို မတော် တာ လည်း ရှိတာပဲဗျ ။

သည့် ပြင် ဆရာ တွေ ဆိုးတာ ၊ ကောင်းတာ တွေတော့ ကျုပ် သိပ် မပြောချင်ပါဘူး ။ အခု နောက်ဆုံး ရောက် လာတဲ့ ဆရာလေး ကိုအောင်ကျော် အကြောင်း တော့ နည်းနည်း ပြော ပြ ချင်တယ် ။

ဆရာလေး က ထူးထူး ခြားခြားလေး ဗျ ။ စိတ်နှလုံး ကတော့ အလွန် ကောင်းတဲ့ သူ ။ သူ ကျောင်း ရောက်တဲ့ နေ့ မှာ ပဲ သူ့ ကျောင်း က ဆ ရာ ၊ ဆရာမတွေ ကို ဘယ်လို အမိန့် ထုတ်တယ် ထင်လဲ ။ ကျောင်းသားတွေ ကို လုံးဝ မရိုက်ရ ဘူး တဲ့ ။ ကလေးတွေ ကို တုတ် နဲ့ ရိုက်ပြီး မဆုံး မရဘူး တဲ့  ။ အပြစ် ရှိလို့ အပြစ်ပေးချင်ရင် တခြားနည်း နဲ့ ပေး ။ ထိုင် ထ လုပ်ခိုင်း ၊ ခုံပေါ် တက် မတ်တတ် ရပ်ခိုင်း ၊ ဒါပဲ လုပ် ရမယ် တဲ့ ။ ရိုက်တာ နှက်တာ ဟာ လူယဉ်ကျေးတွေ ရဲ့ အလေ့အထ မဟုတ်ဘူး တဲ့ ။ ကျုပ် ဆရာလေး ကိုအောင်ကျော် ကို အရမ်း လေးစား သွားတယ် ။

ဆရာဦးမောင်ကို လက်ထက်တုန်း က ဆို ဘယ် ... ၊ အရိုက် ကြမ်းချက် က ကမ်းကုန်တယ် ။
ကျောင်းသားတွေ ကို စာ တတ်စေချင် တာတော့ မှန်ပါ ရဲ့ ၊ ဒါပေမဲ့ စာ မရရင်တော့ ကျွဲရိုက်နွားရို က် ရိုက်တာ ။ အဲဒီလို အရိုက် ခံရမှာ စိုးလို့ ကျောင်း ထွက် ကုန်တဲ့ ကျောင်းသားတွေ နည်း မှ မနည်းပဲ ။ ကျုပ် တူမ မိရွက် ရဲ့ သား ဖိုး ထောင် တောင် ပါရဲ့ ။ ကျုပ် က ကလေး ကို ကျောင်း ပြန် နေဖို့ ပြော တာ မရဘူး ။ အမေ လုပ်တဲ့ သူ ကိုယ်တိုင် က “ စာ မတတ်ချင် လည်း နေပါစေ အဘညို ရယ် တဲ့  ... ကိုယ် မွေးထားတဲ့ ကလေး အညို အမည်း စွဲ တဲ့ အထိ ရိုက် တာက တော့ ကျုပ် လည်း မခံချင်ဘူး ”

လို့ တောင် ပြန် ပြောခဲ့ သေးတာ ။ ဆရာ ဦးမောင်ကို က အဲ ဒီလောက် အထိ အရိုက် ကြမ်းတာ ။

ဆရာလေး ကိုအောင်ကျော် ကတော့ အဲဒီ လို မဟုတ်ဘူး  ။ တုတ်  တောင် ယောင် လို့ မ ကိုင်ဘူး ။ ဆုံးမစရာ ရှိရင် ကလေးတွေ သဘော ပေါက် တဲ့ အထိ အကျိုးအကြောင်း နဲ့ အချက် နဲ့ အလက် နဲ့ ဆုံးမတယ် ။ စာ သင်ရင်လည်း အလွန် စိတ်ရှည်တယ် ။ ကလေးတွေ ရဲ့ ဘဝ ကို လည်း နားလည်ပြီး ညှာ  လည်း ညှာ တယ် ။ ဒါကြောင့် လည်း တစ်ကျောင်းလုံး က သူ့ ကို ချစ်ကြတာပေါ့ ။

ဆရာလေး က တခြား ဆရာတွေ နဲ့ လည်း အ နေအထိုင် ကွာ သေးသဗျ ။ တစ်နေကုန် ကျောင်း မှာ စာ သင်ပြီးလို့ အိမ် ပြန်ရောက်ရင် သူများ တွေ လို နား တာ မဟုတ်ဘူး  ။ တိုက်ပုံလေး နဲ့ ကျောင်းပုဆိုး ၊ ကျောင်းအင်္ကျီလေး ချွတ် ပြီးရင် တံမြက်စည်း ကောက် ကိုင်တော့ တာပဲ ။ ပြီးရင် အိမ်ပေါ် အိမ်အောက် လှည်းကျင်း တော့တာပဲ ဗျာ ။ ဒီမှာ တင် ကျုပ် အကဲ ခတ်မိတယ် ။ တော်တော်တော့ အသန့်အ ပြန့် ကြိုက်တဲ့ လူ လို့  ။ 

သူ အသန့် ကြိုက်မှန်း သိလို့ ကျုပ် လည်း အိမ် ကို သတိထားတော့ လှည်းကျင်း ရှင်းလင်း တာပဲ ။ ဒါပေမဲ့ တော မဟုတ်လား ။ ဖုန် က အခု လှည်း အခု တက် ဆိုတော့ သူ ကျောင်း က ပြန် ရောက်တဲ့ အချိန်မှာ အိမ် ပေါ်မှာ သဲ တရှပ်ရှပ် ဖြစ် နေတာပေါ့ ။ အဲဒါကြောင့် သူ ထ ထ လှည်း ရ တာ ။

အဲ ... အိမ်ပေါ် လှည်း ပြီးရင် အိမ် အောက်ဗျ ။ တံမြက်စည်း ကြမ်း နဲ့ အိမ်ရှေ့ တလင်းလေး ကို လှည်းတာ များ ပြောင် နေတာပဲ ။ သစ်ရွက် တစ် ရွက်တောင် မကျန်ဘူး ။ တလင်း ဟိုဘက်က ကင်းတဲ ဟောင်းလေး ကို လည်း ပုဆိုးဟောင်း တစ်ထည် နဲ့ တဖုန်းဖုန်း ရိုက်ပြီး ဖုန် ခါပေးသေး တယ် ။ ထိုင်ချင်တဲ့ သူတွေ သန့်သန့်ပြန့်ပြန့် ထိုင်လို့ ရအောင်တဲ့  ။

အဲဒီ ကင်းတဲလေး ကို လည်း သူပဲ ပြုပြင် ထားတာပဲ ။ စောစော က တော့ ဝါးအခင်းတွေ က ဆွေး တာ ဆွေး ၊ ကျိုး တာ ကျိုး ၊ ပေါက် တာ ပေါက် နဲ့ ဝါးတိုင်တွေ ကလည်း နဲ့ တာ နဲ့ ရွဲ့ တာ ရွဲ့ နဲ့ ပေါ့ ။ မသုံးဘဲ ပစ်ထားတာ ကြာပြီ မဟုတ်လား ။ အဲဒါလေး ကို ဝါးအတိုအစတွေ နဲ့ သူ ကိုယ်တိုင် ပိုး တာ ပိုး ထောက် တာ ထောက် နဲ့ ခိုင်ခံ့အောင် ပြန်လုပ်ထား လို့ အခု လမ်းသွား လမ်းလာတွေ တစ်ထောက်နား စရာ နေရာ လေး တောင် ဖြစ်နေပြီ ။

အိမ်ရှေ့ပိုင်း လှည်းကျင်း ရှင်းလင်း ပြီးရင် အိမ် မြောက်ဘက် က မြေ ကွက်လပ်လေး မှာ ကျုပ် စိုက် ထားတဲ့ ချဉ်ပေါင်ခင်းလေး ၊ ငရုတ်ပင်တန်းလေး ကို ရေလောင်း ပေါင်းသင် ပေး သေးတယ် ။

ပြီးပြီ ဆိုမှ သူ့ အဝတ်ဟောင်းလေး ပြန် တက် ယူပြီး အဝတ်လျှော် ရေချိုး တယ် ဗျာ ။ သူ့ အဝတ်လျှော် တာလည်း ဖြူ လို့ ပဲ ။ ရေ ချိုးတာ တော့ ကြာ တယ် ။ တော်သေးတယ် ကျုပ်တို့ အ ရပ် က ရေ ပေါလို့  ။ တစ်ရွာလုံး သုံး တာ ကတော့ ကန်ရေ ပဲ ။ ကျောင်းအုပ်ကြီး အိမ် ဆို တော့ ကျောင်းသားကြီး နှစ်ယောက် က ရေ ထမ်း ထမ်းပြီး အမြဲ ဖြည့် ပေးထားတာ အခုမှ မဟုတ်ပါဘူး ။ ဟို ... အရင့်အရင် ကျောင်းအုပ် တွေ လက်ထက် ကတည်း က ။

ဆရာလေး ရေချိုး အဝတ်အစားလဲပြီး လောက်ပြီ ဆို မှ ကျုပ် က ထမင်းပွဲ ပြင်ပေး တယ် ။ ထမင်း စားတော့လည်း ကျွေးတာ စား တာပါပဲ ။ ကြေးကြလည်း မများ ရှာပါဘူး ။ အဲ ... တစ်ခုတော့ ရှိတာပေါ့ ။ ရွာထဲက ဟိုအိမ် ဒီ အိမ် ၊ ကျောင်းသား မိဘ အိမ် အထူးသဖြင့် သမီးပျို ရှိတဲ့ အိမ်တွေ က ပို့တဲ့ တစ်ခွက်ကောင်း သားဟင်း ငါးဟင်းတွေ ကလည်း မပြတ်တော့ ဆရာလေး စားရ သောက်ရတာ သိပ် ချို့ချို့ငဲ့ငဲ့ တော့ မရှိပါဘူး ။

ထမင်း စား ပြီးတာနဲ့ ဆရာလေး က ဓာတ်ခဲ ရေဒီယိုလေး ဖွင့်ပြီး အမြဲ နားထောင်တယ် တစ် နာရီလောက် ။ ပြီးရင် ထန်းပလပ် ပက်လက် ကုလားထိုင် မှာ ထိုင်ပြီး စာအုပ် တစ်အုပ် ကို သဲကြီးမဲကြီး ဖတ် လိုက်တာ ညသန်းခေါင်သန်း လွဲ အထိပါပဲဗျာ ။

ဆရာလေး ရွာ ရောက်ခါ စ က အဝတ်အိတ် တစ်အိတ် နဲ့ တို့ တို့ တိတိလေး ထည့် ထားတဲ့ လက်ဆွဲ ခြင်းလေး အပြင် နောက်ထပ် ပါလာတဲ့ ပလတ်စတစ်ကြိုး နဲ့ ထုပ်ထားတဲ့ ဂျပ်စက္ကူဖာ ထဲ ဘာတွေ ပါသလဲ အောက်မေ့တာ လက်စသတ်တော့ စာအုပ်တွေ ဗျို့ ။ စာအုပ်များ တော့ ဆရာလေး က အဲဒီလောက် မက်စက်တာ ။

အဲဒါ သူ စာဖတ် တဲ့ နေ့ ။ အဲ ... စာ မဖတ်တဲ့ နေ့ ကျတော့ ဘာလုပ်တယ် ထင်လဲ ။ ထမင်းစား ခုံလေး ချပြီး စာတွေ တကုပ်ကုပ် ရေး တော့ တာလေ ။ ကျုပ် တစ်ရေး ရလို့ ထ ကြည့် လည်း မပြီးသေး ။ နှစ်ရေး ရလို့ ထ ကြည့်လည်း မပြီးသေး ။ တစ်ခါတလေများ ညလုံးပေါက်ဗျား ။

နောက်ပိုင်း မှ သိ ရတာက ကျုပ် တို့ ဆရာ လေးက စာရေးဆရာ တဲ့ ဗျ ။ ဆရာလေး ရေးတဲ့ ဝတ္ထုတွေ ၊ ကဗျာတွေ က မဂ္ဂဇင်း စာအုပ်တွေ ထဲ မှာ မကြာမကြာ ပါ နေတာတဲ့ ။ ဆရာလေး တစ်လ တစ်ခါ ရန်ကုန် တက်တက် သွားတာ အဲ ဒီကိစ္စတွေ အတွက် တဲ့ ။

ဪ  ... ဒါကြောင့် ကိုး ။ ကျုပ် က ဆရာ လေး ပျင်း မှာ စိုးလို့ တစ်ခါတလေ ရွာလယ်ဘက် လျှောက်ပြီး ဗီဒီယိုလေး ဘာလေး သွား ကြ ည့်ပါလားလို့ ပြော ရင် အမြဲ ခေါင်း ခါတာ ။

ဟုတ်တာပေါ့ ။ စာရေးဆရာ ဆိုတာ နားအေး ပါးအေးလေး နေပြီး ရေးစရာလေးတွေ ကို တွေးတော စဉ်းစား နေချင်တာ မဟုတ်လား ။

ဒါကြောင့် ပြော တာ ကျုပ်တို့ ဆရာလေး က တစ်ဘာသာ ပါ လို့ သူများ နဲ့ မတူပါဘူး လို့  ။

    •••••   •••••   •••••   •••••

ဆရာလေး ကျုပ်တို့ ရွာ မှာ နေပြီး အေး အေးဆေးဆေး စာ သင်လိုက် ၊ စာ ရေးလိုက် ၊ စာ ဖတ်လိုက် နဲ့ ပျော်နေတာ မြင်တော့ ကျုပ်တို့ အားလုံး ဝမ်းသာ နေကြတယ် ။ 

ဒါပေမဲ့ဗျာ တစ်ညနေ မှာ တော့ ဂြိုဟ်ဆိုး က ဝင်လာတယ် ။ ဘယ်သူ ရမလဲ ။ ဟိုကောင် သာဗျော ပေါ့ ။ မရူးမကောင်း ပုဂ္ဂိုလ် ။

ဆရာလေး အိမ်ရှေ့ တည့်တည့် က ကင်းတဲ မှာ မှ ကျကျနန လာ ထိုင်တဲ့ ပြီး နှဲ တဂေါ်ဂေါ် လာ မှုတ် နေတာ တစ်ညလုံး ပါပဲဗျာ ။ သီချင်း  ဖြစ်အောင်လည်း မှုတ် တတ်တာ မဟုတ်တော့ သူ့ ရဲ့ နှဲသံ တဂေါ်ဂေါ် တဂွီဂွီ   ဟာ အတော် နား ဝင် ဆိုးသကိုး ။

ဆရာလေး ကတော့ ဘာမှ မပြောပါဘူး ။ ဒါပေမဲ့ မျက်နှာတော့ နည်းနည်း ပျက် သွားတယ်  ။ ဟုတ်တယ်လေ ။ ဒီအချိန် ဆိုရင် ဆရာလေး က နားအေးပါးအေး စာလေး ရေးလိုက် ၊ စာ လေး ဖတ်လိုက် လုပ်တဲ့ အချိန် မဟုတ်လား ။ အဲဒီ တဂေါ်ဂေါ် တဂွီဂွီ သံ ဟာ သူ့ အတွက် အရမ်း အနှောင့်အယှက် ဖြစ်တာ ပေါ့ဗျာ ။

ဆရာလေး က ဘာမှ မပြောလို့ ကျုပ် လည်း ဘာ မှ မပြောတော့ပါဘူး ။ တစ်ညတလေ တော့ မှုတ်ပါစေ လို့ လွှတ် ထားလိုက်တယ် ။ ဒါပေမဲ့ အဲဒီ တစ်ည တင် မဟုတ်ဘူး  ။ နောက်ထပ် နှစ်ည ဆက်တိုက် လာ မှုတ်တယ် ။

ဒါနဲ့ ကျုပ်လည်း မနေသာတော့ ဘဲ သာဗျော ကို သွား ငေါက် ရတော့တာပေါ့ ။

“ သွား သွား .. သာဗျာ ...  တခြား မှာ သွားမှုတ်စမ်း ... မင်း နှဲသံ က ငှက်ဆိုး ထိုးတဲ့ အတိုင်းပဲ  ... တစ်စက်မှ နားထောင်လို့ မကောင်းဘူး ”

လို့ ပြောတော့ ကျုပ် ကို မျက်ထောင့်နီကြီး နဲ့ ပြန် ကြည့်တယ်လေ ။

“ သွားဆို ... မသွားသေးဘူးလား ”

လို့ ထပ် ငေါက်မှ ကျုပ် ကို ပေစောင်းစောင်း ကြည့် ပြီး ထိုင်ရာ က ထ သွားတော့တယ် ။

ဒါပေမဲ့ နောက်တစ်နေ့ ကျတော့ ပြန် ရောက် လာပြန်တယ် ။ ပြန် မှုတ်တယ် ။ မှုတ် တာမှ နှဲဝ ကို ဆရာလေး အိမ်ဘက် တည့်တည့် လှည့် ထား လိုက်သေးတယ် ။ ဘယ်သူမှ ဂရုမစိုက် ဘူး ဆိုတဲ့ သဘောပေါ့ ။

ကျုပ် ထောင်းခနဲ ဒေါသ ထွက်သွားတယ် ။ ဒါနဲ့ ကျုပ် ညဘက် ကျောင်းဝင်း တစ်ပတ် လှည့် ရင် ကိုင်တဲ့ ဝါးရင်းတုတ် ဆွဲပြီး ဆင်း ရိုက်မလို့  ။ ဆရာလေး အဆွဲ မြန်လို့ ပေါ့ ။

“ မလုပ်နဲ့ အဘညို ... မလုပ်နဲ့ ”

ဆရာလေး က ကျုပ် လက် ထဲ က ဝါးရင်းတုတ် ကို အတင်း ဆွဲ သိမ်းလိုက်တယ် ။ ပြီး ကျုပ်ပခုံး ကို နှိမ့်ပြီး အတင်း ထိုင် ခိုင်းတယ်  ။ ကျုပ် ဒေါသ ဖြစ် လိုက်တာ မပြောပါနဲ့ တော့ ။

“ အတော် မိုက်ရိုင်းတဲ့ ကောင် ... ကျောင်း လည်း မနေဖူး ... စာ လည်း မတတ် ... ဆရာသမား ရဲ့ ဂုဏ် လည်း နားမလည် ... တောက် ”

“ ဪ ဒီ လူ က စာ မတတ်ဘူးလား ”

“ မတတ်ဘူး ဆရာလေး ရေ မတတ်ဘူး ဆရာတော် ဦးဝါယမ မပျံလွန်ခင် ကတော့ သူ ကောက် မွေးစား ထားတဲ့ ကလေး မို့ ကိုယ်တိုင် ကြပ်မတ်ပြီး သင် တာပဲ ... ဘယ်လို သင်သင် မ တတ်လို့ နောက်ဆုံး “ မင်းလို ပါရမီမျိုးတော့ ရှားသကွာ ” ဆိုပြီး ဆရာတော် လက် မြှောက် ထားရ တဲ့ သူ ... ဘယ် တတ်မလဲ လူ က ကျပ် မှ မပြည့်တာ .. ဆရာတော့် ကျောင်း မှာ လည်း ဘယ်သူ နဲ့ မှ အဆင် မပြေဘူး ... ကပ္ပိယ နဲ့ လည်း မတည့်ဘူး ... ကိုရင်ကြီးတွေ နဲ့ လည်း အမြဲ ရန်ဖြစ်တယ် ... ကိုရင်ငယ်လေး တွေ အပေါ် ကျတော့ အနိုင် ကျင့် ပြန်ရော ဆရာတော် ရှိစဉ် ကတော့ အကြောင်း လား ... ဆရာတော် လည်း ပျံလွန်ရော နောက် ရောက်လာတဲ့ ကျောင်းထိုင် ဆရာတော် က သူ့ ကို ကျောင်း မှာ လက် မခံ တော့ဘူး ... ပြောဆို ဆုံးမလို့ မှ မရတာ ... မလုပ်ပါနဲ့ ဆိုရင် ရွဲ့ ပြီး လုပ် တတ်တာ သူ့ အကျ င့် ... ဘယ်လို ဉာဉ်မျိုးလဲ မသိဘူး ... ဒါနဲ့ ပဲ ဘုန်းကြီးကျောင်း ကနေ ရွာ ထဲ ရောက် လာပြီး ရေ ထမ်း စားနေတာ ဆရာလေး ရေ ... ရွာ ထဲ မ လည်း ဘယ်နေရာ မှ သုံးလို့ မရပါဘူး ... အရူး  ပြောရ အခက် ၊ အကောင်း ပြောရ အခက် ... အ ရူး မို့လို့ ထုံထုံ အအ လို့ တော့ မအောက်မေ့ နဲ့ ၊ သူ ရ ဖို့ ကျ တော့ သိပ် သိတယ် ... အဲဒီ နှဲ လည်း မုဆိုးမ မပိန်သေး ဆီ က ကြွေး နဲ့ သိမ်း လာတာ ...  မပိန်သေး ယောက်ျား ကိုပြား က နှဲဆရာ ...  တမြန်နှစ် က ဆုံးတယ် ... မပိန်သေး ခမျာ သား ထောက် သမီးခံ လည်း မရှိ ၊ မာ ကလည်း မမာ ၊ ဟိုလူ ဒီလူ ပေးစာကမ်းစာ နဲ့ စား နေရတာ ... အဲဒါ မပိန်သေး အိမ် ရေထမ်း ပို့ ရင် မပိန်သေး က ရေဖိုး မပေးနိုင် လို့ အဲဒီ နှဲ သိမ်း လိုက်တာ တဲ့ ... အရင်ကတော့ ဗီဒီယိုရုံ ဘက် စက် ကျတယ် ... တစ်ပွဲ မှ အလွတ် မပေးဘူး  ...  ဟော ခု တော့ နှဲ ဘက် လှည့် လာပြန်ပြီ ”

ဆရာလေး က သာဗျော အကြောင်း ကို စိတ် ဝင်တစား နား ထောင်တယ် ။ ပြီးတော့ ထုံးစံအ တိုင်း တွေတွေလေး ငြိမ် နေပြီး မှ  ...

“ အဘညို ၊ သူ့ ကို ဘာမှ မပြောပါ နဲ့  ... မောင်း လည်း မထုတ်နဲ့ တော့ ... ကျွန်တော့် ဘာသာ ကျွန်တော် ကြည့် လုပ်ပါ့မယ် ” တဲ့  ။

နောက်တော့ စွပ်ကျယ်ချိုင်းပြတ် ပေါ် ရှပ်အ ကျီလက်တိုလေး ထပ် ဝတ်ပြီး အိမ်ပေါ် က ဆင်း သွားတယ် ။

ဘာများ လုပ် မလဲလို့ ကြည့် နေတာ ကင်းတဲ ဆီ တည့်တည့်မတ်မတ် လျှောက်သွားပြီး သာဗျော ဘေး အသာ ဝင် ထိုင်တယ်ဗျ ။ သာဗျော ကတော့ ဘယ်သူ့ မှ မမှုတဲ့ ပုံ နဲ့ သူ့ နှဲ သူ ဆက် မှုတ် နေတယ် ။

ကျုပ် က ဆရာလေး ကို စိတ် မချလို့ ဆင်း လို က်ရတာ ပေါ့ဗျာ ။ ဆရာလေး က ပြော ရင်တော့ အကျိုးသင့် အကြောင်းသင့် အေးအေး ဆေးဆေး ပြော မှာ ပါ ။ ဒါပေမဲ့ ဟိုကောင် က မိုက် တိ မိုက်ကန်း နဲ့ မဆင်မခြင် တစ်ဆုံး တစ်ဆ လုပ် ထည့်လိုက် ရင် မခက်လား ။ အဲဒါကြောင့် ဆရာလေး နဲ့ မနီးမဝေး မှာ အသာ ရပ်ရင်း အကဲ ခတ်နေရတာ ။

နှဲ တစ်ကျော့ မှုတ် ပြီး သွားလို့ ထင်တယ် ။ သာဗျော အမှုတ် ရပ် ပြီး ဆရာလေး ကို မသိမသာ မျက်လုံး ဝေ့ ကြည့်တယ် ။

ဆရာလေး က လက်ခုပ် လေးငါးခြောက် ချက်တီး သြဘာပေးလိုက်ပြီး “ ကောင်းလိုက် တာ ကိုသာဗျော ရယ် ” လို့ ပြော လိုက်သဗျ ။

ဆရာလေး ချီးကျူး လိုက်တော့ သာဗျော မျက်နှာ ဘယ်လို ဖြစ် သွားမှန်း မသိဘူး ။ ပါးစပ် အဟောင်းသား နဲ့ အံ့အားကြီး သင့်လို့  ။ 

မျှော်လင့် မထားတဲ့ စကား ကြား လိုက်ရ တော့ သာဗျော မပြောနဲ့  ၊ ကျုပ် လည်း အဟုတ် အံ့သြ သွားတာပဲ ။

ဆရာလေး က သာဗျော လက် ထဲ က နှဲ ကို တောင်း ယူပြီး အမြီးပြန် ခေါင်းပြန် ကြည့်တယ် ။ ပြီးတော့ တရိုတသေ ပြန် ပေးတယ် ။

“ နှဲ မှုတ်တာ တော်ရုံ ပါရမီ နဲ့ မရဘူး ကိုသာဗျော ...  သူ က ပညာသား အရမ်း ပါတာ  ပါ ဆို ၊ နှဲ က သံစုံ တူရိယာ အမျိုးအစား ထဲ ပါ တာကိုး .. ကိုသာဗျော သိတဲ့ အတိုင်းပဲလေ တူရိယာ ပညာ လို့ ခေါ်တဲ့ ဒီ အတီးအမှုတ် ပညာ မှာ သံစုံ တူရိယာ နဲ့ သံမစုံ တူရိယာ ရယ် လို့ နှစ်မျိုး ခွဲခြားထားတယ် မဟုတ်လား ...  သံစုံတူရိယာ ဆိုတာက သီချင်း ရဲ့ တေးသွား အလိုက် အတိုင်း တီးမှုတ်နိုင်တဲ့ တူရိယာ ကို ခေါ်တာ ဥပမာ ပတ္တလား တို့  ၊ ပတ်ဝိုင်း တို့  ၊ မောင်းဆိုင်း တို့  ၊ စောင်းကောက် တို့ ပေါ့ ...  အဲဒီ အထဲ မှာ နှဲ ပလွေ လည်း ပါတယ် ဗျ ... သံမစုံ တူရိယာ က တော့ တေးသွား အလိုက် အတိုင်း မတီးမှုတ်နိုင် ဘူး ... သူ က သံစုံတူရိယာ ကို ဖြည့်စွက် တီးရတဲ့ တူရိယာ မျိုး ...  သူ ပါ မှ လည်း တေးသွား က ကြွ တက် လာတာ ...  ဥပမာ စည်တို တို့  ၊ ပတ်မ တို့  ၊ လင်းကွင်းတို့  ၊ မောင်း တို့  ၊ ဟုတ်တယ် မဟုတ် လား ကိုသာဗျော ”

သာဗျော  က ယောင်ကန်းကန်းနဲ့ ခေါင်းညိတ်တယ် ။

“ နှဲ ချောတော့ တယော တဲ့ ဗျ ဆိုရိုး စကား ရှိ တယ် ... ကိုသာဗျာ နှဲသံကို ပထမ ကျွန်တော် က တယောသံ ပဲ မှတ် နေတာ ... နောက်တော့မှ နှဲ သံမှန်း သိ တော့တာ ... နှဲဆရာ ဖြစ်ဖို့ က မလွ ယ်ပါဘူးဗျာ ... နှဲဆရာ ဆိုတာ နှုတ်ခမ်း ၊ လျှာ ၊ အာ ၊ သွား ၊ လည်ချောင်း အပြင် သက်လုံ ပါ ကောင်း ရတယ်ဗျ ... အမော မခံနိုင်လို့ မရဘူး .. ဒီကြား ထဲ လက်ချောင်းတွေ ကလည်း သွက် လက် ရသေးတယ် ... ကိုသာဗျော ကိုတော့ အ ဟုတ် ချီးကျူးတယ်ဗျာ ... ဒါထက် ခင်ဗျား အခု မှုတ် သွားတဲ့ သီချင်း နာမည်က ဘာတဲ့ ”

သာဗျော က ခပ်တွေတွေ စဉ်းစား လိုက်ပြီးမှ

“ ဖိုးလမင်း ကို အောင်သွယ် ခိုင်းမယ် လေ ”

လာလာချည်သေး ။ ဖိုးလမင်း ကို အောင်သွယ် ခိုင်းမယ် တဲ့ ။ သူ့ နှဲ က ဖြင့် ဘာ သီချင်းသံ မှ မထွက်ဘဲနဲ့  ။ 

“ ဪ ဟုတ်သားပဲ ...  တွံတေးသိန်းတန် သီချင်း နော် ... သီချင်း က လည်း ကောင်း ... ကိုသာဗျော ကလည်း နှဲ အမှုတ်ကောင်း နဲ့ ကျွန်တော့် ကို အိမ် ကို မလွမ်း လွမ်းအောင် လာ လုပ် နေသလိုပဲ ဗျို့ ဟား ဟား ... ”

ဆရာလေး က တဟားဟား ရယ် တော့ သာဗျော လည်း လိုက် ရယ်တယ် ။ ဆရာလေး က သာဗျော ကို စကားတွေ ပြော နေတာ အကြာ ကြီးပဲ ။ ပြီးမှ -

“ ကဲ ကဲ ... တစ်ပုဒ်လောက် လုပ်ပါဦး ကိုသာဗျော ရယ် ... ကျွန်တော် ကလည်း စကား တွေ ကောင်း နေလိုက်တာ ... ခင်ဗျား ကို အလိုက် မသိသလို ဖြစ်နေပါပြီ ”

ဆရာလေး က ဒီလို ပြောတော့ သာဗျော က ဘေး ချထားတဲ့ နှဲ ကောက် ကိုင် ပြီး တဂေါ်ဂေါ် တဂွီဂွီ လုပ် ပါလေရော ။ ဆရာလေး က မျက်လုံးလေး စင်းပြီး နားထောင်တယ် ။ နှဲ သံ ရပ် သွားတော့ မှ ..

“ ကျေးဇူး တင်လိုက်တာ ကိုသာဗျော ရယ် ...  နောက်နေ့တွေ လည်း လာ လာ မှုတ်ပါဗျာ ... နို့မို့ ဆိုရင် ကျွန်တော့် မှာ တစ်ယောက်တည်း အထီးကျန် လွန်းလို့  ...  အဘညို က လည်း ဂီတ ကို စိတ် မဝင်စားတော့ နေရ ထိုင်ရတာ ပျင်းခြောက်ခြောက် ကြီး ရယ် ... ခင်ဗျား နှဲ သံ ကြား မှ ကျွန်တော် လည်း နေသာ ထိုင်သာ ရှိ သွားတာ ... ကဲ ကျေးဇူးတင်စကား ကို ကျွန်တော် ပါးစပ် နဲ့ ချည်း မပြောပါ ဘူး ... ရော့ ဒါ ကိုသာဗျော အတွက် အနုပညာကြေး ”

ဆရာလေး က ပြောပြောဆိုဆို သူ့ ရှပ်အင်္ကျီ အိတ် ထဲ က ငါးရာတန် တစ်ရွက် ကို ထုတ်ပေး လိုက်တယ်ဗျ ။ ဟာ ဆရာလေး တစ်ယောက် ဘာတွေ လျှောက် လုပ်နေလဲ မသိပါဘူး ။ ကျုပ် တောင် ကြောင် သွားတယ် ။ ဒီ တဂေါ်ဂေါ် တဂွီဂွီ သံ အတွက် အနုပညာကြေး ငွေငါးရာ တဲ့  ။ ဒုက္ခပါပဲ ။

သာဗျော ကလည်း ပထမတော့ မယုံသလို ယောင်နန ဖြစ် နေသေးတယ် ။ ပိုက်ဆံ ကို ချက် ချင်း မယူဘူး ။ ဆရာလေး က သူ့ လက်ထဲ အတင်း ကို ထည့် ပေးရတယ် ။

“ ယူပါဗျ ကိုသာဗျော ရ ... ကျေးဇူး တင်လွန်း လို့ ပေးတာပါ ...  အနုပညာကြေး ပါ ... ဒါ ဒီ ည အတွက် နော် နောက် ညတွေ လာ လည်း တစ်ည ကို ငါးရာ ပေးမယ် ဗျာ ... ကျေနပ်လား ”

ဆရာလေး နဲ့ တော့ ခက်နေပါပြီ ။ အရူး ဘုံ မြောက် လုပ် နေပြန်ပြီ ။ ဘာကိစ္စနဲ့ ပိုက်ဆံ က ပေး ရတာတုံး ။ ညတိုင်း လည်း လာ မှုတ်ခိုင်း သေးတယ် ။ ကျုပ် ဖြင့် ဘယ်လို နား လည်ရမှန်း မသိတော့ ပါဘူး ။

သာဗျော မျက်နှာ ကြည့် လိုက်တော့ အို ပြုံးဖြီးဖြီး နဲ့ သဘောတွေ ကျ နေတာ မှို တစ်ကျ င်း တွေ့တဲ့ အတိုင်းပဲ ။

“ ဒါနဲ့ များ အဘညို က ... ဟိုနေ့ က ”

“ ဪ ... အဘညို က လူကြီး ဆိုတော့ အနုပညာ အကြောင်း နား မလည်ဘူးလေဗျာ ... မခံစား တတ်ဘူးပေါ့ ...  စိတ် ထဲ မထားပါနဲ့ ကိုသာဗျော ရယ် ...  ကျွန်တော် က ကိုယ်စား တောင်းပန်ပါတယ် ...  နောက်နေ့တွေ လည်း ဆက်ဆက် လာနော် ”

သာဗျော ပြန် သွားမှ ကျုပ် ဆရာလေး ကို မေးရတယ် ။

“ ဆရာလေး ... ကျုပ် တော့ ဘာဆို ဘာမှ နား မလည်တော့ဘူး ...  ဆရာလေး ဘာတွေ လျှောက်လုပ် နေတာလဲ ”

ဆရာလေး က သူ ပြုံးနေကျ အပြုံးအေးအေး လေး ပြုံး ပြီး တစ်ခွန်း ပဲ ပြန်ပြောတယ် ။

“ အဘညို ၊ အသာ နေ နော် ... ဘာမှ ဝင် မပြော ပါနဲ့ ”

    •••••   •••••   •••••   •••••

နောက်တစ်နေ့ ကျတော့ နေလေး ဝင် သွား တာနဲ့ သာဗျော ရောက် လာတယ် ။ ဝီရိယ ကောင်းပုံများ ပြော ကို မပြောချင်ဘူး ။ ပြီး အိမ် ရှေ့ တည့်တည့် မှာ တဂေါ်ဂေါ် တဂွီဂွီ လုပ်က ရော ။ ဆရာလေး ကလည်း အဲဒီ တဂေါ်ဂေါ် တဂွီဂွီ သံ ကိုပဲ ရေးကြီးခွင်ကျယ် လုပ်ပြီး သွား နား ထောင်တယ် ။

“ လရောင် နဲ့ ကိုသာဗျော နှဲ သံ က သိပ် လိုက် ဖက်တာပဲ ”

လို့ တောင် ပြောလိုက်သေးတယ် ။

သာဗျော ပြန်တော့ ငွေငါးရာ ပေး လိုက်တယ် ။

    •••••   •••••   •••••   •••••

သုံးရက် မြောက် တဲ့ နေ့ ကျ တော့ ဆရာလေး က ဒီလို ပြောတယ် ။

“ ကျွန်တော် ကတော့ ကိုသာဗျော နှဲ သံ ကို အ ဟုတ် စွဲ နေပြီဗျို့ ... နားမထောင် ရရင် မနေနိုင်အောင် ကို ဖြစ် နေပြီ ...  တစ်ခုတော့ တောင်းပန်ပါရစေ ... ကျွန်တော် ဒီနေ့ အိမ် ကို ငွေ ပို့ လိုက်ရ လို့ လက် ထဲ ငွေ နည်းနေတယ် ... ဒီ ညတော့ လေးရာ ပဲ ယူ ပါဗျာ ... ဖြစ်တယ် မဟုတ်လား ”

“ ဟာ ... ဖြစ်ပါတယ် ဆရာလေး ရဲ့  ...  အချင်းချင်းတွေ ပဲ ဟာ ”

အဲဒီ ညကတော့ ဆရာလေး က သာဗျော ကို ငွေလေးရာ ပဲ ပေး လိုက်တယ် ။

    •••••   •••••   •••••   •••••

လေးရက်မြောက် နေ့ ။

“ ခါတိုင်း ကျောင်း မှာ တစ်နေ့လုံး စာ သင်ပြီး ပြန် လာရင် အရမ်း ပင်ပန်းတယ် ကိုသာဗျော ရယ် ... သင်ကြားရေး အပိုင်း လည်း ကိုယ် ပဲ ...  အုပ်ချုပ်ရေး အပိုင်း လည်း ကိုယ် ပဲ မဟုတ် လား ... ခုတော့ ကိုသာဗျော နှဲသံ မှန်မှန် နားထောင် နေရတော့ ပင်ပန်းတာ တွေ တောင် ဘယ် ရောက်ကုန်မှန်း မသိတော့ပါဘူး ... အဲ အားနာနာ နဲ့ ပဲ ပြော ရဦးမယ် ... ဒီနေ့တော့ သုံး ရာ ပဲ ယူပါ ကိုသာဗျော ... လခ က သန်ဘက်ခါ မှ ရ မှာ မို့လို့ ပါ ”

ဆရာလေး က ဒီလို ပြောတော့ သာဗျော က လည်း -

“ ရတယ် ဆရာလေး ... ရတယ် အကြောင်း မဟုတ်ဘူး ”

လို့ စိတ်လိုလက်ရ ပြန် ပြောပြီး ငွေသုံးရာ ကို ကြည်ကြည် ဖြူဖြူ ယူလိုက်တယ် ။

    •••••   •••••   •••••   •••••

ငါးရက်မြောက် နေ့ ။

ဆရာလေး က ငွေ နှစ်ရာ ပေးတော့ သာဗျော ငွေ ကို တော့ ယူ လိုက်တယ် ။ စကားတစ်ခွန်း မှ မပြောဘဲ ထ ပြန်သွားတယ် ။

    •••••   •••••   •••••   •••••

ခြောက်ရက်မြောက် နေ့ မှာ တော့ သာဗျော အစောကြီး ရောက်လာတယ် ။ ဆရာလေး ထမင်းစား ပြီး ရုံပဲ ရှိသေးတယ် ။

ကင်းတဲ ပေါ် မှာ တင်ပျဉ်ခွေ ထိုင် ပြီး နှဲ ကို စိ တ်ပါလက်ပါ မှုတ် တယ် ။ ဆရာလေး ကလည်း သူ လာတာ မြင် တာနဲ့ အိမ် ပေါ် က ဆင်း သွားပြီး သူ့ အနား သွား ထိုင်တယ် ။

စိတ်တိုင်း ကျ မှုတ်ပြီး ပြန်မယ် ပြောတော့ ဆရာလေး က ရာတန် တစ်ရွက် ထုတ် ပေးတယ် ။

သာဗျော မျက်နှာ ကွက်ခနဲ ပျက် သွားတယ် ။ သူ တစ်ခုခု ပြောဖို့ အား ယူလိုက်တဲ့ အချိန် မှာ ဆရာလေး က ပဲ ပျာပျာသလဲ ဝင် ပြောတယ် ။

“ ဟုတ်ပါတယ် ကိုသာဗျော ရယ် ... ဒီနေ့ လခ ထုတ်ရက်ပါ ... ဒါပေမဲ့ဗျာ ပဲခူး မှာ နေတဲ့ ညီ တစ်ယောက် က အရေးတကြီး ငွေ လိုလို့ နှစ်သောင်း လောက် ခဏ လှည့်ပါ ဆိုပြီး လာ ယူ သွားလို့ ပါ ... အဘညို ကလည်း ဆပ်ပြာ နဲ့ လက်ဖက်ခြောက် ဝယ်ရမယ် ဆိုတော့ မပေးလို့ မဖြစ် ...  ဒါကြောင့် ကျွန်တော့် လက် ထဲ ငွေ နည်း သွားလို့ ပါ ... ဘယ့်နှယ် မှ သဘော မထား ပါနဲ့ ဗျာ ”

သာဗျော မျက်နှာ စူပုပ်ပုပ် ဖြစ် သွားတာ ကျုပ် တွေ့လိုက်တယ် ။ သူ ကျေနပ်ပုံ မပေါ်ဘူး ။

    •••••   •••••   •••••   •••••

ခုနစ်ရက်မြောက် ညနေ ပေါ့ ။

ခါတိုင်း အချိန်ပဲ သာဗျော ရောက် လာတယ် ။

သာဗျော ကို မြင်တော့ ဆရာလေး က လည်း ရေနွေးဗန်းလေး ကိုင်ပြီး ဆင်းသွားတယ် ။ သာဗျော အတွက် ကိုယ်တိုင် ရေနွေးတွေ ဘာတွေ တောင် ငှဲ့ ပေး လိုက်သေးတယ် ။

သာဗျော က နှစ်ကျော့ လောက် မှုတ်ပြီးတာ နဲ့ ပြန်မယ် လို့ ပြောတယ် ။

ဒီတစ်ခါတော့ ဆရာလေး က ငါးဆယ်တန် အဟောင်းလေး တစ်ရွက် ထုတ်ပေးတယ် ။

ငါးဆယ်တန် လည်း မြင်ရော သာဗျော ထိုင် ရာ ကနေ ဝုန်းခနဲ ခုန် ထ လိုက်တာ ကျုပ် တောင် လန့် သွားတယ် ။ တရှူးရှူး တရှားရှား နဲ့ ဒေါသပုန် ထ နေ လိုက်တာလေ သူ့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လို့  ။

“ ဒီမယ် ကျောင်းဆရာ ... ခင်ဗျား ဘာ လုပ် တာလဲ ... ခင်ဗျား ကျုပ် ကို ဒီလို လာ မကျော နဲ့ ဗျ .. ငွေရေးကြေးရေး နဲ့ ပတ်သက်ရင် သာဗျော ဘယ်သူ့ အကျော မှ ခံတာ မဟုတ်ဘူး တစ်ရွာ လုံး ကြိုက်တဲ့ လူ သွား မေး ... ကျုပ် အကြောင်း လူတိုင်း သိတယ် ...  ခင်ဗျား ကျုပ် ကို ဘာ မှတ်နေလို့လဲ ”

ဆရာလေး ကလည်း သာဗျော နဲ့ အတူ လိုက် မတ်တတ် ရပ်တယ် ။

“ ဟာ ... ကျွန်တော် ကျော တာ မဟုတ်ပါဘူး ကိုသာဗျော ရယ် .. ဘယ် ... အချင်းချင်း ကျော ပါ့မလား မဟုတ်တာဗျာ ... အဲဒီလို မထင်ပါနဲ့ ”

ဆရာလေး က လေအေး နဲ့ ရှင်း ပြပေမဲ့ သာဗျော က မရဘူး ။ တံတွေး ကို ထွီခနဲ ထွေး လိုက် ပြီး ...

“ ခင်ဗျား နဲ့ ကျုပ် နဲ့ စကား စ ပြော တုန်းက တစ်ည ငါးရာ နဲ့ သဘော တူခဲ့ ကြတာလေ ... နှစ် ည ပဲ ခင်ဗျား ကျုပ် ကို ငါးရာ ပေးတာ ... နောက် ပိုင်း ဘာဘာ ညာညာ အကြောင်း ပြပြီး လေး ရာ ပေးလိုက် ၊ သုံးရာ ပေးလိုက် ၊ နှစ်ရာ ပေးလိုက် နဲ့ တစ်ရာ ဆို တော့လည်း ကျုပ် လက် ခံခဲ့တယ် ... ကျုပ် သည်းခံလေ ခင်ဗျား အခွင့် အရေး ယူ လေပဲ ...  ခုတော့ ငါးဆယ် ဆိုတော့ ခင်ဗျား ဟာ မလွန် လွန်း ဘူးလား ... ဒါ ကျုပ် ကို သက်သက် ကျောတာ မဟုတ်ဘူး လား ... ကျုပ် အနုပညာ ကို စော်ကားတာ မဟုတ်ဘူး လား ”

ဒေါသ ကြောင့် ထင်တယ် ၊ သာဗျော အသံ တွေ လည်း တုန်လို့  ။ ကျုပ် လည်း ဆရာလေး အနား က ဘယ် ခွာရဲမလဲ ။

“ မဟုတ်ရပါဘူး ဗျာ ...  ကျွန်တော့် မှာ တကယ် ကို အခက်အခဲ ဖြစ် နေလို့ ပါ ... တောင်းပန်ပါတယ် ... ဒီနေ့တော့ ငါးဆယ် ပဲ ထား ပေးပါ ဗျာ ”

ဆရာလေး က ငါးဆယ်တန် အနွမ်းလေး ကို တရိုတသေ ကမ်း ပေးပြန်တယ် ။

သာဗျော က ဆရာလေး ရဲ့ လက် ကို ဖြန်းခနဲ ပုတ် ချလိုက်တော့ ငါးဆယ်တန်လေး မြေကြီး ပေါ် ကျ သွားတယ် ။

ပြီးတော့ ဆရာလေး ကို စူးစူးရဲရဲ ကြည့် ပြီး သာဗျော အခုလို ပြော ချလိုက်တယ် ။

“ တော်ပြီ ကျောင်းဆရာ ... ခင်ဗျား ပေးတဲ့ ငွေငါးဆယ် လည်း မလိုချင်ဘူး ... ခင်ဗျား အိမ် ရှေ့ မှာ လည်း ကျုပ် ဘယ်တော့ မှ နှဲ လာ မ မှုတ်တော့ဘူး ... ရှေ့လျှောက် ကျုပ် နှဲ သံ ကို ခင်ဗျား ဘယ်တော့ မှ နား မထောင် ရတော့ဘူး ဆိုတာ မြဲမြဲ မှတ်ထား လိုက် ... ဒါပဲ ”

ဆရာလေး မျက်နှာ ညှိုး ကျသွားတယ် ။ ပြီး ပျာပျာသလဲ ...

“ ဟာ ... ဒီလိုတော့ မလုပ်ပါနဲ့ ကိုသာဗျော ရ ယ် ...  ဒီလိုတော့ ပြတ်ပြတ် တောင်းတောင်း မ လုပ် ပါနဲ့  ... ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော် က ခင်ဗျား ရဲ့ ဂီတသံ အပေါ် ဘယ်လောက် ရူးသွပ်တယ် ဆိုတာ ခင်ဗျား လည်း သိ သား နဲ့ ဗျာ ”

“ ခင်ဗျား ဘာသာ ခင်ဗျား ရူးသွပ်ရုံ မကလို့ လဲပဲသေသေ ကျုပ် သောက်ဂရု မစိုက်ဘူး ... ကျုပ် က ဘူးဆို ဖရုံ မသီးတဲ့ ကောင် ...  ခင်ဗျား ဟာ ကျုပ် နှဲသံ နဲ့ လုံးဝ မတန်ဘူး ...  သွားပြီ ”

သာဗျော က ဆရာလေး ကို စားမတတ် ဝါးမတတ် တစ်ချက် စိုက် ကြည့်ပြီး ချာခနဲ လှည့် ထွက် သွားတယ် ။

“ နေ ... နေပါဦး ကိုသာဗျော ရယ် ...  ကျွန်တော် ပြောပါရစေဦး ... ကျွန်တော် ရှင်းပြ တာလေး နားထောင်ပါဦး ”

သာဗျော လုံးဝ လှည့် မကြည့်ဘူး ။ အံကြိတ် ပြီး ဒေါင်းတင် မောင်းတင် ထွက် သွားပါလေ ရော ။ ပါးစပ် ကလည်း  ... 

“ သာဗျော ကို လာ ကျော လို့ ဘာရမလဲ ...  ဟင်း ... သာဗျော ကို ဒါမျိုး လာ ကျောလို့ လုံးဝ မရဘူး”

လို့ လည်း တတွတ်တွတ် ရွတ် သွား လေရဲ့  ။

ဆရာလေး က တော့ သာဗျော ရဲ့ ကျောပြင် ကို ငေး ကြည့်ရင်း နေရာ မှာ ပဲ ကျန်ရစ်ခဲ့တယ် ။

ကျုပ် လေ ဆရာလေး ရဲ့ လုပ်ချက် ကို အံ့သြ လွန်းလို့ ဘာ စကား ပြော ရမှန်းတောင် မသိတော့ ပါဘူး ။ ဪ ...  ပညာတတ် ဆိုတာ ဒီလို လူစားမျိုး ကို ပြောတာ ထင်ပါရဲ့ ။

သာဗျော သူ့ မျက်စိ အောက် က ပျောက် သွား တော့မှ ဆရာလေး သက်ပြင်း တစ်ချက် ချ ပြီး ကျုပ် ကို လှမ်း ကြည့်တယ် ။ ဆရာလေး မျက်နှာ မှာ ခါတိုင်း တွေ့နေကျ အပြုံးလေး တောင် မ တွေ့ရဘူး ။

“ သနားတော့ သနားစရာ ပါ ဗျာ ...  ဒီလို လုပ် ရတာ စိတ်တောင် မကောင်းဘူး ” လို့ ပြောပြီး အိမ်ပေါ် ပြန် တက် သွားတယ် ။

ဒီ ညတော့ ဆရာလေး မိုးလင်း တဲ့ အထိ စာ တွေ ရေး မှာ သေချာတယ် ။ မနက်ဖြန် ကလည်း ကျောင်းပိတ် ရက် ဆိုတော့ ။

အင်း ...  မနက် ကျ ရင်  လည်း အိမ် က ဘက်ထရီအိုး ကို ဆိုင် ယူ သွားပြီး မမေ့မလျော့ အား ဖြည့် ပေး ရဦးမယ် ။ ဆရာလေး စာ ရေးဖို့ အတွက် ၊ စာ ဖတ်ဖို့ အတွက် ပေါ့ ။

◾ မနှင်းဖွေး

📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဖေဖေါ်ဝါရီလ ၊ ၂၀၁၀

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment