❝ မလေးငုံ မှုန်ရွှေနှစ်ကယ် ❞
သူတို့ အလှည့် သို့ ရောက် လာလေပြီ ။
“ ကဲ ပြော ”
“ ဗျာ ”
“ နာမည် ပြောလို့ ပြောတာ ရှင့် ”
“ ခင်မောင်သန်း ပါ ”
“ ခက်လိုက်တာ ၊ ရှင့် နာမည် မေးတာ မဟုတ်ပါဘူး ၊ လူနာ နာမည် မေးတာ ပါ ”
“ မသိလို့ပါဗျာ သူ့ နာမည် မအေးလှ ”
“ အသက် ”
“ သူ့ အသက် လား ”
“ ဒါပေါ့ ရှင့် ၊ ရှင့် အသက် ဘာလို့ မေး ရမှာလဲ ၊ မွေး ရမယ့် သူ အသက် မေးတာပေါ့ ”
“ မပြောတတ်ပေါင် ဗျာ ၊ အင်း သူ့ အသက် ဆယ့် ကိုး ”
“ သားဦး လား ”
“ မဟုတ်ဘူးဗျ ၊ သူ က သူတို့ မောင်နှမတွေ ထဲ မှာ အကြီးဆုံး ”
“ ခက်လိုက်တာနော် ”
ဟု ညည်းရင်း ထဘီနီဝတ်ဆရာမ ကလေး ပြုံး တော့သည် ။
ဘေး မှ မိန်းမကြီး သုံးလေးယောက် လည်း တခွိခွိ ။ မနေနိုင် သည့် အ တွေ့အကြုံ ရှိပေါင်း များလှပြီ ဖြစ်ပုံပေါ်သည့် အသက် လေးဆယ်ခန့် မိန်းမကြီး တစ်ယောက် က ကြား ဝင်ကာ -
“ အခု ဗိုက်လာအပ်တာ ပထမဆုံး ကလေးလား လို့ မေး နေတာကွယ့် ”
သည်တော့မှ ကိုခင်မောင်သန်း နားလည် ရှာပါတော့၏ ။
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဒါ ကျွန်တော်တို့ ရဲ့ ပထမဦးဆုံး ကလေး ”
ဖြေ လိုက်ပုံ မှာ ဝမ်းသာ အားရ လှိုက်လှိုက်လှဲလှဲ အူ မြူးနေပုံ ကို ဖုံးဖိမရ ။ ခင်မောင်သန်း ၏ မျက်နှာကြီး မှာ ဇမ္ဗူ မှာ တလူ ၊ ငါ လို စွမ်းတဲ့ သူ ရှိသေးရဲ့လားဟု ဘဝင် ခိုက်နေပုံပင် ။
သူ့ ဘေး မှ မအေးလှ ခမျာ မှာ မူ မျက်နှာကလေး နီနီ ဖြင့် ရှက်စိတ် လွှမ်းသလိုလို ၊ ရင် ထဲ ဖိုသလိုလို ။
“ ဘယ်မှာ နေသလဲ ”
“ တောင်ဥက္ကလာ ”
“ နေရပ်လိပ်စာ အတိအကျ ပြောပါ ရှင့် ”
ခင်မောင်သန်း ရေရွတ်ပြရပြန်၏ ။
ဘေးမှ ဗိုက်ကြီးတွေ တကော့ကော့ ဖြင့် နား စွင့် နေကြသည့် မိန်းမကြီးငယ် တို့ မှာ ဆရာမကလေး က မေး တိုင်း ၊ ဒိုင်ခံ ဖြေကြား နေသည့် ခင်မောင်သန်း ကို ကြည့်ကာ ပြုံးစေ့စေ့ ။ ခင်မောင်သန်း ကမူ သူ့ ဇော နှင့် သူ မို့ မည်သို့မျှ သတိ မထားမိ ။
“ ယောက်ျား နာမည် ”
“ ခင်မောင်သန်း ”
သည် တစ်ချီမတော့ ခင်မောင်သန်း ခေါင်း ကို မော့ ၊ ရင် ကို ကော့ ၍ ကျော့ကျော့ ကြီး ဖြေ ပစ်လိုက်၏ ။
“ အခု ဘယ်နှစ်လ ရှိ ပြီလဲ ”
ခင်မောင်သန်း ရုတ်တရက် မဖြေနိုင် ။ ခေါင်း ကုတ်လိုက်၏ ။ သူ့ မိန်းမ မျက်နှာ ကို ကြည့် လိုက်တော့သည် ၊ မအေးလှ ကခေါင်း ငုံ့ နေသဖြင့် သူ့ မှာ ခွ ကျသွား၏ ။
“ မသိဘူးလား ၊ ဒါဖြင့် နောက်ဆုံး လာတဲ့ ရက် ကို မှတ်မိလား ”
ဆရာမ မေးတိုင်း သွက်သွက်လက်လက်ကြီး ဖြေ နိုင်ခဲ့သည့် ခင်မောင်သန်း တစ်ယောက် ချောက်ပေါက်ကြီး တိုး ပါလေပြီ ။ ဆရာမ ဘာ ကို မေးမှန်း လုံးဝ မသိတော့သဖြင့် ဘာကို ဖြေရမှန်း သူ အဘယ်သို့ သိနိုင်ပါမည်နည်း ။
ခင်မောင်သန်း အူကြောင်ကြောင် ဖြစ်သွား၏ ။
သို့ဖြစ်ပုံ နှင့် ဘေးပတ်ဝန်းကျင် ရှိ ကိုယ်ဝန်ဆောင်များ သည် တခိုးခိုး တခစ်ခစ် အသံ ထွက်အောင် ရယ်ကြတော့သည် ။
ဘာကိုမှ နား မလည်နိုင်ဘဲ အူချာချာကလေး ဖြစ် သွားသည့် သူ့ ကို မအေးလှ က အသာ လက် တို့၍ တိုးတိုးကလေး ပြော လိုက်သည် ။ နှစ်ကိုယ် ကြား ရုံကလေး လေသံသာသာမျှသာ ။
နားစိုက် ထောင် နေရာ က ခင်မောင်သန်း ပြုံးဖြီးဖြီး ကြီး ဖြစ် လာသည် ။ စကား ဆုံးသည့်အခါ မအေးလှ က သူ့ လက်မောင်း ကို အသာ ကျိတ် လိမ် လိုက်တော့မှ အဟီ ဟု မအောင့်နိုင် မနည်း နိုင်ဘဲ တစ်ချက် ကျေနပ်စွာ ရယ်သံ ပြုရင်း မိန်းမတွေ ကြား မှ တိုးထွက် သွားပါတော့၏ ။
“ ကောင်းတယ် ။ ဒါမှ တို့ မိန်းမသားချင်း လွတ်လွတ်လပ်လပ် ကဲ ပြော ၊ နောက်ဆုံး ရာသီ ”
သည်တော့ မှ မိန်းမတွေ ၏ ကိစ္စ ကို မိန်းမတွေ ပွင့်ပွင့် လင်း လင်း ဆွေးနွေးနိုင်ကြပါတော့၏ ။
သို့တိုင် ခင်မောင်သန်း တစ်ယောက် မလှမ်း မကမ်းရှိ ခုံတန်းလျားကလေး ပေါ် တွင် ကုပ်ကုပ်ကလေး ထိုင်ရင်း သူ့ မိန်းမ ရှိ ရာသို့ လည် တဆန့်ဆန့် ။
သူ့ မိန်းမ ကို လှမ်း လှမ်းကြည့်နေရာ က သူ့ မိန်းမ တစ်ဝိုက် တွင် အုံကျပ်ပြွတ်ခဲနေသည့် ဗိုက်ကြီးတွေ တငေါငေါ နှင့် မိန်းမ ကြီးငယ်များ ကို သတိပြုမိ လာ လေရာ ခင်မောင်သန်း မှာ အံ့သြ ခြင်း ကြီးစွာ ဖြစ်မိတော့သည် ။
“ အလိုလေးဗျာ ၊ များလိုက်တဲ့ ဗိုက်ကြီးသည်တွေ ပါလား ”
ထိုကဲ့သို့ပင် စိတ် ထဲ မှ ကျိတ်၍ သြချ မိလေသည် ။
သူ့ တစ်သက် တွင် သည်မျှ များပြားသော ဗိုက်ကြီးသည် များကို တစ်ကြိမ်တစ်ခါ မျှ အစုလိုက် အပြုံလိုက် မကြုံကြိုက် ခဲ့ရဖူးပေ ။ အချို့ မိန်းကလေးများ မှာ အရွယ် မှ ရောက်ပါလေစ ဟု ပင် ထင် ရလောက်အောင် ငယ်ရွယ် လွန်းလှသည် ။ သို့ရာ တွင် ဗိုက်ကလေးတွေ က စူ လို့ ။ တစ်ချို့ကျတော့ ခင်မောင်သန်း ၏ အမေ အရွယ်များ ။ သူတို့ ကလည်း ငွားငွား စွင့်စွင့် ပူလို့ ။ များသောအားဖြင့် ဗိုက် က တစ်ဗိုက် ၊ ရင်ခွင် မှာ ပိုက်လျက် တစ်ယောက် ၊ လမ်း တတောက်တောက် လျှောက် ကာ မအေ့ လက်ဆွဲ လိုက်လာသူ က နှစ်ယောက် စသည်ဖြင့် သားသမီး သုံးလေးယောက် ၏ မိခင် တို့ က များသည် ။
သူ့ လို ဇနီးသည် ကို အရေးတယူ အလေးမူပြီး ချစ်ကြင်နာ စွာ ကိုယ်တိုင်ကိုယ်ကြပ် လိုက်ပို့သူ ကတော့ မရှိသလောက် ရှား သည် ။ ဒါကို ခင်မောင်သန်း သတိ ပြုလိုက်မိတော့ မှ မအေးလှ သူ့ ကို အပြင်သို့ ပ ထုတ်လိုက်သည့် အကြောင်းရင်း ကို သဘော ပေါက်ပါတော့၏ ။
“ အလိုဗျာ ၊ ဒါ ရှက်စရာမှမဟုတ်ပါဘဲ ၊ ကိုယ့် တာဝန် ကိုယ် ယူတာပဲ အဆန်းလုပ်လို့ ”
နည်းနည်း ရှက်သလိုလို ဖြစ်လာသည့် သူ့ ကိုယ် သူ အားပေး လိုက်၏ ။
ထို အတွေး နှင့် အတူ မအေးလှ ဆီ လှမ်း ကြည့်လိုက်ပြန်ရာ မအေးလှ သူ့ ဆီ မျက်လုံး ရောက်နေခိုက်နှင့် ကြုံကြိုက်သွား၏ ။
“ ဘာများလဲ မသိဘူး ၊ ဘာ လိုချင်လို့ ပါလိမ့် ၊ အေးလှ က လည်လည်ဝယ်ဝယ် ရှိတာ မဟုတ်ဘူး ၊ပြောတတ်ဆိုတတ်လဲ ရှိတာ မဟုတ်ဘူး ၊ သူ့ အနား သွား လိုက်ဦးမှ ထင်တယ် ”
သူ့ မိန်းမ ထံ အာရုံ ရောက်သွားသဖြင့် နေရာ မှ ဖင်တကြွကြွ ဖြစ်နေဆဲ သူ့ နံဘေး သို့ လူ တစ်ယောက် ကပ် ထိုင်လာသည် ။ ဟူးခနဲ သက်ပြင်း ချ သံ ။ ပင်ပန်းနွမ်းနယ်သော ပုံစံ တို့ ကြောင့် ထို လူ့ ကို ခင်မောင်သန်း ချက်ချင်း သတိထားမိသွား၏ ။
“ ခင်ဗျားရော မီးနေ လာစောင့်တာပဲလား ”
မျက်ကွင်း ညိုညို ၊ မျက်လုံး နီနီ ဖြင့် ထို လူ က ကောက်ကာ ငင်ကာ မေး လိုက်၏ ။ သူ့ အသံသည် အားလျော့ ဖျော့တော့ နေသည် ။
ခင်မောင်သန်း ခေါင်းခါ ပြလိုက်ပြီး -
“ ဗိုက် လာအပ်တာ ဗျ ။ သားဦး ”
သူ့ အသံ ကတော့ အားပြည့် တက်ကြွ နေလိမ့်မည် ဟု သူ ယုံကြည်ပြီးသား ပင် ။
“ အေးဗျာ ၊ မိန်းမများ သနားစရာ ၊ ဂရုစိုက်ပါဗျာ ။ ကျုပ် မိန်းမ ဗိုက်နာနေတာ မနေ့ နေ့လယ် ကတည်း က ခုထိ မမွေး သေးဘူး ၊ ကျုပ် လဲ တစ်ညလုံး လာ စောင့်နေတာ ၊ မနက်ကတော့ ခွဲစိတ်မွေးဖို့ သဘော တူကြောင်း လက်မှတ် လာ ထိုးခိုင်း လို့ ထိုး ပေးလိုက်ရတယ် ၊ မြန်မြန် မွေးပါ လို့ ဆုတောင်း နေရတယ် ဗျာ ၊ အိမ်မှာ ကလေး သုံးယေက် ဒီအတိုင်း ထား ခဲ့ရတာ ၊ အကြီးဆုံး သမီး က ဆယ်နှစ် ရှိသေးတာ ”
ထို လူ့ အသံ က ခင်မောင်သန်း ကို တုန်လှုပ် သွားစေ၏ ။ သူ့ မိန်းမ ကော သည်လို ဒုက္ခမျိုး ကြုံ နေရဦးမှာလား ။ စာရွက်ဖြူ ကလေး တစ်ခု ကိုင်ကာ ဟိုအခန်း သွား ၊ သည် အခန်းသွား လုပ်နေ သည့် မအေးလှ ဆီ ပြန် အာရုံ ရောက်သွား၏ ။ ဘာတွေများ လုပ်နေ ရတာပါလိမ့် ။
“ သမီးအကြီး က ထမင်းကလေး ဘာကလေး ချက်တတ်နေလို့ တော်သေးတာ ပေါ့ ဗျာ ၊ ဒါနဲ့ ခုနက ဥက္ကလာထမင်းဆိုင် ကနေ ဟင်းတစ်ခွက် ဝယ်ပြီး ကမန်းကတန်း သွားပို့ ပေးလိုက်ရတယ် ။ အထဲက မိန်းမ ကတော့ မနေ့ ညနေစာ စားပြီးကတည်း က ဘာမှ မမှာတော့ဘူးဗျို့ ၊ အတော် ဒုက္ခရောက်နေ ရှာဟန် တူတယ် ”
ပြောရင်းဆိုရင်း အတွင်း မှ သူ့ မိန်းမ ၏ ဝေဒနာ သူ့ ဆီ သို့ ကူးစက် လာဘိသကဲ့သို့ မျက်နှာကြီး ရှုံ့ နေသည် ။
“ ကျုပ်တို့ ကို က မှား သွားတာဗျ ၊ တကယ်ဆို မိန်းမ က သိပ် အားကောင်းတော့တာ မဟုတ်ဘူး ၊ဒီ ကလေး အရင် တစ်ယောက်လဲ ပျက်ကျဖူးပြီးပြီ ၊ ဒီကလေး ကို ကျုပ်တို့ မယူသင့်ဘူးဗျ ။ အင်း ကျုပ် အပြစ် ပါပဲဗျာ ”
မျက်နှာကြီး အောက် ချကာ သူ့ ကိုယ် သူ အပြစ် တင် လိုက်ပုံကြောင့် ခင်မောင်သန်း ရယ်ချင်သလိုလို ရုတ်တရက် ထူပူ ရှိန်းဖိန်း၍ မျက်နှာ တွင် သွေး တက်လာသလို ခံစားမိလိုက်၏ ။ အဘယ် ယောက်ျား သည် ဤကဲ့သို့သော အဖြစ် ကို “ ကျုပ် အပြစ် ပါပဲ ” ဟု ခပ်ရဲရဲ ဝန်ခံပါလိမ့်မည်နည်း ။ အလွန် ခွကျသော အဖြစ်ပါကလား ။
“ ခင်ဗျား ဘာ လုပ်သလဲ ”
ခင်မောင်သန်း ကို စေ့စေ့ကြည့်လျက် ထို လူ က ရုတ်တရက် မေး လိုက်၏ ။ ခင်မောင်သန်း ကြောင် နေသဖြင့် -
“ ဘယ်မှာ အလုပ် လုပ်သလဲလို့ မေးတာပါ ”
“ ကျွန်တော် လား ၊ ဆိုက်ကားနင်း တယ် ”
“ အင်း သိပ်တော့ မထူးပါဘူး ၊ ကျုပ် က ဟီးနိုးကား မောင်းတယ် ”
သူ့ အကြည့် ကို ပြန် ရုပ်သိမ်းလိုက်ရင်း -
“ တကယ်တော့ ကျုပ်တို့ ခင်ဗျားတို့ အနေ နဲ့ သားသမီး နှစ်ယောက် သုံးယောက် အပြင် ပို မမွေး သင့်ဘူး ဗျ ၊ ဒါ ညီ လို အစ်ကို လို ခင်လို့ ပြော တာနော် ။ ပိုက်ဆံ ရှိတဲ့ လူတွေ ၊ ကလေး တွေ ကို ကောင်းကောင်း ပြုစုနိုင်တဲ့ လူတွေ ၊ အဲသလို လူတွေ က မှ ကလေးတွေ အများကြီး မွေး သင့်တာ ၊ ခုတော့ ပြောင်းပြန် ဗျာ ၊ ကျုပ်တို့ လို လူတွေ ရဲ့ အိမ်တွေ ကို လိုက်ကြည့် ကလေး များတာ ချည်း ပဲ ၊ ပိုက်ဆံ ရှိတဲ့ ၊ ရာထူးကြီးတဲ့ လူတွေ အိမ် ကို လိုက်ကြည့် နှစ်ယောက် သုံးယောက် အပြင် ပို မရှိဘူး ၊ ဖြစ်နေတာက အဲသလို ”
ထို လူ ပါးစပ် တဟဟ ဖြင့် စကား ဆက်မည် ကြံနေဆဲ မီးနေ လူနားများ ထားရာ သံတံခါးဝ တွင် ထဘီနီဝတ် ဆရာမ တစ်ဦး ပေါ်လာ ကာ -
“ ကိုစန်းမောင် ရှိသလား ၊ ကိုစန်းမောင် ”
ထိုလူ ကသုတ်ကယက် ထ သွားသည် ။
“ မိန်းကလေး မွေးတယ် ၊ နေကောင်းတယ် ၊ ထဘီ သုံးထည် လာ ပို့ပါ ”
ထို အသံ သည် ခင်မောင်သန်း ထိုင်နေရာ သို့ ဝှေ့ ထွက်လာ၏ ။ ကိုစန်းမောင် ဆိုသူ က သူ့ ကို အဝေး မှ ပင် လက်ဝါး ထောင် ပြပြီး သုတ်သုတ်သုတ်သုတ်ဖြင့် ထွက် သွားလေ၏ ။
ကိုစန်းမောင် ကဲ့သို့ပင် ခင်မောင်သန်း သည် စိတ်လက်ပေါ့ ပါးသွား၏ ။
ရုတ်တရက် ပေါ်ပေါက်လာသော စိတ်စေတနာ ဖြင့် ထူးခြား သော ဆုတစ်ခု ကို သူ တောင်း လိုက်မိ၏ ။
“ ဗိုက်ကြီးသည်တွေ အားလုံး ချောချောမောမော လွယ် လွယ်ကူကူ မွေး နိုင်ပါစေဗျာ ”
သူ့ ဆုတောင်းသံ အဆုံး နှင့် မအေးလှ သူ့ ကို လက်ယပ် အခေါ် တစ်ချိန်တည်း ကျသွား၏ ။
“ ဘာတဲ့တုံး အေးလှ ၊ ဘာတဲ့တုံး ”
“ အို ဘာတဲ့ရမှာတုံး ၊ ဒီမှာ အလှူငွေ ထည့် ချင်လို့ ပိုက်ဆံ တစ်ကျပ် လောက် တောင်း မလို့ပါ ”
“ ပါတယ် ၊ ပါတယ် ”
မအေးလှ က ကျပ်တန် တစ်ရွက် ဆွဲ ယူပြီး ဗိုက်ကြီးသည်တွေ အုပ်ထဲ ပြန် ဝင်သွားတော့ သူ့ မှာ မိန်းမတွေ ကြား ထဲ ထီးထီး မားမားကြီး ကျန်ရစ် ရပြန်၏ ။ သည်မှာ ပဲ ရပ်စောင့်နေရမည်လား ။ စောစောက နေရာ မှာပဲ ပြန်သွား ထိုင်နေရမည်လား ဆုံးဖြတ် မရ ဖြစ်နေဆဲ -
“ ဟဲ့ ဒါ ရှက်စရာ ကိစ္စ မဟုတ်ဘူး ၊ လင် ယူ ရင် သား မွေး မှာပဲ ။ ကိုယ့် လင် နဲ့ ကိုယ် ဗိုက်ကြီးတာ ဘယ်သူ့ လင် မှ ခိုးပြီး ဗိုက်ကြီးတာ မဟုတ်ဘူး ၊ လာစမ်း ”
အလွန်တရာ မှ ကျယ်လောင်စူးရှလှသော အသံ ။ ပတ်ဝန်း ကျင် တစ်ခုလုံး ကို လျှံ ထွက်သွားသည်သာမက စီစီညံ့ ၍ ပင် သွားစေပါ၏ ။ ဘယ့်နှယ်ပါလိမ့် ။
ခင်မောင်သန်း တို့ အားလုံး အသံ လာရာ သို့ တိုင်ပင် မထားပါဘဲလျက် နှင့် ချာကနဲ ကြည့်လိုက်မိကြ၏ ။
တွန့်လိမ်ကောက်ကွေး နေသော ဆံပင် တို တစ်ထွာ လောက် နှင့် နွမ်းကြေ စုတ်ပြတ်နေသော အဝတ်အစားများ နှင့် မိန်းမကြီး တစ်ယောက် ။ ပြောရင်း ဆိုရင်း ၊ အော်ရင်း ငေါက်ရင်း ဆိုက်ကား ပေါ် မှ သူ ဆွဲခေါ် နေသူ မှာ အသက် နှစ်ဆယ်ခန့် ကောင်မလေး တစ်ယောက် ။ ကောင်မလေး က မူ အဝတ်အစား များ က ဟောင်းနေသော်လည်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ထား သည် ။ မျက်နှာကလည်း ဣန္ဒြေလေး နှင့် ။ သို့သော် သူ စိတ် ရှုပ်ထွေးနေပုံကို ဖုံးကွယ် မထားနိုင်ပေ ။
“ ကြည့်စမ်း လူတွေ တောင် အများကြီး ရောက် နေပြီ ၊ ညည်း ကို အမေ ဒါကြောင့် ပြောတာ ၊ စောစော သွားကြရအောင်လို့ ၊ လင်တော်မောင် ကို ထမင်းဘူး ထည့် ပေးရ ၊ ပြုစုရ နဲ့ နောက်ကျ သွားပြီ ၊ လာ လာ မြန်မြန် ”
ကောင်မလေး မှာ ဆိုက်ကားခ ကို ပင် ဖြောင့်ဖြောင့် မပေးရ ။ ဇွတ်တရွတ်ကြီး ခေါ် နေသည် ။
ချက်ချင်း ဆိုသလိုပင် လက်မှတ်သစ် ထုတ်ပေးရာ စားပွဲဆီ သူ တို့ ဦးတည်လျှောက် လာကြ၏ ။
မိန်းမကြီး က ကောင်မကလေး လက်မောင်း ကို ခပ်တင်းတင်း ဆုပ် ကိုင်ကာ ရောက်နှင့် သူများ ကြား မှ ခပ်ကြမ်းကြမ်း တိုး ဝင်လိုက်၏ ။
“ ကဲ ဆရာမ ရေ ၊ ကျုပ် တော့ မြေး ချီရတော့မယ်တော့ ၊ ဒီမှာလေ ၊ ဆရာမ ညီမ က ရှက်လို့တဲ့ ၊ ဇွတ် ခေါ်ခဲ့ရတာ ၊ စမ်းသပ် ကြည့်ပြီး အားဆေးလေး ဘာလေးလဲ ပေး ပါဦး ”
တစ်လောကလုံး ဘယ်သူ့မှ မမြင်သလို သူ ပြော လိုရာ အားပါးတရ ပြော ချလိုက်၏ ။ ဆရာမ က သူ့ ကို မော့ ကြည့်လိုက်ပြီး ပြုံး သွားကာ -
“ ဒေါ်ချစ်စုကြီး လာပြန်ပြီလား ၊ ဒီတစ်ခါတော့ သေချာ လို့လား ”
“ အောင်မယ်လေး ၊ သေချာလိုက်တာ မှ သိပ်သေချာ ပေါ့ ၊ ကလေး ရှစ်ယောက် မွေးလာတဲ့ ကောင်မကြီး ပါ ၊ ဟဲ့ ပြောလိုက်လေသမီး ၊ ညည်းတို့ နော် ဟင်း လင် ယူဖိုပဲ နားလည် တယ် ၊ ဒီပြင်ဟာ တော့ ”
“ ကဲပါ ဒေါ်ချစ်စုကြီး ကလဲ ကျွန်မတို့ မေးမယ် ၊ ဟို တန်းလျား မှာ သွား ထိုင် နေနော် ခဏ ”
“ ဒီကောင်မ က ဘာမှ နားလည်တာ မဟုတ်ဘူး ဆရာမ ရဲ့ ။ အခုတောင် ကျုပ် က သူ့ အရိပ်အကဲ ကြည့်ပြီး မသင်္ကာ လို့ ခေါ် လာရတာ ၊ မေးစရာရှိ ကျုပ် ကို မေး ”
“ ကဲ ဟေ့ ဘယ်လို လုပ်မလဲ ဒီ ပြဿနာ ”
ဆရာမကလေး သူ့ နောက် မှ အကူ ဆရာမကလေး ကို လှည့် မေးလိုက်၏ ။ ပြီး တစ်ဆက်တည်း “ ဒုက္ခပါပဲ ၊ ဒီကနေ့ ဗိုက်အပ် တဲ့ လူနာတွေ များပါတယ် ဆိုမှ ဒီ မိန်းမကြီး က တစ်လုပ် ၊ ညည်း အမေ ပြောတာ ဟုတ်ရဲ့လား ညီမ ရေ ၊ သူ့ ခမျာ လ တိုင်း မြေး ရူး ရူးရတာ မောလို့ ” ဟု ကောင်မကလေးကို မော့ မေး လိုက် ပြန်၏ ။
“ မနက်က အမေ က မေးလို့ ကျွန်မ ရက် ကျော်လာတာ သုံး လေးရက် ရှိပြီ လို့ ပြောလိုက်မိတယ် ဆရာမ ရယ် ၊ အဲဒီကတည်း က ဆေးရုံ ကို အတင်း ခေါ် တာပါပဲ ”
ကောင်မကလေး က ခပ်တိုးတိုး ဖြေသည် ။
“ အင်း အဲဒါမှ ဒုက္ခ ၊ ရက်ပိုင်းလောက်ကလေး နဲ့ ဘယ်လို လုပ် စမ်းလို့ ရမလဲ ၊ ဒီတိုင်း ပြန်လွှတ်လိုက်လို့ က လဲ ဒေါ်ချစ်စု က ရမှာ မဟုတ်ဘူး ၊ ကဲ ခင်မြမြ ရေ ၊ ဟိုဘက်ခန်း ထဲ ခေါ်သွား ၊ ကျေနပ်အောင် ကြည့် လုပ် ပေးလိုက်ကွာ ”
စားပွဲ ထိုင် ရသည့် ဆရာမကလေး က သူ့ အကူ ဆရာမလေး ကို မျက်စိ မှိတ်ပြ မျက်စ ပစ်ပြ နှင့် သင်္ကေတ ပေါင်းစုံစွက်ကာ ထို သားအမိ နှစ်ယောက် ပြဿနာ ကို ရှင်းပေးလိုက်သည် ။
“ တွေ့ လား ၊ ငါ လာပို့ မိ ပေလို့ ၊ ဗိုက်ကြီး လို့ ကြီးမှန်း မသိ ။ အံ့ပါ့တော် ဘာကို မှ သိတတ်တာ မဟုတ်ဘူး ၊ အရူးမ ”
“ အံမာ သူ က များ ပြောရတယ် လို့ ရှိသေး ”
ကျန်ရစ်သူ ဆရာမကလေး က ရယ်သံတစ်ဝက် ဖြင့် မှတ်ချက် ချ လိုက်၏ ။ မိန်းမကြီး ကတော့ အာဘောင်အာရင်း သန်သန် ဖြင့် ပွက်လောရိုက်အောင် ပြောရင်း သူ့ သမီး ကို လက်ဆွဲကာ ဖျတ်ကယ်လတ်ကယ် လိုက်ပါသွားလေ ပြီ ။
ထိုအခိုက် မှာ ပင် ဗိုက်ကြီးသည် အုပ်စု ထဲ မှ ဆူဆူညံညံ အသံ များ ကို ကြား လိုက်ရ၏ ။ လူတွေ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန် ကြ၏ ။
“ ဗိုက်နာ လို့တဲ့ ဟေ့ ၊ မြန်မြန်ဟေ့ မြန်မြန် ”
“ ရေမြွာတောင် ပေါက်နေပြီ ၊ မွေးခန်း ထဲ ကို ဒါရိုက် ဟေ့ ”
အတွေ့အကြုံ များလှပြီ ဖြစ်သည့် ဆရာမကလေးများ သည် သွက်လက်ကျွမ်းကျင်စွာ ဖြင့် ။
တစ်သက်တွင် သည်တစ်ခါ သာ ဗိုက် ကြီးသည် ၏ လင် ယောက်ျား ဖြစ်ဖူးသေးသော ခင်မောင်သန်း ကမူ အလွန် စိတ်လှုပ်ရှားနေမိပါလေသည် ။
◾ကြူကြူသင်း
📖 သဘင်မဂ္ဂဇင်း
၁၉၈၅ ခု ၊ မတ်
aung naing oo
6 aug 2022
.
No comments:
Post a Comment