Friday, August 12, 2022

တံခွန်တိုင်


 

❝ တံခွန်တိုင် ❞

ခင်ဦးမြို့ ၊ သက်တော်ရှည် သက်တော်ရ ဘုရား အတွင်း ၌ လှပတင့်တယ်သော တံခွန် တစ်ခု လို ၍ နေ၏ ။ သီတင်းကျွတ် လဆန်း ( ၈ ) ရက် ၊ ဘုရား အာရုံခံ ဇရပ်ကြီး အတွင်း ၌ ဥပုသ် စောင့်ကြရင်း ၊ တံခွန် အလိုရှိကြောင်း ဒါယကာ မပေါ်သေးကြောင်း ကို ပြောဆို ကြလေ၏ ။ စေတနာ သဒ္ဒါတရား အလွန် ထက်သန်လှသော မြန်မာ ကျောင်းဆရာကြီး ဦးလေးမောင် သည် တံခွန်တိုင် အတွက် မိမိ ဆောက်လုပ်ပါမည် ဟု တာဝန် ခံ လိုက်သည် နှင့် တစ်ပြိုင်နက် သာဓုအနုမောဒနာ ခေါ် ကြသော အသံများ မှာ ဇရပ် တစ်ခုလုံး အုံးခနဲ ဖြစ်၍ သွားလေ၏ ။ ဆရာကြီး သည် လည်း အနာထပိဏ် ၊ ဇောတိက ၊ ဝိသာခါ တို့ ထုံး ကို နှလုံး မူ၍ အလှူ ပြုလိုသည့် အတွင်း ချက်ချင်း ဆိုသလို ပေါ်ပေါက် လာသဖြင့် ဝမ်းမြောက်ဝမ်းသာစွာ တံခွန်တိုင် ထား ရန် နေရာကို ဇရပ် မှ ထွက် ၍ ရွေးချယ်လေ၏ ။

ဘုရား ၏ အရှေ့တောင် ဘက် အင်္ဂါထောင့် နေရာကလေး သည်ကား လမ်းသွား လမ်းလာ ဘုရား ကြည်ညိုသူ တို့ နှင့် တံခွန်တိုင် ပနာ ဟပ်ကာ တလျှပ်လျှပ် နေရောင် ထိုး ၍ တင့်တယ်မည် ကို တွေး မိလေ၏ ။ ထိုအခါ ဘုရားတံတိုင်း တောင် ဘက် ရှိ ဇရာဒုဗ္ဗလ အရွယ် နီး နေသော ထန်းပင်ကြီး နှစ်ပင် သည် တံခွန်တိုင် အား ကွယ် ကာလျက် အနှောင့်အယှက် ဖြစ် နေသည် ကို ဆရာကြီး စဉ်းစားမိလေ၏ ။ ဆရာကြီး မှာ သဒ္ဒါတရား တက်ကြွလွန်းသဖြင့် စိပ်ပုတီး မှ ကောင်းစွာ မစိပ်နိုင်ရှာဘဲ ကပျာကယာ ကသုတ်ကရက် အိမ် သို့ ပြန် သွားကာ ဆရာကတော်ကြီး နှင့် တိုင်ပင်လေ၏ ။ ဆရာကတော်ကြီး မှာ လည်း ဆီထည့်သော ဂွမ်း ၊ စမ်း တွေ့သော ကြာ ကဲ့သို့ များစွာ ဝမ်းမြောက် သွား လေ၏ ။ ညနေခင်း အချိန်၌ ကား နှစ်ပေါင်းများစွာ ရေမြေ စားပြီး အားအင် ဖြည့်တင်းခဲ့သော ထန်းပင်ကြီး နှစ်ပင် မှာ ပုဒ်မ ၃၀၂ အရ လူသတ်မှု ကို မကျူးလွန်ဘဲ ကြိုးပေး ခံရသည့်ပမာ အရင်း က ခုတ်လှဲ ၊ ကြိုးများ ဖြင့် ဆွဲ နှောင် ဖျက်ဆီးခြင်း ကို ခံ ကြရှာလေ၏ ။

ဘုန်းတော်ကြီး ဦးဣန္ဒက သည် လည်း တံခွန်တိုင် လှူ ရသည့် အကျိုး ကို မိုးပေါ် လက်ငင်း ရောက် မလောက် ချီးမြှောက် ဟောပြောတော် မူလေ၏ ။ ရပ်ရွာလူကြီးများ ကလည်း နှစ်ပေါင်း ၃၀ ကျော် ကျော် ဆရာ လုပ် လာသော ဆရာကြီး လခ ၈၀ ကျော် ရရှိနေ သူ ဖြစ်သဖြင့် မှန်စီရွှေချ တံခွန်တိုင်ကြီး တွင် တိုင်ခြေ က စတုလောကပါလ နတ်ကြီးလေးပါးရုပ် ၊ တံခွန်တိုင် ထိပ် က မှန်စီရွှေချ ရွှေဟင်္သာရုပ်ကြီး နှုတ်သီး ထဲ ရွဲလုံးကြီး ကိုက်လျက် ပျံ တော့မည့် သွင်ဟန်နှင့် နေ ပုံ ၊ ရွာထောင် ခုနစ်ရွာ မှ ရွှေသမား သို့ အထူး အော်ဒါ မှာ ယူသော ဆည်းလည်းသံ များ တညံညံ နေမည့် ပုံ ကို မြင်ယောင် နေကြလေ၏ ။ တံခွန်တိုင် ရေစက်ချပွဲ ၌ လည်း ကံသရွာ က စည်တော်ကြီး ၊ အင်တိုင် ကိုကာစီ ၏ ဇာတ် ၊ ဥယျာဉ်တော် ကုန်းမောင်အံ့ ၏ ရုပ်သေးပွဲ တို့ ဖြင့် အကျွေးအမွေး မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တပျော်တပါးကြီး ဖြစ်ကြရမည့် ရက် ကို လက်ချိုး ရေတွက်၍ နေ ကြလေ၏ ။ ဆရာကြီး ဦးလေးမောင် တံခွန်တိုင် ဒါယကာ ခံကြောင်း ကို ခင်ဦး တစ်မြို့လုံး ပျံ့နှံ့ သွားသဖြင့် ခင်ဦး စက်ပိုင်များ ကို ပင် သဒ္ဓါတရား နည်းပါးသည် ဟု တိုးတိုးတိတ်တိတ် ကျိတ် ၍ ကဲ့ရဲ့ စကား ပြောကြားသံများ ကို ကြား သိ ရလေ၏ ။

မကြာမီအတွင်း ဆရာကြီး ၏ အိမ်ဝန်း တွင် ဖြောင့်စင်းသော တိုင်ရှည်ကြီး တစ်လုံး ရောက်ရှိ လာလေ၏ ။ အဝေး က ကြည့်ရှုသူတို့ ကလည်း တိုင်ကြီးရယ် ကောင်းပါပေ့ ၊ ဖြောင့်ပါပေ့ ၊ ငွေကြေး အတော် ကုန်ရှာမှာ ပဲ ဟု ပြောဆို နေလေ၏ ။ ထို တိုင်ကြီး ကား ကန်ထရိုက်ဦးအောင်တင့် သည် ကန်ထရိုက် တံတားတိုင် လုပ် ရန် သစ်ရာပင်ဘူတာ က ဝယ်ယူခဲ့ရာ ကွဲကြောင်း အက်ကြောင်း နှင့် အသား မကောင်းသောကြောင့် အင်ဂျင်နီယာ က ပယ်ချခြင်း ခံရ၏ ။ ဘူတာ တွင် စွန့်ပစ် ထားရာ မှ ကျုပ် ပေးပါတော့ ဟု တောင်းပန် ယူခဲ့ခြင်း ဖြစ်လေ၏ ။

ဆရာကြီး ငွေတစ်ပြား မှ မကုန် ဆိုသည်မှာ မမှန်ချေ ။ ထို တိုင်ကြီး အား ယူရန် ထမ်းရသော လူနိုင် အရပ်သား ၄ ဦး အား လက်ဖက်ခြောက်ပြုတ်ဖတ် ခတ်ထားသော လက်ဖက်ကြမ်း နှင့် ငှက်ပျောသီး ၂ လုံး စီ ၊ လက်ဖက်တစ်ရိုး စီ ကျွေး ရသဖြင့် အတော် ကုန်ကျ သွားလေ၏ ။ ထို တိုင်ကြီး မှာ အထွတ်အမြတ် တံခွန်တိုင် လုပ်ရန် ဖြစ် သဖြင့် တစ်တောင်ခန့် မြင့်အောင် တုံးများ ခု၍ ထား လေ၏ ။ ပူစူး တို့ ၊ ငခွေး တို့ ၊ အပါ တို့ သည် ကျောင်း မတက်ခင် ထို တုံးကြီး ကို မြင်း လုပ်၍ ခွ စီး နေကြသဖြင့် ဆရာကြီး မှာ ကြိမ်လုံး တစ်ချောင်း ဖြင့် ဟဲ့ .. မစီးကြ နဲ့ ၊ ငရဲ ကြီးတတ်တယ် ဟု အမြဲ ခြောက်မောင်း နေရလေ၏ ။

ကိုဖိုး နှင့် အခြား လူကြီးတစ်ယောက် လက်သမား အလုပ် ကောင်းလား မသိရ ။ သူတို့ ၏ ဆောက် ၊ လွှ ၊ ဓား ၊ ပဲခွပ် တို့မှာ သံချေး တက်နေလေ၏ ၊ သူတို့ မှာ ကား ထင်းလှည်း တစ်စီး တစ်မူး နှုန်း နှင့် ထင်းဖြတ် စားကြရရှာ၏ ။ ယခုအခါ သူတို့ မှာ ရတနာပုံ ဆိုက်နေလေ၏ ။ ဆရာကြီး ၏ တံခွန်တိုင် ကို အကြမ်းရွှေ ရာ မှ အချော ပြီးစီးသည့် တိုင်အောင် ပြုလုပ်ရန် စာချုပ် ပြီးစီးသောကြောင့် တည်း ။ အခကြေးငွေ မှာ လည်း ဆရာကြီး က အနည်းအကျဉ်း ပေးမည် မဟုတ် ။ နံနက် ထမင်း တစ်နပ် ၊ ညနေ တစ်နပ် ၊ နေ့လည် လက်ဖက်ရည်ကြမ်း နှင့် ဆားဇီးဖြူသီး တို့ သုံးဆောင် ကြရလေ၏ ။

သို့သော်လည်း ကုသိုလ်ရေး ဖြစ်၍ တစ်ကြောင်း ၊ ဆရာကြီး ကို လည်း ရိုသေ၍ တစ်ကြောင်း စိတ် မပျက် ရှာကြဘဲ နေ့ဆက် ရက်ဆက် တံခွန်တိုင်လောင်း သစ်တုံးရှည်ကြီး ကို အကြမ်း ရွေ ကြလေ၏ ။ အကြမ်းရွေ ပြီးနောက် အချော ရွေပေါ် စား၍ အပေါက်အကွဲ ရှိသော နေရာတို့ တွင် အသား အတိုအစများ ရိုက်သွင်း ဖာထေး ကြလေ၏ ။ ဆရာကြီး ကား လက်သမားဆရာ တို့ အနီးတွင် ထိုင်ကာ လက်ရာ ကောင်းမွန်ကြောင်း မြှောက်ပင့် ပြောဆိုလျက် ရှိလေ၏ ။

၁၀ ရက် မျှ ကြာပြီးနောက် တိုင်လုံးကား ပြီး၍ သွားပေပြီ ။ အောက်ခြေ တိုင် မြဲရန် အတွက် နတ်ရုပ် လေးရုပ် သော် လည်းကောင်း ၊ အခြား တိုင် တို ၄ တိုင် သော် လည်းကောင်း လို ၍ နေလေ၏ ။ ဆရာကြီး သည် အပြော ကောင်း ၊ အဟော ကောင်း ဖြစ်သဖြင့် သဲပုံစေတီ ဘေး ရှိ ပို ၍ နေသော ၆ ပတ်လည် တိုင် ၄ လုံး ကို ဘုရားဒါယကာ ဦးစံလှ ထံ သွား၍ အလှူ ခံလေ၏ ။ ထို တိုင်များ ဖြင့် လက်သမားတော် တို့ အား နတ်ရုပ် ထု နိုင် မထုနိုင် မေး လေ၏ ။

သိပ် မကောင်း သော်လည်း နတ်ရုပ် ဖြစ်ရုံ ထု တတ်ပါ ရဲ့ ။ ကော်ပတ် ၊ စက္ကူ ဆောက်ဝင်သည် ထက် တုတ်သော အသား ဝယ်ပေးပါ ဟု ပြော ကြလျှင် ... ဒါဖြင့်ကွယ် ဒီ တိုင်တွေ ဘာရုပ် မှ မလုပ်နဲ့ ။ ဇောင်း သတ်ပြီး ထည့် တာပေါ့ ဟု ပြော လေ၏ ။

တိုင်ခြေ က တိုင် လေးတိုင် ရ ၍ သွားသောအခါ တိုင်ထိပ် က ဟင်္သာရုပ် ၊ ဂဠုန်ရုပ် တစ်ခု ခု လို၍ နေ လေ၏ ။ သို့ရာတွင် ဆရာကြီး မှာ ဂျီသြမေထရီ အတတ် ကို မြေတိုင်းစာရေး လုပ်ဖူးစဉ်က တတ်ကျွမ်း ခဲ့သော ကြောင့် တိုင်ထိပ် တွင် အကွက် ရိုက် ၊ အနား အဋ္ဌဂံ ပုံသဏ္ဌာန် ပျဉ် များအား ဆေးဝါ သုတ် ထည့်ရန် စိတ်ကူး လေ၏ ။ ထို အတိုင်း ပင် လက်သမားများ အား အလုပ် ခိုင်းလေ၏ ။

တိုင်ခြေ ၌ တိုင်လေးလုံး တွယ်ကပ်လျက် တိုင်ထိပ် ၌ ထီး သဏ္ဌာန် ရှစ်ထောင့် ပျဉ်ပြားများ ဖြင့် အတော် ကြည့်ရှု၍ သားနား လေ၏ ။ သို့ရာတွင် တိုင်ထိပ် တွင် အထွတ် မပါ ၊ တုံးတိကြီး ဖြစ်၍ နေပြန်သဖြင့် စိန်ဖူး တပ် ရန် လို၍ နေလေ၏ ။ လမ်းဓာတ်မီးတိုင် က ဖန်သီး မှောက် တပ်လျှင် များစွာ ပနာ ဟပ်မည် ဖြစ်လေ၏ ။ ဖန်သီး လည်း မရ နိုင်တော့ချေ ။ တပည့် တစ်ယောက် အား မင်အိုး အငယ် အလွတ် တစ်လုံး ကို ဆပ်ပြာကြမ်း တို့ ဖြင့် ခလောက် ၍ စင်စင်ပါအောင် ဆေး ခိုင်းလေ၏ ။ မင်အိုး အဖြူရောင် ပြောင်ချော နေသော အခါ သစ်သားတံ တစ်ခု ထိုး လျက် တိုင် ထိပ်တွင် တပ်ဆင် ကြည့်ရာ နေရောင် နှင့် ဟပ်၍ တလျှပ်လျှပ် တလက်လက် ဖြစ်၍ နေလေ၏ ။

ရပ်ရွာ ထဲ ကလည်း ပုဗ္ဗ ၊ မုဉ္စ ၊ အပရ စေတနာ သုံးတန် ဖြာ၍ အပန်းတကြီး ပြုလုပ်ထားသော ဆရာကြီး ၏ တံခွန်တိုင် ကို တေ့တေ့ဆိုင်ဆိုင် မကြည့်ရဲ ကြ ၊ တစေ့တစောင်း ချောင်းမြောင်း ကြည့်ရှု ပြုံးရယ် ပြန်သွား ကြလေ၏ ။ တံခွန်တိုင်ကြီး ကား လက်သမားများ မအားသည့် ရက် ၊ နားနေသည့် အချိန် တို့ကြောင့် ရက်ပေါင်း ၂၀ ကျော် ကြာ ခဲ့လေ၏ ။ ဆရာကတော်ကြီး ကား လက်သမားတော်များ လက်ရာ မြောက်ပုံ ၊ ဆရာကြီး စိတ်ကူး အစီအမံ ကောင်း ပုံ တို့ ကို ပြောင်းဖူးဖက် မီးတစ်ခြမ်းပဲ့လောင် ဆေးလိပ်ကြီးဖွားဖွား နှင့် လာသမျှ လူတိုင်း ကို ချီးမွမ်း ပြောဆိုနေလေ၏ ။

တံခွန်တိုင် ကား လုံးဝ အပြီး မသတ်သေးချေ ။ တံခွန်တိုင် စိုက် ထားလျှင် ကျွန်တော် တံခွန်တိုင်ပါ ခင်ဗျား ၊ ကျွန်တော့ ကို ကြည့်ကြပါ ခင်ဗျား ဟု ပြောကြားရန် ဆည်းလည်းသံလေးများ လို ၍ နေလေ၏ ။

ဆရာကြီး ကား အခြား နေရာ စရိတ် ခို သော်လည်း ဆည်းလည်း လှူဖို့ရာ ၌ စရိတ် ခိုလိုဟန် မရှိချေ ။ ရွာထောင် သို့ ရောက်မည် ဖြစ်သော လူကြုံ သို့ ရှေးမဆွ က ပင် ဈေးနှုန်း မေးမြန်း လိုက်လေ၏ ။ ပန်းတည်းဆရာများ ထံ မှ

ဆရာကြီး ရယ် ဟု ရိုသေသမှု ပြုကာ .....

“ အစီရင်တော် ခံပါသည် ခင်ဗျား ၊ မိန့် မှာ စုံစမ်းတော် မူသည့် အတိုင်း ဆည်းလည်းများ မှာ ကြေးစင်ကြေးကောင်း ၊ အသံကောင်း ၊ လက်ညီအချိန် ၂၅ ကျပ်သားစီ တစ်လုံး ကို ရှေး က ၅ ကျပ် နှုန်း မျှ အနည်းဆုံး ထား၍ ရောင်းပါသည် ။ ဆရာကြီး အလိုရှိတော် မူလျှင် ငွေကြေး ရှားပါးသော ယခုခေတ် တွင် တစ်လုံး ၃ ကျပ် နှုန်း မျှ နှင့် လက်ခံ လုပ်ကိုင်ပေးရန် အသင့် ရှိပါသည် ။ တံခွန်တိုင် အဖို့ ဆိုသော်လည်း စေတီစိန်ဖူး နှင့် မခြား ၄ - ၅ လုံး ဆွဲ မှ သင့်တော်မည် ဖြစ်၍ ၅ လုံး မှာကြားလျှင် သင့်တော်ပါမည် ခင်ဗျား ....”

ဆရာကြီး နှင့် ဈေးနည်းနည်းပါးပါး ကွာ နေ၏ ။ ဆရာကြီး စိတ် ၌ ဆည်းလည်း တစ်လုံး ငါးမူး နှုန်း လောက် ထင်မှတ် လေ၏ ။ သို့ကြောင့် ပန်းတည်းဆရာ ၏ စာ ကို ဆုတ်ဖဲ့ခြေမွပစ်လိုက်ပြီးသော် ..

“ ဟေ့ .. ဘမူ လာစမ်းဟေ့ ၊ တစ်နေ့က စက်ပိုင်ဦးဘိုးရီ ဇရပ် လေ တိုက် လို့ ပြိုကျတယ် လို့ ကြားတယ် ။ အဲဒီ ဇရပ် မှန်ကင်း မှာ ဆည်းလည်း ၄ - ၅ - ၆ လုံး ရှိတယ် ။ ဘယ်သူများ သွားယူသလဲ ”  ဟု မေးလေ၏ ။ “ မသိဘူးခင်ဗျ ”  ဟု ဆိုလျှင် “ သွား ကြည့်ချေစမ်း ”  ဟု ခိုင်းသဖြင့် ဘမူ သည် အပြေး စိုင်း၍ သွားလေ၏ ။ တပည့်တို့ မည်သည် ဆရာ ဖြစ်သူအား မျက်နှာလို မျက်နှာရ ပြုတတ်သည် အတိုင်း ဘမူ သည် ဆည်းလည်းများ ကို ကြည့်ရုံမျှ မက တွေ့ရှိသော နေရာ မှ လုံကွင်းကလေး နှင့် ထုပ်ကာ ထမ်း၍ ပြေး ခဲ့လေ၏ ။ “ အေး .. ဒါမှ ငါ့ တပည့် .. သွား .. နင့် ဒေါ်ဒေါ် ဆီ ငှက်ပျောသီး တစ်လုံး တောင်း စားချေ ”  ဟု ဆုလာဘ် ချလိုက်လေ၏ ။

မကြာမီပင် ဆည်းလည်းကလေးများ မှာ ဝံသာနုသရက်ဆို အရောင်တင်ဆေး ဖြစ်သော အုတ်နီမှုန့် ၊ မန်ကျည်းသီးမှည့် တို့ ဖြင့် ပွတ် တိုက်ကာ တံခွန်တိုင်ထီးမြှောင့် ငန်းများတွင် ဆွဲတပ် ဆင်ယင်  လိုက်လေ၏ ။

ဆည်းလည်းများ ကို လည်း တစ်လုံးစီ လက် နှင့် လှုပ် ကြည့်ကာ ဆရာကြီး မှာ များစွာ ပီတိ ကျ ၍ နေလေ၏ ။

တန်ဆောင်မုန်း လဆန်း ၆ ရက် နေ့ကား ဦးလေးမောင် ၏ ကျောင်းသားကလေးများ အပျော်ဆုံး နေ့ ဖြစ်လေ၏ ။ ကျောင်းသားသူငယ် တို့ သဘော ကား မိဘ ခိုင်း၍ လည်းကောင်း ၊ အဖော်အပေါင်း များ၍ လည်းကောင်း ကျောင်း ၌ ပျော်ခြင်း ဖြစ်ရာ ကျောင်း တွင် စာ မသင်ရ ၊ ဆော့ ချင်တိုင်း ဆော့ ကြရသော အခါ သာ၍ ဝမ်းသာ ကြလေ၏ ။ ဆရာကြီး သည် “ ဟေ့ ... မောင်ပိန် ရေ ၊ မယ်တင့် နှင့် မယ်ရီ လည်း လာကြဟေ့ ” ဟု လက်ထောက်ဆရာကလေး နှင့် ဆရာမများ ပါ စေပြီးလျှင် ခပ်ကြီးကြီး ကျောင်းသား ၊ ကျောင်းသူ ၅ဝ ကျော် နှင့် မနေ့မနက် က ရေ  စိမ်ထားသော စုန်းပြူး ပိုးပေါက် ပဲကြားနီ တစ်တင်းခန့် ကို အခွံ သင်၍ ခိုင်း နေလေ၏ ။ တစ်ယောက် တစ်လက် ကျောင်းသား လက် ဟူသကဲ့ သို့ ကျောင်းသား ၊ ကျောင်းသူ ကလေးများ မှာ စကား တပြောပြော ရယ်ရင်းမောရင်း အခွံ သင်ကြရာ နေ့ ၁၀ နာရီ ခန့် တွင် ပြီးစီး သွားလေ၏ ။

ဆရာကတော်ကြီး သည် စပါး တစ်ပြည် ကို ၄ နှစ်ခန့် နှစ်ဆတိုး နှင့် ချေး ထားသူ ထံမှ အကြွေး တောင်း၍ မရသဖြင့် မြေပဲဆီ ငါးပိသာ အတင်း ယူ ချလာသော ဆီပုံး မှ ဇရပ် က ထောင်ထားသော သံဒယ်အိုးကြီးများ တွင် လောင်း ထည့်လေ၏ ။ လက်ဖက်တစ်ရိုး စားဖူး သူ့ ကျေးဇူး ဟူသကဲ့ သို့ ဒေါ်ဖီ ၊ ဒွေးသီ တို့ မှာလည်း ဒယ်အိုးကြီး နှစ်လုံး ဖြင့် တရှဲရှဲ မြည်အောင် ကြော်လှော် ၍ နေ ကြလေ၏ ။ ဆရာကတော်ကြီး ကား ခင်ဦးမြို့ တွင် ဧည့်ခံ အကောင်းဆုံး ဖြစ်လေ၏ ။ ဘုရားပွဲ ၊ ကျောင်းပွဲများ မှာ ဆရာကတော်ကြီးရယ် လို့ ကမ်းလှမ်း လိုက်သော လက်ဖက်များ ကို တစ်လ ၊ နှစ်လ သိမ်း ထားကာ ဧည့်ခံလေ့ ရှိလေ၏ ။ ကျောင်းသားများ ကန်တော့ သော ငှက်ပျောသီး ၊ ပုရွက်ဆိတ် စား ထား သော ကြက်ဥမုန့် တို့ မှာ ထိုသို့ ခိုင်းစေရသူတို့ အတွက် ဧည့်ခံပစ္စည်းများ ဖြစ် နေလေ၏ ။

ဘသင် ၊ ကျော်မှန် ၊ ဘမူ စသော အလယ်တန်းကျောင်းသား သူငယ် တစ်သိုက်မှာ မနက်ဖြန် တံခွန်တိုင် ပွဲ သို့ သွားရန် အတွက် ဒိုးပတ် ၊ လင်းကွင်း တို့ ဖြင့် စည်းဝါး ကိုက်၍ နေကြလေ၏ ။ ဆရာကြီး မှာကား ဆည်းလည်း ကိုင် လာသော ကျောင်းသား နှင့် တံခွန်တိုင် နား ရစ်သီနေသော ကျောင်းသားများ ကို ကြိမ်တစ်ချောင်း နှင့် မောင်း နှင် ခြောက်လှန့်ပြီး နောက် ရပ်ရွာ ထဲ သို့ ကျောင်းသားဟောင်း မိဘများ ထံ မနက်ဖြန် တံခွန်တိုင် ရေစက်ချ မီးထွန်းရန် အတွက် ဖယောင်းတိုင်များ အလှူ ခံ၍ နေလေ၏ ။

ဆရာကြီး စေတနာ နှင့် ဖယောင်းတိုင် သုံးထုပ် ၊ သူများ လှူကြသော ဖယောင်းတိုင် ၁၀ထုပ် ပေါင်း ၁၀၄ တိုင် တို့ကို ပဒေသာပင် ပြုလုပ်မည် ကြံရာ ၊ ဆရာကတော်ကြီး က ကန့်ကွက်မှ ပန်းကန်ပြား တစ်ချပ်ထဲ အသာ ချ ထားလေ၏ ။ ဆရာကတော်ကြီး မှာ ပဲ ကြော်ပြီး သော် လက်ဖက် ပရိသတ် ကမ်းလှမ်းရန် ၅ဝိ သား ကို ဝယ်ထား၍ ပရိသတ် လာ လူ ၅ဝဝ အတွက် သည်မျှ နှင့် လုံလောက်သည် ဟု တွက်ချက် ကာ ကြက်သွန်ဖြူ ကြော် ပြီးသား အလွယ် ရှိသည်ကို သဘော မကျ၍ မဝယ် ။ ဆရာမ မယ်တင့် ၊ မယ်ရီ တို့နှင့် အိမ်ရှိ ကြက်သွန်ဖြူစိမ်းများ ကို ဓား နှင့် ပါးပါး လှီး၍ ကြော်လှော် နေလေ၏ ။ အသင်း က မှာ ထားသော လက်ဖက်ရည် ပန်းကန်များ ၊ ကရားများ ကိုလည်း ဆရာပြို ၏ အိမ်တွင် ပြောဆိုထားပြီး ဖြစ်လေ၏ ။

နောက်တစ်နေ့နံနက် ၌ ကား ဆရာကြီး ၏ ကျောင်းဝင်း အတွင်း တီးသံ မှုတ်သံ ၊ ဒိုးပတ်သံများ ဆူညံ ၍ နေလေ၏ ။ နေမင်း သည်ကား တစ်စတစ်စ နှင့် မွန်း တိမ်းခဲ့လေ၏ ။ ထိုနေ့ ကျောင်း ပိတ် ထားပြီးလျှင် ကျောင်းသား ၊ ကျောင်းသူ အားလုံး အဝတ်သစ် အစားသစ် နှင့် ညနေ ၄ နာရီ အရောက် လာကြရန် မိန့်မှာ ထားပြီး ဖြစ်လေ၏ ။ ကျောင်းဝင်း ထဲကား ကလေး ၁၄ - ၅ ယောက် နှင့် မနေသာသော ဆရာမ တို့ ရှိလေ၏ ။ ကျောင်းသား ခပ်ကြီးကြီး တို့ကား ရှက်စနိုး ၍ မလာကြတော့ချေ ။ အများကြီး မလိုက်၍ ကျောင်းသားငယ်များ လည်း အိမ် တွင် နေ ကြသဖြင့် တံခွန်တိုင် ပို့ ခါနီး၌ လူ ၁၅ဝ ခန့် ရှိသော ကျောင်းကြီး မှာ ကျောင်းသား လူကလေး မိန်းကလေး အစိတ် ခန့် သာ လာ ရောက် ကြလေ၏ ။

“ ထွက်ကြဟေ့ ၊ လာကြဟေ့ ” ဟု နှိုးဆော်လျက် တံခွန်တိုင် တင်သော လှည်း က ရှေ့မှ ၊ နောက်က ဖယောင်းတိုင် တစ်ထုပ် စီကိုင်သော မိန်းကလေး ၁၀ ယောက် ခန့် အတီး ဘက် က ယောက်ျားလေး ၁၄ - ၅ ယောက်ခန့် နှင့် ဆရာကြီး ၊ ဆရာကတော် တို့ ပါ လာလေ၏ ။ ကလေးများ မှာ ပတ်စာ ကို ညီအောင် မကပ် တတ်သဖြင့် ဂေါ်ရင်ဂျီ ဗုံ တီး သကဲ့သို့ ဗုံးပတ်ပတ် မြည် လို မြည် ၊ တရုတ်မသာ ချ သကဲ့သို့ တုတ်ချမ်းချမ်း မြည် လို မြည် နှင့် လှေ ကို လှော် ၊ ပြေ ကျော် တဲ့ ကျောင်းသား ပဲ ၊ ကုသိုလ်ရေး မို့ ကြိုးစားပါ ။ ကျွန်တော်တို့ မှာ ချွေးတစ်လုံးလုံး စသည်ဖြင့် သံချပ် ထိုး ဟားတိုက် တီးမှုတ်ကာ ဘုရား အတွင်း သို့ ရောက်ရှိ သွားကြလေ၏ ။ ရွာ ထဲ တွင် ဗျို့ ဟစ် ထားသဖြင့် ပရိသတ် ၁ဝဝ ကျော် ရောက်ရှိ နေလေ၏ ။ တံခွန်တိုင်ကြီး လည်း စိုက် ပြီး လေပြီ ။ ခိုင်းထားသော ကျောင်းသားကြီးများ ထွက်ပြေး သွားသဖြင့် ည ( ၇ ) နာရီတိုင် ရေနွေး က မဆူသေးဘဲ လက်ဖက်ရည် ဘာ လုပ် နေကြတာလဲ ဟု မာန်မဲ မှ ဒိုးပတ်သမား ကျောင်းသားငယ် ကလေးများ မီးပြင်း တိုက် ၊ ရေနွေး မဆူဘဲ ထည့်ထားသော လက်ဖက်ရည် ။ ပဲလှော်ကြော် မာခေါက်ခေါက် နှင့် ဧည့်ခံ လေ၏ ။ တစ်ထောင့် က လက်ဖက်ရည်ကြမ်း သောက် နေသော ပိဋကတ် ဆရာ ဆရာသောင် မှာ ပဲလှော် အဝါး လိုက် နဲ့ နေသော သွား နှင့် ထောက်ခနဲ ခိုက် မိကာ သွား ကျွတ် ထွက်သဖြင့် ဒင့်မေရိုးပါမှ မာလိုက်တဲ့ ပဲကြော် ဟု ဆဲ သူ က ဆဲ ၊ ဟာ .. စိန်ဖူး က မင်အိုးကြီး ပါ လား ၊ ဟာ .. ဇရပ် ပျက် က ဆည်းလည်း တွေ ပါလား စသော ချီးကျူးသံ တို့ ဖြင့် တံခွန်တိုင် အလှူပွဲကြီး ပြီးစီး သွားလေ၏ ။

နောက် ၂ ရက် ခန့် ကြာသောအခါ ဆရာကြီး သည် တံခွန်တိုင် ကို ကြည်ညိုရန် ဘုရား သို့ ထွက်ခဲ့လေ၏ ။ တံခွန်တိုင် မှာ ကား အရင်း က လှဲ သုံးပိုင်း ပိုင်း မီး သင်္ဂြိုဟ် ထားခြင်း ခံရသည်ကို တွေ့ရလျှင် ပုလိပ်ဌာန သို့ ချက်ချင်း သွားရောက် တိုင်တန်းလေ၏ ။ ဌာနအုပ် နှင့် ပုလိပ် တို့ လည်း ကောင်းပါပြီ ၊ စုံစမ်းပါမည် ဟု ပြောဆို လွှတ် လိုက်ပြီးနောက် အလွန် ရှော်တဲ့ အဘိုးကြီး ၊ မီး ရှို့တာပဲ နည်း သေးတယ် ။ ဒီလို လူ ရယ်စရာ လုပ်မယ့် အစား မလုပ်ဘဲ နေတာ မှ ကောင်းသေးတယ် ဟု ရယ်မော ပြောဆို နေရစ်ကြလေသတည်း ။

◾ မဟာဆွေ

📖 ရုပ်ရှင်လမ်းညွှန်
      ၁၉၄၃ ၊ မတ်လ
     
aung naing oo
12 Aug 2022

.

No comments:

Post a Comment