❝ မာန ကို ကြီးနိုင်သမျှ ကြီးပစ်လိုက်စမ်းပါ ❞
“ ဆရာ ခေါင်းစဉ် ကြီးလှချည်လား ၊ ကြည့် လုပ်ပါဦး ”
ကျွန်တော် ဆောင်းပါး ရေး သည် ကို ငုံ့ကြည့်ပြီး နောက် ကျွန်တော် ၏ မိတ်ဆွေကြီး ဦးနားဝေး သည် မျက်လုံး ပြူး၍ ကြည့်လေ၏ ။
“ ဒီမှာ ဦးနားဝေး ရင် လောက် မှန်း မှ ဒူး လောက် ကျတယ် ၊ အဲဒီလောက်ကြီး တင် ထားတာတောင် အမှန်က နည်း သေးတာ ဗျာ ”
“ ဟာ ... ဆရာကလည်း ”
“ ဆရာကလည်း မလုပ်နဲ့ ၊ လူ ဆိုတာ ယောကျာ်း ပဲ ဖြစ်ဖြစ် ၊ မိန်းမ ပဲ ဖြစ်ဖြစ် လူ့မာန ရှိရမယ်ဗျာ့ ၊ မာန ကို တံခွန် ထူရမယ်ဗျာ့ ၊ လောကကြီး မှာ မာန မိုးထိုး နေတဲ့ သူတွေ ဟာ ထိပ် ရောက် နေတာဗျာ့ ၊ မယုံမရှိ နဲ့ ”
“ ဘီးလ်ဂိတ် ၊ ဘီလ်ကလင်တန် ၊ လီကွမ်ယူ စတဲ့စီးပွားရေး ထိပ်သီး ၊ နိုင်ငံရေး ထိပ်သီးတွေ ဟာ အမှန်တော့ သူ လို ငါ လို တွေချည်းပဲ ဗျာ့ ၊ ဘယ်သူ မှ ခေါင်းတစ်လုံး ပို ပါ လာတာ မဟုတ်ဘူး ၊ ဒါပေမယ့် ဒီ လူတွေ က သူများ ထက် ထူးခြားတယ်ဗျာ ၊ တခြားမဟုတ်ဘူး ၊ မာန ပဲ ၊ လူ့ မာန ပဲဗျာ ၊ မဖြစ် ဖြစ်အောင် လုပ် မဟ ဆိုတဲ့ မာန ပဲဗျာ ”
“ လူ့ မာန ”
“ ဟုတ်တယ် ဦးနားဝေး ၊ လူ့ မာန ပေါ့ဗျာ ၊ မင်း က ဘာကောင် မို့လို့လဲ ၊ ဘာသား နဲ့ ထုထားတာ မို့လို့လဲ ၊ မင်း တတ်သလို ငါ တတ်ရမယ် ၊ မင်း သိသလို ငါ သိရမယ် ၊ မင်း ချမ်းသာသလို ငါ ချမ်းသာရမယ် ၊ မင်း ကို မှီအောင် လိုက်မယ် ၊ မင်း ကို ဖြတ်ကျော်ပစ်မယ် ၊ မင်း ရှေ့က ငါ ရောက်အောင် သွားမယ် ဆိုတဲ့ မာနမျိုး ဗျာ ”
“ ဟာ ... ကြောက်စရာပါလား ”
“ မှန်တာပေါ့ဗျာ ၊ ကြောက်စရာ ကောင်းလောက်အောင် မာန ထား ၊ ကြောက်စရာ ကောင်းလောက်အောင် ကြိုးစားကြလို့လဲ ထိပ် ရောက် သွားကြတာပေါ့ဗျာ ၊ ဦးနားဝေး ရေ ကျွန်တော် ဆို အို သေခါ နီးပြီ ဗျာ ၊ ခုချိန်ထိ မာန ကို မလျော့ရဲသေးဘူး ၊ အကယ်၍ ကျွန်တော် က မာန ကို လျော့ လိုက်မယ် ၊ လေ ပျော့သွားပြီ ဆိုရင် ကျွန်တော့် သားသမီး ၊ ကျွန်တော့် တပည့် အလုပ်သမားတွေ စိတ်အား သတ္တိ ပျော့ညံ့ သွားပြီး ကျွန်တော့် လုပ်ငန်းတွေ သံပတ် လျော့ ကုန် မှာပေါ့ဗျာ ၊ ခေါင်းဆောင် ဆိုတာ သေသည် ထိ မာန ကို မချရ ဘူးဗျာ ”
“ ကျွန်တော့် မိတ်ဆွေ မောင်ညိုကြီး ဟာ အတန်း ပညာ လေးတန်းတောင် မအောင်ဘူး ဗျာ့ ၊ ဘုန်းတော်ကြီး ကျောင်း ထွက် လောကနီတိ ပရိတ်ကြီး လောက် ပဲ ရောက်တယ် ၊ မိဘတွေ က သူ ငယ်ငယ်လေး တည်း က ဆုံးပါးသွားလို့ မုဆိုးမဒွေးတော် က မွေးစား ထားရတယ် ၊ အရမ်း ဆင်းရဲ ဗျာ ၊ ငါးပိဖုတ် နဲ့ ထမင်း တစ်နပ် ပြီးရ ၊ ထန်းလျက်ခဲ နဲ့ ထမင်း တစ်နပ် ပြီးရ ၊ အဲဒီလို ဘဝ မျိုး ဗျာ ၊ ဒါပေမယ့် အဲဒီ မောင်ညိုကြီး ဟာ အခု ရန်ကုန် မှာ စားသောက်ဆိုင်ကြီး နဲ့ တိုက် နဲ့ ကား နဲ့ သူဌေးကြီး ဖြစ်နေပြီဗျာ ၊ အောင်လံ အရှေ့ဘက် ဆတ်ဆူဝရွာ က တောသားလေး ညိုကြီး မဟုတ်တော့ဘူး ဗျာ ၊ ရန်ကုန် သူဌေး ဦးညိုကြီး ဖြစ်သွားပြီ ”
“ ငါ့ ကို မတင်ပေး လိုက်တာ မာန ပေါ့ ကွာ ”
စကား စပ် မိတဲ့ အခါ သူ ပြော လေ့ ရှိတဲ့ စကား ခင်ဗျာ့ ။ သူ က မုဆိုးမ မွေးစား မိခင်ကြီး နဲ့ အတူ နေရတယ် ။ ခိုင်းနွား က တစ်ကောင် ပဲ ရှိတော့ တစ်ကောင် ထပ် ငှားရတယ် ။ လှည်းက မရဘူး ။ လှည်း က မရှိတော့ သူ့ အစ်ကို တစ်ဝမ်းကွဲ မောင်ဘိုးကြမ်း ဆီ မှာ လှည်းကို ငှား သုံးရတယ် ။ တစ်ခါတော့ မောင်ဘိုးကြမ်း က “ ဟေ့... ညိုကြီး ၊ မင်း ယောက်ျား မဟုတ်ဘူးလား ၊ ယောက်ျား စိတ် မွေးစမ်းပါကွာ ၊ ငါ့ လှည်း ကို လာ မငှားရအောင် ၊ ကိုယ်ပိုင် လှည်း ရအောင် လုပ်ပေါ့ ကွ ” လို့ ဆိုသတဲ့ ။ သည်မှာတင် မောင်ညိုကြီး က စိတ် အချဉ် ပေါက်ပြီး “ ဘိုးကြမ်း ရာ မင်း က ငါ့ ကို အထင် သေး လိုက်တာကွာ ၊ တစ်နေ့ မင်း လှည်း ထက် မက ကား ဝယ် စီးနိုင်အောင် လုပ် ပြမယ်ကွ ” လို့ စိတ် ထဲ က ကြုံးဝါးလိုက်သတဲ့ ။
အဲသည်လို နဲ့ မခံချင် စိတ် နဲ့ ကြိုးစားလာလိုက်တာ နွား တစ်ကောင် က နှစ်ကောင် ဖြစ် ၊ တစ်ရှဉ်း က နှစ်ရှဉ်း ဖြစ် ၊ လူငှားတွေ နဲ့ လယ်ယာ လုပ် ၊ လှည်းမကြီး တစ်စီး ၊ ရေစည်လှည်း ( ရေစည် တိုက်တဲ့ လှည်း ) တစ်စီး ၊ လှည်းယဉ်ကြော့ တစ်စီး ဖြစ်လာရော ။ မခံချင် စိတ် က တွန်း တင် ပေးလိုက်တာ ။ အဲသည် အချိန် မှာ မောင်ဘိုးကြမ်း မှာတော့ လှည်း တစ်စီး ပဲ ထပ် တက်မလာဘူး ။ မောင်ညိုကြီး က သူ့ ကို မှီအောင် လိုက်တယ် ၊ သူ က ဖြတ်ကျော် တက်သွားပြီး မောင်ဘိုးကြမ်း ငေးကြည့်နေရပြီ ။ သည်မှာတင် မရပ်ဘူးဗျာ့ ။ တောရွာ မှာ ဆိုတော့ သည်လောက်ပဲချမ်းသာနိုင်မယ် ၊ တောသူဌေး ပဲ ဖြစ်မယ် ၊ မြို့ပေါ် တက်မှပဲ ဆိုပြီး တောရွာ က နေ အောင်လံမြို့ကို ရွေ့ခဲ့တယ် ။ မိခင်အိုကြီး ကို လည်း ခေါ်ခဲ့တယ် ။
အဲသည်ကနေ မိတ်ဆွေ တစ်ယောက် က အလည် ခေါ်သွားလို့ ရန်ကုန် ရောက်သွားတယ် ။ တောသား မြို့ရောက် မျောက်ဖြစ် ၊ တောင်ကြည့် မြောက်ကြည့် ၊ ရန်ကုန် က သူဌေးတွေ ကား စီးတာ မြင်တော့ ငါ လည်း သူတို့ လို ဖြစ်အောင် လုပ်မကွ ဆိုပြီး အောင်လံ ကနေ ရန်ကုန် ရွေ့ ၊ ရန်ကုန် မှာ အခြေစိုက် ၊ ဟော ... အခုတော့ ရန်ကုန် မှာ တူတူတန်တန် ဖြစ်နေပြီ ။
“ တကယ် ပြော တာလား ဦးချမ်းသာ ”
“ ဦးနားဝေး ရယ် မဟုတ်တာကို ဘယ်တုန်းကများ ကျွန်တော် ပြော ဖူးလို့လဲ ၊ ကျွန်တော် က တကယ် သိမှ ၊ တကယ် မြင်မှ ၊ ပြော တာ ကျွန်တော် ကိုယ်တိုင် တကယ် လုပ်ကြည့်ပြီး တကယ် ဖြစ်လာ မှ ပြော တာဗျာ ”
“ ဦးနားဝေး လူ့ အောက် မကျို့ရဘူးဗျ ၊ လူ့ အောက် ကျို့တော့ လူ ပိ တာပေါ့ ၊ လူ့ ပခုံး ပေါ် ကျော် တက်နိုင်အောင် လုပ်ရမယ် ၊ မိမိ ကြီးပွားရေး အတွက် လူ့ အောက် မကျို့တဲ့ မာန ရှိရမယ် ၊ မခံချင် စိတ် ရှိရမယ် ”
“ လောကကြီး ဟာ မခံချင်စိတ် ရှိသူများ မာန ကြီးသူများ အတွက် သာ ဖြစ်တယ် ”
“ အင်း ... အပြင် .... အဲ မရဘူး ဆိုတဲ့ ဝေလေလေများ အတွက် နေရာ မရှိဘူး ဗျာ ”
ဝေလေလေသမား ဝေးရာ ရှားလော့ ။ မာနသမားများ ထိပ်တန်း တက်လတ္တံ့ ။
( လက်တွေ့ လုပ်ပြီး မှ ဒီ စာ ကို ရေးတာပါ )
◾ မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment