အပိုင်း ( ၄ )
ကျောင်းစိမ်းလုံချည် အသစ်ကလေး ကို ဝတ် လာခဲ့သည် ။ အသစ်စက်စက် ဖြစ်သောကြောင့် ကော်တွေ နှင့် တောင့် နေသည် ။ တိတိကျကျ မဖြစ်ဘဲ ထိုးထိုးထောင်ထောင် ဖြစ်နေသည် ။ လမ်း လျှောက် ရသည် မှာ လည်း အရင်လို မဟုတ်ချေ ။ ရှိုးတိုးရှန့်တန့် ဖြစ် နေပါသည် ။ နောက်တော့လည်း အသား ကျသွားလေ၏ ။
လုံချည်ကလေးတွေ ကို မေမေ က ကိုယ် တို့ အိမ်နား က စက်ဆိုင် မှာ သွား ချုပ်ပေးသည် ။ ပြီးတော့ ကော်တွေ ကုန် သွားအောင် ရေ စိမ်ထားပေးမည် ဟု ပြောသည် ။ ကိုယ် က မနက် ကျောင်းသွားချိန် အမီ မခြောက်မည် စိုး၍ တစ်ထည် ကို မစိမ်ဘဲ ထားဖို့ ပြော ထားရသည် ။ ဟုတ်လည်း ဟုတ်ပါသည် ။ ညဘက် ကျတော့ မိုးတွေ ရွာသည် ။ ရေစိမ် ပြီး လှမ်း ထားသော လုံချည်နှစ်ထည် သည် မနက် ကျတော့ မခြောက်သေးချေ ။ ည က ဆိုလျှင် ကိုယ် သည် အိပ်ရာ ဝင် တာ နောက်ကျ ခဲ့သည် ။ လုံချည် အသစ်ကလေး ကို ဝတ် ကြည့်ပြီး မေမေ့ မှန်တင်ခုံ ထဲ မှာ ကြည့်လိုက် ၊ ပြန်ချွတ်လိုက် ၊ ခဏကြာတော့ ပြန်ဝတ်ပြီး ကြည့်လိုက် လုပ်နေခဲ့၏ ။ ကျောင်းစာ တွေ တောင် ကောင်းကောင်း မကြည့်လိုက်ရပါ ။
ကျောင်း ကို ရောက်သောအခါ ကျောင်း တက်ခါ နီးနေပြီ ။ အတန်း ထဲ သို့ ဝင် လိုက်သောအခါ အတန်းသား အတန်းသူတွေ က ကိုယ့် ကို ဝိုင်း ကြည့်ကြသည် ။ ကိုယ် လုံချည် ဝတ်လာသောကြောင့် ကြည့် ကြတာလား ။ ဟိုတစ်နေ့ က အရိုက် ခံ ရသောကြောင့် ကြည့် ကြတာလား ။ အုန်းသီး ကို ဆွဲ ထိုးသောကြောင့် ကြည့် ကြတာလား မသိ ။ ဘာပဲဖြစ်ဖြစ် ကိုယ် နည်းနည်းတော့ ရှက် သွားသည် ။
အုန်းသီး ထိုင်နေကျ နေရာ သို့ လှမ်း ကြည့်သည် ။ အုန်းသီး သည် ကိုယ့် ကို တစ်ချက် ပြန် ကြည့်ပြီး မျက်နှာ လွှဲသွားလေသည် ။ ကိုယ် လည်း ကိုယ့် နေရာ မှာ ဝင် ထိုင် လိုက်၏ ။ ခဏနေသောအခါ တင်အောင်ခိုင် နှင့် ဂျွန်ဆင် ရောက်လာသည် ။ တင်အောင်ခိုင် က ကိုယ့် ကို ပြောသည် ။
“ ဟိုနေ့က ငါ သာ ရှိရင် မင်း ဘက် က ငါ ဝင် ကူမှာပဲကွ ”
ဂျွန်ဆင် က ...
“ မင်း မကူလည်း ညီညီ ပဲ နိုင်တာ ပဲ မဟုတ်လား ၊ တကယ်ကျတော့ အုန်းသီး က စကြောက် ကွ ”
ကိုယ် က ...
“ နောက်ဆိုရင် ဒီကောင် ဗိုလ် မကျရဲတော့ပါဘူး ကွာ ၊ လာ ဗိုလ်ကျရင်လည်း ငါ တော့ ပြန် ချမှာပဲ ”
“ အေးကွ .. ငါတို့ ပေါင်းပြီး ချမယ် ၊ အုပ်စု တောင့်ရင် ဒီကောင် လာ မကျယ်ရဲပါဘူး ”
ဟု တင်အောင်ခိုင် က ပြောသည် ။ ဂျွန်ဆင် က လည်း ကိုယ်တို့ နှင့် ပေါင်းမည် ဟု ပြော ပါသည် ။
ကျောင်းတက်ခေါင်းလောင်း ထိုး ပြီးတော့ တီချာမေ ဝင် လာသည် ။ ဟိုနေ့က ကျောင်း တစ်ရက် ပျက် ထားသောကြောင့် ဒီနေ့ ခွင့်စာ တင် ရမည် ဖြစ်ပါသည် ။ ကိုယ့် မှာ ခွင့်စာ မပါခဲ့ ။ ကိုယ် ကျောင်း မတက်သည့် အကြောင်း မေမေ့ ကို မပြောပြခဲ့သောကြောင့် ခွင့်စာ ရေးခိုင်းလို့ မဖြစ်ဘူး မဟုတ်လား ။ ထိုအကြောင်း ကို တီချာမေ က များ မေး မလားလို့ စိုးရိမ် မိသေးသည် ။ ကြားထဲ မှာ တနင်္ဂနွေ တစ်ရက် ခံ သွားသောကြောင့် တီချာမေ မေ့ သွားတာ ဖြစ်မည် ။ ကိုယ့် ကို ဘာမျှ မမေးပါ ။
မုန့်စားလွှတ်ချိန် ကျမှ ကိုယ့် ကို ဆရာခန်း ထဲ ခေါ် သွားသည် ။ အဲဒီကျမှ ကိုယ့် ကို မေးလေသည် ။
“ ညီညီ စနေနေ့ က ဘာဖြစ်လို့ ကျောင်း မတက်တာလဲ ၊ ခွင့်စာ လည်း မတင်ဘူး ”
တီချာမေ့ ကို ကိုယ် မညာချင်ပါ ။ ထို့ကြောင့် အမှန်အတိုင်း ပြော ပြလိုက်သည် ။ ကျောင်းစိမ်း မဝတ်ခဲ့မိသည့် အကြောင်း ၊ ကျောင်း ဝ မှာ သင်္ချာဆရာ ကို တွေ့သည့် အကြောင်း ။
“ အဲဒါနဲ့ ကိုယ် လည်း မဝင်ရဲဘူး တီချာ ၊ ကိုယ် ဝင်ရင် ဆရာ က ကိုယ့် ကို ရိုက် မှာ ။ ပြီးတော့လဲ ... ”
ကိုယ် စကား ဆက် မပြောဘဲ နေသည် ။ ကိုယ် ပြောသင့် မပြောသင့် စဉ်းစားနေသည် ကို တီချာမေ သိ သွား၏ ။
“ ပြောလေ ညီညီ ဘာဖြစ်လဲ ၊ ပြောသာ ပြောပါ ”
“ မဟုတ်ဘူး တီချာ ၊ ကိုယ် ထင်တာ ပြောတာ ၊ သင်္ချာဆရာ က ကိုယ့် ကို ဆိုရင် အမြဲတမ်း အပြစ် ပြောတယ် ၊ ဆရာ မကြိုက်တာလည်း ကိုယ် ဘာလုပ်လို့လဲ ၊ ကိုယ့် ကို ဆရာ က တီချာမေ လို မဟုတ်ဘူး ၊ သူ ကိုယ့် ကို မုန်း နေတယ် ”
ကိုယ့် အသံတွေ တုန် သွားသည် ။ ဝမ်းလည်း နည်း သွားသည် ။ တီချာမေ က ...
“ အို ... မဟုတ်တာ ကွယ် ၊ ဆရာ ဆိုတာ ကျောင်းသား ကို မုန်းတယ် လို့ ဘယ် ရှိပါ့မလဲ ၊ ရိုက်တယ် ဆိုတာကလည်း လိမ္မာစေချင် လို့ စာ တတ် စေချင်လို့ပေါ့ ”
“ တီချာ က ကျတော့ ဘာလို့ မရိုက်တာလဲ ”
တီချာမေက အသံ ထွက်အောင်ပင် ရယ် လေသည် ။
“ ဒီလိုလေကွယ် ၊ ဆရာ တစ်ယောက် နဲ့တစ်ယောက် မတူကြဘူးပေါ့ ၊ တချို့ကတော့ ကျောင်းသား ကျောင်းသူတွေ အပေါ်မှာ ပန်းပင်ကလေးတွေ ၊ ပန်းပွင့်ကလေးတွေ လို သဘော ထားတယ် ။ ပန်းပင်ကလေးတွေ ကို ကြည့်လေ ၊ အကြမ်းပတမ်း လုပ်လို့ ရမလား ။ ယုယုယယ ထားမှ ရှင်သန်မယ် မဟုတ်လား ။ အဲ ... အချို့ ဆရာ ကတော့ ကျောင်းသား ကျောင်းသူတွေ ကို အိုးကလေးတွေ လို သဘော ထားတယ် ။ အိုး လုပ်တဲ့ အခါ ကျရင် မဖုတ်ခင်မှာ နာနာ ရိုက်ပုတ် ပေးရတယ် ။ ဒါမှ အဲဒီ အိုး က ခိုင်တယ် တဲ့ ။ ညီညီ သဘော ပေါက် ရဲ့လား ”
ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။ ကိုယ့် စိတ် ထဲ တွင် ဘွားမေသိန်း ပြောဖူးသော စကား ကို သွား သတိရမိ၏ ။
“ မင်း အဖေ ငယ်ငယ် က အရိုက် ခံရရင် ဘယ်တော့ မှ မငိုဘူး ၊ ထွက် လည်း မပြေးဘူး ၊ အံကြိတ် ပြီး ခံတယ် ။ မင်း အဖေ က ထုလေ မာလေ ငါးဖယ် လို ပဲ ” တဲ့ ။
တီချာမေ က ကိုယ့် မျက်နှာ ကို စေ့စေ့ ကြည့်ပြီး ပြော ပြန်သည် ။
“ အေး ... ဆရာတွေ က သဘော ထား ပုံချင်း မတူပေမယ့် ကျောင်းသား ကျောင်းသူတွေ စာ တတ် စေချင်တဲ့ စေတနာ ၊ လိမ္မာ စေချင်တဲ့ စေတနာ မှာတော့ အတူတူ ချည်းပဲကွယ့် ၊ အဲ ... ပြီးတော့ တချို့ ဆရာ ၊ ဆရာမ ကျ ပြန်တော့လည်း လိမ္မာတဲ့ လူ ကို မရိုက်ဘူး ၊ ဆိုးတဲ့ လူ ကို မှ ”
“ ဟင် .. ဒါဖြင့် ကိုယ် က ဆိုး လို့ ”
“ မဟုတ်ဘူး .. မဟုတ်ဘူး ”
တီချာမေ သည် ကိုယ့် မေးစေ့ကို ကိုင် လိုက်ပြီး ....
“ အဲဒါ ပြော မလို့ပါ ၊ သင်္ချာဆရာ က ညီညီ ကို ဆိုးတယ် လို့ ထင် သွားတာ ၊ ညီညီ ကလည်း အုန်းသီး ကို သွား ဆွဲထိုးတယ် မဟုတ်လား ”
“ သူ က ကိုယ့် ကို ... ”
“ အေးပါ ၊ တီချာ သိ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် သင်္ချာ ဆရာ က ဆိုးတယ် လို့ ထင် သွားတာပေါ့ ၊ အဲဒါ ညီညီ က လူဆိုး မဟုတ်ဘူး ။ လိမ္မာတယ် လို့ တီချာမေ က ပြောပြ လိုက်ပြီ ။ အဲဒါ နောက် ကို ဆရာ က ရိုက် မှာ မဟုတ်တော့ဘူး ။ ညီညီ က လည်း ရန် မဖြစ်နဲ့တော့ သိလား ။ ဆရာ့ စကား လည်း နားထောင် နော် ”
ကိုယ် ခေါင်းညိတ် ပြလိုက်၏ ။ နောက် တီချာမေ က “ စနေနေ့ တုန်း က ကျောင်း မတက်ဘဲ ဘယ်တွေ လျှောက်သွား နေသလဲ ” ဟု မေးသည် ။ ကိုယ် ကလည်း အမှန်အတိုင်း ဖြေ သည် ။
“ ဟင် မင်း ဖေဖေ ဆီ လည်း ရောက်သေးတယ် ဟုတ်လား ၊ မင်း ဖေဖေ က ကျောင်းမတက်တဲ့ အတွက် မဆူဘူးလား ”
“ ကိုယ် က အစည်းအဝေး ရှိလို့ ကျောင်း ပိတ်လိုက်တယ် လို့ ပြောမိတယ် တီချာ ”
“ အို ဘာဖြစ်လို့ လိမ် ပြောရတာလဲ ၊ မိဘ ကို ဘယ်တော့ မှ လိမ် မပြောရဘူးလို့ တီချာ မှာ ထားတယ် မဟုတ်လား ”
ကိုယ် ဘာမျှ ပြန် မပြောဘဲ ခေါင်း ငုံ့ နေလိုက်သည် ။
“ ကဲ .. ကဲ ဒီ တစ်ခါ ခွင့်လွှတ်မယ် ဟုတ်လား ၊ နောက် ကို ကျောင်း ပြေးတာတို့ ၊ လိမ် ပြောတာတို့ ၊ ရန်ဖြစ်တာတို့ လုပ် ရင် .... ”
“ အဲဒါဆို ကိုယ့် ကို သေအောင် ရိုက်ပါ တီချာ ”
“ အေး ... ဟုတ်ပြီ ၊ ရိုက်ဖို့ မလိုဘူး ဆိုတာ တီချာ သိတယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ ညီညီ ကလည်း နောက်ကို ဘယ်တော့မှ ဆိုးမှာ မဟုတ်ဘူး ၊ ညီညီ က လိမ္မာပါတယ် နော် ”
တီချာမေ့ ဆီ က ထွက် လာပြီး ကျောင်းရှေ့ ကွက်လပ် ကို ဖြတ် လျှောက်လာခဲ့သည် ။ ကွက်လပ် တွင် အုန်းသီး တို့ ဘောလုံး ကန်နေကြလေသည် ။ ဖရက်ဒီ က ဂိုး ဖမ်းနေသည် ။ သူ့ နား က ကိုယ် ဖြတ်သွားသောအခါ ဖရက်ဒီ က ကိုယ့် ကို ပြုံး ကြည့်လိုက်သည် ။ ကိုယ် က ပြန် မပြုံးပြချေ ။ သူ မေးသည် ။
“ ညီညီ .. မင်း ပါ မလို့လားကွ ”
ကိုယ် ဆတ်ခနဲ ရပ်ပြီး သူ့ ကို စိုက် ကြည့်လိုက်သည် ။ ဖရက်ဒီ သည် မျက်နှာ ပျက်သွားပြီး ပျာပျာသလဲ ပြောသည် ။
“ မဟုတ်ပါဘူး ကွာ ၊ ငါ က အကောင်း ပြောတာပါ ၊ မင်း ကစားမယ် ဆိုရင် ... ”
ကိုယ် ခေါင်း ခါလိုက်ပြီး ဆက် လျှောက်ခဲ့သည် ။ ကျောင်း ထောင့် က ဗာဒံပင်ကြီး အောက်မှာ ထိုင် သည် ။ ထမင်းဘူး ကို ဖွင့် ၍ စား သည် ။ ဘောလုံး ကန်နေသော နေရာမှ “ ဂိုး ” ဟု အော်လိုက်သံများ ကြားသောကြောင့် လှည့် ကြည့်မိသည် ။ ထုံးစံအတိုင်း အုန်းသီး သည် အသံကျယ်လောင် ကျယ်လောင် လုပ်၍ ငြင်း နေသည် ။
ခါတိုင်းနေ့များ လို ကိုယ့် မှာ ဘောလုံး ကန်ချင်စိတ် မရှိပါ ။ အုန်းသီး နှင့် ရင်ဆိုင် တွေ့ရမည်ကို ကြောက်သောကြောင့် လည်း မဟုတ်နိုင်ချေ ။ သူ့ ကို ကိုယ် မကြောက်တော့ ။ သို့သော်လည်း ဘယ်လိုမှန်း မသိ ။ ကိုယ် တစ်ယောက်တည်း ပဲ နေချင် တော့သည် ။ တင်အောင်ခိုင် သာ အိမ်ပြန် ထမင်း မစားဘူး ဆိုလျှင် သူ နှင့် အတူတူ နေချင် နေမိ ပါလိမ့်မည် ။
“ ဟိတ် ”
နောက်မှ ခေါ်သံ ကြား၍ လှည့် ကြည့်သည် ။ ကိုယ် အံ့သြ သွားမိပါ သည် ။ ကိုယ် အရိုက်ခံရသော နေ့ က ဓားလှီးရေခဲမုန့် ကိုင်ရင်း အခန်း အပြင် က ရပ် ကြည့်နေသော ကောင်မလေး ။ ခုလည်း သူ့ လက် ထဲမှာ ဓားလှီးရေခဲမုန့် ကိုင် ထားသည် ။
“ စားမလား ”
သူ မေးသည် ။ ကိုယ် ခေါင်း ခါပြသည် ။ သူ သည် အင်္ကျီအဖြူ လက်တို ၊ စကတ်အစိမ်းလေး နှင့် ။ အရည်ပျော်ပြီး စီးကျခါနီး ဖြစ်သော ဓားလှီးရေခဲမုန့် ကို လျှာ နှင့် လျက် လိုက်ပြီး ...
“ နင် ဟိုတစ်နေ့က ဘာဖြစ်လို့ အရိုက် ခံရတာလဲ ဟ ”
“ နင် နဲ့ ဘာဆိုင်လို့လဲ ” ဟု ပြောမည် ပြုပြီး မှ မပြောဖြစ်လိုက်ချေ ။ ဘာကြောင့်မှန်း မသိ ၊ သူ မေးတာ ကို ဖြေချင် သွားလေသည် ။
“ ရန်ဖြစ်လို့ ၊ အုန်းသီး ကို ထိုးလို့ ”
“ ဘာဖြစ်လို့ ထိုးတာလဲ ”
“ ကိုယ့် ကို မခံချင်အောင် ပြောလို့ ”
သူ သည် ဇက် ကို ပု ပြီး လျှာကလေး ကို ထုတ် လိုက်သည် ။
“ ဟာ .. ဟာ သူ့ ကိုယ် သူ များ ကိုယ် တဲ့ ”
“ အို ... ကိုယ် ဒီလိုပဲ ပြော တတ်တာပဲ ”
“ ထားပါတော့ ဘာပြောလို့လဲ ”
“ ကိုယ့် ကို အခြောက် လို့ ပြောတယ် ”
“ အမယ် သူ ကပဲ ပြောရတယ် ရှိသေး ၊ အဲဒီကောင် က မှ အခြောက် ၊ နင် ဆွဲထိုးတော့ ငိုတယ် မဟုတ်လား ”
“ ဟင် .. နင် က သိလို့လား ”
“ သိတာပေါ့ ၊ အဲဒီတုန်း က ငါ က ခပ်လှမ်းလှမ်း က ကြည့် နေတာပဲ ၊ နင် လက်သီး ထိုးတာ ကျော်ဟိန်း နဲ့ သိပ် တူတာပဲ ”
သူ နှင့် စကား ပြော ရသည်ကို ကိုယ် ပျော်သွားမိသည် ။ သူ သည် ကိုယ့် ဘေးနား မှာ ဝင် ထိုင်သည် ။ သူ့ ကို ကိုယ် စိုက်ကြည့် နေလိုက်မိ၏ ။ သူ သည် အသား ဖြူသည် ။ သူ့ ဆံပင် သည် ပျော့ပျော့ကလေးတွေ ၊ လည်ကုတ် ပေါ် မှာ ဝဲ နေသည် ။ သူ့ ပါးပေါ် တွင် သွေးကြောကလေးတွေ မြင် နေရသည် ။
ကိုယ် သည် ဇွန်း ကို ကိုင် ရင်း သူ့ ကို ကြည့် နေမိကြောင်း သိ ရသည် ။ ထမင်း တစ်ဝက် လောက် ကျန် သေးသည် ။
“ ထမင်း စားမလား ”
“ ဟေ့အေး ... ငါ စားပြီးပြီ ”
“ အိမ် က စား လာတာလား ၊ ဒါဆို နင် အခု မဆာနေဘူးလား ”
“ ဘယ်ကလာ ဟုတ်ကမှာလဲ ၊ မုန့်စားဆင်းချိန် ဆို မေမေ က ထမင်း လာ ကျွေးတယ် ၊ ငါ ထမင်း စားပြီးမှ မေမေ က ပြန်တာ ”
“ နင့် မေမေ က ထမင်း လာ ကျွေးတယ် ”
သူ ခေါင်းညိတ် ပြသည် ။ ကိုယ် သည် ဆော်လီမား ကို ဖျတ်ခနဲ မြင်ယောင် မိလေသည် ။
“ နင်က ဘယ်အတန်းကလဲ ”
ကိုယ် မေးသည် ။
“ ငါ ခြောက်တန်း ဘီ က ၊ နင် ကော ”
“ ကိုယ် က အေ တန်း က ”
သူ သည် အင်္ကျီကြယ်သီး တစ်လုံး ကို ဖြုတ်၍ အင်္ကျီ ထဲ သို့ လက် ကို နှိုက်ပြီး ပြန် ထုတ်လိုက်သော အခါ ဆီးသီးထုပ် တစ်ထုပ် ပါ လာသည် ။
“ ဟင် .. နင် ခုနပဲ ဓါးလှီးရေခဲမုန့် စားတယ် မဟုတ်လား ၊ အချဉ် နဲ့ ဘယ် တည့်မလဲ ”
“ အို ... ငါစားနေ ကျပဲ ၊ ဘာမှ မဖြစ်ပါဘူး ”
သူ သည် ဆီးသီးထုပ် ကို ပါးစပ် ဖြင့် ကိုက်၍ ဖောက်သည် ။ ဆီးသီး ကို လက် ဖြင့် မနှိုက်ဘဲ ပလတ်စတစ် အပေါ် မှ ပါးစပ် ဖြင့် စုပ် ယူသည် ။ ပြီးတော့ “ အင့် ” ဆို ပြီး ဆီးသီးထုပ် ကို ကိုယ့် ကို လှမ်း ပေးသည် ။ ကိုယ် လှမ်း ယူ လိုက်သောအခါ ပလတ်စတစ် အိတ် မှာ သူ့ တံတွေးတွေ စို နေကြောင်း သိရသည် ။ ဘာကြောင့်လဲ မသိ ။ သူ့ တံတွေးများ ကို ကိုယ် မရွံမိချေ ။ သူ့ လိုပင် ဆီးသီးထုပ် ကို ပါးစပ်ဖြင့် စုပ်၍ စား သည် ။ သူ က ကိုယ့် ကို ကြည့်ရင်း ရယ် သည် ။ ကိုယ် လည်း ပြန် ရယ်လိုက်လေသည် ။
ထိုအချိန် တွင် ကျောင်းတက်ခေါင်းလောင်း ထိုး သံ ကြား ရသည် ။ ကိုယ်တို့ နှစ်ယောက် စာသင်ခန်းများ ဆီ သို့ အတူတူ လျှောက် လာကြရင်း က သူ သည် တစ်ခုခု ကို သတိ ရဟန်ဖြင့် ...
“ ဟယ် .. မေ့နေလိုက်တာ ၊ နင့် နာမည် ဘယ်သူလဲ ”
ကိုယ် သည် တဟားဟား ရယ် လိုက်ပြီးမှ မျက်နှာ ကို တည် လိုက်ပြီး ....
“ ဗိုလ်အောင်ဒင် ”
“ ဟား ... ဟား .. လာ ဖိန့် မနေနဲ့ ၊ ဗိုလ်အောင်ဒင် ဟာ စတီရီယို ဇာတ်လမ်း နာမည်ကြီး ”
ကိုယ် ရယ်လိုက်ရသည် ။
“ အလကား ပြောတာပါ ။ ကိုယ့် နာမည် က ညီညီ တဲ့ ”
“ ညီညီ ”
“ အေး .... ဟုတ်တယ် ၊ နင့် နာမည် ကော ”
“ စနေမ ”
“ ဟား .. လုပ်မနေနဲ့ အပိုတွေ ”
“ အလကား ပြောတာ ခိုင်မာလာ တဲ့ ”
“ နင့် နာမည် က ကောင်း သားပဲ ၊ နင့် နဲ့လည်း လိုက်တယ် ”
“ လိုက်တယ် ၊ ဘယ်လို လိုက်တာလဲ ”
“ ဟိုလေ ၊ ဘယ်လို လိုက်တာလဲ လို့တော့ ကိုယ် လည်း မသိဘူး ”
“ နင့် ဟာကလဲ ” ဆိုပြီး သူ ပြုံးသည် ။ သူတို့ အတန်းနား သို့ ရောက်သောအခါ သူ က .. “ နင် သွားတော့လေ ” ဟု ပြောသည် ။ ပြီးတော့ အခန်း ထဲ ဝင် သွားသည် ။ သူတို့ အတန်း နောက်ဆုံးခုံ တန်းမှာ ထိုင်နေသော ကောင်လေး တစ်ယောက် က ကိုယ့် ကို လက်သီး ထောင်ပြ၏ ။ ကိုယ် က နှုတ်ခမ်းတစ်ဖက် ကို တွန့်၍ မခန့်လေးစား ပြုံး ပြလိုက်သည် ။
ညနေပိုင်း စာသင်ချိန်များ တွင် ကိုယ့် စိတ် သည် ကြည်ကြည်လင်လင် ဖြစ် နေသည် ။ သင်္ချာ အချိန် ၌ပင် ခါတိုင်းလို စိတ် မညစ်တော့ပါ ။ သင်္ချာဆရာ သည် အရင်ကလို ကိုယ့် ကို မျက်မှောင်ကြီး ကုတ်၍ ကြည့်သည် ဟု မထင်တော့ချေ ။ စိတ်တွက် ပုစ္ဆာ သုံးပုဒ် အတွက် ခိုင်းရာ ကိုယ် က အရင်ဆုံး ပြီး သဖြင့် သင်္ချာဆရာ ၏ ပြုံး ကြည့်ခြင်း ကိုပင် ခံ ရသည် ။
ကျောင်းဆင်းချိန် ရောက်သည် ထိ ဘာမျှ မကြာလိုက် ဟု ထင် ရသည် ။ ကျောင်း ဆင်းသောအခါ မိန်းကလေးတွေ က အတန်းထဲ မှ အရင် ထွက်ရသည် ။ ပထဝီဆရာမ က “ ကဲ ယောက်ျားလေးတွေ ထွက်နိုင်ပြီ ” ဟု ပြောသော အခါ ရှေ့ဆုံး မှ တိုးဝှေ့ ထွက်လာသူမှာ ကိုယ် ပင် ဖြစ်ပါသည် ။
ဘီတန်း ဘေး မှ ဖြတ် လျှောက်ရင်း ကြည့် သေးသည် ။ အတန်း ထဲ မှာ ဘယ်သူ မှ မရှိတော့ ။ ကျောင်းဝင်း အတွင်း မှာလည်း ဟိုဟိုဒီဒီ ကြည့် ပြီးမှ အိမ် ပြန်လာခဲ့သည် ။
ကျောင်းဆင်းခါ နီး တုန်း က မိုးသည်းထန်စွာ ရွာ ခဲ့သည် ။ ခုတော့ မိုး တိတ်သွားပြီ ။ နေ သည် တိမ်တွေ ကြားထဲ က ပြူ ထွက်နေသည် ။ အရှေ့ဘက် ကောင်းကင် တွင် သက်တန့်ကြီး ကို ပင် မြင် ရသည် ။ လမ်းဘေး ရှိ ရေအိုင်ကလေးများ ကို ခုန်ကျော်၍ လာ ခဲ့သည် ။ အရာအားလုံး တို့ သည် လှပနေကြ၏ ။ တံတားကြီး ပေါ် မှ ဖြတ်ကျော်လာသော အခါ အေးကြည် နှင့် မောင်ပါ တို့ ကို သတိရ မိသေးသည် ။ မနက်တုန်း က နောက်ကျိနေသော ချောင်းရေ သည်ပင် ခုအခါ ကြည်လင်၍ နေသည် ဟု ထင်မိပြန်သည် ။ ဒီနေ့ ညနေခင်း အိမ် ပြန်လာရာ လမ်းတလျှောက် ရှိ မြင်မြင်သမျှ အရာတို့သည် ဝါဝါထိန်ထိန် တောက်တောက်ပပ ရှိ နေကြလေသည် ။ တိမ် တောက်နေသောကြောင့် ပင် ဖြစ်ပါသည် ။
မေမေ ရုံး က ပြန် လာသောအခါ အန်တီလူး ပါ လိုက် လာသည် ။ သူ့ ကို ကိုယ် သဘော မကျသည့် အချက်တွေ ထဲတွင် အဲဒါလည်း တစ်ခု ပါသည် ။ သူ လိုက်လာသည့် နေ့ ဆိုလျှင် မေမေ နှင့် ကိုယ် အေးအေးဆေးဆေး မနေ ရတော့ပါ ။ သူ နှင့် မေမေ တို့သည် ဧည့်ခန်း ထဲ မှာ ထိုင်၍ စကားတွေ ပြော ကြသည် ။ ည မိုးချုပ် ထိ ။ တစ်ခါတလေ ကိုယ် အိပ်ရာ ထဲ ဝင်၍ အိပ်ပျော် သွားသည် ထိ သူတို့ စကား ပြောလို့ မပြီးသေးချေ ။
တစ်ခုတော့ ကောင်းသည် ။ မေမေ နှင့် အန်တီလူး တို့ စကား ပြော နေကြပြန်ပြီ ဆိုလျှင် ကိုယ် သည် စာရေး စားပွဲ တွင် ထိုင်၍ စာ ကျက်ချင်ယောင် ဆောင်ရင်း သူတို့ ပြောသည် ကို နားထောင် လို့ ရ နိုင်သည် ။ ကိုယ် သိချင်နေသော အကြောင်းတွေ သူ တို့ ပြောချင် ပြောကြလိမ့်မည် ။
ခုလည်း ကိုယ် သည် မြန်မာဖတ်စာအုပ် ကို ဖွင့်၍ ဖတ်ချင်ယောင် ဆောင်ရင်း နားထောင် နေသည် ။ ကိုယ့် စာရေးစားပွဲ နှင့် မေမေ တို့ ထိုင် နေကြသော ဆက်တီကုလားထိုင် သည် နည်းနည်း ဝေးသည် ။ ထို့ကြောင့် သူတို့ ပြောသော စကားတွေ ကို အားလုံးတော့ မကြားရပါ ။ နည်းနည်းကျယ်ကျယ် ပြောသော စကားတွေ သာ ကြား ရသည် ။ တစ်ခါတစ်ခါ ကျတော့လည်း သူတို့ က တိုးတိုးကလေးတွေ ပြော ကြသည် ။ တချို့စကားတွေ ကျတော့ အင်္ဂလိပ် လို ညှပ် ပြောကြသည် ။
“ ...အဲဒါကြောင့် ပြောတာပေါ့ ၊ အခြေအနေ က ဘာမှ ပြောလို့ ရတာ မဟုတ်ဘူး ၊ ကိုယ် ငွေစုနေတယ် ဆိုတာ ကလဲ ”
မေမေ့ အသံ ဖြစ်ပါသည် ။ ပြောရင်း က တိုး သွားသောကြောင့် မကြား ရပြန်ပါ ။ အန်တီလူး ဝင် ပြောသည် ။
“ အေးလေ ... ယော်ဟပ်စဘင်း က ”
ဟော ... ဖေဖေ့ အကြောင်း ၊ ကိုယ် သေသေချာချာ နားစိုက်ထောင်သည် ။
“ အင်း ... ယက်စ် ယက်စ် မယုံရဘူး ”
“ ဟုတ်တယ် လုစ် ၊ သံယောဇဉ် တစ်ခု တည်း ပဲ ”
အန်တီလူး က ဘာ ထပ်ပြောသည် ကို မကြားလိုက်ရ ။ အိမ်ရှေ့လမ်းပေါ် က ကုန်တင်ကားကြီး ဖြတ် မောင်းသွားသော အသံကြောင့် ဖြစ်သည် ။ “ တစ်လ ခုနှစ်ရာ ” ဆိုသော မေမေ့ အသံ ကို ကြား လိုက်ရ၏ ။ ' ညီညီ ' ဆိုသော ကိုယ့် နာမည် ကို ပြော သေးသလား မသိ ။ သဲသဲကွဲကွဲ မကြား လိုက်ရပါ ။ ကား သံ မရှိတော့သော အခါကျမှ စကားတွေ ကို ပြန် ကြားရသည် ။ သို့သော်လည်း ကိုယ် ဘာ မှ နားမလည်တော့ပါ ။ အင်္ဂလိပ် လို ပြော နေကြခြင်း ဖြစ်သည် ။
ကိုယ် သည် စာ လည်း ဖတ်လို့ မရ ။ နားထောင် လို့လည်း ဘာမှ နားမလည် ။ ကြာတော့ ပျင်း လာသည် ။ ညောင်းလည်း ညောင်းလာသည် ။ အိပ်လည်း အိပ်ချင်ပြီ ။ ကိုယ် ထ ရပ်လိုက်သည် ။ ထိုအခါကျမှ ကိုယ့် ကို သတိရ သွားကြပုံ ရလေသည် ။ မေမေ က
“ သား ... အိပ်တော့ မလို့လား ၊ အိပ်ချင်လည်း သွား အိပ်တော့လေ ”
ကိုယ် က ခေါင်း ကို သာ ညိတ် ပြ၍ ရေချိုးခန်း ဘက် ထွက် လာခဲ့သည် ။ ခြေထောက် ဆေးသည် ။ ပြီးတော့ ဧည့်ခန်း ကို တစ်ခါ ဖြတ်၍ လာရ ပြန်သည် ။ ထိုအခါကျ မှ အန်တီလူး က ကိုယ့် ကို လှမ်း ခေါ်ပြန်သည် ။ ကိုယ် မကြားသလို လုပ်၍ အိပ်ခန်း ထဲ ဝင်မည် ပြုသည် ။ သို့သော် လည်း မေမေ က “ သား ... အန်တီ ခေါ်နေတယ်လေ ” ဟု လှမ်း ပြောသောကြောင့် ကိုယ် သွားရသည် ။ အန်တီလူး သည် ထုံးစံအတိုင်း ကိုယ့် ကို သူ့ ပေါင်ပေါ် မှာ အထိုင် ခိုင်းသည် ။ စိတ် မပါသော်လည်း ကိုယ် ထိုင်နေ လိုက်ရသည် ။ ပြီးတော့ သူ မေးသည် ။
“ ညီညီ့ ကို အန်တီ တစ်ခု မေးမယ် ၊ မှန်မှန် ဖြေနော် ”
ကိုယ် ဘာမှလည်း ပြန်မပြော ၊ ခေါင်း လည်း မညိတ်မိ ။
“ ညီညီ က ဖေဖေ နဲ့ မေမေ ဘယ်သူ့ ပို ချစ်သလဲ ”
ကိုယ် မေမေ့ ကို ဖျတ်ခနဲ လှမ်း ကြည့်လိုက်သည် ။ မေမေ သည် ကိုယ့် ကို ပြုံး ကြည့်နေသည် ။ သို့သော်လည်း ကိုယ် သိသည် ။ တစ်ခါက မေမေ ကိုယ့် ကို ပြောခဲ့ဖူးသည်ကို သွား သတိရမိ ပြန်၏ ။ အဲဒီတုန်းက အိပ်ရာ ပေါ် မှာ ကိုယ် က မေမေ့ ရင်ခွင်ထဲ ဝင်ပြီး ကျောင်း မှာ လျှောက် အော်ခဲ့သည်များ ကို ပြန် ဆိုနေသည် ။ သူငယ်ချင်းတွေ နှင့် ပြိုင်တူအော် ခဲ့သော “ တနင်္ဂနွေ တနင်္လာ မင်းအဖေ ထမင်းဆာ ၊ အင်္ဂါ ဗုဒ္ဓဟူး ဖင် မှာ တုတ်စူး ၊ ကြာသပတေး သောကြာ စာပေးလို့ ရောက်လာ“ ဟု အော်ရင်း ကိုယ် မေမေ့ ကို မေးသည် ။
“ မေမေ စနေ ကျတော့ ဘယ်လို ပြောမလဲ“
မေမေ က
“ ဘယ် သိမလဲကွယ် ”
ကိုယ် စဉ်းစားလိုက်ပြီး
“ စနေ ဆိုတော့ ဖေဖေ ပေါ့ ”
ထိုအခါ မေမေ သည် ချက်ချင်း ဘာမျှ ပြန် မပြောဘဲ နည်းနည်း ကြာမှ
“ သားက မင်း အဖေ ကို သိပ် ချစ်တာပဲလား ဟင် ”
“ ချစ်တာပေါ့ မေမေရဲ့ ”
“ မေမေ့ ထက်တောင် ပို ချစ်သလားဟင် ”
“ အို ... အတူတူပဲပေါ့ ”
အဲဒီတုန်းက မေမေ့ မျက်နှာ သည် ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ပါ ။
“ ဖြေလေကွာ ”
အန်တီလူး က အတင်းပင် မေး နေသည် ။ ကိုယ် ခေါင်း ခါ လိုက်သည် ။
“ ဟင့်အင်း ... ကိုယ် က ကလေး မှ မဟုတ်ဘဲ ၊ အဲဒါတွေ မေး ဖို့ မှ မလိုဘဲ ”
ဟု ပြောပြီး သူ့ ပေါင်ပေါ် မှ ကိုယ် အတင်း ရုန်း၍ ပြေး ထွက်လာခဲ့သည် ။
မေမေ က “ လုစ် ကလည်းဟာ ၊ ဆင်ခြင်မှ ပေါ့ ” ဟု ပြောလိုက် သံ ကြား ရသည် ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
No comments:
Post a Comment