❝ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ❞
တိုက်ဆိုင်မှု ဆိုသည် ကို မယုံကြည်ဘဲ နေရန် ခက်သည် ။ နဖူးစာ ၊ ကံတရား ၊ ဘဝ ရေစက် စသည် တို့ ကို ဖယ် ထားလိုက်ပါ ။ ထိုအရာများ ကို မယုံကြည်သည် ပင် ဖြစ်စေ ထူးခြားတိုက်ဆိုင်မှု ကို တစ်ကြိမ် မဟုတ် တစ်ကြိမ် ကြုံ ဖူးကြသည်သာ ဖြစ်သည် ။ တစ်ချိန် က ဖြစ်ပျက်ခဲ့ဖူးသော ကိစ္စတစ်ခုတွင် ပါဝင် ပတ်သက်နေသူများ ကို တစ်နေ့ တည်း တွင် တစ်ယောက် ပြီး တစ်ယောက် ဆက်တိုက် တွေ့ နေခဲ့လျှင် ထူးခြားစွာ တိုက်ဆိုင်မှု ဟု ဆို၍ ရကောင်းသည် ထင်၏ ။ “ မ ” နှင့် ပတ်သက်သော ကိစ္စ ။ “ မ ” ဆို သည် မှာ ခင်မမ ။ ပြီးတော့ ထိုစဉ်က အဝန်းအဝိုင်း ။
နက်ဖြန် လုပ်ရမည့် ကိစ္စများ ကို စဉ်းစား နေရာ မှ ဘတ်စ်ကား ၏ အရှိန် ရုတ်တရက် နှေးသွားခြင်း ၊ စက်သံ ပိုမို ဆူညံလာခြင်း တို့ ကြောင့် တာမွေခုံးတံတား ကို ကျော်ဖြတ်နေရပြီ ဟု သိလိုက်သည် ။ ဆင်း ရမည့် မှတ်တိုင် နီးကပ်လာပြီ ဖြစ် သောကြောင့် ထိုင်ရာ မှ ကြိုတင်၍ ထ သည် ။ ကျပ်ညပ်နေသော ခရီးသည်များ ကို တိုးဝှေ့ ထွက်ရ၏ ။
ဘတ်စ်ကား ပေါ် မှ ဆင်း ပြီးနောက် ဆေးလိပ် ဝယ်ဖို့ သတိ ရသည် ။ ကိုဟန်ခင် တို့ ဆိုင် ဝင်၍ “ သူဇာဆေးပေါ့လိပ် ” ဝယ်သည် ။ ကိုဟန်ခင့် မိန်းမ မချို က “ နင့် အမေ တောင် ခုန လာ သွားသေးတယ် ၊ ဒီနေ့ ဧည့်သည် များလို့ ဟင်း ကုန်သွားတာနဲ့ ဘဲဥ လာ ဝယ်တာတဲ့ ၊ နင် တော့ ဘဲဥ ပဲ ဟေ့ ” ဟု ဆီး ပြောသည် ။
အစိမ်းကြော် တစ်ခွက် ဝယ်သွား မှ ပဲ ဟု စဉ်းစားပြီး လမ်း ကို ဖြတ်ကူးမည် အပြု ...
“ ဟေ့ ... ဖိုးလူအေး ”
“ ဟာ ... ကိုသန်းဝင်း ”
ကိုသန်းဝင်း သည် ဈေးမှတ်တိုင် နား တွင် ကွမ်းယာဆိုင် ဖွင့် ထားသူ ဖြစ်သည် ။ သူ့ အကြောင်း ပြောလျှင် “ မ ” အကြောင်း သည် မလွှဲ မရှောင်သာ ပါဝင် လာရပေတော့မည် ။ အမှန်တော့ ဟို ယခင် အခါ ဆီ က ဖြစ်ပျက်ခဲ့သော “ မ ” ဇာတ်လမ်း တွင် သူ သည် ဇာတ်ရံ တစ်ဦး သာ ဖြစ်ပါသည် ။
“ မ ” သတ်မှတ်ထားသော စည်းကမ်းများ အရ ရုံးသွားချိန် တွင် သူ့ အိမ် အနီးရှိ မှတ်တိုင် မှာ လာ မစောင့်ရ ။ ရုံးဆင်းချိန် တွင် ရုံးရှေ့ မှတ်တိုင် က မစောင့်ရ ။ “ မ ” သည် ရုံးသွား ရုံးပြန် ကား နှစ်ဆင့် စီး ရ၏ ။ ကား ပြောင်း စီးရသော မှတ်တိုင် မှာသာ စောင့်ခွင့် ရသည် ။ ထို မှတ်တိုင် ကား ဈေး မှတ်တိုင် ။ ထို့ကြောင့် ကိုသန်ဝင်း ဆိုင် က ခုံတန်းကလေး မှာ ထိုင်၍ “ မ ” ကို စောင့် ခဲ့ ရာမှ သူ နှင့် ခင်မင်သွားခြင်း ဖြစ်ပါသည် ။
“ မတွေ့ တာ တောင် ကြာပါပကောလား ကွ ”
“ အေးဗျာ ၊ ကျွန်တော်လည်း ကိုယ့် အလုပ် နဲ့ ကိုယ် ရှုပ် နေလို့ ခင်ဗျား ဆိုင် ဘက် တောင် မရောက်ဖြစ်ဘူး ”
“ ခုချိန်ကျမှ လာဖို့လဲ လိုမှ မလိုတော့တာဘဲကွာ ၊ ဟဲ ... ဟဲ ”
“ မ ” သည် ယခုအခါ သူ့ ခင်ပွန်းသည် နှင့်အတူ ရုံးသွား ရုံးပြန် ပြုလုပ်နေပြီ ဖြစ်ကြောင်း ကို ရည်ရွယ်၍ ပြောခြင်း ဖြစ်သည် ။ ပြော ပြီးမှ သူ့ စကား ကြောင့် ကျွန်တော် စိတ် ထိခိုက် သွားသလား ဟု စိုးရိမ်သွားဟန် တူသည် ။ ကျွန်တော့် မျက်နှာ အမူအရာ မပြောင်းလဲကြောင်း သိသွားတော့ မှ ...
“ အေးကွာ ၊ မင်းတို့ အဖြစ် ကလည်း နှစ် နဲ့ ချီ တွဲခဲ့ပြီး မှ ... ”
“ ပြော မနေပါနဲ့တော့ဗျာ ၊ ပြီးခဲ့ပြီပဲ ”
“ မင်းတို့ ပြတ်သွားတာ အင်း ... အဲဒီတုန်းက ငါ့ သား အငယ်ကောင် မွေး ခါစ ဆိုတော့ ခုတစ်နှစ် နဲ့ ရှစ်လ ဆိုတော့ နှစ်နှစ်နီးပါး ရှိပြီပေါ့ ကွ ”
“ ဟုတ်မှာပေါ့ ဗျာ ”
“ မ ” နှင့် ခွဲခွာခဲ့ရစဉ်က ဆိုင်မှာ တစ်နေ့လုံး သွားထိုင်ပြီး လွမ်းလွမ်းဆွတ်ဆွတ် ရင်ဖွင့်ခဲ့သော ကျွန်တော် သည် ခုအခါ သူ့ အကြောင်း ကို ပြော နေသော်လည်း မတုန်မလှုပ် နေနိုင်သည် ကို ကိုသန်းဝင်း အံ့ဩနေမည် လား မသိ ။
“ ကဲ ... သွားမယ်ကွာ ၊ တွေ့ ကြသေးတာပေါ့ ၊ ငါ လည်း ဝက်ဆီဖတ် လာဝယ်ရင်းနဲ့ ဒီဘက် ရောက်လာတာ ၊ ငါ နဲ့ ငါ့ မိန်းမ ကတော့ မင်း အကြောင်း ကို မကြာခဏ ပြော ဖြစ်ကြတာပဲကွ ”
ကိုသန်းဝင်း သည် ဒီနေ့ အဖို့ ဒုတိယ တွေ့သူ ဖြစ်သည် ။ ပထမ တွေ့ သူ မှာ ခင်မောင်တင် ။ ဘတ်စ်ကား ပေါ် မှာ တွေ့ ခဲ့ခြင်း ဖြစ်၏ ။ ကျွန်တော့် ဘက်မှ ကြည့်၍ ပြော လျှင် သူ သည် ဗီလိန် ခေါ် လူကြမ်း ၏ တပည့် ပင် ။ “ မ ” တို့ ရုံးမှ အရာရှိ ( ယခု “ မ ” ၏ ခင်ပွန်း ) ၏ တပည့်အရင်း ဖြစ်သည် ။ “ မ ” နှင့် ကျွန်တော် တို့ အကြား တွင် အကွဲအပြဲ ဖြစ်အောင် ခလောက်ဆန် ပေးရ သူ ပင် ဖြစ်သည် ။ သူ နှင့် ကျွန်တော် သည် မူလ ကတည်း က သိကျွမ်းမှု မရှိခဲ့သောကြောင့် ဘတ်စ်ကား ပေါ်မှာ တွေ့ သော်လည်း စကား မပြောဖြစ်ကြ ။ သူ့ ကို မြင်သော အခါ အော့နှလုံးနာ စိတ် ဖြစ်သင့် သော်လည်း “ အထက်အရာရှိ ဆီ က မျက်နှာကောင်း လိုချင်လို့ လုပ်ရတာ ဖြစ်မှာပါလေ ” ဟု ကျွန်တော် ခွင့် လွှတ်လိုက်သည် ။ ကျောက်မြောင်းဈေး မှတ်တိုင် မှာ သူ ဆင်းသွားသည် ။
လမ်း ကို ဖြတ် ကူးပြီး ကိုလှဝင်း ဆိုင် ထဲ သို့ ဝင်သည် ။ အစိမ်းကြော် တစ်ခွက် မှာ သည် ။ ဆိုင် တွင် ရောက်နှင့်ပြီးသူများ အတွက် ကြော်ရဦးမည် ဖြစ်၍ ခဏ စောင့်ပါ ဟု ဆိုသည် ။ ကျွန်တော် တို့ ရပ်ကွက် မှ ခေါက်ဆွဲကြော်ဆိုင်ကလေး ဖြစ် သောကြောင့် ဖို က တစ်ခုတည်း ရှိသည် ။ နာရီဝက် ကျော်ကျော် လောက် စောင့် ရမည် ဟု ခန့်မှန်း လိုက်၏ ။ အိမ် ကို ခဏ ပြန်ရင် ကောင်းမလား စဉ်းစားနေဆဲ မှာပင် ဆိုင်ရှေ့ က ဖြတ် သွားသော ခင်ဦး နှင့် တင်မောင်ဝင်း ကို တွေ့ လိုက်ရသည် ။ တတိယ တိုက်ဆိုင်မှု ပင် ဖြစ်၏ ။ ကျွန်တော် လက်ခုပ် လှမ်း တီးသည် ။ ဆိုင် ထဲ သို့ ဝင်လာကြသည် ။ သူတို့ က လက်ဖက်ရည်ဆိုင် သွားဖို့ ခေါ်သည် ။ အစိမ်းကြော် ကို ပြန် မှ ဝင်ယူမည် ဟု မှာ ခဲ့ပြီး ထ လိုက်သွား၏ ။
“ မင်းတို့ နှစ်ယောက် က ဒီဘက် ကို ဘာ လာလုပ်တာလဲ ”
“ ရုပ်ရှင် ကြည့်ပြီး ပြန် လာတာကွ ၊ မင်း နဲ့ မတွေ့တာ လည်း ကြာ လို့ မင်း ဆီ ဝင်မယ် ဆိုပြီး ဆယ့်လေး မစီးဘဲ ဆယ့်သုံး စီးလာတာ ”
တင်မောင်ဝင်း က ဖြေသည် ။ သူ က “ မ ” နှင့် ဆွေမျိုးနီးစပ် တော်သည် ။ သူက တစ်ဆင့် ကျွန်တော် နှင့် “ မ ” တို့ သိကျွမ်းခဲ့ကြခြင်း ဖြစ်ပြီး သူ ၏ ကြားဝင်ဆောင်ရွက်မှုကြောင့်ပင် “ မ ” နှင့် ကျွန်တော် ချစ်ခဲ့ကြခြင်း ဖြစ်သည် ။ ကျွန်တော်တို့ ၏ အကွဲအပြဲ တွင် သူ က ကျွန်တော့် ဘက် မှ ရပ်တည်ခဲ့ သူပင် ။
“ ကျူးကျော်လက်ဖက်ရည်ဆိုင် ” မှာ ထိုင်သည် ။ ထို ဆိုင် မှာ မူရင်း နာမည် ရှိကောင်း ရှိမည် ။ သို့ရာတွင် ကျွန်တော် တို့ မသိတော့ ။ ဆိုင် ရှေ့ တည့်တည့် တွင် “ ကျူးကျော်ရပ်ကွက် ၁၆ ” ဆိုသော ဆိုင်းဘုတ် ရှိသည် ။ ခပ်ဝေးဝေး က ကြည့် လျှင် ဆိုင် နာမည် ဆိုင်းဘုတ် ထူထားသည် နှင့် အလွန် တူ၏ ။ ထို့ကြောင့် ကျွန်တော် တို့ က ကျူးကျော်လက်ဖက်ရည်ဆိုင် ဟု ခေါ် လိုက်ကြခြင်း ဖြစ်သည် ။
“ မင်း က ငါတို့ ဘက်တောင် မလာဘူး ”
“ လာဖို့မှ မလိုတော့ဘဲကွ ၊ ဟဲ ... ဟဲ ”
ကိုသန်းဝင်း ပြောသွားသော စကား အတိုင်း ကျွန်တော် ပြန် ဖြေ လိုက်သည် ။ တင်မောင်ဝင်း က ကျွန်တော့် မျက်နှာ ကို အကဲခတ် ကြည့်လိုက်ပြီး မှ “ ဘာလဲ ... မင်း က ငါတို့ ရပ်ကွက် ကို စိတ် နာသွားပြီလား ” ဟု ရယ်ရင်း ပြောသည် ။ ခင်ဦး သည် ပြုံး လိုက်ပြီး ကျွန်တော့် ဆီ က ဆေးပေါ့လိပ် တစ်လိပ် ကို ဆွဲ ယူသည် ။
“ မင်း အလုပ်အကိုင် ရော ၊ အဆင်ပြေတယ် မဟုတ်လား ”
“ အင်း ... မဆိုးပါဘူးကွာ ၊ မိဘ ဆီ က လက်ဖြန့် တောင်းစရာ မလိုတော့တာလောက်ပါပဲ ”
“ အိမ်ခန်း သန့်သန့်လေး တစ်ခု ငှားဖို့ လောက် အထိတော့ ဝင်ငွေ မကောင်းသေးဘူးပေါ့လေ ”
သူ့ အမေး ကို ကျွန်တော် ပြန် မဖြေဘဲ ပြုံး ရုံသာ ပြုံး ပြ လိုက်သည် ။ သူ က “ မင်း ရဲ့ မ ပြောနေကျစကားပဲလေ ” ဟု ဆက် ပြောပြန်သည် ။ ခင်ဦး က “ ကြောင်တာပါ ” ဟု ပြောပြီး လှောင်ပြုံး ပြုံးသည် ။
“ မင်း က လည်း အဲဒါပဲ ပြော နေတာပဲ ၊ စကား ကို ကောင်းကောင်း မပြောရဘူး ”
ကျွန်တော် ၏ ဟန့်တား မှုကြောင့် စကားလမ်းကြောင်း ကို ပြောင်း ကြပြန်သည် ။ ကျွန်တော့် အလုပ် ဖြစ်သော စာပေရေးရာ ကိစ္စများ အကြောင်း ၊ တင်မောင်ဝင်း ၏ အလုပ် ဖြစ်သော တေးသံသွင်း အကြောင်း ၊ ခင်ဦး ၏ အလုပ် ဖြစ်သော ဆယ်တန်းစာမေးပွဲ အကြောင်း ၊ သို့ရာတွင် ကြာကြာ မပြောဖြစ် ။
“ ဟိုအကြောင်း ” သို့ တစ်ပတ် ပြန် လည်သွားကြသည် ။
“ တစ်လောကတောင် ဟို အိမ် ကို ငါ ရောက်သေးတယ် ”
“ ဘယ်အိမ်လဲ ကွ ”
“ မင်း ရဲ့ မ အိမ် ကိုပေါ့ ”
သူ သည် “ မင်း ရဲ့ မ ” ဆိုသော စကား ကို ပြော နေသော်လည်း ခပ်ငေါ့ငေါ့ လေသံမျိုး ဖြစ်သည် ။ သူ့ အမျိုး ဖြစ်သော “ မ ” အတွက် ကျွန်တော့် အပေါ် အားနာ နေသောကြောင့် ဖြစ်ဟန် တူသည် ။ “ မ ” ကို အပြစ် တင်သော စကားများ ကို အရင် ကလည်း သူ ပြောခဲ့ဖူးသည် ။
“ အဲဒါ ငါ လည်း သူတို့ အိမ် သိပ် မသွားပါဘူး ၊ သူ့ ယောက်ျားကြီး ကို မကြည်လို့ ၊ အဲဒီတုန်း ကတော့ ဦးလေး က ခေါ်လို့ သွားတာ ”
ဦးလေး ဆို သည် မှာ “ မ ” ၏ အဖေ ဖြစ်သည် ။ တင်မောင်ဝင်း သည် စကား ကို ဆက်ပြန်သည် ။
“ မင်း ရဲ့ “ မ ” က ငါ့ ကို မေး သေးတယ် ၊ အိမ် ကို မလာတာ ကြာပြီနော်တဲ့ ၊ ငါ က လည်း မမြင်ချင်တဲ့ မျက်နှာ တွေ့ တွေ့ နေရမှာ စိုးလို့ လို့ ပြန် ပြော လိုက်တယ် ”
“ မင်း ကလည်းကွာ ၊ အဲဒါတွေ သွား မပြောပါနဲ့ ”
“ မဆိုင်ပါဘူး ကွာ ၊ ငါ ကတော့ သူ့ ကို တွေ့ တိုင်း ရိ တာပဲ ၊ မင်း ကသာ အမြဲတမ်း အေးစက်စက် လုပ်နေတာ ၊ သူ ကတော့ မင်း ကို အပြတ် တွယ် လိုက်တာလေ ၊ အဲဒီတုန်း က မင်း စားပွဲ ကို လက်သီး နဲ့ ထိုး တာ မှတ်မိသေးလား ”
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ကျွန်တော် ပြောတုန်း ကသာ အပြတ် လုပ်လိုက်ရင် ပြဿနာ ရှင်း နေပြီ ”
ခင်ဦး က ဝင် ပြောသောကြောင့် စားပွဲ ကို လက်ချောင်းကလေးများ ဖြင့် စန္ဒရား တီးသလို ခေါက် နေရာမှ သူ့ ကို ကျွန်တော် ကြည့် လိုက်သည် ။
ခင်ဦး သည် ဂျစ်ကန်ကန် အကောင် ။ မဟုတ်တာ မမှန်တာ ကို ဘယ်တော့မှ မလုပ် ။ သူ့ ကို လာ ကျော လျှင် လည်း ဆတ်ဆတ်ထိ မခံ ။ ထူးခြားသည် မှာ သူ ခင်မင်လေးစားသူများ အပေါ် တစ်ယောက် ယောက် က မဟုတ်မဟတ် လုပ်လျှင် သူ က ကိုယ်စား ဝင်၍ ချဲ တတ်ခြင်း ဖြစ်သည် ။ ကျွန်တော့် ကို အလွန် ခင်မင်လေးစားသည် ။
ကျွန်တော် နှင့် “ မ ” တို့ ပြဿနာတွေ တက်ပြီး ခပ်ကင်းကင်း ဖြစ် နေသောအချိန် ။ ဟိုလူ က အခွင့် သာခိုက် ဝင် ကပ်နေသော အချိန် ။ “ မ ” ကို ရုံး က အပြန် အိမ် လိုက်ပို့တာတွေ ဘာတွေ လုပ် နေသော အချိန် ။ ရုံးသွား ရုံးပြန် ခင်ဦး တို့ အိမ်ရှေ့ က ဖြတ် သွားရသည် ။ ခင်ဦး သည် ဟို လူ “ မ ” တို့ အိမ် က အပြန် ရိုက်ပါမည် တကဲကဲ လုပ် နေသဖြင့် ကျွန်တော် က တား ထားရသည် ။ ခုထိ သူ အခဲမကျေ ဖြစ်နေပုံ ရသည် ။
“ အဲဒီတုန်းက အစ်ကို သာ ပတ်စ် ပေးလိုက်ရင် ဒီ ငနဲကြီး နောက် ကို မလာရဲအောင် နှိပ်ပစ် လိုက်မလို့ဗျ ၊ ခုထိ ကြည့် လို့ မရသေးဘူး ၊ ဟိုတစ်နေ့ ကတောင် သူတို့ အိမ်က ခွေးကြီး ကျွန်တော်တို့ အိမ်ရှေ့ ရောက်လာလို့ ခဲနဲ့ ကောက် ထု လိုက်သေးတယ် ”
ခင်ဦး ၏ စကား ကို သဘော ကျသဖြင့် ကျွန်တော် ရယ် လိုက်သည် ။
“ ပြီးခဲ့တဲ့ကိစ္စတွေ ပြီး ပါစေတော့ကွာ ၊ သူတို့ ဟာ သူတို့ နေပါစေ ၊ သွား မနှောင့်ယှက်ကြပါနဲ့ ”
“ မင်း က ခွင့်လွှတ်နိုင်တယ် ပေါ့ ”
တင်မောင်ဝင်း က မေးသည် ။ ကျွန်တော် က ဖြေသည် ။
“ ခွင့်လွှတ်တယ်ရယ် ဘာရယ် မဟုတ်ပါဘူးကွာ ၊ သူ လည်း သူ့ အိမ်ထောင် နဲ့ သူ နေသား ကျနေလောက်ရော ပေါ့ ၊ ငါ လည်း ငါ့ လမ်း ငါ သွားနေပြီပဲ ၊ အကောင်းဆုံး က ဥပေက္ခာ ပြု ထားလိုက်ဖို့ပဲ ၊ အရင်တုန်းက ကိစ္စတွေ အားလုံး မေ့ ထားလိုက်ပြီကွာ ”
သူတို့ နှင့် လမ်း ခွဲခဲ့ပြီးနောက် အစိမ်းကြော်ထုပ် ကို ဝင် ယူပြီး အိမ် ဘက်သို့ လျှောက် လာခဲ့သည် ။ ထိုအချိန်မှာ ပင် နောက်ထပ် တစ်ယောက် နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ ရပြန်သည် ။ ဘယ်လောက် ထူးဆန်းသနည်း ။ “ မ ” ၏ အစ်မဝမ်းကွဲ တစ်ယောက် ပင် ဖြစ်သည် ။ အစ်မကြီး သည် ကျွန်တော့် ကို မြင်မြင်ချင်း ဝမ်းသာအားရ နှုတ်ဆက် ရှာသည် ။
“ ဟယ် .. ဖိုးလူအေး ”
“ အစ်မကြီး .. နေကောင်းတယ်နော် ”
“ အေး .. ကောင်းပါတယ်ကွာ ၊ မတွေ့တာလည်း ကြာလှပေါ့ ” ဆိုပြီး စကား သုံးလေးခွန်း ပြော ဖြစ်သေးသည် ။
ပြီး မှ
“ ဟဲ့ .. ဒါနဲ့ နင် က စာရေးဆရာ ဖြစ် နေပြီဆို ”
“ ဟုတ်ကဲ့ ၊ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် မဟုတ်သေးပါဘူး အစ်မကြီး ရာ ”
“ ဟယ် .. ဒီလိုလဲ ဘယ်ဟုတ်မလဲ ၊ စာရေးတယ် ဆိုတာ လွယ်တာ မှတ်လို့ ၊ ငါတို့ များ စာစီစာကုံး တစ်ပုဒ် ရေး ခိုင်းရင်တောင် တစ်မျက်နှာ ပြည့်အောင် မနည်း ရေးရမှာ ”
“ မ ” သည် စာရေးခြင်း တစ်ခုတည်း နှင့် လူမှုဘဝ ဖူလုံသည် ဟု ယူဆသူ မဟုတ်ချေ ။ တခြား အလုပ် တစ်ခုခု ( အထူးသဖြင့် အစိုးရ အလုပ် ) လုပ်ရင်း ဝါသနာ အလျောက် သာ စာ ရေးသင့်သည် ဟု ဆိုခဲ့သူ ဖြစ်သည် ။ ထိုကိစ္စ နှင့် ပတ်သက်၍ ကျွန်တော်တို့ နှစ်ယောက် အချေအတင် ဖြစ်ခဲ့ကြသေးသည် ။ ခု “ မ ” ၏ အစ်မ က စာရေးဆရာ တစ်ယောက် အပေါ် အထင်တကြီး ရှိ နေပြန်သည် ။
“ သွားဦးမယ် အစ်မကြီး ရယ် ၊ ထမင်း ဆာလှပြီ ”
အစ်မကြီး သည်
“ အေး .. အေး .. ငါ့ မောင် လည်း ပိန် လိုက်တာကွယ် ”
ဟု စိတ်မကောင်း သံ ဖြင့် ပြော ပြီး သနား သဖြင့် ကြည့်သွားသေး၏ ။
အိမ် ရောက် ရောက်ချင်း သတိ ရသည်မှာ ထမင်း စားဖို့ ဖြစ်သည် ။ ဆာ လှပြီ ။ ထမင်း စား ၊ ခဏ နား ပြီးမှ ရေ ချိုးရသည် ။ ရေးလက်စ ဝတ္ထုတိုကလေး ကို ဆက် ရေးမည်ဟု စားပွဲ တွင် ထိုင် ပြီးမှ စာအုပ် တစ်အုပ် ရှာဖို့ သတိရသည် ။ ဆရာမောင်ထင် ၏ “ မြို့အုပ်ပုံပြင် ” စာအုပ် ။ စာအုပ်တွေ ထည့် ထားသော ဗီရိုကြီး ကို ဖွင့် ၍ရှာယူသည် ။ ထို စာအုပ်ထဲ မှ “ လပ် ” ဆိုသော ဝတ္ထု ကို ပြန် ဖတ် ချင်သောကြောင့် ဖြစ်သည် ။ မာတိကာ တွင် ရှာပြီး ထိုဝတ္ထု ရှိသည့် စာမျက်နှာ ကို လှန် ကြည့်လိုက်သည် တွင် ...
အထူးဆန်းဆုံး နှင့် နောက်ဆုံး တိုက်ဆိုင်မှု ဖြစ်သော စာကလေး တစ်စောင် ကို ဘွားခနဲ တွေ့ လိုက်ရလေသည် ။ စာ ကို ဖွင့် ၍ ကြည့်လိုက်သည် ။ “ မ ” ထံ မှ နောက်ဆုံး ပေးပို့ လိုက်သော စာ ။ ဖြတ်စာ ။ ဟိုတစ်ချိန် က အိပ်ရာခေါင်းရင်း ရှိ ဖျာ အောက် တွင် အမြဲ ထား၍ မကြာခဏ ထုတ် ဖတ်ခဲ့သော ၊ ဖတ်မိတိုင်း လည်း တနင့်နင့် ခံစားရသော စာ ။ ဘယ်အချိန် က ဘယ်လို ဒီ စာအုပ် ကြား ထဲ ရောက် နေမှန်း မသိတော့ ။
“ မောင် နဲ့ မ နဲ့ ဟာ ဘယ်တော့မှ စိတ် သဘောထား ချင်း တိုက်ဆိုင်တယ် လို့ မရှိခဲ့ဘူး ၊ မောင် နဲ့ ချစ်ခဲ့ရတဲ့ အချိန်တွေ မှာ မကြာခဏ စိတ် ဆင်းရဲခဲ့ရတယ် ၊ ဟို ကိစ္စ တုန်းကလည်း မောင့် ဘက် က လုံးဝ အလျှော့ မပေးခဲ့ဘူး ၊ အဲဒီ ကတည်း က မောင် နဲ့ လမ်းခွဲ ဖို့ စဉ်းစား ခဲ့တယ် ၊ အကြောင်းကြောင်းတွေ ကို ထောက်ထား နေရလို့သာ ခု ထိ ... ”
သူ နှင့် ကျွန်တော် လမ်း ခွဲခဲ့ကြခြင်း ၏ အကြောင်းရင်း မှာ သူ့ စာ ထဲ တွင် ပါသော “ ဟိုကိစ္စ ” ကြောင့် ပင် ဖြစ် လိမ့်မည် ။ သို့ရာတွင် ခုအခါ သူ့ စာ ထဲက “ ဟိုကိစ္စ ” ဆိုသည် မှာ ဘာကို ဆိုလိုမှန်း သေသေချာချာ သတိ မရတော့ချေ ။ စာရေးဆရာ လုပ်သင့် မလုပ်သင့် ဆိုသော ကိစ္စ ဖြစ်ကောင်း ဖြစ်မည် ။ တခြား တစ်ခုခုလည်း ဖြစ်ချင် ဖြစ်မည် ။ တိတိကျကျ မမှတ်မိတော့ ။
စိတ် မရှည်နိုင်သောကြောင့်
“ ဟာ .. အဲဒါပဲ ဖြစ်မှာပါ ” ဟု ဆုံးဖြတ် လိုက်သည် ။
ကျွန်တော် နှင့် “ မ ” တို့ သည် ချစ်ခဲ့ကြ၏ ။ ထို့နောက် ကွဲကွာခဲ့ကြ၏ ။ သူ့ ဘဝ ထဲ တွင် ကျွန်တော် မရှိ တော့ သလို ကျွန်တော့် ဘဝ ထဲ ၌လည်း သူ မရှိတော့ ။
သို့ရာတွင် ထိုစဉ်က အဆက်အဆံ ပြုခဲ့သော အသိုင်းအဝိုင်း ထဲ ၌ ကျွန်တော် တို့ နှစ်ယောက် သည် ရှိနေဆဲ ပင် ။
ကိုသန်းဝင်း တို့ လင်မယား သည် စကား စပ်မိတိုင်း ကျွန်တော်တို့ နှစ်ယောက် အကြောင်း ကို စုတ် တသပ်သပ် ပြောစမှတ် ပြုနေတုန်း ဟု ထင်သည် ။
တင်မောင်ဝင်း သည် “ မ ” ကို တွေ့ တိုင်း အထေ့အငေါ့ စကားများ ကို ပြောနေဆဲပင် ဖြစ်သည် ။ ခင်ဦး သည် လည်း သူတို့ နှစ်ယောက် ကို မြင်တိုင်း အံ တကြိတ်ကြိတ် ၊ တက် တခေါက်ခေါက် ဖြစ်နေတုန်း ။ ကျွန်တော် သည် နက်ဖြန် ဆောင်ရွက်ရမည့် အလုပ် အစီအစဉ်များ ကို စာရွက် ပေါ်တွင် ချ ရေးလိုက်၏ ။
ဖေဖေ ခိုင်းထားသော ကိစ္စ ရှုမဝ သွားရန် ။
စစ်ပြန်မဂ္ဂဇင်း စာမူ ပို့ရန် ။
စာပေစိစစ်ရေး သွားရန် ။
မဦး အတွက် မျက်ခုံးမွေးဆွဲ ခဲတံ ဝယ်ရန် ။
◾ မင်းလူ
📖 ရှုမဝ
ဖေဖော်ဝါရီ ၊ ၁၉၈၀
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment