❝ စာရေးဆရာ လောဘ ❞
▢ ဌေးအောင်စိန် ( အင်းမ )
“လာဗျာ ကိုမွှေးလွန်း”
“ဘာလဲ ခင်ဗျားဝတ္ထု မဂ္ဂဇင်းမှာပါပြီ၊ စာရေးဆရာ ဖြစ်ပြီလို့ ကြွားမလို့ မဟုတ်လား”
“ခင်ဗျား ဘယ်က ကြားလာလဲ”
“ဒီလိုပဲပေါ့ဗျာ”
“ဟဲဟဲ ကျွန်တော် လိုချင်တာ ဒါပဲဗျ။ ကျွန်တော်က လက်ကမ်း စာအုပ်တွေ၊ မြို့နယ်မဂ္ဂဇင်းတွေမှာ ကျွန်တော်ရေးတဲ့စာ ပါရုံလောက်နဲ့ မတင်းတိမ်နိုင်ဘူးလေ”
“ကဲ ခု ပါပြီးပြီ မဟုတ်လား၊ ဘာကျွေးမှာလဲ ပြော”
“အမြဲတမ်း ကျွန်တော်ကချည်း ဝယ်ကျွေးနေရတာ မဂ္ဂဇင်းထဲ စာမူပါမှ မဟုတ်ပါဘူး ကိုမွှေးလွန်းရယ်”
“သိပါတယ်ဗျာ ဂုဏ်ယူပါတယ် (congraculation)”
“ရော့ ဒီမှာ မဂ္ဂဇင်းစာအုပ်”
••••• ••••• •••••
“အင်း ဖတ်ပြီးသား ဆိုပေမယ့် ဒီလို မဂ္ဂဇင်းကြီးထဲမှာ ဖတ်လိုက်ရတော့ အရသာ ရှိသဗျာ။ ဒီလိုပဲ ဖြစ်ရမှာပေါ့ ခင်ဗျားက လက်ရှိပါတယ်”
“လက်မှ နှစ်ချောင်းတောင် ကိုမွှေးလွန်းရေ ဟား ဟား ဟား။ ဒါပေမဲ့ ကျုပ် လောဘကြီးတယ်ပဲ ပြောပြော တစ်မျက်နှာဝတ္ထုတို ပါရုံနဲ့တင် စာရေးဆရာလို့ မခံယူချင်သေးဘူးဗျ”
“ဆက်ရေးပေါ့ဗျာ ဈေးဦးပေါက်ပြီပဲဥစ္စာ”
“အေးဗျ ကျုပ်လည်း အားတက်သွားပြီး ဒီမှာ တစ်ပုဒ်အသစ်စက်စက် ရေးထားတယ်၊ ဖတ်ကြည့်ပါဦး”
••••• ••••• •••••
“ဟာ ဟိုတုန်းကတော့ ဒါမျိုး ဖတ်ပေးပါတယ်။ ခုတော့ မဖတ်ချင်တော့ဘူးဗျာ။ ဒီလို စာအုပ်ကြီးထဲမှာ ဖော်ပြထားတာ ဖတ်ရမှ အရသာရှိတာကလား”
“ဗျာ”
••••• ••••• •••••
စိတ်ထဲမှာပင် ကိုမွှေးလွန်းကို ပြောချလိုက်မိတော့သည်။
“ကျွန်တော်လည်း ဖော်ပြခံချင်တာပေါ့ဗျာ၊ ဘယ့်နှယ် ပြောပါလိမ့်။ စာရေးနေတဲ့ စာရေးဆရာတွေရဲ့ အလိုချင်ဆုံး ဆန္ဒဟာ အဲဒါပါပဲ”
▢ ဌေးအောင်စိန် (အင်းမ)
📖 မဟေသီ မဂ္ဂဇင်း
ဇူလိုင်လ ၊ ၂၀၁၆
No comments:
Post a Comment