Monday, August 22, 2022

တေလေမ


 

❝ တေလေမ ❞

ကျွန်မ သည် ရွှေဘိုမြို့ က ဖြစ် ပါသည် ။ ကျွန်မ ၏ မိဘများ မှာ ပစ္စည်း ကြွယ်ဝသူများ ဖြစ်၍ အင်္ဂလိပ်ကျောင်း တွင် ၇ တန်း အထိ သင် ဖူးပါသည် ။ ကျွန်မ အသက် ၁၄ နှစ် တွင် အပျိုပေါက်စ လည်း ဖြစ်ပြီး ... ။ ကုန်သည် ရိုးရာ စာတွေ သိပ် သင်ဖို့ မလိုဘူး ဆိုပြီး ကျောင်း ထုတ်ထားပါသည် ။ ကျွန်မ ၏ အသက် ယခု ၁၈ နှစ် ရှိ ပါပြီ ။ ကျွန်မတို့ မှာ ညီအစ်မ သုံးယောက် ရှိရာ အစ်မ အကြီးဆုံး မှာ ဆရာကြီး ဦးပြည့်စုံ ကျောင်း တွင် ၆ တန်း က ထွက် ရ၍ ၊ အစ်မလတ် မှာ မြန်မာစာ ၇ တန်း က ထွက် ရပါသည် ။ ကျွန်မ မိဘများ သည် ကုန်သည်ရိုးရာ လုပ်ကိုင်သူများ သည် လခစား လုပ်ရသူ ထက် ပညာဉာဏ်ဗဟုသုတ ပိုမို အမြင်ကျယ်ရမည့် သဘော ကို မသိ ကြပါ ။ ယခုလို ရေးသားခြင်း ကိုပင် မိဘ အား ပုတ်ခတ် ရေးသားသည် ဟု အဆို ခံရပါသည် ။ အမှန်အားဖြင့် ဆိုသော် ကျွန်မ ၏ မိဘများ သည် ခေတ်ဉာဏ် ခေတ်မျက်စိ အလင်းများ မရကြပါ ။ ကျွန်မ သည် သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်း ၊ ဝတ္ထုစာအုပ် မှ စ၍ နေ့စဉ် တစ်နေ့ ၄ နာရီ ၅ နာရီ ထက် မနည်း ဖတ်ရှုလေ့ ရှိရာ ၊ တစ်ခါတစ်ရံ စာဖတ်ခြင်း ကြောင့် အမာန်အမဲ ခံ ရပါသည် ။ အယ်ဒီတာမကြီး ရဲ့ တစ်ဆိတ်ကလေး စာအုပ် ချ ပါဦး .. စာရေးဆရာမကြီး ရဲ့ နဲ့ မကြာခဏ ပြောဆို တတ် ကြပါသည် ။ ကျွန်မ မှာ ပစ္စည်း ကြွယ်ဝသော မိဘ ၏ လက်ထဲ တွင် ရောက် သော်လည်း ဝမ်းမြောက်ခြင်း မရှိလှပါ ။

တစ်နေ့သော် ကျွန်မ သည် ကျွန်မ အခန်း ထဲ တွင် အခန်း တံခါး ပိတ်ပြီး စွပ်ကျယ်လက်ပြတ် ဝတ် ၊ ဒူး ဖုံးရုံ ဘောင်းဘီတိုကလေး နဲ့ ကျန်းမာရေး လေ့ကျင့် နေပါသည် ။

ဗြုန်းခနဲ

“ ဟဲ့ .. တင်တင် ၊ တံခါးဖွင့်စမ်း .. တံခါး မြန်မြန်ဖွင့်စမ်း ”

နှင့် မေမေ ရဲ့ အသံ ကို ကြား လို့ ဖွင့် ပေးလိုက်ရာ ၊ မေမေ က မျက်နှာကြီး ရှစ်ခေါက်ချိုး နဲ့ ကြည့်ပြီး ..

“ ညည်း .. ဆပ်ကပ် ထဲ လိုက် မလို့လား ”

“ မဟုတ်ပါဘူး မေမေ ရဲ့”

“ ညည်း ကိုယ် ညည်း မရှက်ဘူးလား ၊ ကြည့်စမ်းပါ တော် .. ဘောင်းဘီတို ၊ စွပ်ကျယ်လက်ပြတ် နဲ့ ၊ ဘာ နဲ့ တူနေသလဲ ”

“ ညည်း ကိုယ်စောင့်နတ် ကို မရှက်ဘူးလား ”

“ ကိုယ် စောင့်နတ် ကို မြင် မှ မမြင်ရဘဲ ၊ ဒီလို ရှက်ကြစတမ်း ဆိုရင် .. မေမေ တို့ ကျွန်မ မွေး လာတာ မရှက်ဘူးလား ”

ဟု ပြန်လှန် ပြော မိပါသည် ။ ကျွန်မ စကား မှား သွားပြီ ဟု ထင် ပါသည် ။ မေမေ သည် အကန်းမ ၊ ဘာမ နဲ့ ဆဲ ဆိုပြီး နင့် ဖေဖေ လာမှ သိစေမယ် ဟု ကြိမ်းဝါး သွားပါသည် ။

ကျွန်မ ဖေဖေ မှာ ခေတ် ကို သိပ် မမီသော်လည်း အငယ်ဆုံး အထွေးဆုံး သမီး ဟု ကျွန်မ နာမည် တင်မြ ကို တောင် အပြည့်အစုံ မခေါ်ရက်ဘဲ တင်တင် ၊ မြမြ စသည် ဖြင့် ခေါ်၍ များစွာ အလို လိုက်ပါသည် ။ ကျွန်မ လည်း ဆက်လက် လုပ်မြဲ လုပ်ပြီး ရေချိုး ကာ ထဘီ ၊ ဖျင်ရင်ဖုံးအင်္ကျီ ၊ သနပ်ခါးဘေးကျား လိမ်းလျက် မေမေ့ အခန်း ထဲ ကူးသွားပြီး

“ မေမေ .. ကျွန်မ ဒီလို လုပ်တာ ငရဲ ကြီးသလား ”

ဟု မေး မိပါသည် ။

“ ဒင်း တစ်ယောက် မှ စုန်းပြူးပြီး ဘယ်လို အရူး ကို မွေး ထားရမှန်း မသိဘူး ၊ ဟိုကောင်မတွေ ဆိုရင် မိဘ က ထ ဆို ထ ၊ ထိုင် ဆို ထိုင် ၊ သေဆိုသေ ၊ ဒင်းကျမှ သူ့ အဖေ ရှေ့နေ မဟုတ်ဘဲ ဆင်ခြေဆင်လက် ဆင့်ဖင်ခေါင်းတွေ နဲ့ ပြန်လှန် ပြောတော့တာပဲ  ”

ဟု ညည်းတွားပါသည် ။

ကျွန်မ သည် မိဘ ကို အထူး ရိုသေပါသည် ။ မည်သည့် အခါမျှ မတရား မပြောပါ ။ မတရား လည်း မလုပ်ပါ ။ သို့ရာတွင် ဟုတ် မဟုတ် အကျိုးအကြောင်း ကို ပြန်လှန် ရှင်းပြလေ့ရှိရာ ၊ ထိုသို့ ပြန်လှန် ရှင်းပြသည် ကိုပင် ကျွန်မ မေမေ မနှစ်သက်နိုင်အောင် ဖြစ် ပါသည် ။ ကျွန်မ ပြန်လှန် ပြောမိသည့် အတွက် အရိုက် ခံရပေါင်းလည်း များ ပါပြီ ။ ဝါသနာ ကို ကား ဖျောက်ဖျက်၍ မရပါ ။

တစ်ခါတစ်ရံ

“ငါ က .. နင့် အမေ ... နင် က .. ငါ့ သမီး ၊ နင့် အရင် ငါတို့ က ထမင်း စား လာတာ နင့် ထက် လိမ္မာတယ် ၊ ပါးတယ် မှတ်ဟဲ့ ..”

အဲသည်လို ပြောလေ့ ရှိတယ် ရှင့် ။

ကျွန်မ က ..

“ မေမေ .. မေမေ ဗိုက် ကြီးတုန်းက ဟဲ့ .. မိတင်မြ .. ငါ့ ဝမ်းထဲ ဝင်ခဲ့ လို့ ခေါ်သလား ၊ မခေါ်ဘူး နော် ၊ ကျွန်မ ဘာသာ ကံ ပစ်ချရာ မေမေ့ ဗိုက်ထဲ ရောက် နေတာ မဟုတ်လား ၊ နောက် မွေးတော့ မှ သမီး ဖြစ်နေတာပေါ့ ”

ဟု ကျွန်မ စကား စသည် ကို မေမေ နား မလည်သေးပါ ။

“ ဒီမယ် မေမေ .. မေမေ က အခု ကျွန်မ ကို မွေးတယ်နော် ၊ ဟိုး ကမ္ဘာ့ကမ္ဘာ ရှေး အတိတ်ဘဝ ကလည်း ကျွန်မ က မေမေ့ ကို မွေးခဲ့ဖူးမှာ ပဲ ။ ( မေမေ သည် ကျွန်မ အား အရူး ထင် နေပါသည် ။ ) ဒီတော့ သံသရာ ကျင်လည် နေရတာ ။ ဒီ ဘဝ မေမေ ဖြစ် နေတာနဲ့ အစစ မေမေ က ပါးနပ်တယ် ၊ ပါရမီ သာတယ် လို့ ဆို နိုင်ပါသလား ”

“ အေးဟဲ့ .. ဘုရားလောင်းမ ရဲ့ ၊ ရှင် ပြောမှ ကျွန်မ သိရပါတော့မယ် တဲ့ ”

“ မဟုတ်ဘူး မေမေ့ စကား နဲ့ မေမေ့ ကို ပြန် မေးတာ ”

“ ညည်း မေးတော့ ငါ က အဖက် လုပ်ပြီး ပြန် ပြောနေရမှာလဲ ”

“ မေမေ ဟာ ဘုရားရှိခိုး အမျိုးမျိုး စာအုပ် ထဲ က ဘုရားရှိခိုး တစ်ပုဒ် သာ အရ ကျက် ဖူးတယ် ။ ဒီပြင် ဘာ စာအုပ် မှ မေမေ မကြည့်ဘူး ။ သတင်းစာ ဆိုရင်လည်း ကိုင် လို့တောင် မကြည့်ဘူး ။ ကျွန်မ ဟာ ၅၅၀ ၊ ငါးတွဲလုံး ဖတ် ဖူးတယ် ။ ဇိနတ္ထပကာသနီ ၊ မိလိန္ဒပဉ္စာ ၊ သင်္ဂဇာဆရာတော် ရဲ့ စကားပုံ လေးတွဲ ၊ ဦးပေါ်ဦး လျှောက်ထုံး နှစ်တွဲ ၊ ပကိဏ္ဏကဝိသဇ္ဇနီ လေးအုပ် ၊ ဇာတ်ကြီးဆယ်ဘွဲ့ မင်္ဂလာဖွင့် အကျယ် ၊ စွယ်စုံ ကျော်ထင်ကျမ်း နှစ်တွဲ ၊ ဓမ္မစကြာ အမေး အဖြေ ၊ ပရိတ်ကြီးဋီကာ ၊ သင်္ဂြိုဟ် လည်း ပကိဏ်းပိုင်း အထိ လိုက်ဖူးတယ် ”

“ ဟုတ်ကဲ့ .. ဝိသာခါမ ရဲ့ အမိ ဖတ်ဖူးတော့ ဘာဖြစ်လဲ ”

ကျွန်မ မေမေ့ ကို အားနာ လာပါသည် ။ အမှန်အားဖြင့် မွေးထုတ်တဲ့ အမေဟာ စာပေဗသုတ နယ် ကျဉ်း ရှာသဖြင့် သူ့ အမြင် နှင့် ကျွန်မ အပြုအမူ အံ မကိုက်သည် ကို မေမေ့ အား သနား များ သနား မိပါသည် ။ ကျွန်မ ကိုယ် ကျွန်မ ဘယ်လောက် ဗဟုသုတ စုဆောင်း ခဲ့တယ် လို့ ပြော မိတာတောင် စိတ်မကောင်း ဖြစ်မိပါသည် ။

သို့ရာတွင် ငါ မွေးတဲ့ သမီး ဟူသော အစွဲ မှာ မေမေ ၏ စိတ် တွင် ဖျောက် လို့ မရပါ ။ ဘာမဆို မေမေ လုပ်တာ မှ မှန် ရမယ် ဟု တထစ်ချ ယူဆ ထားပါသည် ။ ကျွန်မ တို့ မှာ ဤကဲ့သို့ မိခင် နှင့် ကြီး ရပါသည် ။ ကျွန်မ လေးနှစ် သမီး တုန်းကလည်း တစ်ခါ က မေမေ့ ခေါ် ရာ ပြန် မထူးဘဲ နေပါသည် ။ နောက်တစ်ခါ ကျွန်မ ကို

“ ဟဲ့ .. တင်မြ ၊ တင်မြ ”

ဟု ခေါ်ရာ မေမေ့ အတု လိုက်ပြီး မထူးဘဲ နေသောအခါ

“ အကန်းမလေး .. ငါ ခေါ်တာ မကြားဘူးလား ”

ဟု အရိုက် ခံရပါသည် ။ ကျွန်မ ၁ဝ နှစ် သမီး တုန်း က မေမေ က လိမ် တာ မကြိုက်ဘူး ၊ လိမ် မပြောရဘူး ၊ ညာ မပြောရဘူး ဟု ဆုံးမ ထားပါသည် ။ နောက် မေမေ့ မောင် အရင်း ၊ ဦးလေးထူး က မေမေ့ ဆီ ငွေ ၂၀၀ လာ ပြီး အချောင် တောင်းရာတွင် ကျွန်မ အနား က ရှိပါသည် ။

မေမေ က

“ မင်း အလွန် နှိပ်စက်တဲ့ အကောင် ၊ မင်း ယောက်ဖ သိရင် ဘယ်လောက် စိတ်ဆိုးမလဲ”

ဟု ဆိုရာ ၊

“ ဒီ တစ်ခါတည်းပါ မမ ရာ .. နောက် မတောင်းပါဘူး ”

ဟု ချွဲနွဲ့ ပြောဆိုသဖြင့် ပေးလိုက်ပါသည် ။

မေမေ က ကျွန်မ အား ဒီ အကြောင်း နင့် ဖေဖေ မပြောနဲ့နော် ဟု ပိတ် ပါသည် ။ နောက် ဖေဖေ က မေးသော အခါ မေမေ က လိမ် ပြောသဖြင့် ၊ ကျွန်မ က အစစ် ခံလိုက်ရာ ဖေဖေ့ မျက်ကွယ် တွင် ကျွန်မ အရိုက် ခံရပါသည် ။

ကျွန်မ မေမေ ဟာ ကျွန်မ တို့ မွေး ကတည်း က ဗီတိုအာဏာ ကို လက်ကိုင် ထားရာ ၊ ကျွန်မ တို့ အသက် ၁၇ နှစ် ၊ ၁၈နှစ် ရောက်သည့် တိုင်အောင် လည်း ထို အာဏာ ကို လက် မလွှတ်သေးပါဘူး ။ ကျွန်မ မှာ ကူဖော်လောင်ဖက် မရှိတော့ပါ ။ အစ်မ နှစ်ယောက် က လည်း

“ တို့ တောင် နား ထောင်နေသေးတာ ၊ ညည်း .. ဘာလို့ မိုက် ရသလဲ ဟဲ့ ။ မိဘ ဆိုတာ မှားမှားမှန်မှန် ကိုယ် သည်းခံ နိုင်ရင် မလွန်ပါဘူး ” တဲ့ ။

ဆွေမျိုးတွေ ကလည်း ဒီကောင်မလေး ဟာ မိုက်မိုက်ကန်းကန်း ၊ ဆောင့်ကြွားကြွား ပေါ်ကြော့ကလေး တဲ့ ။ ကျွန်မ ဘယ်လောက် စိတ်ပျက်စရာကောင်းပါသလဲ ။

ဒါပေမဲ့ ကျွန်မ စိတ် မပျက်ဘဲ ၊ ငါ့ မေမေ စိတ် ပြောင်းအောင် ကြိုးစားမယ် လို့ အထူး ကြိုးစားပါသည် ။ မေမေ ရှေ့ မှာ သတင်းစာ ဖတ် ပြပါသည် ။ ဇိနတ္ထပကာသနီ တို့ ကို လည်း ဖတ် ပြပါသည် ။ မေမေ ၏ နား တွင် စာ အရသာ ခံစားလေ့ မရှိသဖြင့် စိတ်ဝင်စား ပုံ မရပါ ။ ဥပုသ်ဇရပ် မှာ ဆိုရင် စိပ်ပုတီး လက် ကိုင်ပြီး သားရေးသမီးရေး ၊ သူများ အတင်း ပါ ဝိုင်းဖွဲ့ပြောကြရာ မေမေ လည်း ထို အထဲ တွင် ပါဝင် ပါသည် ။ ဂတိဝိသုဒ္ဓိအသင်း ယောဂီအဖွဲ့ ထဲ မေမေ ပါပြီး သစ်ခေါက်ဆိုး အဝတ်ကြီး နဲ့ ပဲ ကျွန်မ အား ဆဲဆို မာန်မဲဖူးသည် ကို ကျွန်မ မမေ့ပါ ။ ယောဂီဝတ် နဲ့ မေမေ ကိုယ်တိုင် မှန်ရိပ် ထဲ ၂ ခါ ၊ ၃ ခါ ကြည့်တာ ကို လည်း မြင် ဖူးပါသည် ။

ကျွန်မ ပြန်လှန် စဉ်းစားမိသလောက် မှတ်မိသလောက် မှာပင် ကျွန်မ မေမေ သည် ကျွန်မ တို့အား နိုင့်ထက်စီးနင်း နှင့် ကြီးပြင်း စေခဲ့ပါသည် ။ မည်သို့ပင် ဖြစ်စေကာမူ ပြန်လှန် ရှင်းပြသည် မှ အပ ၊ အခြား ဆိုးဝါးသော အပြုအမူ ကို ဖော်ပြ ပြုလုပ်ခဲ့ခြင်း မရှိပါ ။

ယခုတစ်ခါသော် ကျွန်မ သည်းမခံ နိုင်တော့ပါ ။ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေ ထဲ မှာ ရေးကြသလို အဖြစ်အပျက် အမှန်အကန် တစ်ခု တွေ့ရပါသည် ။ ကျွန်မ မိဘ သည်

“ ဒီ ကောင်မ လင် ပေးစား မှ ငြိမ် တော့မယ် ”

ဟု အောက်မေ့လေသလား မသိ ။ သူတို့ သဘောကျ သူ နှင့် အတင်း ပေးစားရန် ကြံစည် ပါသည် ။ အနု နှင့် မရလျှင် အကြမ်း ကိုင်ရန်လည်း စိတ်ကူးကြဟန် တူ ပါသည် ။ မိဘများ ရည်ရွယ်သူ မှာ ချီပါသား ဖြစ် ပါသည် ။ စကားတောင်းစား ဝတ္ထု တွင် အကပ် ကိုင်သော ချီပါသား မဟုတ် ။ ကျွန်မတို့ ရွှေဘိုမြို့ မြောက်ဘက် ၊ ဆိပ်ခွံရွာ ချီပါရွာ ဟု ရွာ နှစ်ရွာ ရှိသည့် အနက် အဆိုပါ ချီပါရွာ တွင် ဇာတိချက်ကြွေသော ချီပါသား ဖြစ် ပါသည် ။ သူ့ မိဘများ သည် ရွှေဘိုမြို့ ပေါ် တွင် စက်တစ်လုံး တည်လာ၍ ချီပါသားကလေး မှာလည်း ရွှေဘိုမြို့ ပေါ်တွင် ကြီး ပါသည် ။ ပညတ်ဓာတ် ပါသည့် အတိုင်း စကားကပ် လည်း ပြော တတ်ပါသည် ။ သူ ဟာ အင်္ဂလိပ်စာ ၁ဝ တန်း အောင် အောင် သင်ဖူး၍ သူ့ မိဘ နှင့် အလုပ် အတူ လုပ်နေပါသည် ။ သူ ၏ ရုပ်ဆင်းသဏ္ဌာန် ကို ဖော်ပြလျှင် စိတ်နေစိတ်ထား ကို မှန်းဆ နိုင်ပါသည် ။ တစ်နေ့သောအခါ ကျွန်မ တို့ တိုက် ကို အလည် လာပါသည် ။ ကျွန်မ အစ်မများ က ဧည့်ခံ စကား ပြောကြပါသည် ။ ကျွန်မ အစ်မများ အား မမလေး ၊ မမကြီး ဟု ခေါ်ရာ ထိုသို့ ခေါ်ခြင်းမှာ ကျွန်မ ကို ချိန်ရွယ်ကြောင်း အလွန် ရှင်းသော်လည်း အစ်မများ မှာ မိဘ မျက်နှာ သာ သူ ဖြစ်သဖြင့် ရောနှော ကြပါသည် ။

ကိုင်းရှင် .. သူ့ အဝတ်အစား ကို ကြည့်ပါဦး ။ ငွေရောင်ပြာ ဇွဲလုံချည်ပြောင်ချော ၊ ပန်းနုရောင် ဂျပန်ပိုးနှစ်ထပ်လက်ရှပ်အင်္ကျီ ၊ အယ်လ်ပတ်ကားအပေါ်အင်္ကျီ အရောင် တဖိတ်ဖိတ် ၊ ပေတင်ရှူး သားရေပြောင်ဖိနပ်အနက် ၊ သူ့  လက် တွင် ကျောက်စိမ်းစေ့ စီထားသော ရွှေကြိုး နှင့် ရွှေလက်ပတ်နာရီ ၊ ၅ ရတီခန့် စိန်လက်စွပ် ။ ဒါတွေ ကို ကျွန်မ စိုက် ကြည့်လို့ မြင် ရတာ မဟုတ်ဘူး ၊ သူ့ လက် ကို ခဏခဏ မြှောက်ပြီး ( ရွှေသွား ရှိတဲ့သူများ ရွှေသွား ရှိမှန်း လူ သိအောင် ခဏခဏ ရယ်သလို ) နာရီ အချိန် ကြည့်သောကြောင့် မြင် ရခြင်း ဖြစ်ပါသည် ။ သူ့ အင်္ကျီ အိတ် ထဲတွင် တို့ပတ် စွပ်ကျယ်ခေါက်ကလေး ကိုလည်း ခဏခဏ ထုတ်ပြီး မျက်နှာ ကို သုတ်ပါသည် ။ သူ ၏ ကိုယ်လုံးကိုယ်ထည် မှာ ယောက်ျား ပီသခြင်း မရှိပါ ။

ကျွန်မ လည်း ရွံရွံ ရှိသဖြင့် ကြီးပွားရေးမဂ္ဂဇင်း က သနပ်ခါးပေါင်ဒါသမား ညှော် ရှောင်သမားတွေ အကြောင်း အစ်မတွေ ပြော သလို နှင့် ဖတ် ပြလိုက်ရာ သူ လည်း လူပါး တစ်ယောက် ဖြစ်သဖြင့် စကား မစပ်မိ စပ်မိအောင် ဆွဲလျက် တေမိမင်းကြီး ဟာ ပုဆိုးလှလှကလေးတွေ ရှစ်သောင်း တောင် ထပ် ဝတ်တဲ့အကြောင်း ၊ ဝေဿန္တရာမင်းကြီး သနပ်ခါး လိမ်းတဲ့ အကြောင်းတွေ ပါ ပြော ပါသည် ။ ဦးအောင်ဇေယျ တောင် ရွှေလက်ကောက် ဝတ် သေးသတဲ့ ။ အာဂ ချီပါသား ၊ ဒီလိုနဲ့ စကား အချိန်ဆွဲ ပြောပြီး ပြန် သွားပါသည် ။ နောက် ကျွန်မ လက် ထဲ သို့ မေတ္တာစာ တစ်စောင် ရေး ပေးပြန်ပါသည် ။ ကျွန်မ ဟာ နတ်သမီး လောက် လှတဲ့ အကြောင်း တွေ ရော စုံလို့ပါပဲ ။ တေးထပ် တစ်ပုဒ် ကတော့ ဝတ္ထုရှည် တစ်ပုဒ် ထဲ က ကူး ထည့်ထား ရာ ၊ ကျွန်မက သည် တေးထပ် ဟာ ဘယ် စာအုပ် က ပဲ ၊ ဟို စာအုပ် က တေးထပ် က သာပြီး ကောင်းတယ် လို့ ပြော လိုက်ရာ မျက်နှာ မဲ့သွားပါတော့သည် ။

ချီပါသား ကို ကျွန်မ မယူနိုင်သော အချက် မှာ ( ၁ ) ယောက်ျား ပီသသော ကာယဗလ မရှိခြင်း ၊ ( ၂ ) စိတ် နုနယ် ပျော့ပျောင်းခြင်း ၊ ( ၃ ) သတ္တိ မရှိခြင်း ၊ ( ၄ ) ရွှေဘိုအမျိုးသားကျောင်း အတွက် ငွေ ခံတုန်းက ငွေ ၃ ကျပ်   ထဲ သာ ထည့်ခြင်း ၊ ( ၅ ) ဂုဏ်ပကာသန ၊ ပစ္စည်း စသည် တို့ ကို ခင်မင်တတ်ခြင်း တို့ကြောင့် ဖြစ်ပါသည် ။

ကျွန်မ မိဘ သည် ချီပါသား နှင့် ကျွန်မ သဘောချင်း မမျှကြောင်း သိကြပါသည် ။ သို့ရာတွင် ငါ မွေး လာတဲ့ သမီး ငါ့ စကား နားထောင်ရမည် ဟူသော အစွဲ မပျောက်ကြ ။ တစ်ခါ၌ မသိမသာ ရှောင် ပေးပြီး တိုက်ခန်း ထဲ တွင် ကျွန်မ နှင့် ချီပါသား နှစ်ယောက် တည်း ကျန်ခဲ့ စေပါသည် ။  တည်သား အနှစ် မျဉ်းလုံး နှင့် သူ့ ညို့သကျည်း ကို နှက် လွှတ် လိုက်ရပါသည် ။ တစ်ခါ၌ မေမေ က ငါတို့ က ကောင်းစား စေချင် လို့ စီမံတာ နား မထောင်ကောင်းလား ဟု ပေါင်တွင်းကြော ကို ဆွဲပြီး အလိမ် ခံရပါသည် ။ တစ်ကြိမ် မှာ နံနက် ညစာ ထမင်း မကျွေးဘဲ ထား ပါသည် ။ တစ်ခါမှာမူ ကျွန်မ အဖို့ အကောင်းစား လက်ဝတ်လက်စား ၊ လုံချည် ၊ အင်္ကျီများ ကို ဆင်ယင် ပေးပါသည် ။ နောက်ဆုံး၌ သည်း မခံနိုင် ။

ကျွန်မ အသက် ၁၈ နှစ် ပြည့်ပြီ ။ ကျွန်မ ကိုယ် ကျွန်မ ပိုင်ပြီး ၊ ကျွန်မ စိတ် ရှိရာ ပြု နိုင်သည် ။ မိဘ သည် ကိုယ့် သမီး ကို အတင်း ပေးစားလျှင် တရား စွဲနိုင်သည် ၊ မစွဲဘူး ဟူ၍ မမှတ်အပ် ။ မိဘ ကျွေး ထား လို က ကျွေးထား ၊ နှင် လို က နှင် ချ နိုင်ပါသည် ။ နှင် ချလျှင် သွားမည် ။ ကိုယ့် ဟာ ကိုယ် ဈေးရောင်း စားရ စားရ ၊ ကူလီ ပဲ ရွက်ရ ရွက်ရ ဆိုတော့ .. ။

နင့် ရုပ်ကလေး သနားကမား နဲ့ ကွိတ်  ဖြစ်သွားမတဲ့ ။ ဖြစ်ပလေ့ စေ ၊ မိဘ အချုပ်ချယ် ခံရတာထက် လွပ်လွပ်လပ်လပ် ကွိတ် ဖြစ် ရတာက ကောင်းပါသေးတယ် လို့ ဘောက် ပြောတော့ ၊ လားလား မေမေ ဟာ မိုးမမြင် လေမမြင် ဒေါသ ကြီးပြီး တုတ် တို့ ၊ လက် တို့ တောင် အသုံး မပြုနိုင်တော့ဘဲ လုံကွင်း တိုတို မ တဲ့ ပြီး ကျွန်မ ကို ခြေထောက် နဲ့ ကန် လိုက်ပါရော ။ မေမေ ဟာ ဒေါသ ထွက် သည် ထက် ထွက် ပြီး ဟို .. အကန်းမ ၊ အမျိုးယုတ်မ ( ကိုင်း ကြည့်ရှင် နောက်ဆုံး စကား ဟာ ဘယ်သူ့ ကို ထိသလဲ ) အဲသလို ဆဲပြီး တုတ် တစ်ချောင်း နဲ့ ရိုက် ပြန်ပါလေရော ။ ကျွန်မ က တစ်ချက် သာ အရိုက် ခံပြီး တုတ် ကို ဆွဲ လု လွှင့် ပစ် လိုက်တော့ ၊ ဟဲ့ မိခင်မြ တို့ ၊ မိခင်လှ တို့ ၊ ကောင်မတွေ ကြည့် နေကြသလား ဆိုပြီး အစ်မတွေ ကို ခေါ် ပြန်ပါသည် ။ အစ်မများ ကလည်း အမေ ခံသတ်တယ် ထင်ပြီး ကျွန်မ ကို ဝိုင်း ဆွဲကြ ၊ ထုကြ ပါရော ။

“အေး .. ငါ က မေမေ မို့ မြေမျိုမှာ စိုးလို့  ညှာ နေတာ ၊ မင်းတို့ ကို တော့ တွယ် ရမယ် ”

ဟု အစ်မ နှစ်ယောက် စလုံး နပန်း လုံးချ ၊ ကိုင် ပေါက်ပြီး အတင်း ပြေးကာ မီးဖို ထဲ က ထင်းခွဲဓားမကြီး ယူ ထွက်လာတော့ မေမေ ရော အစ်မ နှစ်ယောက် စလုံး တိုက်ထဲ က ထွက်ပြေးပြီး

“ လာကြပါဦး အရပ်ကတို့ ၊ လာကြပါဦး ဓားပြ တိုက်နေပါပြီ ” 

ဟု ကုန်း အော်ကြပါသည် ။

အိမ်နီးနားချင်း တွေ လည်း ပြေး ပြီး လာ ကြပါသည် ။ သိပ် ရှက်စရာ ကောင်းပါသည် ။

“ ဓားပြ တိုက်တာ မဟုတ်ဘူး တော် ရေ ၊ ကျုပ် ကို လင် အတင်း ပေးစားတာ မကြိုက်ကောင်းလားလို့ ဝိုင်း ရိုက်ကြတာ ။ မခံနိုင်လို့ ဓားနှောင့် နဲ့ ပြန် ထုမယ် လုပ်တာ ”

ဟု ကျွန်မ က အော် ပြောမှ အချို့က ကျိတ်ပြီး ရယ် ကြပါသည် ။ အချို့ကလည်း

“ တူမကြီး မမိုက် နဲ့ ၊ ဦးလေး ကို ဓားပေး ”

ဟု ဓား ကို ချော့မော့ တောင်းကြပါသည် ။ ထိုကဲ့သို့ ဆူညံနေသည့် အတွင်း ဖေဖေ ကားတစ်စင်း နှင့် ပြန် ရောက်လာပါသည် ။ ကျွန်မ ဆိုးပုံ နှင့် မိုက်ပုံ ၊ အမေ နှင့် အစ်မတွေ ကို ပြန် သတ်ပုံတွေ ပြောပါသည် ။

ကျွန်မ ၏ ချေပလွှာ အသွင်း မခံတော့ပါ ။ ကျွန်မ ဆံပင် ဆွဲပြီး ကျော ကို ဖနောင့် နဲ့ သုံးချက် ၊ လက်သီး နဲ့ နားရင်း ကို နှစ်ချက် တီး ပါသည် ။ ကျွန်မ သည် ထိုနေ့ က စိတ် အညစ်ဆုံး ၊ စိတ် အပျက်ဆုံး ဖြစ်ရာ ဘယ်လောက် စိတ် ညစ်သွားသည် မသိ ။ ညဉ့် ၇ နာရီ လောက် တွင် တင်ချာပုလင်း တစ်ဝက်လောက် ရှိတာကို အကုန် မော့ ချလိုက်ပါသည် ။ ကျွန်မ သတိမေ့ ထွန့်ထွန့်လူး နေမှ သူတို့ သိရှိပြီး ဆရာဝန် ခေါ် သူ ခေါ် ၊ ငို သူ ငို နှင့် ဖြစ်ပျက် နေကြပါသည် ။ သည်တော့လည်း ဪ .. သူတို့ ဟာ .. ငါ့ ကို ချစ်တော့ ချစ်ကြသားပဲ ဟု သတိ ရပါသည် ။ ကျွန်မ မှာ ဆေး မှား သောက်မိကြောင်း နှင့် ပုလိပ် ဖက် ပါ ကျေနပ်အောင် လုပ်ပြီး ၇ ရက် ခန့် ဆေး ကု ရပါသည် ။ မိဘများ လည်း အရမ်း မဆုံးမ ဝံ့ကြတော့ပါ ။

သို့ရာတွင် တစ်သက်လုံး နိုင့်ထက်စီးနင်း လုပ် လိုသော စိတ် ကိုကား မဖျောက်ကြပါ ။ ကျွန်မ သည် များစွာ စဉ်းစားပါသည် ။ နောက်တစ်ကြိမ် သည် အဖြစ်မျိုး မကြုံရအောင် ဟု မိဘ ပစ္စည်း တစ်ပြား မှ မယူ ။ ကျွန်မ ငယ်ငယ် က အဘိုး ဆင် ပေးခဲ့သော လက်ဝတ်လက်စား ၅ဝဝိ ဖိုး ခန့် နှင့် အိမ် က တိတ်တဆိတ် တေလေမကလေး လို ထွက် ပြေးခဲ့ပါသည် ။ သူတို့လည်း ဒေါင်းတောက်အောင် ရှာဖွေ နေကြပါသည် ။ ကျွန်မ မှာ လမ်းခရီး မှာလည်း ကိုယ့် အမျိုးသမီး ဟု ငဲ့ညှာခြင်း မရှိဘဲ ၊ စားမယောင် ၊ ဝါးမယောင် ကြည့်သည့် မင်းဘုရားများ ၊ ဒေါ်ဒေါ်ကြီးများ ကို သုံးလက်မခွဲ မောင်းချဓားကလေး နဲ့ ရှောင်ကွင်းခဲ့ပြီး သူငယ်ချင်းမ တစ်ဦး ရှိသော မြို့ တစ်မြို့သို့ ရောက်ရှိ နေပါသည် ။ မိဘ ထံ ပြန် သွားဖို့ မှာ စိတ်ကူး မရသေးပါ ။ အကယ်၍ ကျွန်မ စိတ်အတိုင်း လွတ်လပ်ခွင့် ပေးပါက ပြန် သွားမည် ဖြစ်ပါသည် ။ ယခုလို အဖြစ်အပျက် အမှန်အကန် ရေးသားရသည့် အတွက် ဝမ်းနည်းပါသည် ။ သို့ရာတွင် ကျွန်မ နှင့် အလားတူ ဖြစ်ပျက် နေသူများ ရှိက စဉ်းစားကြရန် ရေး ရခြင်းဖြစ်ပါသည် ရှင့် ။

◾ မဟာဆွေ

📖 ကြီးပွားရေးမဂ္ဂဇင်း
      ၁၉၃၆ ၊အောက်တိုဘာလ

#ကိုအောင်နိုင်ဦး မှ မျှဝေသည်  ။

.

No comments:

Post a Comment