❝ ခေါင်းလောင်းသံ မကြားလိုက်ရတဲ့ ကျီးကန်း ❞
တစ်ခါက ကျီးကန်းတွေ ရဲ့ စာသင်ကျောင်း မှာ ဆရာမကြီး က တပည့်တွေ ကို ဆုံးမတယ် ။
“ မင်းတို့ အားလုံး ငါ ပြောတာ ကို ကြားတယ် မဟုတ်လား ”
“ ကြားပါတယ် ဆရာမကြီး ”
“ အေး .. ဒီ ပုံပြင် ထဲ က ကျီးကန်း လို မမိုက်မဲ မိ ကြစေနဲ့ ။ ဆင် သေကောင် ရဲ့ အသား ကို စားဖို့ မက်မောရင်း ပင်လယ် ထဲ မှာ ဒုက္ခ ရောက်ရတယ် ။ ကမ်းမမြင် ၊ လမ်းမမြင် သေ သွားရတယ် ။ ကြပ်ကြပ် သင်ခန်းစာ ယူကြ ”
“ ဟုတ်ကဲ့ပါ ဆရာမကြီး ”
အဲဒီ အချိန် မှာ စာသင်ခန်း ထဲ ကို ရောက် မလာတဲ့ ကျီးကန်းလေး တစ်ကောင် လည်း ရှိတယ် ။ ကျောင်း ပြေးတာ ရယ်တော့ မဟုတ်ပါဘူး ။ ကျောင်းတက်ခေါင်းလောင်း သံ ကို သူ မကြား လိုက်တာပါ ။ ရွာအပြင် မြစ်ဆုံ က သစ်ပင် ကြီး တစ်ပင် ပေါ် မှာ သူ နားနေတယ် ။ ကျီးကန်းမျက်စိ မို့ လို့ ဟိုကြည့် ဒီကြည့် ကြည့်ရင်း ရေ ထဲ မှာ တလိမ့်လိမ့် မျော ပါလာ တဲ့ အရာကြီး တစ်ခု ကို သူ မြင် လိုက်သတဲ့ ။
“ ဟာ .. ဘာကြီးပါလိမ့် ”
ထင်ထင်ရှားရှား တွေ့ရတော့ သူ အံ့ဩသွားတယ် ။
“ ဟာ ... ဆင်သေကောင်ကြီးပဲ ”
ဆင်သေကောင် က လတ်လတ်ဆတ်ဆတ် ပဲ ရှိ သေးတယ် ။ အကြီးကြီး ၊ အကြာကြီး စား လို့ရတယ် ။ သူ ဝမ်းမြောက်ဝမ်းသာ နဲ့ ဆင်သေကြီး ဆီ ထိုး ဆင်းသွားတာပေါ့ ။ ဟိုတို့ ဒီဆိတ် နဲ့ မြိန်ရေယှက်ရေ စားသောက်ရင်း ဆင်သေကောင်ကြီး နဲ့ အတူ ပင်လယ် ဆီ မျောပါ သွားတော့ တယ် ။ အဲဒီ မြင်ကွင်း ကို မြင် လိုက်တဲ့ ကျီးကန်း တချို့ ရှိတယ် ။
“ ဟာ ... ဒီကောင်တော့ ဒုက္ခပါပဲ ”
“ ဟုတ်ပါရဲ့ တော်တော် မိုက်တဲ့ ကောင်ပဲ ”
အဲဒီ သတင်းက ကျီးကန်းတွေ ရဲ့ ရွာ ထဲ မှာ အုတ် အော်သောင်းတင်း ဖြစ် ကုန်တော့တယ် ။ ဆင်သေ နဲ့ အတူ ပါသွားတဲ့ ကျီးကန်းလေး ကတော့ ဆင်သေ အသား ကို စားပြီး သူ့ ဘာသာ ကျေနပ် အားရနေတယ် ။ တဖြည်းဖြည်း ဆင်သေ ရဲ့ အသား က ကုန်ခမ်းလာပြီး ကမ်းမမြင်လမ်း မမြင် အခြေအနေ ကို သုံးသပ် မိတော့မှ
“ ဟာ .. ပြဿနာ ပဲ ”
ဆင်သေ က မကြာခင် လုံးလုံးလျားလျား ကုန် တော့မယ် ။ အဲဒီ အခါ မှာ သူ့ မှာ စားစရာ လည်း မရှိတော့ ဘူး ။ နားစရာလည်း မရှိတော့ဘူး ၊ ဒေါင်လိုက် ပဲ ဖြစ်ဖြစ် ၊ အလျားလိုက် ပဲ ဖြစ်ဖြစ် ပင်လယ် ကို ဖြတ်ပြီး သူ မကူးနိုင် ဘူး ။
“ ငါ ဘယ်လို လုပ်ရပါ့မလဲ ”
ကုသိုလ်ကံလေး နည်းနည်း ကောင်းချင်တော့ တခြား တိရစ္ဆာန် အသေကောင်တွေ မျော လာတာ နဲ့ ထပ် တိုးတယ် ။ တစ်ကောင် ပြီး တစ်ကောင် ပေါ် ခုန် တက်လို့ နားရင်း စားရင်း သူ့ အသက် ကို ရသလောက် ဆွဲ ဆန့် နေရ တယ် တဲ့ ။
ကျီးကန်းတွေ ရဲ့ ရွာ မှာ တော့ သူ့ အကြောင်း ကို မေ့လျော့စ ပြုလာပါပြီ ။ ကျီးမိုက်များ ရဲ့ စာရင်း ထဲ မှာ နာမည်သစ် တစ်ခု အနေနဲ့ ပဲ သွင်း လိုက်ကြပါပြီ ။ ဆင်သေကောင် မက်မောမိ တဲ့ ကျီးကန်း အကြောင်း ကို ပြောတိုင်း ဆရာမကြီး က သူ့ ကို ဥပမာ ပြုပြီး ဆုံးမ ရတော့တာပေါ့ ။
အဲဒီလို နဲ့ သုံးနှစ် လောက် အကြာ မှာ ...
“ ဟင် ... မင်း ... မင်း ပြန်လာတယ် ”
“ ဟုတ်တယ်လေ ၊ ကျွန်တော် ပြန် လာတယ် ”
“ မင်း .. မင်း ဆင်သေကောင်ကြီး နဲ့ ပါ သွားတာ မဟုတ်လား ”
“ ဟုတ်တယ်လေ ... အခု ရွာ ကို သတိ ရ လို့ ပြန် လာတာ ”
ဆင်သေကောင် နဲ့ ပါသွားတဲ့ ကျီးကန်းလေး က ရွာ ကို ပြန် ရောက်လာပါတယ် ။ အတက်ချီကေ့စ် ကို ဆွဲပြီး နိုင်ငံခြားဖြစ် အကောင်းစား မျက်မှန် နဲ့ အကောင်းစား အဝတ်အစားတွေ နဲ့ တစ်ကိုယ်လုံး ကို ဖိတ်ဖိတ် တောက်လို့ ။
“ ဘယ်လိုတွေ ဖြစ်သလဲကွာ နည်းနည်း ရှင်းပြပါဦး ”
ရွာသား ကျီးကန်းတွေ က သူ့ ကို ဝိုင်းအုံပြီး မေးကြ တယ် ။ သူ က စီးကရက် ကို ပါးစပ် မှာ ခဲပြီး အကောင်းစား မီးခြစ် နဲ့ ထောက်ကနဲ မီး ညှိလိုက်တယ် ။ ဘောင်းဘီ ပေါ် မှာ တင် နေတဲ့ ဖုန်မှုန့်ကလေး ကို တောက် ထုတ်ပြီး သူ့ အကြောင်းတွေ ကို ရှင်း ပြတယ် ။
“ .... အဲဒီလိုနဲ့ ဗျာ တစ်နေ့ ကျတော့ ပင်လယ် ကူး သင်္ဘော တစ်စင်း နဲ့ ကျွန်တော် သွား တွေ့တယ် ။ သူ တို့က ကျွန်တော့် ကို လေကြောင်းအရာရှိ အဖြစ် ခန့်အပ် လိုက်တယ် ။ အဲ့ဒီလို နဲ့ ပဲ ကျွန်တော် လည်း ကမ္ဘာ ပတ် နေ လိုက်တယ် ။ ရွာ ကို လည်း သတိ ရ တာ နဲ့ ဒီ တစ်ခေါက် တော့ ဝင် ဖြစ်အောင် လှည့် ဝင်လာတာ ။ မနက်ကပဲ လေယာဉ် ဆိုက် တာလေ ”
နောက်တော့ သူ့ ဆီ မှာ ပါတဲ့ နိုင်ငံတကာ အသုံး အဆောင်ပစ္စည်းတွေ ကို လက်ဆောင် လိုက်ပေးတယ် ။
ကျေးဇူးတင် စကား ပြန် ပြောကြ ၊ လက်ဆောင်ပစ္စည်းတွေ ကို ပိုက် ပြီး အူမြူးကြ နဲ့ အဲ့ဒီ ည က ဆို ကျီးကန်းတွေ တစ်ရွာ လုံး အိပ်လို့ တောင် မရဘူးတဲ့ ။
မနက် မိုးလင်းတော့ ဆရာမကြီး က ကျောင်း ကို ဖွင့်တယ် ။
“ ဂလောင် ... ဂလောင် .. ဂလောင် ”
ခေါင်းလောင်း ခေါက် ပေမယ့် တပည့်တွေ က ရောက် မလာဘူး ။
“ ဘယ်လို ဖြစ်တာပါလိမ့် ”
ဆရာမကြီး ဟာ ကြိမ်လုံး ဆွဲ ပြီး သူ့ တပည့်တွေ ကို ရွာ ထဲ မှာ လိုက်ရှာတယ် ။ မတွေ့ဘူး ။ တွေ့ မယ့် တွေ့ တော့ ရွာ အပြင် မြစ်ဆုံ က သစ်ပင်ကြီး ပေါ် မှာ ။ သူ့ တပည့်တွေ အားလုံး စီစီရီရီ နား လို့ ။
ဆရာမကြီး က ဒေါသတကြီး မေး လိုက်တယ် ။
“ မင်းတို့ ခေါင်းလောင်း ခေါက် တာ ကို မကြား ဘူးလား ”
အားလုံး က ပြန် ဖြေတယ် ။
“ မကြားလိုက်ပါဘူး ”
“ နေပါဦး ၊ မင်းတို့ က အဲဒီ မှာ ဘာ လုပ်နေကြတာလဲ ”
သည်တစ်ခါ ပြန် ဖြေတော့လည်း ညီတူညာတူပါပဲ ။
“ ဆင်သေကောင် ကို စောင့် နေတာ ”
◾ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
aung naing oo
9 Aug 2022
.
No comments:
Post a Comment