❝ ရှက် - ရှက် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
တစ်သီတင်းတော့ ကျွတ်ပြန်ဦးတော့မည် ။
ဝါလ၏ ရင့်အိုလာရခြင်းများနှင့်အတူ သီတင်းကျွတ်၏ ရှေ့ပြေးလှုပ်ရှားချက်ကလေးများကိုပါ တွေ့မြင်နေရလေပြီ ။ မကျီးဒန်၏ အိုးထိန်းစက်မှာ တစ်မိုးတွင်းလုံး ငြိမ်ဆိတ်နေခဲ့ရာက တက်ကြွလှုပ်ရှားလာသည် ။ ချောစိန်၏ လက်တို့သည် စက်ပြင်ပေါ်သို့ တက်ရောက်လာသော ရွှံ့စေးများကို အိုးကြမ်းဘဝသို့ ကျင်လည်စွာ ပြောင်းပို့ပေးနေ၏ ။ အဝေးကပင် စူးရှစွာ ကြားနိုင်သော မကျီးဒန်၏ အိုးပုတ်သံအောက်ဝယ် အချောကိုင်ပြီးစ သပိတ်စိမ်းများကို ဆေးပေါ့လိပ်ကြီး အမြိုင့်သားနှင့် အရောင်တင်နေသော ကိုဆေးရိုးကို ကျောအပြောင်သားနှင့် တွေ့မြင်ရလေသည် ။
စင်စစ်သော်ကား တစ်ရွာလုံးသည် တက်ကြွခြင်းဖြင့် သီတင်းကျွတ်အား ဖိတ်ခေါ်နေကြခြင်းဖြစ်၏ ။ ရမ်းဘိုကုန်းတစ်ရွာလုံးသည် စိုပြည်သာယာနေသည် ။ ရင်တွင်းမှ လှိုက်ဆူသောတက်ကြွခြင်းဖြင့် လှုပ်ရှား ဆူညံနေ၏ ။ ဆူညံသံမြည်ဟိန်းနေသော အိုးပုတ်သံမှာ ရာသီကုန်မို့ သပိတ်ပုတ်သံဟူ၍ သိနေရသည် ။ ဒီသပိတ်ပုတ်သံ တစ်ချက်ကပင် ရမ်းဘိုကုန်းရွာသူချောတို့၏ အသည်းစအား ဆီထိဂွမ်းဖြင့် ညံ့နုစွာ ပွတ်သပ်ပေးသလို ကြည်နူးရွှင်လန်းစေပါ၏ ။ သူတို့၏ လက်နှင့်ထိလိုက်တိုင်း ထိလိုက်တိုင်း ပျော့အိ ပြောင်းလွဲသွားသည် ရွံ့စေးတို့သည် သူမတို့အား ဝါကျွတ်မီးသဘင်အောက်ဝယ် တောက်ပကြော့လန်းစေအံ့ ဆိုတာကို သူမတို့ သိထားကြလေသည် ။
ရမ်းဘိုကုန်းရွာငယ်၏ အရိပ်က စိုပြည်ရွှန်းလဲ့နေ၏ ။ ရွာ၏အနောက်ဘက်ရှိ ကောပက်နေသော ချောင်းအိုကြီးသည် ရမ်းဘိုကုန်းရွာခြေမှ မတ်စောက်သော ကမ်းပါးစပ်များအောက်တွင် ကြည်လင်စွာ စီးဆင်းနေသည် ။ အိုးပုတ်သံများသည် ကမ်းပါးစောက်မှ ပြေးဆင်းလာကြ၏ ။ အမှန်မှာသော် တစ်ခဏတာမျှ တက်ကြွရွှင်မြူးရခြင်းများသည် ရှည်လျားနက်ရှိုင်း လှသော ပင်ပန်းခြင်းများကို မေ့ပျောက်စေကာ ဒါတွေကြောင့်ပင် လူသားတို့သည် လူ့လောကကြီးအား စွန့်ခွာထွက်ပြေးနိုင်စွမ်း မရှိကြကြောင်းကို ကြည်မော ရွှန်းနစ်နေသော ရမ်းဘိုကုန်းရွာငယ်အား ကြည့်ခြင်းအားဖြင့် သိမြင်နိုင်၏ ။
“ ဆွမ်းတော်ခင်ဗျ ”
“ ရပ်တော်မူပါဦး ဘုရား ဆွမ်းမခူးရသေးလို့ ”
အိမ်ရှေ့သို့ ဆွမ်းတစ်ကြိမ် လာ၍ ရပ်တိုင်းရပ်တိုင်း ဝင်းဝင်းဝါဝါကလေးများကို မြင်ရသဖြင့် ကြည်နူးစဖွယ်ရှိလှ၏ ။ အချိန်ကလည်း လယ်ပိတ်စမို့ တစ်ချိန်လုံး ပျက်ကွက်ခဲ့သောဝတ်ကို အားတက်သရောနှင့် ပြန်လည် ဖြည့်တင်းကြလေသောကြောင့် အခါတိုင်းနှင့်ကွဲပြားနေတော့သည် ။ လယ်အလုပ်ချိန်ကျပြီဆို လျှင် တစ်ရွာလုံး ဆုံးသော်လည်း ဆွမ်းမှာ သပိတ်တစ်ဝက်မျှ မရချင် ။ ရှိပြီး ကျောင်းသားများမှာလည်း လယ်ထဲသို့ လိုက်သွားကြသဖြင့် ကျောင်းသားရှားပါး ၊ ဆွမ်းကွမ်းရှားပါးရကား ရဟန်းတော်များ ပင်ပန်းရိရှားချိန် ပင်ဖြစ်၏ ။ ယခုမူ ကျောင်းသားကလည်း ပြန်လည် စည်ပင်ချိန် ဖြစ်သောကြောင့် ကျောင်းတစ်ကျောင်းဆိုလျှင် သပိတ်ဆယ်လုံးခန့် ပါဝင်လေသည် ။
“ အခုလို ဆိုတော့လည်း ကြည်ညိုစရာပဲနော် ”
ပန်းဟိုက်ခြင်းကို ထွင်းထွက်လာသော မကျီးဒန်၏ ကြည်မြမြအသံက ကိုဆေးရိုးအား လည်ပြန်လှည့်လာစေသည် ။
“ အင်း … အေးပေါ့ဟာ ”
ဦးပဉ္စင်းများ နောက်မှ ကိုရင်ကျောင်းသားစသည်ဖြင့် တရွေ့ရွေ့ကျော်လွန်သွားသော အတန်းကြီးကို ငေးမောရင်းမှ ..
“ လယ်ချိန်တုန်းကများ တစ်ချိန်လုံး သတိမရကြဘူးမဟုတ်လား ကျီးဒန်တို့ဟာ အိပ်ဖို့ စားဖို့နဲ့ အလုပ် လုပ်ဖို့ပဲ အာရုံစောနေကြတာပါကလား အင်း ဒါနဲ့များ လူတွေတဲ့ အင်း ”
“ ဘာပြောတယ်တော့ ၊ လူတွေ မဟုတ်ဘူး ... ဟုတ်လား ။ လူတွေ မဟုတ်လို့ ဘာတွေလဲ ”
မကျီးဒန်က လက်ခတ်ကို ရေခွက်ထဲသို့ နှစ်ရင်းက စောင်းငဲ့၍ မေးလိုက်တော့သည် ။
“ အေးလေ … နင်ကတော့ လူတွေပါပဲလို့ ပြောမှာပေါ့ ။ လူဆိုတာ ဘုရားမှန်း တရားမှန်း သံဃာမှန်း သိရမယ်ဟ ၊ ကုသိုလ်ကောင်းမှုကို မပြုနိုင်တောင်မှဘဲ သတိရရမယ် မမေ့ဘူးဆိုတာလောက်တော့ ရှိရမယ် ”
“ အခုကော မရကြဘူးလို့ တော်က ဆိုချင်သလား ”
“ သူများတော့ မသိကြဘူးလေ ၊ ငါတော့ မရဘူးဟ ။ ပခုံးနှစ်ဘက်ကြားမှာ ခေါင်းပေါက်နေပေမယ့် ငါ လူမဟုတ်ဘူး ”
“ ဒါဖြင့် ဘာလဲကိုင်း ”
“ ဘာရယ်လို့လဲ မသိဘူးဟ ၊ ဒါပေမဲ့ လူတော့ မဟုတ်ဘူး ”
“ ဟင် တော့ဟာကလည်း ”
မကျီးဒန်က ပဟေဠိဆန်လှသော ကိုဆေးရိုး၏ စကားကြောင့် ကိုဆေးရိုးကို ငေးကြည့်နေမိသည် ။ ကိုဆေးရိုး၏ မျက်လုံးအစုံက ရီဝေငေးမောခြင်း ဆန်နေသည် ။ အဖြေရ ခက်နေသော ပြဿနာသည် ဦးနှောက်တွင်းဝယ် ထကြွနေဟန်ရှိ၏ ။ အတွေးမှာ ကျယ်ပြန့်၍ မှန်းဆခြင်းက နက်ရှိုင်းသည်ထက် နက် ရှိုင်းကျယ်ပြောကာ ဝေး၍ ဝေး၍ သွားတော့သည် ။
“ ဆွမ်းတော်ခင်ဗျ ”
“ ဟော ကိုရင်တို့ ကျောင်းတောင်လာနေပြီ ”
ချောစိန်က အိုးထိန်းစက်လှည့်နေရာမှ ထရင်းက သူ့ဘာသာသူ ပြောလိုက်ရာ ...
“ ဟင်းမှ ကျက်သေးရဲ့လား မိန်းကလေးရာ ”
“ ကျက်ပါပြီ ”
သား ဆိုပြန်တော့လည်း ခဏလေးပဲ ကြည့်ရ ကြည့်ရ ရင်တွင်းဝယ် အေးမြသောသုခကို ပေးနိုင်စွမ်းသော ဒြပ်ကောင်မို့ မကျီးဒန်မှာ နေရာမှ ထလိုက်၏ ။ တဲရှေ့သို့ သုတ်သီးသုတ်ပြာ ပြေးထွက်ကာ သား၏ ရုပ်သွင်ကို ရှုကြည့်လိုက်ရသည် ။
“ လူကလေးက သင်္ကန်းနဲ့ကျမှ ပိုပြီးထွားလာ တယ်နော် ကိုဆေးရိုး ”
“ နင် ... ထင်လို့ပါ ဒီလိုပါပဲ ”
“ ဟဲ့ မိန်းကလေး ဆွမ်းခူးထားဦးလေ ”
ကိုဆေးရိုးက အိုးထိန်းစက်ဘက်သို့ ခြေဦးလှည့်နေသော ချောစိန်အား သတိပေးလိုက်မှ ..
“ မေ့နေလို့ အဖေရဲ့ … ” ဟု ပြောကာ ကွပ်ပျစ်ပေါ်မှ ပန်းကန်ကို ကောက်ယူလိုက်၏ ။
ဓလေ့ဆိုတာတော့ အမျိုးမျိုးရှိကြသည်သာ ဖြစ်သည် ။ သပိတ်တစ်ဘက် ဆွမ်းဟင်းတစ်ဘက်ကို ဆိုင်းနှင့် လျှိုထမ်းသည့်ဓလေ့ရှိ၏ ။ ရှေးဆန်ဆန် ဗျပ်ခွက်နှင့် ယွန်းပန်းကန်ကို ခေါင်းတွင်ရွက်ခါ ဟင်းချိုအိုးကို နောက်က လူပိုတစ်ယောက် ဆွဲသော ဓလေ့လည်း ရှိ၏ ။ ပေါ့ပေါ့ပါးပါး လင်ပန်းနှင့်သတ္တုအုပ်ကို သုံးတာလည်း ရှိ၏ ။ ထို့အတူ သပိတ်စေ့အောင် ဇွန်း နှင့်လောင်းသောဓလေ့ ရှေ့ဆုံးသပိတ်တစ်လုံးကိုသာ လောင်းသော ပန်းကန်ဝတ်ဆိုသည့် ဓလေ့ ၊ အခဲလိုက် သို့မဟုတ် အဆုပ်ကလေးများ လုပ်ပြီးမှ လောင်းသော ဓလေ့ စသည်ဖြင့် ရွာကလေး တစ်ရွာထဲတွင် ကပ်ကပ်သပ်သပ် ကွဲပြားနေရာ ချောစိန်တို့ ကတော့ ပန်းကန်ဝတ်ပင် ဖြစ်သည် ။
ချောစိန်၏ ဇောက အိုးထိန်းစက်မှာသာ ရှိနေ၏ ။ ဆွမ်းပန်းကန်ကို ချထားပြီး အိုးထိန်းစက်ဘက်သို့ အသော့နှင်လာပြန်သည် ။ ရွှံ့ပုံပေါ်တွင် အုပ်ထားသော အဝတ်ကို ဆွဲလှန်ပြီး စက်ပြင်ပေါ်သို့ ရွှံ့ကို တင်ပြီး စက်ပြင်ကို လှည့်ပေးလိုက်သည် ။
လက်မနှစ်ချောင်းက ဆီမီးခွက် အတွင်းပိုင်းကို ချောမွေ့အောင် ဆောင်ရွက်ပေးပြီး ကျန်လက်ချောင်း ရှစ်ခုက အပြင်ဘက်မှ တာဝန်ယူကြရာ ၊ ချောမွေ့လှပ စိမ်းနောက်နောက် ဆီမီးခွက်အပက်ကလေး ဖြစ်လာ၏ ။ ရေခွက်ပေါ်ရှိ ချည်မျှင်ကလေးဖြင့် ဆီမီးခွက်ကလေး၏ အခြေကို ဖြတ်လိုက်ပြီး စက်ပြင်ကို ထပ်ရွှေ့လိုက်ပြန်သည် ။
“ ဆွမ်းတော်ခင်ဗျ ”
ဒီလိုသာဆိုရင်တော့ ဆီမီးခွက် ငါးရာဟာ ယနေ့ ရပါဦးမည်လော ၊ ချောစိန်မှာ စိတ်ပျက်ညည်းညူလျက်နှင့် ထသွားရ၏ ။
“ အမေတို့ကလည်း ကျုပ်ချည့်ပဲ ၊ ကနေ့ ငါးရာ ရတော့မှာ မဟုတ်တော့ဘူး ”
“ ရသလောက်ပေါ့ မိန်းကလေးရာ ”
မကျီးဒန်က အေးဆေးငြိမ်ဆိမ်သလောက် ချောစိန် မှာတော့ ပူပန်နေသည် ။ ဇောထန်ပြင်းနေသည် ။
“ ဆီမီးခွက် ရတာထက် ဆွမ်းလောင်းလို့ရတဲ့ ကုသိုလ်က အဖိုးတန်တယ် သမီးရဲ့ ”
ကိုဆေးရိုးက ဆုပ်ကိုင်မရသော တရားဖြင့် အရိုင်းသားကို နားချလာပြန်သည် ။ အရိုင်းသူက နားမဝင် ဇောကသာ ငင်နေ၏ ။
“ အေး ကလေးဆိုတော့လည်း ကုသိုလ်ရေးတွေ ဘာတွေကို အာရုံမထားကြဘူးပေါ့ဟာ ၊ လုပ်မယ် ကိုင်မယ် ဝတ်မယ် စားမယ်ဆိုတဲ့ စိတ်ပဲ ရှိတာပဲလေ ၊ တို့ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲလေ ”
အတန်ကြာလျှင် ချောစိန် ပြန်ဝင်လာသည် ။ ခြေဖဝါးနှင့်မြေပြင်၏ ပွတ်တိုက်မိသံကြောင့် မကျီးဒန်က မော့ကြည့်မိ၏ ။
“ အလို ”
သမီးငယ်၏ ပြည့်တင်း စိုပြည်နေသောမျက်နှာ အပြင်ဝယ် ဒေါသရောင် လျှမ်းနေသည်ကို မြင်ရသည် ။ ရှက်ခြင်းနှင့် မုန်းခြင်းတို့ပါ ပါဝင်နေသော နွမ်းအလှ ဆွမ်းလောင်းသော ပန်းကန်ကို လက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်သော လက်မှာမူ မျက်နှာကို စောင်ပိုင်းကလေးဖြင့် ဖို့လျက် ခပ်သဲ့သဲ့မျှ ရှိုက်လာသည် ။
“ မိန်းကလေး ဘာဖြစ်လို့လဲဟင် ဘာဖြစ်လို့လဲ "
ရင်တွင်း၌ ထိတ်ခနဲဖြစ်သွားရာက ပူပြင်းလှုပ်ရှားစွာဖြင့် သမီးအား မေးမြန်းသော်လည်း အဖြေမပေး တအိအိရှိုက်သံကို ချုပ်နှောင်ဖွင့်အန်ရင်း နောက်ဖေးဘက်သို့ ထွက်သွားလေ၏ ။
“ ဟဲ့ ဘာဖြစ်လို့လဲ မေးတာလည်း မပြောဘူး ”
မကျီးဒန်က ချောစိန် နောက်သို့ ကပ်လိုက်သွားရင်း ထပ်မံမေးလိုက်ပြန်၏ ။ ချောစိန်မှာ အဖြေမပေး ရှိုက်မြဲသာ ရှိုက်နေသည် ။
“ ပြောပါဦး မိန်းကလေးရဲ့ ဘာဖြစ်တာလဲ ”
“ ပြည်စိုးကုန်းကျောင်းက ကိုရင်က ကျုပ်ကို ကျုပ်ကို ”
“ ဘာဖြစ်လဲ ဘာဖြစ်လဲ ”
အသက်မှ ဖြောင့်အောင် မရှူနိုင် မကျီးဒန်က မျက်စေ့အဝန်းသားနှင့် မေး၏ ။
“ ကျုပ်ကို … စာ ... စာပေးသွားတယ်တော့ ”
“ ဟင် ဘာလဲ ဒီကိုရင်က ကိုရင် ကိုရင်ဘာသာ မနေဘဲနဲ့ ရှုပ်တီးရှုပ်တုပ် လုပ်လို့ ဘယ်မလဲ ပြစမ်း ”
ချောစိန် လက်ထဲမှ စာရွက်ခေါက်ကလေးက မကျီးဒန်၏ လက်ထဲသို့ ကူးပြောင်းသွားသည် ။ မကျီးဒန်က ဖြန့်ကြည့်ပါသော်လည်း နင့် ငါမသိ ၊ ငါ နင့်မသိမို့ ပြန်၍ ခေါက်လိုက်၏ ။
“ ဟောဒီမှာ ကိုရင် ဗေဒင်သွားသင် သင်နေတယ် ဆိုတဲ့ကျောင်းက ကိုရင်က မိန်းကလေးကို ပေးသွားသတဲ့ ”
မကျီးဒန်က ဒေါနှင့်မောနှင့် တိုင်တန်းလိုက်သော်လည်း ကိုဆေးရိုးက သပိတ်ပွတ်တာပင် မပျက် ။
“ အေး … တို့ငယ်ငယ်တုန်းက ဒါထက် ဆိုးသေး ကိုယ်ကြိုက်တဲ့ ကောင်မလေး ဆွမ်းလောင်းရင် ဇွန်းကို သပိတ်ဖုံးနဲ့ ညှပ်ယူသွားတယ်ဟ ၊ လောင်းမယ့်ကြံ သပိတ်ကို ဖွင့်မပေးဘူးဟ အဲဒီလို ကောင်မလေးတွေကို ပိုးရာ နောက်ရာက သရက်ချင်တောင်ကျောင်းနဲ့ တို့ လေးထပ်ကျောင်းနဲ့ ရန်ဖြစ်ကြပါရော ၊ သပိတ်ဖုံးနဲ့ ခုတ် ၊ သပိတ်နဲ့ ပေါက် ပျော်လိုက်တာ မပြောပါနဲ့ တော့ ဟား ... ဟား ... ဟား... ဟားဟား.. ဟား ... ဟား ... ”
“ ရီ ရီ သေအောင်ရီ ”
“ ဟားဟား ... ဟားဟား ”
“ သူ့မှာ ဒါပဲ သူများပြောရင် ကပျက်ယပျက် လုပ်ဖို့ပဲ သိတတ်တယ် ”
မကျီးဒန်မှာ ဒေါသမိုးကြွယ်နေသည် ။ ကိုဆေးရိုးအား အမျက်ခုလျက် တဘက်ကလေးကို ခေါင်းပေါ်တင်ပြီး မျက်စောင်းတစ်ချက်ထိုး၍ ထွက်သွားလေ၏ ။
“ သြ … ဒါယကာမကြီးပါလား ”
နေပူကျဲကျဲမှာပင် မကျီးဒန်က ဒေါသဆောင်လျက် ပြည်စိုးကုန်းကျောင်းသို့ ရောက်သွားသည် ။ ဆွမ်းစားပြီးစ ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပြီး စာအံရန် ဘုန်းတော်ကြီးရှေ့တွင် စီတန်းပြင်ဆင်နေကြ၏ ။
“ ထိုင်ထိုင် ကိစ္စထူးသလား ”
“ တင်ပါ့ဘုရား ”
“ ဆိုစမ်းပါဦး ”
“ ကိုယ်တော့်ကျောင်းက ကိုရင်တစ်ပါးရယ် ဘုရား တပည့်တော်သမီးကို စာပေးသွားတယ်ဘုရား ”
မကျီးဒန်၏ လျှောက်ထားသံနှင့်အတူ ထောင့်တစ်ထောင့်မှာ အာဂန္တုကိုရင် ဘညိန်းမှာ မျက်နှာကြီး နီပြီး ခေါင်းငုံ့သွားသည် ။
“ နို့ ဒီစာကို ဖတ်မကြည့်ဘူးလား ”
“ မကြည့်ရသေးဘူးဘုရား ”
“ တယ်ခက်ပါကလား ၊ ကိုရင်သြဘာ လာစမ်း မင်း အဲဒီစာကို ဘယ်သူ့ ပေးခဲ့သလဲ ”
“ နေမြင့်နေတာနဲ့ ဒကာမလေးကို ပစ်ပေးခဲ့တယ် ဘုရား ”
“ တယ်ခက်တာကိုးဟဲ့ .. သွားတော့ ”
ဆရာတော်က ပြေကျသွားသည့် လက်ကတော့ကို ပြင်၍ထိုးရင်း ကိုရင်ဘညိန်းကို ခေါ်ပြန်သည် ။
“ ကိုင်း ကိုရင့်ဒကာမကြီးကို ဖတ်ပြလိုက်စမ်း ”
ကိုရင်ဘညိန်းမှာ မျက်နှာထား ခက်ခက် ၊ နားရှက်ရှက်နှင့်စာရွက်ခေါက်ကို ဖြည်ပြီး ဖတ်လိုက်ရတော့၏ ။
ဒါယကာကြီး ကိုဆေးရိုး
ဒါယကာကြီး တောင်းထားသော ထန်းရွက် ငါးရာနှင့် ထန်းလက်များကို ယနေ့ ညနေ လာရောက်ပြီး လှည်းနှင့် တိုက်ယူလှည့်ပါ ၊ ကြာရင် ခြကိုက်ကုန်လိမ့်မည် ။
ဦးစန္ဒောဘာသ
ပြည်စိုးကုန်းကျောင်း
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၅ ၊ စက်တင်ဘာလ
No comments:
Post a Comment