Saturday, October 10, 2026

ဆေးရိုး၏ ဆေးရိုးဝတ္ထု

❝ ဆေးရိုး၏ ဆေးရိုးဝတ္ထု ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

“ဘတို့ကလည်းဗျာ၊ ယမ်းမီးခြစ် မပေါ်ခင်က အကျင့်ကို ခုထက်ထိ ကျင့်နေသေးတာကိုးဗျ”

အသားပပ်နေသော ခြေသလုံး တပြောင်ပြောင်နှင့် မောင်ကိုကြီးသည် သူ့ကိုယ်လုံးသာသာ မန်ကျည်းတုံးကြီးကို ငုံ့ကြည့်ရင်း ပြော၏။ ရီးဆေးရိုးသည် ထင်းစတစ်စကို ရှေ့သို့ တွန်းပေးရာက ရီးကျီးဒန်ကို လှမ်းကြည့်၏။ ရီးကျီးဒန်သည် ထန်းပင်မြစ် အခွံများကြားတွင် ထန်းဖုံးဖတ် ထိုင်ခုံကလေးဖြင့် ထိုင်ကာ ရေနွေးတစ်ပန်းကန်ကို မှုတ်သောက်နေ၏။ အမေကြီးကလည်း မကန့်ကွက်၊ ဘကလည်း မဟန့်တားသည့်အတွက် မောင်ကိုကြီးသည် ထန်းပင်မြစ် တစ်ချောင်း ဆွဲယူ၏။

“အစားကို အသာထားပြီး မင့်စကားကို ရှင်းဦးလေ လူလေးရဲ့”

“ရှင်းနေသားပဲ အဘရာ၊ ယမ်းမီးခြစ် မပေါ်ခင်တုန်းက ဘတို့ သုံးခဲ့ရတာက မှို့ခတ်တဲ့ ကျောက်မီးခတ် မဟုတ်လား”

“ဟုတ်ပါ့တော်၊ ခတ်လိုက်ရတာ ဘေးကြီးကို အောင့်လို့၊ ဘယ်လောက်ပဲ ကျောက်ခဲက မီးပွင့်ပေမယ့် မှိုူ့ မကောင်းရင် မစွဲဘူးတော့်။ စွဲပြန်တော့လည်း စွဲပြီးသား မီးကလေး သေမသွားအောင် ကုန်းကုန်းပြီး မှုတ်လိုက်ရတာ”

ရီးကျီးဒန်သည် ဝင်ပြောရာက ရယ်မောမိ၏။ ရယ်ပြီးမှ ရယ်ရသည့်အကြောင်းကို ရှင်းနိုင်၏။

“မှို့က ခပ်ညံ့ညံ့၊ မီးပွားက မစွဲချင့် စွဲချင်မှာ ကမန်းကတန်း ကုန်းမှုတ်ပါတယ်။ ပါးစပ်ထဲက တံတွေးတွေ ထွက်လာပြီး မီးငြိမ်းသွားတာ သတိရလို့ဟေ့”

မောင်ကိုကြီးလည်း သူ့အမေကြီးနှင့် ရောနှော ရယ်မော၏။ မန်ကျည်းရွက်များ ကြားမှ နှင်းပေါက်များ သူ့ခေါင်းပေါ်ကျလာသည့်အတွက် ရှေ့တိုးထိုင်၏။

“အဲဒီတော့ ချမ်းချမ်းစီးစီးနဲ့ အိပ်ရာထဲက ထလာတဲ့အတွက် မီးအဆင်သင့်ရှိနေအောင်လို့ ထင်းတုံးကြီးမှာ မီးစွဲအောင် လုပ်ထားရတာ ဘရဲ့။ ထင်းတုံးမှာ မီးမရှိရင် မီးခတ်နေရတာနဲ့ပဲ ချမ်းပြီး သေရောပေါ့ ဘရ”

“နားထောင်.. နားထောင်၊ ညည့်မြေးက ပညာပေးနေတာ”

“အခုတော့ ယမ်းမီးခြစ်ကို ရှဲခနဲခြစ်ပြီး သစ်ရွက်ခြောက်တို့၊ သစ်ကိုင်းခြောက်တို့ကို မီးရှို့လိုက်ရင် ချက်ချင်း တောက်နေတာပဲ ဘရဲ့။ ထင်းတုံးကြီးကို တစ်ညလုံး ရှို့ထားပြီး ပြာဖြစ်ကုန်တာ နှမြောစရာ”

“ယမ်းမီးခြစ်တစ်ဘူးမှာ ယမ်းမပါတဲ့ တုတ်ချောင်း ဘယ်နှချောင်းပါလဲ၊ ငါ့မြေး သိလား”

ရီးကျီးဒန် ရယ်ပြန်သည်။

“တစ်ဝက်တော့ ကျော်မှာပေါ့ဟာ”

ရီးဆေးရိုး၏ အဖြည့်စကား။

“ကျွန်တော် ပြောတာနဲ့က တခြားစီပါ အမေကြီးရာ၊ ကျွန်တော်ပြောတာက ထင်းရှားနေပြီ။ အရိပ်ခိုစရာ သစ်ပင်ရှားနေပြီ။ ဒါကြောင့် ထင်းကို အလဟဿ မီးရှို့ပစ်တာ သဘာဝ မကျတော့ဘူး။ ထင်းတုံးကို တစ်ညလုံး ရှို့မထားပါနဲ့၊ ထင်းကို ချွေတာပါလို့ ပြောချင်တာပဲ”

“အေးပါကွာ၊ နွားကလေးနို့ကို နွားမကြီးစို့ပါ့မယ်။ ငါ့မြေး ပြောသလို လုပ်ပါ့မယ်။ ကဲ ကဲ စားဦး၊ အေးသွားမယ်”

ရီးဆေးရိုးသည် မောင်ကိုကြီး လက်ထဲတွင် အခွံခွာဆဲရှိသော ထန်းပင်မြစ်ကို မေးငေါ့ပြကာ ပြုံးပြုံးကြီး ပြော၏။

“ဘရေ မြန်မြန် ပြန်ပို့ရမယ်တဲ့တော့်”

ခြံဝမှ အသံပေါ်လာသောကြောင့် လှမ်းကြည့်သော်ငြား ငတက်ပြားမမှန်း မသိနိုင်။ မှောင်ရီသော နှင်းတင်းတိမ်ထဲမှ တစ်စုံတစ်ရာ ထမ်းပြီး တရွေ့ရွေ့ ဝင်လာသူကို ဝါးဝါးသာ မြင်ရ၏။

မြေးအဘိုး မြေးအဘွားများ လှမ်းကြည့်နေဆဲ၌ ငတက်ပြားမသည် တဖြည်းဖြည်း ပီသလာ၏။ အတော်လေးလံဟန်တူသော သစ်သားကျည်ပွေ့ကြီးကို ထမ်းလာပုံမှာ ခါးကုန်းနေ၏။ ချေးအလိမ်းလိမ်း ကပ်နေသည့် စပ်ထဘီကလည်း ကျွတ်နေသည့်အတွက် ချိုင်းတွင် ညှပ်ထားရ၏။

မောင်ကိုကြီးသည် ထန်းပင်မြစ် တစ်စိတ်ကို ချိုးပြီး ဝါး၏။ မပီမသ အော်၏။

“ချေးတုံး ခွေးမနိုင်ဆိုတာ အဲဒါပေါ့ ဘရ”

ငတက်ပြားမ ကြားသည်။ နားလည်သည်။ ကျည်ပွေ့ကြီးကို ပစ်ချထားခဲ့ကာ ထဘီဝတ်ရင်း ပြေးလာ၏။ မီးဖိုဘေးအရောက်၌ ခါးထောက်လိုက်၏။

“နင် ငါ့ကို ဘာပြောတာလဲ”

သူ့အောက်တွင် တစ်ယောက်ခြားသော နှမငယ် ဖြစ်ငြား ငတက်ပြားမကို မောင်ကိုကြီးက ရွံ့သည်။ ရွံ့သည့်အတွက် “အမယ် နင့်ကို ဘယ်သူက ဘာပြောလို့လဲ” ဟု ဖြေ၏။

“ချေးတုံး ခွေးမနိုင်တဲ့၊ ငါ မကြားဘူး မှတ်သလား။ နင်သာ အဲဒါတွေ စားနေတာ”

ဘနှင့် အမေကြီးသည် ကက်ကက်လန်စွာ ရန်တွေ့ နေသော မြေးမကို ပြုံးပြုံးကြီး ကြည့်နေကြပြီးမှ ရီးကျီးဒန်က ဦးစွာ အသံပြု၏။

“ကဲ ကဲ သမီးလည်း မောလာပါပြီလေ။ လာ ထပင်မြစ် (ထန်းပင်မြစ်) စားလှည့်။ အမေကြီး ခွာပေးမယ်”

ထန်းပင်မြစ်များသည် မီးဖိုအစပ်တွင် မီးဖိုထဲ ခေါင်းစိုက်နေကြသည်။ စက်ဝိုင်းခြမ်းသဏ္ဌာန်ဖြင့် အမြီးများ စီရီနေ၏။ သည်အထဲမှ တစ်ချောင်းကို ဆွဲထုတ်ကာ အခွံကို နှီးစဖြင့်ခြစ်ကာ အသားကို ထက်ခြမ်းခွာလိုက်၏။ ထောင်းခနဲ ဝေ့တက်လာသော ထန်းပင်မြစ်နံ့ သင်းသင်းမွှေးမွှေးကြောင့် ငတက်ပြားမ ဒေါသပြေသွား၏။ အမေကြီး ဘေးသို့ စွေ့ခနဲ ရောက်လာ၏။ ရီးကျီးဒန်သည် ထန်းပင်မြစ် လေးစိတ်ကို မြေးမလက်ထဲ လှမ်းပေးရင်း မြေးထီးအား ပြော၏။

“ဆေးရိုးထောင်းဖို့ သားရဲ့၊ ဆေးရိုးသား ရဖို့လည်း မလွယ်၊ ထောင်းစရာ မောင်းလည်း မလွယ်ဘူး သားရေ”

ရွာထဲတွင် မောင်းများ ကြိတ်များ ရှိကြ၏။ သို့တစေ မောင်းတိုင်းသည် ဆေးရိုးထောင်းခွင့် မပြုချင်ပေ။

မောင်းသည် ဆန်ဖွပ်ရုံနှင့် မုန့်မှုန့်ထောင်းရုံဖြင့် မထိခိုက် မနစ်နာချေ။ သစ်သားတွေကို ခုတ်စဉ်းထားသော ဆေးရိုးစဉ်းဖတ်ကို ထည့်ထောင်းသောအခါ မောင်းခွက်ပစ်ရသည်။ မောင်းခါးနာသည် စသော အကြောင်းများကြောင့် ဆေးရိုးထောင်းခွင့် မပြုချင်သော မောင်းက များ၏။

“မယ်ညှာတောင် မနိုင်ရင်ကာ လူမို့ ထောင်းရတာ။ ထောင်းမယ်ကြံတော့ ကျည်ပွေ့ မရှိလို့ အငယ်ကို အငှားခိုင်းရတာ”

သည့်နှယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှင်းပြနေလျှင် အဆုံးသတ်၌ မိမိထံ မြားဦးခလိမ့်မည်ဟု မောင်ကိုကြီး ထင်၏။ ထန်းပင်မြစ်ကို ဝါးလျက် ခေါင်းငုံ့ထား၏။

“အမေကြီးကိုယ်နဲ့ဆို မောင်းတုံးက ကြွမှာ မဟုတ်ဘူး။ လူလေးက အမေကြီးကို လိုက်ကူပါဦး”

မောင်ကိုကြီး မလှုပ်ချေ။

“သားက လိမ္မာပါတယ်၊ ကူမယ် မဟုတ်လား”

“ဟာ အမေကြီးကလည်း၊ စာကျက်စရာ ရှိသေးတယ်ဗျ”

“ဟင်... စားဖို့ကျတော့ စာကျက်စရာရှိတယ် မပြောပါလား။ မီးဖိုဘေးမှာ ထိုင်နေတဲ့ တစ်လျှောက်လုံး စာတွေ ဘယ်သွားသေနေတာလဲ”

အပြောသာလျှင် ဒေါသသံပါလာခြင်း မဟုတ်။ အရိုးငေါငေါ လက်ဝါးကြီးကလည်း ကျောပြင်ကို ဖြန်းခနဲ ရိုက်လေသည်။ မောင်ကိုကြီး ကော့သွားတော့၏။

“သွား... အခုသွား၊ ငါ့မီးဖိုမှာ မလှုံနဲ့”

“အမေကြီး၊ သမီး ကူထောင်းပေးမယ်လေ”

“ဘာကူထောင်းမှာလဲ။ နင့်ကိုယ်ကလေး ငါးကျပ်သားလောက်နဲ့ နင့်အဖေကျည်ပွေ့က ကြွမလား”

ရီးဆေးရိုး စိတ်ရှုပ်သွားသည်။ နှုတ်ခမ်းတွင် တေ့ထားသော အကြမ်းပန်းကန်ကို ချကာ၊ ဆေးလိပ်တိုကို ကောက်ပြီး ထလာခဲ့လေ၏။

••••• ••••• •••••

၂

ထန်းရွက်အကွဲကြားမှ တိုးဝင်လာသော စောင်းစောင်းစွေစွေ ‘နေမျှင်’ သည် ဖန်ချောင်းကြီး တစ်ချောင်းနှယ် တောက်ပလျက် ‘နန်းတိုင်’ ပေါ်သို့ ကျရောက်နေ၏။ စင်စစ် သည်မျှ စောစီးချိန်တွင် ရီးဆေးရိုး နွားစာ စဉ်းလေ့ မရှိချေ။ အကြမ်းသောက်ကာ ဆေးလိပ်ဖွာကာ ထန်းပင်မြစ်ကို သွားဖုံးနှင့် ကြိတ်ဝါးကာဖြင့် အချိန်ဖြုန်းနေသည်။ ဆွမ်းခံဝင်ခါနီးမှ ခေါင်းပေါ်၊ ကိုယ်ပေါ်မှ ပြာမှုန်တွေကို ပုတ်ခါပြီး ထလေ့ရှိသည်။ လယ်ပြင် အကြည့်ထွက်လျှင်လည်း သည်အချိန်မှသာ ထွက်သည်။

ယခုမူ ရီးကျီးဒန် ဘီလူးစီးနေသောကြောင့် ချမ်းချမ်းနှင့်ပင် နန်းတိုင်ဘေးမှာ ထိုင်ရပြီ။ ထိုင်လျှင် ထိုင်မိချင်း တံမြက်စည်းကို ကိုင်မိသည်။ တံမြက်စည်းမှာ ‘ထန်းဆစ်’ ကို လိပ်ပြီး ထန်းလျှော်ဖြင့် တုပ်ထားသော တံမြက်စည်းဖြစ်၏။ တံမြက်စည်းဖြင့် ညာဘက် တလင်းပြောင်ကို လှည်းကျင်းပြီးမှ ဘယ်ဘက်ကို ကြည့်မိ၏။ သည်ဘက်တွင် ကောက်ရိုးတစ်ပုံ၊ ဟိုဘက်တွင် မြက်တစ်ပုံ သတ်သတ်စီ ပုံထားသည်။ ဓားရိုးသည် ကောက်ရိုးအောက်မှ ခေါင်းပြူနေ၏။

သို့ရာတွင် ရီးဆေးရိုး ချက်ချင်း မစဉ်းသေး။ ကောက်ရိုးအပူဓာတ် အားကိုးဖြင့် မြွေများ ဝင်ခွေနေတတ်၏။ မြက်နှင့် ကောက်ရိုးကို ဓားပြားဖြင့် မလိုလည်း လိုလည်း ရိုက်ပုတ်သည်။ ပြီးမှ တစ်ဆုပ်စီ ထည့်ရောပြီး နန်းတိုင်ထဲသို့ သွင်းလိုက်သည်။ စပါးပေါ်ရန် ရက်ပိုင်းသာလိုတော့သော သည်အချိန်၌ ကောက်ရိုးကို နွားသာ ကြိုက်သည် မဟုတ်၊ ဓားကလည်း ကြိုက်၏။ စဉ်း၍ ကောင်းပါဘိ။ မြက်နှင့် ရောသောအခါ ပိုပြီး သွက်နေလေ့ရှိ၏။

“သားသမီး မွေးထား အလကားပဲ။ အမေတို့၊ အဖေတို့ ဘယ်လိုနေလဲလို့ ပြန်စောင်းမကြည့်ဘူး။ လိုချင်ရင်ဖြင့် လာပါပြီ။ ပေးပါဦး နနွ င်းတစ်ခါခတ်၊ ငါးပိ တစ်ခါခတ်၊ ပိုက်ဆံ တစ်ကျပ်၊ အားမနာ လျှာမကျိုး”

မန်ကျည်းပင်အောက်ရှိ မီးဖိုဘေးမှ ရီးကျီးဒန်မှာ ဒေါသမပြေသေး။ မိမိထွေးလည်း တုတ်ဆက်မည် စိုးရော့ထင့်၊ အရိပ်အယောင် မမြင်ရပြီ။

“ငါ့အဖေနဲ့ ငါ့အမေ အိုကြီးအိုမနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်ထားတာ ငါတို့ မတောင်းဘူးဟဲ့ စိတ်မမွေးဘူး။ ဆေးရိုးကအစ လာနှိုက်တယ်။ ဟော အခု ဆေးရိုးထောင်းစရာလည်းရှိရော သေကုန်ကြပြီ”

နားငြီးမခံချင်သောကြောင့် မီးဖိုနားမှ ထလာကာမှ အဝေးမှ လှမ်းပြီးနှောင့်ယှက်နေသည်။ နွားစာစဉ်းသည့်အရသာပင် ပျက်လာသည်။ စဉ်း၍ ခုတ်၍ လက်မတွေ့ချင်လှ။

“ကိုယ့်ဆီကို သူများ (သူတစ်ပါး) လာယူတော့ ကိုယ့်စိတ်ကြိုက် စပ်ထားတာတွေ၊ ကိုယ့်မှာ မရှိလို့ သူများဆီက ချေးရငှားရရင် မကောင်းတာ များတယ်။ အခုလည်း..”

ရီးကျီးဒန်သည် မီးဖိုဘေးတွင် မဟုတ်တော့ပါ။ နွားတင်းကုပ်အတွင်းသို့ ရောက်သွားပြီ။ သို့ဖြစ်ငြား ပွစိ ပွစိ အသံများကား ပျောက်မသွားချေ။ ရီးဆေးရိုးမှာ နားဝကို ပင့်ကူတွင်းဝ၌ နကျယ်ကောင် ကလိသည့်အလား တဂျီဂျီကလိနေ၏။ ရီးဆေးရိုးမှာ နွားစာစဉ်းရန် စိတ်မပါတော့ပြီ။ မစဉ်း၍ မဖြစ်သောကြောင့်လည်း ထမသွားသေး။ ထို့ကြောင့် ဆေးလိပ်တိုကို ကောက်ညှိသည်။ မီးကို ညီအောင် ညှိငြား အရသာမတွေ့။

“ဘာဖြစ်ရပြန်ပါလိမ့်”

ဆေးလိပ်ကို အမြီးပြန် ခေါင်းပြန် စစ်ဆေးကြည့်သည်။ ဆေးရိုးအချောင်းတွေ ဖက်ကိုထိုးပြီး ဖောက်ထွက်နေ၍လော။ ဖက်ကွဲနေ၍လော။ မျက်မြင် ချွတ်ယွင်းချက် မတွေ့ရ။ ရီးဆေးရိုး ထပ်ဖွာသည်။ အရသာမကောင်း၊ ပဒိုင်းရိုးတွေ ဖြစ်သောကြောင့်လား။ ရီးဆေးရိုး မကျေနပ်။ နှစ်ဖွာ မျှဉ်းမျှဉ်းကလေး ထပ်ဖွာပြန်သည်။

“အင်း ထခိုင် (ထန်းခိုင်) ရိုးတွေလား။ စိန်ခို (ကနခို) တွေလား တစ်ခုခုပဲ။ ဒါကြောင့် မြည်တွန်တောက်တီးနေတာကိုး”

ဆေးလိပ်ဆက်ဖွာရန် အာရုံဖြတ်သည်။ ဆေးလိပ်ကို ချထားလိုက်၏။ အသာကလေးမဟုတ်။ ပစ်စလက်ခတ် ပစ်ချလိုက်ခြင်းဖြစ်၏။

“သည်ဆေးလိပ် မကောင်းမှန်း သိပါရဲ့။ သိလျက်သားနဲ့ သည်ဆေးလိပ်ကို မဖြတ်နိုင်လို့၊ မဖြတ်နိုင်လို့။ မဖြတ်နိုင်လို့ ဖြစ်ရတာ။ တစ်ဖွာဖွာလည်း မကောင်း။ နှစ်ဖွာလည်း မကောင်း။ တစ်လိပ်လာလည်း သည်တိုင်း၊ နှစ်လိပ်လာလည်း သည်တိုင်း”

ပြောင်းဖူးဖက် ဆေးလိပ်သည် ဆေးကောင်း မလိုချေ။ သာမန် ဆေးရွက်နှင့် လိပ်ရုံဖြင့် ကောင်း၏။ သို့ပါလျက် မကောင်းရခြင်းမှာ ဆေးရိုးသား အလွန် ညံ့သောကြောင့်ဖြစ်သည်။ ဟိုအိမ် သည်အိမ်မှ ရီးကျီးဒန် တောင်းလာသော ဆေးရိုးတွေ မည်မျှ ညံ့သည်ကို ရီးဆေးရိုး စဉ်းစားမိ၏။ တစ်ဖက်မှလည်း ရီးကျီးဒန်မှာ မမောနိုင်၊ မပန်းနိုင် မြည်တမ်းဆဲရှိသေးရာ ရီးဆေးရိုးမှာ နွားစာ နှစ်ကြိမ်ကျွေးစာမျှ စဉ်းအပြီးတွင် ထရပ်မိသည်။

“ဟေ့ ကျီးဒန်၊ နေလှန်းထားတဲ့ ‘ဆေးရိုးစဉ်း’ တွေ ဘယ်မှာထားလဲ”

“အိမ်ကပြင် (ကြမ်းပြင်) မှာ ထားတာ မတွေ့ဘူး လား။ ဘာလုပ်မလို့ မေးတာလဲ”

ရီးဆေးရိုး မဖြေ။ တောင်းကို ထမ်း၊ ကျည်ပွေ့ကို ဆွဲလျက် ထွက်လာခဲ့လေသည်။

••••• ••••• •••••

၃

ဆေးရိုးထောင်းခွင့် ပေးနိုင်လောက်အောင် ချုချာနှံနဲ့ သော မောင်းဟူ၍ တစ်ရွာလုံး၌ အရှေ့ပိုင်းက မယ်ညှာ၏ မောင်းတုံးသာ ရှိ၏။ သည်မောင်းဘေးသို့ ရီးဆေးရိုး ရောက်သွားသောအခါ အမောကြီး မောမိသည်။ မောင်းခွက် တစ်ခုလုံး တမာရွက်တွေ ပြည့်နေသည်။ ကျည်ပွေ့ မရှိ။ မောင်းရင်းက ကျင်းမှာ ခွေးတစ်ကောင် ဝပ်နိုင်အောင်ပင် မနက်။ သို့သော် ရီးဆေးရိုးမှာ သွားစရာ မရှိ။ မောင်းခွက်ကို တဖြည်းဖြည်း ရှင်းရသည်။ ရှင်းအပြီး၌ သန့်ပြန့်အောင် လုပ်ရပြန်သည်။

“မယ်ညှာ၊ ငန်းပြား ပေးစမ်းပါဟ။ တစ်လက်စတည်း ဆန်ကောလည်း ပေးပါဦးဟာ”

မောင်းတုံး လှုပ်ရှား မော့ထောင်နိုင်ရန် တွင်းတူးရပေမည်။ တွင်းတူးရန် ငန်းပြားတောင်းရာက ပြာရန် တီးရန် ဆန်ကောကိုပါ တစ်ခါတည်း ငှားခြင်းဖြစ်၏။ မယ်ညှာမှာ ကုက္ကိုတုံးပေါ်တွင် နေစာလှုံဆဲ ရှိသေး၏။ သူ၏ နေစာလှုံဖက် မယ်ပြန့်ကို သန်းရှာ ပေးနေရသဖြင့် ရုတ်တရက် မထနိုင်။ ရီးဆေးရိုး ကိုယ့်ဘာသာကိုယ် ရှာယူရသည်။

“တော်တို့မလည်း တော်၊ ခေတ်မမီလိုက်တာ။ သနပ်ဖက်လိပ် ဝယ်သောက်လိုက် ပြီးတာပဲ”

“နင် မသိပါဘူးဟာ၊ အေးအေး သန်းရှာနေစမ်း”

မောင်းခွက်ရှင်း၊ ကျင်းတူးနှင့် အတော်ကြာသွားပြီးမှ ဆေးရိုးစဉ်း သုံးပုံတစ်ပုံကို မောင်းခွက်ထဲ ထည့်ဖြစ်၏။

“အမယ်... အလေးသားပါလား”

ပထမဆုံး တစ်ချက်ထောင်းရန် မောင်းတုံးကို ခြေဖြင့် နင်း၊ လက်ကိုင်တန်းကို ကိုင်ပြီး ကန်လိုက်စဉ်မှာပင် ရီးဆေးရိုး ရေရွတ်မိ၏။ မောင်းတုံးနှင့် ခြေထောက်နှင့် မတွေ့ကြသည်မှာ ကြာပြီ။ သို့ကြောင့် ရှေးကကဲ့သို့ပင် မောင်းထောင်းခြင်းကို ပေါ့ပေါ့တန်တန် ထင်ခဲ့ငြား၊ လက်တွေ့တွင် မဟုတ်ကပြီ။

“ဟယ်... လာမိတော့မှ မထူးပါဘူး” ဆိုသော စိတ်ဖြင့် မောင်းတုံးကို ဆက်နှိပ်သည်။ ငါးချက်ထောင်း အပြီး၌ ပေါင်က ကိုက်ခဲ၏။ ရင်တွင်းက အသက်ရှူ မမှန်။

“အင်း.. ငါ့ကိုယ်ငါ ဟုတ်သေးတယ် ထင်နေတာ။ လက်စသတ်တော့ မဟုတ်တော့ပါကလား”

ညည်းတွားကာ မောင်းခါးတိုင်ပေါ် ထိုင်နားနေစဉ် ကလေးသုံးယောက် ပြေးဝင်လာ၏။ မေကြည်၊ ခင်မောင်ငြိမ်းနှင့် အစိတ်သားပင် လေးမည်မဟုတ်ဟု ရီးကျီးဒန် ငေါက်လွှတ်သော မိမိထွေးတို့ ဖြစ်၏။ အစိတ်သားပင် ရှိရှိ၊ နှစ်ဆယ်သားသာ ရှိရှိ၊ ထိုမရှိသောအရာတွေ ပေါင်းလိုက်လျှင် တစ်ပိဿာတော့ ရှိမည်။ တစ်ပိဿာ အကူအညီရလျှင် မနည်းပါလေ။ ရီးဆေးရိုး အားတက်သွား၏။

“ကဲ.. လုပ်ကြစမ်း။ နှိပ်ကြစမ်း။ မောင်းခွက်ဘေးက ဖိတ်နေတာတွေ လှည်းလိုက်ဦးမယ်”

ကလေးများသည် မောင်းထောင်းခွင့်ရသည်ကိုပင် အခွင့်အရေးကြီးထင်ကာ မောင်းနှိပ်ကြသည်။

“ဟဲ့ ဟဲ့ တအား မနင်းနဲ့လေ။ မြေကြီးနဲ့ မောင်းရင်းနဲ့ ဆောင့်လို့ မောင်းဦးလည်လာရင် ဘ ခေါင်းကွဲ နေဦးမယ်”

ရီးဆေးရိုး အလန့်တကြား အော်ရာ ကလေးတွေ ရယ်မောကြ၏။ ခါးကလန့် (ကန့်လန့်) မှာ ကောင်းကင်ကျဖြစ်ရာ မောင်းတုံးအမြီးနှင့် တွင်းအောက်ခြေ မြေကြီးနဲ့ တအားဆောင့်မိပါက မောင်းခါး ကျွတ်ထွက်သွားနိုင်၏။

“ဖြည်းဖြည်း နှိပ်ကြ၊ ဖြည်းဖြည်း... ဖြည်းဖြည်း”

ကလေးတို့သဘာဝအတိုင်း ကျုပ်တို့ စွမ်းပါသည် ဟူ၍ အစွမ်းပြချင်ဇောဖြင့် နှိပ်ကြသည်။ မောင်းတုံးသည် မောင်းခါး ကန့်လန့်မြည်သံပေါ်ပြီးနောက် ပြန် ကျလာရမည့်အစား ကျင်းထဲက မြေကြီးနှင့် ဆောင့်သံပါ ပါနေသည့်အတွက် သတိပေးခြင်းဖြစ်၏။

ဓားဖြင့် စွေစွေစောင်းစောင်းကလေး ခုတ်ထားသော စဉ်းဖတ်များသည် နေသွေ့သည့်အတွက် ကြွပ်ရွနေခဲ့၏။ မောင်းထဲ ထည့်ထောင်းသောအခါ ခဏဖြင့်ပင် အခွံကျွတ်ကုန်သည်။ အရွယ်အစားမှာလည်း ဆေးလိပ် လိပ်၍ ကောင်းမည့်အရွယ်တွေ ဖြစ်ကုန်ပြီ။

“ကဲ... နားကြဦးဟေ့။ နေဦး၊ မောင်းဦး မြှောက်ပေးပါဦး”

ရီးဆေးရိုးသည် ကလေးများကို မောင်းဦး အမြှောက်ခိုင်းပြီးမှ ထောက်စရာ ပြေးရှာရ၏။ တစ်ဆက်တည်းမှာပင် မယ်ညှာထံ ဆန်ကော ငှားရသေး၏။

“ဟဲ့ မယ်ညှာ၊ နင့်ဆန်ကောက ဘယ်မှာတုံးဟ”

“လာပြီ တော်ရေ့”

မယ်ညှာသည် ရီးဆေးရိုးပြောမှ ဆံပင်ဖားလျားဖြင့် တဲထဲပြေးဝင်ကာ ဆန်ကောနှစ်ချပ် လာပေး၏။ ရီးဆေးရိုးလည်း ထောင်းပြီးသားကို ဆန်ကောတစ်ချပ်တွင် ထည့်ထားပြီး၊ မောင်းထဲသို့ တောင်းထဲမှ အသစ်ထည့်ပေးလိုက်သည်။

“ကဲ ကြိတ်လိုက်ကြဦးဟေ့။ ငါ့မြေးတွေကို အိမ်ရောက်မှ ထညက် (ထန်းလျက်) ကျွေးရမယ်။ ဖြည်းဖြည်းလည်း နှိပ်ကြဟဲ့”

မောင်းထောက် ဖြုတ်ပေးပြီးနောက် ထောင်းပြီးသားဆေးရိုးကို တစ်ဝက်ခွဲကာ ဆန်ကောဖြင့် ပြာသည်။ သစ်ခွံတွေ ကုန်စေရန် ပြာခြင်းဖြစ်၏။ ထွက်သင့်သလောက်လည်း ထွက်ပါ၏။ သို့သော် မိန်းမတွေ ပြာသကဲ့သို့ကား ကြည့်မကောင်း၊ မလှ။ မိန်းမတွေ ပြာရာတွင် ဆန်ကောနှင့် လက်လေးချောင်း ‘တီး’ သော အသံက စည်းချက်ညီညီ ထွက်လာ၏။ ပြာသော ပစ္စည်းမှာလည်း ခုန်တက်လိုက်၊ ကျလိုက် မဟုတ်ချေ။ ကျောက်ဆောင်ကို ရိုက်သော လှိုင်းများ၏ အဖျားဖြာထွက်သည့်နည်းတူ အတွင်းသို့ လိပ်ပြီး လိမ့်ဝင်၏။ ရီးဆေးရိုးမှာ သည်ပုံဖြစ်အောင် မပြာတတ်။ သည်နှယ် ကိုးရိုးကားရား လုပ်နေပုံကို ကြာရှည် သည်းခံနိုင်စွမ်းမရှိသူမှာ မယ်ပြန့်။ ဘောက်ဆတ် ဘောက်ဆတ်နှင့် ထလာရင်း ဆံပင်ကို ထုံးသည်။ မောင်းထိပ်အရောက်၌ ဆံပင်ထုံးပြီးသွားပြီ။

“လူမြင်လို့ မကောင်းပါဘူးတော်၊ ပေး.. ပေး”

ဘေးချင်းကပ်ပြီး ဝင်ထိုင်သည်။

“အမြင်မတော်လည်း စောစောက လာပါတော့ လားဟ”

ရီးဆေးရိုးသည် ထပေးရာက ရယ်မောပြီး ပြော၏။

မယ်ပြန့်ကား တစ်စုံတစ်ရာ မတုံ့ပြန်။ “တောက် ဗြဲရှပ် တောက်ဗြဲရှပ်” အသံ သုံးသံ မှန်မှန်ပေးကာ ပြာလိုက်၊ ဝိုင်းလိုက်၊ စုလိုက်၊ ပြာလိုက်ဖြင့် တစ်ဆန် ကောမှာ မကြာလှချေ။ နှစ်ဆန်ကော အပြီးတွင် မောင်းခွက်ထဲက ထောင်းပြီးသားများကို နှိုက်ပြီး ပြာပေးပြန်သည်။

မယ်ပြန့် ပြာနေဆဲတွင် ရီးဆေးရိုးက ကလေးတွေနှင့် ရောပြီး မောင်းထောင်းသည်။ မယ်ပြန့်လည်း ရီးဆေးရိုး သံယောဇဉ်ကြီးစွာ သယ်ဆောင်လာပြီး မောင်းခွက်ဘေးတွင် ချထားသော ဆေးလိပ်ကို မီးညှိကာ နောက်တစ်ဆုံအညက်ကို စောင့်ရင်း ဆေးလိပ် ဖွာနေ၏။

“ရီးဆေးရိုးတို့လယ် ဘယ့်နှယ်လဲ”

“ငါတို့က မုန်းသောက်ပဲဟာ၊ လင်းဇင်းသမားနဲ့ စာရင်တော့ ကောင်းတယ် ခေါ်ရမှာပေါ့။ နင်တို့ကော”

“ကျုပ်တို့လား၊ လင်းဇင်းသောက်ပဲတော်၊ ထုံးစံအတိုင်း ပြောင်းဖူးပက်ထားရတာပေါ့။ မိုးကလေးများ လိုက်လာရင်တော့ ဖက်ကလေး ရတန်ရဲ့ ၊ ပဲကလေး ကြဲနိုင်ကောင်းရဲ့ မျှော်လင့်ရတာပဲ”

မယ်ပြန့်သည် ထိုမျှသာ ပြောပြီး ဆေးလိပ်ကို ချကာ ထသွားလေ၏။ စကားကို အနားမသတ်၊ နှုတ်ဆက်စကားလည်း မဆို၊ ‘ဘယ်လိုပါလိမ့်’ ဟု ရီးဆေးရိုး ထင်လိုက်မိစဉ်...

“လက်စသတ်တော့ မြေးတွေနဲ့ ဟန်ကျနေတာကိုး” ဟူသော ကျောဘက်မှ ရီးကျီးဒန့်အသံကို ကြားရလေ၏။

ရီးကျီးဒန်သည် ပြုံးရွှင်နေ၏။ သွက်လက်နေ၏။ မောင်းဦး အရောက်တွင် ထောက်သည့် တုတ်ကို ကောက်ယူကာ မောင်းဦးကို ထောက်ထားပြီး...

“လိမ္မာလိုက်တဲ့ ကလေးတွေဟဲ့၊ ဒါမှ အမေကြီး မြေး” ဟုဆို၏။

“သမီး ကူမယ်လို့ ခုနက ပြောပါတယ်နော်”

ငတက်ပြားမက ထုံးစံအတိုင်း အညွန့်ကလေး တက်ပြပါ၏။

“ဟုတ်ပါတယ် သမီးရယ်၊ သွား .. သွားကစားချေ။ ရန်မဖြစ်ကြနဲ့၊ အဝေးကြီး မသွားနဲ့”

ကလေးများ ထွက်သွားချိန်တွင် ရီးဆေးရိုးမှာ မောင်းခါးတိုင် တိုင်ပေါ်တွင် မြင်းခုံထိုင် ထိုင်လျက်၊ ဒူးနှစ်လုံးပေါ် လက်တင်ကာ ကျန်ရစ်၏။ ရီးကျီးဒန်သည် မောင်းခွက်ထဲ လက်နှိုက်ရာက ရီးဆေးရိုးကို တအံ့တသြ မော့ကြည့်၏။

“အမယ်… တော်ကလည်း ပြာတတ် တီးတတ် သားပဲ”

“ငါ ပြာနေတာ အမြင်မတော်လို့ မယ်ပြန့် ဝင်ပြီး ပြာပေးသွားတာပါ”

“ဒီကောင်မ ဒီလိုတော့လည်း စိတ်ကောင်းရှိသားပဲ။ တလောက ကျုပ်နဲ့ စကားများထားတယ်တော့။ ကျုပ်တို့ ယာထဲကို သူ့နွား ဝင်စားတာကစပြီး စကား များကြတာ။ အင်း အင်း ဒါကြောင့် ကျုပ်ကိုလည်း မြင်ရော ထသွားတာကိုး”

ရီးဆေးရိုးမှာ ထိုအခါကျမှ နှုတ်မဆက်ဘဲ စကားမသတ်ဘဲ မယ်ပြန့် ထသွားခြင်းအကြောင်းကို နားလည်တော့သည်။ နားလည်ခြင်းနှင့်အတူ အခက်အခဲကြီးကို ကူညီရမှန်းသိ၊ အငြိုးမဖွဲ့တတ်မှုအတွက် ကျေးဇူးတင်ရ၊ ဝမ်းသာရသည်။ ဥနှဲရိုး ခြောက်ပြည် ဆိုလျှင် တစ်နှစ်တော့ သောက်လောက်ကောင်းရဲ့။ မွှေးလည်း မွှေး၊ ချိုလည်း ချိုသော ဥနှဲရိုးကို ဆေးရိုးစစ်နှင့် မလဲနိုင်ပါ။

ဆေးလိပ်သောက်၍ ကာရန် မညားသည်မှာ ကြာပြီ။ ယခုမှပဲ ဆေးလိပ် ချိုချိုမွှေးမွှေးကိုလည်း သောက်ရ၊ နားငြီးလည်း သက်သာတော့မှာပါတကား။ ထိုသို့ တွေးမိသည့်ခဏအတွင်းမှာပင် ကုန်းကုန်းကိုင်းကိုင်းဖြင့် အမောဆို့နေသည့် ရီးဆေးရိုးမှာ ခါးကြီးဆန့် မတ်လျက် သွားမရှိသော သွားဖုံးကြီးတွေ ပေါ်အောင် ပြုံးနေမိ၏။

“အင်း ဒီလိုဆိုရင် ဟိုလူခုတ်၊ ဒီလူခုတ်နဲ့ အထွက်သာ ရှိပြီး အဝင်မရှိ ဥနှဲပင်တွေ မကြာခင် ကွယ်ကုန်တော့မှာပဲ။ ဥနှဲပင် စိုက်ဦးမှ ထင်ပါတယ်”

သည်အတွေးဝင်လာသည့်အတွက် ရီးဆေးရိုး မျက်နှာမှာ တည်ငြိမ်နေ၏။ သို့သော် ဥနှဲပင်များမှာ အသီးဝါဝါကလေးတွေ သီးမှည့်ခွင့် မရမီမှာပင် တခုတ်တည်း အခုတ်ခံနေကြပါကလားဟူ၍ စဉ်းစားမိပြန်သောအခါ တည်သော မျက်နှာကြီးမှာ ပြန်လည် ညှိုးငယ်သွားလေ၏။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment