Wednesday, August 31, 2022

ငှက်ကလေး ( ၁၀ ) +


 

ဘွားမေသိန်း သည် ကိုယ့် ကို မြင်မြင်ချင်း မမှတ်မိချေ ။ ကိုယ် က ပြုံးပြ လိုက်သော အခါကျ မှ “ ဟယ် .. ငါ့မြေး ညီညီ ” ဆိုပြီး ကိုယ့် ဆီ ပြေး လာသည် ။ ကိုယ့် ကို တအား ဖက်ထား၏ ။ ကိုယ့် ပါး ကိုလည်း အကြာကြီး နမ်းသည် ။ ပြီးတော့ ကိုယ့် ကို အတင်း ပွေ့ချီသည် ။ သို့သော်လည်း ဘွားမေသိန်း ကိုယ့် ကို မချီနိုင် ၊ “ အင်း အင်း ”  ဆို ဖြစ်နေပြီး သူ မနိုင်မှန်း သိတော့မှ ရယ် လိုက်သည် ။ ဘွားမေသိန်း ရယ်လျှင် အားရပါးရ ရယ် တတ်သော်လည်း အသံ ထွက်လေ့ မရှိပါ ။ ဘွားမေသိန်း သည် ကိုယ် နှင့် နည်းနည်း ခွာ ရပ်လိုက်သည် ။ ကိုယ့် ပခုံး နှစ်ဖက် ကို ဆုပ်ကိုင်၍ စေ့စေ့ ကြည့်သည် ။

“ ကြည့်စမ်း ၊ ညီညီ တောင် လူပျိုကြီး ဖြစ် နေမှကိုး ”

လူပျိုကြီး ဆိုသည် မှာ ဖေဖေ တို့ အရွယ် ထိ မိန်းမ မရသေးသော ဦးလေးမောင်မောင်ကြီး လို ၊ ပြီးတော့ ကိုယ်တို့ လမ်း ထဲ က ခြင်းလုံးချန်ပီယံ ဦးလေး ကိုစိုးထွန်း တို့ လို လူမျိုး ကို ခေါ်သည် ဟု သာ နားလည်ခဲ့သော ကိုယ် သည် ဘွားမေသိန်း စကားကြောင့် တစ်မျိုးကြီး ဖြစ် သွားပြီး ရှက် သလိုလို လည်း ဖြစ်  သွားသည် ။

ဦးလေးမောင်မောင်ကြီး က နောက်နေ့မနက် ကျ မှ တိရစ္ဆာန်ရုံ သွားဖို့ လာ ခေါ်မည် ဟု ပြောပြီး ပြန် သွားသည် ။ ကိုယ် ရောက်သွားသော အချိန်တွင် ဘွားမေသိန်း ၏ သား ဦးလေးချစ် နှင့် ဒေါ်လေးသန့် တို့ ရုံး သွား နေကြပြီ ၊ ကိုယ် နှင့် နှစ်ဝမ်းကွဲတော် သည်ဟု ဦးလေးမောင်မောင်ကြီး က ပြော ပြခဲ့သော ကိုတွတ် တို့ ၊ နီလာ တို့ ၊ သီတာ တို့ ကတော့ ကိုယ့် အနား မှာ လာ ဝိုင်းရပ်ပြီး ကိုယ့် ကို ကြည့် နေကြသည် ။ ဘွားမေသိန်း က ကိုယ့် ကို မေး၏ ။

“ ဟဲ့ .. ငါ့ တူမ မစောမြင့်လေး နေကောင်းရဲ့ လား ”

“ ကောင်းပါတယ် ဘွားမေသိန်း ရဲ့ ”

“ ဒါနဲ့ ဟိုကောင် နင့် အဖေ လူ့ဂွစာ ကော ”

ကိုယ် ခေါင်း ညိတ်လိုက်သည် ။ ဖေဖေ့ အကြောင်း ဘာ မေးတာမှန်း မသိ၍ ကိုယ် မဖြေခြင်း ဖြစ်သည် ။ နေကောင်းရဲ့လား လို့ မေး တာလား ။ တခြား ဘာလည်း မသိ ။

ဘွားမေသိန်း သည် ဘယ်လိုလဲ မသိ ။ တကယ်ဆိုလျှင် ဖေဖေ က ဘွားမေသိန်း ၏ တူ တော်သည် ဟု ပြောသည် ။ ဖေဖေ့ ကို ကျတော့ ဟိုကောင် လူ့ဂွစာ တဲ့ ။ မေမေ့ ကျ တော့ ငါ့ တူမ မစောမြင့်လေး တဲ့ ။ ဘွားမေသိန်း သည် ဖေဖေ့ ကို သိပ် မကြည်ဘူးလား မသိ ။ ဘာလို့လဲ မသိ ။

ဘာပဲဖြစ်ဖြစ် ရန်ကုန် မှာ ကိုယ် ပျော်တာတော့ အမှန်ပါပဲ ။ ဦးလေး မောင်မောင်ကြီး ရယ် ၊ ကိုယ် ရယ် ၊ ကိုတွတ် ရယ် ၊ တိရစ္ဆာန်ရုံ ကို သွား ကြသည် ။ သီတာ နှင့် နီလာ ကတော့ ငယ်သေးလို့ မခေါ်ခဲ့ချေ ။ တိရစ္ဆာန်ရုံ ထဲမှာ အကောင်တွေမျိုးစုံပဲ ကိုယ် ကြည့်ရသည် ။ ငှက်တွေ ကလည်း အများကြီး ။ ရထား လည်း စီးရသည် ။ ငါးပြတိုက် ကို သွား ကြည့်တော့ ရွှေငါးလေးတွေ အရမ်း လှသည် ။ ငါးခူအဖြူ လည်း ရှိသည် ။ အဝါ လည်း ရှိသည် ။

ပြီးတော့ သမ္မတရုံ မှာ စုံထောက် ကား သွား ကြည့်သည် ။ အရမ်း ကောင်းသည် ။ ဇာတ်လိုက် က ရေရေလည်လည် သားနားသည် ။ ဖိုက် လည်း အပြတ် ဖိုက်သည် ။ ပြီးတော့ သမ္မတရုံ ဆိုတာ ကလည်း ကိုယ်တို့ ဆီ က ရုံတွေ နှင့် တခြားစီ ။ ထိုင်ခုံတွေ ဘာတွေကလည်း သားနားသည် ။ လိုက်ကာကြီး ကလည်း အရမ်း လှသည် ။ ပိတ်ကားကြီး ကလည်း အကျယ်ကြီး ။ ပြီးတော့လည်း အဲယာကွန်းနေးရှင်း နဲ့ ။ ရုံ ထဲမှာ အေး နေတာပဲ ။

သမ္မတရုံ ထဲ ရောက်မှ တစ်ခါက ကိုယ် တို့ ကို တင်အောင်ခိုင် အကြောင် ရိုက်တာ သွား သတိ ရသည် ။ ဟို အရင် ဒီကောင် ရန်ကုန် သွား လည်ပြီး ပြန် လာတုန်းက ဖြစ်သည် ။ ကိုယ်တို့ ကို ပြော ပြသည် ။ ရန်ကုန်သမ္မတရုံ မှာ ရုပ်ရှင် ပြနေတုန်း ပန်ကာ ပြုတ်ကျလို့ လူသုံးယောက်သေသွားတယ် တဲ့ ။ ကိုယ်တို့ လည်း တကယ် ယုံပြီး တစ်ယောက် တစ်မျိုး ကိုယ် ထင်တာ ပြော နေကြတာပေါ့ ။ ဒါကို ကြည့်ပြီး တင်အောင်ခိုင် က အပြတ် ဟား သည် ။ ဟုတ်တယ်လေ ။ သမ္မတရုံ ဆိုတာ လေအေးစက် နဲ့ ရုံပဲ ။ ပန်ကာ မှ တပ်မထားတာ ။

ရုပ်ရှင် ပြီး လို့ ထွက် လာတော့ ရွှေလမင်းတီးဟောက်စ် မှာ ပဲပလာတာ စား ရသည် ။ ပြီးတော့ ကော်ဖီ သောက်ရသည် ။ အဲဒီ ရွှေလမင်းတီးဟောက်စ် ရှေ့က လမ်း မှာ ဆိုရင် ဈေးဆိုင်တွေ အများကြီးပဲ ။ အင်္ကျီတွေ ဘာတွေ ဆိုတာ လမ်းဘေး မှာ ပုံ ရောင်းနေတာ ။ ပြီး ဒီဘက်က ဆိုင်တွေ ကျတော့ ဘာတွေမှန်း မသိသော ပစ္စည်းတွေ မျိုး စုံ နေသည် ။ ခေါင်းစွပ် လို ဟာမျိုးတွေ ၊ လက်အိတ်တွေ ၊ ရေဒီယိုသေးသေးလေး တွေ ၊ မီးခြစ် တို့ ၊ ဖောင်တိန် တို့ လည်း ပါသည် ။ ဘွတ်ဖိနပ်အရှည်ကြီး တွေ ရော နောက် ကိုယ် ဘာမှန်း မသိတာ တွေ ရော ပဲ ။

ကိုယ် စိတ် အဝင်စားဆုံးက ကစားစရာကားလေး တွေ ၊ တခြား အရုပ်မျိုးစုံ တွေ သိပ် လှသည် ။ တစ်နေရာ ကျတော့ လူတွေ အုံ နေလို့ ကိုယ်တို့လည်း အတင်း ဝင် တိုးကြည့်သည် ။ ဦးလေးမောင်မောင်ကြီး က အပြင် မှာ ရပ် စောင့်နေသည် ။ လူတွေ ကြား ထဲ ဝင် တိုးပြီး ကြည့် လိုက်တော့ ကစားစရာ ခွေးရုပ်ကလေး တစ်ရုပ် ။ ခွေးကလေး က လမ်း လျှောက် နေသည် ။ ထိုအချိန်မှာ လူကြီး က လက်ခုပ် တီး လိုက်သည် ။ ဖြောင်း ခနဲလည်း မြည်သွားရော ခွေးကလေး က လမ်းလျှောက် နေရာမှ ရပ်ပြီး ခေါင်းကလေး မော့ကာ မော့ကာ နဲ့ ` အုအုအု ' ဆို အော်သည် ။ ပြီးမှ ဆက် လျှောက်ပြန်သည် ။ နောက်တစ်ခါ လက်ခုပ် တီးလိုက်တော့ ခုန လို ရပ်ပြီး အော် ပြန်သည် ။ လက်ခုပ် တီးရုံနဲ့ အရုပ်ခွေး က ဘယ်လို လုပ် သိသလဲ မသိဘူး ။ ကစားစရာ ခွေးအရုပ် ထဲ ကို တကယ့် ခွေးစိတ်မျိုး ထည့် ထားလို့ ရသလား ဟု ကိုယ် အံ့သြနေလေသည် ။

ကိုတွတ် ကတော့ အဲဒီ အရုပ် ကို ကြည့်ပြီး အရမ်း လိုချင်နေသည် ။ ဦးလေးမောင်မောင်ကြီး ရှိရာ တိုး ထွက်သွားပြီး ဝယ်ပေး ဝယ်ပေး ဟု အော်ငိုသည် ။ ဦးလေးမောင်မောင်ကြီး က ချော့ ပြီး ခေါ် သွားရ၏ ။ တကယ် ပြောရလျှင် အဲဒီ အရုပ်ကလေး ကို ကိုယ် လည်း လိုချင်တာပါပဲ ။

     •••••   •••••   •••••   •••••

ဘွားမေသိန်း တို့ အိမ် မှာ လည်း ကိုယ် ပျော်ပါသည် ။ ဘွားမေသိန်း သည် ဟင်းချက် အလွန် ကောင်းသည် ။ တစ်နေ့တစ်မျိုး မထပ်အောင် ချက် ကျွေးသည် ။ ကိုယ် အကြိုက်ဆုံးမှာ ဝက်သား ကို ပုန်းရည်ကြီး နှင့် ချက်သော ဟင်း ဖြစ်သည် ။ စား လို့ အရမ်း ကောင်းသည် ။ ထမင်း တစ်ခါ စားလျှင် အနည်းဆုံး နှစ်ပန်းကန် လောက် ကုန် အောင် စား နိုင်သည် ။ ဘွားမေသိန်း က တောင်မှ ဒီ လေးငါးရက် အတွင်းမှာ ကိုယ့် အသားတွေ ပြောင်တက်လာသည် ဟု ပြောလေ၏ ။

ဦးလေးချစ် ၏ ကလေးတွေ ဖြစ်သော ကိုတွတ် တို့ ၊ သီတာ တို့ ၊ နီလာ တို့ ကလည်း ကိုယ့် ကို သိပ် ချစ်ကြပါသည် ။ ကိုတွတ် က အသက် ရှစ်နှစ် ရှိပြီ ။ သီတာ က ခြောက်နှစ် ၊ နီလာ က လေးနှစ် ။ ကိုတွတ်ကြီး က သဘော လည်း ကောင်းသည် ။ လိမ် လည်း လိမ်မာသည် ။ သူ့ ညီမလေးတွေ ကိုလည်း သိပ် ညှာတာပဲ ။ သီတာ ကတော့ ချွဲ တတ်သည် ။ နီလာ ကျတော့ အငယ်ဆုံး မို့လား မသိ ၊ အစ်ကိုတွေ ၊ အစ်မတွေ အပေါ်မှာ နွဲ့ဆိုး ဆိုးသည် ။ တစ်အိမ်လုံး မှာ သူ က ဗိုလ်ပဲ ။ သူ့ အသံ စာစာ စာစာ နှင့် အမြဲတမ်း ဆူညံ နေတတ်သည် ။ ကျောင်း ပိတ်ရက်မှာ ကိုယ် ရောက်သွား သောကြောင့် သူတို့ ပို ပျော်ကြလေသည် ။ ကိုယ် က သူတို့ ကို စက္ကူ ဖြင့် အရုပ်ကလေး တွေ လုပ် ပေးသည် ။ ဦးလေးမောင်မောင်ကြီး ပြော ပြသော ပုံပြင်တွေ ကို ပြန် ပြောသည် ။

ဦးလေးချစ် တို့ ဒေါ်လေးသန့် တို့ ကလည်း သဘော ကောင်းပါသည် ။ ကိုယ့် ကို လည်း ဂရု စိုက်သည် ။ ညတိုင်ကျပြီ ဆိုလျှင် ဦးလေးချစ် က လမ်းထိပ် က ဈေးဆိုင်တန်း မှာ ဆီချက်ခေါက်ဆွဲ တို့ ၊ ပလာတာ တို့ ၊ ပဲဟင်း နှင့် နံပြား တို့ လိုက် ကျွေးတတ်သည် ။ ဦးလေးချစ် သည် စကား ပြောလျှင် အော်ကျယ် အော်ကျယ် နှင့် ပြော တတ်သည် ။ ပြီးတော့ လည်း သူ့ ပါးစပ်ပြဲကြီး နှင့် တဟားဟား ရယ် တတ်သည် ။ ဒေါ်လေးသန့် ကတော့ တဟားဟား ရယ် ဖို့ပင် အချိန် မရ ။ မနက် အစောကြီး ထပြီး ဈေး သွားရသည် ။ ပြန် လာတော့ ဘွားမေသိန်း နှင့် အတူ ထမင်း ၊ ဟင်း ကူ ချက်ရသည် ။ ပြီးတော့ ကိုတွတ် တို့ ကို ရေမိုးချိုး အဝတ်အစား လဲပေး ။ သူ လည်း ရေချိုး အဝတ်အစား လဲပြီး ရုံး သွားရသည် ။ ရုံး က ပြန် လာတော့လည်း ညနေစာ စားဖို့ ပြင်ဆင် ရသည် ။ တစ်ခါတလေ ဦးလေးချစ် က ညောင်းတယ် ဆိုလျှင် နင်းပေး နှိပ်ပေး ရသေးသည် ။ ဒီလောက် အလုပ်များတဲ့ ကြား ထဲကပင် ကိုယ် ထမင်း  စားလျှင် ဘေး မှာ လာ ထိုင်ပြီး ဟင်းတွေ ဘာတွေ ဂရုစိုက်ပြီး ခပ် ထည့် ပေးတတ်ပါသေးသည် ။

ကိုယ် မပြန်ခင် တစ်ရက် က ဘွားမေသိန်း ၏ သားကြီး ဦးလေးသောင်း လာ သည် ။ ဘွားမေသိန်း အတွက် လိမ္မော်သီးတွေ ဝယ် လာသဖြင့် ကိုယ်တို့ တောင် တစ်ယောက် တစ်လုံး ရ သေးသည် ။ ဦးလေးသောင်း က ကိုယ် ရယ် ၊ ကိုတွတ် ရယ် ၊ သီတာ ၊ နီလာ တို့ ကို ခေါ်ပြီး ရွှေတိဂုံဘုရား သွား ကြသည် ။ ဘုရား ပေါ် ကို ဓာတ်လှေကား နှင့် တက် ရသည် ။ ဘုရား ပေါ် ရောက် တော့ ဦးလေးသောင်း က ကိုယ် တို့ ကို တစ်ယောက်လျှင် ငါးပြားစေ့ အစေ့ နှစ်ဆယ် စီ ပေးသည် ။ ကိုယ် တို့ သည် ဘုရား ပေါ် က အလှူခံပုံး တွေ မယ်သီလရှင် တွေ ကို ငါးပြား စီ ၊ ငါးပြား စီ အလှူ ထည့်ကြရသည် ။ ကိုယ့် အတွက် ရန်ကုန် လာရတာ အရမ်း တန်သည် ။ အစုံလည်း လျှောက်လည်ရသေးသည် ။ ကောင်းကောင်း လည်း စား ရသေးသည် ။ ပြီးတော့ ..

“ အိမ် မှာ ထမင်း ၊ ဟင်း ဘယ်သူချက်လဲ ”

“ ဆော်လီမား ”

“ ဘာ ”

“ ဟိုလေ ငှားထားတဲ့ ကုလားမကြီး ပြောတာ ”

“  ဪ ... ဪ ”

“ ရုံးပိတ်ရက်တွေကျရင် မေမေချက်တယ် ”

“ နင့် အဖေ က ပိုက်ဆံ မှန်မှန်ပေးရဲ့လား ”

“ ပေးတယ် ဘွားမေသိန်း ၊ တစ်လ ခုနှစ်ရာ ၊ တစ်ခါတလေ ပိုတောင် ပေးသေးတယ် ”

ကိုယ် က တခါ ဖေဖေ ရေးထားသော စာ ကို တွေ့ဖူးသဖြင့် ထို အတိုင်း ပြော လိုက်ခြင်း ဖြစ်သည် ။ ဘွားမေသိန်းက ခေါင်းတညိတ်ညိတ် လုပ်နေသည် ။ ပြီးမှ

“ နင့် အဖေ နဲ့ အမေ စကား မှ ပြောကြရဲ့လား ၊ တစ်ယောက် နဲ့ တစ်ယောက် ”

ကိုယ် ဘယ်လို ဖြေရမှန်း မသိ ။ လိမ် လည်း မလိမ်ချင်ပါ ။ အမှန်အတိုင်း လည်း မပြောချင်သလို ဖြစ်နေသည် ။ ဘွားမေသိန်း က ကိုယ့် မျက်နှာ ကို စိုက်ကြည့်ပြီး ...

“ မပြောကြဘူး မဟုတ်လား ”

ကိုယ် ခေါင်းညိတ်ပြီး “ ဟုတ်ကဲ့ ” ဟု တိုးတိုး ပြော လိုက်သည် ။

“ အင်း ... ဖေအောင် ၊ ဖေအောင် တော်တော် ခက်သေးတယ် ”

ဘွားမေသိန်း က ညည်း သလို ပြော သည် ။ သူ့ ဘာသာ သူ လိပ် ထားသော ဆေးပေါ့လိပ်ကြီး ကို ပါးစပ်မှာ တပ် လိုက်ပြီး မီး ညှိသည် ။ တော်တော် နှင့် ညှိလို့ မရ ။ ဖွာလိုက် မီးခိုး ထွက်လာ လိုက် ပြန် မီးသေသွားလိုက် ဖြစ် နေသည် ။ ဘွားမေသိန်း က ဆေးပေါ့လိပ် ကို ငါးသေတ္တာခွက် ထဲ သို့ ဆောင့် ချထည့်လိုက်ရာ ဆေးရိုးတွေ ထွက် ကျကုန်သည် ။

“ နင့် အဖေ က တော်တော် ခွ ကျတဲ့ ကောင် ပဲ ”

ကိုယ် ယောင် ပြီး ခေါင်း ညိတ်မိသည် ။ တော်ပါသေးရဲ့ ။ ဘွားမေသိန်း က ကိုယ့် ကို ကြည့် မနေလို့ ။

“ ဘယ်လောက် ထိ ခွ ကျသလဲ ဆိုရင် သူတို့ နှစ်ယောက် ညားကာ စ လား ၊ တစ်နှစ် လောက် ကြာတော့လား မသိဘူး ။ ငါ နေ မကောင်းလို့ ထင်တယ် ။ မစောမြင့် က ဟင်း ဝင် ချက်တာ ။ ဒါနဲ့ ဖေအောင် က ထမင်း စား ရော ဆိုပါတော့ ။ ချဉ်ရည်ဟင်း တစ်ဇွန်း ကို ခပ် သောက် ကြည့်ပြီးတော့ ' ဒါ ဘာဟင်းလဲ ' တဲ့ မေးတယ် ။ မစောမြင့် က ' ချဉ်ရည်ဟင်း ' လို့ ပြန် ပြောတော့ နင့် အဖေ က ဘာ ပြောတယ် မှတ်သလဲ ။ ' ချဉ်ရည်ဟင်း ကလည်း ချဉ် လိုက်တာ ' တဲ့ ။ မစောမြင့် ကတော့ ဘာမှ မပြောပါဘူး ။ ငါ ကသာ ကြား ထဲက မနေနိုင်လို့ ' ဟဲ့ ဖေအောင် ရဲ့  ၊ ချဉ်ရည်ဟင်း က မချဉ်လို့ ဘယ်လို နေရမှာလဲ ' ဆိုတော့ ' ချဉ်ရည်ဟင်း ပေမယ့် မချဉ်အောင် ချက် လို့ ရတယ် ' လို့ ပြောပြီး ထ ထွက်သွားရော ။ ထမင်းပွဲကြီး ဒီ အတိုင်း ထား ပစ်ခဲ့တယ် ။ ကဲ ... ဘယ်လောက် ခွတီးခွကျ လုပ်သလဲ ဆိုတာ ”

ဘွားမေသိန်း သည် ဆေးပေါ့လိပ် ကို ကောက် ယူပြီး မီးညှိ ပြန်သည် ။ သည်တစ်ခါတော့ မီး ညှိ လို့ ရ သွားသည် ။ ဆက်တိုက် ဖွာနေရာ မီးခိုးတွေ အူ ထွက်လာသည် ။ ကိုယ် လည်း ဘာမျှ ဝင် မပြောဘဲ အသာ ငြိမ်နေသည် ။ ဘွားမေသိန်း သည် ဖေဖေ တို့ ၊ မေမေတို့ အကြောင်း တစ်ခုခု ဆက် ပြောလိမ့်မည် ဟု ထင် နေသည် ။ ပြော လည်း ပြော သည် ။

“ အင်း ... ဖေအောင် ဟာ တူ ဆိုပေမယ့် တကယ်တော့ ငါ့ မွေးစားသား လို့ ပြော ရင် ရပါတယ် ၊ အစ်ကို နဲ့ အစ်မ တို့ ကွဲ ကြတော့ ဖေအောင် လေး ၊ ငါးနှစ် လောက်ပဲ ရှိ ဦးမယ် ။ သူ့ ကို အစ်ကို က ခေါ် သွားတယ် ။ အစ်ကို့ လက် ထဲ မှာ တုန်းက ဖြစ်သလို နေရတယ် ဆိုပေမယ့် အနှိပ်စက် မခံရဘူး ။ အစ်ကို လည်း ဆုံးရော ဖေအောင့် ကို အစ်မ တို့ က ခေါ် ထားလိုက်တယ် ။ အဲဒီအချိန် မှာ အစ်မ က နောက် အိမ်ထောင် နဲ့ ဖြစ်နေပြီ ။ ဖေအောင် ဆယ်နှစ် သား ပေါ့ ။ ဟင်း  .... ပြော ပြန်ရင်လည်း ယောင်းမ မို့ မကောင်း ပြောတယ် ဖြစ် ဦးမယ် ”

ဘွားမေသိန်း က ပြော နေရာမှ ဆေးလိပ် ကောက် ဖွာ ပြန်သည် ။ ပြောပြန်ရင်လည်း မကောင်းဘူး ဆိုတော့ သွားမေသိန်း ဆက်မှ ပြောပါ့မလား ဟု ကိုယ် စိုးရိမ်သွားသည် ။ သို့သော်လည်း ဘွားမေသိန်း ဆက် ပြော၏ ။

“ အစ်မ ဟာ ဖေအောင့် အပေါ် မှာ ကြင်ကြင်နာနာ မရှိဘူး ၊ ပထွေး က ခပ်တော်တော် ရယ် ၊ သူ က ပို ဆိုးနေတယ် ။ အေးလေ သူ့ လင် ဆီ က မျက်နှာ ကောင်း ရအောင် နှိပ်စက် ပြ ရတာလားတော့ မသိဘူးပေါ့ ။ ဟို ကလေးတွေ ကိုသာ ဂရု စိုက်လိုက်ရတာ ဖူးဖူး ကို မှုတ် နေတာပဲ ။ ဖေအောင် ကတော့ ဘေး လူ မြင်ရင် သား လို့ တောင် ထင်ရက်စရာ မရှိဘူး ။ အိမ်မှာ ခိုင်းထားတဲ့ ကောင်လေး တစ်ယောက် ပဲ ။ အဲဒါနဲ့ ဖေအောင် က တခါ အိမ် က ထွက် ပြေးသေးတယ် ။ ပြန် မိတော့ သေ လုအောင် အရိုက် ခံရတာပေါ့ ။ အဲဒီတခါ ရိုက်တော့ ပထွေး ပါ ဝင် ပါလာတယ် ။ အဲ ... ဖေအောင် ဟာ အဲဒီတုန်း ကတည်း က အင်းလေ ခံရဖန် များလို့ ထုံ သွားသလား မသိဘူး ။ အရိုက် ခံ ရရင် ဘယ်တော့ မှ မငိုဘူး ။ ပေ ပြီး ခံတယ် ”

ကိုယ် သည် သင်္ချာဆရာ က ဟိုတစ်ခါ ကိုယ့် ကို ရိုက် တုန်းက အကြောင်း သွား သတိရသည် ။ အဲသည်တုန်း ကလည်း ဆရာ ရိုက်တော့ ကိုယ် မငိုဘဲ ပေပြီး ရပ် နေခဲ့တာ မဟုတ်လား ။ ကိုယ် သည် ဖေဖေ နှင့် တူ လို့ပါလား မသိ ။ သို့သော်လည်း အရိုက် ခံရလွန်းလို့ ထုံ သွားတာတော့ မဖြစ်နိုင် ။ ဖေဖေ နှင့် မေမေ သည် ကိုယ့် ကို တခါ မျှ မရိုက်ဖူးပါ ။ ဘာဖြစ်လို့လဲ ဟု မစဉ်းစားနိုင်ခင် ဘွားမေသိန်း က ပြော ပြန်သည် ။

“ သူ တို့ ငဖဲမြို့ ကို ပြောင်းရတဲ့ အခါ ကျတော့ ငါ လည်း ဖေအောင့် ကို ဇွတ် မရမက ခေါ် ထား လိုက်တယ် ။ ခုနှစ်တန်းစာမေးပွဲ ဖြေ ပြီးတဲ့ အထိ ရန်ကုန် မှာ နေပါစေ လို့ ပြောပြီးတော့ ဒါပေမယ့် အဲဒီအချိန် ကစပြီး သူတို့ နဲ့ ဖေအောင် အဆက်အသွယ် ပြတ် သွားတာပဲ ။ ဖေအောင် ကိုးတန်း တုန်း ကလား မသိဘူး တခါ လာ ခေါ်သေးတယ် ။ ဖေအောင် က မလိုက်တော့ဘူး ။ သူ့ ကို အတင်း ခေါ်ရင် သူ့ ကိုယ် သူ သတ်သေမယ် ။ ဒါမှမဟုတ်ရင် ပထွေး ကို သတ်မယ် လို့ ပြော လွှတ်လိုက်တယ် ။ အေး ... ခုထိပဲ ဆိုပါတော့ ။ ဖေအောင် ဟာ သူတို့ နဲ့ အဆက်အသွယ် ပြတ် သွားတာ ”

ကိုယ် ဆက်နားထောင်နေသည် ။ သို့သော်လည်း ဘွားမေသိန်း ထပ် မပြောတော့ နောက်တော့ ဘာ ဖြစ်သွားသလဲ ။ အဖေ နဲ့ အမေနဲ့ ယူ ကြတဲ့ အကြောင်း ၊ ပြီးတော့ နောက်ပိုင်း ဖေဖေ နဲ့ မေမေ နဲ့ စကား မပြောကြတဲ့အကြောင်း ၊ ဘာမျှ ထပ် မသိရတော့ ။

ဘွားမေသိန်း သည် အပြင် ကိုသာ ကြည့် နေသည် ။ ကိုယ် လည်း ဘွားမေသိန်း လိုပင် လိုက် ကြည့်သည် ။ လမ်းမီးတွေ မလာသောကြောင့် အပြင် ကို ဘာမျှ မမြင်ရချေ ။

“ ငါ့ မြေးလေး ... ငါ့ မြေးလေး ”

ဘွားမေသိန်း သည် အသံ တစ်မျိုးကြီး ဖြင့် ပြောပြီး ကိုယ့် ပခုံး ကို ဖက် ပြီး သူ့ ဘက် ဆွဲ ကပ်လိုက်သည် ။ ကိုယ် လည်း ဘွားမေသိန်း ၏ လက်မောင်း ပေါ် မှာ ခေါင်း ကို မှီ ထားလိုက်သည် ။

◾  မင်းလူ

📖   ငှက်ကလေး

#ကိုအောင်နိုင်ဦး

No comments:

Post a Comment