Saturday, August 27, 2022

ပျားရည် ခါးခါး


 

❝ ပျားရည် ခါးခါး ❞

( ၁ )

တစ်ချက် တစ်ချက် လေ က ဝှီးခနဲ တိုက်ခတ်သွားသည် ။ ကံ့ကော်ရွက်ခြောက် တချို့ လေထဲ ဝေ့ဝဲပြီး မြေပေါ် တဖြုတ်ဖြုတ် ခုန်ဆင်း ကုန်သည် ။

မြင်ကွင်း က ခြောက်သွေ့ နေ သလိုပါပဲ ။ ရင်ထဲ မှာ လည်း ဟာ တာတာ နဲ့ ။ ဆိုတော့ ညိုမီ ရဲ့ ခြေအစုံ က မသွားလိုတော့သည် မို့ အလိုလို တုံ့ခနဲ ရပ်သည် ။

သည်မှာ အေးမာ က တအံ့တဩ နဲ့ ညို မီ ကို လှမ်းကြည့်ရင်း ။

“ ဘယ်လို ဖြစ်တာလဲ ညိုမီ ...  ဘာဖြစ်လို့လဲ ” 

သက်ပြင်း တစ်ခု ကို လေးပင်စွာ ချ ရင်း ... 

“ ဘာမှ မဖြစ်ပါဘူးဟာ လာသွားစို့ ” 

“ ဟင် နင့် ဟာကလည်း ”

အေးမာ က နားမလည်နိုင်စွာ ။ အင်းယားကန်စပ် က ဘူးသီး ကြော်ဆိုင် မှာ ထိုင် ဖြစ်သည် ။ ဝန်းကျင်မှာ က တူစုံမောင်နှံ စုံတွဲ လေးတွေ ကိုယ်စီ ။ ညိုမီ ခမျာ အားကျလွန်းစွာ အတွဲတွေ ကို ငေး နေမိသည် ။

သည်မှာ အေးမာ က ... 

“ ဟိတ် ညိုမီ ဘာလဲ အားကျနေပြီလား ” 

ညိုမီ က ရှက်ပြုံးလေး နဲ့ ခေါင်း ညိတ်သည် ။

“ အေးဟာ ဘာလိုလို နဲ့ တို့တွေ နောက်ဆုံးနှစ် တောင် ရောက် လာပြီ ခုထိ တို့ ကို ကြိုက်မယ့်သူ မပေါ်သေးဘူး ဟီဟိ ”

အေးမာ က ပြောရင်း မလုံမလဲ နဲ့ ဘေးဘီ ကို ကြည့်ကာ သူ့ ကို သူ သဘော ကျနေမိသည် ။

“ အဲဒါကြောင့် ဒီ နေရာတွေ ကို ငါ မလာချင်တာပေါ့ ၊ ဟိုမှာ ကြည့်စမ်း သူများ သားသမီးတွေများ ဘယ်လောက် ကံ ကောင်းလိုက်သလဲ ” 

ညိုမီ က ကန်စပ် ပေါ် မှ နှစ်ကိုယ့်တစ်စိတ် စုံတွဲတစ်တွဲ ကို  မနာလိုတိုရှည် လှမ်းကြည့်ရင်း မကျေမနပ် ပြောနေမိသည် ။

“ အေးဟယ် တို့တွေ က ရုပ်တွေ က မလှရတဲ့ ကြား ထဲ အသား က လည်း မည်း လိုက်သေးတယ် ။ ဒီ တစ်သက် တော့ တို့ အတွက် ချစ်သူ ဆိုတာ ကော ရှိပါဦးမလား မသိဘူး နော် ”

အေးမာ က ပြောရင်း အား ငယ် သွားရှာသည် ။ သည်မှာ ညိုမီ က စိတ်ကို တင်းရင်း ... 

“ အို ဘာပဲ ဖြစ်ဖြစ် ငါ တော့ ဒီ ဘဝ မှာ အသားဖြူဖြူ ရုပ် ချောချော နဲ့ သဘော ကောင်း တဲ့ ယောက်ျား တစ်ယောက် တော့ ရအောင် ယူမယ်ဟာ ” 

ညိုမီ ရင် ထဲ မှာ ယုံကြည်ချက်တွေ ခိုင်မာ နေသည် ။

     •••••   •••••   •••••   •••••

( ၂ )

အဆောင်ရှေ့ ခုံတန်း မှာ ထိုင်ပြီး တစ်နေရာ ကို ငေး နေခဲ့ သည် ။ ဘယ်လောက် ကြာသည် မသိ ။ အနား လူ ရောက်သည် ကို သတိ မထားမိ ။

“ ဟေ့လူ ကိုဝင်း ဘာတွေ ငေး နေတာလဲ ” 

ကိုဝင်း က တစ်ချက် မော့ ကြည့် ပြုံး ပြပြီး ...

“ ဘာမှမဟုတ်ပါဘူးဗျာ အဟီး ” 

ကိုဝင်း မှာ ပြောစရာ တစ်ခု ခု ရှိမှန်း သိလိုက်သည် ။

“ မောင်မောင် လာစမ်းပါဦး ကွာ ၊ မောင်ရင့် ကို တိုင်ပင်စရာလေး ရှိလို့ ” 

အပြင် က ပြန် လာတဲ့ မောင်မောင် က သူ့ အခန်း ထဲ မဝင်နိုင် သေးဘဲ ၊ ကိုဝင်း ဘေး မှာ ဝင် ထိုင်သည် ။

“ ဘာတွေများလဲ ဗျ ပြောစမ်းပါဦး  ”

“ ငါတို့ ဒီနှစ် ပြီးရင် ... ကျောင်း က ပြီးပြီ .. ခုထိ တို့ မှာ တစ်ယောက်မှ မချိတ်မိသေးဘူး ” 

ကိုဝင်း စကား ကြောင့် မောင်မောင် မှာ သဘောကျစွာ ဟား တိုက် ရယ်မော ပစ်လိုက်သည် ။

“ ကိုဝင်း ကလည်း ဗျာ ... ဘာများလဲလို့ ကျောင်း ပြီးသွား လို့ မစွံ တော့လည်း အိမ် ရောက်တော့ အိမ် က ရှာ ပေး မှာပေါ့ ဗျာ ဘာ ပူစရာလိုလို့လဲ ” 

“ မဟုတ်သေးဘူး ကွ ငါ ပြောတာက တို့ ဒီ အတိုင်း နေရတာ က ဘာ အဓိပ္ပာယ် မှ မရှိဘူး ၊ အဲဒီတော့ အတွေ့အကြုံလေး ရအောင် အချိန်တွေ လည်း တန်ဖိုး ရှိအောင် တို့တွေ လည်း စိတ် မလေတော့ဘူးပေါ့ ကွာ နောက်ပြီး ”

ကိုဝင်း စကားကြောင့် မောင်မောင့် စိတ်ထဲ ဇဝေဇဝါ ဖြစ် သွားသည် ။ ကိုဝင်း ဘာတွေ ပြော နေပါလိမ့် ။ သူ သဘော မပေါက် ။

“ နေပါဦး ကိုဝင်း ပြော နေတာ ကျွန်တော် သဘော မပေါက် ဘူး ၊ နို့ နေပါဦး ကိုဝင်း က ခု ဘာ လုပ်ချင်လို့လဲ ”

သည်မှာ ကိုဝင်း ပြုံးဖြီးဖြီး  နဲ့ ဘေးဘီ ကြည့်ပြီး သူ့ နား တိုး ကပ်ကာ သူ့ အစီအစဉ် ကို တိုးတိုးတိတ်တိတ် ရှင်း ပြသည် ။ မောင်မောင့် မျက်နှာ ချက်ချင်း ရှုံ့မဲ့ သွားခဲ့သည် ။

“ ဟာဗျာ ကိုဝင်း ကလဲ မဟုတ်တာ ဗျာ ၊ ကိုဝင်း အဲလို လုပ်တော့ တစ်ဖက် မိန်းကလေး ခမျာ မနစ်နာဘူးလား ၊ တကယ်လို့ အဲဒီ မိန်းကလေး မှာ မဖုံးနိုင်မဖိနိုင် ဖြစ် လာလို့ မလွှဲသာ လို့ ယူ ရ ပြန်ရင်လည်း ကိုဝင်း ဘက် က နစ်နာ ပြန် ရော တကယ်လည်း ချစ်တာ မဟုတ်ဘဲ နဲ့ ”  

ကိုဝင်း ဘာမှ ဆက်မပြောတော့ ။ ထိုင်ရာမှ ထ ကာ လက် ကာပြ သွားသည် ။

     •••••   •••••   •••••   •••••

( ၃ )

မြေပဒေသာ ကျွန်း ထဲ က ကျယ်ဝန်း တဲ့ မြက်ခင်းစိမ်းစိမ်း ပေါ်မှာ တပျော်တပါးကြီး ပါဆယ်ဂိမ်း ကစား နေကြသည် ။

တီးလုံးသံ ရပ်သွား လိုက် ၊ အထုပ် လက်ထဲ ရောက် နေတဲ့ သူ က မဲ ကျရာကို ခိုင်းတဲ့ အတိုင်း လုပ်လိုက် နှင့် ပျော်စရာ အလွန် ကောင်း နေသည် ။

တစ်ကြိမ် မှာ ကိုဝင်း လက် ထဲ အထုပ် က အရောက် ၊ ကက်ဆက် တီးလုံးသံ ရပ်သွားသည် ။ အားလုံး ယားခနဲ အော်ကြသည် ။

အစတော့ ကိုဝင်း လန့် သွားသည် ။ အဆိုအကတွေ မလုပ် တတ် တော့ ဘာများ မဲ ပေါက်မလဲလို့ တထိတ်ထိတ် ပူပန်သွားခဲ့သည် ။

သို့ပေသည့် အဖွဲ့ ခေါင်းဆောင် က မဲလိပ် ဖွင့်တော့ “ မိမိ အမြတ်နိုးဆုံး မိန်းကလေး တစ်ဦး လက် ထဲ သို့ နှင်းဆီပန်း တစ်ပွင့် ကို ချစ်သက်လက်ဆောင် အဖြစ် သွားပေးပါ ” ဟူ၍ ...

ခုမှပဲ သူ့ ရင် ထဲ အေးခနဲ ဖြစ် သွားရသည် ။ ခက်တာက နှင်းဆီ ပန်း က သူ့ မှာ မရှိ ။ သည်မှာ ကျောင်းသား တစ်ယောက် က အပြေးအလွှား ရောက် လာပြီး သူ့ လက် ထဲ နှင်းဆီရဲရဲ တစ်ပွင့် လာ ပေးသည် ။ 

သည်တော့ ထိုင်ရာ က သူ ထ သည် ။ တစ်ယောက်ခြား စီ ထိုင် နေတဲ့ မိန်းကလေး အားလုံး ကို တစ်ချက် ဝေ့ခနဲ သိမ်းကျုံး ကြည့်သည် ။

မိန်းမလှလေး တချို့ အလိုလို ခေါင်း ငုံ့သွားကြသည် ။ အသား ဖြူဖြူ ၊ အရပ်မြင့်မြင့် နှင့် စပ်ဖြီးဖြီး လုပ် နေတဲ့ ကိုဝင်း တစ်ယောက် ရင် ထဲ မှာ တလှပ်လှပ် နဲ့ ကျေနပ် ကြည်နူးနေသည် ။

ဘယ်သူ့ ကို ပေးမလဲ လို့ အားလုံး က ငံ့လင့် နေကြသည် ။ သည်မှာ ကိုဝင်း ခြေလှမ်းတွေ သွက်သွက် လှုပ်ရှား သွားသည် ။ အားလုံးက လိုက်ကြည့်သည် ။

ကိုဝင်း ခြေ အစုံ ရပ် သွားသည် ။ သူ့ ရှေ့က မိန်းကလေး မှာ သူမ ကို သူမ ဘယ်လို မှ မယုံကြည်နိုင်ခြင်း များစွာ နှင့် အံ့သြသော မျက်နှာ ၊ ပြူးဝိုင်း နေတဲ့ မျက်လုံးအစုံ နဲ့ ကိုဝင်း ကို ငေးကြည့် နေသည် ။

သူမ ရင်ထဲ ဒိန်းခနဲ ဆောင့် ခုန်သွားသည် ။ ရင်ခုန်သံ ကြောင့် တစ်ကိုယ်လုံး ယိမ်းထိုး မတတ် တုန်လှုပ် သွားသည် ။ နှုတ်ခမ်း လေးများ ပင် တဆတ်ဆတ် တုန်လို့ ။

ကိုဝင်း က ပြုံးရွှင်ကြည်နူးစွာ နဲ့ နှင်းဆီပန်း ရဲရဲ ကို သူမ အား လှမ်း ပေးသည် ။ သည်မှာ ဝိုင်း ကြည့်နေသူ အားလုံး ဟာခနဲ ဖြစ် ကုန်သည် ။ ပါးစပ်ကလေးတွေ အဟောင်းသား နှင့် မင်တက်မိ ရာ က ဟုတ်မှ ဟုတ်ပါလေစ ဟု အံ့သြ ငေးမော ကုန်သည် ။

ဘယ်လိုမှ မဖြစ်နိုင်သော မြင်ကွင်း တစ်ခု ။ အစသော် မိန်းကလေး မှာ မယူရဲ ၊ နောက်မှ မရဲတရဲ နှင့် ပန်း ကို လှမ်းယူ သည် ။ သည် မှာ လက်ခုပ်သံတွေ ဆူညံ သွားသည် ။ 

“ အချစ် မှာ မျက်စိ မရှိဘူး ဟေ့ ” 

ဟု ကျောင်းသား တစ် ယောက်က မဆီမဆိုင် လှမ်းအော်သည် ။

     •••••   •••••   •••••   •••••

( ၄ )

“ ကိုဝင်း ညိုမီ့ ကို တကယ် ချစ်တာကော ဟုတ်ရဲ့လား ဟင် ”

“ တကယ် ချစ်တာပေါ့ ညိုမီ ရယ် ချစ်တာ မှ ဒီဘက် ဘူတာ ကနေ ဟိုဘက် ဘူတာ တောင် လွန်သေး ” 

“ မနောက်ပါနဲ့ ကိုဝင်း ရယ် ၊ ညိုမီ ရင် တွေ တုန် လွန်းလို့ပါ ” 

“ နောက်တာ မဟုတ်ပါဘူး ၊ ကိုဝင်း က သူများ လို ဖွဲ့နွဲ့ မပြောတတ်လို့ ပြောတတ်သလို ပြောချ လိုက်တာပါ ” 

“ စာမေးပွဲကြီး ဖြေ ပြီးရင် ညိုမီ ကိုဝင်း နောက် ကို တစ်ခါ တည်း လိုက် ခဲ့တော့မယ် နော် ”

သည်မှာ ကိုဝင်း တစ်ချက် ငြိမ် သွားသည် ။ သည်တော့ ညိုမီ အထိတ်တလန့် ဖြစ်သည် ။

“ ကိုဝင်း ညိုမီ ပြောတာ ကြား ရဲ့လား ၊ စာမေးပွဲ ပြီးလို့ ကိုဝင်း နယ် ကို ပြန်ရင် ညိုမီ လည်း လိုက်ခဲ့မယ် နော် ” 

“ ညိုမီ ကလည်း ကွာ လက်ထပ် တာ က ဖြည်းဖြည်း ပေါ့ ” 

“ ဟင် ဖြည်းလို့ မရဘူး ဆရာ ၊ ညိုမီ က ကိုဝင်း ကို ယုံလို့ တစ်ကိုယ်လုံး ပုံ အပ်ခဲ့ပြီးပြီ ညိုမီ့ ကို တစ်ယောက်တည်း တော့ ပစ် မထားခဲ့ပါနဲ့နော် နော် ကိုဝင်း ” 

ညိုမီ က စီးကျလာတဲ့ မျက်ရည်စတွေ နဲ့ ကိုဝင်း ကို အသနား ခံရင်း ကိုဝင်း ရဲ့ ရင်ခွင် ထဲ ကို တိုး ဝင် သွားခဲ့သည် ။

     •••••   •••••   •••••   •••••

( ၅ )

ကိုဝင်း တစ်ယောက် သုတ်သုတ်ပျာပျာ နှင့် ပျာယာ ခပ်နေ သည် ။ ပစ္စည်းတွေ အလျင်စလို သိမ်း သည် ။

နောက်တော့ လေးဘီး တစ်စီး ငှား ကာ ဘယ်သူ့ ကို မှ နှုတ် မဆက်ဘဲ သေတ္တာ နဲ့ အိပ်ရာလိပ်တွေ တင်ပြီး ထွက်ခွာ သွား သည် ။

အားလုံး က အံ့သြ ကုန်ကြသည် ။ စာမေးပွဲကြီး ပြီး ဖို့ပင် နက်ဖြန် တစ်ရက် ကျန် သေးသည် ။ အားလုံးက နက်ဖြန် ဘာသာ အတွက် အသည်းအသန် စာ ကျက် နေရတာမို့ ကိုဝင်း ကို သိပ်ပြီး ဂရု မထားနိုင်ကြ ။

သို့ပေသည့် နောက်နေ့ စာမေးပွဲခန်း ထဲ မှာတော့ ကိုဝင်း ကို တွေ့ လိုက်ကြသေးသည် ။

စာမေးပွဲကြီး ပြီးပြီ ။ အားလုံး လွတ်လပ် ပေါ့ပါး သွားကြ သည် ။ ကိုယ့်မြို့ ကိုယ့်ဒေသ ကိုယ့်အိမ် ကိုယ့်ရာ သို့ ပြန်ကြရ တော့မည် ။

ကိုမောင်မောင် တစ်ယောက် အဆောင် ကို ပြန် ရောက် လာတော့ အဆောင် ရှေ့ မှာ တစ်စုံတစ်ယောက် ကို ရပ် စောင့်နေတဲ့ မိန်းကလေး တစ်ယောက် ကို ခရီးဆောင် အိတ် တစ်လုံး နှင့် အတူ တွေ့သည် ။

သူ့ ကို မြင်တော့ မိန်းကလေး ရဲ့ မျက်နှာ မှာ အားတက် သွားခဲ့သည် ။

“ ဒီမှာ ရှင့် ဒီ အဆောင် မှာ နေတဲ့ ကိုဝင်း ကို ခေါ်ပေးပါ နော် ”

သူ့ တစ်ကိုယ်လုံး တောင့်ခနဲ ဖြစ် သွားသည် ။ ကိုဝင်း ကို လာ ရှာနေတာပါလား ။ သို့ဆိုလျှင် အနှီ မိန်းကလေး သည် ကိုဝင်း ရဲ့ ညိုမီ ပေါ့ ။ သူ ဘယ်လို ပြော ရပါ့ ။ ပြောဖို့ ကလည်း မထွက် ။

“ ကျွန်မ က ကိုဝင်း ရဲ့ ချစ်သူ ပါ ၊ ဒီနေ့ ကိုဝင်း နဲ့ ချိန်းထား လို့ပါ ”

အဲဒါမှ ခက်ပြီ ။ ကိုဝင်း လုပ်ပုံ တကယ် ကို မကောင်း ။ သူများ သားသမီး ကို အပျော်သဘော နဲ့ ကြံ သွားခဲ့ပြီ ။ ဒါတွေ ကို သူ သာ အသိဆုံးပါပဲ ။

အချိန်မီ တားဆီးခဲ့သော်လည်း မရခဲ့ ။ ကိုဝင်း က စီမံကိန်း ချ ပြီး အကြံအစည် နှင့် လုပ် သွားခဲ့ခြင်း ဖြစ်သည် ။

ခုတော့ သူ့ ကိစ္စ ကို ကျန်တဲ့ သူတွေ က မျက်နှာ အပူ ခံပြီး ရှင်း ရတော့မည် ။

မတတ်သာသည့် အဆုံး ကိုဝင်း က မနေ့ ကတည်း က ပစ္စည်း တွေ သိမ်းပြီး ထွက်ခွာသွားပြီ ဆိုသည့် အကြောင်း အားနာနာ နှင့် ပြော ပြရတော့သည် ။

အစသော် မိန်းကလေး က ဘယ်လို မှ မယုံ ။ နောက်ထပ် ရောက် လာတဲ့ ကျောင်းသားတွေ ဝိုင်း ပြော တော့မှ ယုံ သွားသည် ။

ဘယ်လိုမှ မယုံကြည်နိုင်ခြင်း ၊ ယူကျုံးမရ ဖြစ်ခြင်း ၊ အံ့သြ ခြင်း ၊ ထိတ်လန့်ခြင်း ၊ ရှက်ရွံ့ခြင်း ၊ ဒေါသထွက်ခြင်း တို့ ဖြင့် ပြွန်းတီး အပ်သော ရုပ်ဆိုး လှ သည့် သူမ မျက်နှာ ထက် ဝယ် အဘယ်မျှ ခံစား သွားရပြီ ကို သနားစဖွယ် မြင်တွေ့ နေရသည် ။

သဘော ပေါက် သွားသော သူမ ၏ ပါးပြင် နှစ်ဖက် ဝယ် မျက်ရည်စက်ကြီးများ က တလိမ့်လိမ့် နှင့် စီးဆင်း လာကြသည် ။ ကြေကွဲဝမ်းနည်းခြင်း ၏ အဆုံးစွန် သို့ ရောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးသည် ။

အားရအောင် ငိုပြီး နောက် အငို ရပ် သွားသည် ။ ခေါင်း ပြန် မော့ လာတော့ ဖြူဖွေး တဲ့ အပေါ် သွားတန်းလေး နဲ့ အောက် နှုတ်ခမ်း ကို ပြတ်လု မတတ် ဖိ ကိုက်ထားသည် ။ နာကြည်းခံပြင်းခြင်း ၏ သင်္ကေတ ။

ဘယ်သူ့ ကို မှ နှုတ် မဆက်ဘဲ ချာခနဲ လှည့် ထွက်သည် ။ အိတ် ကို ဆွဲပြီး လေးလံလွန်း တဲ့ ခြေလှမ်းတွေ နဲ့ တရွေ့ရွေ့ ထွက်ခွာသွားတော့သည် ။

◾တက္ကသိုလ်စိုးနောင်

📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း
      အမှတ် ( ၂၃၄ )
      ၂၀၀၁ ခုနှစ် ၊ မတ်လ

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment