Monday, August 15, 2022

သေတ္တာ ထဲ ကြိုးရှုပ်ရှုပ်


 

❝  သေတ္တာ ထဲ ကြိုးရှုပ်ရှုပ် ❞

( ၁ )

နေ ဝင်ပြီ မို့ အနောက်ခရိုး မှာ ဘုတ်အီသံတွေ ညံနေကြပြီ ။ လက်ပံပင် မြင့်မြင့်ကြီး ပေါ် မှ သိမ်းငှက်မောင်နှံ ပင် အိပ်တန်း ဝင် နေကြပြီး ၊ '  သိမ်း ' ဆိုတဲ့ အဟိတ် တိရစ္ဆာန် ငှက် က မှ မိုး ချုပ်ရင် မယား ရှိရာ အသိုက် ကို ပြန် လာရမှန်း သိ သေးတယ် ။ ကိုရင် ကလည်း နော် ခုထိ တောင် ပေါ် မလာသေးဘူး ။ အချိန် တန် လို့ မှ ပြန် မလာရင် အိမ် က မယား တစ်ယောက် လည် ပင်း ' ညောင်ရေအိုး '  ဖြစ်အောင် မျှော် နေလိမ့်မယ် ဆိုတာများ သင်း မသိရော့သလား ၊ အေးလေ ... သိချင် မှ သိမပေါ့ ။

သူ လူပျို ဘ၀ က “ ကျွတ်ပြီ - လွတ်ပြီ ”  လို့ အော် နိုင်ခဲ့တဲ့ အချိန်က တစ်မွန်းတည့် ရှိ သေးတာကိုး ။ ဘာဘဲဖြစ်ဖြစ် ဒီ အချိန် မှာတော့ ပြန် လာ ဖို့ ကောင်းပါပြီ ။ ကိုရင် က လည်း နော် ... ခုထိတောင် ပေါ်မလာ သေးဘူး ။

ဒီက နေရတာ က ရွာစွန် ရွာဖျား မှာ ။ ပြီးတော့ မအေ တစ်ခု ၊ သမီး တစ်ခု ၊ မိန်းမသားတွေ ချည်း တည်းရယ် ။ ခါတိုင်း နေ ရဲပေမဲ့ အခု လို လင်ရယ် သားရယ် ဖြစ် လာမှတော့ မိုးချုပ်ပလား ဆိုရင် ကိုယ့် လင် ကို ကိုယ့် အိမ် မှာ ရှိ နေစေချင်တာပဲ အားကိုး ချင်တာပဲ ။ ဟုတ်တယ်လေ ... မပူချင်လို့ ယောက်မ ရှာတာပဲ တော် ရဲ့  ။ အပူ ခံနိုင်မှတော့ ထမင်းအိုး ကို ကိုယ့် လက် နဲ့ ကိုယ် ပဲ မွှေ လိုက်တော့ မှာပေါ့ ။ ခုတော့ အား မကိုးရတဲ့ အပြင် သူ့ အတွက် တောင် ပူ နေလိုက် ရသေး ။ ဒါကြောင့်မို့ ကျုပ် တို့ ကောက်စိုက်ဘောက် က အပျိုကြီး ဒေါ်အုန်းသင် က ခဏခဏ ပြော တာပဲ ။ 

“ ကောင်မ ရေ ... ငါတော့ လင် ဆိုရင် အိမ်နောက်ဖေး မှာ စပါးလင်ပင် တောင် မစိုက်ချင်ဘူး အေ ရဲ့ ”  တဲ့ ။

သူ ပြောတာလည်း ဟုတ်တုတ်တုတ် ၊ ခု ကြည့်လေ ... လင် ရ လို့ တစ်ရက် မကူးသေးဘူး ။ လင့် ဒုက္ခ ခံစား ရပြီ ။ အနောက်ကွင်း က ကုန်းအတက် မှာ များ လူရိပ် မြင်လေသလား ... ကိုရင် ပြန်လာ လေမလား လို့ ခြေဖျား ထောက် ထောက် ပြီး မျှော်ကြည့် နေရတယ် ။ မျှော်ရလွန်း အားကြီးတော့လည်း ဒေါသ ဖြစ် လာတယ် ။ ရင် ထဲ မှာ တော့ ကော့ရွာ ဗြော တီး နေသလို တဒိန်းဒိန်း တဗြုန်းဗြုန်း နဲ့ ။ ငါ့ နှယ် နော် ... စိတ် မရှည်လိုက်တာ ။ ပင်ပင်ပန်းပန်း မလုပ်ရပေမဲ့ တစ်နေကုန် ကောက်စိုက် ထားရသလို မော နေတယ် ။ ငါ့ နှယ် နော် ... စိတ်မရှည်လိုက်တာ ... ။

ကိုရင့် ကို စိတ် ပေါက် တိုင်း မှီ ရပ်နေတဲ့မန်ကျည်းပင်ကြီး က မန်ကျည်း ရွက် တွေ ကို အငြိုး နဲ့ သပ် သပ် ချ နေမိတယ် ။ သွားလေ ရော့ ဟဲ့ ... သွားလေရော့ ဟဲ့ လို့ ဆို ဆိုပြီး ..... ။

ဘေးအိမ် က သန်းမေ တို့ ခင်စော တို့ သာ မြင်ရင် ကျုပ် ကို ဘာ ပြောကြမလဲ ။ ကြည့်စမ်း ဟေ့ .. ရှင်မြရီ တစ်ယောက် သူ့ လင်ကြီး ကို မျှော်ရင်း အပူ ဆိုက်နေပြီ လို့ ပြော ပြောပြီး မရယ်ကြပေ ဘူးလား ။ ရှင်သန်းမေ က အရယ် သန်ပါဘိ အသရော် က လည်း သန် ပါဘိသနဲ့ ။

နေ့လယ် မင်္ဂလာဆောင် တုန်း က ဆိုရင် မဏ္ဍပ် အောက် မှာ သူတို့ ပြောင် ကြတဲ့ အသံ .. လှောင် ကြတဲ့ အသံတွေ ကျွက်ကျွက် ကို ညံ နေတာပဲ ။

အင်း .. ကိုရင် ကလည်း နော် ၊ ခုထိတောင် မပေါ်လာသေးဘူး ။

အနောက်ခရိုး က ဘုတ်အီသံ တွေ ၊ ခါပြောက်တွန်သံ တွေ က တော့ ညံလို့ . . .  ။

( ၂ )

နေ့လယ် တုန်း က ကိုယ့် မင်္ဂလာဆောင်လေး အကြောင်း ကိုယ် ပြန် တွေး ကြည့်ရင်တော့ ပျော်စရာ အကောင်း သား ။ ရှက်စရာ လည်း အကောင်းသား ။ မျက်နှာ လည်း အပူသား ။ ခူယား တွေ စူး သလို တစ်ကိုယ်လုံး မှာလည်း ရှိန်းခနဲ ဖိန်းခနဲ အဖြစ်သား ။

နေပါဦးလေ ... မင်္ဂလာဆောင် အကြောင်း မပြောခင် ကျုပ် နဲ့ ကိုရင် နဲ့ ဘယ်လို က ဘယ်လို ကြိုက် လာကြတယ် ဆိုတာ အရင် ပြောဦး မှ ဖြစ်မယ် ။ ရေတွင်း တူးပြီး မှ ရေကြည် သောက်ရတယ် မဟုတ်လား ၊ ကောက်စိုက် ပြီး မှ စပါး ရိတ် ရတယ် မဟုတ်လား ။ ကြိုက်ကြပုံ ကို မပြော သေး ဘဲ နဲ့ ညား တဲ့ အကြောင်း ကို အရင် ပြောလို့ ဘယ် ဖြစ်ပါ့ မလဲ တော်ရဲ့ ။

အစတုန်း ကများ ဒီ လူကြီး ကို ကြိုက်ရကောင်းမှန်း မသိပေါင် ။ အမြင် တောင် ကတ် သေးတယ် ။ လူကြီး ကို က ကျွဲပေါက်ကြီး လို မဲမဲ သဲသဲ ထောင်ထောင် မောင်းမောင်းကြီး မို့ ကြောက် တောင် မှ ကြောက် သေးတယ် ။ ကျုပ် က အပျို ဖြစ် စ ... အုပ်လုံး သိမ်း စ ... ဒေါ်အုန်းသင် တို့ အောက် မှာ လက်သင် အဖြစ် နဲ့လိုက် ပြီး ကောက်စိုက် ခါ စ ... သည်တုန်း ကတည်း က သူ က ကျုပ် ကို မီး ထွက်တော့ မတတ် မျက်လုံးကြီး တွေ နဲ့ စူးစူးဝါးဝါး စိုက် စိုက်ပြီး ကြည့် နေ တတ်တယ် ။ သူ့ မျက်လုံးကြီးတွေ က သိပ် ကြောက်စရာ ကောင်းတာ ပဲ ၊ သိပ် လည်း မုန်းစရာ ကောင်းတယ် ။ ကျုပ် ဖြင့်လေ .. သူ့ ရှေ့ ရောက် ရင် စိတ် ကို မလုံဘူး ၊ ပင်နီ အင်္ကျီ က ကြယ်သီး တစ်လုံး လုံးပဲ ပြုတ် နေ သလိုလို ... လုံချည် ကပဲ ရိ  နေ သလိုလို .. လုံချည် က အဖာ ကို များ နောက် တည့်တည့် ရောက် အောင် ဝတ် ထားမိလေ သလား ဟဲ့ ၊ ဘာလား ဟဲ့  ၊ ညာလား ဟဲ့ နဲ့ ကိုယ့် ကိုယ် ကို အထပ်ထပ် ပြန် ပြန် စစ်ရတယ် ။ သူ့ ကြည့် ပုံ ကို က အပျိုလေးတစ်ယောက် ရဲ့ စိတ် ထဲ မှာ မလုံ စရာ မျိုး ၊ ရင်ခုန် စရာ မျိုး ၊ သိပ် မုန်းစရာ ကောင်းတာပဲ ။

အရင်ဆုံး ရိပ် မိတာကတော့ ပေါခင် ... ။

ပေါခင် က တစ်နေ့မယ် ဇီးပူအင်း လယ် ထဲ မှာ စိုက် ကြရင်း ပြော တယ် ။ ' ဟေ့ .. ဟေ့ ရှင်မြရီ ညည်း ကို ကိုရင်သာညွန့်ကြီး က ကြိုက်နေတယ် ထင်တယ် တော့်  ၊ သူ့ မျက်လုံး ကြည့်ပုံကြီး က မရိုး ဘူး ...' တဲ့ ။ ဒီလို အပြော ခံ ရတုန်း က များ ရှက် လိုက်တာလေ ။ အပျို ကလည်း ဖြစ်ခါ စ ကိုး ။ လူ မို့သာ လိပ် သာ ဆိုရင်တော့ ခေါင်း ကို ထွက်ရဲ မှာ မဟုတ်ဘူး ။

ပေါခင် နော် .. ပေါခင် ... တော်တော် ထ  စမ်း ၊ ငါ့ ကို ကြိုက် တာ မဟုတ်ဖူး ၊ နင့် ကို ကြိုက်တာ သူ့ ဟာ သူ ကြည့်ရုံ မက လို့ မျက်စိ ပဲ ကျွတ် ကျကျ .. ငါ နဲ့ဘာ ဆိုင်တုံး ဒီလူကြီးက ငါ့ ထက် အသက် ကြီးတယ် ဟဲ့ သိရဲ့လား သေနာကောင်မ ရဲ့ .. လို့ ရှက်ရှက် နဲ့ ပေါခင် ကို ငေါက် ပစ်လိုက်တယ် ။ ရွံ့ပုပ်တွေ နဲ့လည်း ပက် ပစ်လိုက်တယ် ။    

ပေါခင် ကတော့ ရယ်ကျဲကျဲ နဲ့ ။ ဪ ... ယောက်ျား များ တယ် ခက်ပါလား တော် ရယ် ။ သူ တို့ ကြိုက် ပြန်တော့လည်း ကျုပ် လက်ကလေးတွေ က ရွာဦး ကန် ထဲ က ကြာဖူးလေးတွေ လို လှ ပြန် သတဲ့ ။ အဖေ လည်း မရှိ မအေ မုဆိုးမကြီး နဲ့ နေ ရတဲ့ အတွက် မျက်နှာ မရှိရှာလို့သာပဲ တဲ့ ။ အနို့မို့တော့ ကျုပ် ဟာ ကွမ်းတောင် ကိုင် ရမှာ အမှန်ပဲ တဲ့ ။ ကိုရင်သာညွှန့် ပြော ပုံတွေ ပြောခဲ့ပုံတွေ ...  ။

ကျုပ် အသား က လည်း ညိုပေမဲ့ စို ပြန်သတဲ့ ။ ကောက်စိုက် သီချင်း ဆိုရာမှာ လည်း ကျုပ် အသံ က သူများ အသံ ထက် ပိုပြီး စည် ပြန်သတဲ့ ။ ပြီးတော့ ပင်တင်း ဆေးရိုး နဲ့ မူးသာ က ဆေးရွက်ကြီး လိပ် ကြတာချင်း အတူတူ ၊ ကျုပ် လိပ်တဲ့ ဆေးလိပ် က ပိုပြီး ဆေး စပ် တည့် ပြန်သတဲ့ ။ လက်သင် စ မို့ မစိုက်တတ် စိုက်တတ် နဲ့ ဟို တစ်ပင်  ဒီ တစ်ပင် လျှောက် ထိုး ထားတာကိုပဲ ကျုပ် ကောက်ကွက် က ပို ပြီး စိပ်သတဲ့ ။ ပိုပြီး လှ ပြန် သတဲ့ ...  ။

ခက်ပဲ ခက်ရချည် ရဲ့ ။ ယောက်ျား ပီပီ လျှာ အရိုး မရှိတိုင်း လျှောက် ပြော နေတော့တာပဲ ၊ အောင်သွယ် ကတော့ တောင်ရပ် ထဲ က အရီးဆင့် လေ ... ။ အရီးဆင့် က ကိုရင် ပြော သမျှကို အကုန် ပြန် ပြန် ပြော တတ်တယ် ။ ကိုရင် ကောင်း ကြောင်းများ ပြော ရမယ် ဆို ရင်လေ ... အရီးဆင့် တို့ က မမောတမ်းပဲ ။ ရှေ့က လက်ဖက်အုပ် ကို တောင် နှိုက်ရမှန်း မသိဘူး ။

“ ရီးဆင့် ကတော့ နော် ... ကိုရင့် အကြောင်း သာ ပြောရမယ် ဆို ရင် နောက်က ကျား ဝင် ဆွဲတာတောင် သိမှာ မဟုတ်ဘူး ”  လို့ ပြောရ သေးတယ် ။ အရီးဆင့် ပြောတာတွေ ကတော့ စုံ တကာ့ကို စေ့လို့  ။

ကိုရင်သာညွှန့် ရှစ်နှစ်သား မှာ သူ့ မိဘတွေ က သားလေး ကို ရွာဦးကျောင်း ဆရာတော် ဦးဇောတိက ဆီ အပ် ပြီး မြစ်ရိုး ကို မြေပဲ ဆွတ် သွားကြတဲ့ အကြောင်းများ ပြောရင် အရီးဆင့် က မျက်ရည် လေး စမ်းစမ်း စမ်းစမ်း နဲ့  ။

မြစ်ရိုး မှာ တစ်ဖက်ကမ်း ကို သွား သွားပြီး မြေပဲ ဆွတ်ကြရင်း နဲ့ လှေ မှောက် ပြီး ကိုရင့် မိဘနှစ်ပါး ဆုံး ကြတဲ့ အကြောင်းများ ပြော ရင် အရီးဆင့် က နှပ်ကလေး တရှုံ့ရှုံ့ နဲ့ မျက်တောင်ကလေး တပုတ်ပုတ် နဲ့ ။ ဖျင်တဘက်အနားကလေး ကိုင်ပြီး မျက်ရည်စတွေ ကို တသုတ် သုတ် နဲ့ .. ။ 

အင်းလေ ... ကို ရင့် ဘဝ ကလည်း သနားစရာ တော့ အကောင်းသား ။ ငယ်ငယ်လေး ကတည်း က အဖေ ခေါ်စရာ မရှိ အမေ ခေါ် စရာ မရှိ ။ ဆွေရယ် ၊ မျိုးရယ် လည်း မရှိ ၊ တစ်ကောင် ကြွက် ။ သူ နဲ့ စာရင် ကျုပ် က မှ တော် သေးတယ် ။ အဖေ ဆုံးပါးသွားပေမဲ့ အမေ ကျန်ရစ်သေး လို့ ၊ ကိုရင့် မိဘတွေ ဆုံး သွားတော့ ရွာဦး ဆရာတော် က ကျောင်းဒါယကာ ဦးအောင်မြ တို့ ဆီ အပ်ပေးတယ် လေ ။ ကိုရင် ကံ ကောင်းတာပေါ့ တော် ၊ ဦးအောင်မြ တို့ ဆိုတာက လယ်တွေ လက်ညှိုး ထိုး မလွဲ ပိုင်တာ မဟုတ်လား ။ ကြေးရတတ်တွေ မဟုတ်လား ၊ ကျုပ် တို့ ကောက်စိုက်ဘောက် ဆိုရင် တစ်နှစ် တစ်နှစ် ဦးအောင်မြ လယ် စိုက် ရတာ ပဲ များတယ် ။ ပြီးတော့ လယ်ချောကြီး တွေ ချည်း တည်းရယ် ၊ တစ်ခါတစ်ခါ လယ်ကြီးတွေ က ကျယ် လွန်းလို့ စိုက်ရတာ မောမော နဲ့ စိတ် မရှည် ရင် သီချင်း တောင် မှ ဆို မိကြသေးတယ်... ။

“ စိုက်လေ ကျယ်လေ လယ်တွေ ပေါ ၊ လူရိုး အောင်မြ တော ... ”  လို့ ။

သူရင်းငှား ချင်း အတူတူ ပေမဲ့ လယ်ရော ငွေရော ပေါတဲ့ ဦးအောင်မြ တို့ အိမ်မျိုး မှာ သူရင်းငှား လုပ်ရတော့ ကိုရင် အဖို့ ပိုပြီး ကံ ကောင်းတာပေါ့ တော် ။ ဦးအောင်မြ ငွေ ပေါ ပုံ ကတော့လည်း ကျုပ် တို့ အားလုံး သူ့ ဆီကပဲ ဆီပေး ဆန်ပေး စပါးပေး ယူနေကြ ရတာ ... ။ “ သာညွှန့် တစ်ယောက် တော့ အမှီ ကောင်း တွေ့သွားပြီ ဟေ့ ”  လို့ တရွာ လုံး ချီးမွမ်း ခဲ့ကြရသတဲ့ ။

တိုတို ပြော ရရင်တော့ တော် ... တစ်ဦး မေတ္တာ တစ်ဦး မှာ ဆိုသလိုပဲ ကျုပ် ကလည်း တဖြည်းဖြည်း နဲ့ ကိုရင့် ကို သနား လာတယ် ၊ ကောက် စိုက်ရမယ့် လယ် က ကိုရင် တို့ ပျိုး နုတ် တဲ့ ပျိုးခင်း နဲ့ နီးတယ် ဆိုရင် စိတ် ထဲ က ပျော် သလိုလိုပဲ ၊ လယ်ရှင် က ဝေ ပေးတဲ့ ထက်မီးအောက်မီးမုန့် ဆိုရင်လည်း ကျုပ်မစားဘဲ ကိုရင် ဖို့ တမင် ချန် ထားမိ တယ် ။ လက်ဖက်   ပြန် ရင်လည်း ဖက်သန်းရွက်လေး နဲ့ သေသေ ချာချာ ထုပ်ပြီး ကိုရင့် ဖို့ ချန် ထားမိတယ် ။

ကိုရင် ကလဲ ပျိုးလက် ချတိုင်း သူ ယူလာတဲ့ ထန်းလျက်ခဲ လေး အစ ပဲလှော်လေး အစ ခါးပိုက် ထဲ က  ဖြေပြီး ကျုပ် ကို ကျွေးတယ် ၊ ဒေါင်းသလိပ် ပန်း တွေ ခူး လာ ပြန် ရင်လည်း ကျုပ် ပန် မှ ကြိုက်တယ် ။ တစ်နေ့ကတော့ ကိုရင် က ကျုပ် ဘေးမှာ ကူ ပြီး ကောက် စိုက်တယ် ။ ကောက်ပင် ထိုး သလိုလို နဲ့ ရေ ထဲ မှာ ကိုရင် က ကျုပ် လက် ကို ဆုပ် ထားတယ် ။

“ စောင့်ရတာ ကြာလှပြီ မြရီ ရာ ... နင် ငါ့ ကို မသနားဘူး လား .. ၊ ငါ့ ကို ပြန် ပြီး ချစ် မချစ် ပြောစမ်းပါဟာ ”  လို့ တိုးတိုးလေး မေး တယ် ။ ကျုပ် ဖြင့် ရှက် လိုက်တာလေ မပြောပါနဲ့ တော့ ၊ ဘေး က ကောင်မတွေ ရိပ်မိ မှာ လည်း စိုး တယ် ၊ လက် ကို လည်း မလွှတ် ဘူး တော့  ၊ ပုဇွန်လုံးများ ညှပ် သလား အောက်မေ့ ရအောင် တအား ဆုပ် ထားတယ် ။ ရေ က ခြေချင်းဝတ် သာသာ ထိ မြုပ် နေလို့ ဘေး က တော့ မမြင်ဘူးပေါ့ ၊ ရုန်း လို့လည်း မရဘူး ။ ကြိုက်တယ် ပြော မှ လွှတ် မတဲ့ ။

ဒါနဲ့ စကား ရှည် နေ မှာ စိုးတာနဲ့ ၊ ဘေး ကလည်း ရိပ်မိမှာ စိုးတာ နဲ့ ၊ ပြီးတော့ ... ပြီးတော့ သနားလဲ နည်းနည်း တော့ သနားသလို လို ရှိတာနဲ့ ခေါင်းညိတ် လိုက် ရတယ် ။ မှတ်မှတ်ရရ အဲဒီ နေ့ က ပထမ ဝါဆိုလဆန်း ဆယ့်လေးရက် နေ့ ၊ ကိုရင် က ထန်းလျက်ခဲ ကို ပေး ရင်းနဲ့ ... “ ထန်းလျက် နှစ်လုံးပြူး ... တစ်သက်မုန်းဘူး ” လို့ ပြုံးဖြီးဖြီး ကြီး ပြောခဲ့တဲ့ နေ့ ...

( ၃ )

ရည်းစားသနံ ရယ် လို့ ဖြစ် လာပေမဲ့လည်း ကျုပ်တို့ နှစ်ယောက် က အနေ မှန်ကြပါတယ် ။ ဒီနေ့ မင်္ဂလာ ဆောင်ကြတဲ့ အထိ သုံးနှစ် သုံးသီး သာ ကြာ လာတယ်... တစ်ခါပဲ လူကြီး မသိအောင် ချိန်းချက် ပြီး တွေ့ဖူးကြပါ ရဲ့ ။ အဲဒီတုန်း က တွေ့ တာ ကလည်း ကိုရင် က နောက် တစ်နေ့  ဘိုးတော်တော ကို ထင်းခုတ် သွား ရမှာမို့ “ ဒီနေ့ တစ်ရက်တော့ တွေ့ပါရစေ ဟာ ”  လို့ ပူဆာ   ပြော လွန်းလို့ ... ။

အိမ်နောက်ဖေး က သလဲပင် နား မှာ တွေ့ ကြတယ် ။ အရင်က တော့ တစ်ခါ မှ လက် ကို ကိုင်တဲ့ အဆင့် ထက် မကျော်ဖူးဘူး ။ ကိုရင့် ကို မယုံလို့လား ဆိုတော့လဲ မဟုတ်ပေါင် ၊ အပျို ဘဝ မှာတော့ အပျို လို ပဲ နေချင် လို့ ကို တမင် စည်း စောင့်တာ ။ အဲဒီ ချိန်း တွေ့ တဲ့ ည က တော့ ... ။

လကလေး က လည်း သာသာ .. လေကလေး ကလည်း တဖြူးဖြူး ... ခင်ပုတ်ချီ ပန်းနံ့လေးတွေ ကလည်း တသင်းသင်း နဲ့ ... ။

တွေ့လို့ မှ မကြာသေးဘူး ၊ ကိုရင် ဘာမပြော ညာမပြော နဲ့ ဗြုန်း ဆို ကျုပ် ပါးလေး ကို မွှေး ပါလေရော ။ ဒေါသ ဖြစ် လိုက်ပုံများ တော့ လေ ... ကိုရင် မို့သာ ၊ တခြား လူ သာ ဆိုရင် ပါး ကွဲအောင် ရိုက် ပစ် လိုက်မယ် မှတ် ။

သန်းခေါင်ကြက် တွန် ပြီးမှ ကိုရင် ပြန် သွားပေမဲ့ ကျုပ် တို့ ဘယ်လောက် စည်း စောင့်ကြတယ် ဆိုတာ ကျုပ် တို့ ကိုယ် စောင့်နတ် တွေ သာ အသိ ဆုံးပါ ။

ဒီနောက်တော့ သိပ် မကြာပါဘူး ။ ကိုရင် က လူကြီး စုံရာနဲ့ အမေ့ ကို လာ ပြောတယ် ။ သူ့ ဆရာ ဦးအောင်မြ တို့လည်း ပါ သပေါ့ ။ အမေ ကလည်း မငြင်း လိုက်ပါဘူး ။ ငြင်း လို့လည်း ဘယ် ဖြစ်ပါ့မလဲ တော် ။ ကိုယ့် သမီး က ကြိုက် နေမှ ကိုး ။ ပြီးတော့ ကိုရင် က အလုပ် လုပ် ရင် ခါး ချိုး ပြီး လုပ် တတ်တာရယ် ၊ ရိုးရိုးဖြောင့်ဖြောင့် ရှိ တာရယ် ၊ ကျုပ်တို့ မှာ ကလည်း အားကိုး အားထား ယောက်ျား တစ်ယောက် လို နေတာ ရယ် ..  ။ သဟာ တွေ ကြောင့် အမေ က လက်ခံ လိုက် တယ် ။

ဟော ... ဒီနေ့ ကတော့ ကျုပ်တို့ မင်္ဂလာဆောင် တဲ့ နေ့ ပေါ့ ။ မင်္ဂလာဆောင် ဆို ပေမဲ့ ကြီးကြီးကျယ်ကျယ် တော့ မဟုတ်ပါဘူး ။ ကျုပ် တို့ ကိုရင် တို့ က ငွေပို ငွေလျှံ ရှိ တာ မှတ်လို့ ။ ကျုပ် တို့ မင်္ဂလာ ဆောင် မတိုင်ခင် က ပြီး သွားတဲ့ ဇီးတော သူကြီး သမီး မင်္ဂလာဆောင် များ တော့ သိပ် စည်တာပဲ တဲ့ ။ ဝက်ကြော် ကျွေး သတဲ့ ။ ဝက်သားတုံး ကြီး တစ်တုံး တစ်တုံးများ လက်သီး ဆုပ် လောက် ရှိ ဆိုပဲ ။ မျက်နှာကြီး မင်္ဂလာဆောင် ဆိုတော့ ကြိတ်ကြိတ်တိုး စည် လွန်း လို့ .... ။

“ သတို့သား သာအေး ၊ ဝက်သား ကျွေး ၊ ဖြည်းဖြည်း ဝင်ကြပါ ”  လို့ တောင် ကျွေး ရုံ မှာ ဖျာ တစ်ချပ် ကို စာ ရေး ပြီး ကပ် ထား ရသတဲ့ ။ ခုတင် တွေ ၊ မွေ့ရာ တွေ ၊ ခေါင်းအုံး တွေ ဆိုရင်လည်း မန္တလေး ထိ တက် ပြီး ဝယ် ကြသတဲ့ ။

ဒါ တွေ ပြောတာ ကျုပ် က အားကျ လို့ပြောတာ မဟုတ် ပါဘူး ။ သူများ မင်္ဂလာဆောင် ကို သွားရည် ကျ စရာလည်း မလိုပါဘူး ။ မကြာသေးခင် က မို့ ၊ ပူပူနွေးနွေး ပြီး သွားတဲ့ မင်္ဂလာဆောင် မို့ သတိ ရလို့ ပြောတာပါ ။ ကျုပ် တို့ မင်္ဂလာဆောင် ကတော့ ဝက်ကြော် လည်း မကျွေး နိုင်ပါဘူး ။ ဝက်ကြော် မပြောနဲ့ ပဲခြမ်းကြော် နဲ့ တောင် လက် ဖက်ရည် မတိုက်နိုင်ဘူး ။ ပြောရမယ် ဆိုရင်တော့ သကြား ငါးပိဿာ နဲ့ ပြီး လိုက်တာပဲ ။ ရွာ က ကာလသား ငွေ နဲ့ ထောင် ထားတဲ့ ဘုံ ပန်းကန် တွေ ထဲ မှာ သကြား ထည့် ပြီး ကြေးဇွန်းကလေးတွေ စိုက် ဧည့်ခံ လိုက် တာဘဲ ။ လာ တဲ့ ပရိသတ်တွေ က သကြား ကို အမြည်း လုပ် ပြီး ရေနွေးကြမ်း နဲ့ သောက် ကြတယ်လေ ။

ရွာဦးကျောင်း ကိုတော့ ဟင်း စုံအောင် ချက်ပြီး ဆွမ်းအုပ် တစ်အုပ် ပို့ လိုက်တယ် ၊ ရွာ ထဲ က လူကြီးသူမ ဆယ်ဦး လောက် ကို ထမင်း ဖိတ် ကျွေးလိုက်တယ် ။ ဒီလောက် အကျဉ်း ရုံး တာ တောင် အကုန်အကျ က မသက်သာလှဘူး တော် ရေ့ ... ။

လက်ဖက်ခြောက်ဖိုး နဲ့ ၊ သကြားဖိုး နဲ့ ၊ ဆန်ဖိုး ဆီဖိုး ဟင်းလျာ ဖိုး နဲ့ ၊ လက်ဖက် ခြင်း နဲ့ လူကြီးတွေ ကတော့ ဖို့ အုန်းငှက်ပျောဖိုး နဲ့ ၊ ကာလသား ကြေး ၊ အပျို ကြေး နဲ့ ဆိုတော့ တစ်မိုးတွင်း လုံး လုပ် ထားရတဲ့ ကိုရင့် လုပ်ခလေးတော့ ပြုတ် မှာပဲ ။ အခု လုပ်နိုင် တာ တောင် မှ ကိုရင့်  သူရင်းတိုင် ဦးအောင်မြကြီး က သဘော ကောင်း လွန်း လို့ ငွေ ကြို ပြီး ထုတ် ထားပေးပေလို့ နောင်နှစ် တလင်း တက်ချိန် ကျ မှ လူငှားခ နဲ့ နှိမ် ယူမယ် ဆိုပြီး စပါးတိုး နဲ့ တွက်ပြီး ငွေ ထုတ်ပေးပေလို့ ။

နေ့လယ်တုန်း ကတော့ လက်ပံပင် ဆက်ရက် ကျ သလား လို့ အောက်မေ့ ရတယ် ။ ကောင်မတွေ မဏ္ဍပ် ထဲ မှာ ဆူညံ နေတာပဲ ။

' ဟေး .. ကိုရင်သာညွှန့်ကြီး က အခုလို ယောပုဆိုး နဲ့ ၊ တိုက်ပုံ အင်္ကျီ နဲ့ဆိုတော့ ခန့်ချောကြီး အေ ရဲ့ ၊ ငါ တောင် ကြိုက် ချင်လာပြီ ' လို့ သူငယ်ချင်း ပေါခင် က ပြောတယ် ။

ကျုပ် ကိုတော့လည်း ... “ အောင်မယ်... ရှင်မရီ  က နှုတ် ခမ်းနီ တွေ ဆိုး လို့ပါလား ” လို့ ပြောင်တဲ့ လူ က ပြောင်တယ် ။ အပျိုခန်း ထဲ ဝင် ကြပြန်တော့လည်း သူတို့ ကတော့ ပြောင်စရာ အကွက် ရှာ နေ ကြတာပါပဲ ။ အကဲဆုံး ကတော့ . . ပေါခင် ။

အခန်းထဲ ရောက်ရောက်ချင်း ပဲ အင်ကြင်းသား ခုတင်လေး ကို လှုပ် ကြည့်ကြတယ် ။ “ ခိုင်သားပဲ ဟဲ့ ”  လို့ လည်း မထိတထိ ပြော သေး ရဲ့ ။ “ ကိုရင်သာညွှန့် လက်မောင်းအိုးကြီးတွေ က အကြီးကြီး တွေ နော် ”  လို့ လည်း မဆီမဆိုင် ပြော လိုက်ကြသေးတယ် ။

ဒေါ်အုန်းသင် ကတော့ ပြော ပြန်တယ် ။ “ ဒီ ကောင်မ ကို နှမ်းဖတ် ချိန်တဲ့ ချိန်ခွင် အကြီးကြီး နဲ့ ဒီနေ့ ချိန် ကြည့် ထားချင်တယ် ။ နက်ဖြန် နံနက် ရောက် တော့လည်း တစ်ခါ ထပ် ပြီး ချိန် ကြည့်ချင်တယ် ” တဲ့ ။ ဘာ ပြောမှန်းလည်း မသိဘူး ။ အပျိုကြီး ပေမဲ့ အလာ သား ။

ကျုပ် ဖြင့် သူတို့ ကြား ထဲ မှာ ခေါင်း ကို မဖော်ရဲဘူး ။ အရေး ထဲ မှာ လုံချည် က လည်း ဒီနေ့ မှ ထုတ်ဝတ်တဲ့ ချည်ပါပိုးလုံချည် အသစ် ဆိုတော့ မာတောင့်တောင့် နဲ့ ၊ အဝတ်ရ သိပ်ခက်တာပဲ ။ ဝတ် ပြီးရင်  ချပ်ချပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆွဲ သပ် နေရတယ် ။

အကျီစား သန်ကြလွန်း လို့ ကျုပ် ဖြင့်လေ ရှက်ရှက် နဲ့ မျက်နှာ လေး ကို ဇီးရွက် လောက် ရှိတော့တယ် ထင်တာပဲ ။ ကိုရင့် ကို လည်း သူ့ သူငယ်ချင်း ထနောင်းမြိုင် က ကိုစန်းမောင် တို့ လူသိုက် က သည် လိုပဲ ပြောင်ကြ နောက်ကြမယ် ထင်ပါရဲ့နော် ။

ကိုရင် ဆိုတဲ့ ကိုရင် ကတော့လေ ... ။ သူ့ အလုပ် ကိုတော့ သူ သိပ် လေးစားတာ ။ မင်္ဂလာဆောင် မှာ လူ စဲ ကာ ရှိသေးတယ် ။ ဘုံပန်းကန် တွေ တောင် ကာလသားခေါင်း အိမ် ပြန် မပို့ရသေးဘူး ။ ငှား ထားတဲ့ ဖျာ တွေ ကိုတောင် ပြန် မပို့ရသေးဘူး ။ လယ်တော ကို ထွက် သွား တော့တာပဲ ၊ မသွား လို့ လည်း မရ ဘူးလေ ၊ သူရင်းတိုင် ဦးအောင်မြ က လူ လွှတ်ပြီး အခေါ် ခိုင်းတာကိုး ။

လူ က တစ်ယောက်တည်း ရှိတော့ နွား ကျွေးတာ ကို မလစ်ဟင်းစေချင်ဘူး တဲ့ ။ ပြီးတော့ သူ့ လယ်တွေ ကို အဝှမ်း အကော ညှိ ချင်သတဲ့ ။ မူးရေ မလာခင် မိုးဦး အမီ ညှိ ထားရမှာမို့ တစ်ရက် မှ မပျက်စေချင်ဘူး တဲ့ ။ ကိုရင် ကတော့ ထူးထူးထွေထွေ ပြော မနေ ပါဘူး ။ အဝတ်အစားသစ် တွေ ကို အဝတ်ကြမ်း နဲ့လဲပြီး ပေါက်ပြား တစ်လက် ဆွဲ ထွက် သွားတာပါပဲ ။ ဒီလောက် အလုပ် ကို လေးစား တဲ့ လူ ၊ ဒါကြောင့် လည်း ကျုပ် ကို အေးငြိမ်း တရွာလုံးက “ မယ်အေး သမီး မြရီ တစ်ယောက် လင်ရ ကံကောင်းတယ် ။ ပုဆိုး ရေမခြောက် လုပ်ကိုင်ကျွေးမယ့် လူ ကို ရတယ် ”  လို့ ချီးမွမ်း ကြတာ နေမှာပါပဲ ။

လယ်ထဲ က ပြန် လာ ပြန်တော့လဲ သူ့ ခမျာ မထိုင်အား ရှာဘူး ။ ဦးအောင်မြ နွားမ တစ်ကောင် က ပြန် မလာဘူး တဲ့ ။ နွေ ဆိုတော့ ခိုင်းနွားတွေ ကို သာ အိမ် မှာ ဖျော် ကျွေးပြီး ကျန်တဲ့ နွားမတွေ နွားလေး တွေ ကိုတော့ လယ်တော ထဲ လွှတ် ထားကြတာ ကိုး ။ အဲဒါ ချိုထောင်မ တစ်ကောင် က ပြန် မလာလို့ နွား ရှာ သွားရဦးမယ် တဲ့ ။ 

အမေ က ချွေးသံတွေ နဲ့ သူ့ သမက် ကို ကြည့်ပြီး ... “ နား ပါဦးလား မောင်သာညွှန့် ရယ် ”  လို့ ပြောတာတောင် မှ မနားဘူး ။ “ မနားသေးဘူး အရီးအေး ရာ ၊ နေ ရှိတုန်း ရှာမှ ၊ ဒီ နွားမ က သိပ်ဆော့ တာ ” ဆိုပြီး ချွေး မတိတ်ခင် ထွက် သွားပြန်တယ် ။ အမေ ကတော့ အလုပ် ရိုသေ တဲ့ သူ့ သမက်ကလေး ကို သဘော ကျလွန်း လို့ ခေါင်း ညိတ်ညိတ် နဲ့ ။        

သွားမယ့် သွားတော့လည်း ခုထိ တောင် ပေါ် မလာသေးဘူး ၊ အနောက် ကွင်း က ကုန်းအတက် မှာများ လူရိပ် မြင်လေသလား ... ကိုရင် ပြန်လာ လေမလား လို့ ခြေဖျား ထောက်ပြီး မျှော် ကြည့် နေရတယ် ၊ မျှော်ရ လွန်း အား ကြီး တော့ ဒေါသ ဖြစ် လာ တယ် ၊ ရင် ထဲ မှာ လဲ ကော့ရွာ ဗြော တီး နေသလို တဒိန်းဒိန်း တ ဖြုန်းဖြုန်း နဲ့ ၊ ငါ့ နှယ် နော် ... စိတ် မရှည်လိုက်တာ .. ။ ပင်ပင် ပန်းပန်း မလုပ် ရပေမဲ့ တစ်နေ ကုန် ကောက်စိုက် ထားရသလို မော နေ တယ် ။ ငါ့ နှယ် နော်... စိတ် မရှည် လိုက်တာ ... ။

ကိုရင် ကို စိတ် ပေါက်တိုင်း ကျော မှီပြီး ရပ် နေတဲ့ပန်ကျည်းပင်ကြီး က မန်ကျည်းရွက်တွေ ကို အငြိုး နဲ့ သပ် သပ် ချနေ မိတယ် ။ သွားလေရော့ ဟဲ့ ... သွားလေရော့ ဟဲ့ လို့ ဆိုဆိုပြီး.. ။

အင်း ... ကိုရင် က လည်း နော် ခုထိတောင် ပေါ် မလာနိုင် သေးဘူး ။

( ၄ )

လာမယ့် လာတော့ မှောင် မှ မည်း မှ ။ နေစုပ်စုပ် တန်း မှ ၊ မိုးကြီး စုပ်စုပ် ချုပ် မှ ။

သည်လောက် တောင် ကြာရကောင်းလား ဆိုပြီး ဒေါပွပွ နဲ့ သူ့ ကို နှုတ်တောင် မဆက်လိုက်ဘူး ။ လက် လာ ကိုင်တော့လည်း ဆောင့် ရုန်း ပစ် လိုက်တယ် ။ ကျောင်းခေါင်းလောင်းစင် က ဂဠုန်နှုတ်သီး လို ချွန် နေအောင် နှုတ်ခမ်း ကို လည်း တအား စူ ထား လိုက်တယ် ။ စိတ် ဆိုး နေမှန်း သိရော့ ဟဲ့ ဆိုပြီး မျက်စောင်း လည်း ခဏခဏ ထိုး တယ် ။ ဒါကို ဘသားချော က စိတ် ဆိုး လို့ ဆိုးမှန်း မသိဘူး ။ မရိပ် မိဘူး ။    

စိတ် ဆိုး မှန်း မသိတဲ့ အပြင် ရေသနုပ်ပုဆိုး နဲ့ သူ့ ချွေးတွေ ကို သုတ် ပစ်လိုက်ပြီး ... 

“ ရှာလိုက်ရတာ ကွာ ၊ တစ်ကွင်းလုံး ကို နှံ့နေတာပဲ ၊ ငါးရတွင်း လောက် ဝေး တဲ့ လုံးဘော် ရွာ နား မှာ မှ သွားတွေ့တယ် ၊ နွားမ က နွားရိုင်း ပြေး ပြေးတာ ကို ကွ ။ မူးရိုး ဘေး က လယ်ကွင်း ထဲ မှာ လဲ နေတယ် ၊ မြက်စိမ်းတွေ ရိတ် ကျွေး ၊ ရေ တိုက်ပြီး ထူထူထောင်ထောင် ဖြစ်အောင် လုပ်ပြီးမှ မနည်း ဆွဲ ခေါ် လာရတယ် ၊ မော လိုက်တာကို လွန် ပါရော ...”  တဲ့ ။

မောတယ် လို့ ပြောတာ က သူ့ ကို ရေ ခပ်ပြီး တိုက်စေချင် လို့ ပြောတာ ၊ တိုက် ပေါင် တော် ။

“ နေ့လယ် က လည်း ပေါက်ပြား ပေါက် ၊ ညနေပိုင်း လည်း လျှောက် သွား ထားရတော့ တစ်ကိုယ်လုံး ကို ညောင်းပျစ်နေတာပဲဟေ့ ”  တဲ့ ။

ဒါက အိပ်ရာဝင် ကျ ရင် သူ့ ကို နင်းနှိပ်ပေးအောင် လို့ ပြော တာ ၊ နင်း ပေါင် တော် ။ ဒါမျိုး များ တော့ စောမေ တို့ က နော ကျေ လို့ ၊ နင်းလိုက်ပါလိမ့်မယ် အားကြီး ။ လင် နေ စ ဆင် သေ မှ တဲ့ ။

ထမင်း တောင် မှ “ ဟဲ့ .. မိရီ ထမင်း ခူးကျွေးလိုက်ပါဦး ဟဲ့ ၊ သူ့ခမျာ မောမောပန်းပန်းနဲ့ပြန်လာတာ ” လို့ အမေ က ပြော လို့ ခူးကျွေးတာ ၊ နို့မို့တော့ အဝေးသား ။

မနက် က မင်္ဂလာဆောင် က အကျန် နဲ့ ဆိုတော့ ညနေ ထမင်း က ဟင်း သိပ် မညံ့ဘူး ။ စား လိုက်တာလေ ၊ ကိုရင် ကတော့ ခေါင်း တောင် မဖော်ဘူး ။ ထန်းသီးလောက် ရှိတဲ့ သူ့ လက်ကြီး နဲ့ ထမင်းတွေ ကို ဆုပ်ဆုပ်ပြီး လွေး လိုက်တာ ။

“ စား .. စား တို့ သားအမိ က စား ပြီး ပြီ ၊ မင်း တစ်ယောက်ပဲ ကျန် တော့တာ ” လို့ အမေ က တောင် သူ့ သမက် စား တာ ကြည့်ပြီး စေတနာ ပို နေလိုက်သေးတယ် ။ စား ပြီးပြန်တော့ ပြောင်းဖူးဖက် ဆေးလိပ် တစ်လိပ် နဲ့ သူ က မှိန်း နေတယ် ။

ကျုပ် က လည်း စကား မပြောဘူး ၊ သူ က လည်း စကား မပြော ဘူး ၊ အမေ က လည်း ပုတီး စိပ်နေတာမို့ စကား မပြောဘူး ။

တဖြည်းဖြည်း နဲ့ ရွာ ထဲ မှာ လူသံ နွားသံ တွေ ဆိတ် လာ တယ် ။ ဘုတ်အီ သံ ၊ ခါပြောက် တွန်သံ တွေ လည်း မကြား ရတော့ဘူး ။ အိမ်တိုင်း မှာလည်း ရေနံဆီမီးခွက်ကလေး တွေ တလက်လက် နဲ့ ။

ကိုရင် ဆိုတဲ့ လူ က စကား ပြော ရင် ဘယ် ရောက် လို့ ဘယ် ရောက်မှန်း သိ မထင်ပါဘူး ၊ ကိုယ် ထွန် ရမယ့် လယ် ကို မြင် တာနဲ့ ရေ အတိမ် အနက် ဘယ်လောက် ရှိတယ် ဆိုတာကို သိ ပေမဲ့ ... ကိုယ် ပြောမယ့် စကား ရဲ့ အတိမ်အနက် ကို တော့ သိပုံ မပေါ်ဘူး ။

ကြည့်ပါလား ၊ သူငယ်အိပ်ဆိတ် ကြက်တောင် မတွန်သေးဘူး ။ ရွာဦးကျောင်း က ဘုရားဝတ်တက် ခေါင်းလောင်း တောင် မထိုးသေး ဘူး ။ “ အိပ်ချင်ပြီ ကွာ ... အခန်းထဲ ဝင်ပြီး လှဲ ချေကြစို့ရဲ့”  တဲ့ ။

ဒါ... ယောက္ခမ ရှေ့ မှာ သမက် အသစ်စက်စက် က ပြောရ မယ့် စကား တဲ့ လား ၊ ကိုယ့် စကား က ဘယ် အထိ တာ သွား တယ် ဆို ဟာ သူ မသိဘူး တဲ့ လား ။ ပြော ပြီးတော့ လည်း ခဏလေး တောင် ဟန် လုပ်ပြီး ထိုင် မနေဘူး ။ မီးခွက် တစ်ခွက် ညှိ လို့ ထ တည့်ပြီး ရောက် လာတဲ့ အိမ် ကိုပဲ မမွေးခင် က နေလာ တဲ့ အိမ် ကျနေတာပဲ ။ ပိုင်စိုး ပိုင်နင်း ရှိ လိုက်တာ ။

ကျုပ် ကတော့ လိုက် မသွားပါဘူး ။ အမေ့ နားမှာပဲ အကြာကြီး ထိုင် နေလိုက်တယ် ။ စိတ် ထဲမှာ ဘာလိုလို နဲ့ မို့ ၊ ရေနံဆီ မီးခွက် ရဲ့ မီးစာ ထိပ် က မင်သီးလေးတွေ ကို တွယ်ချိတ်အပ်ဖျား နဲ့ ခြွေ နေ လိုက်တယ် ။

ကြာ လာတော့ အမေ က ပြော တယ် ... ။

“ ဟဲ့ .. မိရီ အိပ်ချေတော့လေ ၊ မိုးချုပ်ပြီ ”  တဲ့ ကျုပ်ကတော့ မထရဲ သေးပါဘူး ။ အမေ့ ကို ရှက်နေတယ် ။

“ ဟဲ့ ကောင်မလေး ... ပြောနေတာ မကြားဘူးလား ၊ တစ်နေ့ လုံး လည်း မိုးတိုးမတ်တတ် နဲ့ နေ နေရတာ အညောင်း မိနေလိမ့်မယ် ၊ လှဲ ချေတော့ ”  တဲ့ ။

သည်တော့မှ အသာလေး မထ ချင် ထချင် နဲ့ ထိုင် ရာ က ထ တယ် ။ စိန်ဂွက်ထော် အငြိမ့် ထဲ က ယိုးဒယား က တဲ့ မင်းသမီးလေး ထိုင် ရာက ထ သလို တကယ့် ကို ဖြည်းဖြည်းလေး ထ တယ် ။

အခန်း နဲ့ အနီးလေး ပေမဲ့ သွား ရမယ့် ခရီး က တစ်ခေါ် လောက် ဝေး သလို စိတ် ထဲ မှာ ထင်နေမိတယ် ။ ကျုပ် ဖြင့် ဟောဒီ မင်္ဂလာ ဦး ည ဆိုတဲ့ ဟာကြီး ကို အခုလို ကြုံလာ မှ ပိုပြီး ကြောက် လာတယ် ။ စိတ် ထဲ မှာ လဲ လေး လာတယ် ။ ရင် ထဲ မှာ လည်း တလှပ်လှပ် နဲ့ ကိုယ့် လက်ဖျားတွေ ကိုယ် ကိုင် ကြည့် တော့လည်း တစ္ဆေလက် ကျနေတာပဲ ။ အေးလို့ စက်လို့ ။

နေ့ခင်း တုန်း က ကောင်မ တွေ ပြော ခဲ့တဲ့ စကားတွေ ကို ပြန်ပြီး ကြားယောင် လာမိတယ် ။ အခန်းတံခါးဝကြီး ကို မြင် ရတာကို က ပဲ ကျားပါးစပ်ကြီး လို ဘဲ ။ အခန်းထဲ ဝင် ရမှာကိုလဲ မျှော့တွေ ၊ ကျွတ်တွေ လန်းလန်းလန်းလန်း နေအောင် ပေါလှပါတယ် ဆိုတဲ့ လယ်ကွက် ထဲ ဆင်း ရမှာ လို အသည်း ယား နေတယ် ။

တုံ့နှေး တုံ့နှေး လျှောက် လာရင်းက မီးခွက်ရောင် ရှိလျက် နဲ့ကို ပဲ တံခါးနား မှာ ချ ထားတဲ့ ဆေးစပ်တောင်းကြီး ကို ခလုတ် တိုက် မိ ပါလေရော ။ ကိုယ့် ပါးစပ် ကို ကမန်းကတန်း ပိတ် ပေမဲ့ မရဘူး ။

' အမေ့ '  လို့ အကျယ်ကြီး ယောင် အော် လိုက်မိတယ် ။ အဲဒါမှ ဒုက္ခ ။ ကျုပ် အော်သံ ကို အခန်း ထဲ က ဟို လူကြီး ကြားသွားတော့မယ် ။ ကြားရင် ကျုပ် အခန်း ထဲ ဝင်လာတော့မယ် ဆိုတာ သူ ကြီး သိတော့ မယ် ။ သိရင်း သိလို့ အခန်း တံခါး ဘေး မှာ အသာလေး ကပ် နေပြီး ကျုပ် ဝင် အသွား မှာ ဆီးပြီး ပွေ့ လိုက်ရင် ဘယ့်နှယ် လုပ်ပါ့မယ် ၊ အဲသလိုများ ပွေ့ လိုက်ရင် ...

အဲဒါ တွေ တွေးရင်း ... လန့်ရင်း ... ကြောက်ရင်း ...၊ ဒူး တဆတ်ဆတ် တုန် ရင်း ... ဖို နေတဲ့ ရင် ကို လက် နှစ်ဖက် နှင့် စုံ ဖိရင်း ... ငြိမ် နေတဲ့ အခန်းကြီး ထဲ ကို တထိတ်ထိတ် နဲ့ တစ်လှမ်းချင်း ဝင် လိုက်ရတယ် ။

အခန်း ထဲ ရောက် ပြန်တော့မှ ဟို .. ဟို ... ခုတင်ကြီး ဆီ ကို မရဲတရဲ နဲ့ ကြည့် လိုက်ရတယ် ။ ဟော တော်  ... ဟော တော် ... ။

အရပ်ကတို့ ရေ .. ကြည့် လှည့်ကြပါဦး ။ မင်္ဂလာဦးည သတို့သား တဲ့ တော် ။ တစ်ညလုံး တစ်ရေး မှ မနိုးတော့ မယ့် အိပ် ပုံမျိုး နဲ့ ခြေပစ် လက်ပစ် နှစ်နှစ်ခြိုက်ခြိုက် အားရပါးရကြီး ကာလနဂါး အိပ် သလို အိပ် ပျော် နေလိုက်တာ ... ။

ကိုရင်သာညွှန့် တစ်ယောက် က ဖြင့် တခူးတခူး တခေါခေါ မြည်အောင် တောင် ဟောက်လို့ များ နေ ပါပကောလား တော် ရေ့ ... ။

◾ မြတ်သင်း

📖 မြဝတီ မဂ္ဂဇင်း
      အောက်တိုဘာလ ၊ ၁၉၇၀
     
Aung Naing Oo
15 Aug 2022

No comments:

Post a Comment