အပိုင်း ( ၂ )
ကျောင်း တက် ရသည် ကို ကိုယ် မပျော်ချေ ။ ဒါဆိုလျှင် အိမ် မှာပဲ နေတော့ ကော ပျော်မှာလားဆိုလျှင် အိမ် မှာ လည်း မပျော်ပါ ။ ဘာလို့ဆို ကျောင်း မတက်ဘဲ အိမ် မှာ နေလျှင်လည်း ကိုယ် တစ်ယောက် တည်း ပဲ နေရမည် ။ ဖေဖေ နှင့် မေမေ တို့ က နေ့ခင်း ဆို အိမ် မှာ မှ မရှိဘဲ ။
တီချာမေ က တော့ ကိုယ့် ကို ချစ်ပါသည် ။ တီချာမေ သည် ကိုယ် တို့ ခြောက်တန်း အေ က အတန်းပိုင် ဆရာမ ဖြစ်သည် ။ မြန်မာစာ သင်သည် ။ စာ အသင်အပြ လည်း အလွန် ကောင်းသည် ။ သဘော လည်း ကောင်းသည် ။ ပြီးတော့ မြန်မာစာ သင်ရသည် ကို ကိုယ် ပျော်ပါသည် ။ သို့သော်လည်း တီချာမေ သည် အတန်းပိုင် ဖြစ်သောကြောင့် ပထမဦးဆုံး တစ်ချိန် သင်ပြီးလျှင် တစ်နေ့လုံး ပြန် ရောက် မလာတော့ပါ ။ ပြောစရာ အကြောင်းထူး ရှိမှပင် ခဏ ပြန် လာတတ်လေသည် ။ တခြား ဆရာ ၊ ဆရာမများ သည် အတန်းပိုင် မဟုတ်သောကြောင့် အတန်း ထဲ က လူများ အကြောင်း ကို မသိချေ ။
သင်္ချာဆရာ သည် ကိုယ့် အကြောင်း ကို မသိဆုံး ဟု ထင်၏ ။ သင်္ချာ ကို ကိုယ် စိတ် မဝင်စားပါ ။ သင်္ချာ တစ် ရော ၊ သင်္ချာ နှစ် ရော တကယ်တော့ ကိုယ် သည် သင်္ချာ ညံ့ သူ မဟုတ်ပါ ။ ကိုယ် က ဉာဏ်ကောင်းသည် ဟု တီချာမေ က ပြော ဖူးပါသည် ။ သင်္ချာတစ်ပုဒ် ကို တစ်ခါ တွက် ပြလျှင် ကိုယ် နားလည်ပါပြီ ။ ဆရာ က မူ နောက်ထပ် သုံးခါလောက် ထပ် ၍ တွက် ပြတတ်ပြန်သည် ။ ကိုယ် နားလည်ပြီးသား ဖြစ်သောကြောင့် နောက်ထပ် ရှင်း ပြသော အခါများ တွင် ဆရာ ကို ကြည့် မနေတော့ပါ ။ ကိုယ့် ဘာသာ မြန်မာဖတ်စာအုပ် ထုတ်၍ ဖတ်ချင် ဖတ်သည် ။ ဒါမှမဟုတ် အတန်းပြင် သို့ ငေးကြည့်ချင် ကြည့် နေလိုက်သည် ။ ဒါ ကို ဆရာ က မကျေနပ်ချေ ။ သူ ပြနေတာ ကို မကြည့်ရကောင်းလား ဆိုပြီး ကိုယ့် ကို ခဏခဏ ဆူသည် ။
ဆရာ သည် ထို အကြောင်းများကြောင့် ကိုယ့် ကို မုန်း နေသလား မသိပါ ။ ကိုယ့် ကို ဆိုလျှင် အမြဲလိုလို အပြစ် ရှာနေတတ်သည် ဟု ထင်၏ ။ သင်္ချာ ကို ကိုယ် စိတ် မဝင်စားဘဲ ဖြစ်လာရသည့် အကြောင်း ကို ပြောပြချင်သည် ။
အရင်က ဆိုလျှင် သင်္ချာ တွက် ရသည် ကို ကိုယ် တကယ် ပျော်ပါသည် ။ ကျောင်း မှ အိမ် သို့ပြန် ရောက်ပြီ ဆိုလျှင် လွယ်အိတ် ကို စားပွဲ ပေါ် ပစ်တင်ပြီး ရေ မြန်မြန် ချိုးသည် ။ ထမင်း မြန်မြန် စားသည် ။ ပြီးသည် နှင့် သင်္ချာ တွက်လေတော့သည် ။ အိမ်တွက် တွေ အကုန် ပြီးပြီ ဆိုမှ ကိုယ် ကစားသည် ။ ငါးတန်း မှ ခြောက်တန်း တက်ပြီး နှစ် စလောက်တွင် ကိုယ် အရမ်း ဖျားလေသည် ။ တစ်လ နီးပါးလောက် ကျောင်း မတက် နိုင်ဘဲ ဖြစ်ရသည် ။ ကျောင်း ပြန် တက်နိုင်သော အခါ တခြား ဘာသာတွေ ကို ပြန် မီအောင် လိုက် နိုင်သော်လည်း သင်္ချာ တွင် မလိုက်နိုင်တော့ပါ ။ သင်္ချာ ဆိုတာ အမြဲ တွက်နေ နိုင်မှ တိုးတက်မှု ရှိတယ် ဟု ဆရာ က ပြောဖူးသည် ။ ကိုယ် သည် ကျောင်း ပျက်ခဲ့သော ရက်တွေတုန်း က သင်ခန်းစာတွေ ကို နား မလည်တော့ ။ ခု ကျောင်းပြန် တက်မှ သင်သော ပုစ္ဆာတွေ ဆိုလျှင် ပို၍ နား မလည်ဘဲ ဖြစ်ရသည် ။ ရှေ့က ဟာတွေ ကို တတ် ထားမှ ခု ဟာတွေ ကို တွက်လို့ ရမည် ထင်သည် ။
အတန်း ထဲ က သူငယ်ချင်းတွေ ကို မေး ကြည့်ဖို့ က လည်း မလွယ်ချေ ။ ကိုယ် တို့ အတန်း သည် စာ အတော်ဆုံး လူ တွေ စု ထားသော အေ တန်း ဖြစ်သည် ။ အတန်း ထဲ က ကောင်တွေ သည် တစ်ယောက် နှင့် တစ်ယောက် စာ အတော် ချင်း အမြဲ ပြိုင် နေကြသူများ ဖြစ်သည် ။
တစ်ယောက် ယောက် က သာ သွားလျှင် အမြဲ မနာလို ဖြစ် နေတတ်ကြလေသည် ။ သူတို့ ကို ကျော် တက်၍ အဆင့် တစ်နေရာ ကို ခဏခဏ ရ တတ်သော ကိုယ့် ကို သူတို့ ရှင်း မပြချင်ကြချေ ။ တင်အောင်ခိုင် တစ်ယောက် သာ ကိုယ့် ကို ကူညီဖော် ရလေသည် ။ သူ ကလည်း စာသာ တော်သည် ။ ရှင်းမပြတတ်ချေ ။ သူ့ ဘာသာ သူ တတ် သော်လည်း ကိုယ် နားလည်အောင် ပြော မပြတတ် ။
“ ငါ သိတော့ သိ တယ်ကွ ၊ မင်း သိအောင် ဘယ်လို ပြော ပြရမှန်းတော့ မသိဘူး ” ဟု ခေါင်း ကုတ်ရင်း ပြောလေ၏ ။
သင်္ချာဆရာ ကို ကား ကိုယ် လုံးဝ မမေးရဲချေ ။ ဆရာ သည် ကိုယ့် ကို ကြည့်လို့ မရသူဖြစ်သည် ။ ကိုယ့် ကို ပြ မပေးဘဲ ဟောက် လိမ့်မည် ဟု ထင်သည် ။ တင်အောင်ခိုင် ကတော့ ပြော သည် ။ ဆရာ ဆိုတာ ဘယ် ကျောင်းသား ကို မှ မမုန်းဘူး ။ တပည့်တွေ အားလုံး ကို ချစ်တာပဲ လို့ တီချာမေ ပြော ဖူးတယ် မဟုတ်လား တဲ့ ။
တီချာမေ ကတော့ ဟုတ်ချင် ဟုတ်မည် ။ သင်္ချာဆရာ ကတော့ ဟုတ်ချင် မှ ဟုတ်မည် ဟု ကိုယ့် စိတ် ထဲ စွဲ နေပါသည် ။ ပြီးတော့ ကိုယ် သည် သင်္ချာဆရာ နှင့် မျက်နှာချင်းဆိုင် စကား ပြော ရမည် ကို ပင် လန့် နေလေသည် ။ ထို့ကြောင့် ကျောင်း ပြန် တက်ပြီး တစ်ပတ် ၊ နှစ်ပတ် လောက် အကြာ တွင် ကိုယ့် အခြေအနေ သည် ပို ဆိုးလာ၏ ။
အိမ် မှ မေမေ့ ကို ပြခိုင်းမည် ဟု စိတ်ကူး ကြည့်သည် ။ မေမေသည် ရုံး က ပြန် လာသော အခါ “ မောလိုက်တာကွယ် ” ဟု ညည်း တတ်သည်ကို ကိုယ် ကြားဖူးသည် ။ ထို့ကြောင့် မေမေ့ ကို သနားသဖြင့် မမေးဖြစ်ခဲ့ ။ နောက်ဆုံး မသိတာတွေ များ လာတော့ မှ တနင်္ဂနွေနေ့ တစ်နေ့ တွင် မေး ရလေတော့သည် ။ မေမေ သည် ငယ်ငယ်တုန်း က စာတွေ မေ့ ကုန်သောကြောင့် သင်္ချာ တစ်ပုဒ် တစ်ပုဒ် ကို တော်တော်ကြာအောင် ရှင်းပြ ရသည် ။ မေမေ ရှင်းပြ ပုံ ကလည်း တင်အောင်ခိုင် နှင့် သိပ် မထူးလှပါ ။ ဖေဖေ့ ကို မူ မေးဖို့ အချိန်ပင် မရ ။ ပြီးတော့ မေး လည်း မမေးရဲ ။ အန်တီလူး ကိုတော့ စိတ်ကူးထဲပင် မထည့်မိ ။ ခုနေခါ ဦးလေးဦးမောင်မောင်ကြီး လာလျှင် ကောင်းမည် ။ သူ ကလည်း ခုရက်ပိုင်း ကိုယ်တို့ မြို့ ကို ရောက် မလာခဲ့ချေ ။
မေမေ က စာ ရှင်းပြရင်း က ပြောပါသည် ။
“ သား .. စာတွေ မလိုက်နိုင်ဘူးလား ၊ ဒီလိုဆို ကျူရှင် ယူ မှ ထင်တယ် ”
ကိုယ် လန့်သွား၏ ။ ကျူရှင် ကို လုံးဝ မတက်ချင်ပါ ။ ကိုယ့် မှာ မနက် ရှစ်နာရီ မှ ညနေ သုံးနာရီထိ လည်း ကျောင်း တက်ရသေးသည် ။ သည်ကြားထဲ က ကျူရှင် ကို ထပ် တက် ရဦးမည် ဆိုလျှင်တော့ ကိုယ့် မှာ အချိန်ဆိုလို့ ဘာများ ကျန်တော့မှာပါလဲ ။ အရေးကြီးဆုံး ကတော့ မေမေ့ နား မှာ နေရမည့် အချိန်နှင့် တနင်္ဂနွေ မနက်ပိုင်း ဖေဖေ နှင့် စကား ပြောခွင့် ရမည့် အချိန် တို့ မရနိုင်တော့မှာ ကို စိုးရိမ်ခြင်း ဖြစ်သည် ။
ထို့ကြောင့် ...
“ အို ... ကိုယ် စာ လိုက်နိုင်ပါတယ် ၊ ခုဟာက ဒီနေ့ သင်တာကလေးပဲ ”
"သား က ဆရာ စာ သင်တာ ကြည့် မနေလို့လား ”
"ဟုတ်ပါဘူး ၊ ဒီနေ့ သင်္ချာအချိန် မှာ ကိုယ် က ဟိုဥစ္စာ ဗိုက်နာ လို့ ဟုတ်တယ် ၊ အဲဒါ အိမ်သာ သွားတာ နဲ့ လွတ်သွားလို့ ”
နောက်တစ်နေ့ က စပြီး မေမေ့ ကို မမေးတော့ ။ တီချာမေ တစ်ယောက် ပဲ ကျန်တော့သည် ။ တီချာမေ ကို မေးလို့ လုံးဝ မဖြစ်နိုင်ပါ ။ မေးလျှင် သင်္ချာဆရာ ကို ဘာလို့ မမေးလဲ လို့ မေး လျှင် ကိုယ် ဘယ်လို ဖြေရမည်မသိ ။ ဗုဒ္ဓဟူးနေ့ တွင် သင်္ချာ နှစ်ချိန် ဆက် ရှိသည် ။ ဆရာ က ပုစ္ဆာတွေ ကို အတန်းထဲ မှာ ပင် တွက်ပြီး ချက်ချင်းလာ ပြစေသည် ။ ခါတိုင်းနေ့တွေ က အိမ်စာ တွက်ခိုင်းသော ပုစ္ဆာများ ကို တင်အောင်ခိုင်စာအုပ် ထဲ က ကူး ရေးပြီး စာအုပ် ထပ် ခဲ့သောကြောင့် ဆရာ မသိ ။ သည်နေ့ ကျတော့လည်း အဲဒီလို လုပ်လို့ မရတော့ ။ ဆရာ က ပုံနှိပ်စာအုပ် ထဲ မှ ပုစ္ဆာငါးပုဒ် ကို ရွေးပြီး တွက်ခိုင်းသည် ။ ကိုယ်တို့ အတန်း မှာ ကိုယ့် စားပွဲ နှင့် ကိုယ် ကိုယ့်ကုလားထိုင် နှင့် ကိုယ် တစ်ယောက်စီ ထိုင်ရခြင်း ဖြစ်သည် ။ တင်အောင်ခိုင်ဆီ က စာအုပ်ကို လှမ်း ယူ၍ ကူးဖို့ မလွယ်ချေ ။ သူ ပင် တွက်လို့ မပြီးသေး ။ ကိုယ် တို့ တွက် နေကြတုန်းတွင် ဆရာ သည် ခုံတွေ ကြား ထဲ လျှောက် သွားပြီး လိုက်ကြည့်နေသည် ။
ကိုယ် သည် သိပ် နားမလည်သော်လည်း ကြိုးစားပြီး တွက်ကြည့်သည် ။ တွက်လို့ မရ ။ အက္ခရာ သင်္ချာ ဖြစ်နေသောကြောင့် ပို ဆိုးသည် ။ ကိုယ် မသိမသာ လှည့် ကြည့်သောအခါ ဆရာ သည် ကိုယ် တို့ ဘက်သို့ ကွေ့ ဝင် လာသည် ကို မြင်ရ၏ ။ ကိုယ့် ရင် သည် တဒိတ်ဒိတ် ခုန် လာသည် ။ ဆရာ့ ခြေသံ သည် တရှပ်ရှပ် မြည်နေရာ မှ ရပ် သွားသည် ။ ကိုယ် လှည့် မကြည့်ရဲသော်လည်း ဆရာ သည် ကိုယ့်နား မှာ လာ ရပ်နေကြောင်း သိလိုက်သည် ။ ဆရာ့ လက် သည် ကိုယ့် စာအုပ် ပေါ် သို့ တင် လိုက်သောအခါ ကိုယ် ဆတ်ခနဲ တုန် သွားသည် ။ ဆရာ့ လက်ထဲတွင် ဘောလ်ပင် တစ်ချောင်း ၊ ကိုယ် တွက် ထားသော သင်္ချာပုစ္ဆာ ပေါ် တွင် မင်အနီ ဖြင့် ကြက်ခြေ ခတ်ကြီး ခြစ်လိုက်သည် ။ စာရွက် တစ်ခုလုံး အပြည့် လောက်နီးပါး ခြစ်ချပစ်လိုက်ခြင်း ဖြစ်သည် ။
“ ထစမ်း ”
ကိုယ် မတ်တတ် ရပ်သည် ။ ဆရာ့ ကို မကြည့်ရဲ ။
“ သိပ် ဟုတ်တဲ့ ကောင်ပဲ ကွ ၊ ဟေ့ ... အားလုံး ကြားဖူးကြရဲ့လားကွ ၊ သုံး ကကြီး ထဲ က နှစ် ကကြီး နုတ်တာ တစ် ကကြီး ကျန်တယ် တဲ့ ”
ရယ်သံများ ခပ်တိုးတိုး ထွက် လာသည် ။ ကိုယ် ဆရာ့ ကို ဖျတ်ခနဲ မော့ ကြည့်မိသည် ။ ဆရာ့ မျက်လုံးများ သည် ဒေါသ ဖြစ် နေကြသည် ။
“ တစ်ကကြီး ဆိုတာ ရှိလို့လားကွ ဟင် ၊ ပြီးတော့ မင်း တွက်ထားတာ အမှားတွေချည်းပဲ ၊ ငါ ပြ နေတုန်းက မင်း ဘယ်လျှောက် ငေး နေသလဲ ”
ဆရာ့ အသံ သည် ပို၍ ကျယ်လာသည် ။
“ ပြောစမ်း ”
ကိုယ် ဘာမျှ ပြန်မဖြေမိ ။
“ ပြောလေကွာ ”
ဆရာ သည် ကိုယ့် ပါးပြင် ပေါ်တွင်လည်း ဘောလ်ပင် နှင့် ကြက်ခြေခတ် တစ်ခု ခြစ် ပစ်လိုက်သည် ထင်သည် ။ ပြီးတော့ ရအောင် တွက် ဟု ပြောပြီး ထွက် သွားသည် ။ ကိုယ့် ပါးကို လက် ဖြင့် စမ်း သည် ။ ပြန် ကြည့်သောအခါ လက်ချောင်းကလေးများ တွင် မင်နီတွေ စွန်းပေ လာသည် ။ စိတ် ကို တင်း ထားသော်လည်း ကိုယ် မျက်ရည် ဝဲ လာလေသည် ။
ကိုယ့် မှာ အားငယ် တတ်သော စိတ် လည်း ရှိသည် ထင်၏ ။ တခြားသူတွေ နှင့် ယှဉ်လိုက်လျှင် ကိုယ် က အလျှော့ ပေး လိုက်ရတတ်သည် ။ ကိုယ် က သူတို့ ထက် အသက် လည်း ငယ် သည် မဟုတ်လား ။ သူတို့က ကိုယ့် ကို အနိုင် ကျင့်ချင် တတ်ကြသည် ။ ကိုယ့် အပေါ် ကောင်းတတ်သော တင်အောင်ခိုင် ကျတော့ လည်း မုန့်စားလွှတ်ပြီ ဆိုလျှင် သူ့ အစ်ကို က အိမ် မှာ ထမင်း ပြန်စားဖို့ စက်ဘီး နှင့် လာ ခေါ်သွားတတ်သည် ။ ထို့ကြောင့်ပင် ကိုယ် သည် တစ်ယောက် တည်း နေချင်တတ်သော အကျင့် ကို စွဲလာခဲ့သလား မသိ ။
တစ်ခါတလေတော့ သူတို့ နှင့် ဝင် ကစား ကြည့်သည် ။ ဒီအခါ ကျပြန်တော့လည်း ဘယ်သူမှ မလုပ်ချင် ၊ မနေချင်သော နေရာမှာ ကိုယ့် ကို ထား တတ်ကြသည် ။ စစ်တိုက်တမ်း ကစားကြသောအခါ “ မင်း က ကင်းစောင့်" ဆိုပြီး ကိုယ့် ကို တစ်နေရာ မှာ တစ်ယောက် တည်း ထား ပစ်ခဲ့တတ်သည် ။ ကိုယ့် မှာ တုတ်ချောင်း တစ်ချောင်း ကို ထမ်း၍ ဟိုလျှောက် သည်လျှောက် လုပ်ရင်း နေခဲ့ ရလေသည် ။
ပြီးတော့လည်း တစ်ခါတုန်းက ဘောလုံး ကန်ကြသည် ကိုပင် ကြည့် ၊ မုန့်စား လွှတ်ချိန်တွင် ဖြစ်သည် ။ ကိုယ် သည် ထမင်း စားပြီး ကာစ ဖြစ်သော်လည်း ကစား ချင်နေသောကြောင့် ဗိုက်အောင့် မှာ တို့ ဘာတို့ စဉ်းစား မနေတော့ ။ ကျောင်းရှေ့ ကွက်လပ်ကြီး တွင်ဖြစ်သည် ။ အားလုံး ၁၂ ယောက် ရှိသောကြောင့် တစ်ဖက် ၆ ယောက်စီ ခွဲ ကန်ကြသည် ။ သူတို့ က ကိုယ့် ကို ဂိုး ဖမ်းခိုင်းသည် ။ သူတို့ သည် ကိုယ့် အပေါ် ညှာညှာတာတာ မကစားကြ ။ နှစ်ယောက် ချင်း ဆိုင်တွေ့ကြပြီ ဆိုလျှင်လည်း အသာကလေး ဘေး ကို ထိုးကန် လိုက်ရုံဖြင့် ဂိုးဝင် မှန်း သိပါလျက် တအား ကြုံး၍ ကန်သည် ။ အနီး ကပ် ၍ ကန်သောကြောင့် တစ်ခါတလေ ဘောလုံး ကို ဖမ်း ဖို့ပင် အချိန် မရလိုက် ။ ဘောလုံး သည် ကိုယ့်ခေါင်း ၊ ရင်ဘတ် တို့ ကို အရှိန် နှင့် ထိ မှန်တတ်သည် ။ တခါကျတော့ ကိုယ် တို့ ဘက်မှ နောက်တန်း ကစားသော ဖရက်ဒီ က ကိုယ့် ဆီ သို့ ဘောလုံး ကို ပြန် လှိမ့်ကန်ပေးသည် ။ ဘက်ပတ်စ် ပေးခြင်း ဖြစ်သည် ။ ကိုယ် က ဘောလုံး ကို ထွက်ကောက်သည် ။ ဟိုဘက်က အုန်းသီး ဆိုသော ကောင် ပြေး ဝင်လာ၏ ။ ကိုယ် က အရင် ဦးနေသည် ။ အမှန်မှာ ဘောလုံးစည်းကမ်း အရ ဂိုးသမား က ဘောလုံး ကို ကောက် ယူလိုက်လျှင် ဝင် မကန်ရတော့ ။ သို့သော်လည်း ဘောလုံး ကို ကောက် ယူလိုက် စဉ်မှာပင် အုန်းသီး သည် ကိုယ့် လက် ထဲက ဘောလုံး ကို တအားဝင်ကန်သည် ။ ဘောလုံး သည် ကိုယ့် လက်ထဲ က လွတ်၍ ဂိုးဝင် သွားသည် ။ လက်အဆစ်က ဖြောင်းခနဲ မြည် သွားသလားဟု အောက်မေ့ရသည် ။ တစစ်စစ် နာလာ၏ ။ “ ဂိုး ” ဆိုသော အသံ ။ “ ဘယ်ရမလဲ ၊ ဂိုးသမား လက် ထဲ က လုကန်တာ ၊ ဖောင်းဘော ” “ မရဘူး ” ဆိုသော အသံတွေ ကိုတော့ ကြား နေရသည် ။ ညဘက် လက်အဆစ် ကို ဘယ်ဘက်လက် ဖြင့် ဆုပ်ကိုင်ရင်း ဆွဲ ဆန့်ထားရသည် ။ ကြိတ်မှိတ် ခံသော်လည်း မရ ။ ပို၍ ပို၍ နာ လာသည် ။ မျက်ရည် ဝိုင်း လာသည် ။ သူတို့ ကတော့ ကိုယ့် ကို ဂရုမစိုက် ။ မုန့်စားလွှတ် ပြီး ၍ ကျောင်း ပြန်တက်သော အချိန်သည် သမိုင်းချိန် ဖြစ်သည် ။ သမိုင်းဆရာမ မ လာသောကြောင့် အချိန် အားရနေသော ကိုယ်တို့တီချာမေ ဝင် လာသည် ။ တီချာမေ သည် စာစီစာကုံး တစ်ပုဒ် ကို ပေးထားပြီး ကျောင်းခေါ်ချိန် စာရင်းများ လုပ် နေသည် ။ ကိုယ့် လက်ဆစ် သည် ယောင်ကိုင်း လာ၏ ။ ကိုယ် သည် ပိန်သော ကြောင့် လက်အဆစ် တွင် အရိုးဖုကလေး ပေါ် နေတတ်သည် ။ ခုအခါ ထို အဖုကလေး ကိုပင် မမြင်ရတော့ပါ ။ သိပ် နာ လာသောကြောင့် လက်ကိုင်ပဝါ ဖြင့် တင်း နေအောင် စည်း ထားလိုက်သည် ။ စာစီစာကုံး ကို မရေးနိုင်တော့ ။
တီချာမေ သည် စာရင်းတွေ လုပ်နေရာ မှ မျက်လုံး ကို ဝေ့ရင်း အတန်း ကို ကြည့်သည် ။ ကိုယ် မှ လွဲ၍ တစ်တန်းလုံး စာစီစာကုံး ကို ငုံ့၍ ရေးနေကြသည် ။ တချို့လည်း စဉ်းစားသလို ခေါင်း ကုတ်နေကြသည် ။ တီချာမေ သည် ကိုယ့် ကို ဂရုစိုက် ကြည့် လာပြန်သည် ။ မျက်နှာ ပျက်နေသော ကိုယ့် ကို တီချာမေ ရိပ်မိသွားသည် ။ ခါတိုင်း စာစီစာကုံး ရေးရန် တစ်ခုခု ပေးပြီ ဆိုလျှင် ခုချိန်လောက်ဆို ကိုယ် ခေါင်းမဖော်ဘဲ တကုန်းကုန်း ရေးနေလိမ့်မည် ကို တီချာမေ သိသည် ။ တီချာမေ သည် ကိုယ့် ကို နားလည်သည် ဟု ထင်ခြင်းမှာ မမှားချေ ။ ကိုယ် စာစီစာကုံး မရေးသည့် အတွက် သင်္ချာဆရာ တို့ လို ဆူပူကြိမ်းမောင်း ဖို့ ကို အရင် မစဉ်းစား ။
“ ညီညီ ... ဘာဖြစ်လို့ စာ မရေးတာလဲ ”
ကိုယ် မတ်တတ်ရပ်လိုက်သည် ။
“ လက် နာ နေလို့ပါ တီချာ ”
နာ နေသော လက်ကို ဘယ်လက် ဖြင့် မြှောက် ပြ လိုက်သည် ။ တီချာမေ မေး သည် ။
“ ဘယ်လို ဖြစ် တာလဲကွယ် ”
“ ဘောလုံး ကန်ရင်း ”
“ ဘယ်သူ နဲ့ ဖြစ်တာလဲ ”
ကိုယ့် ကို မညှာတတ်ကြကြောင်း တီချာမေ သိနေပြီလား ဟု စဉ်းစားမိသည် ။ အုန်းသီး သည် ကိုယ့် ကို အံကြိတ် ပြီး ကြည့် နေပါမည်လား ။
“ ဘယ်သူနဲ့ မှ မဟုတ်ပါဘူး ၊ ကိုယ့် ဘာသာ ဖြစ် တာပါ ၊ လဲကျလို့ ”
တီချာမေ သည် ခြင်းတောင်း ထဲက ပုလင်းပုပုလေး တစ်လုံးကို ထုတ် ယူလိုက်သည် ။ ပရုတ်ဆီ ပုလင်း ဖြစ်လိမ့်မည် ဟု ထင်ပါသည် ။ ကိုယ့် ဆီ သို့ လျှောက် လာသည် ။ ကိုယ့် ညာဘက် လက် ကို ကိုင်ကြည့်သည် ။ ကိုယ် တွန့်ခနဲ ဖြစ်သွားသောကြောင့် “ သိပ် နာနေသလား ” ဟု မေးသည် ။ ဘာမျှ ပြန် မပြောဘဲ ငြိမ်နေလိုက်၏ ။ တီချာမေ သည် စည်းထားသော လက်ကိုင်ပဝါ ကို ဖြေသည် ။
“ အို ... ယောင် နေပါလား ”
ပရုတ်ဆီပုလင်း ကို ဖွင့်၍ လက် နှင့် နှိုက် ယူသည် ။ ယောင်နေသော နေရာ ကို အသာလိမ်းပေးသည် ။ ပရုပ်ဆီနံ့ နှင့်အတူ တီချာမေ ကိုယ် မှ ပေါင်ဒါနံ့ ၊ ရေမွှေးနံ့ ၊ သနပ်ခါးနံ့ ခွဲခြား၍ မရသော အနံ့ တစ်မျိုး ရသည် ။ မေမေ့ ကိုယ် မှ ရနေကျ အနံ့မျိုး ။ တီချာမေ က ကိုယ့် ကို ဂရုစိုက်သောကြောင့် ဝမ်းသာ မိသလား မသိ ။ ဝမ်းနည်း သလို လည်း ဖြစ် နေမိ၏ ။ ကျောက်သင်ပုန်း ပေါ် မှာ ရေး ထားသော စာစီစာကုံးခေါင်းစဉ် ကို ငေး ကြည့်နေမိသည် ။
“ မိဘကျေးဇူး ”
••••• ••••• •••••
လက် နာ နေသောကြောင့် ကျောင်း နှစ်ရက် ပျက် ရပြန်ပါသည် ။ စာတွေ ထပ်ပြီး နောက်ကျ ရပြန်ဦးမည် ။ ကိုယ် သည် ကျောင်း တွင် သိပ် မပျော်လှသော်လည်း စာ မတတ်ဘဲ နေမည် ကိုတော့ ကြောက် မိပါသည် ။ ထို့ကြောင့် ကျောင်း မတက်ဘဲ နေသော ရက်တွင် စိတ် ထဲ ၌ တစ်မျိုးကြီး ဖြစ်နေရ၏ ။
သို့သော်လည်း ကိုယ့် အတွက် ပျော်စရာ ကောင်းသော အကြောင်း တစ်ခု ဖြစ်လာသည် ။ ဦးလေးမောင်မောင်ကြီး ရောက် လာခြင်း ပင် ဖြစ်ပါ သည် ။ သူ သည် ဖေဖေ မှာ ထားသော စက်ပစ္စည်းတွေ လာ ပို့ခြင်း ဖြစ်သည် ။ သူရောက် လာသောကြောင့် ကိုယ် ပထမဆုံး သတိ ရလိုက်သော ကိစ္စ မှာ သင်္ချာ ပြ ခိုင်းဖို့ ဖြစ်သည် ။ ထို့ကြောင့် ဦးလေးမောင်မောင်ကြီး ကို သင်္ချာ မလိုက်နိုင်ကြောင်း ပြော ပြလိုက်သည် ။ သူ က လည်း မေမေ ပြော သလိုပင်
“ ဒါဆိုရင် ညီညီ ကျူရှင် ယူပါလားကွ ”
“ ဟာ ... ကျူရှင် တော့ မယူချင်ဘူး ”
“ ဘာဖြစ်လို့လဲ ကွ ”
“ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်း တက်ရတဲ့ အချိန်တွေလည်း အများကြီး ဦးလေး ရဲ့ ၊ ဒီ ကြား ထဲ ကျူရှင် ထပ် တက်ရဦးမယ် ဆိုရင် ကိုယ့် အတွက် အချိန် ဘယ် ကျန်တော့မလဲ ”
“ ကိုယ့် အတွက် ဟုတ်လား ၊ မင်း အတွက် ဘာ အချိန်တွေများ လိုချင်သေးလို့လဲ ”
“ အို ... ကစားချိန်တို့ ဘာတို့ပေါ့ ၊ ပြီးတော့လည်း ဟို မေမေနဲ့ စကားတွေ ဘာတွေ ပြောဖို့ ရှိသေးတာပဲ ၊ ကိုယ် မရှိရင် မေမေ လည်း ပျင်း နေမှာပေါ့ ”
ဦးလေးမောင်မောင်ကြီး က ရယ်သည် ။
“ နေပါဦးကွ ၊ မင်း စာ မလိုက်နိုင်တာ မေမေ့ ကို ကော ပြော မပြဘူးလား"
“ ဟင့်အင်း .. မေမေ က ရုံး က ပြန်လာပြီ ဆိုရင် မော မောနေတတ်တယ် ၊ ကိုယ့် ကို ထပ်ပြီး စာ ပြပေးရရင် ပို မောမှာပေါ့ ၊ ပြီးတော့ ကိုယ် စာမရဘူး ဆိုရင် မေမေ စိတ်မကောင်း ဖြစ်သွားမှာပေါ့ ”
ဦးလေးမောင်မောင်ကြီး သည် ပြုံး လိုက်ပြီး ကိုယ့် ခေါင်း ကို တစ်ချက် ပုတ်လိုက်သည် ။ ပြီးတော့ ...
“ ညီညီ က သိပ် လိမ္မာတာပဲကိုးကွ ၊ အေး ... ဒါပေမယ့် စာ မလိုက်နိုင်ဘူး ဆိုတာ ကို တော့ အသိ ပေးရမှာပေါ့ ”
“ တစ်ခါတော့ မေမေ ကို စာပြခိုင်းဖူးသေးတယ် ၊ မေမေ က စာတွေ မေ့ ကုန်လို့ ကောင်းကောင်း မပြနိုင်ဘူး ၊ ပြီးတော့ ကျူရှင် တက် ခိုင်းသေးတယ် ၊ အဲဒါ ကိုယ် မတက်ချင်ဘူး ၊ ဦးလေး လည်း ကိုယ် စာ မလိုက်နိုင်တာ မေမေ့ ကို မပြောနဲ့ နော် ”
ဦးလေးမောင်မောင်ကြီး က စဉ်းစားသလို လုပ် နေသည် ။
ကိုယ် ဆက်ပြောသည် ။
“ နောက်ပြီးတော့ ကိုယ် က ကျောင်း ပျက်တုန်း က စာတွေ မသိ လို့သာ နောက်ပိုင်း သင်တာတွေ မလိုက်နိုင်တာပါ ၊ အဲဒါတွေသာ ဦးလေး ပြန် သင်ပေးနော် ၊ ဒါဆို ကိုယ် စာကောင်းကောင်း လိုက် နိုင်မှာပါ ၊ ဦးလေး သင်ပေးမယ် ဆိုရင် ပထမအစမ်း မှာ တစ်ရာ ရအောင် ကိုယ် ဖြေပါ့မယ် ”
“ အေးပါကွာ ၊ ဟုတ်ပါပြီ ။ တကယ်တော့ လည်း ကျူရှင် တက် စရာ မလိုပါဘူး ၊ မင်း က တော်ပြီးသားပဲ ဟာ ”
ဦးလေးမောင်မောင်ကြီး က ကိုယ့် ကို သင်္ချာ ပြ ပေးလေသည် ။ တကယ့် တကယ်ကျတော့လည်း ဘာမှ မဟုတ် ။ ဦးလေးမောင်မောင်ကြီး က အသင်အပြ ကောင်းလို့ ထင်သည် ။ ကိုယ် နားမလည်ခဲ့တာတွေ အကုန်လုံး သိ သွားသည် ။ ပထမနေ့ နေ့လယ်ပိုင်းနှင့် နောက်တစ်နေ့ ညနေပိုင်း နှစ်ခါ ပဲ သင် ရသည် ။ ကိုယ် နောက် ကျသမျှ အကုန် မီ သွားသည် ။ ကျောင်း မှာ မသင်ရသေးသော ပုစ္ဆာသုံးပုဒ် ကို ပင် ပို တွက် လိုက်သေးသည် ။ ကိုယ် သိပ် ဝမ်းသာ သွားလေသည် ။ လက် နာ နေသည်ကိုပင် မေ့ သွား၏ ။
ဒုတိယနေ့ က ကိုယ့် ကို စာ ပြပြီး ညနေစောင်း တွင် ဦးလေးမောင်မောင်ကြီး အပြင် ခဏ ထွက်သွားသည် ။ ကိုယ် လည်း ရေချိုး ၊ ထမင်း စားပြီးလျှင် ခြံဝ က ခုံတန်းကလေး မှာ မေမေ့ ကို ထွက် စောင့်နေသည် ။
မေမေ ပြန် လာသောအခါ ပြေးဖက်၍ ကြို လိုက်သည် ။ ညပိုင်း တွင် မေမေ ရှိရာ အိမ်ခန်းထဲ သို့ ပင် ကိုယ် ခဏ ဝင်၍ မေမေ နှင့် စကား ပြောသည် ။ ပြီးတော့ ဧည့်ခန်း သို့ ပြန် ထွက်လာပြီး စာရေးစားပွဲ မှာ ထိုင်လိုက်သည် ။ အက္ခရာသင်္ချာတွေ တစ်ပုဒ် ပြီး တစ်ပုဒ် တွက်သည် ။ အားလုံး လိုလို ပင် လွယ်လွယ်လေး တွက်လို့ ရသည် ။ ကိုယ် အားတက် လာပြီး ဂျီသြမေတြီပုစ္ဆာ တွေ ပါ ထပ် တွက်သည် ။
ခုနှစ်နာရီခွဲ လောက် တွင် ဖေဖေ နှင့် ဦးလေးမောင်မောင်ကြီး တို့ နှစ်ယောက် အတူ ပြန်လာသည် ။ ဖေဖေ သည် ဒီနေ့ အစောကြီးပြန် လာသောကြောင့် ကိုယ် အံ့ဩမိသေးသည် ။ နောက်မှ ဦးလေးမောင်မောင်ကြီး ညနေ က ပြောသွားသော စကား ကို သတိ ရသည် ။ သူ က ကိုယ့် ကို စာ ပြနေရင်း က မေး သည် ။
“ ညီညီ ရ နေပါဦး ကွ ၊ မင်း ဖေဖေ ကို ကော စာ မပြခိုင်းဘူးလား ”
“ ဟင့်အင်း ... ကိုယ် မမေးရဲဘူး ”
“ ဟ ... ဘာဖြစ်လို့လဲ ကွ ”
“ ဟိုဥစ္စာလေ ၊ ဘာမှ မဟုတ်ပါဘူး ၊ ဖေဖေ က အလုပ် များတယ် မဟုတ်လား ၊ ကိုယ် ကျောင်း သွားတဲ့ အထိတောင် ဖေဖေ က အိပ်ရာ က နိုးသေးတာ မဟုတ်ဘူး ၊ ည ကျတော့လည်း ကိုယ် အိပ်တာ တောင် ဖေဖေ က ပြန် မရောက်ဘူး မဟုတ်လား ၊ အချိန် မှ မရှိဘဲ ”
“ ဒါနဲ့ ခုနက မမေးရဲဘူး ဆိုတာ ဘာလဲ ကွ ”
ခုန ကိုယ် လွှတ်ခနဲ ပြောမိသည်ကို သူ က ပြန် မေးသည် ။ ဖေဖေ က အိမ်မှာ အမြဲတမ်း မျက်နှာထား တည်တည်ကြီး နှင့် နေ တတ်သောကြောင့် မေး ရမှာ ကြောက်သည် ဟု ကိုယ် မပြောချင် ။ ဘာလို့ မပြောချင်တာလဲတော့ ကိုယ် မသိပါ ။
“ ဟိုဟာလေ ၊ မမေးရဲတာ မဟုတ်ပါဘူး ၊ ဖေဖေ က အမြဲအလုပ် ရှုပ် နေတော့ မေး ရမှာ အားနာလို့ ”
“ အားနာလို့ ဟုတ်လား"
“ မဟုတ်ဘူးလေ ” ဟု ပြောပြီးမှ ကိုယ် ဘာဆက်ပြောရမှန်းမသိ ။ ကိုယ့် အဖေ ကို အားနာတယ် ဆိုတာလည်း မဟုတ်သေးပါဘူး ။
“ ကိုယ် မပြောတတ်ဘူး ဦးလေး ရာ ၊ တစ်မျိုးပဲ ”
ဦးလေးမောင်မောင်ကြီး သည် ကိုယ့် ပခုံး ကို ဖက်၍ ဆွဲလှုပ်ပြီး အသံ ထွက်အောင်ပင် ရယ်သည် ။
“ မင်း က လူလည်လေးပဲ ကွ ”
ကိုယ် က ဘာမှ မပြောဘဲ ငြိမ်နေလိုက်၏ ။ ဦးလေးမောင်မောင်ကြီး က “ ညကျရင် စောစော ပြန် လာမယ်ကွာ ၊ မင်း ဖေဖေ ပါ ခေါ်ခဲ့မယ် ၊ တို့ စကား ပြော ကြတာပေါ့ ” ဟု ပြော သွားခဲ့သည် ။
တံခါးခေါင်းလောင်းသံ ကြား သောအခါ ကိုယ် ပြေး သွားပြီး ဖွင့် ပေးလိုက်သည် ။ ထိုအချိန်တွင် စိတ် ထဲ က တစ်ခု သွား စဉ်းစားမိသည် ။ ညည ဖေဖေ ပြန် လာလျှင် ဘယ်သူ တံခါး ဖွင့် ပေးသလဲ ။ ဆော်လီမား သည် မိုးချုပ် လျှင် ပြန်ပြန် သွားတတ်သည် ။ ကိုယ် က အိပ်ပျော် နေသောကြောင့် တံခါး ထ ဖွင့်ပေးမည့် သူ မေမေ တစ်ယောက် တည်း သာ ရှိသည် ။ ထိုအခါ ကျလျှင် ဖေဖေ နှင့် မေမေ စကား ပြောကြမလား မသိပါ ။ တစ်ရက်ရက်တော့ မအိပ်ဘဲ စောင့် ကြည့်မည်ဟု စိတ်ကူး ထား လိုက်သည် ။
ဖေဖေ က ကိုယ့် ကို မြင်မြင်ချင်း “ သား လက် နာသေးလား ” ဟု မေးသည် ။ ကိုယ် က ခေါင်း ခါပြလိုက်သည် ။
ဦးလေးမောင်မောင်ကြီး က “ ဒီကောင် လက် နာဖို့ နေနေသာသာ သင်္ချာ တွက်လို့တောင် အားရမှာ မဟုတ်ဘူး ၊ စာ တော့ တကယ် ကြိုးစားတဲ့ ကောင် ” ဟု ပြောပြီး ဖေဖေ မမြင်အောင် မျက်စိ တစ်ဖက် မှိတ် ပြသည် ။ ဖေဖေ တို့ သည် မြို့ထဲ ကနေ ထမင်း စား လာကြပုံ ရသည် ။ ရောက်ရောက်ချင်း ရေချိုး ကြလေသည် ။ ကိုယ် လည်း ဦးလေးမောင်မောင်ကြီး ဝယ် လာပေးသော ရှောက်သီးဆေးပြားထုပ် ကို ဖောက် ၍ တစ်ပြားချင်း ယူစားရင်း သင်္ချာ ဆက် တွက်နေသည် ။ ခဏကြာတော့ ဦးလေးမောင်မောင်ကြီး ကိုယ့်နား ရောက် လာသည် ။ စားပွဲပေါ် ကို လက် ထောက်ပြီး ...
“ တွက်လှချည်လားကွ ၊ အညောင်း ပြေအောင် နည်းနည်းပါးပါး မကစားဘူးလား ”
“ ညနေ ရေချိုးခါနီး က ကိုယ်လမ်းလျှောက် သေးတယ် ”
“ အေးအေး ... ကောင်းတယ် ၊ အမြဲတမ်း စာချည်း ပဲ ကြည့် နေတာလည်း မကောင်းဘူး ကွ ၊ အညောင်း မိ တတ်တယ် ။ ကစားတာရော ၊ အိပ်တာရော ၊ စာကျက်တာရော မျှတအောင် လုပ် မှ ၊ အေး ... အမြဲတမ်း လျှောက် ကစားပြီး စာ တစ်လုံး မှ မကြည့်တာလည်း မကောင်းဘူး ”
ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။ ပြီးတော့ တွက်လက်စ ဂျီသြမေတြီ ပုစ္ဆာ ကို ဆက်တွက်သည် ။ ဦးလေးမောင်မောင်ကြီး သည် ဘေး က ရပ်ကြည့် နေသည် ။ ကိုယ် က တြိဂံပုံ ဆွဲရန် အခြေမျဉ်း ကို ဆွဲလိုက်သောအခါ
“ ဟေး ဟေး အခြေမျဉ်း ကို အဲဒီလောက် အရှည်ကြီး မဆွဲ နဲ့လေကွာ ၊ ဒါဆို တြိဂံ အကြီးကြီး ဖြစ် သွားပြီး စာရွက် မဆန့်ဘဲ နေလိမ့်မယ် ”
အနေတော်လောက် ပြင်ဆွဲ၏ ။ တစ်ပုဒ် တွက် ပြီးသွားသောအခါ ဦးလေးမောင်မောင်ကြီး သည် ကိုယ့် လက် ထဲက ဖောင်တိန် ကို ဆွဲ ယူ၍ အဖုံး ပိတ်လိုက်သည် ။
“ ကိုင်း ... ဒီလောက် တွက်ရင် တော်လောက်ပြီ ၊ နောက်နေ့မှ ဆက် တွက်တော့ ။ ထ ကွာ ၊ စကားလေး ဘာလေး ပြောရအောင် ”
ဦးလေးမောင်မောင်ကြီး က ကိုယ့် လက်မောင်း ကို ကိုင်၍ ဆွဲခေါ် သွားသည် ။ ဖေဖေ့ စာကြည့်ခန်း နား သို့ ရောက် လာ၏ ။
“ ဘယ် သွားမှာလဲ ဦးလေး ”
“ ဒီထဲ ကို လေကွာ ၊ မင်း ဖေဖေ လည်း အထဲ မှာ ရှိပါတယ် ကွ ”
စာကြည့်ခန်း ထဲ ကို မေးငေါ့ ပြသည် ။
“ ဟင် ... ကိုယ် မလိုက်ချင်ဘူး"
“ ဘာဖြစ်လို့လဲကွ ”
“ ကိုယ် မလိုက်ရဲဘူး ၊ ဖေဖေ က ကိုယ့် ကို မှာ ထားတယ် ၊ စာကြည့်ခန်း ထဲ ကို မဝင်ရဘူးတဲ့ ”
“ အိုကွာ ... ဦးလေး ပြော ထား ပြီးပါပြီ ။ လာ ... လာ ”
ကိုယ် သည် တွန့်ဆုတ် တွန့်ဆုတ် လုပ်ရင်း အခန်း ထဲ ပါ သွားသည် ။ ဖေဖေ သည် ကိုယ် တို့ ဝင် လာသည် ကို မြင်သောအခါ စားပွဲ တွင် ထိုင်၍ စာ ရေးနေရာ မှ မျက်လုံး ကို လှန် ကြည့်သည် ။ ကိုယ်တို့ သည် ကြိမ်ထိုင်ခုံအဝိုင်းကလေး တွေ မှာ ဝင် ထိုင်ကြသည် ။ အလယ်ခေါင် က ကြိမ်စားပွဲဝိုင်းကြီး ပေါ် မှာ ရေနွေးကြမ်းအိုး နှင့် ပန်းကန်လုံး တွေ ရှိ၏ ။ ဦးလေးမောင်မောင်ကြီး က ဖေဖေ့ ကို လှမ်း ပြောသည် ။
“ ဖေအောင် လာကွာ ၊ မင်း စာရင်းတွေ နောက် မှ လုပ် ”
ဖေဖေ က လှည့် မကြည့်ဘဲ ခေါင်း ကို သာ ညိတ်ပြပြီး ....
“ အေးပါ ၊ ဒီမှာ ပြီးတော့မှာပါ ”
ခဏကြာမှ ဖေဖေ ထ လာသည် ။ ကိုယ့် ကို တစ်ချက် လှမ်းကြည့်ပြီး ခုံ မှာ ဝင်ထိုင်သည် ။ ပြီးတော့ “ သား မအိပ်သေးဘူးလား ” မေးသည် ။
“ အိပ်မလို့ ဖေဖေ ၊ ဟို .. သား .... ”
ဦးလေးမောင်မောင်ကြီး ကို လှည့် ကြည့်သည် ။ သူ ကပင် ပြော၏ ။
“ ဒီကောင် ကွာ ၊ တစ်နေ့လုံး သင်္ချာ တွက် နေရတာ ၊ ဒါကြောင့် အပျင်းပြေ စကားလေး ဘာလေး ပြော ရအောင် ငါ ခေါ် လာတာ ”
ဖေဖေ က ဘာမှ မပြောတော့ဘဲ နေ လိုက်သည် ။ ကိုယ် သည် ဖေဖေ့ မျက်နှာ ကို သေသေချာချာ မကြည့်ရဲ ။ ကိုယ့် စိတ်ထင် ဦးလေးမောင်မောင်ကြီး ရှိ နေသောကြောင့် သာ ဖေဖေ ကိုယ့် ကို မဆူခြင်း ဖြစ်ရမည် ။ သူ့ စာဖတ်ခန်း ရော ၊ တွဲလျက် ရှိသော သူ့အိပ်ခန်း ထဲ ဝင် လာတာ ကို ရော ဖေဖေ လုံးဝ မကြိုက်ချေ ။
ဖေဖေ ရေနွေးကြမ်း တစ်ပန်းကန် သောက်သည် ။ ဒူးယား ကို ကောက် ယူပြီး ဦးလေးမောင်မောင်ကြီး ကို လှမ်းပေးသည် ။ ဦးလေးမောင်မောင်ကြီး က လက်ကာ ပြပြီး “ ငါ ဒီကို ရောက်ရင် ပူစီ ပဲ သောက်တယ်ကွ ” ဟု ပြော၍ သူ့ လက် ထဲ က ပူစီဆေးပေါ့လိပ် ကို မြှောက် ပြသည် ။ ဖေဖေ က ဒူးယားတစ်လိပ် ကို မီး ညှိလိုက်ပြီး
“ တစ်ခု ကို ငါးမူး လောက် သာ ကျန်ကွာ ၊ ငါ လုပ် ရဲတယ် ”
ဦးလေးမောင်မောင်ကြီး က ကျွတ် ဆို လုပ်ပြီး ခေါင်း ကို ဖြည်းဖြည်း ရမ်း၏ ။
“ ဖေအောင် ရာ မင်း မလဲ အလုပ် ကိစ္စ ပဲ စိတ်ကူး နေတော့တာပဲကိုး ကွ ”
“ ငါ့ မှာ အဲဒါပဲ ပျော်စရာ ရှိ တာ ကိုးကွ ”
“ တော်ကွာ ဟေ့ကောင် ၊ ခုလို အချိန်မျိုး မှာ နားနားနေနေ နေစမ်းပါ ။ အလုပ် ထဲ မှာပဲ ပျော်စရာ ရှိတာ မဟုတ်ပါဘူး ”
“ ငါ့ အတွက် ပြောတာပါ ”
“ အေးပါ ၊ မင်း အတွက်ပါပဲ ။ ဘာပဲ ဖြစ်ဖြစ်လေ အလုပ်ချိန် ရဲ့ အပ မှာ ကိုယ့် မိသားစု နဲ့ ...”
ဖေဖေ က ဦးလေးမောင်မောင်ကြီး ကို တစ်ချက် စိုက်ကြည့် လိုက်သည် ။ ဦးလေးမောင်မောင်ကြီး စကား ဆက် မပြောတော့ဘဲ ကိုယ့် ကို လှည့်ကြည့်သည် ။
“ ဟား .. ညီညီ ပျင်းနေပြီလားကွ ဟေ ”
ကိုယ် ခေါင်း ခါ ပြ လိုက်သည် ။ သို့သော်လည်း ကိုယ် ခုလိုကြီး မနေတတ်တာတော့ အမှန်ပါ ။ ကိုယ် အိပ်တော့မယ် ဟု ပြောပြီး ထ သွားဖို့ ခဏခဏ စဉ်းစား မိသေးသည် ။ ဦးလေးမောင်မောင်ကြီး သည် ဆေးပေါ့လိပ် ကို ဖွာရင်း တစ်ခုခု စဉ်းစားနေပုံ ရသည် ။ ဖေဖေ က မူ သူ့ လက် ထဲ မှ စီးကရက် က ထွက်နေသော မီးခိုးတွေ ကို စိုက် ကြည့်နေသည် ။ ခဏကြာ မှ ဦးလေးမောင်မောင်ကြီး က ဖေဖေ့ လက်မောင်း ကို လှမ်း ပုတ် လိုက်ပြီး ပြော၏ ။
“ ဒါနဲ့ ဟေ့ကောင် ၊ မင်း ရန်ကုန် ရောက်ရင် ဒေါ်ဒေါ်သိန်း ဆီ ဝင် သေးလား ”
ဖေဖေ က ခေါင်း ညိတ် ပြသည် ။
“ တစ်ခါတလေတော့ ရောက်တယ် ၊ ငါ့ မလဲ ကွာ အလုပ်ကိစ္စ နဲ့ တက်သုတ်နှင် သွား ရတာ ဆိုတော့ ”
“ အေးကွာ ၊ မင်း တစ်ခါလောက်တော့ ညီညီ့ ကို ဒေါ်ဒေါ်သိန်း ဆီ ခေါ်သွားပါဦး ကွာ ၊ ဒီကောင့် ကို သိပ် ချစ်တာကွ ၊ ညီညီ ... မင်း ဘွားမေသိန်း ကို မှတ်မိသေးရဲ့လား ”
ကိုယ် ခေါင်းညိတ် ပြ လိုက်သည် ။ ဘွားမေသိန်း မှာ ဖေဖေ့ အဒေါ် ဖြစ်သည် ။ ငယ်ငယ် က ကိုယ် တို့ အိမ် မှာ နေ သွားဖူးသည် ။ ကိုယ့် ကို သိပ်ချစ်သည် ။ ကိုယ် သုံးလေးနှစ်သား လောက် ထိ ဘွားမေသိန်းက ထိန်း ပေးသေးသည် ။ နောက်တော့ ရန်ကုန် က သူ့ သား အိမ် မှာ ပြန် နေသည် ။ ခုလောက် ဆို အသက် တော်တော် ကြီးပြီ ။
“ ဟား .. ဟား ပြောရင်း ဆိုရင်း ဒေါ်ဒေါ်သိန်း အကြောင်း သွား သတိရသကွာ ၊ ငယ်ငယ် က ညီညီ့ ကို ထိန်းရင်း သီချင်း ဆိုတဲ့ အကြောင်း ”
ဦးလေးမောင်မောင်ကြီး သည် ခုလိုပဲ ရယ်စရာ တစ်ခုခု ပြောခါနီးပြီ ဆိုလျှင် မပြောခင် အရင် ရယ် တတ်သည် ။ ထိုအခါမျိုး တွင် ကိုယ် သည် မရယ်ရခင် က ပင် ရယ်ချင် ၍ နေတတ်ပါသည် ။
“ အဲဒီတုန်းက ညီညီ က နှစ်နှစ် ၊ သုံးနှစ် ပဲ ရှိဦးမယ် ထင်တယ် ၊ ဒီကောင့် ကို ဆောင်ပန်းပုခက်ကြီး ထဲ ထည့်ပြီး ချော့ သိပ် တာလေကွာ ၊ ဒေါ် ဒေါ်သိန်း တို့ များ ကလေး ချော့ တဲ့ သီချင်း ကိုလည်း ကြည့်ပါဦး ”
ဦးလေးမောင်မောင်ကြီး က ကျကျနန ဆိုပြ နေသည် ။ သူ့ဆို ပုံမှာ သီလရှင်တွေ တရားသီချင်း ဆိုပုံမျိုး ။
“ ညီညီ တို့ နဲ့ တွေ့ရ ၊ ဒုက္ခမှန်စွာ ဒီမှောင်တွင်း ၊ ရှောင်ကွင်း မလွတ်သာ ” တဲ့ ။
သူ့ ဟာ သူ ဆိုပြီး ရယ်ပြန်သည် ။
“ ကိုင်းကွာ ၊ စဉ်းစား ကြည့် ၊ ဒါ ...ကလေး ချော့ တဲ့ သီချင်းလားကွ ၊ ဒေါ်ဒေါ်သိန်း တို့ လုပ်ပုံ ၊ အဲဒီအခါ ကျရင် ညီညီ က ဘွားမေသိန်း အိုအိုး မဆိုနဲ့ ၊ မေမေ အိုအိုး ဆိုလို့ ထ အော် ရောကွ ၊ အဲ ... ရှိသေးတယ် ၊ သူ ဆိုတဲ့ သီချင်း တစ်ခု ၊ နိဗ္ဗန္ဓတေးထပ် လေ ကွာ ၊ အရွတ်စုရုပ်တစ္ဆေကို ၊ မဟုတ်လေ ကိုယ်ထဲ ၊ အပုပ်ရည်စိုရွှဲလို့ ဆိုတော့ ညီညီ က ကြောက်တယ် ၊ ကြောက်တယ် ဆိုပြီး ထ ငိုပါလေရောဟေ့ ၊ ဟား .. ဟား .. ဟား ”
ပြော လည်း ပြော ရယ် လည်းရယ် ပြီး ကိုယ့် ခေါင်း ကို အသာ ပုတ်၍ “ မှတ်မိလားကွဟေ့ ” ဟု မေးသည် ။ ကိုယ်လည်း ရယ် နေမိသည် ။ အမြဲလိုလို တည်တည်ကြီး နေတတ်သော ဖေဖေ ပင် သွားပေါ်လောက် ထိ ပြုံး သည် ။ ထိုအချိန်တွင် ကိုယ် တစ်ခု သတိ ရမိ၏ ။ ဒီနေ့ မေမေ သီချင်း ဆိုသံ ကို မကြားရ ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment