Thursday, August 4, 2022

ကံကောင်းရေ


 

❝  ကံကောင်းရေ ❞

နေဝင်ရီတရော အချိန် ဖြစ်သည် ။ အင်းပြင် တစ်ခုလုံး သာယာနေ၏ ။ စက္ကဝါပိုက်လှေများ ပြန်လာကြပြီ ။ ရွာ နှင့် ကား မနီးသေး ။

“ ဟာ … ဟိုမှာ ဆင်တွေဟေ့ ၊ ဆင်တွေ ၊ အုပ်လိုက်ကြီး ရေကူး နေကြတာ ၊ ဆင်ကြီးတွေ ရော ၊ ဆင်ကလေးတွေ ရော နည်းပါဘူး ကွာ ”

“ သူတို့ နေတဲ့ ဆင်စားကျွန်း ရေနစ်လို့ အရှေ့ဘက်တောတန်း ကို ပြောင်းကြတာ ကွ ”

“ ဖြည်းဖြည်း လှော်ကြဟေ့ ၊ တို့ ကို မြင်သွားလို့ ရန်မူ နေဦးမယ် ၊ သူတို့ လွန်သွား မှ မြန်မြန် လှော်ပြေး ကြရအောင် ”

“ ရန် မမူပါဘူးကွာ ၊ သူတို့ ဒုက္ခ နဲ့ သူတို့ သွား နေရတဲ့ဟာ ၊ နောက်ပြီး ရေထဲ ကူးရင်း လုပ်ဖို့ ဆိုတာ မလွယ်ဘူး ”

ကြည့်နေရင်းမှာပင် ဆင်အုပ်ကြီး အတော် ဝေးသွားသည် ။ တံငါလှေများ လည်း တက်သုတ်နှင်ကြလေသည် ။ ထိုစဉ် သူတို့ အထဲ မှ ကိုနက်မောင် က ရုတ်တရက် …

“ ဟေ့ကောင်တွေ ၊ ဟိုသစ်ပင်စုစု ကြားထဲ က လှုပ်တုပ်လှုပ်တုပ် နဲ့ ဘာလဲဟ ၊ ဧကန္တ ဆင်ပေါက်စလေး ထင်တယ် ”

“ ဟုတ်တယ်ဗျို့ ၊ ဟုတ်တယ် ၊ နှာမောင်းကလေး မိုးပေါ် ထောင် ယမ်းနေတာ မြင်ရတယ် ၊ သွား ဖမ်း ကြရအောင်လား ”

“ အေးဟေ့ ၊ ဆင်ကြီးတွေ မသိဘူး ထင်တယ်ကွ ၊ တို့ လူအုပ် တောင့်ရဲ့သား ကို ၊ ဝိုင်း ညှပ်ဖမ်းကြရအောင်လား ”

ပြောပြောဆိုဆို ဆယ့်ငါးစင်းခန့် ရှိသည့် လှေများ သစ်ပင်စုစု ဆီ သို့ အပြင်း လှော်သွားကြသည် ။ နို့စို့အရွယ် လ,သား ဆင်ငယ်လေး သစ်ကိုင်းများ ကြားတွင် ညှပ် မိနေခြင်း ဖြစ်သည် ။ အော်ဟစ်ရုန်းကန်နေသော်လည်း မလွတ်နိုင်ရှာ ။ ကိုနက်မောင် တို့ အုပ်စု သစ်ကိုင်းများ ကို ခုတ်ဖြတ်သူ က ခုတ်ဖြတ် ၊ ရေထဲ ဆင်းကာ ဆင်ကလေး ကို တွန်းသူ က တွန်း ၊ ဆွဲသူ က ဆွဲဖြင့် လှေပေါ်တွင် ပါလာသော ကြိုးများ ကြိမ်များ နှင့် လည်း တုပ်နှောင်ကြသည် ။ နောက်ထပ် လှေငါးစင်း ရောက် လာပြန်ကာ ဝိုင်းဝန်း ကူကြပြန်သည် ။ ဆင်ကလေး မှာ ကျည်ကျည် လောင်လောင် အော်ဟစ်ရင်း လှေများ ဆွဲယူရာကို ပါလာသည် ။ ဆင်အော်သံ စူးစူးကလေး မှာ အင်းရေပြင် တွင် ပဲ့တင် ရိုက်ခတ်နေသည် ။

“ ဟာ … ဆင်ကြီးတွေ ပြန်လှည့်လာပြီ ဟေ့ ၊ ဆင်ကလေး အော်သံ ကြားသွားပြီ ထင်တယ် ”

“ အဲဒါမှ ဒုက္ခပဲ ၊ ပြေးကြစို့ ၊ ပြေးကြစို့ ၊ သေကုန်လိမ့်မယ် ”

“ ဩ … ဘာလို့ ပြေးရမလဲကွ ၊ ဆင်ကလေးပဲ ချည်မိထားပြီ ၊ နှမြောစရာ ၊ ဆင်အုပ်ကြီး ကို လိုက် ခြောက်မယ်ကွာ ၊ လှေသုံးစင်း က ဆင်ကလေး ကို ဆွဲပြီး ရွာဘက် ကို လှော် ပြေး ”

သူ စကား မဆုံးခင်ပင် ကိုနက်မောင် က ဆင်အုပ်ကြီး ဆီ သို့ ဦးတည် လှော်ခတ် သွားလေရာ ကျန် လှေများ လည်း ညာသံ ပေး ၍ လိုက်ကြတော့သည် ။ ခဏအတွင်း ၌ ပင် ဆင်အုပ်ကြီး နှင့် လှေအုပ်စု ရင်ဆိုင် တွေ့ကြလေသည် ။ ဆင်အုပ်ကြီး က နှာမောင်းများ ဝှေ့ယမ်း၍ အော်ဟစ် တိုး ဝင်လာကြသည် ။ လှေသမားများ က လည်း ဓားများ ၊ တုတ်များ ၊ တက်များ ဖြင့် ထိုးခုတ် ရိုက်နှက်ကြသည် ။ ဝရုန်းသုန်းကား နှင့် ပွက်ကြော လန်နေသော ဆင် နှင့် လူ တိုက်ပွဲ ကို အဝေး ကပင် မြင်နိုင်လေသည် ။ လူများ ဘက် က တစ်ပန်း သာ နေသည် မှာ ရေ က ဆင် တစ်ရပ် ထောက် မမီခြင်းပင် ။ သို့ဖြစ်ရာ ဆင်များ အားစိုက် သလောက် လူများ ကို မထိခိုက်စေလှပေ ။ နောက်ဆုံး ဆင်များလည်း အမောဆို့ ၊ လူအုပ်ကြီးလည်း ခြေကုန်လက်ပမ်း ကျ ချိန်တွင် ရွာရှိ လူကုန် လှေတပ်ကြီး ချီကာ ရောက် လာကြသည် ။ ဆင်အုပ်ကြီး ခမျာ သားငယ်ကလေး ပြန် ရရေးကို အားလျှော့ ကာ အရှေ့ဘက် တောင်တန်း သို့ ထွက်ခွာသွား ကြရှာလေသည် ။

ဤသို့ဖြင့် ကိုလိုနီအင်္ဂလိပ်ခေတ် က ကသာဒိစကြိတ် ကြက်တစ်ကောင် ရွာ တွင် အဖဦးနက်မောင် ၊ အမိဒေါ်လှပေါ တို့ ၏ ( ဆင် ) သားကလေး ‘ ကံကောင်း ’ ဟူ၍ ပေါ်ပေါက်ခဲ့ရလေသတည်း ။

ကိုနက်မောင် နှင့် မလှပေါ တို့တွင် မူလ က အခါလည်အရွယ် သားကလေး ရှိသော်လည်းကံကောင်း မရောက်မီ တစ်လခန့် က သေဆုံးသွားခဲ့သည် ။ ထို့ကြောင့် ကံကောင်း ကို ရလိုက်သည် နှင့် သားကလေး အစား ရသည် ဟု ယူဆကာ ဝမ်းသာအားရ ချစ်ခင် နေကြသည် ။ထို့ထက်ပင် ပို၍ ချစ်ရန်အကြောင်းက လည်း ဖန်လာပြန်သည် ။ သေဆုံးသွားသော သားကလေး နို့စို့ချိန် ရောက်လျှင် မလှပေါ နို့တွေ တင်းလာ ကိုက်လာ သည် ။ မခံမရပ်နိုင်အောင်ပင် ။ ထို့ကြောင့် နို့ ကို လက်ဖြင့် ညှစ်ကာ နို့ရည် ကို ထုတ် ပစ်ရသည် ။

တစ်ခုသော နေ့လယ် မလှပေါ နို့ရည် ညှစ်နေစဉ် မလှမ်းမကမ်း တွင် ကံကောင်း ရှိနေသည် ။ လေသင့်၍ နို့နံ့ ရလေသလား မသိ ။ နှာမောင်းကလေး ထောင် ကာ တွေတွေကလေး ကြည့်နေရာမှ မလှပေါ ထံသို့ လျင်မြန်စွာ ပြေး လာတော့သည် ။ မလှပေါ အံ့ဩထိတ်လန့်စွာ ကြည့်နေစဉ်မှာ ပင် သူမ ၏ နို့ ကို ကံကောင်း ၏ ပါးစပ်ကလေး လာ၍ ထိလေသည် ။ နှာမောင်းကလေး ခေါင်း ပေါ် လန် တင်ထားသည် ။

“ ဟဲ့ … ဟဲ့ … အံမလေး ကံကောင်း ရဲ့ ၊ နို့ စို့ချင်လို့လား ၊ နင့် ကို တိုက် ထားတဲ့ ထန်းလျက် နဲ့ ထမင်းရည် က မဝ,ဘူးလား ဟယ် ၊ ဒုက္ခပါပဲ ၊ ဖြစ် မှ ဖြစ်ပါ့မလားနော် ”

မလှပေါ တစ်ယောက် အော်ဟစ် ရှောင်တိမ်း နေစဉ်မှာပင် ကံကောင်း က နို့ ကို စို့မိအောင် စို့တော့သည် ။ တကယ်တမ်း စို့ တော့လည်း ထင်သလောက် ကြောက်စရာ မကောင်းလှ ။ ဆင် နို့ စို့ သည် မှာ နူးညံ့ပေသားပဲ ။ သည်လိုနှင့် နို့မျက်သားကလေး ကံကောင်း ကို မလှပေါ သနားကြင်နာစွာ ဖြင့် နို့တိုက် မွေးခဲ့ရသည် ။ သို့သော် ဆင်အမေ က မလှပေါ တစ်ယောက် တည်း မဟုတ်သေး ။ ရွာ ထဲ မှ သားသည် အမေ အားလုံးပင် ကံကောင်း ၏ အတင်း လိုက် စို့မှုကြောင့် အသည်းတယားယား ၊ အူတယားယား နှင့် နို့ တိုက်ကြရလေသည် ။

ကံကောင်း တစ်ကောင်ထန်းလျက် နှင့် ထမင်းရည် ကို လှည့်၍ပင် မကြည့်တော့ပြီ ။ ဘဝဟောင်း က ဆင်မိဘများ ကို ကံကောင်း သတိ မရတော့ ။ ရွာသူရွာသား လူမိဘများ နှင့်အတူ ရွာ မှာ ပင် ကံကောင်း ပျော်နေလေပြီ ။ ထင်းခွေ သွားရာလည်း ကံကောင်း ပါသည် ။ ရေခပ် သွားရာလည်း ကံကောင်း လိုက်သည် ။ ထင်းတုံး ထင်းစည်းများကို နှာမောင်း နှင့် ပွေ့ လာပေးသည် ။ ရေပုံးရေအိုးများ ကို ဦးကင်း ပေါ်  ရွက် ကူလာသည် ။ လူမပါဘဲလည်း သူချည်း ထင်းခွေ ရေခပ် သွား တတ်သည် ။ ရွာသူရွာသားများ ၏ မနိုင်ဝန် ဟူသမျှကို ကံကောင်း က ပျော်ရွှင်စွာ ကူညီပေးသည် ။

ညအခါ လ,သာသာ မှာ ရွာ ထဲ က ကလေးအဖော်များ နှင့် ကစား ရလျှင် ကံကောင်း အပျော်ဆုံး ဖြစ်သည် ။ သူ လည်း လူကလေးငယ် တစ်ယောက် နှင့် မခြား ၊ ကစား တတ်သည် ။ စိတ် ကောက် တတ်သည် ။ ရန် ဖြစ် တတ်သည် ။သို့သော် မည်သည့် ကလေးမျှ ကံကောင်း ကြောင့် အနာတရ မဖြစ်ဖူးပေ ။ ရွာဦး ဆရာတော်ကျောင်း သို့ သွား၍ ငှက်ပျောသီးများ ၊ ကြံများ တောင်း စား တတ်သည် ။ ကျောင်းသားလေးများ ကို ရေတွင်း မှ ရေ ဆွဲ ကူတတ်သည် ။ ဆရာတော်ဘုရား မှ အစ လူကြီး လူငယ် ကလေး အဆုံး တစ်ရွာလုံး ၏ အချစ်တော်ကလေး ‘ ကံကောင်း ’ ။

ရွာ မှာ အလှူပွဲလမ်း ရှိလျှင် ကံကောင်း အလွန် ပျော်သည် ။ အလှူ့ရှင် က ငှက်ပျောသီး အဝ , ကျွေးသည် ။ ကကြိုးတန်ဆာ ဆင် ပေးသည် ။ လူရည် လည်နေသော ကံကောင်း က နှာမောင်း တမြှောက်မြှောက် ၊ ခြေ တကြွကြွ နှင့် ကရင်း ခုန်ရင်း ရှင်လောင်း လှည့် ပေးသည် ။ ဒိုးပတ်ဝိုင်း က မင်းသား နှင့် ကံကောင်း နှင့် အပြိုင် ။

ကံကောင်း တစ်ကောင် လူစကား နားလည် လိုက်ပုံ မှာ လည်း ဩချ လောက်သည် ။ သူ့ အမေ မလှပေါ က သူ့ ကို စမ်း လို၍ …

“ ကံကောင်း ရေ … တောင်ဘက် အိမ် က ငါးပိနည်းနည်း သွားတောင်း စမ်းဟေ့ ” ဟု ဆိုလိုက်လျှင် တောင်ဘက်အိမ် ကို မှန်အောင် သွား တတ်သည် ။ အိမ်ရှင်မ ရှေ့ မှာ နှာမောင်းကလေး ဆန့်ကာ သူ တောင်းသည် ။ အိမ်ရှင်မ ပေးသည့် ပစ္စည်း ငါးပိ မဟုတ်လျှင် သူ မယူ ။ နောက်ဆုံးတော့ အိမ်ရှင်မ က …

“ မလှပေါ ရေ ၊ ဘာ တောင်းခိုင်း လိုက်တာလဲ ဟေ့ ၊ ဒီမှာ ညည်း သား က ဆား ပေးလို့လည်း မပြန် ၊ နနွင်း ပေးလို့လည်း မပြန် လုပ် နေတယ် ”

“ ငါးပိ တောင်း ခိုင်းလိုက်တာပါ အေ ”

ဟု ပြန် အော်ရင်း မလှပေါ သဘော ကျစွာ ရယ်မိသည် ။ ဟော သားကလေး ကံကောင်း ငါးပိထုပ်ကလေး နှင့် ပြန်လာပါရောလား ။

သားကလေး ကို အမေ တို့ မွေးခဲ့ရသည်မှာ နှစ်ခါလည်ပင် ကျော်ပြီ ။ ဆင်လား မြောက်ပြီလို့ ဆိုရမလား ၊ မြင့်မြင့်မားမား ဖွံ့ဖွံ့ထွားထွားနှင့် ဆင်ပေါက်ကလေး ဖြစ်လာလေပြီ ။ အမေ စပါး ထောင်းလျှင် မောင်းနင်းကူ တတ်သည့် ကံကောင်း ၊ အဖေ ခရီး သွားလျှင် လိုက် ပို့တတ်သည့် ကံကောင်း ၊ လူသား ကလေး တောင် သည်လောက် လိမ္မာချင် မှ လိမ္မာမည် ။ လုပ်ဖော်ဝင်ချင် မှ ဝင်မည် ။ သူ့အတွက် အဝတ်အစားဖိုးလည်း မလို ၊ တစ်ခုပဲ ရှိသည် ။ အစားအသောက် ။

သည်အတွက်လည်း သစ်ပင်ဥယျာဉ် နှင့် စိမ်းစိုသော ရွာကလေး မှာ ဘယ် ခြံဝ ရပ်လိုက်ဦးမည်လဲ ။ ကံကောင်း ဖို့ ငှက်ပျောပင် ၊ ကြံပင်တွေ အဆင်သင့် ။ တစ်ရွာလုံး ၏ အချစ်တော် ကံကောင်း ။ အဖေ အမေတို့ ၏ အသည်းကျော် ကံကောင်း ။ ရွာနီးချုပ်စပ်တွေ ကလည်း ကံကောင်း မှ ကံကောင်း ၊ သူတို့ ရွာ မှာ အလှူပွဲတွေ လုပ် လျှင် ကံကောင်း ပါ မှ ပွဲ စည်သည် မဟုတ်ပါလော ။

ကံကောင်း ၏ သတင်းကား တစ်နယ်လုံး တွင် မွှေးလျက် ။ ထိုသို့ မွှေး ရခြင်း သည် ပင် ကံကောင်းကလေး ကံဆိုး ဖြစ် ရတော့မည့် အကြောင်းရင်း ဖြစ်သည် ကို မည်သူမျှ မသိခဲ့ကြ ။ ထို ကြမ္မာဆိုး သည် တစ်ခုသော နံနက် တွင် ဆိုင်းမဆင့် ဗုံမပါ ဆိုက်ရောက် လာခဲ့သည် ။

“ မင်းသမီး သင်္ဘောကြီး ဆိုက် တယ်ဟေ့ ၊ ဘာ လာ လုပ်တာလဲ မသိဘူး ”

ရွာသူရွာသားများ ဆူညံဆူညံ ပြောကာ မြစ်ဆိပ်ကမ်း သို့ ပြေးကြည့်ကြသည် ။ ခါတိုင်း ရွာ မှာ မဆိုက်ဘဲ ဖြတ်ဖြတ်ခုတ်သွားသည့် သင်္ဘောကြီး ၊ လူမပါ ကုန်မပါ နှင့် ဆိုက် လာသည် မှာ ထူးဆန်းလှချေသည် ။ ဟော … သင်္ဘော ပေါ် က ကုလ-ားဖြူဗိုလ်တစ်ယောက် ၊ ကုလ-ားမည်း စစ်သားငါးယောက် နှင့် ရိုးရိုး လူနှစ်ယောက် ဆင်း လာကြသည် ။ ဗိုလ် က ခါး မှာ ဗျောက်ကြီး ချိတ် ထားသည် ။ ကုလ-ားစစ်သားတွေ က သေနတ်ကြီးတွေ ကိုယ်စီ လွယ် ထားသည် ။ လူနှစ်ယောက် က မူ ဓား ၊ လှံ ၊ ချွန်းများ နှင့် ဆင်ဦးစီးများ အသွင်အပြင် ရှိသည် ။ သူတို့ ၏ ဦးတည်ရာကား သူကြီး အိမ် ဖြစ်သည် ။ ရွာသားများ လည်း တစ်ယောက် တစ်ပေါက် ဝေဖန် ပြောဆိုရင်း မလှမ်းမကမ်း မှ လိုက်သွားကြသည် ။ သူကြီးအိမ် ရှေ့တွင် မယောင်မလည် လုပ်ကာ အကဲခတ် ကြသည် ။ ခဏကြာလျှင် သူကြီး က ဦးဆောင်ကာ ရွာထဲ သို့ ထွက်သွားကြသည် ။ သူကြီးမျက်နှာ မကောင်းလှသဖြင့် ရွာသားများ ရင် ထိတ်နေကြသည် ။ ကိုနက်မောင် တို့ အိမ်ဝင်း ထဲ သို့ သူကြီး တို့ ဝင် သွားကြသည် ။ ကိုနက်မောင် ကား မရှိ ။ စက္ကဝါဖော်ရန် အင်း ထဲ သို့ သွားနေသည် ။ မလှပေါ တို့ သားအမိ သာ စပါး ထောင်း နေကြသည် ။ မလှပေါ က မောင်းဦး မှာ ၊ ကံကောင်း က မောင်းမြီးမှာ ။ သူကြီး က မလှပေါ ကို စကား တစ်ခွန်း နှစ်ခွန်း ပြောလိုက်သည် ။ ကုလ-ားများနှင့် လူနှစ်ယောက် က ကံကောင်း ကို ဝိုင်း ထားလိုက်ကြသည် ။ ကံကောင်း ခမျာ ဘာကိုမျှ နားမလည် ။ မျက်လုံးကလေး ကလယ်ကလယ် နှင့် အမေ ကို ကြည့် နေရှာသည် ။

“ ကိုနက်မောင် စက္ကဝါ ဖော် သွားတာ လိုက် ခေါ်ပါရစေဦး သူကြီး ရယ် ”

တုန်ယင်သော အသံ ဖြင့် သူကြီးထံ ခွင့် တောင်းကာ မလှပေါ တစ်ယောက် အင်းဘက် သို့ ဦးတည်၍ ပြေး လေပြီ ။ ပခုံးဘက် မှ ပုဆိုးစုတ်ကလေး ကား တလူလူ လွင့်လျက် ။လင်မယားနှစ်ယောက် အပြေးအလွှား ပြန် ရောက်လာသောအခါ ကံကောင်း မရှိတော့ ။ သင်္ဘောဆိပ် သို့ ခေါ်သွားကြလေပြီ ။ အပြေးလိုက် ကြပြန်သည် ။ မြင်ကွင်းကား သူတို့ လင်မယား ကို ရင်ခေါင်းသွေး ဆို့ စေတော့သည် ။ ကံကောင်းကို သင်္ဘော ပေါ် သို့ အတင်း တက် ခိုင်းနေကြသည် ။ လှံ နှင့် ထိုး သူ က ထိုး ၊ ချွန်း နှင့် ပေါက် သူ က ပေါက် ၊ ကံကောင်း ကား အသား သာ အနာ ခံသည် ။ သင်္ဘော ပေါ် သို့ မတက် ။ ပေကပ် ၍ သာ နေသည် ။ ကုလ-ားတစ်ယောက်က သေနတ် ဖောက် ကာ ခြောက်လှန့် လိုက်သည် ။ တစ်သက်တွင် တစ်ခါမျှ မကြားဖူးသော ထိုအသံကြောင့် ကံကောင်း ခမျာ ဆောက်တည်ရာ မရအောင် ပင် တုန်လှုပ် သွားရှာသည် ။ ထိတ်လန့်စွာဖြင့် နောက်ကြောင်း ပြန်လှည့် ပြေးလေရာ ကိုနက်မောင် တို့ ကို မြင်သွားလေသည် ။ ဦးတန်း၍ ပြေးကာ မိဘရင်ခွင် သို့ တိုးဝင်ရှာသည် ။ ကိုနက်မောင် က ခေါင်းကလေး ကို ပွတ် ပေးကာ ချော့မော့သည် ။ မလှပေါ က ကံကောင်း ကို ဖက်၍ ငိုသည် ။ မိဘနှစ်ပါး နှင့် သားကလေး ၏ မျက်ရည်များ ရောနှော စီးဆင်းရလေပြီ ။

“ ကျုပ်တို့ သားကလေး ကို ခေါ် မသွားကြပါနဲ့ တော် ၊ မခေါ်အောင် ပြောပေးပါဦး သူကြီး ရယ် ”

“ အစိုးရမင်းတွေ အမိန့် ကို ငါတို့ ဘယ်မှာ လွန်ဆန် ရဲပါ့မလဲ ဟယ် ၊ ဒီ အရွယ် အထိ လက်ခံထားတာကို လွန် နေပြီတဲ့ ၊ မင်းဘဏ္ဍာ ကို လာ မဆက်သရကောင်းလား လို့ သခင်ကြီး က စိတ်ဆိုးနေတယ် ”

ထိုအခိုက် မျက်နှာဖြူဗိုလ် က ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလေရာ သူကြီး မှာ ပျာပျာသလဲ လက်အုပ်ချီရင်း ..

“ မှန်ပါ့ဘုရား ၊ ကောင်းပါပြီဘုရား ” နှင့် ဖြစ်နေလေတော့သည် ။

“ ဒီလို နေလို့ ဖြစ်ကြမှာ မှ မဟုတ်တာ နက်မောင် ရာ ၊ ကံကောင်း ကို ချော့ပြီး သင်္ဘော ပေါ်  တင် ပေးပါ ကွာ ”

“ ဟာ မလုပ်နိုင်ဘူး သူကြီး ၊ ဘယ်နည်းနဲ့ မှ မလုပ်နိုင်ဘူး ၊ ကျုပ်တို့ သားကလေး ကို မခွဲနိုင်ဘူး ၊ ကျုပ် ကို သတ်ချင်သတ် သွားပါစေ ”

“ တယ်ခက်တာပဲ ကွာ ၊ မင်း ပြောတာ လွယ်တယ် ၊ တစ်ရွာလုံး ဒုက္ခ ရောက်ကုန်လိမ့်မယ် နော် ၊ လုပ်ပါ နက်မောင် ရာ ”

သူကြီး စကား မဆုံးခင် ပင် စစ်သားနှစ်ယောက် က ကိုနက်မောင် နှင့် မလှပေါ ကို  သေနတ် နှင့် ချိန် ထား လိုက်ကြသည် ။ ကျန် စစ်သားများ က ဝိုင်းကြည့်နေသော ရွာသားများ ကို သေနတ် နှင့် ချိန်သည် ။ ကုလ-ားဖြူဗိုလ် က သူကြီး ၏ မျက်နှာ ရှေ့တွင် ဗြောက် တယမ်းယမ်း နှင့် ။

“ အားလုံး သေမယ် ၊ အားလုံး သေမယ် ”

ဟု ထပ်တလဲလဲ အော်ဟစ်ရေရွတ်နေသည် ။ ကြောက်ရွံ့ထိတ်လန့်နေသော ရွာသားများ ကို ကြည့်ကာ ကိုနက်မောင် အားမတန် မာန် လျှော့ရလေပြီ ။ ကံကောင်း ၏ နှာမောင်းကလေး ကို လက် ဖြင့် ယုယစွာ ပိုက်ကာ သင်္ဘော ပေါ် သို့ တက်ရရှာတော့သည် ။ မျက်ဝန်း တွင် မျက်ရည်များ ရစ်ဝဲနေသည် ။ မျက်ရည် တွေတွေ စီးကျနေသော မလှပေါ ခမျာလည်း ကံကောင်း အား ဖက်၍ သင်္ဘော ပေါ် လိုက် တက်သည် ။ ကံကောင်း သင်္ဘော ပေါ်ရောက် လျှင်ပင် ဆင်ဦးစီး နှင့် ပဲ့ချိတ် က ကံကောင်း ကို ထူး ခတ်လိုက်သည် ။ ကံကောင်း မှာ သင်္ဘော ပေါ် ရောက် လာပြီး ထူး ခတ်ခံရသည် အထိ ငြိမ်ငြိမ်ကလေး နေ ရှာသည် ။ မိဘနှစ်ပါး အနားတွင် ရှိ နေ၍ အားရှိနေရော့သည် ထင့် ။ သို့သော် ကုလ-ားစစ်သားများ က ကိုနက်မောင် တို့ လင်မယားကို သေနတ် ဖြင့် ချိန်ကာ သင်္ဘော ပေါ် က ဆင်း ခိုင်းသည် ။ သင်္ဘောကုန်းဘောင် ကို အမြန် နုတ်ကာ စက်နှိုး ကြတော့သည် ။ သင်္ဘောစက်သံ ကြား သောအခါ ကံကောင်း ကြောက်လန့်ကာ မျက်လုံးကလေးများ ပြူးကျယ်လာသည် ။ အဖေ နှင့် အမေ တို့လည်း အနား တွင် မရှိတော့ ။

ကြောက်စိတ် မှ ဒေါသစိတ် သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည် ။ တစ်သက်လုံး နူးညံ့သိမ်မွေ့ခဲ့သော ကံကောင်း သောင်းကျန်းလေပြီ ။ နှာမောင်း မီရာတွေ ကို ဆွဲယမ်းသည် ။ ရိုက်ချိုးရိုက်ဖဲ့သည် ။ ထူး ကို ပြတ်အောင် ရုန်းသည် ။ ကံကောင်း ဝုန်းဒိုင်းကြဲနေမှုကြောင့် သင်္ဘောတစ်စင်းလုံး ယိမ်းထိုး လူးလိမ့် နေတော့သည် ။ ကုလ-ားများ အစီအစဉ် ပြောင်းကြ ပြန်သည် ။ သင်္ဘောစက် ကို ရပ် ၊ ကုန်းဘောင် ပြန် ထိုးကာ ကံကောင်း ကို ပြန် ဆင်းစေသည် ။ အဖေ နှင့် အမေ ကြားတွင် ဝမ်းသာဝမ်းနည်း မျက်ရည် လည်ရွဲ ဖြင့် ရပ် နေရှာသော ကံကောင်း ကို ဆင်ဦးစီးနှင့် ပဲ့ချိတ်က ဓားများ လှံများ ကိုင်ကာ စောင့်ကြသည် ။ စစ်သားများ ကလည်း သေနတ်များ နှင့် ချိန်ထားသည် ။ ကုလ-ားဖြူဗိုလ် က သူကြီးအား တစ်စုံတစ်ခု ခိုင်းသည် ။ သူကြီး က ရွာသားများအား ပြန်ရှင်းပြသည် ။ သင်္ဘော ပေါ် မှာ ကံကောင်း ကို ထားရန် ခြံ တစ်ခု လုပ် ရမည် တဲ့ ။ မည်သူမျှ မလုပ်လိုကြ ။ သို့သော် ကုလ-ားစစ်သားများ က သေနတ်များ နှင့် ချိန်ကာ ခိုင်းစေမှုကြောင့် သစ်လုံးများ နှင့် ကာရံထားသော အခန်း တစ်ခု ပြီးသွားသည် ။ ကိုနက်မောင် တို့ လင်မယား ကား မည်သည့်စကားမျှ မဆိုနိုင်ဘဲ မျက်ရည်စမ်းစမ်း နှင့် သာ နေရှာကြသည် ။

ကံကောင်းလေး လည်း မျက်ရည်တွေတွေ ကျလျက် ။ ရွာသူရွာသားများ လည်း မငိုဘဲ မနေနိုင်ကြပြီ ။ ကုလ-ားဖြူဗိုလ်က လက်ဟန်ခြေဟန် ဖြင့် ကံကောင်း ကို သင်္ဘော ပေါ် သို့ တင် ခိုင်းပြန်သည် ။ ကိုနက်မောင် မငြင်းဆန်နိုင် ။ ကံကောင်း ကို သစ်လုံးခန်းထဲ ထည့်ကာ လုံအောင် ပိတ်ဆို့နေကြချိန်တွင် သတိ လစ်နေသော မလှပေါ ကို ဝိုင်းဝန်းပြုစုနေကြရသည် ။ ထိုအထဲတွင် ကိုနက်မောင် မပါဝင်ပေ ။ သေနတ် နှင့် ချိန်ထားသော စစ်သားများရှေ့တွင် ရပ်ကာ သစ်လုံးခန်း ထဲ မှ ကံကောင်း ကို ချော့မော့နေရသည် ။ ကံကောင်း ကား အဖေ့ အသံ ကို ကြား လျှင် ငြိမ် နေရှာသည် ။ သင်္ဘောဥဩ ဆွဲကာ စက်နှိုး ပြန်လေပြီ ။ ကံကောင်း ခမျာ ဆောက်တည်ရာ မရတော့ ။

ကျယ်လောင်စွာ အော်ဟစ်ရင်း သစ်လုံးများ ကို ခေါင်း နှင့် တိုက် ၊ နှာမောင်း နှင့် ရိုက် ၊ ခွာနှင့် ရှပ် ကာ ချိုးဖျက်ရန် အမျိုးမျိုး ကြိုးစားလေသည် ။ အားကောင်းမောင်းသန် ဆင်ပေါက်ကြီး မဟုတ်သဖြင့် သစ်လုံးခန်း ကျိုးပျက်အောင် ကံကောင်း မစွမ်းဆောင်နိုင်ရှာ ။ ခြေကုန်လက်ပန်း သာ ကျရတော့သည် ။ ကုလ-ားတစ်ကောင် က ကိုနက်မောင် ကို သေနတ် နှင့် တွန်းထိုးကာမောင်း ချသဖြင့် ကိုနက်မောင် ကုန်း ပေါ် သို့ ခုန် ချလိုက်ရသည် ။ မလှပေါ ကား သတိ မရတစ်ချက် ရ တစ်ချက် ။ အဖေ နှင့် အမေ ကို မျက်ခြည် ပြတ် မခံ ကြည့် နေသော ကံကောင်းလေး ၏ အော်သံ ကားဆိပ်ကမ်း တစ်ခုလုံး ပဲ့တင်ထပ်လျက် ရှိသည် ။

မင်းသမီးသင်္ဘောကြီး လည်း ကသာမြို့ ရှိရာ အထက်သို့ ဆန်လေပြီ ။ ကိုနက်မောင် နှင့် မလှပေါ ကို ရွာသူရွာသားများ က ဝိုင်းဝန်းဖေးမကာ ရွာ သို့ ခေါ်ဆောင်သွားကြသည် ။ ကံကောင်း ကား သစ်လုံးခန်း ကို ဖျက်ရန် အားသွန်ကြိုးပမ်းလိုက် ၊ အော်ဟစ်လိုက် ၊ အမောဆို့ကာ နားလိုက် နှင့် သင်္ဘောကြီး ခေါ်ဆောင်ရာ သို့ ပါသွားရှာသည် ။ သစ်လုံးခန်းတစ်ခုလုံးကား သွေးခြင်းခြင်း နီရဲလျက် ။

ကသာဆိပ်ကမ်း သို့ သင်္ဘောကပ် လျှင် ဆင်ဦးစီး ၊ ပဲ့ချိတ် နှင့် စစ်သားများ ဝိုင်းဝန်းကာ ကံကောင်း အား ကမ်းပေါ်သို့ တက် စေကြသည် ။ သစ်လုံးခန်း အတွင်း ခွေခွေကလေး အိပ် နေရှာသော ကံကောင်း ကား လေးလံသော ခြေလှမ်းများဖြင့် ကမ်း သို့ တက်လေသည် ။

ကမ်းပေါ်သို့ ရောက်လျှင် ဆက် မသွားဘဲ တွေတွေကြီး ရပ်နေသည် ။ ပြီးလျှင် တောင်ဘက်သို့ ဦးလှည့်လိုက်သည် ။ နှာမောင်းကလေး ကို အပေါ် သို့ မြှောက် ကာ တုန်ယင်လှိုက်လှဲသော ဝမ်းခေါင်းသံလေးဖြင့် စူးစူးဝါးဝါး တစ်ချက် အော် လိုက်သည် ။ ကိုယ်လုံးကလေးမှာ တဆတ်ဆတ် တုန် နေသည် ။ အော်သံ အဆုံးတွင်မူ မြေပေါ်သို့ လဲကျကာ သေဆုံး သွားတော့သည် ။

ကံကောင်း ခမျာ ရင်ကွဲနာ ကျရှာလေပြီတည်း ။ ခန္ဓာကိုယ် ဒဏ်ရာ ထက် အသည်းနှလုံးဒဏ်ရာက ပိုမို ပြင်းထန်လှချေသည် တကား ။

◾ငြိမ်း ( ရွှေလီ )

📖 စံပယ်ဖြူမဂ္ဂဇင်း
      ၁၉၉၂ ၊ နိုဝင်ဘာလ

aung naing oo
4 Aug 2022
.

No comments:

Post a Comment