❝ ရှင်သန်နေမယ် ❞
[ မဥမ္မာဝင်းကို အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံထားရသူအဖြစ် တစ်ဈေးလုံးက သိပါတယ်။ ဈေးထဲက မဥမ္မာဝင်းရဲ့ ဆိုင်ကလေးဟာ သူတို့ မြို့နယ်ထဲက အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံရသူတွေရဲ့ ကွန်းခိုရာ နေရာလေး ဖြစ်တယ်။
ရန်ကင်းတောင် အရှေ့ဘက် ဆရာတော် ဒေါက်တာဓမ္မရက္ခိတရဲ့ကျောင်းမှာ မဥမ္မာကို ကျွန်တော် စတွေ့ဖူးတာပါ။ အိတ်ခ်ျအိုင်ဗီရောဂါပိုး စွဲကပ်ခံထားရသူတွေကို ဆရာတော်က ဝိပဿနာတရား ပြပေးတယ်။ အဲသည် လူတွေကို မဥမ္မာက ဆရာတော်ရဲ့ ကျောင်းကို ဦးဆောင်ပြီး ခေါ်လာတယ်။ စားရေးသောက်ရေး တာဝန်ယူပေးတယ်။
မဥမ္မာကတော့ ဘဝတူတွေ အတွက် ဆက်လက် လှုပ်ရှားဆဲပါပဲ။ ဝိပဿနာ တရားကို နီးနီးနားနားမှာ ရှုမှတ်နိုင်အောင် မန္တလေးမြို့ပေါ်က မြဝတီမင်းကြီးကျောင်းတိုက်မှာ ဆရာတော် ဦးအရိယာဝံသာဘိဝံသရဲ့ အကူအညီနဲ့ စီစဉ်တယ်။ World Vision တို့ ရတနာ့မေတ္တာအဖွဲ့တို့နဲ့ လက်တွဲပြီး အေအိုင်ဒီအက်စ် ကာကွယ်ကုသ ပြုစုရေး လုပ်ငန်းတွေကို သူ လုပ်တယ်။
မဥမ္မာဟာ အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံထားရသူ အဖြစ် လူတော မတိုး ခေါင်းငုံ့ မနေဘဲ ဘဝတူတွေကို ကူညီနေတယ်။ ရတနာ့မေတ္တာအဖွဲ့ (မန္တလေးအဖွဲ့ခွဲ) က ထုတ်တဲ့ သတင်းလွှာမှာ “ခွဲခြားဆက်ဆံခြင်းကို ကျွန်မ ဒီလို ရင်ဆိုင်ခဲ့ရပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အတွေ့ အကြုံကို ရေးထားတယ်။ သူ့သားလေးကို ရှင်ပြုစဉ်က သစ်ခွပန်းတွေ ဝေနေအောင် ပန်ထားတဲ့ အလှူအစ်မ မဥမ္မာ ဆွမ်းကပ်နေတဲ့ ရောင်စုံ ဓာတ်ပုံလည်း ဖော်ပြထားတယ်။
မဥမ္မာ ယခုအသက် (၃၂ နှစ်) က သူ့ဓာတ်ပုံတွေ ဖော်ပြပါ၊ သူ့အကြောင်းတွေ ရေးပါ ဆိုတဲ့ ခွင့်ပြုချက်နဲ့ ဈေးထဲက သူ့ဆိုင်ကလေးဆီ သွားပြီး သူနဲ့ စကားစမြည် ပြောခဲ့တယ်။ ]
••••• ••••• •••••
သမီးအမျိုးသားက အင်ဂျင်ဘိုးရိန်း လုပ်တာ။ ဝင်ငွေ ကောင်းပါတယ်။ သမီးက LL.B ဘွဲ့ရ၊ ရှေ့နေတော့ လုပ်မစားဘူး။
အမျိုးသားက တအား ဝတာ။ အသားအရေ ဝင်းဝါနေတဲ့ လူက ကိုယ်အလေးချိန် ရုတ်တရက် ကျတယ်။ အဲဒီအချိန်မှာ သမီးက မီးတွင်းထဲမှာ ကလေးက ၄၅ ရက်ပဲ ရှိသေးတယ်။ သူ့ကို မကူညီနိုင်ဘူး။ ယောက္ခမတွေကပဲ နီးရာ ဆေးခန်းကို ပို့ပေးကြတယ်။ ဆေးထိုးလိုက် ဆေးသောက်လိုက်၊ ပြန်ကောင်းလိုက်၊ ပြန်ဖြစ်လိုက်ပေါ့ ။
သမီးကတော့ သူ့ကို ကုတာ တိုးတက်မလာလို့ ဆေးစစ်ပစ်လိုက်ချင်တယ်။ နောက်ဆုံးတော့ ငါးလသား ကလေးလေးကို သမီးက ပွေ့ချီပြီး သွေးသွားစစ်ကြတယ်။ သူ လုပ်ခဲ့တာတွေကို သမီးက သိထားလို့ သမီး suspect (သံသယ) ရှိတယ်။ အိတ်ချ်အိုင်ဗီလည်း စစ်ပေးပါ။ တွေ့တာလည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ သမီး ခံနိုင်ရည်လည်း ရှိပါတယ်လို့ ဆရာဝန်ကို ပြောတယ်။
ဆေးစစ်တဲ့ အဖြေ ထွက်လာတော့ သမီးကို ပြတယ်။ သမီးလည်း သွေးစစ်ဖို့ လိုမယ်တဲ့။ ကလေးလေးက ယောက္ခမနဲ့ အတူ ကားပေါ်မှာ။ သမီး သွေးကို စစ်တယ်။
၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာလ၊ အဲဒီနှစ်က တအားချမ်းတဲ့နှစ်။ အနွေးထည်တွေ ဝတ်၊ ခေါင်းစွပ်တွေ စွပ်ပြီး ဆေးခန်းကို သွားရတာ။ သမီး သွေးစစ် အဖြေကို သိလိုက်ရပြီ ဆိုတော့ ရူးမတတ် ဖြစ်သွားတယ်။ ချွေးသီးချွေးပေါက်တွေ ကျပြီး ဝတ်ထားတဲ့ အနွေးထည်တွေ အကုန် ဆွဲချွတ်ပစ်ရတော့တာပဲ။
ဆရာဝန်ကတော့ အားမငယ်ဖို့ နှစ်သိမ့်ဆွေးနွေး ပညာပေးတယ်။ ကိုယ်ကတော့ ငါတို့မှ ဖြစ်ရလေခြင်း ဆိုပြီး စိတ်ဓာတ်ကျမိတယ်။
အိမ်ပြန်ရောက်တော့ အမျိုးသားက ခံနိုင်ရည် မရှိဘူး။ စိတ်ဓာတ်ကျသွားတယ်။ ဆေးရုံလည်း မပို့နဲ့တော့၊ ငွေကုန်လူပန်း မဖြစ်ချင်ဘူးတဲ့။ ဒါပေမဲ့ သမီးကတော့ အနီးနားက ဒေါက်တာခင်မောင်သောင်း ဆေးခန်းကို ပုံမှန် ပို့ပေးပါတယ်။
သူ့ဘော်ဒီဝိတ်က ပေါင် ၁၈၀ လောက်ကနေ ၁၀ဝ လောက်ထိ ကျသွားတယ်။ လူပုံက အရိုးငေါငေါကြီး၊ မျက်လုံးကြီးနှစ်လုံးက ပြူးထွက်နေတာ။
၂ဝဝ၂ ခုနှစ်မှာ အမျိုးသား ဆုံးတယ်။ သမီးလက်ပေါ်မှာပဲ ဆုံးတာ။ သူ့ကို သမီး အားပေးပါတယ်။ ဓမ္မပဒပုံပြင်လေးတွေ ပြောပြတယ်။ သူ ဝမ်းတွေ လျှောနေပြီဆိုတော့ မြတ်စွာဘုရားရှင်တောင်မှ ဝမ်းတော်လားရတဲ့ ဒုက္ခကို ပြောပြတယ်။ သူ့ဝမ်းတွေ လျှောတာကို သမီး မရွံမရှာ သုတ်သင်ရှင်းလင်းပေးတယ်။ သူ့ကို ကြည့်ပြီး မရဏာနုဿတိ ရှုနေတယ်။ ကိုယ်လည်း သူ့လမ်း လိုက်ရမှာပဲ။
သူ ဆုံးတဲ့နေ့က သမီး မငိုဘူး။ ငါ လဲကျတဲ့ နေရာက ပြန်ထရမယ်လို့ ဆုံးဖြတ် လိုက်တယ်။ အမေတောင်မှ အဖေဆုံးပြီးတော့ သားသမီး ၁၁ ယောက်ကို ဘွဲ့ရ ပညာတတ် ဖြစ်အောင် ထားနိုင်ခဲ့တာပဲ။ ကိုယ့်မှာ သားတစ်ယောက်ပဲ ရှိတာ။ သူ့ကို လူတစ်လုံး၊ သူတစ်လုံး ဖြစ်အောင် လုပ်ပေးရမယ်လို့ အားတင်းထားလိုက်တယ်။ အမေနဲ့ သမီး မတူတာကတော့ သမီးမှာ အိတ်ချ်အိုင်ဗီ ပေါ့စတစ်။
သမီး ငယ်ငယ်ကတည်းက မြောက်ပြင် မှန်ကင်း ပဇ္ဇောတာရုံမှာ အမေနဲ့ လိုက်ပြီး တရားတွေ ထိုင်ခဲ့ဖူးတယ်။ တရားအလုပ် လုပ်မယ်၊ သားလေးကို စောင့်ရှောက်မယ်ပေါ့။
ကလေး နှစ်နှစ်သားမှာ ဝမ်းလျှောတယ်။ အိတ်ချ်အိုင်ဗီ ထင်လို့ ကလေးတော့ သွားပြီပေါ့။ သွေးစစ်တယ်။ နဂ္ဂတစ်ပဲ ထွက်တယ်။ ကလေး ငါးနှစ်ကျော်မှာ တစ်ခါ စစ်တယ်။ ခုနစ်နှစ်မှာ တစ်ခါ စစ်တယ်။ သုံးခါစလုံး နဂ္ဂတစ်ပဲ။ ယခု ကလေး ရှစ်နှစ်ထဲ ရောက်သွားပြီ။ ကျောင်းတက်နေတယ်။
အမျိုးသား ဆုံးသွားတဲ့ နောက်မှာ လူအမျိုးစုံနဲ့ သမီး ရင်ဆိုင်ရတယ်။ အချို့ကလည်း သူ့ယောက်ျား အေကိုက်လို့ ဆုံးသွားပြီ။ သူလည်း မကြာဘူး၊ သုံးလေးလပဲ ကြည့်ထားလို့ ပြောတာ။ သမီးအကြောင်း တီးတိုး ပြောတာတွေ ကြားမိတယ်။ အချို့ကတော့ မဥမ္မာ မပိန်သေးဘူးနော်တဲ့။ ယောက္ခမကတော့ ညည်း မရှိရင် ညည်းကလေးကို ငါတို့ တာဝန်ယူမှာပါ။ စိတ်ချပါတဲ့။
ငါ့သူငယ်ချင်း အားတင်းထား၊ စိတ်မလျှော့ရင် သက်တမ်းစေ့ နေနိုင်တယ်လို့ အားပေးတဲ့ မိတ်ဆွေကောင်းတွေလည်း အများကြီး ရှိတယ်။
ကိုယ့်အကြောင်း တီးတိုး ပြောတာတွေ၊ ကိုယ့်ကို သနားတဲ့ မျက်လုံး၊ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာတွေ ခံရတော့ စိတ်ဓာတ်ကျတယ်။ ဒါနဲ့ ကလေးပွေ့ပြီး အခန်းတံခါး သော့ချပိတ်၊ အခန်းအောင်း နေလိုက်တာ လေးလလောက် ကြာတယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှု ပြုတာ၊ မပြုတာတွေ မသေချာသေးခင်မှာ ကိုယ်ကပဲ စိတ်အားငယ်ပြီး ခွဲခြားဆက်ဆံမှုကို စတင်လိုက်တယ်။
အခန်းအောင်း နေရင်း စာတွေ ဖတ်တယ်။ သမီးအတွက် အဓိက ကျေးဇူးရှင်ကတော့ အရှင်ဆန္ဒာဓိကရဲ့ မသေခင် ဘာလုပ်ရမလဲ စာအုပ်ပဲ။ အဲသည် စာအုပ်ဟာ သမီးဘဝ အတွက် key (သော့ချက်) တွေ ရတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ဖြတ်ပြီး စာအုပ်တွေ ပေါ်မှာ အာရုံစိုက် နေလိုက်တယ်။ ဆရာနန္ဒာသိန်းဇံ စာအုပ်တွေ များများ ဖတ်တယ်။
တစ်ခါတလေတော့ အမျိုးသား ဆေးကုခဲ့တဲ့ ဒေါက်တာခင်မောင်သောင်း ဆေးခန်းဆီ ကလေးကို ပွေ့ပြီးသွားတယ်။ ဆရာ့အမျိုးသမီး ဒေါ်မေစန္ဒာသံဒိုင်က သမီးကို ကြည့်ပြီး သနားသွားတယ်၊ အားပေးတယ်။ ကြီးမေ ရှိတယ်။ ဘာမျှမပူနဲ့၊ သမီးကို ကြီးမေက ကမ္ဘာ့မြင်ကွင်းနဲ့ ဆက်ပေးမယ်။ သက်တမ်းစေ့ နေရပါမယ်တဲ့။ World Vision နဲ့ ဒေါ်မေစန္ဒာသံဒိုင်က မိတ်ဆက်ပေးတယ်။ အခန်းအောင်းနေတဲ့ သမီး ကမ္ဘာ့မြင်ကွင်းကျယ်ကြီးဘက် လျှောက်လှမ်းလိုက်တယ်။
သမီးဘဝကို စတင် ပြောင်းလဲ ပစ်လိုက်တယ်။ အစားအသောက် ဂရုစိုက်တယ်။ Life style လည်း ပြောင်းလဲပစ်လိုက်တယ်။ ကျန်းမာအောင် နေတယ်၊ အလုပ်လုပ်မယ်။
သမီး ဈေးရောင်းမယ်။ ယောက္ခမတွေက ကျွေးတာမို့ သူတို့က ခွင့်မပြုချင်ဘူး။ ငါတို့ သိက္ခာကျတယ်၊ မလုပ်ပါနဲ့တဲ့။ သမီး ဈေးရောင်းမှ ကံဇာတာ ကောင်းမှာလို့ ဗေဒင်က ဟောထားတယ်လို့၊ ယောက္ခမက ဗေဒင် ယုံတယ်လေ။
အမေတို့ ကျွေးတာလည်း ကျွေးပေါ့။ သမီးရဲ့သားလေး ကျောင်းထားတော့ အမေတို့က တစ်ခု ဆင်ရင် သမီးက တစ်ခု ဆင်နိုင်တာပေါ့လို့။ သူတို့က ကလေးကို တော်တော် ချစ်တယ်လေ။
နောက်ဆုံးတော့ ခွင့်ပြုလိုက်တယ်။ ဈေးထဲမှာ ဆိုင်ခန်းဝယ်တယ်။ ဆိုင်ခန်းက တော်တော် ချောင်ကျတယ်။ သမီး စုဘူးလေးလည်း ခွဲ၊ ယောက္ခမကလည်း ငွေထုတ်ပေးပေါ့။ ဆိုင်ခန်းက သုံးခန်းတွဲမို့ ကျယ်တယ်။
လူတွေက မဥမ္မာ အိတ်ချ်အိုင်ဗီလားလို့ မေးရင် ဟုတ်တယ်လို့ ပြုံးပြုံးလေး ပြောပြတယ်။ အချို့ကလည်း မသိမသာ လာကြည့်တယ်။ အိတ်ချ်အိုင်ဗီ ဖြစ်ပေမဲ့ ဘာမျှလည်း မဖြစ်သေးပါလား။ အချို့ကလည်း လာတွေ့ တယ်။ သည်လိုနဲ့ သမီးရဲ့ ဆိုင်ကလေးမှာ အိတ်ချ်အိုင်ဗီတွေရဲ့ စုရပ်လို ဖြစ်လာတယ်။
အိတ်ချ်အိုင်ဗီတွေ သမီးဆိုင်မှာ စုမိတယ် ဆိုတော့ World Vision က ဆရာကလည်း မကြာမကြာ လာပြီး အားပေးတယ်။ သမီးဆိုင်ခန်းလေးက ချောင်ကျပြီး ရောင်းအား သိပ်မကောင်းဘူး။ ရောင်းတာကလည်း စားသောက်ကုန် မဟုတ်ဘဲ ကုန်ခြောက် ဆိုတော့ အိတ်ချ်အိုင်ဗီမို့ မဝယ်ဘူးဆိုတဲ့ ပြဿနာလည်း မရှိဘူး။ စားဝတ် နေရေးအတွက် ယောက္ခမက ကျွေးထားတော့ လုပ်သမျှ သမီးအတွက် အပိုပဲ။ ပရဟိတ လုပ်ရုံပဲ။
သမီးဘဝမှာ အားကိုးစရာက ဘုရား၊ တရား၊ သံဃာ၊ ဝိပဿနာ အားထုတ်တယ်။ World Vision က ဆရာ သမီးဆိုင်ကို မကြာခဏ လာတယ်။ သမီးက စံပြဖြစ်နေတယ်။ နင် ဘာလို့ ခုလို အေးချမ်းနေတာလဲ မေးတော့ သမီး ဝိပဿနာ လုပ်တယ် ပြောလိုက်တယ်။ နင် အေးချမ်းသလို ဘဝတူတွေလည်း အေးချမ်းအောင် လုပ်ကြစို့ ဆိုပြီး သမီး တရားအားထုတ်တဲ့ ဆရာတော် ဒေါက်တာဓမ္မရက္ခိတရဲ့ မေတ္တာစေတောဝိမုတ္တိကျောင်းကို အိတ်ချ်အိုင်ဗီတွေ ခေါ်သွားတယ်။ World Visison က စရိတ် ထုတ်ပေးတယ်။ ဆရာတော်က တရားပြတယ်။ နောက်တော့ အကြောင်းကြောင်းကြောင့် အဲသည် အစီအစဉ် နားထားလိုက်ရတယ်။
သမီးတို့ ဈေးထဲမှာ ကန်ထရိုက်နဲ့ ဆိုင်ခန်းသစ်တွေ ထပ်ဆောက်တော့ သမီး လိုချင်လိုက်တာ။ ယောက္ခမ ဆင်ထားတဲ့ ဆွဲကြိုး ရှိတယ်။ အဲဒါ ဖြုတ်ရောင်းခွင့် တောင်းတော့ ယောက္ခမက ရောင်းခွင့်ပေးတယ်။ ဆွဲကြိုးရောင်းတာနဲ့ စုဆောင်းထားတာနဲ့ ဝယ်တာ၊ ဆိုင်ခန်းတစ်ခန်းဖိုး ငွေက လိုနေတယ်။ နောက်ထပ် ဆွဲကြိုး ရောင်းမယ်လို့ သွားတာ World Vision က ဆရာတွေ သိသွားပြီး PLHA (အိတ်ချ် အိုင်ဗီပိုးနဲ့ ရှင်သန်နေထိုင်သူ) တွေအတွက် ချေးငွေ အစီအစဉ်ရှိတယ် ဆိုလို့ ချေးယူပြီး ဝယ်လိုက်တာ ဆိုင်ခန်း ပိုင်သွားတယ်။ သမီးလိုပဲ အရင်းအနှီး လိုအပ်သူတွေ အကူအညီရအောင် သမီးက ဆက်သွယ် ကူညီပေးရတယ်။
သမီး ဝိပဿနာ လုပ်နေတာကို ရတနာ့မေတ္တာက ဆရာဦးမြင့်ဆွေက သိတော့ သူက PLHA တွေ ဝိပဿနာ လုပ်ဖို့ အားပေးချင်တယ်တဲ့။ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသက ထန်းလက်တဲလေး ထိုးပေးပြီး တရားထိုင် ဖို့ နေရာပေးတယ်။ စင်္ကြံလျှောက်ဖို့လည်း နေရာပေးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ တောအုပ်လေးကျလို့။
အိတ်ချ်အိုင်ဗီတွေကို လက်ခံပြီး နေရာပေးလို့ ဆရာတော်ကို အမြဲ လှူနေတဲ့ သူတွေထဲက အချို့က နောက်တွန့်သွားတာ ရှိတယ်။ သည်အတွက် စိတ်မကောင်းပါဘူး။ ကျောင်းစားဖိုချောင်မှာ လိုအပ်ချက်လေးတွေ ရှိနေတာ သမီးသိတယ်။ သမီး ငယ်ငယ်က ရောက်ခဲ့တဲ့ မှန်ကင်း ပဇ္ဇောတာရုံကျောင်းမှာ ဆွမ်းပဒေသာပင် လုပ်သလို မြဝတီမင်းကြီးကျောင်းတိုက်မှာလည်း လုပ်ချင်တယ်။ မိုးရွာလို့ သံဃာတော်တွေ ဆွမ်းခံ မထွက်နိုင်တဲ့ အချိန်မှာ ဆွမ်း၊ ကွမ်း အဆင်ပြေတာပေါ့။ ဆရာတော်က ချက်ချင်း လက်မခံဘူး။ နောက်တော့ ခွင့်ပြုတယ်။
သမီးကို အားပေး စောင့်ရှောက်တဲ့ ဝင်းမြန်မာအမေစုကို ပြောတော့ သူက ကျပ် ဆယ်သိန်း မတည်တယ်။ ဆွမ်းပဒေသာပင် ထူထောင်ရင်း သားရှင်ပြုပွဲကို သမီးမွေးနေ့ ဒီဇင်ဘာ ၂၃ ရက်က လုပ်လိုက်တယ်။
ကိုယ့်ဘဝကိုယ် ပြန်ကြည့်တော့ အေးချမ်းနေတယ်။ ပရဟိတတွေ လုပ်ရင်းနဲ့ အေးချမ်းနေတာပါ။
▢ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁
No comments:
Post a Comment