Friday, August 26, 2022

ငှက်ကလေး ( ၇ )


 

အပိုင်း ( ၇ )

ပထမ အစမ်း စာမေးပွဲ ကို ကောင်းကောင်း ဖြေနိုင်သည် ။ ကိုယ် တို့ တစ်အုပ်စုလုံး ပင် ဖြေနိုင်ကြသည် ။ ဂျွန်ဆင် နှင့် ကစ်တီ တို့ နှစ်ယောက် သာ သိပ်မဖြေနိုင်ဘူး ဟု ပြောသည် ။ ပြောသာ ပြောသော်လည်း သူတို့ သည် စာမေးပွဲ ကျလောက်အောင် ဆိုးတာ မဟုတ်နိုင် ။ အပုဒ် စေ့ အောင် မဖြေနိုင်တာလောက် ၊ တစ်ပုဒ် လောက် ကျန်ခဲ့တာ လောက်သာ ဖြစ်မည် ။

ဂျွန်ဆင် က စာမေးပွဲ ဖြေကာနီးကျမှ နေမကောင်း ဖြစ်သွားသောကြောင့် ဖြစ်ပါသည် ။ ကစ်တီ ကတော့ မိခိုင် ပြောစကား အရ ဆိုလျှင် အအိပ်ပုတ်သောကြောင့် ဟု ဆိုသည် ။ စာမေးပွဲ ဖြေနေသော ရက်တွေ အတွင်း သူတို့တစ်တွေ မိခိုင် တို့ အိမ် မှာ စာစုကျက် ကြသတဲ့ ။ အရေးကြီးသောဘာသာ မဖြေခင် ည ဆိုလျှင် အဲဒီမှာ ပဲ အိပ် ကြသည် ။ ည ဆိုလျှင် ညဉ့်နက်အောင် စာ ကျက်ကြသည် ။ သူတို့ မအိပ်ချင်အောင် မိခိုင် တို့ မေမေ က လက်ဖက်သုပ်တွေ ဘာတွေ လုပ်ပေးသည် ။ မိခိုင် တို့ ဖေဖေ ကတော့ သူတို့ အတွက် စားပွဲရှည်ကြီး တစ်လုံး ကို ပြင်ပေးသည် ။ ထို စားပွဲကြီး မှာ တစ်ယောက် တစ်ထောင့် စီ ထိုင်ပြီး စာ ကျက်ကြသည် ။ ကစ်တီ သည် အစောကြီး ပင် အိပ်ငိုက်တတ်သည် ဟု ပြောသည် ။ စာကျက် နေရင်းက သူ ငိုက် ငိုက်ကျသွားတာ တစ်ခါတလေ စားပွဲ ကို ပင် နဖူးနှင့် ` ဒုန်းခနဲ ၊ ဒုန်းခနဲ ' ဆောင့်မိတတ်သည် တဲ့ ။ ကစ်တီ အိပ်ငိုက်တာ သိပ် ရယ်စရာ ကောင်းတာပဲ ဟု မိခိုင် က ပြန် ပြောပြသည် ။

မီးမီး ကတော့ အစကတည်းက စာ တော်ပြီးသား ၊ စာတော်သောကြောင့် ပင် သူ က ကိုယ်တို့ အတန်း မှာ ရောက်နေခြင်း ဖြစ်သည် ။ မိခိုင် နှင့် ကစ်တီ တို့ က ဘီတန်း မှာ အတူတူ ဖြစ်သည် ။

မိခိုင် ကျတော့ စာ အတော်ကြီးလည်း မဟုတ် ။ ညံ့လည်း မညံ့ ။ အဆင့် တစ်ဆယ် အတွင်းလောက်တော့ ရှိသည် ။

စာမေးပွဲ ဖြေပြီး နောက်ဆုံးနေ့က ကိုယ်တို့ တစ်တွေ ပြန်ကာနီး တွေ့ ကြသည် ။ မိခိုင် က သင်္ချာ တစ်ပုဒ် အချိန် မရလို့ မဖြေခဲ့ရဘူး ဆိုပြီး ငို မလို ဖြစ်နေသေးသည် ။ ကစ်တီ ကတော့ ငါ တို့တော့ အောင်ရင် တော်ပြီ ။ အမှတ် နည်း လို့လည်း အိမ် က ဆူမှာ မဟုတ်ဘူး ဟု ပြောသည် ။ ပြီးတော့ သူတို့ သည် ဒီကျောင်းပိတ်ရက် အတွင်း ဘင်ခရာသင်တန်း တက်မည့် အကြောင်းတွေ ပြော နေသည် ။ ကိုယ် ကတော့ ဘာမျှ ဝင်မပြောဘဲ နေသည် ။ ပြောစရာလည်း ဘာမျှ မရှိပါ ။

စာမေးပွဲ ဖြေကာနီး တစ်ရက် ၊ နှစ်ရက် အလို နောက်ဆုံးထား၍ ဘင်ခရာသင်တန်း တက် ချင်သူတွေ စာရင်း သွင်းရသည် ။ တင်အောင်ခိုင် ၊ ဂျွန်ဆင် ၊ ဇော်ဝင်း ၊ ကစ်တီ ၊ မီးမီး ၊ မိခိုင် သူတို့ အားလုံး တက်ကြမည် ဟု ဆိုသည် ။

ကိုယ် ကတော့ ...

“ ဒီ ကျောင်းပိတ် ရက် မှာ ဘင်ခရာသင်တန်း ဖွင့်မယ် တဲ့ ၊ ကိုယ် တက်ချင်တယ် ” ဟု မေမေ့ ကို ပြောသည် ။ မေမေ က “ တက်ချင် တက်လေ ” ဆိုပြီး မှ ခဏ စဉ်းစား၍ “ သား အဖေကိုလည်း မေးကြည့်ဦး ” ဟု ပြောသည် ။

မေမေ့ ကို ပြောသော အချိန် မှာ သင်တန်း အတွက် စာရင်း ပိတ်ရန် နှစ်ရက် သာ လိုတော့သည် ။ ထို့ကြောင့် နောက် တစ်နေ့ ကျောင်း ဆင်း လျှင် ဖေဖေ့ အလုပ်ရုံ သို့ လာခဲ့သည် ။ ဖေဖေ့ အလုပ်ရုံ မှာတော့ ထုံးစံအတိုင်းပင် လှုပ်လှုပ်ရွရွ ဆူဆူညံညံ ဖြစ်နေသည် ။ ကိုယ် သည် အရင်ကလို မေးမနေတော့ဘဲ ဖေဖေ့ စားပွဲ ရှိရာသို့ တန်း သွားလိုက်သည် ။ ဒီတစ်ခါတော့ ဖေဖေ့ ကို တစ်ခုခု လုပ်နေလျက်သား မတွေ့ရ ၊ လက်တစ်ဖက် ဖြင့် မေး ကို ထောက်၍ ထိုင်နေသည် ။ တစ်ခုခု စဉ်းစားနေပုံမျိုး ဖြစ်လေသည် ။

ကိုယ် သည် ဖေဖေ့ ရှေ့ မှာ သွား ရပ်၏ ။ ဖေဖေ သ ည် ကိုယ့် ကို သူ့ တပည့် တစ်ယောက် ယောက် မှတ်လို့လား မသိ ။ မျက်နှာ ခပ်တင်းတင်း ထား၍ မော့ကြည့်ပြီး ကိုယ့် ကို မြင်သော အခါ မှ ...

“ ဪ... သား ၊ ထိုင်လေ ” 

ဖေဖေ သည် ကိုယ့် ကို မြင်သောအခါ မျက်နှာ တစ်မျိုး ဖြစ် သွားကြောင်း ကိုယ် သိသည် ။ ကိုယ် ဒီကို လိုက်လာတာ ဖေဖေ မကြိုက်ဘူးလား မသိ ။ ဒါလည်း မဖြစ်နိုင် ။ မကြိုက်လျှင် အရင် တစ်ခါ လာကတည်း က ဆူ မှာပေါ့ ။ ဖေဖေ အလုပ် အကြောင်း စဉ်းစား နေတုန်း ကိုယ် ရောက်သွားသောကြောင့် စိတ်ကူး ပျက်သွားတာ ဖြစ်နိုင်သည် ။ အိမ် မှာ ဆိုလည်း ဒီလိုပဲ ။ ဖေဖေ သည် သူ သတင်းစာ ဖတ်နေတုန်း သွား စကား ပြောလျှင် မကြိုက်ချေ ။ ယခုလည်း ကိုယ်မြင် လိုက်ရသေးသည် ။ ကိုယ့် ကို မြင်သော အခါ ဖေဖေ သည် စားပွဲ ပေါ် က စာရွက် တစ်ရွက် ကို ခေါက် လိုက်ပြီး အံဆွဲ ထဲ ထည့် လိုက်သည် ။ စာရင်း တွေ ရေးထားတာ ဖြစ် လိမ့်မည် ။ အပေါ်ဆုံးက စာကြောင်း မှာ အိမ် ၏ ကာလတန်ဖိုး ဆိုပြီး ဒီဘက် က ဂဏန်းတွေ ရေးထားသည် ။ လေးထောင် လား ၊ လေးသောင်း လား မသိ ။

ကိုယ် ထိုင် ပြီးပြီးချင်းပင် ဖေဖေက “ ကျော်လွင် ” ဟု လှမ်း ခေါ်လိုက်သည် ။ ဟိုတစ်ခါ လာတုန်းက တွေ့ဖူးသော လူကြီး သည် ထုရိုက်နေရာမှ မတ်တပ် ရပ်လိုက်သည် ။ ဖေဖေ က ...

“ ဪ ... အေး ... ဆက်လုပ် ၊ ဘယ်သူ အားလဲဟေ့ ”

ဖေဖေ့ တပည့် နှစ်ယောက် သည် ကိုယ် တို့ ကျောင်းသားတွေ လို ဝုန်းခနဲ ပြိုင်တူ ထ ရပ်သည် ။

“ ဟိုကောင် ... ကာကူး လာခဲ့ ”

“ ဟုတ်ကဲ့ .. ဆရာ ” 

“ ရေခဲသုပ် တစ်ခွက် သွား ယူခဲ့ ၊ စီးကရက်တစ်ဘူး ပါ ဆွဲ ခဲ့ကွာ ”
 
“ ဟုတ်ကဲ့ ဆရာ ” 

ကာကူး ဆိုသော လူကြီး ထွက်သွားပြီးနောက် ဖေဖေ သည် ထထွက်သွားပြန်သည် ။ သူ့ တပည့်တွေ အလုပ် လုပ်နေတာကို လျှောက် ကြည့်နေခြင်း ဖြစ်သည် ။ ရေခဲသုပ်ဖန်ခွက် ရောက် လာသည် ။ ကိုယ် ဖေဖေ့ ကို လှမ်း ကြည့်သည် ။ ဖေဖေ က ခပ်လှမ်းလှမ်း မှာ ရောက်နေသည် ။ ခေါင်းညိတ်ပြ သောကြောင့် ရေခဲသုပ် ကို စားသည် ။ ကုန်ခါနီး မှာ ဖေဖေ ရောက်လာသည် ။ စားပွဲ မှာ ပြန်ထိုင်ပြီး တစ်ခုခု စဉ်းစားနေပြန်၏ ။

“ ဘာ ပြောစရာ ရှိလို့လဲ သား ” 

ကိုယ် နည်းနည်း ဝမ်းသာ သွားပါသည် ။ ဟိုတစ်ခါ လုံချည်ဝယ်ပေးဖို့ ပြောတုန်းက ကိုယ်တစ်ခါ လာဖူးသည် ။ ဒါကို ဖေဖေ က မှတ်မိနေသောကြောင့် ခုလို မေးခြင်း ဖြစ်ရမည် ။ ဒါ ကိုယ့်အကြောင်း ဖေဖေ က ဂရုစိုက်ပြီး မှတ်ထားလို့သာပေါ့ ။

“ ဟိုဟာ ဖေဖေ ၊ ဒီ ကျောင်းပိတ် ရက် ထဲ မှာ ကိုယ် တို့ကျောင်း မှာ ဘင်ခရာသင်တန်း ဖွင့်မယ် တဲ့ ” 

“ အင်း ... ဘာဖြစ်လဲ ” 

“ အဲဒါ ကိုယ် တက်ရမလားလို့ ” 

“ ဘင်ခရာသင်တန်း ဟုတ်လား ၊ အဲဒါ ဘာလုပ်ဖို့လဲ ” 

ကိုယ် ဘာ ဖြေရမှန်း မသိ ။ တော်သေးသည် ။ ဖေဖေ့တပည့် တစ်ယောက် ရောက်လာပြီး သံချောင်းတစ်ချောင်း လာ ပြသည် ။ ဖေဖေ က စားပွဲ ပေါ် မှ ပေကြိုး ကို ကောက်ယူပြီး တိုင်း လိုက်သည် ။ “တပ်ကြည့်လေ လိုရင် နည်းနည်းထပ် တိလိုက် ” ဟု ပြောသည် ။ ကိုယ် သည် ဘယ်လို ဖြေရမလဲ ဟု ခပ်မြန်မြန် စဉ်းစား နေရသည် ။ ဘင်ခရာသင်တန်း တက်ခြင်း၏ အကျိုးကျေးဇူး ကို တီချာမေ ပြော ပြတာတော့ ရှိသည် ။ အများကြီးပဲ ။ ကိုယ် ပြန် ရှင်းမပြတတ် ။ ဟုတ်ပြီ ၊ မှတ်မိပြီ ။ ကျောင်း ပိတ်ရက်တွေ ကို အကျိုးရှိရှိ အသုံးချဖို့ အဲဒီလို ပြော ....

“ ရှုပ်ပါတယ်ကွာ ၊ တက် မနေပါနဲ့ ” 

ကိုယ် စဉ်းစားလို့ မဆုံးခင် မှာပင် ဖေဖေ က ပြောလိုက်သည် ။ ကိုယ့် ရင်ထဲက ဟာ ပြီး ဝမ်းနည်း သွား ရသည် ။ ဖေဖေ့ ကို မူ ကိုယ် ဘာမျှ ထပ် မပြောရဲတော့ပါ ။

“ ဟင် လို့ ” 

မိခိုင် က ကိုယ့် လက်မောင်း ကို လာ ပုတ်တော့မှ ကိုယ် သတိရပြီး “ ဘာလဲ ၊ ဘာလဲ ”  ဟု မေး လိုက်ရသည် ။

“ နင် ကလည်း ဟာ ဘာတွေ စဉ်းစား နေတာလဲ ၊ နင် ပါ သင်တန်း တက် ရင် သိပ် ကောင်းမှာပဲ လို့ ပြောတာ ”

“ ကိုယ့် ဖေဖေ က မှ တက်ခွင့် မပြုတာ ” 

“ နင့် မေမေ က တက်ချင် တက်လို့ ပြောတယ် ဆို ” 

“ အို ... မေမေ က ပြော ပေမယ့် ဖေဖေ က မှ ခွင့်မပြုတာ ဘယ်ရမလဲ ” 

“ မင်း တို့ အမေ က မင်း တို့အဖေ ကို သိပ် ကြောက်ရလို့လားကွ ” 

ကိုယ် သည် တင်အောင်ခိုင့် ကို ဆတ်ခနဲ လှည့် ကြည့်လိုက်မိသည် ။ ကိုယ် တစ်ခါမျှ ဒီလို မစဉ်းစားမိဖူးသေးပါ ။ ကိုယ့်အဖို့ သိချင်တာ တစ်ခု ထပ်တိုးလာရပြီ ။

“ မေမေ က ဖေဖေ့ ကို ကြောက်နေရသလား ”

•••••   •••••   •••••

ပျင်းစရာ ကောင်းတာ ကို ကိုယ် သိပ်မုန်းသည် ။ ကျောင်း ပိတ်ထားသောကြောင့် သူငယ်ချင်းတွေ နှင့် မတွေ့ရချေ ။ တကယ်ဆိုလျှင် ကျောင်း ပိတ်ထားသော်လည်း တင်အောင်ခိုင် တို့အိမ် ကို သွားလည်လို့ ရသေးသည် ။ တင်အောင်ခိုင် က သူတို့ အိမ် မှာ ကစား ရတာ မလွတ်လပ်ဘူး ၊ သူ့ အစ်ကို က အမြဲ လိုက် ကြည့်နေတယ် ၊ ဘာညာ ပြောတဲ့ တိုင်အောင် အိမ် မှာ တစ်ယောက် တည်း နေ နေရတာ ထက် စာလျှင် တော်သေးသည် ။ ခုဟာက သူ့ အိမ် လည်း သွားလို့ မဖြစ် ။ သူ အိမ် မှာ ရှိမည် မဟုတ် ။ ဘင်ခရာသင်တန်း သွား တက်နေသည် ။ သည်တော့ အိမ် မှာ ပင် တစ်ယောက် တည်း နေ နေရသည် ။ ဘာမှလည်း လုပ်စရာ မရှိ ။ တစ်ယောက်တည်း ဆိုတော့ ကစား လို့လည်း ပျော်မည် မဟုတ်ပါ ။

ကိုယ့် ရဲ့ တစ်နေ့ တစ်နေ့ အလုပ်တွေ ကို ကြည့် ။ မနက် အိပ်ရာ ထ ၊ မျက်နှာ သစ်ပြီး ပေါင်မုန့်ယို သုတ်စား ၊ ကော်ဖီသောက် ၊ ပြီးလျှင် လမ်းထိပ်နား ထိ လျှောက် ကြည့်ပြီး ပြန်လာ ။ ဆယ်နာရီ လောက် ကျလျှင် ရေချိုး ပြီး ထမင်းစား ။ နောက် သတင်းစာ လာ လျှင် ကြော်ငြာတွေ ဘာတွေ လျှောက် ဖတ် ။ နေ့လယ်ပိုင်း ကျတော့ လမ်း ထဲ က မူစိန် စာအုပ်ဆိုင် က ရုပ်ပြ တို့ ကာတွန်းတို့ ငှား ဖတ်ရသည် ။ အများကြီး လည်း မဖတ်နိုင် ။ ပိုက်ဆံ ကုန်သောကြောင့် လည်း ပါသည် ။ စာအုပ် တစ်အုပ် ကို ငှားခ က အနည်းဆုံး ငါးမူး ပဲ ။ နောက်ပြီးတော့ အများကြီး ဖတ်လျှင် မျက်စိညောင်း လာပြန်သည် ။ ထိုအခါ အိပ်ရာ ပေါ် မှာ ပျင်းပျင်း နှင့် လှဲ ချရင်း အိပ် ပျော် သွားတတ်သည် ။ ညနေပိုင်း ကျလျှင် ရေချိုး ထမင်း စားပြီး ခြံထိပ် က ထိုင်ခုံတန်းကလေး မှာ မေမေ့ ကို သွား ထိုင် စောင့် သည် ။ တစ်ခါတလေ လည်း မေမေ လာတော့ မှ ထမင်း တူတူ စားသည် ။ ကိုယ့် အဖို့ လုပ်စရာ က တစ်နေ့တစ်နေ့ ဒါပြီး ဒါပဲ ထပ် နေသည် ။ ဘယ်လောက် ပျင်းစရာကောင်းသလဲ ။

ကျောင်းပိတ်ရက် ဆယ့်တစ်ရက် ကို အမြန်ဆုံး ကုန် သွားစေချင်သည် ။

သည်နေ့ မှာတော့ ကိုယ်ဘယ်လို မှ သည်း မခံနိုင်တော့ချေ ။ ထို့ကြောင့် မနက်စာ စားပြီး အပြင် ထွက် လာခဲ့သည် ။ ဆော်လီမား က ဘယ် သွားမလို့လဲ ဟု မေး သေးသည် ။ ကိုယ်က သည် နား ပဲ ဟု ပြန်ပြောခဲ့သည် ။

ကိုယ် သည် ဘယ် ကို သွားရမှန်းမသိဘဲ လျှောက် လာသည် ။ ခပ်လှမ်းလှမ်း မှာ တံတားကြီးကို လှမ်း မြင်ရတော့ မှ အေးကြည် နှင့် မောင်ပါ တို့ကို သွားသတိရမိ၏ ။ တံတားကြီး ဆီသို့ ကိုယ် လျှောက်သွားသည် ။ တံတား ထိပ် မှ ကြည့်လိုက်သည် ။ ချောင်းရေ သည် တော်တော် ကျ သွားသည် ။ ဝါးဖောင်တွေ လည်း မရှိတော့ ။ ငါး ဖမ်းနေသော ကောင်လေးတွေလည်း မတွေ့ရ ။ ရေ ကူးနေသူတွေ တစ်ယောက် ၊ နှစ်ယောက် သာ ရှိသည် ။ အေးကြည် နှင့် မောင်ပါ တို့ ကိုကား လုံးဝ မတွေ့ချေ ။ နောက်မှ သတိရသည် ။ အရင် တစ်ခါ တွေ့တုန်းက မနက်စောစော ။ ခု ဆယ်နာရီခွဲ လောက်ပင် ရှိတော့မည် ။ သူ တို့ အိမ် ပြန်သွားကြတာ ဖြစ်မည် ဟု ထင်သည် ။ ကိုယ် သည် ဘယ် သွားရမှန်းမသိတော့ဘဲ အဲဒီမှာပင် ရပ်နေလိုက်သည် ။ သည်တစ်ခါ ကျောင်း ပိတ်ရက် သည် ဘယ်လိုမှန်း မသိ ။ အရမ်း ပျင်းဖို့ ကောင်းသည် ။ အရင်က ကျောင်း ပိတ်ရက် တွေ ဆို ကိုယ် ပျော် မိပါသည် ။ စာ လည်း ကျက်စရာ မလို ။ ဆရာ ၊ ဆရာမတွေ ကိုလည်း ကြောက်နေစရာ မလို ။ ကိုယ့် အိမ် မှာ နေချင်သလို နေလို့ ရသည် ။ ပြီးတော့လည်း ဖေဖေ အိပ်ရာ မှ နိုးသည် ထိ ကိုယ် စောင့် နေလို့ရသည် ။ သည်တစ်ခါ ကျတော့ ဖေဖေ ကလည်း များသော အားဖြင့် အိပ်ရာ မှ နိုးသည်နှင့် ကိုယ် နှင့် စကား ပြောဖို့ပင် အချိန် မရတော့ဘဲ အလုပ် ကို မြန်မြန် ထွက် သွားသည် ။ တစ်ခါတလေ ကိုယ် အိပ်ရာ မှ နိုးလျှင် ဖေဖေ ရှိပင် မရှိတော့ချေ ။

ခုတစ်ခါ ကျောင်းပိတ်ရက် မှာကျတော့ ကိုယ် သည် ကျောင်း ကို သတိရနေမိသည် ။ သူငယ်ချင်းတွေ ကို လည်း သတိရသည် ။ ယောက်ျားလေး သူငယ်ချင်းတွေ ထဲတွင် တင်အောင်ခိုင့် ကို သတိအရဆုံး ဖြစ်၍ မိန်းကလေး သူငယ်ချင်းတွေ ထဲ တွင် မိခိုင် ကို သတိအရဆုံး ဖြစ်သည် ။ ကိုယ့် စိတ် ထဲ မှာ ထူးဆန်းနေတာ တစ်ခု ရှိသေးသည် ။ ဟိုတစ်ခါ မိုးတွေ ရွာသော နေ့ က မိခိုင် မှာ ထီး မပါသောကြောင့် သူ့ အိမ် ကို လိုက် ပို့ခဲ့ရသည့်အကြောင်း ကို ခဏခဏ သတိ ရနေမိခြင်းပင် ဖြစ်ပါသည် ။ ဘာကြောင့်လဲလို့ စဉ်းစားလို့ ကို မရပါ ။

“ ဟေး ..” ဆိုသော အသံ ကို ကြား ရသည် ။ ကြည့်လိုက်သောအခါ အေးကြည် နှင့် မောင်ပါ တို့ သည် တံတားကြီးပေါ် သို့ အိပဲ့အိပဲ့ တက်မောင်းသွားသော လော်ရီကားကြီး ၏ နောက်မြီး မှာ ခိုစီးနေရာ မှ ခုန် ချလိုက်သည် ကို တွေ့ရသည် ။ သူ တို့ ကိုယ့် ဆီ သို့ ပြေး လာ၏ ။

“ ဟေ့ကောင် ... ဗိုလ်အောင်ဒင် ”

ဟု အေးကြည် က လှမ်းခေါ်ရင်း ကိုယ့် နား မှာ လာရပ်သည် ။ ကိုယ် ရယ်ချင် သွား၏ ။ သူတို့ သည် ခုထိ ကိုယ့် နာမည်ကို မသိသေးချေ ။

“ ဘာ ရယ်တာလဲ ကွ ” 

“ မဟုတ်ပါဘူး ၊ မင်းတို့ က ကိုယ့် နာမည် ကို တကယ် မှတ် နေလို့လား ” 

သူတို့ က ဘာမျှ ပြန်မပြော ။ ကိုယ် က ရယ် လိုက်ပြီး ...

“ ကိုယ့် နာမည် က ဗိုလ်အောင်ဒင် မဟုတ်ပါဘူး ကွ ၊ ညီညီ တဲ့ ”

“ ညီညီ ဟုတ်လား ” 

“ အေး ... မင်းတို့ ထင် ထားတာ မှားတယ် ” 

“ သိသားပဲကွ ၊ မင်း ငါတို့ ကို နာမည် လိမ် ပြောသွားမှန်း ၊ ဘာလို့လဲ ဆိုတော့ မင်း စစ်ဗိုလ်မှ မဟုတ်ဘဲ ၊ ဗိုလ်အောင်ဒင် မှည့်လို့ ဘယ်ရမလဲ ”

“ ဒါဆို တိတ်ခွေဇာတ်လမ်း ထဲက ဗိုလ်အောင်ဒင် က ကော ” 

“ သူ က ဓားပြဗိုလ် ပဲ ကွ ” 

“ ငါတို့ ရပ်ကွက်ထဲ က လို ဖြစ်နေဦးမယ် ” 

ဟု မောင်ပါ က ပြောသည် ။

ကိုယ် က ...

“ ဘာဖြစ်လို့လဲ ကွ ” 

“ လာပါကွာ .. လမ်းလျှောက်ရင်း ပြောရအောင်ပါ ”

“ ဘယ် သွားမလို့လဲ ကွ ” 

ဟု ကိုယ် က မေးသည် ။ အေးကြည် က ပြန် ဖြေသည် ။

“ ညောင်ဝိုင်း ဘက် သွားမလို့ကွ ၊ ငါတို့ ဘာသာ ဆို ခုန ဟိုကားကြီး ကို ခို လိုက်သွားမှာ ၊ မင်း ကို မြင် လို့ ဆင်း လာတာ ” 

“ ဘာ သွား လုပ်မှာလဲ ၊ ညောင်ဝိုင်း ကို ” 

မောင်ပါ က သူ့ လွယ်အိတ် ထဲက လေးခွ ကို ထုတ်ပြပြီး ...

“ ငှက်သွား ပစ် မလို့လေ ၊ မင်း လိုက်ခဲ့ပါလား ” 

ကိုယ် က မလိုက်ဘူး ပြောမည် စိတ်ကူး သေးသည် ။ ညောင်ဝိုင်း ဘက် ကို တစ်ခါတည်း သာ ရောက်ဖူးသည် ။ မေမေ နှင့် ဘုန်းကြီးကျောင်း ကို လိုက်သွားတုန်း က ဖြစ်သည် ။ သူတို့က ငှက် လျှောက်ပစ်မှာ ဆိုတော့ ချောင်ကြိုချောင်ကြား အဝေးကြီး သွားချင် သွားရမည် ။ သို့သော်လည်း ကိုယ်တစ်ယောက် တည်း ပျင်း နေမည်လည်း စိုးသည် ။ လိုက်လည်း လိုက် ချင်နေသည် ။

“ အဝေးကြီး သွား မှာလား ” 

"သိပ် မဝေးပါဘူး ကွ ” 

“ လာပါကွာ ၊ လိုက်ခဲ့ပါ ”

“ အေးလေ သိပ် တောနက် ထဲ တော့ မသွားဘူးနော် ” 

“ မင်း ကလဲ ၊ ဘယ်ကလာ တောနက် ထဲ သွားရမှာလဲ ဟ ၊ သရက်ခြံတွေ ဘက်ပါ ” 

ကိုယ် သူတို့ နှင့် တူတူ လျှောက် လာသည် ။

“ ဒါနဲ့ မင်းတို့ ငါး မမျှား တော့ဘူးလား ”

“ ဒီ အချိန် သိပ် မကောင်းသေးဘူးကွ ” 

ထိုအချိန်တွင် ကုန်ကားကြီး တစ်စင်း လာ နေပြန်သည် ။ အေးကြည် က ...

“ ဟာ ... ဟို ကားကြီး နောက် က ခို လိုက်သွားမယ် ” 

“ ဟင့်အင်း ... ကိုယ် မစီးဘူး ” 

“ လာပါကွာ ၊ အဲဒါမှ မြန်မြန် ရောက်မှာ ” 

“ ဟင့်အင်းကွာ ၊ အဲဒါဆို ကိုယ် မလိုက်တော့ဘူး ” 

ထိုအခါကျမှ သူတို့ လည်း မစီးတော့ဘဲ လမ်းလျှောက် သွားကြသည် ။

“ ဟေ့ကောင် ... စောစောတုန်းကဟာ ပြောဦးလေကွာ ၊ မင်းတို့ ရပ်ကွက် ထဲ က ဆိုတာ ” 

မောင်ပါ က တစ်ချက် ရယ်လိုက်ပြီး ...

“ သိပ် ရယ်ရတာကွ ” 

အေးကြည် က ပါ လိုက် ရယ်သည် ။ ကိုယ် ကတော့ ဘာမှန်း မသိသေးသဖြင့် မရယ်ချေ ။ မောင်ပါ က ဆက် ပြောပြသည် ။

“ အဲဒါကွာ... တို့ ရပ်ကွက် ထဲ မှာ ကြံ့ဗဟုံး ဆိုတာ ရှိတယ် ” 

“ ဘာ... ကြံ့ဗဟုံး ဟုတ်လား ၊ အဲဒါ ကာတွန်း ထဲ က နာမည် ပဲ ”

“ ကာတွန်းလား ဘာလားတော့ မသိဘူး ၊ ငါတို့ ကတော့ ကြံ့ဗဟုံး ပဲ ခေါ်တယ် ” 

“ ထားပါတော့ ၊ ပြောပါဦး ဘာဖြစ်လဲ ” 

“ တစ်နေ့တော့ အဲဒီ ကြံ့ဗဟုံး က အရက် မူးပြီး လျှောက် ရမ်းနေတာကိုး ” 

“ အရပ်လူကြီး က မဖမ်းဘူးလား ” 

“ အရပ်လူကြီး နဲ့ မတွေ့လို့ပေါ့ ကွ ၊ ဒါပေမယ့် ရဲသားတွေ နဲ့ သွားတွေ့ တယ် ” 

“ အဲဒီတော့ ”

“ အဲဒီတော့ ရဲသားတွေ က သူ့ကို ဖမ်းတာပေါ့ ၊ ဖမ်းလည်း ဖမ်းရော ကြံ့ဗဟုံး က ခင်ဗျားတို့ ကျုပ် ကို ဘာ မှတ်နေလို့လဲ ၊ ကျုပ် က ဗိုလ်ကြီးစိန်အေး သားဗျ လို့ ပြော လိုက်ရော ၊ နောက်မှ မင်း အဖေ က ဘယ်တပ်က ဗိုလ်ကြီး လဲ လို့ ပြန်မေးတော့မှ ကြံ့ဗဟုံး က ဘယ်တပ်က မှ မဟုတ်ဘူး ။ ကျုပ် အဖေ နာမည် က ဦးဘိုကြီး ၊ ကျုပ် အမေက ဒေါ်စိန်အေး ၊ ဒါကြောင့် ဘိုကြီးစိန်အေး သား လို့ ပြောတာဗျ တဲ့ ” 

ကိုယ် က ရယ်နေရာ မှ မေး လိုက်သည် ။

“ အဲဒါနဲ့ လွှတ်လိုက်ရောလား ”

“ ဘယ် လွှတ်မလဲ ဟ ၊ တစ်ည ချုပ် ထားလိုက်တာပေါ့ ” 

ကိုယ် ပျော်သွားသည် ။ သူတို့ သည် ဆင်းရဲကြသည် ။ ပညာ လည်း သိပ် မတတ် ။ သို့သော်လည်း ရယ်စရာတွေ ဘာတွေ ပြော တတ်သည် ။ ပြီးတော့ ကြွားလည်း မကြွားတတ်ချေ ။ ကိုယ် တို့ ကျောင်း က တချို့ ကောင်တွေ ဆို သိပ် ကြွားတတ်သည် ။ အဝတ်အစား အသစ်တွေ ဘာတွေ ဝတ် လာသည့် နေ့ဆိုလျှင် ပိတ်စ က ဘယ်လောက် ဈေး ကြီးကြောင်း ပြော ကြသည် ။ ပြီးတော့ သူတို့ အဖေတွေ ၊ အမေတွေ က ဘယ်လောက် ချမ်းသာ ကြောင်း ၊ ဘယ်လောက် ရာထူးကြီးကြောင်း ပြော ကြသည် ။ တချို့ ကောင်တွေ ကျတော့ အိမ် က လူကြီးတွေ မသိအောင် ပိုက်ဆံတွေ တိတ်တိတ် ယူလာပြီး တစ်နေ့ တစ်နေ့ ပဲ မုန့်ဖိုး ငါးကျပ် လောက် ရ သလို ပြော တတ်ကြသည် ။ အဲဒီလို ကောင်တွေ နှင့် ကိုယ်တို့ အုပ်စု မတည့်ကြချေ ။ အပေါင်းအသင်း လည်း သိပ် မလုပ်ချင် ။

ခု အေးကြည် တို့ ၊ မောင်ပါ တို့ကျတော့ ဒါမျိုးတွေ မရှိ ၊ သူတို့ မှာ ကြွားစရာ ဆိုလို့လည်း ဘာမှ မရှိတာမှ မဟုတ်ဘဲ ။ လေးဂွလက် တည့်တာလောက်သာ ကြွားစရာ ရှိလေသည် ။ သူတို့ သည် တကယ်လည်း လက် တည့် ကြပါသည် ။ သွားနေရင်းက လမ်း မှာ တွေ့သော ဓာတ်တိုင်တွေ ၊ ခွက်စုတ်တွေ ၊ သစ်ပင်တွေ ကို လှမ်းလှမ်း ပစ်တာ အမြဲ တမ်း ထိ သည် ။ လူ ပြတ်သော နေရာတွင် ဆိုလျှင် ဆိုင်းဘုတ်တွေ ဘာတွေ ကို ပါ သူတို့ က ပစ် တတ်သည် ။ ကိုယ် က မပစ်စေချင်ပါ ။

“ ငါတို့ တီချာမေ က ပြောဖူးတယ်ကွ ၊ ဆိုင်းဘုတ်တို့ ဘာတို့ဆိုတာ လူတွေ ကို ကူညီဖို့ စိုက်ထူထားတာ တဲ့ ၊ ပျက်စီးအောင် မလုပ်ရဘူး တဲ့ ” 

“ ဘယ်လို ကူညီ လို့လဲကွ ၊ သူ့ ဟာ သူ နေ နေတာပဲ ” 

“ ငါတို့ ကိုတော့ တစ်ခါမှ မကူညီပါဘူး ” 

သူတို့ က ပြောကြသည် ။

ကိုယ် က

“ ဒီလိုလေကွာ ၊ သိပြီးတဲ့ လူတွေကတော့ အရေး မကြီးဘူးပေါ့ ။ တခြား မြို့က လာတဲ့ လူတွေတို့ ၊ တော က တက်လာတဲ့ လူတို့ ကျတော့ ဆိုင်းဘုတ် ကို ဖတ်ပြီး ဆေးရုံ တို့ ဘာ တို့ သိနိုင်တာပေါ့ ကွ ” 

“ စာ မဖတ်တတ်ရင် ကော ”

“ ဒါဆို သူများ ကို မေးမှာပေါ့ကွ ” 

“ ဟင် .. ဘာ ထူးသေးလို့လဲ ” 

လျှောက် မေးနေသော မောင်ပါကို အေးကြည် က “ မင်းကလည်း သိပ်စကားကြော ရှည်တယ် ” ဟု ဝင် ပြောသည် ။ မောင်ပါ က အေးကြည် ၏ စကား ကို ဂရုမစိုက်ဘဲ ထပ် ပြော ပြန်လေသည် ။

“ ဒါဆို ငါ မေးမယ်ကွာ ၊ တို့မြို့အထွက် မှာ ဆိုင်းဘုတ်တွေ ရှိတယ် မဟုတ်လား ၊ ကတ္တရာလမ်းပေါ် လှည်း မမောင်းရ ဆိုတာလေ ၊ အဲဒါ ကျတော့ကော ”
 
“ အဲဒါလား ”

ကိုယ် သည် ဘယ်လို ဖြေရမှန်း မသိ၍ စဉ်းစားနေရသည် ။ အေးကြည် က မောင်ပါ ကို “ မင်းက ပြောလေ ကဲလေပါလားကွ ” ဟု ပြောသည် ။ မောင်ပါ က လည်း “ ငါ မသိလို့ မေးတာပေါ့ ကွ ”  ဟု ပြန်ပြော၏ ။

ကိုယ် လည်း ....

“ အင်း ... ဟိုဥစ္စာ ကွာ ၊ ကားလမ်းပေါ်  ကို လှည်း တက်မောင်း ရင် လမ်း ပျက်စီး ကုန်မှာပေါ့ကွ ” 

“ ကား မောင်း တော့ ကော မပျက်ဘူးလား ” 

“ ကားဘီး က ပျော့ပျော့လေးပဲကွ ၊ လှည်းဘီး က သံခွေကြီးတွေ ပါတာပဲ ”

“ တော်ကြစမ်းပါကွာ ၊ ကိုယ် နားမလည်တဲ့ ကိစ္စတွေ ငြင်းမနေကြစမ်းပါ နဲ့ ” 

အေးကြည် က ဝင်၍ ဖြန်ဖြေသည် ။ ထိုအခါကျမှ ကိုယ်တို့ စကား ပြတ်သွားကြ၏ ။ ဘုန်းကြီးကျောင်း တစ်ခု ထဲက ကိုယ် တို့ ဖြတ် သွားကြသည် ။ အေးကြည် နှင့် မောင်ပါ တို့ သည် လေးဂွတွေ ကို လွယ်အိတ် ထဲ ထည့်ပြီး ဝှက် ထားကြသည် ။ ဘုန်းကြီးကျောင်း နား မှာ ငှက်ပစ် လျှင် ဘုန်းကြီးတွေ က လိုက် ရိုက်တတ်သည် ဟု ပြောသည် ။ ငှက်တွေ က လည်း ဒါကို သိ နေသလားတောင် မှ ထင် ရသည် ။ ကျောင်းဝင်း ထဲ မှာ ဟိုသည် ပျံသန်း နေကြတာ အများကြီးပဲ ။ ဘုန်းကြီးကျောင်း ကို တော်တော်လေး ကျော် လာမှ သရက်ပင်တွေ ရှိသော နေရာသို့ ရောက် လာသည် ။ ကိုယ် သည်လို နေရာမျိုးကို မရောက်ဖူးသဖြင့် တကယ့် တောကြီးထဲ ရောက် နေသလို ထင်ပြီး လန့်မိသေးသည် ။ သူတို့ ကတော့ “ သရက်ခြံတွေ ကွ ”  ဟု ပြောပါသည် ။ သူတို့ နှစ်ယောက်သည် လေးဂွတွေ ကို အသင့်ထုတ် ကိုင်ထားသည် ။

“ ဟေ့ကောင်တွေ .. ဟိုမှာ ဟိုမှာ ”

“ ဘယ်မှာလဲ ” 

“ ဟိုမှာ လေကွာ ၊ ဟို အကိုင်း ပေါ် မှာ ပစ်လေ ” 

သူတို့ မပစ်ကြ ။ ကိုယ် ပြလိုက်သော ငှက်မှာ နှံပြီစုတ် တစ်ကောင် ။ မောင်ပါ က ရယ်နေသည် ။

အေးကြည် က ...

“ ဒီလောက်ကလေး ကို ပစ်လို့ ဘာ လုပ်မှာလဲကွ ညီညီ ရ ၊ မှတ်ထားကွ ၊ ' နှံပြီစုတ် တစ်လုပ်စာ ငရဲတစ်ပိဿာ ၊ ကျီးကန်း အတောင်ကိုစုတ် ၊ ရင်အုံသားကို ဝအောင်အုပ် ' တဲ့ ၊ ငရဲ ကြီးတာချင်း တူတူ အကောင်ကြီး ကြီး ကို ပစ် မှ ကွ ” 

ငရဲ ဟု ဆိုသော ကြောင့် ကိုယ် ကြောက် သွားပြန်သည် ။ ပြီးတော့ မှ ကိုယ် ကိုယ် တိုင် မပစ်ရင် ပြီးတာပဲ ဟု စိတ် ကို ဖြေရသည် ။ စောစောတုန်းက သူတို့ ကိုယ့် ကို မေး သေးသည် ။ "မင်း လေးခွ ပစ်တတ်လား ” တဲ့ ။ “ ပစ်တော့ ပစ်တတ်တာပေါ့ကွ ။ မင်းတို့ လောက်တော့ ဘယ် တည့်မလဲ ” ဟု ကိုယ် က ပြန်ပြောသည် ။ “ ပစ် ကြည့်ကွာ ”  ဟု ဆိုသောကြောင့် ခပ်လှမ်းလှမ်း က ဓာတ်တိုင် ကို ပစ် လိုက်၏ ။ တစ်ထွာ လောက် လွဲ သွားသည် ။ “ နေပါစေကွာ ၊ မင်းတို့ ပဲ ပစ် ၊ ကိုယ် ဘေးက လိုက် ခဲ့မယ် ”  ဟု ပြန် ပြောခဲ့ရသည် ။

“ ဟိုမှာ ... ဟေ့ကောင် ”

ကိုယ် က အော်လိုက်ပြီး လက်ညှိုးထိုးပြသည် ။ ကိုယ့်အော် သံကြောင့် ကျီးကန်း လန့်ပျံပြေးသွား၏ ။

“ ညီညီ ကတော့ မလွယ်ဘူးကွာ ၊ ငှက် ပစ်တယ် ဆိုတာ ခြေသံတောင် မှ လုံ ရတယ်ကွ ” 

“ အေးပါကွာ ၊ ကိုယ် သတိထားပါ့မယ် ” 

ကိုယ် သတိ လက်လွတ် ဖြစ်ပြီး အော် မိခြင်းသာ ဖြစ်သည် ။ တကယ်တော့ ကိုယ် လည်း ခြေသံလုံအောင် လျှောက် တတ်ပါသည် ။ ကျောင်း မှာ သေနတ်ပစ်တမ်း ကစား လျှင် ခုလိုပဲ ချောင်းမြောင်း ပြီး သွား ရတာပဲဟာ ။

ကိုယ် တို့ သည် တော်တော် ကြာအောင် သရက်ပင်တွေ ကြားမှာ လျှောက် ချောင်းပြီး ကျီးကန်းတွေ ကို လိုက်ပစ်သည် ။ ကျီးကန်းတွေ ကလည်း တော်တော် လျင်သည် ။ လူ ကို ရိပ်ခနဲ မြင် တာနဲ့ ပျံပြီး ပြေးတော့သည် ။ ဒီကောင် တွေ အငိုက် မိ မှ ရမည် ။ ဒါတောင်မှ မလွယ် ။ လေးခွ နှင့် ချိန် လိုက်တာနဲ့ လှစ်ခနဲ ထ ပျံ သွားတတ်သည် ။ လက် တည့်သော အေးကြည် နှင့် မောင်ပါ တို့ပင် မလွယ်ကြောဘဲ ဟု ညည်းကြရသည် ။ ဟုတ်တော့ လည်း ဟုတ်ပါသည် ။ သူ တို့ လက်တည့်တယ် ဆိုတာက ငြိမ်နေတဲ့ဟာတွေ ပစ် ခြင်းသာ ဖြစ်မည် ။ ကျီးကန်း လို သိပ်လျင်နေတဲ့ ကောင်တွေ ကျတော့ သူတို့ လည်း လက် မတည့်နိုင်တော့ ။ ကျီးကန်း ကို ရှေ့တည့်တည့် က ရင်ဆိုင် မပစ်ဘဲ နောက်ဘက် က ချောင်းပြီး ပစ် မှ ထိတော့သည် ။ နောက် ကနေ ပစ်တော့ ချက်ကောင်း ကို မမှန် ၊ ထိပြီး ကျ လာသော်လည်း ချက်ချင်း မသေဘဲ အတောင် တဖျပ်ဖျပ် ခတ် ၍ ခုန်ဆွခုန်ဆွလုပ်ပြီး ပြေး သေးသည် ။ မောင်ပါ က ခြေထောက် ကို ပြေး ဆွဲပြီး သစ်ပင် နှင့် ခေါင်းကို တဖုန်းဖုန်း ရိုက်လိုက် မှ ငြိမ်သွားသည် ။ ကိုယ် သည် ကျီးကန်း ကို သနား သွားပြန်၏ ။ တော်တော်ကြာကြာ ပစ် ပြီး မှ ကျီးကန်း နှစ်ကောင် နှင့် ဆက်ရက် တစ်ကောင် ရသည် ။ ကိုယ် တို့လည်း ပြန် လာခဲ့ကြ၏ ။ လမ်း မှာ မီးခိုးတလူလူ ထွက် နေသော မီးပုံကလေးတစ်ပုံ ကို တွေ့ရသည် ။ အေးကြည် က

“ ဟာ .... အတော်ပဲ ၊ အဲဒီ မီးပုံ မှာ ဒီကောင်တွေ ကင် စားရအောင် ” 

“ ဟာကွာ .. ပြန်ကြရအောင် ၊ စား မနေပါနဲ့ ၊ အချိန် မရှိတော့ဘူး ၊ ကိုယ့် အိမ် က ဆူ နေလိမ့်မယ် ”

အမှန်တော့ ကိုယ် လိမ် ပြောလိုက်ခြင်း ဖြစ်သည် ။ ကိုယ့် ရှေ့တင် ပစ် ချပြီး ကိုယ့် ရှေ့တင် ရက်ရက်စက်စက် ရိုက် သတ်ခဲ့သော ကျီးကန်းတွေ ၊ ဆက်ရက်တွေ ကို ကိုယ့် ရှေ့မှာပဲ အမွှေးတွေ နှုတ်ပြီး မီးကင်တာ ကို ကိုယ် မကြည့်ချင်ပါ ။ စား လည်း မစားရဲပါ ။

“ အေးလေ .. ပြီးရောပေါ့ ” ဟု အေးကြည် က ပြန် ပြောသည် ။ မောင်ပါ ကမူ သူ့ လွယ်အိတ် ထဲမှ ဆေးပေါ့လိပ် တစ်လိပ် ကို ထုတ် ၍ မီးပုံ သို့ ပြေးပြီး မီး ညှိသည် ။ ကိုယ် က လှမ်း ပြောလိုက်သည် ။

“ ဟာ.. မင်း ဆေးလိပ် သောက်တယ် ဟုတ်လား ” 

“ အေးလေ... ဘာဖြစ်လဲ ” 

“ ကလေး ဆို ဆေးလိပ် မသောက်ရဘူး ”

"ဟာ .. ငါတို့ ဆီ မှာတော့ ဒီလိုပဲ ” 

မောင်ပါ သည် စကား ကို မဆက်ဘဲ ဆေးလိပ် ကို တအားဖွာပြီး မီးခိုးတွေ ကို ရှိုက်လိုက်သည် ။ ပြီးတော့ ဆေးလိပ် ကို အေးကြည် ဘက် ကမ်းပေးလိုက်သည် ။ အေးကြည် ကလည်း မောင်ပါ လိုပင် အားရပါးရ ဖွာ နေ၏ ။ ကိုယ် က မေးသည် ။

“ မင်းတို့ အသက် ဘယ်လောက် ရှိပြီလဲ ” 

အေးကြည် က ..

“ ဆယ့်ခြောက်နှစ် ” 

မောင်ပါ က ...

“ ဆယ့်ခုနှစ်နှစ် ” 

“ ဟင် ... တကယ်လား ”

ကိုယ် အံ့သြသွားသည် ။ သူတို့ သည် ဆယ့်ခြောက်နှစ် တွေ ၊ ဆယ့်ခုနစ်နှစ် တွေ ပြော သော်လည်း အရပ်တွေ က ကိုယ့် လောက် သာ ရှိသည် ။ ကိုယ်လုံး ကတော့ ကိုယ့် ထက် ကြီး လေသည် ။ သူတို့ ကလည်း ကိုယ့် အသက် ကို မေးပြီး ဆယ့်သုံးနှစ် ပြည့်ခါနီး ဟု ပြောသောအခါ အံ့သြ သွားကြသည် ။

“ ဒါနဲ့ နေပါဦးကွ ၊ မင်းတို့ ဆေးလိပ် သောက်တာ ကို မင်းတို့ အဖေ တို့ ၊ အမေ တို့ က မဆူကြဘူးလား ” 

“ မဆူပါဘူး ၊ အမေ က ငါ့ ဆီ ကတောင် ဆေးလိပ် တောင်းတောင်းသောက်သေးတယ် ” ဟု အေးကြည် က ပြောသည် ။  မောင်ပါ ကတော့ ... “ ငါ့ ကိုတော့ ဆူမယ့် သူ မရှိဘူး ” 

“ ဘာလို့လဲ ” 

“ ငါ့ မှာ အဖေ ရော ၊ အမေ ရောမှ မရှိတာ ” 

“ ဟင် ... မရှိဘူးလား ၊ မင်း ဘယ်သူနဲ့ နေလဲ ” 

“ အဘွား နဲ့ ” 

“ မင်း အဘွားကကော မဆူဘူးလား ” 

“ အဘွား က မျက်စိ တောင် မမြင်ဘူး ” 

“ ဪ ... ဒါဖြင့် မင်း တို့ ငှက်ပစ်တာတို့ ၊ ငါးမျှားတာ တို့ ကျတော့ကော မဆူဘူးလား ” 

“ ဟာ ... ဘာလို့ ဆူ ရမှာလဲ ၊ ဟင်းစား ရှာ တာပဲဟာ ၊ ငါး မမျှားဘဲ လျှောက် ဆော့ရင်သာ ဆူတာပါကွ ” 

သူတို့ သည် တစ်မျိုးပဲ ။ ကိုယ်တို့တွေ နှင့် မတူတာတွေ ရှိသည် ။ ကိုယ်တို့ ကျောင်း မှာ ဆိုရင် ငါးပါးသီလ သင် ရသည် ။ သူများ အသက် ကို မသတ်ရ ။ ကိုယ် စဉ်းစားမိသည် ။ သူတို့သည် ပညာ မတတ်သောကြောင့် ဖြစ် ရမည် ။ သို့ဖြစ်လျှင် သူတို့ မိဘတွေ ကကော ၊ ကိုယ် မတွေးတတ်တော့ ။

“ ရော့ ... သောက်မလား ”

ကိုယ် စဉ်းစားနေတုန်း မောင်ပါ က ပြော လိုက်သောကြောင့် ကြောင် သွားမိသည် ။ သူ က ဆေးပေါ့လိပ် ကို ကိုယ့်ဆီ ကမ်းပေးသည် ။

“ ဟင့်အင်း ... ကိုယ် မသောက်တတ်ဘူး ” 

“ သောက် ကြည့်ပါလားကွ ” 

ကိုယ် ခေါင်း ခါလိုက်သည် ။

“ သောက်ပါ ကွ ” 

“ ဟင့်အင်း ကွာ ၊ ကလေး ဆိုတာ ဆေးလိပ် မသောက်ရဘူးတဲ့ ” 

အေးကြည် ကလည်း “ သူ မသောက်ချင်တာ မတိုက်ပါနဲ့ကွ ” ဟု ဝင် ပြောသေးသည် ။ မောင်ပါ က မရဘဲ ကိုယ့်လက်ကြား ထဲ သို့ ဆေးလိပ် ကို ညှပ် ပေးလိုက်သည် ။ ကိုယ် သည် ဆေးလိပ်တို ကို ကြည့်နေမိသည် ။ သောက် ရင် ကောင်းမလား ဟု လည်း စဉ်းစားကြည့်မိသည် ။ ကိုယ် မသောက်ရဲ ။ ထိုအချိန်မှာပင် ဆေးလိပ် မှ အူထွက်လာသော မီးခိုးတွေ က ကိုယ့် နှာခေါင်း ထဲ ဝင် သွား၏ ။ ကိုယ် မွှန်ထူသွားပြီး ချောင်းတဟွတ်ဟွတ် ဆိုး သည် ။ ဆေးလိပ်တို ကို လက်ထဲ မှ ပစ်ချ လိုက်သည် ။ ကိုယ့် စိတ် ထဲ တွင် ဘင်ခရာသင်တန်း သာ တက်ခွင့် ရလျှင် ခုချိန်ဆို သိပ်ပျော်စရာ ကောင်းမှာ ပဲ ဟု သွား တွေး လိုက်မိလေသည် ။

◾မင်းလူ

📖 ငှက်ကလေး

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment