အညာနွေ ကား ပူလွန်းသည် ။
နဂို အပူ ကြောက်သော ကျွန်တော့် အဖို့ ကား ပြောစရာ မရှိ အင်္ကျီ ကို ချွတ် ထားရသည့် အပြင် လုံချည် ပါ ခါးတောင်း ကျိုက် ထားရ သည် ။
သို့သော် ခေသူ မဟုတ် ။
နံဘေး နား တွင် ကျွန်တော့် နည်း နှယ်နှယ် လူငယ် တစ်အုပ် ကျွန်တော့် အား ငေးကြည့် နေကြ၏ ။ တချို့ကား ငုတ်တုတ် ။ တချို့ကား ငေး လျက် ။
“ အဲဒါနဲ့ကွာ ငါ ကလဲ ညတုန်း က ခုန ပြော တဲ့ ညိုညိုလွင် နဲ့ ချိန်း တွေ့ပြီး အိမ် အပြန် နောက်ကျပြီး နုံးချိ ပင်ပန်းပြီး အိပ်မောကျ အဲ နုံးချိရတဲ့ အကြောင်း ကို ဟိုတစ်နေ့ က ချိန်းတွေ့ တဲ့ စန်းနုရှိန် နဲ့ အကြောင်း မှာ ကွက်ကွက်ကွင်းကွင်း ရှင်းပြပြီးပြီနော် ၊ ငါ့ လက် က သိတယ် မဟုတ်လား ၊ ဘုရားပွဲ ဈေး မှာ လုပ်စား လာတဲ့ လက် ဆိုတော့ သိပ် သွက်တာ ၊ ဟဲဟဲ ”
အားလုံးက ကျွန်တော့် အား လေးစားစွာ ကြည့်၍ ခေါင်း ညိတ်သည် ။
“ အိပ်ရာ က ထပြီး နာရီ ကြည့် လိုက်တော့ မိနစ် နှစ်ဆယ် နောက် ကျနေပြီ ၊ အဲဒါနဲ့ ငါ လဲ ကမန်းကတန်း မျက်နှာ သစ် ပြီး ချိန်း ထားတဲ့ ရန်ကုန်တက္ကသိုလ် ဝင်း ထဲ ပြေး တာ ၊ အချစ် အတွက် ဆိုတော့ အပင်ပန်း ခံရမယ်လေ ၊ ဟုတ်ဘူးလား ”
ခေါင်းညိတ် ကြပြန်သည် ။
“ ငါ လဲ အားကုန် ပြေး တာပေါ့ကွာ ၊ အဲ ဟောဒီ ဆံပင် ရှည်ရှည် ကြီး က လေ ထဲ မှာ ဝဲလွင့် နေတာပေါ့ကွာ ၊ ဟုတ်ဘူးလား ”
ကျောလည် ကျော်ကျော်ခန့် ရှိ နီကျင်ကျင် ဖွာလန်ကျဲ ဆံပင် ကို ဆွဲ ပြလိုက်သေးသည် ။ ငေး ကြတုန်း ။ အားကျနေတုန်း ။
“ ကျောင်းဝင်း ထဲ လဲ ရောက်ရော စိန်ပန်းပင်တွေ တန်း နေတဲ့ ခုံတန်းလေး မှာ သီရိနွယ် က စောင့် နေတုန်း ရှိသေးတယ် ၊ သူ့ မျက်နှာလေးက ငယ်ပြီး နှုတ်ခမ်း က စူပွပွ ဖြစ်နေပြီ ၊ ငါ့ ကို မြင်တော့ တစ်ဖက် လှည့် သွားတာပေါ့ကွာ ၊ သိတယ် မဟုတ်လား ၊ အချိန် ကလဲ တစ်နာရီ နီးပါး နောက်ကျ သွားတာကိုး ၊ ငါ့ ကို လဲ စကား မပြောတော့ဘူး ၊ ဒါပေမယ့် သိတယ် မဟုတ်လား ၊ ငါ က မင်းတို့ လို မဟုတ်ဘူး ၊ မိန်းမ အကျော နပ် တယ်လေ ”
အားလုံး ကို ဝေ့ ကြည့်ရသေး၏ ။ အားလုံး ငေး ကောင်းတုန်း ။
“ ငါ လဲ ဘာမှ ပြော မနေတော့ဘဲ ငါ ရဲ့ ဟောဒီ ရင်ခွင်ကျယ်ကြီး ထဲ တစ်ခါတည်း ဆွဲ သွင်းလိုက်တာ ”
အားလုံးက ရင်ခွင်ကျယ် ဟု အမည် ရသော နံရိုးပြိုင်းပြိုင်း ငေါ ထွက်နေသော ခန္ဓာပိန် ကို ကြည့် ကြသည် ။ ကျွန်တော် က ထင်ပေါ် လှသော စတုတ္ထနံရိုး ကို လက်သီးဆုပ် နှင့် ခေါက်ပြရင်း
“ မိန်းကလေးတွေ က ဒီလို ကြွက်သား ပေါ်နေတာမျိုး ကို သဘော ကျတယ် မဟုတ်လား ၊ နောက်ပြီး ငါ က အဝေးကြီး က ပြေး လာရတာ ဆိုတော့ ချွေးနံ့ ကိုယ်သင်းနံ့တွေ နဲ့ မရုန်းနိုင်တော့ဘူး လေ ၊ အဲဒါနဲ့ ငါ လဲ သူ့ မေးလေး ကို ဆွဲပြီး ပါးလေး ကို ရှလူးခနဲ ”
အားလုံး နှာခေါင်းတုံးတုံးကြီးတွေ လိုက် ရှလူးကြပုံ ရ၏ ။ အတန် ကြာမှ နံဘေး နား ငုတ်တုတ် ထိုင်နေသော ဖိုးအောင် က မရွံ့မရဲ ဖြင့်
“ အဲဒီ အချိန် မှာ အစ်ကို့ ပါးပြင် လဲ ရှက်သွေးတွေ ရဲ နေမှာပဲ နော် ”
သူ့ အမေး ကြောင့် ကျွန်တော် လဲ အားတက်ပြီး
“ ဒါပေါ့ကွ ၊ ချစ်သူ ရဲ့ ပါးပြင် ကို နမ်းတဲ့ အချိန်မှာ ကိုယ့် မှာ လဲ ရှက်သွေး ”
စကား ပင် မဆုံးလိုက် ။ ကြား လိုက်ရသော အသံ က
“ ဘာ ရှက်သွေးလဲ ၊ ရှက်ကြော မရှိတဲ့ သူ က ဘယ်လို ရှက်သွေး ဖြန်း မှာလဲ ”
“ ရှက် ရှက်ကြော ”
စကား ပင် ဘယ်လို ဆက်ရမှန်း မသိတော့ ။ ကြည့် လိုက်တော့
“ ငမျိုး ”
ငမျိုး ကို မြင်တော့ တွန့်ဝင် သွားမိသည် ။ မှန်၏ ။ ဒီကောင် က ကျွန်တော် နှင့် ရန်ကုန် က အတူ လာခဲ့သူ ။ ကျွန်တော့် အကြောင်း ဆံပင် မှ အစ ခြေဖဝါး အဆုံး သိသူ ။
အခွင့် ရတုန်း ရွာသားများ ကို မဟုတ်မဟတ် ဇာတ်လမ်းဆင် ပြောမိ နေရာမှ ယခု ငမျိုး ရောက်လာ၍ စိတ်ကူး နှင့် ကျင့်နေသော ဘလက္ကာယအမှုကလေးပင် အဖမ်း ခံလိုက်ရပေပြီ ။ ထို့ကြောင့်
“ မင်း မင်း ကလဲ ကွာ ၊ ရှက်ကြော တော့ နည်းနည်း ရှိပါတယ် ကွ အဟဲ ”
ကျွန်တော့် မျက်နှာချိုသွေး စကားကို ငမျိုး က ရှုံ့မဲ့ လိုက်ပြီး
“ ဘာ ရှက်ကြောလဲ ၊ မွေး ကတည်းက ရှက်ကြော နဲ့ ချက်ကြော မှား ဖြတ်ခံနေရတဲ့ သူက များ ဟွန်း ပြော နေလိုက်တာ ၊ ကိုယ် သင်း နံ့ တဲ့ ”
ကျွန်တော် က ကိုယ့် ကို ကိုယ် ပြန် ငုံ့ နမ်းရင်း
“ မွှေးပါတယ် ဟ ၊ မင်း ကလဲ ”
“ ဘာ မွှေးလဲ ၊ အရက်နံ့ တွေ မွှန် ဟောင်နေတဲ့ ဟာ ”
“ ဝေါ့ ”
ဟုတ် မဟုတ် အနံ့ ခံ လာသော ထူးနိုင် အော့အန် မလို ဖြစ် သွား၏ ။ ကျွန်တော် လဲ ရှက်ကိုးရှက်ကန်း နှင့် ...
“ ဟိုလေ ၊ အနံ့ မမွှေးတာတောင် ဗလ က ”
“ ဘာ ဗလ လဲ ၊ ခန္ဓာ ကိုယ် ကလဲ ကြည့်ဦး ၊ မေဓာဝီ သမင်မ ကိုယ်ဝန် လွယ် ထားရသလို နေ့စေ့လစေ့ကြီး ”
ကျွန်တော် လဲ ခုန အကောင်း လုပ်ပြီး ကော့ကော့ ပြနေသော ခန္ဓာကိုယ် ကို ကျုံ့ ထား လိုက်မိသည် ။ ဒါကို ငမျိုး က ငေါထွက်နေသော နေရာ ကို လက်ညှိုး နှင့် ထောက်ပြပြီး
“ နံရိုးတွေ ကလဲ ကြည့်ဦး ၊ တံခါးလက်ကိုင်သံပန်းတွေ လို ၊ ဆံပင် လဲ ကြည့်ဦး ၊ မကောင်းတတ် လို့ သာ တက် ပေါက် နေရတာ သူတို့ ခမျာ မပေါက်ချင်ရှာဘူး ၊ ဒါကြောင့် ကျိုးတိုးကျဲတဲ နဲ့ ”
ဆက် ပြောလျှင် ရစရာပင် ရှိတော့မည် မဟုတ် ။ ထို့ကြောင့် စကား ဖြတ်သည့် အနေ နှင့်
“ မင်း ကလဲ ကွာ ၊ ရုပ်ရည် နဲ့ အကျင့် ပဲ မကြည့်နဲ့လေ ၊ စွမ်းတာ လေးတွေ လဲ ရှိပါတယ် ”
ကျွန်တော့် စကား ကို ငမျိုး က မျက်နှာ ပို ရှုံ့မဲ့လိုက်ပြီး
“ ဘာ စွမ်းတာ ရှိလဲ ၊ အဖွား လက်နှစ်လုံး ၊ အဖိုး လက်နှစ်သစ် တစ်ဆွေလုံး တစ်မျိုးလုံး ပေါင်း မှ ခြောက်လက်မ မကျော်တဲ့ ဟာ ကများ ”
သူ့ စကား ကြောင့် ကျွန်တော် လဲ တင်း ပြီး
“ ဟေ့ကောင် အဖွား လက်နှစ်လုံး ၊ အဖိုး လက်နှစ်သစ် နဲ့ လူ ဖြစ်အောင် မွေးလို့ ရတယ်ကွ ၊ မယုံရင် မင်း ကောင်မလေး လွှတ်လိုက် လုပ်ထည့်လိုက် လို့ ကံကောင်း ရင် ခြောက်လ ၊ ကံမကောင်းရင် ကိုးလ အထိ မပေါ့မပါး ဖြစ်သွားမယ် ၊ ဘာမှတ်လဲ ”
“ ခင်ဗျား ဘာစကား ပြောတာလဲ ရိုင်းလှချည်လား ”
“ ငါ ဆိုလိုတာ က ငါ့ ဒုက္ခ ကို ထမ်းထားရမယ်လို့ ဆိုလိုတာ ကွ ၊ မင်း အတွေး ကို က ရိုင်းနေတာ ”
“ ခင်ဗျား စကား ကို က နှစ်ခွ ”
“ တစ်ခွပါပဲ ကွာ ၊ တစ်ခွ တောင် အနိုင်နိုင် ”
“ ဟေ့လူ ခင်ဗျား ”
“ ကဲ ကဲ တော်ကြပါတော့ဗျာ ၊ တော်ကြပါတော့ ”
ကျွန်တော်တို့ နှစ်ယောက်ကြား ရွာသား ထူးနိုင် က ကြားဝင်ပြီး
“ ငမျိုး ကလဲ ကွာ ၊ ကိုကြည် ပြောတာ ပြောပါစေ ၊ သူ့ ရုပ် သူ ရည် နဲ့ ဘာမှ သောက်ဖြစ် မရှိတာ ပေါ်လွင်ပြီးသားပါ ”
“ ဟမ် ”
သူ့ စကား ကြောင့် ကျွန်တော် တွန့်ဝင် သွားရသည် ။ ဒါကို နီ ဘေးနား က ဖိုးအောင် က
“ ဟုတ်သား ငမျိုး ၊ ဒီရုပ် ဒီရည်နဲ့ ငါတို့ လဲ ခန့်မှန်း တတ်ပါ တယ် ၊ ဒါပေမယ့် ငါတို့ ရွာမှာ ဘာ မှ ဧည့်ခံစရာ မရှိလို့ ၊ သူ့ စကား ကို စိတ်ဝင်စားချင်ယောင် ဆောင်ပြီး နားထောင် ပေးနေတာ ၊ ဒါပဲ ဧည့်ခံ စရာ ရှိလို့ ဧည့်ခံ နေတာပါ ၊ ဒီရုပ် နဲ့ ဒီရုပ် ကွာ ကောင်မလေးတွေ အာဘွား ရှလူး ဖို့ မပြောနဲ့ ၊ ခွေးတောင် အသတီ ခံပြီး လျှာ နဲ့ တက် မလျက်တာ ငါတို့ သိ ပါတယ် ၊ ဒါပေမယ့် ကိုယ့် ဆီ လာတဲ့ ဧည့်သည် ပျော်သွားအောင် ပြောချင်တာ ပြော ဆိုပြီး လွှတ် ထားတာပါ ၊ ငါတို့ မှာလဲ ဦး နှောက် ရှိပါတယ် မင်း ကလဲ ၊ ပြော ပြော ကိုကြည် ဆက်ပြော ”
ကျွန်တော် သဘောပေါက် သွားပြီ ။ ဒီကောင် တွေ တဆိတ် ကျွန်တော့် ကို အထင် သေး လွန်း သွားပြီ ။ ထို့ကြောင့် ရုတ်တရက် ထပြီး
“ မင်းတို့ က ငါ့ ကို အထင် သေးတယ် ဟုတ်လား ၊ အေး ဒါဆို မြဲမြဲ မှတ်ထားလိုက်ငါ ဟောဒီ ရွာက မပြန်ခင် မင်းတို့ ရွာသူ တစ်ယောက် ကို အာဘွားရှလူး ပြ သွားမယ် ၊ အဲဒါ ငါ့ ရဲ့ သံန္နိဌာန် ၊ ပေးစမ်း ဂစ်တာ ”
အားလုံး ပြုံးစိစိ ဖြစ်ကုန်၏ ။ ပြက်လုံး တစ်ခု ကို ကြား လိုက်ရ သလို သာ ထင်နေဟန် တူ၏ ။ မျိုးအောင် က နံဘေး နား ထားသော ဂစ်တာ ကို ကမ်းပေး၏ ။ ကျွန်တော် က ဂစ်တာ ကို ဆွဲယူပြီး
“ ပြောစမ်း ၊ ဘယ်နား အပျို ရှိလဲ ”
ကျွန်တော် ကိုယ့် အစွမ်းအစ ကိုယ် ယုံကြည်စွာ ရဲရဲကြီး မေး လိုက်သည် ။ ဒါကို ထူးနိုင် က
“ ရွာလည် နား က ဖိုးဇေ တို့ အိမ်နား မှာ ရှိတယ် ကိုကြည် ၊ မသီတာ တို့ အိမ် မှာ အပျိုလေးတွေ လေးယောက် လောက် ရှိတယ် ၊ ကျွန်တော် လိုက်ပြမယ် ”
ဒါကို ကျန်သူများကလဲ
“ ဟာ ဒါဆို ငါတို့လဲ လိုက်မယ်လေ ၊ ချန် မထားပါနဲ့ ”
“ ဟုတ်သား ကိုကြည့် အစွမ်းအစ ကို လိုက် ကြည့်တာပေါ့ ”
အားလုံး တသီကြီး ကျွန်တော့် နောက် ကို လိုက်ခဲ့ကြသည် ။
ကျွန်တော် က အင်္ကျီ ဗလာကျင်း ၊ လုံချည် ခါးတောင်းကျိုက် နှင့် ဂစ်တာကြီး ထမ်းပြီး မပေါက်ချင် ပေါက်ချင် ပေါက်နေသော ခါး လည်လောက် ရှိ ဆံမွှေး နီကြောင်ကြောင် တခါခါ ။
ကျွန်တော့် နောက်တွင် တော့ ကျွန်တော့် လို အင်္ကျီ ဗလာကျင်း နှင့် ရွာသား ဆယ်ဦး ခန့် က ကပ်ပါ လာလေတော့သည် ။
••• ••• ••• •••
အညာနွေ ညများ ၏ ထုံးစံ အတိုင်း အပူငွေ့ က မပြယ်သေး ။
နေ့ခင်းပိုင်း က ပူ ခဲ့သမျှ အပူများ မှာ မြေပြင် ထဲ ထိ စိမ့်ဝင်ပြီး ညခင်း နေရောင် မရှိတော့သော အချိန် ထိလဲ နေ့ခင်းပိုင်း က စု ထား သော အပူများ မှာ တံလျှပ်သဖွယ် မြေပြင် ထဲ မှ ပြန်လည် ထိုးထွက် လာကြပြီး အချိန်မျိုး ၌ မြေပြင် ကို ဟပ်ဆဲ ။
ထိုအချိန်မျိုး ၌ မြေပြင် ၏ ဘယ်နေရာ နေနေ အပူ မှာ သေ သည် ဟူ၍မရှိ ၊ တရှိန်ရှိန်နှင့် လူ ကို ဟပ်ဆဲ ။ ထို့ကြောင့် အညာ သည် ညဦး ၌ အိပ် ရိုး ထုံးစံ မရှိ ။ မြေပြင် မှ အပူ ရှိန် ကျ မှပင် အိပ်ရာ ဝင်ကြမြဲ ။
ယခု အညာသားများ ပင် ငြီး ယူရသော အညာ ည ဦး ၌ ကျွန်တော် အပါအဝင် လူရွယ် ဆယ်ဦး ခန့်မှာ ပူပြင်းလှသော အညာလမ်းမကြီး ပေါ် နှလုံးမြေကျ ထိုင်၍ လာသမျှ အညာသူ လူမရွေး ၊ ကံစမ်းမဲ မပါဘဲ ဂစ်တာ တစ်လက် နှင့် ကြူ ပွဲ စတင်ရန် ကြံစည် နေကြခြင်းဖြစ် သည် ။
“ ကဲ ကိုကြည် ၊ ဒီရုပ် ဒီရည် တွေ မြင် တာနဲ့ ဘယ် အမျိုးကောင်း သမီး က မှ အပြင် ထွက်ရဲကြမယ် မထင်တော့ဘူး ၊ အဲဒီတော့ ပြန် အိပ် ရင် အိပ် မအိပ်ရင်လဲ တစ်နေရာ သွား ဝိုင်း မှ နဲ့ တူတယ် ”
ဖိုးအောင် ၏ စကား ။ ဒါကို ကျွန်တော် က ကိုယ့် ကို ကိုယ် ယုံကြည်မှု ပြည့်ဝစွာဖြင့် ရှိစုမဲ့ ရင် ကို တင်းခနဲ နေအောင် ကော့ ထုတ်လိုက်ပြီး
“ သူတို့ က ကြူ ဖို့ မထွက် ရင် ကိုယ် က ချူ ထုတ် ရမှာပေါ့ ဖိုးအောင် ရဲ့”
“ ဘာလဲ သင်္ဘောရိုး နဲ့ လား ”
“ အဲဒါ ဝမ်းချူတာ ကွ ၊ ကောင်မလေးတွေ သင်္ဘောရိုး နဲ့ ချူ လို့ ရမလား ”
ကျွန်တော့် စကား ကို ဖိုးအောင် က ခေါင်းကုတ်ပြီး
“ သိပါဘူး ၊ ကျွန်တော် လဲ ဒီလောက် ကြားဖူးတာ ဒါဖြင့် ဘာနဲ့ မှာလဲ ”
သူ့ အမေး ကို ကျွန်တော် က ပါလာသော ဂစ်တာ ထောင်ပြပြီး
“ ဒါနဲ့ ချူ မှာလေ ”
“ ဟယ် အကြီးကြီး ”
“ ဟာ မင်း က လဲ တွေး လိုက်မှဖြင့် ပေါက်ကရ ချည်းပဲ ငါ့ ရဲ့ ဂီတသံ နဲ့ ချိုး လိုက်ရင် ကောင်မလေးတွေ တုန် ဆင်း သွားမှာပါ ”
“ ဟင် ဟုတ်လား ၊ ဒါဖြင့် လုပ်လေ ”
အများက မြှောက်ပေး၍ ကျွန်တော် လဲ ပါလာသော ဂစ်တာ ကို တင်တောင် တင်တောင် မြည်အောင် အသံ စမ်း လိုက်သည် ။
“ ငါ အင်္ဂလိပ် လို ဆို လိုက်ရင် သူတို့ နားလည်ပါ့မလား ”
အားလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကုန်၏ ။
“ ထားလိုက်ပါ ၊ မြန်မာ လိုပဲ ဆို လိုက်ပါ့မယ် ”
အမှန်တော့ ကိုယ်တိုင် လဲ အင်္ဂလိပ် လို တစ်လုံး မှ မတတ် ။ ဒါကို အခွင့်ရတုန်း မသိမသာ ကျော် လိုက်ခြင်းသာ ။ ကိုယ့် ဘာသာ ကိုယ်ဆိုလျှင်
“ what is my name ”
“ who am I ”
ဆိုတာလိုမျိုး ဖြစ်နေသည် ။ ဒါကို အတတ်ကြီး လုပ်ပြီး အလစ်အငိုက် မှ တစ်ချက်လောက် ကျော ဖြစ်အောင် ကျော လိုက်ခြင်းဖြစ်၏ ။
“ တင်းတောင် တင်းတောင် ”
ဂစ်တာ ကို ခပ်တည်တည် နှင့် ကြိုး ညှိ လိုက်သည် ။
“ ဟ ဟ ကိုကြည် ခဏ နေဦး ၊ အိမ် ထဲ မှာ ရန်ဖြစ် နေကြတာလား ”
ထူးနိုင် က ပခုံး ကိုင် ၍ ပြောသည် ။ အသေအချာ နားစွင့် ကြည့် တော့
“ ဟဲ့ ငါ မှန်တယ် ထင်လို့ လုပ်တာပဲ ဘယ်သူ့ ဂရုစိုက် ရမှာလဲ ”
“ မှန်တယ်ထင်တိုင်း လုပ်လို့ရမလား ၊ ပတ်ဝန်းကျင် ဆိုတာ ရှိသေးတယ်လေ ”
အိမ် ထဲ မှ အော်ကြီးဟစ်ကျယ် ထွက်လာသော စကားသံများ
“ ဟာ အကြီးမ မပုံ့ နဲ့ အလတ်မ အေးစံ ရန်ဖြစ် နေတာပဲ ”
ဖိုးအောင် မှ ထောက်ခံသည် ။
“ ဟာ ဒါဆို မဖြစ်ဘူး ထင်တယ် ၊ သိပ် မကြာခင် လက်ပါ ကြ တော့မှာ ၊ အဲဒီတော့ ကျရင် သူတို့ မိဘတွေ က ပတ်ဝန်းကျင် ပါ ပတ် ကြမ်း မှာ ”
ကျော်ဝင်း က ထ ပြေးမလိုပင် ဖြစ်နေ၏ ။
“ ဟဲ့ ပတ်ဝန်းကျင် ကို ဘာလို့ ဂရုစိုက် နေရမှာလဲ ၊ သူတို့ က ထမင်း ကျွေးထားတာ မဟုတ်ဘူး ၊ ကိုယ့် ဘာသာ ကိုယ် စားတာ ”
“ ဒီအရွယ်ကြီး ရောက်လို့ ပတ်ဝန်းကျင် ဂရုမစိုက်ရင် နင့် ဘဝ ဟာ ”
ရန်ပွဲက ပို၍ အရှိန် မြင့် လာပေပြီ ။ ဒါကို အတူ ပါလာသော ငမျိုး မှ ပင်
“ ဟုတ်တယ် ကိုကြည် ၊ ဒါ အပူပိုင်းဒေသ နော် ၊ လူတွေ က သွေးဆူ သိပ်လွယ်တာ ၊ တော်ကြာ ကိုယ့် ဖက် လှည့် လာလို့ ဟုတ်ပေ့ ဖြစ်နေဦးမယ် ”
ကျွန်တော် ပြုံးမိသည် ။ ဒီကောင်တွေ ဂီတ ရဲ့ စွမ်းပကား ကို မသိသေး၍ ဤ စကားမျိုး ဆိုပုံ ရသည် ။ ထို့ကြောင့်
“ ဒီမှာ မင်းတို့ မှတ်ထား ”
အားလုံး ကျွန်တော့် ကို ကြည့်သည် ။
“ ဂီတ ဆိုတာ ငြိမ်းချမ်းရေး ကို ဖော်ဆောင်တာ ၊ ကမ္ဘာစစ်ကြီး ဖြစ်တာတောင် ဂီတသံ က လူတွေ ရဲ့ စိတ်နှလုံး ကို ဘေးချမ်းစေ တုန်း ပဲ ၊ ဂျာမနီ က ဂျူးတွေ ကို မျိုးဖြုတ်သတ်ပစ်နေတဲ့ အချိန် မှာ တောင် ဂျာမန်ဗိုလ်ချုပ် တစ်ယောက် က ဂျူးဂီတသမားတစ်ယောက် ကို ဝှက်ထား ပေးခဲ့ဖူးတယ် ၊ ယုတ်စွအဆုံး အသိဉာဏ် နည်းတဲ့ မြွေဟောက် တောင်မှ ပလွေ က ထွက်တဲ့ ဂီတသံ ကြားရင် ငြိမ်ကျ သွားရ တာပဲကွာ ၊ ဟားဟား ဒီ ရန်ပွဲ လောက် က ငါ့ ဂီတသံ ကြားရင် ငြိမ်းချမ်း သွားစေရမယ် ၊ ဟွင်းဟွင်း ”
ရှည်လျားစွာ ရှင်းပြရင်း ဂစ်တာကြိုး ကို တင်းတောင် တင်းတောင် ဆက် ညှိသည် ။ အတွင်း မှာ ပွဲ က ဆူနေတုန်း ။
"အေး ငါ မှန်တယ် ထင်လို့ လုပ်တာ ၊ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ”
“ အဲလို ပြောလို့ မရဘူးလေ နင် မှန်တိုင်း ပတ်ဝန်းကျင် က မမှန်နိုင်ဘူး ”
အတွင်း မှ ပွက်ပွက်ဆူ ထွက်လာသော အသံ ကို ဖုံး ရန် အသံ ဆယ့်နှစ်ကီး ဘယ်ကီး နဲ့ မှ မကိုက်သော ကျွန်တော့် အသံ ကို မြှင့်၍ သူတို့ နှင့် လိုက်ဖက်မည့် သီချင်း ကို ဤသို့ စ လိုက်သည် ။
“ မှန် တယ် ဆို လုပ် စမ်း ”
ကျွန်တော် ၏ အသံပြဲ ၊ အသံဝဲကြီး ကြောင့် အားလုံး ရုတ်တရက် ကြောင် သွား၏ ။ ကျွန်တော် က ဝမ်းသာအားရ အသံ ကို မြှင့်၍ ဆက် ဆို လိုက်သည် ။
“ မှန်တယ် ဆို လုပ်လိုက် ၊ ဒီရင် မှာ သွေးဆိုးတွေ သွေးညစ်တွေ ၊ ရှိသမျှ အကုန် ဖောက် ထုတ်လိုက်စမ်းပါ ၊ အို သတ္တိ တော့ ရှိ ”
တစ်ခေတ်တစ်ခါ က ဦးကျော်ဟိန်း တို့ ကိုချစ်ကောင်း တို့ ၏ နာမည်ကြီး သီချင်း ။
“ ဘုရား အသိ ၊ တခြား လူ သိဖို့ မလိုဘူး ဟေ့ ”
ကျွန်တော့် ၏ အသံပြဲ အသံကွဲ ကြီး ကြောင့် အားလုံး ကြောင် ပြီး ငြိမ်ကုန်၏ ။ ကျွန်တော် ဝမ်းသာအားရ ပင် အသံ ကို မြှင့်၍ ထပ်ဆိုလိုက်သည် ။
“ မှန်တယ်ဆို လုပ်စမ်း ”
ကျွန်တော့် စာသား နှင့် အပြိုင် ထွက်ပေါ်လာသော အသံ က
“ အေး ငါ မှန်တယ် ထင်လို့ လုပ်တာ ဘာဖြစ်လဲ ”
ကျွန်တော့် အသံ ကလဲ ကပ်လျက်
“ မှန်တယ်ဆို လုပ်လိုက်"
“ ဟဲ့ မှန်တယ် ထင်တိုင်း လုပ်လို့ ရမလား ၊ ပတ်ဝန်းကျင် ဆို တာ ရှိတယ် ”
“ ဒီ ရင် မှာ ရှိသမျှ ဒီ သွေးဆိုးတွေ သွေးညစ်တွေ ဖောက်ထုတ် လိုက်စမ်းပါ ”
“ ဟဲ့ကောင်မ ၊ နင့် သွေးဆိုးတွေ သွေးညစ်တွေ ငါ လာ ဖောက်ပြီ ဟေ့ ”
“ သတ္တိတော့ ရှိ ”
ကျွန်တော့် သီချင်းသံ နှင့် ဟာမိုနီ လိုက်နေသလို ပေါ်ထွက် လာသော ရန်ဖြစ်သံများ ။
“ ကောင်မ သတ္တိ ရှိရင် လာခဲ့စမ်းပါ ”
အိမ်တွင်း မှ ဝုန်းဒိုင်းကျဲသံများ ကြား ရ၏ ။
“ ဘုရားအသိ ”
“ ငါ မှန်တာ ဘုရား သိတယ် ဟဲ့ ကောင်မရဲ့ ”
“ တခြား လူ သိဖို့ မလိုဘူး ”
“ ဟဲ့ တခြား လူ လဲသိ ဖို့လိုတယ် ဟဲ့ ကိုယ် မှန်တယ် ဆိုပြီး ကြိတ် နေလို့ မရဘူး ”
အိမ်တွင်း နပန်းလုံးသံများ ပန်းကန်ပြားပျံ များ မြင် နေရ သည် ။ ကျွန်တော် က ကိုယ့် ဂစ်တာ ဆိုလို နှင့် ငြိမ့် နေတုန်း ။ ဂစ်တာ ဆိုလို ပြီးသည် နှင့်
“ မိန်းကလေး မင်း ကျေနပ်ပလား ”
“ မကျေနပ်ဘူးဟေ့ ၊ မကျေနပ်နိုင်ဘူး ၊ ကဲဟာ ”
နည်းနည်း ငြိမ်သွားသော မိန်းမများ ထို သီချင်းသံ ကြားသည် နှင့် ပြန် ခုန်ထွက်ကာ ဝုန်းဒိုင်းကျဲ ကုန်ကြပြန်၏ ။
“ အေး ငါကလဲ ကျေနပ်နေတယ် ထင်လား ကောင်မ ရဲ့ ”
“ လုပ်သင့်တာ လုပ်လေ ”
“ နင့် ကို ဟောဒီလို ဟောဒီလိုပဲ လုပ်သင့်တယ် ဟေ့ ”
“ ငါ ကတော့ နင့် ကို ဟောဒီလိုပဲ လုပ်သင့်တယ် လို့ပဲ ထင် တယ် ဟေ့ ”
“ ဖြန်း ဖြန်း ”
ရန်ပွဲ က ဇာတ်ရှိန် ပို မြင့်လာသည် ။
“ မိန်းကလေး မင်း ကျေနပ်ပလား ”
“ ဟဲ့ မကျေနပ်နိုင်ဘူး ၊ နင့် ကို ဟောဒီလို ”
“ ဟဲ့ နင် က ဒီလိုဆို ငါက ဒီလို ”
အိမ်တွင်းအိုးခွက်ပန်းကန်သံ ၊ ဒယ်အိုးသံ ၊ ဘီဒိုကျကွဲသံများ ကြား ရ၏ ။
“ လုပ်သင့်တာ လုပ် ”
“ အေး လုပ်သင့်တာ လုပ်ပြီ ဟေ့ ”
သီချင်းသံ နှင့် အတူ အိမ်ကြီး တစ်ခုလုံး တုန်ခါနေ၏ ။ ရန်ပွဲ က စစ်ပွဲတမျှ ပြင်းထန်နေပြီ ။ ကျွန်တော် လဲ ဝမ်းသာအားရ သီချင်း ကို ပြန် ကျော့ လိုက်၏ ။
“ မှန်တယ်ဆို လုပ်စမ်း ”
သီချင်း ထိုမျှ ဆိုရသေး၏ ။ အတွင်းမှ ကြားရသော အသံ က
“ ဟေ့ ဘယ်ကောင်လဲ ကွ ၊ ငါ့ သမီး ရန်ဖြစ်တာ ကို လာ မြှောက် ပေးနေတာ ၊ ငါ လာပြီ ကွ ”
အိမ်တွင်း မှ ကြား လိုက်ရသော အသံကျယ်ကျယ် ။ ကျွန်တော် က သူ့ ထက် အသံ မြှင့်၍
“ မှန်တယ်ဆို လုပ်လိုက် ”
ကျွန်တော့် သီချင်းသံ နှင့်အတူ အိမ်တွင်း မှ အသံ ကလဲ
“ အေး ငါ ကလဲ မှန်တယ်ဆို လုပ်မယ့် ကောင်ကွ ၊ ငါ လာပြီ ”
ထို အသံ ကြားတော့ နံဘေးနား က ရွာသားများ က လှုပ်လှုပ်ရွရွ ဖြစ် ကုန်ပြီး
“ ဟာ ဟိုမှာ မပုံ့ တို့ အေးစံ တို့ အဖေ ဦးစံတိုးကြီး ဓားကြီး ဆွဲ ထွက်လာပြီ ”
“ ဟာ အေး ဟုတ်တယ် ပြေးကြ ပြေးကြ ”
“ ဟေ့ကောင်တွေ ပြေးနိုင်မှ လွတ်မယ် ”
သူတို့ က သုတ်ခနဲ ထ ပြေးကြ၏ ။ ကျွန်တော် က ကိုယ့် ဖီး ( လ် ) နှင့် ကိုယ် သီချင်း ဆက် ဆို ကောင်းတုန်း ။ အိမ်တွင်း ရန်ပွဲ ကလဲ အရှိန် မြင့်တုန်း ။
“ ဒီ ရင်မှာ ရှိသမျှ ဒီ သွေးဆိုးတွေ သွေးညစ်တွေ ဖောက်ထုတ် လိုက်စမ်းပါ ”
“ အေး အဲဒီ သွေးဆိုးတွေ ဖောက်ဖို့ လာပြီ ဟေ့ ”
ဆိုသော အသံ နှင့် အတူ ဒုန်းခနဲ ပွင့် လာသော ခြံတံခါး ။
“ ဟာ ”
ခြံဝ မှာ ငှက်ကြီးတောင်ဓား ကားရားကြီး နှင့် လူ တစ်ယောက် ။
“ ဟေ့ကောင် မင်းလား ကွ ၊ ငါ့ သမီးတွေကို မြှောက် ပေးနေ တာ ယား ”
ဆိုပြီး ပြေး အလာ ။ ထိုတော့ မှ ကိုယ်လဲ ခြေ အလွန် မြန်မှန်း သိ လိုက်ရသည် ။ လန့်ပြီး သုတ်ခနဲ ထ အပြေး
“ ဘုရားအသိ ”
ပါးစပ် က အရှိန် လွန်နေတယ် ထင် ပါရဲ့ ဗျာ ။ စာသား က ထွက် ကို ထွက်သေးတယ် ။
“ အောင်မလေး တခြားလူ သိဖို့ မလိုဘူး ”
“ ဟာ ”
ကျွန်တော် ထ ပြေးတော့ မှ ဓား ကိုင်ထားသော ဦးစံတိုးကြီး ကြောင် သွား၏ ။ နောက် သူ့ နှုတ် မှလဲ ကတုန်ကယင် နှင့်
“ ဟာ မိန်းမကြီး ၊ မိန်းမကြီး ၊ ဆံပင်ဖားလျားကြီး ဘော်လီ လဲ မပါဘူး ၊ ထဘီ လဲ ခါးတောင်းကျိုက်ကြီး နဲ့ ”
အညာ ည ပူပူ မှာ လရောင် ဖွေးဖွေး အောက် ဆံပင်ဖားလျား ၊ ခါးတောင်းကျိုက်ကြီး နှင့် ဂစ်တာ ထမ်း ပြေးသွားသော ကျွန်တော့် ကို ဦးစံတိုးကြီး မှာ ကြောင်၍ ကျန်ခဲ့ရရှာလေတော့သည် ။
◾ အကြည်တော်
📖 လူပျိုမှိုတက်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment