❝ မန်ကျည်းပင် အိုအို ရွက်နုညွန့် စိုစို ❞
“ ဦးလှကြီး က တစ်ပိဿာ ၊ ခင်ပုတို့ အိမ် က တစ်ပိဿာ အ စိတ် ၊ မပွဲ က ငါးဆယ်သား ၊ ရှင်မယ်ရီ က အစိတ်သား ၊ ရှင်မယ်ရီ တို့ များ တော် သားတွေမြေးတွေ စားလူ တစ်ပုံကြီးနဲ့ ခရမ်းသီး အစိတ်သား တည်း ဝယ် ရတယ် လို့ ၊ ချွေတာ ရန် ကော မယ်တင်ရေး မိုး ဖွဲ့ ကျလာပြီ တဲ့ ၊ ခရမ်းသီးတောင်း တွေ သိမ်းတော့ ”
အမေဆုံ သည် ကျောက်သင်ပုန်း ပေါ် ရှိ ယနေ့ရောင်း ရသည့် ခရမ်းသီးအကြွေး စာရင်းများ ကို ဖတ် နေရာမှ မိုးရေစက်များ ကျလာ သဖြင့် ဈေးတောင်း သိမ်းရန် မြေးငယ် အား သတိ ပေးလိုက်၏ ။ ရွာလယ် မန်ကျည်းပင်ကြီး အောက် မှ ဆိုင် ဟု ဆိုလျှင် အမေဆုံ ၏ ဟင်းသီးဟင်းရွက်ဆိုင် ကို ဆိုလို ကြောင်း အေးငြိမ်း ရွာ တစ်ရွာလုံး သိကြသည် ။ ဆိုင် ဟု ဆိုသော်လည်း အမိုးအကာ မရှိ ။ အခင်း မရှိ ။ မန်ကျည်းပင် အောက် မြေပြင် တွင် ပင် ဗန်း ခင်းပြီး ရောင်းခြင်း ဖြစ်၏ ။ အေးငြိမ်းရွာ ၌ ဈေး ဟူ၍ မရှိ ။ ဆိုင်ကနား လည်း မရှိချေ ။ ရွှေဘိုမြို့ နှင့် ငါးမိုင် သာ ဝေး သောကြောင့် ရွာသားများ သည် လိုအပ်သော ပစ္စည်း ရှိလျှင် မြို့သို့ တက်၍ ဝယ်ကြ၏ ။ မုန့် နှင့် သားငါးပုဇွန် တို့ ကို ကား တစ်ရွာ မှ လာ၍ ရောင်းသည့် ခေါင်းရွက်ဈေးသည် များ ထံ မှ ဝယ် စားကြသည် ။ ထို့ကြောင့် အေးငြိမ်းရွာ တွင် တစ်နေရာတည်း ၌ ထိုင်ပြီး ရောင်းသော ဆိုင် ဟု ဆိုစရာမှာ အမေဆုံ ၏ ဟင်းသီးဟင်းရွက် ဆိုင် တစ်ဆိုင် သာ ရှိ၏ ။ အမေဆုံ ၏ ဆိုင် ကား အမေဆုံ သီလဆောက်တည်မြဲ ဖြစ်သည့် ဥပုသ်နေ့ မှ တစ်ပါး နံနက်တိုင်း ထွက် သည် ။ အမေဆုံ ၏ ဆိုင် ကို ဘယ်သူမှ မတုပ နိုင်ကြ ။ ခရမ်းသီး ဟု ဆိုပေမဲ့ အမေဆုံ ၏ အခင်း မှ ထွက်သော ခရမ်းသီး သည် ပို၍ ချော၏ ။ ပို၍ ချို၏ ။ ပိုးလည်း လွတ် သည် ။ ထို့ပြင် အမေဆုံ ၌ ဈေးသည် စိတ် မရှိ ရက်ရောသည် ။ အမေဆုံ ၏ ဆိုင် မှ ချိန်ခွင်လျှာ သည် ဝယ်သူဖက် သို့ သာ မြဲပင် ။ အဆစ်လည်း တနင့်တပိုး ပေးတတ်သည် ။ ထို့ကြောင့် အမေဆုံ ရောင်းသမျှ ပစ္စည်း သည် ဆွမ်းခံ မဝင်ခင် ကုန် လေ့ ရှိ၏ ။ ငွေ လက်ငင်း မချေဘဲ အကြွေး ဝယ်ယူသူများ ကို အမေဆုံ သည် ကျောက်သင်ပုန်း ငယ် ပေါ်တွင် ကံ့ကူဆံ ဖြင့် စာရင်း မှတ်၏ ။ သို့သော် အမေဆုံ ၏ ပခုံးပေါ် မှ ကျော်ပြီး စာရင်းများ ကို ဖတ် ကြည့်ပါ က ဘာမျှ နားလည်နိုင်မည် မဟုတ်ချေ ။
“ အမေဆုံ ကလည်း ဗျာ... တဂျစ်ဂျစ် နဲ့ မှတ် လိုက်တာ ၊ ဘာတွေ မှတ်မှန်းလဲ မသိဘူး ၊ ကျုပ်တို့ ဖြင့် ဖတ် လို့ လည်း မရပေါင် ”
ဟူ၍ ပြော ပါ က အမေဆုံ သည် ကွမ်းသွေးများ စွတ်စိုနီရဲနေသည့် သူ့ အောက်နှုတ်ခမ်းပါးလေး ကို လက်ညှိုး လက်မ တို့ဖြင့် သုတ်ရင်း ...
“ ဟဲ့ .. နင်တို့ ဘယ် ဖတ်လို့ ရပါ့မလဲ ။ ငါ ရေးတာ က နတ်စာ ဟဲ့ ... နတ်စာ ဆိုတာ နတ်တွေ ၊ သိကြားတွေ ၊ သီလ ရှိတဲ့ လူတွေ မှ ဖတ်လို့ ရတယ် ”
ဟု ချေပတတ်၏ ။ ပြီးမှ ရယ် နေတတ် သည် ။
ကျောက်သင်ပုန်း ပေါ် မှ အမေဆုံ ပြောသည့် နတ်စာများ ကို လေ့လာ ကြည့်ပါက လက်ဝဲဖက် ပေါင် အနီး တွင် ဝလုံး လိုလို ၊ သစ်ပင် လိုလို ၊ တိရစ္ဆာန်အရုပ် လိုလို အရာများ ကို တွေ့ရ၏ ။ ယင်း သင်္ကေတ များ ကား ဈေးဝယ်သူ တို့ ၏ အမည်များ ဖြစ်၏ ။ ဥပမာ မခင်ပု ဟု ဆိုလျှင် အမေဆုံ က ထန်းပင်လေး ရေးလိုက်၏ ။ မခင်ပု တို့ အိမ် တွင် ထန်းပင် ရှိသည် ။ ဒေါ်ပွဲ ဆိုလျှင် နွားခေါင်းပုံလေး ရေး လိုက်၏ ။ ဒေါ်ပွဲ တို့ အိမ် တွင် နွားချောချော တစ်ရှဉ်း ရှိသောကြောင့် တည်း ။ ဤသို့လျှင် အမေဆုံ သည် တစ်ရွာလုံးမှ ဈေးဝယ်သူ အမည်များ ကို သူ့ သညာနှင့် သူ မှတ်နိုင်စွမ်း ရှိ၏ ။ ရောင်း ရသည့် ကုန်ချိန် ကိုလည်း အမေဆုံ သည် ဈေးဝယ် သူ အမည် နှင့် ယှဉ်၍ မှတ်၏ ။ သို့ရာတွင် သူတကာ ကဲ့ သို့ တုတ်ချောင်းငယ်များ တစ်ချောင်း ၊ နှစ်ချောင်း စသည့် ခြစ်ပြီး မမှတ် ။ မြွေသဏ္ဌာန် မျဉ်းကောက်လေး တစ်ချောင်း ကိုသာ ဖြစ်ပြီး မှတ်သည် ။ ထို မြွေ ၏ အတို အရှည် သည် ပင်လျှင် ကုန်ပစ္စည်း ၏ အလေးချိန် ၊ ကုန်ပစ္စည်း ၏ အရေအတွက် ဖြစ်သည် ။ တစ်ပိဿာ ဆိုလျှင် မြွေ ၏ အရှည်သည် ဘယ်လောက် ၊ တစ်ပိဿာ အစိတ် ဆိုလျှင် မြွေ ၏ အရှည်သည် ဘယ်မျှ ဟူ၍ အမေဆုံ သည် မျက်မှန်း လက်ဆ ဖြင့် ဆွဲ တတ်နေသည် ။ တွေး ကြည့်လျှင်ကား လူ အမည်ရော ကုန်အချိန်ပါ မှား စရာ ကောင်းလှသည် ။ အမေဆုံ ကား မမှား ။ ဤကဲ့သို့ သင်ပုန်းတစ်ချပ် ဖြင့် မှတ်သား ရောင်းချလာခဲ့ သည်မှာ ဆယ်နှစ် ကျော်ချေပြီ ။ တစ်ခါမှ လူ အမည် ရော ပစ္စည်း အရေအတွက် အချိန်အတွယ် ပါ မှား ယွင်းဖူးခြင်း မရှိ ။ သူ့ သင်္ကေတ နှင့် သူ ဟန်လျက် ရှိ၏ ။
စင်စစ် အမေဆုံ သည် စာ မတတ်ရှာပေ ။ အမေဆုံ တို့ ငယ်စဉ်က ရွာ ၏ အလေ့ မှာ လည်း မိန်းကလေးများ ကို ကျောင်း အပ်လေ့ မရှိခဲ့ ။ “ သမီးမိန်းကလေး ဆိုတာ စာ မတတ်ဖို့ မလိုပါဘူး ” ဟူ၍ မိဘ တိုင်း က ပြော ခဲ့ကြ၏ ။ ထို့ကြောင့် အမေဆုံ တို့ ခေတ် က ဘုန်းတော်ကြီး ကျောင်း တွင် စာသင်သား ဟူသရွေ့ ယောက်ျားလေးချည်း သာ ဖြစ်ခဲ့၏ ။ ရွာ ထဲ မှ အမေဆုံ တို့ အရွယ် ခြောက်ဆယ်နီးပါး မိန်းမ ကြီး များ တွင် စာ တတ်သူ ဟူ၍ မရှိသလောက် ပင် ။
အမေဆုံ အသက် သုံးဆယ့်လေး နှစ် တွင် ခင်ပွန်း ဆုံးခဲ့၏ ။ သမီး တစ်ယောက် သာ ကျန်ရစ်သည် ။ သမီး ကို ငဲ့ သဖြင့် အမေဆုံ သည် အိမ်ထောင်သစ် မထူထောင်ခဲ့ ။ သမီး အရွယ် ရောက်သောအခါ ရွာ ထဲ မှ သင့်တော်သူ တစ်ယောက် နှင့် ထိမ်းမြား ပေး၏ ။ အမေဆုံ သည် ကံ မကောင်းရှာပေ ။ အမေဆုံ ၏ သမီး သည် ယခု မြေးငယ် မယ်တင့် ကို မွေးဖွားစဉ် ပင် သွေး တက်၍ သေဆုံး သွား၏ ။ သမီး ဆုံး ပြီး မကြာမီ မှာပင် သားမက် က နောက်အိမ်ထောင် ပြုသည် ။ ယခု အမေဆုံ ၏ အနီးတွင် မြေးငယ် မယ်တင့် တစ်ယောက် သာ ကျန်တော့၏ ။
အမေဆုံ ကား လောကဓံ ကို မမှု ။ အသက် ခြောက်ဆယ် ပြည့် တော့မည့် တိုင် ခြံ ထဲ တွင် တကုပ်ကုပ် နှင့် ရာသီ သီးနှံပင်များ စိုက်ပျိုး နေတတ်၏ ။ အသက် ကြီး ပြီ ဖြစ်၍ အေးအေး ဆေးဆေး နေ ရန် ပြောလျှင် ...
“ ဟဲ့ ... လူ ဆိုတာ ချွေး ထွက်မှ ကျန်းမာ တာ ၊ အခုလို တစ်သက်လုံး လှုပ်လှုပ် ရှားရှား လုပ်ကိုင် ခဲ့လို့ အမေ ဒီ အရွယ်အထိ ခါးမကိုင်း နားမထိုင်း တဲ့ အပြင် မျက်စိ မမှုန်တာ ” ဟု ပြောလေ့ ရှိ သည် ။ စိုက်ခင်း မှ ထွက်သော သီးနှံများ ကို နံနက်တိုင်း ရွာလယ် မန်ကျည်းပင်ကြီး အောက်တွင် ထိုင်ပြီး ရောင်း၏ ။ ဆိုင် သိမ်းလျှင် အိမ် ပြန်ပြီး ရေချိုး ထမင်း စားသည် ။ ပုတီး စိပ်သည် ။ ထို့နောက် တရေးတမော အိပ်၏ ။ နေ ချိုသော အခါ ရွာ ထဲ သို့ လှည့်၍ နံနက်က မရသေးသော ကြွေးငွေများ တောင်း တတ်၏ ။
“ မယ်တင့် ရေ ကွမ်းအစ် ထဲ မှာ ကွမ်း ကုန်နေပြီ ၊ သွား ... ကွမ်းရွက် ခူးချေစမ်း ကတ်ကြေး ယူ သွားနော် ၊ အညှာ ကို လက် နဲ့ဆိတ်ပြီး မဖြတ်နဲ့ ”
မြေးငယ် က ကွမ်းရွက် ယူ လာသောအခါ အမေဆုံ သည် ရှေး ဦးစွာ ကွမ်းရွက်ချည်း သက်သက် ခေါက် ၍ ပါးစပ် ထဲ သို့ သွင်းငုံ လိုက်၏ ။ ထို့နောက် ထုံးဘူး ထဲ မှ ကွမ်းသီးစိတ် နှစ်စိတ် ကို ပါးစပ် ထဲ သို့ ပစ်ထည့်လိုက်ပြီး မြုံ့ နေ၏ ။ အမေဆုံ ကွမ်း စားတိုင်း ကွမ်းယာ ကို တကျတန ယာ စားလေ့ မရှိ ။ သည်နည်း အတိုင်း ပင် တစ်ခု ချင်း တစ်မျိုး ချင်း စား သည် ။
“ ငါ ... ရွာ ထဲ လှည့်ပြီး အကြွေး တောင်း ချေဦးမယ် ၊ နင် နေ ရစ် ၊ ဟိုဖက် ခြံ က ကြက်တွေ လာရင် မောင်းလွှတ်နော် ”
အမေဆုံ သည် ကျောက်သင်ပုန်း ကို ကိုင်၍ ကြွေး တောင်း ထွက် လာခဲ့၏ ။ ရှေးဦးစွာ ရွာဆော် ကိုတင်ရ တို့ အိမ် သို့ ဝင်၍ စာရင်း အရ ခရမ်းသီး တစ်ပိဿာ တောင်း သည် ။
“ အမေ ကလည်း ဘယ်ကလာ တစ်ပိဿာ ရ မှာလဲ ၊ မနက် က ကျုပ် ဝယ်တာ တစ်ပိဿာခွဲ ဗျ ၊ အမေ့ ပိုက်ဆံ ကို ညာပြီး မယူ ချင်ပါဘူး ၊ ရော့ .. ရော့ တစ်ပိဿာခွဲ ဖိုး ယူသွား ”
တစ်ခါ မှ စာရင်း မမှားဖူးသော အမေ သည် ကိုတင်ရ အား ကက်ကက်လန်အောင် ပြန်၍ ရန် တွေ့၏ ။ အလကား ပို၍ ပေးသော ပိုက်ဆံ ကို ယူ လောက်အောင် သူ မငတ်သေး ဟု ပြောပြီး တစ်ပိဿာ ဖိုး သာ ယူသည် ။
“ ဒီမယ် မောင်တင်ရ ... မှတ်ထား ၊ အမေ စာ မတတ်ပေမဲ့ ဈေးစာရင်း မှတ်လာတာ ဆယ်နှစ် ရှိပြီ ၊ ငါ စာရင်း တစ်ခါမှ မမှားဖူးဘူး ၊ မင်း နဲ့ ကျမှ ကွယ် ... ကြုံပဲ ကြုံရတတ်တယ် ”
ထို့နောက် ဆီဆုံ ကြိတ်သော ဦးချစ်မောင် တို့ အိမ် သို့ ဝင်ပြီး ခရမ်းသီး တစ်ပိဿာခွဲ ဖိုး တောင်း သည် ။
“ ဟောဗျာ ... ဒီနေ့ အမေဆုံ ဘယ်လို ဖြစ် လာတာလဲ ။ ကျုပ် ဝယ်တာ ခရမ်းသီး တစ်ပိဿာ ထဲ ပါဗျ ငါးဆယ်သား က ဘယ်လို ပို လာရပြန်တာတုံး ”
သည်တစ်ခါ တွင် တော့ အမေဆုံ သည် သံသယ ဝင်လာ၏ ။ ကျောက်သင်ပုန်း ကို လက်နှစ်ဖက် ဖြင့် ကိုင်ပြီး သေချာစွာ ကြည့် သည် ။ အားမရသဖြင့် ဖျင်တဘက် အနားဖြင့် မျက်စိ ကို ပွတ်ပြီး သေချာ ကြည့်ပြန်၏ ။ နံနက် က ဦးလှကြီး တို့ အိမ် မှ ခရမ်းသီး တစ်ပိဿာ ဝယ်စဉ်က တစ်ပိဿာ ၏ သင်္ကေတ အဖြစ် မြွေတစ်ကောင် ကို အလောတော် အရှည်အတို စံ ပြု၍ မှတ် သည် ။ နောက် ဆက်လက် မှတ်သော စာရင်းများ ၌ နှစ်ပိဿာ ဆိုလျှင် ထို မြွေ ၏ နှစ်ဆ ၊ သုံးပိဿာ ဆိုလျှင် ထို မြွေ၏ သုံးဆ ၊ တစ်ပိဿာခွဲ ဆိုလျှင် ထိုမြွေ ၏ တစ်ဆခွဲ ရေး မှတ်ခဲ့၏ ။ ပြီးခဲ့သော ရက်များ တုန်းကလည်း ဤသို့ပင် မှတ်ခဲ့လေ့ ရှိသည် ။ ယခုကား အမေဆုံ သည် မိမိ စံပြုသော မြွေ ကိုပင် မသင်္ကာတော့ ။ ၎င်း တစ်ပိဿာ ၏ သင်္ကေတမြွေ သည် အနည်းငယ် တိုနေ သယောင်ယောင် ။ ဦးချစ်မောင် က ထပ်၍ မေး၏ ။
“ ပြောပါဦးလေ အမေဆုံ ရဲ့ ၊ ဒီနေ့ ဘယ်လို ဖြစ်လာတာ လဲ ”
အမေဆုံ က ပါးစပ် ထဲ မှ ကွမ်းသွေးများ ကို ထွေး ချ လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံးသည် ။
“ သိပါဘူး ဟယ် ၊ မနက်က မိုးရေ ရွှဲ တာနဲ့ ငါ့ မြွေတွေ လည်း တို တဲ့ ဟာ က တို ၊ ရှည် တဲ့ ဟာ က ရှည် ဖြစ်ကုန်ပြီ ထင်ပါရဲ့ ”
••••• ••••• ••••• •••••
“ တိုတဲ့ လမ်း နဲ့ ရှည် တဲ့ လမ်း ဘယ်လမ်း ကို ရွေးမလဲ ၊ သူတော်စင် များ ကား ရှည်လျားတဲ့ သံသရာခရီးလမ်း ကို မလိုလားကြဘူး ၊ ဘဝ တိုတို နဲ့ သာ မဂ်ဖိုလ် နိဗ္ဗာန် ကို ရောက် လိုကြပေတယ် ”
ဆရာတော် သည် ကြိမ်ကုလားထိုင်ကြီး ပေါ် တွင် ထိုင်၍ သား ရေဖုံး နှင့် ကျမ်းစာအုပ် ထူထူ တစ်အုပ် ကို ဖတ် နေရာမှ တစ်ပါး တည်း ရေရွတ်တော် မူလေ၏ ၊ ထိုစဉ် ဦးလူဝ သုတ်သီး သုတ်ပျာ နှင့် ကျောင်းအောက် သို့ ဝင်လာပြီး ဆရာတော် ကို ဦး ချသည် ။
“ ဘယ့်နှင့်လည်း ဒကာ ၊ ဒီနေ့ အမတော်ကြေး ထုတ်ရာမှာ လက်မှတ် ထိုးစရာ ရှိပြန်ပြီ ထင်တယ် ။ အင်း ... တယ်လည်း အလွယ် ကြိုက် ကြ သ ကိုး ။ အခုပဲ ဒကာ မောင်ရွှေသီး တော့ လေ့ကျင့်ပြီး ပြန် သွားလေရဲ့ ”
“ မှန်ပါ ၊ တပည့်တော် ဝင်လာတော့ ကျောင်း ပေါက် မှာ သူ ပြန် လာတာ နဲ့ တွေ့လိုက်ပါတယ် ဘုရား ”
“ သွားသွား ၊ ဦးပဉ္စင်း ပညာဝရ ဆီ သွား သူ လုပ်ပေးလိမ့်မယ် ”
ဆရာတော် သည် စာ ဆက် ဖတ်နေ၏ ။ ဦးလူဝ က ခေါင်း မှ ပုဆိုး ကို ပြင်၍ ပေါင်းပြီး ဦးပညာဝရ ရှိရာသို့ သွားသည် ။ ဦးလူဝ ၏ မိဘများ က လယ်ကူလီများ ဖြစ်ကြ၏ ။ ထို့ကြောင့် ငယ်စဉ်က သူ တစ်ပါး ကျောင်းနေချိန် တွင် သားငယ် အား ကျောင်း သို့ အပ်နှံ၍ စာသင် ကြားပေးခြင်း မပြုနိုင်ကြ ။ ကျောင်း ထားရမည့် အရွယ် တွင် သားငယ် အား လယ်ရှင် ထံ သို့ ထွန်စီး နွားကျောင်း ခိုင်းရန် အခ နှင့် အပ်နှံ ခဲ့ရရှာကြ၏ ။ မိဘများ ဆင်းရဲသော်လည်း ဦးလူဝ က ခွန် နှင့် အား နှင့် ကြိုးစားသောကြောင့် လယ်ယာမြေဝေခြမ်းရေး မ တိုင်မီ ကပင် လယ် ငါးဧကခန့် ပိုင်ဆိုင်ပြီး လယ်ကူလီ ဘဝ မှ လွတ် မြောက် ခဲ့၏ ။ ယခု ဦးလူဝ သည် အသက်ငါးဆယ့်ငါးနှစ် ရှိပြီ ။
သျှောင် ကို တစောင်း အမြဲ ထုံးလေ့ ရှိသည် ။ ပျော်တတ် ရွှင်တတ် ပြီး လူငယ်များ နှင့် ရောနှော နေတတ်သဖြင့် ဦးလူဝ အား လူငယ်တိုင်း က ချစ်ခင်ကြသည် ။ ထို့ပြင် ဦးလူဝ သည် ခြင်းလုံး ခတ်ရာ၌ လူငယ် တိုင်း ၏ ဆရာ ဖြစ်၏ ။ ဦးလဝူ ခပ်ငယ်ငယ်က သူ ၏ သျှောင်ချောကြီး ကို တစောင်း ထိုးပြီး ထိုးကွင်းမင်ကြောင်များ ပေါ်လာအောင် ပုဆိုး ကို ခါးတောင်း ကျိုက်၍ ခြင်း ခတ်နေပြီ ဆိုလျှင် ရေခပ် ဆင်းသော လုံမပျိုများ ပင် ရပ်၍ ကြည့် နေရသည် ဟု ဆိုစမှတ် ရှိ၏ ။ ယနေ့ကား နှောပင်ကုန်းရွာ တွင် အမတော်ကြေး ငွေ ထုတ် ချေးသော နေ့ဖြစ်၏ ။ ဤသို့သော နေ့မျိုးတွင် ဦးရွှေသီး နှင့် ဦးလူဝ တို့ နှစ်ယောက်သည် အတူ တွဲ၍ သော် လည်းကောင်း ၊ တစ်ယောက် ချင်း သော်လည်းကောင်း ကျောင်း သို့ လာ မြဲပင် ။ လာရခြင်း အကြောင်း ကား ဤသို့ တည်း ။ အမတော်ကြေးငွေ ထုတ် ရာတွင် ငွေ ရရှိကြောင်း ချေးယူ သူ က လက်မှတ် ထိုးရ၏ ။ ဤလို နေ့မျိုးတွင် ပရိသတ် ဗိုလ်ပုံ အလယ်၌ မြို့ မှ လာသော သက်ဆိုင်ရာပုဂ္ဂိုလ် က ...
“ စာတတ်သလား ” ဟု မေးသည်ကို ...
“ မတတ်ပါဘူးခင်ဗျ ” ဟူ၍ သေးသိမ်သော အသံ နှင့် ဖြေ ရမည် ကို သူတို့ နှစ်ယောက် အလွန် ရှက်၏ ။
“ ကဲ ... ကဲ ... မတတ်ရင် ဒီနေရာ မှာ ကြက်ခြေ ခတ်လိုက် ” ဟု အပြော ခံရမည်ကိုလည်း ရွံ့၏ ။ မိမိ ရှေ့မှ ညီအရွယ် သားအရွယ် ကလေးများ က ကိုယ့် အမည် ကိုယ် လက်မှတ် ထိုး သွားကြပြီး မိမိ က တုန်ရင်သော လက်ဖြင့် ဖောင်တိန် ကို ကိုင်ကာ ကန့်လန့်ဖြတ် မျဉ်း နှစ်ကြောင်း ခြစ် ၍ ကြက်ခြေ ခတ် ရမှာကိုလည်း အလွန်အမင်း ကြောက် လှသည် ။ ထို့ကြောင့်ပင် ဦးလူဝ နှင့် ဦးရွှေသီး တို့ နှစ်ဦး တိုင်ပင်၍ နည်းသစ်နည်းဆန်း တစ်ခု ထွင် ခဲ့ကြ၏ ။ အဆိုပါ တီထွင် ထားသောနည်းက လက်မှတ် ထိုးရန် ကိစ္စ ရှိသော နေ့တွင် ရွာဦးကျောင်း သို့ လာ ရမည် ဖြစ်၏ ။ ဤတွင် ဘုန်းတော်ကြီး က ဒါယကာ ၏ အမည် ကို အိမ်ရိုက်သံ တစ်ချောင်းဖြင့် ကျောက်သင်ပုန်း ပေါ် ၌ အရာ ထင်အောင် ခြစ်ရေး ပေး၏ ။ ဥပမာ ဦးလူဝ ဟု ဆိုပါစို့ ။ ဘုန်းကြီး က သံချောင်း ဖြင့် ကျောက်သင်ပုန်း ၌ “ လူဝ ” ဟူ၍ ပီပီသသ ခြစ်ရေး ပေး လိုက်၏ ။ အဆိုပါ စာလုံး ကို သံချောင်း ရာ အတိုင်း ဦးလူဝ က လိုက် ၍ ထပ် ရေး၏ ။ လက် အံ သေ လာအောင် အထပ်ထပ် လေ့ကျင့် သည် ။ ကျေနပ်လောက်အောင် လေ့ကျင့် လိုက်သောအခါ ပရိသတ် အလယ် ငွေ ချေးရာ ၌ မိမိ အမည် ကို မိမိ ရေးနိုင်သွား၏ ။ တစ်နည်း အားဖြင့် ဆိုသော် လက်မှတ် ထိုးနိုင်သွား၏ ။ ကြက်ခြေ မခတ်ရတော့ ။ မျက်နှာ မငယ်ရတော့ ၊ တစ်ပွဲတိုး နည်းပင် ဖြစ်သော်လည်း ဤနည်းဖြင့် အဆင် ပြေခဲ့သော နှစ် မှာ မနည်းတော့ပေ ။
ယနေ့လည်း ဦးလူဝ တစ်ယောက် ကျောင်း သို့ ရောက်ရ ပြန်ချေ ပြီ ။ ဦးရွှေသီး သည်လည်း ဦးလူဝ နှင့် အရှေးမနှောင်း ပင် ပြန် သွား၏ ။ သူ ကား ယနေ့အဖို့ လက်မှတ် ရေးထိုးနိုင်သူ ဘဝ သို့ မိမိ အရင် စောစော ကူးပြောင်း သွားချေပြီတည်း ။
ဦးပဉ္စင်း ဦးပညာဝရ သည် ဦးလူဝ ကို မြင်ကာမတ္တမျှ နှင့် ပင် အဘယ် ကိစ္စ နှင့် လာကြောင်း ကြိုတင်သိနှင့်၏ ။
“ လာ ... လာ ... ဒကာကြီး ... ဦးရွှေသီး တော့ ခုနကတင် ပဲ ပြန် သွားတယ် ”
ဦးပညာဝရ သည် အစောက သံချောင်း ဖြင့် ရွှေသီး ဟု ရေးခြစ် ထားသော ကျောက်သင်ပုန်း ကို ယူ၍ တစ်ဖက် သို့ လှန် လိုက်၏ ။
“ မြို့ က ငွေ ပေးမယ့် ပုဂ္ဂိုလ် တွေ ရောက်ကြပြီလား ဒကာကြီး ၊ ဘာ နဲ့လာကြသလဲ ကား နဲ့ဘဲလား ”
“ မှန်လှပါ မရောက်သေးပါဘုရား ၊ သူကြီး က သူ့ လူတွေ အကြို လွှတ် လိုက်တာတော့ တွေ့မိပါတယ် ဘုရား ”
ဦးပညာဝရ သည် သံချောင်း ဖြင့် ဦးလူဝ ၏ အမည် ကို ကျောက် သင်ပုန်း တွင် ထင်ထင် ရေးခြစ် ပေး၏ ။ စာလုံးလေးများ မှာ ဝိုင်းစက် နေသည် ။ ထိုအခိုက် တွင် ကျောင်းသားငယ် တယောက် က ဦးပဉ္စင်း ကို လာ၍ ဦးတိုက်၏ ။
“ ဦးပဉ္စင်း ဘုရား ၊ သင်္ကန်း တွေ ဆေးဆိုးဖို့ ပြုတ်ထားတဲ့ ရေနွေး အိုးကြီး ဆူ နေပြီ ဘုရာ့ ”
“ ဟာ ... ဟုတ်သားပဲ ၊ မေ့ နေလိုက်တာ ”
ဦးပဉ္စင်း သည် ယခုမှ သတိ ရဟန်ဖြင့် ဧကသီ ကို ကဗျာ ကရာ ပြင် ၍ ရုံ ၏ ။ ကိုင် ထားသော ကျောက်သင်ပုန်း ကို ဦးလူဝ အား ကမ်း ပေးလိုက်ရင်း ...
“ ကဲ ... ကဲ ... ဒကာကြီး ခါတိုင်း လိုပဲ ကျင့် ပေါ့ ၊ ဦးပဉ္စင်း သင်္ကန်းတွေ ပြုတ် ထားတာ သွား ကြည့်အုံးမှ ၊ တော်ကြာ အကုန် ပျက်စီးကုန်လိမ့်မယ် ”
“ မှန်ပါဘုရား ”
ဦးလူဝ သည် ကျောက်တံ တစ်ချောင်း ဖြင့် ဝိုင်းစက်သော စာလုံး လေးများ ကို စိတ်ရှည် လက်ရှည် ထပ် ရေးနေသည် ။ ဆယ်ခါ ၊ ဆယ့်ငါးခါ ၊ အခါနှစ်ဆယ် ၊ အခါသုံးဆယ် ၊ အခါ လေးဆယ် ၊ အခါ ငါးဆယ် ။ စိတ် ကျေနပ်လောက်သော အခါ အောက်နားတွင် အလွတ် ရေး ကြည့်သည် ။ မိမိ အလွတ် ရေးသော စာလုံးလေးများ သည် အထက် မှ သံချောင်းရာ စာလုံးလေးများ နှယ်ပင် ဝိုင်းဝိုင်း စက်စက် ၊ ပိပိရိရိ ၊ သေသေ သပ်သပ် ။ စိတ် ထဲ တွင် ပျော် သွားသည် ။ ပီတိ လွှမ်းသော မနော ဖြင့် ငွေ ချေးရာသို့ ထွက်ခဲ့၏ ။ ငွေချေး အဖွဲ့ ရောက်နေပြီ ။ ရွာသားတွေ လည်း ကြိတ်ကြိတ် တိုး နေကြချေပြီ ။ အမည် ခေါ်လိုက်တိုင်း တစ်ဦး ပြီး တစ်ဦး လက်မှတ် ထိုး၍ ငွေ ယူနေ ကြ၏ ။
“ ဦးလူဝ ”
မိမိ အမည် ကို ခေါ်သံ ကြားရ၏ ။ ကိုယ့် အလှည့်သို့ ရောက် ပေမင့်ကိုး ။
“ စာ တတ်သလား လက်မှတ် ထိုးတတ်သလား ”
ဦးလူဝ က ခပ်သွက်သွက် ခေါင်း ညိတ်လိုက်၏ ။
“ ဒါဖြင့် ဒီ နေရာမှာ ထိုး ”
ဦးလူဝ သည် တုန်ယင်ခြင်း မရှိ ။ မိမိ ကိုယ် ကို ယုံကြည်မှု ဖြင့် ဖောင်တိန် ကို ယူပြီး ညွှန်ပြသော နေရာတွင် ရဲရင့်စွာ ဖြင့် လက်မှတ် ထိုး ချလိုက်၏ ။ အလှည့် မကျသေးသဖြင့် ဘေး မှ ရပ် စောင့်နေသော ရွာသား အချို့ က ဦးလူဝ လက်မှတ် ထိုးသည်ကို သေချာစွာ ကြည့် နေကြသည် ။ ဤတွင် အာမေဋိတ်သံများ ဟို မှ သည် မှ ကျည်ကျည်ကျာကျာ ပေါ်ထွက်လာခဲ့၏ ။
“ ဟ ... ဟ အလို ဘယ့်နှာတုံး ဟ ၊ ဟောဒီမှာ ဦးလူဝ ၊ လက်မှတ် ထိုးတာက ရွှေသီး တဲ့ ဟေ့ ၊ မဆီမဆိုင် ဦးလူဝ ထိုးတဲ့ လက်မှတ် က ရွှေသီး တဲ့ ဟ ”
••••• ••••• ••••• •••••
ရွှေသီးရွှေနှံ ဖြစ်သော စပါး တို့ ကို ဇီးတောရွာ မှ လယ်သမား များ ရိတ်သိမ်း ရောင်းချပြီးကြသဖြင့် ရှုလေရာ တိုင်းတွင် ရိုးဖြတ် ငုတ်တို များ ကိုသာ မြင်တွေ့နေရ၏ ။
နွေဦး ပေါက်လေပြီ ။
ဘသာဖြိုး သည် ဘယ်လက်မောင်း ကို ပင့်မြှောက်၍ အင်္ကျီ ကို နမ်းကြည့်၏ ။ တစ်ဖန် ညာလက်မောင်း ကို ပင့်မြှောက်ပြီး အင်္ကျီ ကို နမ်းပြန်သည် ။ ထို့နောက် ချိုင်း နေရာကို ငုံ့ပြီး နမ်းကြည့်ပြန်၏ ။ နှာခေါင်း ကို ရှုံ့ လိုက်သည် ။
“ ဟင်း ... ချွေးစော် နံလိုက်တာ ၊ ထွီ အင်္ကျီ လျှော်ပါ ဆိုတာ မလျှော်ကြဘူး ၊ အင်္ကျီ တစ်ထည် ကို ငါ က ဘယ်နှရက် တောင် ဝတ်ရ မှာတုံး ဟ ”
ထိုနောက် ဒေါသ ဖြင့် ဝတ်ထားသော ဖျင်အင်္ကျီ ကို ချွတ်ပြီး ခြေရင်း သို့ လွှင့် ပစ်သည် ။ အင်္ကျီ မပါ ဗလာ ကိုယ်ထီး ဖြင့် အရွဲ့တိုက် ပြီး ထိုင် နေ၏ ။ အရွယ် ခြောက်ဆယ် ပြည့် ပြီ ဖြစ်ရကား ဘသာဖြိုး ရင်ပတ် မှ အရေပြား သည် နေလောင်ထားသော သရက်သီး နှယ် တွန့် ရှုံ့ချပ် ကပ်နေ၏ ။
မနေသာသော သမီး ဖြစ်သူ မအေးတင် က အင်္ကျီတစ်ထည် ကို ယူ လာ၍ ပေး၏ ။
“ ရော့ အဘ ... ချွေး ငုပ် သွားလိမ့်မယ် ဝတ်ထား ၊ အခု အဘ ချွတ်ပစ်လိုက်တဲ့ အင်္ကျီ လည်း တစ်နေ့ မှ လျှော်ထားတာပါ ။ အဘ ဝတ်ထားတာ နှစ်ရက် ပဲ ရှိပါသေးတယ် ။ နွေခါ ဆိုတော့ ချွေး ထွက် လို့ နံတာပါ ”
မအေးတင် က စိတ် တို နေသော ဖခင် အား အင်္ကျီ ကို တယု တယ ဝတ်ပေး၏ ။ ကြယ်သီးများလည်း တပ်ပေး၏ ။ ဤတွင် မှ ဘသာဖြိုး သည် စိတ်ဆိုး ပြေ ပြီး မျက်နှာ ကြည်သာ လာ၏ ။ ဘသာဖြိုး ကား အလွန် အသန့်အရှင်း ကြိုက်သည် ။
ဇီးတော တစ်ရွာ လုံး တွင် လယ်ယာ လုပ်ကိုင်သူသာ များသော်လည်း ဘသာဖြိုး ကား လယ် သမား မဟုတ် ။ လယ်ယာ မလုပ်ဖူးချေ ။ ငယ်စဉ် က မူ ဘသာဖြိုး သည် ဇီးတောရွာ ၌ လက်သမားဆရာ အကျော် ဖြစ်၏ ။ ထိုကြောင့် ရွံ့ထဲ ရေထဲ တွင် နွားနှင့် ဖက်ပြီး မရုန်းခဲ့ဖူး၍လား မဆိုနိုင် ။ အသန့် ကြိုက် လှ၏ ။ အိမ် ၏ ကြမ်းပြင် ပေါ် တွင် ပင် ဖိနပ် စီး သည် ။ အိမ် ပေါ် စီးသော ဖိနပ် က တစ်ရန် ၊ မြေကြီး ပေါ် တွင် စီးသော ဖိနပ် က သတ်သတ် တစ်ရန် ၊ ဖိနပ် နှစ်ရန် ထား ပေးရ၏ ။ အသက် ခြောက်ဆယ် ပြည့် ပြီမို့ ဘသာဖြိုး သည် နား မထိုင်းသော်လည်း ခါးတော့ ကိုင်းပြီး မျက်စိ လည်း အနည်းငယ်မျှတော့ မှုန်သည် ။ အိမ်ပြင် ထွက် လျှင် ထီးရိုး ဝါးတောင်ဝှေး ကို ဆောင် တတ်၏ ။ လက်ယာ ဘက် လက်ကောက် ဝတ် တွင် နက်ပြောင်နေသော ပုတီးစေ့များ နှင့် သားရိုးဂုဏ်တော် ပုတီးတစ်ကုံး ကို အမြဲ စွပ်ထား၏ ။ ဘသာဖြိုး သည် ရွာရေးရပ်မှု ၌ ဝါသနာ ပါ၏ ။ အလှူမဏ္ဍပ် ဆောက် ရာတွင် ကိုယ်တိုင် ဝင်ရောက် မလုပ်ကိုင်နိုင်တော့ သော်လည်း အဘယ်ပုံ ဆောက်သင့်သည် ဟူ၍ ဗိသုကာ မျက်စိ ဖြင့် နည်းလမ်း ညွှန် ပြတတ်၏ ။ ကျွေးရုံ အနီးမှ ချက်ရာ ပြုတ်ရာတွင်လည်း ဝင်ရောက် စီမံတတ်၏ ။
“ အဘရယ် အိုးကြီးအိုမ ကြ မှ မီးဖို ထဲ လဲ နေပါဦးမယ် ၊ လူငယ် တွေ သူတို့ဟာ သူတို့ ချက် ပါလိမ့်မယ် ”
“ ဘာဖြစ်လို့ လဲ ရမှာတုံး ငါ့ များ အိုပြီ မှတ်လို့လား ၊ လူငယ်တွေ ချည်း ပစ် ထားလို့ ဖြစ်မလား ဟ ၊ သင်းတို့ က ချက်တတ်တာ မှတ်လို့ ။ အိမ် မှာလည်း မပြောချင်လို့ နေတာ ၊ တဲ့ အေးတင် ၊ နင် ချက်ပုံ ပြုတ်ပုံ များ ငါ ကျေနပ်နေတယ် မှတ်သလား ” ဟု ဘသာဖြိုး သည် ပြောသူ ဘက် သို့ လှည့် ၍ မဲ လာတော့၏ ။ အမှန်လည်း ဘသာဖြိုး စီမံသော ဟင်း သည် အရာသာ နှင့် ပြည့်စုံ တတ်၏ ။
“ ဝက်သားကို အတုံးကြီးကြီး တုံး ၊ ငရုတ် ၊ နနွင်း ၊ ကြက်သွန် သင့်အောင် ထည့်ပြီး နှပ် ၊ ကျက်ပြီလား ၊ချခါ နီးပလား ကြည့် ။ အဲသည် မှာ ကရဝေးလေးများ အုပ် လိုက်ရရင် အ ... အ အလွန်ကောင်းပဲ ” ဟူ၍ ရံဖန်ရံခါ သူ ငယ်ငယ် က ချက်စား ခဲ့ပုံကို စမြုံ့ ပြန်သည် ။ ဘသာဖြိုး သည် ဩဇာသီး မှည့် ကိုပင် သည်အတိုင်း မစား ၊ နို့ဆီ သကြား တို့နှင့် ကြွေပန်းကန် တစ်ချပ် ထဲ တွင် ခေါက် ပြီးမှ စား၏ ။ သူ ချစ်သော မြေးငယ် အောင်ညွှန့် ကိုလည်း စား စေသည် ။
“ စားကွ ငါ့မြေး ၊ ဒီ အရသာကို ချို ဆိမ့် အီ လို့ခေါ်တယ် မှတ် ထား ”
အရာရာတွင် စီမံခန့်ခွဲတတ်ခြင်း ၊ ရပ်မှုရွာမှု ၌ မနေတတ်ခြင်း တို့ကြောင့် ဘသာဖြိုး သည် ရွာသားများ အပေါ်တွင် ဩဇာ ရှိ၏ ။ သို့ရာတွင် ဘသာဖြိုး ၌ ပျော့ကွက် နှစ်ခုရှိ၏ ။ ယင်းတို့ ကား မိမိ အား ညစ်ပတ်သည် ဟု ပြောလျင် မကြိုက်ခြင်း နှင့် မိမိ စာ မတတ်သည်ကို လူ သိမှာ စိုးခြင်း တို့ တည်း ။
“ အဘ ရေ ... အဘ အိပ်ရာ မှာ ကြမ်းပိုးတွေ အများ ကြီးပဲ ” ဟု သမီး က ပြောလျှင် ... ။
“ ဘယ် ကလာ ကြမ်းပိုး ရှိရမှာလဲ ၊ ငါ့ အိပ်ရာ မှာ ဘယ်တုန်းကမှ ကြမ်းပိုး မရှိဖူးဘူး ၊ နင်တို့ ဆီက ကူး တာ နေမှာ ” ဟု တွင်တွင် ငြင်း တတ် ၏ ။ ထို့ပြင် ဘသာဖြိုး ငယ်စဉ် က မိဘများ စားနိုင် သောက်နိုင် ပစ္စည်း ရှိသော်လည်း ကျောင်း ထားချိန်တွင် ဘသာဖြိုးလေး ၌ ကျောက်ကြီး ပေါက် သဖြင့် ကျောင်း မနေခဲ့ရ ။ သို့ရာတွင် ဘသာဖြိုး သည် မိမိ အား စာ မတတ် ဟု ဘယ်တော့မှ မပြော ၊ ဘယ်သူ့ ကို မှ လည်း မပြော ၊ ယုတ်စွ အဆုံး သမီး နှင့် သမက် ကိုပင် မိမိ စာမတတ် ကြောင်း ဝန်မခံပေ ။ စာ တစ်စောင် ရောက်လာလျှင် သော် လည်းကောင်း ၊ စာအုပ် တစ်အုပ် ကို တွေ့၍ အကြောင်းအရာ ကို သိ လိုလျှင် လည်းကောင်း ဘသာဖြိုး သည် ရှေးဦးစွာ အင်္ကျီအိတ် ထဲမှ ကြေးဝါ ကိုင်း နှင့် စာကြည့်မျက်မှန် ကို ထုတ်ပြီး တပ်ဆင်၏ ။ စာအုပ် ကို ဖွင့် ကိုင်ပြီး တစ်ချက် ကြည့် သည် ။ မျက်မှန် အနီးသို့ ကပ်၍ ကြည့်၏ ။ တစ်ဖန် စာအုပ် ကို နောက်သို့ အနည်းငယ် ဆုတ် ရွှေ့လိုက်ပြီး ကြည့် ပြန်၏ ။ ဤသို့ ကြည့် ပြီးမှ မျက်စိများ ကို တအား မှိတ်လိုက် သည် ။ စိတ် မရှည်ဟန်ဖြင့် မျက်မှန် ကို ယာ လက်တစ်ဖက် တည်း ဖြင့် ဆွဲ ချွတ်လိုက်ရင်း ..
“ ဘာမှ စာလုံး ကို မကွဲတော့ဘူး ၊ အင်း, ဇရာ ရဲ့ ဒဏ် ကို ခံရပြီ ၊ ဟဲ့ ဟဲ့ .. ခင်မောင် ၊ လာပြီး ဖတ်ပြစမ်း ” ဟု သမက် ကို ဖတ်ခိုင်း တတ်၏ ။ အမှန်က ဘသာဖြိုး သည် ရံဖန်ရံခါ သမီး ဖြစ်သူ ဆန်ရွေး နေရာ ၌ပင် မျက်မှန် မတပ်ဘဲ စပါးလုံး ကို ကောက် ပေးနိုင် သေး၏ ။ သူ့ မြေးငယ် အောင်ညွှန့် ကိုကား ဘသာဖြိုး သည် စာ အလွန် တတ် စေချင်၏ ။ အောင်ညွှန့် နှင့် တွေ့လျှင် အဘ စာ မတတ်ရှာသော အချက် သည် တစ်ခါတစ်ရံ ၌ အထင်းသား ပေါ်တတ်၏ ။ အောင်ညွှန့် သည် ကျောင်း လိုက်ခါစ ၊ စာ သင်စဖြစ်၏ ။
“ ကကြီး ယပင့် ကျ ၊ ကကြီး ယပင့် ရေးချ ကာ ၊ ကကြီး ယပင့် လုံးကြီးတင် ကို ” ဟု အောင်ညွှန့် စာ အံ နေလျှင် အမှန် ကို ရွတ်အံ နေပါလျက် ....
“ ဟဲ့ ကောင်လေး ဟုတ်ရဲ့လား ၊ နင့် ဟာ မှား နေပြီ ” ဟု အဘ က ထောက် သည် ။ ကလေး က .. “ မှန်သားပဲ အဘိုး ရဲ့ ၊ ကျုပ် အံတာ ဟုတ်ပါတယ် ” ဟု ပြန်ပြောမှ ...
“ ဟုတ်ရင် အံ ၊ ဟုတ်ရင် ဆက် အံ ” ဟု ပြော တတ်သည် ။ ကိုခင်မောင် နှင့်မအေးတင် တို့ လင်မယား ကား အဘ မမြင်အောင် တစ်ယောက် ကို တစ်ယောက် ကြည့် ၍ ပြုံး မိကြသည် ။
တစ်ရက် တွင် ကား အေးငြိမ်းရွာ မှ ရွှေကူနီဘုရားကြီး ပြုပြင်ရန် အလှူခံများ အိမ် ရှေ့ သို့ ရောက် လာ၏ ။ တစ်ရွာ မှ လာသော ထို အလှူ ခံ အဖွဲ့ သည် ပိတ်ဖြူဝတ်စုံ ကို ဝတ်ဆင်ထားကြပြီး ငွေဖလားကြီးများ ကို လည်း ပိုက် ထားကြ၏ ။ သူတို့ နောက်မှ ဗုံရှည်ဆိုင်းအဖွဲ့ က လည်း ဆူညံစွာ တီးမှုတ်လာကြသည် ။
“ အဘိုး ... အလှူခံတွေ လာတယ် ၊ ပိုက်ဆံ ထည့်မယ် ၊ ပိုက်ဆံ သွားထည့်မယ် ”
ဖြင့် မြေးငယ် အောင်ညွှန့် သည် ဆိုင်းသံဗုံသံ ကြား သဖြင့် မြူး နေ ၏ ။ ထိုအချိန်က သမီး နှင့် သမက် သည် ရွာမြောက်ပိုင်း သို့ သွား နေ ၏ ။ ဘသာဖြိုး သည် အိတ် ထဲ ၌ အသင့် တွေ့သော ငါးပြားစေ့ တစ်စေ့ ကို မြေးငယ် အား ပေး၍ အလှူငွေ အဖြစ် သွားရောက် ထည့်စေ၏ ။
အောင်ညွှန့် သည် ဝမ်းသာအားရ ပြေး ထွက်သွားပြီး ငွေဖလားကြီး ထဲ သို့ ပိုက်ဆံငါးပြားစေ့ ကို “ ချွင် ” ခနဲ မြည်အောင် ထည့်သည် ။ အလှူခံပုဂ္ဂိုလ် က လက် ထဲ မှ ငွေဖလား ကို အကြွေသံများ တဂျွမ်းဂျွမ်း မြည်အောင် ဆက် လှုပ်လိုက်ရင်း ဆုပေး၏ ။ ထို့နောက် “ ရွှေကူနီ ဘုရားသမိုင်း ” ကို အကျဉ်းချုပ် ရိုက်နှိပ် ထားသည့် လက်ကမ်း ကြော် ငြာစာရွက်ငယ် တစ်ရွက် ပြန်ပေး၏ ။ ကလေး သည် စာရွက် ကို မြှောက် ကိုင်ရင်း အိမ် ထဲ သို့ ခုန်ပေါက် ပြေးဝင်လာသည် ။
“ အဘိုး ဖတ်ပြစမ်းပါ ၊ ဒီ စာရွက် ထဲမှာ ဘာ တွေ ရေးထား တာလဲဟင် ”
ဘသာဖြိုး သည် အင်္ကျီအိတ်ထဲ မှ ကြေးဝါကိုင်းမျက်မှန် ကိုထုတ်၍ တပ်ဆင်ရပြန်၏ ။ စာရွက်ကိုဖြန့်၍ ကိုင်သည် ။
“ ဖတ်ပြပါ ဘိုး ရဲ့ ၊ မြန်မြန် ဖတ်ပြစမ်းပါ ၊ နားထောင် ချင်လှပြီ ”
ရော ... ခက်ချေပြီ ။ သည်တစ်ခါကား စစ်ကူ တောင်းရမည့် သမက် ကလည်း အိမ် တွင် မရှိ ၊ အိမ်ကြီး တခုလုံး၌ လူမမည် မြေး ငယ် နှင့်မိမိ သာ ရှိ၏ ။ မြေး ကလည်း သူ ရလာသော စာရွက် ကို အလွန် ဖတ်ပြ စေချင်နေသည် ။ အလွန် သိချင်နေသည် ။
ဘသာဖြိုး သည်ဘုရားသမိုင်း စာရွက် ကို မျက်မှန် အနီး သို့ သေချာ ကပ် ၍ ကြည့်၏ ။ ထိုနောက်မြေးငယ် ကြားအောင် စာလုံး တစ်လုံးချင်း ပီပီသသ ဖတ် ပြသည် ။
ဘသာဖြိုး ဖတ်ပြလိုက်ပုံကား -
“ ပိုက် ... ဆံ ... ငါး... ပြား ... ရ ... ပါ သည် ” ဟူသတည်း ။
••••• ••••• ••••• •••••
ကျေးရွာများ ၌ အသုံးလုံး အခြေစိုက်စခန်းများ ဖွင့်လှစ် သင်ကြားပေးခဲ့ပြီး နောက် ရာသီဥတု သာယာသော နေ့ တစ်နေ့ တွင် ...
အေးငြိမ်း ရွာ မှ အမေဆုံ သည် သီတင်းကျွတ် ဆွမ်းကြီး လောင်းပွဲ အတွက် ကုသိုလ်ရှင်များ အမည် နှင့် လှူဖွယ်ပစ္စည်း စာရင်းများ ကို အက္ခရာဂဏန်း တို့ဖြင့် သေချာစွာ ရေးမှတ် တွက်ချက် လျက် ရှိ၏ ။ ထိုအချိန်မှာ ပင် နှောပင်ကုန်းရွာ မှ ဦးလူဝ သည် ခြင်းလုံးခတ်ခြင်း အကြောင်း စာအုပ် တစ်အုပ် ကို စိတ်ပါဝင်စားစွာ ဖတ်ရှု နေပြီး ဇီးတောရွာ မှ ဘသာဖြိုး သည် မိမိ နှုတ်တိုက် ရထားဖူးသော ထောပတ်ထမင်း ချက်နည်း တစ်ခုကို မြေးငယ် အား ရေးသား ပေးလျက် ရှိပါသည် ဟု ဆိုလျှင် တိုက်ဆိုင်လွန်းလှသည် ဟူ၍ များ ဆိုကြလေမည်လား ... ။
◾မြတ်သင်း
📖 ငွေတာရီ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၁၉၇၀
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment