အပိုင်း ( ၁၀ )
ကိုယ်တို့ ကျောင်း သည် နှစ်တိုင်း နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပပါသည် ။ ဒီနှစ် တွင် လည်း အရင် နှစ်များ လိုပင် စည်ကားလေသည် ။ ကျောင်းဝင်းကြီး တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေ၏ ။ လူတွေ လည်း ဟိုသွား ဒီသွား အများကြီးပဲ ။ နေရာတကာတိုင်း လိုလို ဒေါင်းတံဆိပ် အလံတော်တွေ ၊ ပြည်ထောင်စုအလံတော်တွေ တလူလူ လွင့် နေကြသည် ။ ဈေးဆိုင်တွေ လည်း ရှိသည် ။ ကိုယ် သည် ငါးမူးတန် ကြာဆံကြော်သုပ် စားပြီး ကျောက်ကျော သောက်သည် ။ ပြီးတော့ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ ပြခန်း ကို ဝင်ကြည့်သည် ။
အင်္ဂလိပ်နယ်ချဲ့ အစိုးရ က ကျောင်းသားတွေ ကို ဖိနှိပ်ချုပ်ချယ်ပုံ ၊ ကျောင်းသားများ သပိတ်မှောက်ကြပုံ ၊ အမျိုးသားကျောင်းများ တည်ထောင်ကြပုံ တို့ ကို ပန်းချီကားများ ၊ ဓာတ်ပုံများ ဖြင့် ပြသထားသည် ။ ပြီးတော့ အမျိုးသားနေ့ အကြောင်း သီချင်းတွေ လည်း ဖွင့်သည် ။ ဝင်ပေါက်နား က စားပွဲမှာ ကျောင်းသားကြီး တွေ ရောင်းသော လက်ရေးပို့စကဒ် တစ်ခု ဝယ် သေးသည် ။ ဒေါင်းတစ်ကောင် က နေပုံ ဖြစ်သည် ။
ပြခန်း ထဲ က ထွက်လာပြီး ဘယ်သွားရမှန်း မသိ ဖြစ် နေတုန်းမှာပင် ကျောင်းဝင်း အဝ နားဆီက ' ဖလ်နေဝန်း ' သီချင်း ကို ဘင်ခရာတီးဝိုင်း ဖြင့် တီးမှုတ်နေသံ ကြားရသည် ။ ဟော ... သူတို့ ပြန် လာကြပြီ ။ သူတို့သည် မြို့ တစ်ပတ် ချီတက် တီးမှုတ်ပြီး ကျောင်း ထဲ သို့ ပြန် ဝင်လာခြင်း ဖြစ်သည် ။ ကိုယ့် သူငယ်ချင်းတွေ အားလုံး ဘင်ခရာတီးဝိုင်း အဖွဲ့ ထဲ မှာ ပါသည် ။ ကိုယ် တစ်ယောက်တည်း သာ ဖေဖေ က မတက်ရဘူး ဆိုလို့ သင်တန်း မတက်ခဲ့ရခြင်း ဖြစ်သည် ။ ဒါကြောင့် ခု ကိုယ် တစ်ယောက်တည်း လျှောက်သွား နေရခြင်း ဖြစ်၏ ။ ကိုယ် လည်း ကျောင်းဝင်း ဝ ဘက်သို့ လျှောက် လာခဲ့သည် ။
သူတို့ ကလည်း ဝင် လာနေကြပြီ ။ ဆယ်တန်း မှ ကိုမျိုးမြင့် နှင့် ကိုထွန်းလွင် တို့ က ဒေါင်းအလံတော် နှင့် ပြည်ထောင်စုအလံတော် ကို ကိုင်ပြီး ရှေ့ဆုံး မှ ချီတက် လာသည် ။ နောက်က အစ်ကိုကြီး တစ်ယောက် နှင့် အစ်မကြီး တစ်ယောက် တို့ က အချက်ပြသည့် တုတ်ကြီးတွေ ကို ကိုင်ပြီး လျှောက် သည် ။ အဲဒီ နောက် ကမှ တီးဝိုင်း အဖွဲ့ ။
ရှစ်တန်း မှ ချိုဝင်း က ဘင်ကြီး ကို လွယ် ထားသည် ။ သူ သည် ဝဝတုတ်တုတ် ဖြစ်သောကြောင့် ဘင်ကြီး နှင့် အလွန် လိုက်လေသည် ။ သူ့ ဗိုက်ပူပူကြီး ပေါ် မှာ ဘင်ကြီး ကို တင်၍ တဒုန်းဒုန်း ထု နေတာ သိပ် ကြည့်လို့ ကောင်းသည် ။
ပလွေတွေ ကို ပြိုင်တူ မှုတ်လာသူတွေ ထဲ မှာ ရှေ့ပိုင်းက တင်အောင်ခိုင် ၊ ဂျွန်ဆင် ၊ ဇော်ဝင်း ၊ နောက်က မိန်းကလေးတန်း ထဲ မှာ ကစ်တီ ၊ မီးမီး ၊ မိခိုင် ။ တင်အောင်ခိုင် က ကိုယ့် ကို မြင်သောအခါ မျက်စိ မှိတ် ပြသွားသည် ။ ဂျွန်ဆင် က ကိုယ် ကို မြင်တော့ ယောင်ပြီး ရယ် ပြလိုက်သဖြင့် သီချင်း ကို လိုက် မမှုတ်မိဘဲ ဖြစ် သွားသည် ။ နောက်မှ မြန်မြန် လိုက် မှုတ်ရသည် ။ မီးမီး က နဂိုက ပြူးသော မျက်လုံး ကို ပို၍ ပြူး ပြသွားသည် ။ မိခိုင် ကတော့ ကိုယ့် ကို မြင် ပင် မမြင်လိုက်ချေ ။
ကိုယ် သည် ဝမ်းနည်း သွား၏ ။ ဘင်ခရာသင်တန်း ကို မတက်ခဲ့ရသည့် အတွက် ပို၍ စိတ်မကောင်း ဖြစ်ရသည် ။ အရင်ကလည်း သူတို့ တတွေ သင်တန်း အကြောင်း ပြော နေကြပြီ ဆိုလျှင် ကိုယ် သည် ဘေးက ယောင်ချာချာ ဖြစ်ရင်း နားထောင်၍သာ နေရသည် ။ ခုလည်း ကိုယ် တစ်ယောက်တည်း ယောင်လည်လည် ။ ကိုယ်သာ သင်တန်း တက် ခဲ့ရလျှင် ခုချိန်ဆို သူတို့လို ပင် အင်္ကျီအဖြူ ၊ ဘောင်းဘီအဖြူ ၊ ဖိနပ်အဖြူ ၊ ဦးထုပ်အဖြူ ဖြင့် တီးဝိုင်း နှင့် အတူ ချီတက် နေရမှာပေါ့ ။ ခုတော့ ကိုယ် သည် သူတို့ ကို ကြည့်ရင်း အားကျ နေရုံပဲ ။
အဲဒီ ည က ကိုယ် အိပ်မက် မက်သည် ။ အိပ်မက် ထဲမှာ ကိုယ် သည် ဝတ်စုံအဖြူ နှင့် လက်အိတ် က လည်း အဖြူ ၊ ကိုယ် သည် တီးဝိုင်း ၏ ရှေ့ဆုံး မှ အချက်ပြ တုတ်ကြီး ကို ဝှေ့ရမ်း ၍ လျှောက် နေသည် ။ ခဏကြာတော့ လူအုပ် ထဲ မှ ဖေဖေ ပြေး ထွက်လာပြီး ကိုယ့် လက် ထဲ မှ တုတ်ကြီး ကို ဆွဲ လု၍ လွှင့် ပစ်လိုက်သည် ။ မေမေ နှင့် မိခိုင် က ဖက် ပြီး ငို နေကြသည် ။ ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး တို့ က ဟားတိုက် ရယ်နေကြလေသည် ။
••••• ••••• ••••• •••••
ကိုယ် အိပ်ရာ မှ နိုး သော အခါ ဧည့်ခန်း ဆီ မှ ထူးဆန်းသော အသံ ကြားရသည် ။ ရယ်သံများ ဖြစ်ပါသည် ။ ကိုယ်တို့ အိမ်မှာ ဟက်ဟက်ပက်ပက် ဆူဆူညံညံ ရယ်သံမျိုးတွေ မကြား ရတာ ကြာပြီ မဟုတ်လား ။ ဂရုစိုက်ပြီး နားထောင် ကြည့်သည် ။ ယောက်ျားရယ်သံ ကတော့ ဦးလေးမောင်မောင်ကြီး အသံ ဖြစ်ကြောင်း သိသည် ။ မိန်းမ ရယ်သံ ကိုတော့ ခွဲခြားလို့ မရ ။ နောက် စကား ပြောလိုက်မှ အန်တီလူး မှန်း သိသွား၏ ။ ကိုယ် သည် အခန်း ပြင် သို့ မထွက်သေးဘဲ အိပ်ရာ ပေါ် မှာပင် လှဲနေ ရင်းက သူတို့ ဘာ ပြောကြမလဲ ဟု နားထောင် နေလိုက်သည် ။ ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး ကချည်း စကားတွေ ပြောသည် ။ သူတို့ နှင့် တူတူ ပြော နေသူမှာ ဖေဖေ ဖြစ်သည် ။ ဖေဖေ က တစ်ခွန်းတလေ သာ ဝင် ပြောသည် ။ ဖေဖေ့ ရယ်သံ ကိုတော့ လုံးဝ မကြားရ ။ ဒီ စကားဝိုင်း မှာ ဖေဖေ ပါနေသောကြောင့် မေမေ လုံးဝ မပါကြောင်း ကိုယ် သိ လိုက်ပြီ ။
“ မစောမြင့် ကော ကွ ”
ဦးလေးမောင်မောင်ကြီး က မေးသည် ။ ဖေဖေ့ ပြန်ဖြေသံ မကြားရ ။ တိုးတိုး ဖြေသောကြောင့် မကြားရခြင်း ဖြစ်မည် ။ ကိုယ်တို့ အခန်း ထဲ ရှိ စားပွဲတင်နာရီကလေး ကို ကြည့် လိုက်သောအခါ ခုနှစ်နာရီ ခွဲ ခါနီးပြီ ။ ဒီနေ့ တနင်္ဂနွေ ဖြစ်သောကြောင့် မေမေ ရုံး မသွားရချေ ။ အခန်း ထဲ မှာလည်း မရှိ ။ ဖေဖေတို့ နှင့် တူတူ စကား ထိုင် ပြောနေတာတော့ လုံးဝ မဖြစ်နိုင်ပါ ။ မီးဖိုချောင် ထဲ မှာ ရှိချင် ရှိမည် ။ ဦးလေးမောင်မောင်ကြီး ပြော လိုက်သော စကားကြောင့် မေမေ ဈေး သွားကြောင်း သိလိုက်ရသည် ။
“ မစောမြင့် က နေ့တိုင်း ဈေး သွားလားကွ ”
“ မသိဘူး ”
ဖေဖေ က ပြန် ဖြေသည် ။
အန်တီလူး က
“ ဖေအောင် ... ယူ က အိမ် မှာ ဘယ်သူ ဈေးသွားတယ် ဆိုတာ မသိဘူးလား ”
“ အဲဒါ ငါ့ အလုပ် မှ မဟုတ်ဘဲ ”
“ ဟုတ်ပါတယ် ကွာ ၊ မင်း အလုပ် က စက်ယန္တရားတွေ ပဲ ပေါ့ ၊ ဒါပေမယ့် မင်း ကိုယ်တိုင် က စက်ယန္တရား မှ မဟုတ်ဘဲ ”
ဦးလေးမောင်မောင်ကြီး က ဝင် ပြောသည် ။ ဖေဖေ က ဘာမျှ မပြော ။ အန်တီလူး က ပြော ပြန်သည် ။
“ ယူ က ဖယ်မလီ အပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်ကွာ ”
အင်္ဂလိပ်စကား ညှပ် ပြောသော်လည်း ကိုယ် နည်းနည်း သိသည် ။ ယူ ဆိုတာက ' မင်း ' ။ အန်တီလူး က ဒီလိုပဲ ပြော နေကျ ။ ပြီးတော့ ဖယ်မလီ ဆိုတာ ' မိသားစု ' အင်္ဂလိပ်စာဆရာမ ဒေါ်လှလှတင် ကတောင် ' မိုင်ဖယ်မလီ ' ဆိုပြီး စာစီစာကုံး ရေး ခိုင်း ဖူးသေးသည် ။
“ မင်း တို့ အဲဒီ စကားမျိုးတွေ ခဏခဏ ပြော တယ်ကွာ ၊ ဒီမှာ မောင်မောင်ကြီး ငါ က မင်းတို့ လို ပညာတတ် မဟုတ်တော့ မင်းတို့ လို စကား လှည့်ပတ် မပြောတတ်ဘူး ။ အေးကွာ ...မင်းတို့တွေ လို ဟန်ဆောင် ပြီးတော့လည်း မနေတတ်ဘူး ။ ငါ့ အလုပ်က ငွေ ရှာဖို့ပဲ ။ ပြီးတော့ အိမ်သုံးစရိတ် အတွက် လိုလေသေး မရှိအောင် ပေး နိုင်ဖို့ပဲ ။ တခြားဟာတွေ ငါ နားမလည်ဘူး ။ မင်းတို့ လျှောက် ပြောနေလည်း မောရုံပဲ ရှိမယ် ”
ဖေဖေ သည် စကား အရှည်ကြီး ပြောလေ့ မရှိ ။ ဒီတစ်ခါကျမှ ပြောခြင်း ဖြစ်သည် ။ သို့သော်လည်း ဖေဖေ့ စကားတွေ ကို ကိုယ် သေသေချာချာ နားမလည် ။
“ ဖေအောင် ... ယူက ခုထိ ဂျစ်ပေပေ လုပ်တုန်းပဲကိုး ”
“ အေးကွာ ... မင်းဟာ ခုထိ အသိရ ခက်တုန်းပဲ ”
အန်တီလူး နှင့် ဦးလေးမောင်မောင်ကြီး က ပြိုင်တူ လိုလို ပြော လေသည် ။
ဖေဖေ က
“ မင်းတို့ နှစ်ယောက် က တယ်လည်း ညီညွတ် ကြတာပဲ ။ ဒါကြောင့် ငါ ပြောတာပေါ့ ”
“ ဘာလဲ ဟေ့ကောင် ၊ ကိုယ်တို့ နှစ်ယောက် ကို ပေးစား ဦးမလို့လား ”
“ အေး ... ဟုတ်တယ် ၊ မင်းတို့ နှစ်ယောက် သိပ် လိုက်တာပဲ ”
“ လုစ် ကတော့ မောင်မောင်ကြီး ကို နည်းနည်းတော့ အင်ထရက်စ် ဖြစ်ခဲ့သားပဲ ၊ ဒါပေမယ့် မောင်မောင်ကြီး ဟာ ငယ်ငယ်တုန်း က ပေါကြောင်ကြောင် နဲ့ မို့ အားမကိုးလောက်ဘူး ထင် ခဲ့တာ ။ ခုလို အင်ကမ်းကောင်းမယ် ဆိုရင် ကိုအောင်ရွှေ ကို ဘယ် ယူမလဲ ၊ သူ့ ယူ မှာပေါ့ ”
“ အေးလေ .. ခု ကိုအောင်ရွှေ လည်း ဆုံး သွားပြီပဲ ”
ဖေဖေ က ဝင်ပြောသည် ။ အန်တီလူး က ဆက် ပြောပြန်၏ ။
“ ဟုတ်တယ် လုစ် လည်း ခု မုဆိုးမ ဘဝ နဲ့ အားကိုးရာ မဲ့ နေတာနဲ့ အတော်ပဲ ၊ ဘယ်လိုလဲ မောင်မောင်ကြီး ယူ နဲ့ လုစ် နဲ့ ”
ဦးလေးမောင်မောင်ကြီး က ဘာမျှ ပြန် မပြောပါ ။ အန်တီလူး က “ အံမယ် ၊ ယူ ကပဲ ရှက်ရတယ် ရှိသေး “ ဟု ပြော လိုက်သည် ။ ထိုအခါ ကျ မှ ဦးလေးမောင်မောင်ကြီး က“ မဟုတ်ပါဘူး ဟာ ၊ ကိုယ် စဉ်းစားနေတာပါ ၊ ယူ တာကတော့ ဟုတ်ပါပြီ ၊ ယူ ပြီးတော့မှ တစ်အိမ်တည်း နေပြီး မခေါ်မပြောဘဲ ခပ်စိမ်းစိမ်း ဖြစ် နေကြရင် ဘယ် ကောင်းမလဲ ”
ဦးလေးမောင်မောင်ကြီး နှင့် အန်တီလူး တို့ ရယ် ကြသည် ။ ဖေဖေ ကတော့ မရယ်ဘူး ထင် သည် ။ အေးလေ ၊ ဖေဖေ ကတော့ အသံ ထွက်အောင် ရယ် တတ်တာ မှ မဟုတ်တာ ။
လူကြီးတွေ ဟာ တစ်မျိုး ပဲ ဟု ကိုယ် ထင်သည် ။ ခုပဲ ကြည့် ပါလား ။ သူတို့ သည် ရန် ဖြစ်ကြတော့မလို စကားမျိုးတွေ ပြော နေရာက ချက်ချင်း နောက်ပြောင်ပြီး ရယ်ချင် ရယ်လိုက်ကြသည် ။ တော်ကြာ ကျတော့ ခပ်တည်တည် စကားတွေ ပြန် ပြောချင် ပြော ကြပြန်သည် ။ ကိုယ် မကျေနပ်ဆုံးက သူတို့ ပြောသောစကားတွေ ကို ကိုယ် သိပ် နားမလည်ခြင်း ဖြစ်သည် ။
ကိုယ် သည် အိပ်ရာ ထဲ မှာ ဆက် မနေချင်တော့ ။ ကော်ဖီ သောက်ချင် လှပြီ ။ ထို့ကြောင့် အိပ်ရာ မှ လူးလဲ ထပြီး အခန်း အပြင် ထွက် လိုက်သည် ။ ကိုယ့် ကို မြင်သောအခါ ဦးလေးမောင်မောင်ကြီး က လှမ်း၍
“ ဟား ညီညီ တောင် နိုးလာမှကိုး ၊ ဦးလေး တို့ စကားသံတွေ က ဆူလို့ လန့် နိုးလာတာလားကွ ဟေ ”
ကိုယ်သည် ဦးလေးမောင်မောင်ကြီး ကို လှမ်း ပြုံးပြပြီး ဖေဖေ့ ကို လှမ်း ကြည့်မိသည် ။ ဖေဖေ့ မျက်နှာ က နည်းနည်း ခပ်တည်တည် ဖြစ်နေ၏ ။ ထို့ကြောင့် ဖေဖေ့ ကိုတော့ ကိုယ် မပြုံးပြရဲချေ ။ အန်တီလူး က ကိုယ့် ကို လှမ်း ကြည့်ပြီး တစ်ခုခု ပြောမည် ပြုစဉ် ကိုယ် ရေချိုးခန်း ဘက် သို့ ဝင် လာခဲ့သည် ။
ကိုယ် သည် သွား မြန်မြန် တိုက် ၊ မျက်နှာ မြန်မြန် သစ် ပြီး အိမ်ရှေ့ခန်း သို့ ပြန် ထွက်လာခဲ့သည် ။ ကိုယ် တို့ အခန်း ထဲ သို့ ပြန် ဝင်မည် ဟု ဧည့်ခန်း ကို ဖြတ် ဝင်လိုက်ချိန်တွင် အိမ်ပေါက် ဝ မှ ဝင် လာသော မေမေ့ ကို လှမ်း မြင်လိုက်ရသည် ။
မေမေ သည် ဈေး က ပြန် လာခြင်း ဖြစ်သည် ။ လက် ထဲ မှာ ခြင်းတောင်း ကို ဆွဲ ထားသည် ။ ဝင် လာလာချင်း ဖေဖေ တို့ စကားဝိုင်း ပြောနေကြသည် ကို မြင် သွားသည် ။ မေမေ က သူတို့ ကို လှမ်း ကြည့်သည် ။ ဘယ်သူ့ ကို ကြည့် လိုက်မှန်းတော့ ကိုယ် မသိ ။ ပြီးမှ ကိုယ့် ကို လှည့် ပြုံးပြ၍ “ သား .. နိုးပြီလား ” ဟု မေးသည် ။ ကိုယ် ခေါင်းညိတ် ပြလိုက်သည် ။
ဦးလေးမောင်မောင်ကြီး က
“ မစောမြင့် တောင် ဈေး က ပြန်လာ ပြီ ၊ ဘာတွေ ဝယ် ခဲ့သလဲဗျ ၊ ကျွန်တော်တို့ လည်း ဒီမှာ စား မှာနော် ၊ လောက်ပါ့ မလား ဗျ ”
မေမေ က နည်းနည်း ပြုံး၍ “ ရပါတယ် ” ဟု ပြောသည် ။ ထို့နောက် သူတို့ ဘေး က ဖြတ် လျှောက်လာသည် ။ အန်တီလူး က ..
“ ဟိတ် ... ပြီးရင် လာဦးလေ ကွာ ၊ စကားလေး ဘာလေး ပြော ရအောင် ”
“ ပြောနှင့် ကွာ ၊ နောက်ဖေး မှာ ချက်ရပြုတ်ရ ဦး မယ် ”
ဟု မေမေ က ပြန် ပြောပြီး မီးဖို ဘက် ဝင်သွားသည် ။ မေမေ့ မျက်နှာ က တစ်မျိုး ပဲ ။ ကိုယ် ဖေဖေ့ ကို တစ်ချက် လှမ်း ကြည့်လိုက်သည် ။ ဖေဖေ သည် လက်ကြား ထဲ ရှိ စီးကရက် မှ ထွက် နေသော မီးခိုးတွေ ကို သာ စိုက် ကြည့်နေသည် ။
ကိုယ် လည်း အိပ်ခန်း ထဲ ဝင် လာခဲ့သည် ။ မျက်နှာ သုတ် ပြီးနောက် ကော်ဖီ သောက် ဖို့ ပြန် ထွက်ခဲ့သည် ။ ဧည့်ခန်း ထဲ တွင် ဦးလေးမောင်မောင်ကြီး နှင့် ဖေဖေ သာ ရှိ တော့သည် ။ သူတို့ နှစ်ယောက် သည် ဘာမျှ မပြောကြဘဲ ငြိမ်နေ၏ ။ ဖေဖေ ကလည်း စီးကရက် ကို သာ ဖွာရင်း အပေါ် ကို ငေး ကြည့်နေသည် ။ ဦးလေးမောင်မောင်ကြီး က စာရွက် တစ်ခု ပေါ် မှာ ဘာတွေ ရေး နေသလဲ မသိ ။ ရေး ပြီးတော့ ဖေဖေ့ ကို လက်ကုတ် ၍ ပေး လိုက်သည် ။ ဖေဖေ က ယူ ပြီး ဖတ် ကြည့်သည် ။ နောက် ခေါင်းညိတ် ပြသည် ။ ကိုယ့် ကို တစ်ချက် လှမ်း ကြည့်သည် ။ ကိုယ် မီးဖို ထဲ ဝင် လာခဲ့သည် ။
မီးဖိုချောင် ထဲ မှာတော့ မေမေ နှင့် အန်တီလူး ထိုင် နေကြသည် ။ ကိုယ် ထမင်းစားခန်း ထဲ မှာ ဝင် ထိုင်ပြီး ပေါင်မုန့်ယို သုတ်စားသည် ။ ကော်ဖီ သောက်သည် ။ စားသောက် နေတုန်း အန်တီလူး ဝင် လာ၏ ။ ကိုယ့် ပခုံး ပေါ် လက် လာ ထောက်သည် ။
“ အမယ် ညီညီ က တစ်ယောက် တည်း စားနေတယ် ၊ အန်တီ့ ကို မကျွေးတော့ဘူးလား ”
ကိုယ် မော့ မကြည့်ဘဲ ခေါင်း ကို သာ ညိတ် ပြလိုက်သည် ။
“ အလကား ပြောတာပါ ကွာ ၊ ညီညီ ပဲ ဝအောင် စားပါ ”
ကိုယ် က ဘာမျှ မပြော ။ သူ့ ကို လည်း မကြည့်ဘဲ ခေါင်း ငုံ့ ၍ သာ ကော်ဖီ သောက် နေလိုက်သည် ။ အန်တီလူး က ရယ် ၍ ..
“ ဘာလဲ ညီညီ က အန်တီတို့ ဆူလို့ အိပ်ရာ က လန့် နိုးသွားလို့လား ၊ ဟုတ်လား ၊ အိပ်ရေး ပျက်သွားလို့ အန်တီ တို့ ကို စိတ်ကောက် နေတာလား ”
ကိုယ် အန်တီလူး ကို ဆတ်ခနဲ မော့ ကြည့်လိုက်သည် ။ ပြီးတော့ ကိုယ် ပြောသည် ။
“ ကိုယ် နိုးနေတာ ကြာလှပြီ ”
••••• ••••• ••••• •••••
ဟီးနိုးဘတ်စ်ကားကြီး သည် အရမ်း မြန်သည် ။ ဦးလေး မောင်မောင်ကြီး နှင့် ကိုယ် သည် ဥဿာဒဂုံ ကား ဖြင့် ရန်ကုန် သို့ သွားကြခြင်း ဖြစ်ပါသည် ။ ဦးလေးမောင်မောင်ကြီး ဒီ တစ်ခေါက် ကိုယ်တို့ ဆီ လာသော ရက် သည် ဒီဇင်ဘာ ကျောင်းပိတ်ရက် ဖြစ်သည် ။ ဦးလေးမောင်မောင်ကြီး က ကိုယ့် ကို ရန်ကုန် ခေါ်သွားချင်သည် ဟု ဖေဖေ နှင့် မေမေ တို့ ကို ပြောပြီး ခေါ်ခဲ့သည် ။ ကိုယ်တို့ သည် မနက် အစောကြီး ထပြီး ဥဿာဒဂုံ ဟီးနိုးကားသစ်ကြီး ဖြင့် ထွက်လာခဲ့ခြင်းပင် ဖြစ်လေသည် ။
ကိုယ်တို့ ကားကြီး သည် ထုံးကြီး တို့ ၊ သနပ္ပင် တို့ သွားသော ကားစုတ်တွေ နှင့် ကွာချင်တိုင်း ကွာသည် ။ ဟို ကားတွေ လို ဂျုံးဂျုံးဂျိုင်းဂျိုင်း လည်း မမြည် ။ မြန် လိုက်တာကလည်း လမ်းဘေး က ဓာတ်တိုင်တွေ ဆို တာ “ ဝှစ်ခနဲ ၊ ဝှစ်ခနဲ ” ကျန် နေခဲ့သည် ။
ကိုယ် သည် ရန်ကုန် သွား ရသဖြင့် အရမ်း ပျော်နေမိ၏ ။ ဟို ရောက်လျှင် တိရစ္ဆာန်ရုံတို့ ၊ ငါးပြတိုက်တို့ ၊ ကရဝိက်တို့ ကို လိုက် ပြမည် ဟု ဦးလေးမောင်မောင်ကြီး က ပြောသည် ။ သမ္မတရုံ မှာ ပြနေသော စုံထောက်ကား ကိုလည်း လိုက် ပြမည်တဲ့ ။ ပြီးတော့ ဘွားမေသိန်း တို့ အိမ် ကို လိုက် ပို့ဦးမည် ။ အဲဒီမှာ နှစ်ရက် ၊ သုံးရက် လောက် နေပြီး မှ ပြန် ရမည် ဟု ဆိုသည် ။
မြို့ က စ ထွက် ကတည်း က လမ်းဘေး မှာ လယ်ကွင်းပြင်ကြီးတွေ ကို မြင် ရသည် ။ ဟိုး အဝေးကြီးတွေ မှာ ဘုရားတွေ ခဏခဏ တွေ့ ရ၏ ။ ဦးလေးမောင်မောင်ကြီး သည် ရှေးတုန်းက အကြောင်းတွေ ကို ပြော ပြနေသည် ။
“ ပဲခူးမြို့တဝိုက် ကို အရင်က ဟံသာဝတီ လို့ ခေါ်တယ် ၊ မွန်တွေ ရဲ့ ဒေသပေါ့ ၊ အဲဒီတုန်းက ဟံသာဝတီဘုရင် က ရာဇဓိရာဇ် တဲ့ ။ အဲဒီ အချိန်မှာ အင်းဝ နဲ့ ဟံသာဝတီ ကလည်း မကြာမကြာ စစ် ဖြစ်ကြတယ် ။ အင်းဝဘုရင် မင်းခေါင် မှာ သားတော်တစ်ပါး ရှိတယ် ။ သူ့နာမည်က မင်းရဲကျော်စွာ တဲ့ ”
“ မင်းရဲကျော်စွာ ”
ဒီ နာမည် ကို ကြားဖူးသည် ။ ဘယ်မှာလဲ ။ ဪ ... သိပြီ ။ တော်လှန်ရေးနေ့ ဆိုလျှင် ရေဒီယို မှ စစ်ချီသီချင်းတွေ လာ တတ်သည် ။ “ မင်းရဲကျော်စွာ ၊ တပင်ရွှေထီးပုံညီ ၊ ဘုရင့်နောင်ပါ ၊ အလောင်းဘုရားတို့သည် ” ဆိုသော သီချင်း လည်း ပါသည် ။ ပြီးတော့လည်း မိခိုင် တို့ တင်အောင်ခိုင် တို့ ဘင်ခရာသင်တန်း အတွက် ပြွေမှုတ် လေ့ကျင့်နေတုန်း ကလည်း ဆို တာ ကြား ဖူးသည် ။
“ အေး ... ဟုတ်တယ်ကွ ၊ မင်းရဲကျော်စွာ ဆိုတာ မင်းခေါင် ရဲ့သား ဖြစ်သလို အင်းဝ စစ်တပ် ရဲ့ စစ်သေနာပတိချုပ် လည်း ဖြစ်တယ် ။ သူ စစ်သေနာပတိ လုပ်ပြီး စီမံအုပ်ချုပ်ပြီး တိုက်တာ အင်းဝတပ်တွေ ဟာ ဟံသာဝတီ ကို တိုက်ပွဲတော်တော်များများ မှာ နိုင်ခဲ့တယ် ကွ ၊ ဒါပေမယ့် ”
“ ဘာဖြစ်လို့လဲ ဦးလေး ”
“ မင်းရဲကျော်စွာ ဟာ စစ်တိုက် တာလည်း တော်တယ် ၊ ဉာဏ်လည်း ကောင်းတယ် ၊ ဒါပေမယ့် အသက် သိပ် ငယ်သေးတော့ အတွေ့အကြုံ နည်းသေးတာပေါ့ ။ သူ နဲ့ ပြိုင်ဘက် ဟံသာဝတီဘုရင် ရာဇာဓိရာဇ် ကျတော့ သတ္တိ လည်း ရှိတယ် ။ ဦးနှောက် လည်း ကောင်းတယ် ။ အတွေ့အကြုံ လည်း များပြီး ၊ ပြီးတော့ သူ့ ဆီ မှာ လဂွန်းအိမ် ၊ မင်းကန်စီ စတဲ့ သူရဲကောင်းတွေ ပညာရှိတွေ လည်း အများကြီး ရှိနေတယ် ။ ဒီတော့ ကာ ရာဇာဓိရာဇ် ဟာ တချိန်မှာ မင်းရဲကျော်စွာ ကို ဒဏ်ရာပြင်းထန်စွာ နဲ့ ဖမ်း မိလိုက်တာပေါ့ ”
“ သတ်ပစ်လိုက်ရောလား ဟင် ”
“ မသတ်ဘူးကွ ၊ ရာဇာဓိရာဇ် ဟာ သူရဲကောင်း တွေ ကို အလွန် ချစ်မြတ်နိုးတာပဲ ။ ဒါကြောင့် မင်းရဲကျော်စွာ ကိုလည်း ဒဏ်ရာတွေ ပျောက်အောင် ဆေး ကုပေးမယ် လို့ ပြောတယ် ။ ဒါပေမယ့် မင်းရဲကျော်စွာ ကလည်း သူရဲကောင်း ပဲ ။ ရန်သူ က ဆေးကု ပေးတာကိုတော့ မခံဘူး ။ အသက် သာ အသေခံမယ် လို့ ပြန် ပြောလိုက်တယ် ။ ရာဇာဓိရာဇ် လည်း လက် လျှော့လိုက်ရတာပေါ့ ။ ဒါနဲ့ အဲဒီ ဒဏ်ရာတွေကြောင့်ပဲ မင်းရဲကျော်စွာ လည်း သေဆုံး သွားရှာတာပေါ့ ”
ဦးလေးမောင်မောင်ကြီး က ခဏ စဉ်းစားပြီး ဆက် ပြောသည် ။
“ နေဦးကွ ၊ ဦးလေး ပြောဖို့ တစ်ခု မေ့နေတယ် ၊ မင်းရဲကျော်စွာ ဟာ စစ်သေနာပတိကြီး ဖြစ်တဲ့ အချိန်မှာ အသက် ဘယ်လောက် ရှိပြီ ထင်လဲ ”
ကိုယ် ခေါင်းခါ ပြသည် ။
“ အသက် ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်ကွ ”
“ ဟင် ... ငယ်ငယ်လေး ၊ ကိုယ်တို့ အရွယ်ပဲ ပေါ့ ”
“ အေးပေါ့ကွ ”
ကိုယ် တွေးကြည့်သည် ။ စိတ်ကူး ထဲတွင် ကိုယ် သည် မင်းရဲကျော်စွာ ဖြစ် နေသည် ။ စစ်ဗိုလ်ချုပ် အဝတ်အစား နှင့် သံခမောက်ကြီး ကို ဆောင်းပြီး ဓားကြီး ကို ကိုင် ထားသည် ။ ကိုယ် သည် ဆင်ကြီး ပေါ် မှာ မတ်တပ် ရပ်ပြီး အမိန့်တွေ ပေး နေသည် ။ ကိုယ် က မင်းရဲကျော်စွာ ဆိုလျှင် ဖေဖေ က ဘုရင်မင်းခေါင် ပေါ့ ။ မိဖုရားကြီး က မေမေ ပေါ့ ။ ဒါဆို ရာဇာဓိရာဇ် ၏ နေရာမှာ ဘယ်သူ့ ကို ထားလျှင် ကောင်း မလဲ ။ ကိုယ် သည် ဦးလေးမောင်မောင်ကြီး ကို “ ဦးလေး ” ဟု ခေါ် လိုက်သည် ။ သူ က ကား အပြင် ကို ကြည့် နေရာမှ လှည့် ကြည့်သည် ။ ကိုယ် က မေးလိုက်သည် ။
“ မင်းရဲကျော်စွာ မှာ မိန်းမ ရှိလားဟင် ”
ဦးလေးမောင်မောင်ကြီး က အကျယ်ကြီး ရယ် လိုက်သည် ။ ဟိုဘက်ခုံ က အိပ်ငိုက်နေသော လူကြီး ပင် လန့်ပြီး လှည့် ကြည့်ရသည် ။ ကိုယ် ရှက်သွားလေ၏ ။
◾မင်းလူ
📖 ငှက်ကလေး
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
၊
No comments:
Post a Comment