Thursday, December 4, 2025

စကားကို သကာ မအုပ်လေတော့


 

❝ စကားကို သကာ မအုပ်လေတော့ ❞
       ( မင်းတင်ထွဏ်း )

( ၁ )

တချို့သူတွေက သနားတတ်တယ် ။ ကိုယ်ချင်းစာတရား ရှိတယ် ။ ဒီတော့ တချို့ကိစ္စတွေမှာ ဆိုရင် ကိုယ် နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် ကရုဏာဒေါသော စကား ဝင်ပြောတတ်ကြတယ် ။

ကျုပ် အကြောင်းလည်း ပြောပါ့မယ် ။

ကျုပ်က လူငယ်တွေကို တိုးတက်စေချင်တယ် ။ လိမ္မာစေချင်တယ် ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် မပြုစေချင်ဘူး ။ လမ်းမှား လိုက်မှာ စိုးတယ် ။ လမ်းမှား ဆိုတာက ငယ်ငယ်ရွယ်ရွယ် နဲ့ ပညာမသင်ဘဲ ကျောင်းလစ် ၊ ကွမ်းစား ၊ ဆေးလိပ်သောက် ၊ အရက်သောက် ၊ နောက်ဆုံး ဆေးစွဲပြီး ဘဝနိဂုံး စောစောချုပ်မှာကို စိုးတာ ။

•••••   •••••   •••••

( ၂ )

အောင်မောင်း ။ တော်တော် ဆိုးတဲ့ကောင် ။ ကျုပ် နှစ်ဝမ်းကွဲ နှမက မွေးတဲ့ သုံးဝမ်းကွဲ တူပါ ။ ၁၈ နှစ်လောက် ရှိပြီ ... ၁၀ တန်း နှစ်ခါကျ ၊ ဘာ အလုပ်မှမလုပ်ဘူး ။ ကျူရှင် တက် ၊ စာကျက် သလို နဲ့ မိဘလုပ်စာ ထိုင် စားနေတာ ။ ဒါတောင် ရည်းစား နဲ့ ကွဲလို့ ဆိုလား ၊ အခုတလော အရက်တွေ မူးမူး လာပြီး အိမ်ပြန်လာတယ် ။ အိမ်ရောက်ရင် အမေကို ဂျီကျ ပေါ့ ။ သုံးအိမ်လောက်ပဲ ခြားတော့ နားမခံသာဘူး ။

တစ်နေ့ မနက်ခင်းမှာ အိမ်ရှေ့က အောင်မောင်း ဖြတ်သွားတာ မြင်တော့ “ အောင်မောင်း ... လာဦး ” လို့ လှမ်းခေါ်လိုက်တယ် ။ အောင်မောင်း က မျက်နှာသေလေး နဲ့ ကျုပ် ရှေ့ ရောက်လာတယ် ။ “ ဦးလေး .. ဘာတုံး ” လို့ မေးတယ် ။ အောင်မောင်း မျက်နှာကို ကြည့်ပြီး ၊ ကျုပ် စိတ်ထဲ ဘာကြောင့် ဒေါသထွက်မှန်း မသိဘူး ။ အစကတော့ အောင်မောင်း ကို သုဝဏ္ဏသာမ သားလိမ္မာ အကြောင်း ပြောပြီး ဆုံးမမယ် လို့ စိတ်ကူးထားတာ ။ ဒါတွေကို မေ့ပြီး ကရုဏာဒေါသ နဲ့ .. “ မင်း ... အရက်တွေပဲ သောက်နေ ... ခွေးဖြစ်ချင်သလား ” လို့ ပြောချလိုက်တယ် ။

ဒီတော့ အောင်မောင်း က ဘာမှ မပြောဘဲ လှည့်ပြန်သွားတယ် ။  ညနေတော့ ထုံးစံအတိုင်း မူးပြီး ပြန်လာတာပဲ ။ အဲ “ ဟေ့ ... ဘယ် ခွေးမှ အရက် မသောက်ဘူးကွ ... လူ မို့ အရက်သောက်တာ ... မယုံရင် ခွေးကို အရက်တိုက်ကြည့်ပါလား ” ဆိုပြီး အော် ပြောသွားလေရဲ့ ။

ကျုပ် မှာတော့ ဒေါသ ဖြစ်ရမလို ၊ အောင်မောင်း စကားကို လိုက် ချေရမလိုနဲ့ ဖင်တကြွကြွ ဖြစ် ကျန်ခဲ့တယ် ။

ကျုပ် နှမ ကလည်း သူ့ သား ကို ကျုပ်က ခွေးလို့ ပြောပါတယ် ဆိုပြီး ကျုပ်ကို မြင်တိုင်း မျက်နှာလွှဲ နှုတ်ခမ်းထော် သွားတော့တာပဲ ။ ကျုပ်ကလည်း ကျုပ် ပဲ ။ အမှတ်ကို မရှိဘူး ။

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက် က မန္တလေး ငှက်ဖျားရုံးမှာ ကိုလှဝင်း ဆိုတဲ့ လူ နဲ့ တော်တော် ခင်ခဲ့တယ် ။ သူ က ငှက်ဖျားကြီးကြပ်သူ ။ လူအေး တစ်ယောက် ။ အလုပ် လည်း ကြိုးစားတယ် ။ ကျုပ် လိုပဲ တောရွာက နေပြီး မြို့ကို အလုပ်လာ လုပ်တာ ။ ရွာချင်း မတူပေမယ့် ရွှေဘို တစ်နယ်ထဲမို့ ပိုခင်ကြတယ် ။

တစ်နေ့တော့ ကိုလှဝင်း က အလုပ်ထွက်စာ တင်ရော ၊ အထက်အရာရှိ နဲ့ အဆင် မပြေလို့ ထွက်တာ ။ ကျုပ်က မထွက်စေချင်ဘူး ။ အဲဒီ ခေတ်က အလုပ်တစ်ခု ရဖို့ မလွယ်ဘူး ။ နောက်ပြီး သူ့ ရာထူးက တက်လမ်း ရှိတယ် ။ ငှက်ဖျားကြီးကြပ်သူ ကနေ ငှက်ဖျားအင်စပက်တော် ၊ နောက် ငှက်ဖျားရောဂါမှူး ထိ တက်နိုင်တယ် ။ ငှက်ဖျားရောဂါမှူး ဆိုရင် နိုင်ငံခြားလေ့လာရေး ဖြစ်ဖြစ် ၊ ပညာသင် ဖြစ်ဖြစ် သွားရတတ်တယ် ။ ဒါကြောင့် မထွက်ဖို့ တားတယ် ။ မရဘူး ။ ဒါကြောင့် ကျုပ်က ကရုဏာဒေါသ နဲ့ “ ခင်ဗျား ... အလုပ်က ထွက်ပြီး ရွာပြန် နွားကျောင်းချင်လို့လား ” လို့ ပြောလိုက်တယ် ။ သူ့ မျက်နှာကြီး ရဲခနဲ ဖြစ်သွားတယ် ။ ဘာစကားမှ မပြောဘဲ ထွက်သွားတယ် ။ အလုပ်ကတော့ ထွက်သွားတာပါပဲ ။

နောက် ၃ ရက်လောက် နေတော့ အိမ်ကို ရောက်လာတယ် ။ အကောင်းရောက်လာတာ မဟုတ်ဘူး ။ မူးပြီး ရောက်လာတာ ... “ မင်း နဲ့ စာရင်း ရှင်းစရာရှိတယ် ” ဆိုပြီး ဂျစ်တော့တာပါပဲ ။ “ ရွာကို ပြန်ပြီး နွားကျောင်း ဆိုတာ ငါ့ကို အစွမ်းအစ မရှိတဲ့ကောင်လို့ ဆိုတာပေါ့ ” တို့ ဘာတို့ ပေါ့ ။ “ ငါ့ အကြောင်း ... မင်း ကောင်းကောင်း သိရမယ် ” ဘာညာ ဆိုပြီး ဒေါသတကြီး ပြောတော့တာပဲ ။ ကျုပ်က သူ့ကို ဘယ်လို ရှင်းပြပြ သူ နားမဝင်ဘူး ။ နွားကျောင်းခိုင်းတာပဲ အပ်ကြောင်းထပ် နေတယ် ၊ နောက်ဆုံးတော့ ဓားကြိမ်းကြိမ်းပြီး ပြန်သွားလေရဲ့ ။

ဒီ ကတည်းက ဘကြီးနွား အငှား မကျောင်းတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့တာ ။

အခုလည်း ကိုယ့် အမျိုးမို့ ဆိုပြီး ကရုဏာဒေါသော စကား ပြောမိတာ နဲ့ အောင်မောင်း က အရက် မူးတိုင်း ၊ အိမ်ရှေ့ ဖြတ်တိုင်း ရန်လုပ်နေတော့တာပဲ ။

တန်ပြီ .. ။ နောက်ဆို ဘယ်သူ့ကို မဆို ပါတ္တောပိတ်ပဲ ။

•••••   •••••   •••••

( ၃ )

ဒီလို စိတ်ဆုံးဖြတ်ပေမယ့် အမြင်မတော်တာ တွေ့နေရပြီ ။ မိအေး က အထက်တန်းကျောင်းသူလေး ။ အိမ်မှာတော့ သိပ်ရိုး သိပ်အေးတာ ။ အပြင်လည်း အဖေ ၊ အမေ ပါမှ ထွက်တာ ။ အိမ်လည်း မလည်ဘူး ။ စာကျက်တာပဲ အမြဲ တွေ့နေရတာ ။ နေတာလည်း အေးအေး ၊ ဝတ်တာလည်း ရိုးရိုး ၊ ဆံပင်က ဖြာချရင် ဒူးခေါင်းဆစ်ထိ ရှိတယ် ။ သူ့ မိဘတွေကလည်း သူ့သမီး ကို ‘ သမီးအလိမ္မာလေး ’ လို့ ထင်ထားသလို အရပ်က လည်း ( ကျုပ် အပါအဝင်ပေါ့ ) ဒီကောင်မလေး ရိုးတယ် ။ အေးတယ် ။ ပညာ ကြိုးစားတယ် ။ ကြီးရင် ဘွဲ့ရပညာတတ် ဆရာဝန်မ အနည်းဆုံး ဖြစ်မယ်လို့ ထင်ထားကြတာ ။

အလား ... အခုတော့ မိအေး တစ်ယောက် ကျောင်းမသွားဘဲ စက်ဘီးကို လက်ဖက်ရည်ဆိုင်မှာ အပ်ပြီး ကောင်လေး တစ်ယောက် ဆိုင်ကယ် နောက် ပါသွားတာ ကျု ပ်မျက်စိ နဲ့ လေးငါးခါ လောက် တွေ့ရတယ် ။

ဒီတော့ ကောင်မလေးကို ကျောင်းမှန်မှန် တက်ဖို့ ၊ ရည်းစား မထားဖို့ ၊ ပညာကို ကြိုးစားဖို့ ပြောရ ကောင်းမလား ။ သူ့ မိဘတွေကိုပဲ အကြောင်းစုံ ပြောရ ကောင်းမလား ။ ပြောရင် ကရုဏာဒေါသော စကားတွေ ဖြစ်တော့မယ် ။ အောင်မောင်း လို ၊ ကိုလှဝင်း လို အဖြေမျိုး ထွက်ရင် ဘယ့်နှယ် လုပ်မလဲ ။

ကျုပ်မှာ ပြောသင့် ၊ မပြောသင့် စဉ်းစားလိုက်တာ မိအေး ရည်းစားနောက် ခိုးရာလိုက်ပြေးတဲ့ အထိ အဖြေက မထွက်ဘူး ။

▢ မင်းတင်ထွဏ်း
📖 မန္တလေးတိုင်း ( မ် ) ဂျာနယ်
      မေလ ၊ ၂ဝဝ၈

No comments:

Post a Comment