❝ တာဝန် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
ထွန်စက်များသည် စခန်းသို့ ဖုန်တလုံးလုံးဖြင့် ပြန်သွားကြလေပြီ။ စက်သံကို မကြားရငြား ဖုန်လုံးကို မြင်ကာမျှဖြင့် နွားလှည်းက ဖုန်လုံးလော၊ ထွန်စက်က ဖုန်လုံးလော ဟူသည်ကို ရီးဆေးရိုး သိသည်။
စက်သံဖြင့် ဆူညံနေခဲ့သော လယ်ပြင်ကြီးမှာ တိတ်ဆိတ်စွာသာ နေပူအောက်၌ ကျန်ခဲ့၏။ မုန်း မြောင်းရေသည် ပေါင်ရင်းအထိ လာနေသည်။ ပျိုးခင်းအတွက် ပျိုးကြဲရေ ဖြစ်သည်။ ပျိုးခင်းထွန်သူတို့၏ နွားငေါက်သံလည်း မကြားရတော့ပါ။ ဟိုနားက လက်ခနဲ၊ သည်နား ဝင်းခနဲ ရေသွင်းထားသော ပျိုးခင်းကွက်များကိုသာ မြင်ရတော့သည်။
ထွန်စက်ဖြင့် ထွန်ယက်ထားသော ထွန်စာခဲများမှာ နေခြည်အောက်တွင် သံမဏိရောင် တောက်နေကြသည်။ သံနှင့်မြေကြီး ပွတ်တိုက်အားကြောင့် ပြောင်လက်နေခြင်းဖြစ်တန်ရာ၏။
“ဒီနွားကြီးဟာ ဘာတွေ ငုံ့စားနေရပြန်တာလဲ။ သေတော့မယ်”
လှည်းလမ်းကြောင်း ဘီးရာနှစ်ခုကြား၌ ပေါက်နေသော ဖုန်အလိမ်းလိမ်းနှင့် ကပ်စေးနှဲပင်ကို ငုံ့ဟပ်သည့်အတွက် အတိုင်နွားကို မောင်ကိုကြီးက ငေါက်ရင်း ငမ်းရင်း လှမ်းရိုက်သည်။
“နွားတွေကို မရိုက်ပါနဲ့ သားရာ၊ ခမျာများမှာ ပင်ပင်ပန်းပန်း ရုန်းကြ၊ ထွန်ကြရနဲ့ သနားစရာ”
“အလကား ဘရ။ တကယ်ကျွေးတော့ စားတာ မဟုတ်ဘူး။ လှည်းထဲထွန်ထဲမှာဆို ဟိုဟာဟပ် သည်ဟာဟပ်နဲ့”
“ဟပ်ပါစေ ဆွဲပါစေကွာ၊ အိမ်ပြန်တဲ့ ဟာပဲ။ ဘယ်တော့မှ ရောက်ရောက်၊ အိမ် ထွက်မပြေးပါဘူး သားရဲ့”
လှည်းပေါ်တွင် လိုက်ပါလာသော မြေးအဘိုး နှစ်ယောက်အား ကန့်လန့်တင်လာသော ထွန်တုံးက ပိတ်လှောင်ထားသည်။ မြေးအဘိုးမှာ လှည်းဦးဘက် ထိုးထွက်နေသော ထွန်သန်ပေါ်တွင် ခွလျက် ပါလာကြ၏။
ရီးဆေးရိုးသည် ထွန်ကိုင်းကို အားပြုကိုင်ထားရင်း တိတ်ဆိတ်စ လယ်ပြင်ကြီးကို မျက်စိကစားကာ လိုက်ပါလာသည်။ ထွန်ယက်သူများကို မမြင်ရတော့ပြီ။ သူတို့ကိုယ်စားအဖြစ် တိုးလိုးတန်းလန်း ထွန်ရေး ပြင်များကိုသာ မြင်ရတော့၏။
သူတို့ နောက်တွင် လယ်ပြင်မှ ပြန်လာသူများ မရှိတော့ချေ။ သူတို့ ရှေ့တွင်သာ လှည်းဖြင့် ပြန်သူများ၊ ခြေကျင် ပြန်သူများကို မြင်ရသည်။ ခြေကျင်ပြန်သူများမှာ ထွန်တုံးကို ထမ်းပိုးတုံးပေါ် တင်ပြီး ပြန်သောကြောင့် လမ်းကြောင်းတစ်လျှောက် ထွန်သန်က ဆွဲခြစ်သွားသဖြင့် ဖုန်တထောင်းထောင်း ထလျက်ရှိသည်။ ရှားပင်အပေါင်း အရောက်တွင် ပေါင်း၏ အရှေ့မြောက်ထောင့်ရှိ ကင်ပွန်းခါး တောထဲမှ ချိုးကူသံ ကြားရ၏။ ချွဲချွဲပျစ်ပျစ် ရှိလှပါဘိသည်။
“ခေါင်းလောင်း ထိုးပြီးသွားပြီလား ဘ”
“ဆွမ်းစားခေါင်းလောင်းထိုးပြီးတာ ဘယ်လောက်ကြာပြီလဲ။ နေကိုပဲ မော့ကြည့်ပါဦး”
နေလုံးသည် ခေါင်းပေါ်တည့်တည့်သို့ ရောက်လု ရောက်ခင်ဖြစ်၏။ ပြာလွင်သော ကောင်းကင်ဝယ် တိမ်တစ်မျှင် မရှိ။ မိုးသားတိမ်လိပ်ဟူသည် ဝေးစွ။
“မိုးကတော့ကွာ။ မျှော်လေဝေးလေ ထင်ပါ့”
“ဒါလောက် လေတဟူးဟူး တိုက်နေမှတော့၊ ဘရဲ့ မိုးက ဘယ်လိုလုပ်ပြီး ရွာမှာလဲဗျာ”
“မိုးမရွာဘဲ သပ်ကင်းနေရင်လည်း အတော်သားကွ။ မစို့မပို့ ရွာပြီး နေပူတာက တယ်ဆိုးတာပဲ”
မြေးအဘိုးနှစ်ယောက်၌ အင်္ကျီ မပါကြချေ။ သေးသေးနုနုကလေး နန်းဆွဲထားသော ဝါးနှီးဖြင့် ဖော့ဦးထုပ်ပုံ ရက်လုပ်ထားသော ခမောက်ကိုယ်စီသာ ဆောင်းထားကြ၏။ ခမောက်ရိပ်မှ လွတ်သော ကျောပြင်တစ်လျှောက် စီးဆင်းနေသည့် ချွေးစီးကြောင်းများမှာ နေရောင်ဖြင့် တလက်လက် တောက်ပနေ၏။
“ခုနေသာ ပျိုးထောင်ရင်တော့ ပျိုးပင်လေးတွေ ရေနွေးဖြောသလို ဖြစ်ကုန်မှာပဲနော် ဘ”
“အင်း” ဆိုကာ ရီးဆေးရိုးသည် ပုဆိုးခါးသား တစ်လျှောက် လျှောက်စမ်းသည်။ ဘာမှ မတွေ့လျှင် ခမောက်ကို ချွတ်ပြီး ခမောက်ထဲသို့ နှိုက်ရာက “ပျိုးကတော့ ထောင်ရမှာပဲ လူကလေး။ ပျိုးပင်နုကလေးတွေ ရေပူမမိအောင် နေ့မှာ ရေထုတ်ထား၊ ညကျမှ ရေသွင်းပေါ့” ဆိုသည်။
“သည်လို ဆိုတော့လည်း အဟုတ်သားပဲ” ဟု မဆိုသော်လည်း ဆိုဘိသို့ မောင်ကိုကြီး ခေါင်းညိတ်နေ၏။
ရီးဆေးရိုးသည် ဆေးလိပ်တိုကို မီးညှိပြီး ဖွာ၏။ ဆေးလိပ်မီးခိုးပြာနှမ်းနှမ်းများသည် ရံတိုင်ကို ကျော်မိလျှင် ပြယ်စင် ပျောက်လွင့်သွားကြ၏။
“အင်း စောစော ပျိုးထောင်မှ စောစော စိုက်နိုင်မှာကိုး။ စောစောစိုက် စောစောရိတ်နိုင်မှလည်း မိုးလွတ်မှာကွ”
လှည်းသည် တာလမ်းခြေသို့ ကပ်လာချေပြီ။ ရီးဆေးရိုးသည် ရွာကို မျှော်ကြည့်၏။ စိမ်းလန်းသော ပြောင်းဖူးတော၏ ဟိုဘက်တွင် တိတ်ဆိတ်နေသော ရမ်းဘိုကုန်း။
ရွာသည် တာလမ်းခြေနှင့် ဆက်မိနေပြီ။ တာလမ်းဘေး ကွမ်းယာဆိုင်ကလေးရှေ့တွင် မြင်းစာ မြက်ထုံးတွေ စီရီနေသည်။ မြက်ထုံးများဘက်သို့ မျက်စိ ကစားရာက ရီးဆေးရိုး မျက်လုံးများသည် မြောက်ဘက်သို့ ရွေ့သွားရာက “ဟ” ခနဲ အော်၏။
“မောင်း... မောင်း.. မြန်မြန်မောင်း။ နေနေ ရပ်ထား”
ခု မောင်းခိုင်း၊ ခု ရပ်ခိုင်းနှင့် မောင်ကိုကြီး စိတ်ရှုပ် သွားဆဲ၌ ရီးဆေးရိုးသည် လှည်းပေါ်မှ ခုန်ဆင်းပြေး၏။ ဆေးလိပ်အသစ်များနှင့် မီးခတ် (မီးခြစ်) သည် လှည်းနောက်မြီးတွင် ဈေးခင်းလျက် ကျကျန်ခဲ့၏။ ရီးဆေးရိုး ဦးတည်ပြေးသောဘက်တွင် မီးခိုးလုံးကြီး ထိုးတက်နေ၏။
မောင်ကိုကြီးသည် လှည်းကို ရပ်လိုက်ကာ “မီး ဗျို့ မီး … မီး” အော်ရင်း လှမ်းကြည့်သည်။ မီးလောင်သော အိမ်သည် စံရတို့အိမ်ဟု သိသည်နှင့်တစ်ပြိုင်နက် သူ ဆက်မအော်တော့ချေ။ မောင်းထုသံများ၊ သံချောင်းခေါက်သံများ၊ မီးအော်သံများနှင့်အတူ တစ်ရွာလုံး ပြေးလွှားကြသည်။
“ရေနဲ့ ပက်ပါဟ။ ဆွဲချပါဟ။ အိမ်ခေါင်မိုးပေါ် တက်ပါဟ” အော်သံများ ညံသွား၏။
မောင်ကိုကြီးကား လှည်းကို ရပ်ကာ “ကုန်ပါစေဗျာ၊ ကုန်ပါစေ” ဆုတောင်းနေ၏။ လူက ယခုမှ ၁၂ နှစ်သား။ ကလေးတွေး၊ ကလေးစိတ်၊ ကလေး အာဃာတဖြင့်။
••••• ••••• •••••
၂
ကြာမှ မကြာသေး။ အဘယ်မှာ မောင်ကိုကြီး မေ့နိုင်ပါမည်နည်း။
ထိုနေ့က “ဘ နှမ်းကြဲရေ ယူမလို့။ လူလေး လိုက်မလား” ဟု ရီးဆေးရိုးက အိမ်ရှေ့မှ လှမ်းမေးသည်။
“ခေါ်သွားစမ်းပါ အဖေရာ၊ စာမကျက် ဘာမကျက်နဲ့ ပြောရလွန်းလို့”
မချောစိန်က ရွှံ့နင်းနေရာမှ လှမ်းပြောသည်။
“ကျက်တယ်ဘ၊ အမေက...”
“လာကွာ လာကွာ။ ဘယ်မလဲ ခမောက်”
စကားတတ် လူလည်ဖြစ်သော သည်မြေးကို သူ့ အမေလည်း စကားအရာတွင် နိုင်နိုင်မည် မဟုတ်။ ရီးဆေးရိုးသည် မြေးကြီးအား တပြုံးပြုံးဖြင့် ဆွဲခေါ်ခဲ့သည်။ မြေးကြီးသည် ဆော့၏။ အမေးအမြန်း ထူ၏။ သို့ရာတွင် ရေယူရာ၌ အဖော်လို၏။ ပါလာသော ထမင်းထုပ် စောင့်ဖော်ရလည်း မနည်းပေ။
“လူလေးရေ.. ရေတွေ ဖြောင့်ဖြောင့်တန်းတန်းမှ သွားရဲ့လားကွာ။ ပေါက်ပြုများ ကျနေသလား လိုက်ကြည့်စမ်းပါဦး”
သည်သို့ ခိုင်း၍ ရလျှင်ပင် အတော်သက်သာနေပြီ။ သို့ကြောင့် မြေးကို ခေါ်ခဲ့ရခြင်းဖြစ်၏။
မောင်ကိုကြီးသည် အေးဆေးစွာ လိုက်မလာချေ။ မြောင်းပေါ်မိုးပြီး ပေါက်နေသော ခွေးလှေးယားချုံကို လက်ညှိုးထိုးသည်။ ရွှေကတ္တီပါစောင်ကို အရောင်တလက်လက်ဖြင့် ခြုံထားသည့် ထိုအသီးများကို မေးသည်။
“ဘာပြုလို့ ခွေးလှေးယားခေါ်လဲ ဘ”
“မသိပါဘူးကွာ”
“အသီးက လှကလှနဲ့ ဘာပြုလို့ ယားတာလဲ ဘ”
“ဘယ်သိမလဲကွာ”
“အမွေးတွေက ယားတာ နေမှာနော်”
“ဟုတ်မှာပေါ့”
လယ်ပြင်သို့ ရောက်ချိန်တွင် မောင်ကိုကြီး ငြိမ်သွား၏။ ငြိမ်ဆေး တွေ့သောကြောင့် ဖြစ်သည်။ ငြိမ်ဆေးမှာ ညောင်ပင်မှ အစေးများကို ‘ထစ်’ ခြင်း ဖြစ်သည်။ သည်အစေးဖြင့် ငူထောင်မည်။
ရီးဆေးရိုးသည် မြေးကို ညောင်ပင်အောက်တွင် ထားခဲ့ကာ မြောင်းကို ‘ပင်း’ ပြီးနောက် လယ်ထဲသို့ ရေဝင်၊ မဝင် မကြည့်သေးဘဲ မြောင်းညာသို့ ရေ ‘လိုက်’ ရန် တက်သွားသည်။ အတော်ကြီးကြာမှ ပြန်ဆင်းလာသောအခါ တစ်ကိုယ်လုံးတွင် ချွေးနှင့် ရွှံ့တို့ နပန်းလုံးနေကြ၏။
“ဘ ထမင်းစားရအောင်ဗျာ”
“ခဏလေးကွာ ခဏလေး” ဆိုကာ ရီးဆေးရိုးသည် ရေသွင်းသော လယ်ဘက်သို့ ငန်းပြားထမ်းလျက် ထွက်သွားပြန်သည်။ ဖြောင့်ဖြောင့် မသွားသော ရေကို ပိတ်တန်သည် ပိတ်၊ ဆို့တန်သည် ဆို့ပြီး လယ်ထဲ ရောက်အောင် ပို့ပြီး၍ ပြန်လာချိန်တွင် မောင်ကိုကြီးသည် ထမင်းထုပ်ကို ဖြေထားပြီးပြီ။
“ဆာလှပြီ ဘရေ”
“စားတာပေါ့ကွာ” ဆိုကာ ရီးဆေးရိုးသည် ထမင်းဝိုင်းတွင် ဝင်ထိုင်သည်။ ထမင်းတစ်လုတ်ပင် မခွံရသေး “နေပါဦး ဘရဲ့” ဟု ဆိုသည်။
“ဘာလဲ လူလေး၊ ဘာပြုလို့လဲဟင်”
“လက်ဆေးဦးမှပေါ့ ဘရဲ့”
ပြောပြီးမှ မြောင်းရေကို အပြေးအလွှား ခပ်ယူလာ၍၊ ရီးဆေးရိုးသည် ပြုံးပြုံးကြီး လက်ဆေးပြီးမှ ဆက်လက် စား၏။ သို့စဉ်တွင် မြောင်းလက်တံထိပ်မှ “ရီးဆေးရိုး” ခေါ်သံကြောင့် အသံလာရာသို့ ပြိုင်တူ ကြည့်ကြသည်။ ရွာတောင်ပိုင်းမှ စံရ။ သူ့လယ်သည် ရီးဆေးရိုး အထက် လယ်လေးငါးပွဲကျော်တွင် ရှိ၏။
“စံရ လာဟေ့၊ စားပါဦးကွ”
စားတုန်းသောက်တုန်းတွင် တစ်စုံတစ်ယောက် ရောက်လာလျှင် ထိုသို့ ဖိတ်ခေါ်လေ့ရှိ၏။ စံရသည် ဖိတ်ခေါ်မှုကို အလေးမထားပေ။ မျက်နှာထားတင်း တင်းရင်းရင်းဖြင့် ညောင်ပင်ရိပ်အစပ်သို့ ချဉ်းကပ် လာရာက “ထမင်းစားဖို့ လာတာမဟုတ်ဘူးဗျ” ဆိုလိုက်ရာ ရီးဆေးရိုးမှာ “ဟေ” ခနဲ ခါးဆန့်သွား၏။ အကြောင်းတစ်စုံတစ်ရာ ရှိနေပြီဟု သိသည်။ ထမင်း ဇလုံကို ချသည်။ စံရကို စိုက်ကြည့်သည်။
“ကျုပ် လယ်ထဲက မြေကြီးတွေ ကော်သွားတာ ခင်ဗျားမဟုတ်လား”
“ဟုတ်သပေါ့ကွာ။ ရေတွေ ပေါက်ကျနေလို့ ပိတ်တာ။ မြေကြီးကို ကော်ပြီး မပိတ်လို့ လက်ဝါးနဲ့ ပိတ်လို့ ရမလားဟ”
“ကြည့်ပြီး ကော်ဖို့ ကောင်းတယ်ဗျာ”
ရီးဆေးရိုး ခါးသာမက လည်ပင်းပါ ဆန့်လာရပြီ။
“ဟေ.. ဘာပြုလို့လဲ”
“ခင်ဗျားမှာ မျက်စိ မပါဘူးလား။ နှမ်းကြဲထားတဲ့ ထရေးပြင်ထဲက ကော်ယူရသလား”
ရီးဆေးရိုး မျက်နှာပြင် တင်းခနဲ ဖြစ်လာရသည်။ သို့သော် သူက လူငယ်၊ ကိုယ်က လူကြီး။ သည်းခံမှ သည်းခံမှ။
“လွတ်တဲ့နေရာ ကြည့်ပါသေးတယ်ကွာ။မတတ်သာလို့ ကော်ရတာပါ။ ဒါလည်း မများလှပါဘူး။ ပြီးတော့ သည်လိုမှ မပိတ်ရင်လည်း မင့် နှမ်းခင်းမှာ ရေဝပ်ပြီး မျိုးစေ့တွေ ညံ့ကုန်မှာပေါ့”
“ငန်းပြား သုံးပြားရာစာဟာ နည်းသလားဗျ။ ပစ္စည်းချင်း စာနာရတယ်ဗျ”
“ဟ... ပစ္စည်းချင်း စာနာလို့ပဲ ငန်းပြား ကိုးပြားစာကို သုံးပြားရာစာထဲမှာ ထပ်ထပ်တူးပြီး ကော်ခဲ့တာပေါ့”
“လူကြီး ဖြစ်နေပြီးတော့”
“လူကြီး ဖြစ်နေပြီးတော့ မင့်အမေကို ဘာလုပ်သလဲ”
ထိန်းထားသည့်ကြားက ရီးဆေးရိုး လွတ်ထွက်သွားပြီ။ ဆတ်ခနဲ ထရပ်သည်။ အကြောပြိုင်းပြိုင်း ထအောင် အရိုးငေါငေါထွက်အောင် လက်သီးကို ဆုပ်ကာ “ မင်းထွက်သွားလိုက်၊ ငါ့လယ်ထဲက အခု ထွက်သွားလိုက်” ဟု အော်ငေါက်လေ၏။
စံရ စကားမဆက်တော့ဘဲ စောင်းကန်း စောင်းကန်းကြည့်ကာ မြောင်းလက်တံပေါ်တက်ပြီး လယ်ကြား မြောင်းဘက်သို့ လျှောက်သွားလေ၏။ စံရ၏ မပြေပြစ်သော စကားများကြောင့် ရီးဆေးရိုး သာမက မောင်ကိုကြီးပါ ထမင်းစား ပျက်ခဲ့ရ၏။
“တော်တော်ရိုင်းတဲ့ လူကြီးပဲ ဘရ။ လက်သီးနဲ့ စွတ်ထိုးဖို့ ကောင်းတယ်”
“ဟ.. လူလေးရ၊ လက်သီးနဲ့ထိုး ငါရှုံးမှာပေါ့”
ရီးဆေးရိုးသည် ဒေါသကို ချက်ချင်းပင် ချိုးပစ်နိုင်သည်။ ဖျစ်ညှစ်ပြီး ရယ်မောနိုင်သည်။ သို့သော် မောင်ကိုကြီး မရယ်နိုင်။ စံရကို မုန်းတီးနေခဲ့သည်မှာ ယနေ့အထိ။
••••• ••••• •••••
၃
မောင်ကိုကြီး၏ ရင်မှ အမုန်းမီးကို မည်သူမျှ မငြိမ်းသတ်နိုင်ကြငြား စံရအိမ်ကို လောင်သော မီးကိုကား တစ်ယောက် တစ်လက် ဝိုင်းပက်၊ ဝိုင်းရိုက်၊ ဝိုင်းဖျက် လိုက်ကြရာ အိမ်တစ်ခြမ်းကျော်ကျော် လောင်အပြီးတွင် လုံးဝငြိမ်းအေးသွားလေတော့သည်။
မောင်ကိုကြီးလည်း မီးငြိမ်းတော့မှ လှည်းကို ဆက်မောင်းသွားကာ ထဘီမနိုင် ပဝါမနိုင် ဟိုပြေး သည်လွှားဖြစ်နေသော အမေကြီးအား အကျိုးအကြောင်း ရှင်းပြရင်း လှည်းကို ချွတ်သည်။ နွားတွေကို အစာကျွေးသည်။ လှည်းပေါ်မှ ထမင်းထုပ်၊ ရေဘူးနှင့် ဓားကို ကပြင်ပေါ်သို့ ထိုးတင်နေချိန် ရီးဆေးရိုး ပြန်ရောက်လာသည်။ နဂိုကမှ ညိုညစ်ညစ်အသားသည် မည်းသည်းနေ၏။ ပြာမှုန်များ၊ ကျပ်ခိုးများ၊ ဖုန်များနှင့် ထန်းရွက်ကျွမ်း အကျိုးအကြေများ။
“လူနိုင်ပေလို့ဟေ့၊ မနိုင်ရင် တောင်ဘက်အိမ်က ကပ်နေတာ။ တစ်ခါတည်း တောင်ဘက်တစ်တန်း အသွားပဲဟ”
အားပါးတရ ပြောရာက ကပြင်တွင် နောက်ပြန် ထိုင်သည်။
“ရှားတောဘက်က လူတွေကလည်း တော်ကြပါပေတယ်။ ပုံးကြီးပုံးငယ်နဲ့ ပြေးလာလိုက်ကြတာ။ သားရေ ရေတစ်ခွက်ပေးကွာ”
မောင်ကိုကြီးသည် သူ့ဘကို မကျေနပ်ချေ။ သည် လက္ခဏာသည် ရေမှုတ်လာပေးသော သူ့မျက်နှာ၌ အထင်းသား ပေါ်နေ၏။ ပေါ်နေရုံသာမက ရေမှုတ်ကို ပြန်မထားသေးဘဲ နှုတ်မှ ပွင့်ထွက်လာသည်။
“တစ်အိမ်လုံး ပြာကျသွား ဘာဖြစ်လဲ ဘရဲ့။ ကိုယ်နဲ့ ရန်ဖြစ်ထားတဲ့လူ အိမ်ကို ဘာဖြစ်လို့ သွားငြိမ်းရလဲ”
“အင်း”
သူ့မြေးထံမှ သည်စကားကို ကြားရတော့မှ နှမ်း ရေယူချိန်ကအကြောင်းကို ရီးဆေးရိုး ပြန်လည်စဉ်းစား ယူရသည်။
“အင်း... လူကလေးက စံရ အပေါ်မှာ အခဲမကျေဘဲကိုးကွ။ အခု ဘ သွားပြီး မီးသတ်တာက စံရအိမ် မဟုတ်ဘူး သားရ။ ရမ်းဘိုကုန်းရွာထဲက အိမ်တစ်အိမ်”
“ကျုပ် မြင်ပါတယ် ဘရ။ ကိုစံရ အိမ်ပါ။ မညာပါနဲ့”
“ဒီအိမ်ဟာ ငါနဲ့ မတည့်တဲ့အိမ် ဆိုပြီး ကြည့်နေရင် ဒီတစ်အိမ်က မီးဟာ တစ်ရွာလုံး ကူးသွားတော့ ဘယ့်နှယ်လုပ်မလဲ။ အဲဒါကြောင့် စံရအိမ်လို့ သဘော မထားဘဲ ကိုယ့်ရွာထဲက အိမ်တစ်အိမ်လို့ သဘောထားပြီး သွားသတ်တာ လူလေးရဲ့။ အေး အမှန်ကတော့ ကိုယ့်ရွာမှာ ဖြစ်တာမဟုတ်ဘဲ တခြားရွာမှာ ဖြစ်တာကို သွားပြီး မကူရင်တောင် ဒဏ်ရိုက်ခံရသဗျ”
“ဗျာ” ဆိုကာ မောင်ကိုကြီးသည် သူ့ဘ၏ မျက်နှာကို ‘ကဲ’ ပြီး ကြည့်၏။
ဘသည် အတည် ပြောသလော၊ ရယ်စရာ ပြောသလော မျက်နှာထားကို မြင်ရရန်အတွက် ဘေးတိုက် အနေအထားမှ ရှေ့သို့ငေါထွက်ကာ မျက်နှာကို မော့ကြည့်သည်။ ဘ ပြုံးမနေပါ။
“လူလေးက မယုံဘဲကိုးကွ”
“ဘဟာကြီးက”
“ဒီလို လူလေးရ။ ဘတို့ ဒီနားတစ်ဝိုက်မှာရှိတဲ့ ရွာတွေဟာ ဘတို့အ ဖေများလက်ထက်လောက်က အဖျက်ခံရတယ် လူလေးရဲ့ ။ ဒီရွာက လူတွေကို ဟို ရွာပို့၊ ဟိုရွာက လူတွေကို ဒီရွာပြောင်းပေးလုပ်တော့ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဇာတိဆိုတဲ့ ခင်တွယ်စိတ် လျော့ကုန်တယ် လူလေး”
“ရွာတွေကို ဘယ်သူက ဖျက်တာလဲ ဘ”
“စစ်ဗာရီတွေပေါ့။ အဲဒီလို ဟိုကလူ ဒီရောက်၊ ဒီကလူ ဟိုကိုရောက် ဖြစ်ကုန်တဲ့အခါ၊ သူက သူကြီး သူလျှိုလားနဲ့ တစ်ယောက်ကို တစ်ယောက် မယုံကြည်ကြဘူး။ မကူညီ မရိုင်းပင်းကြဘူးပေါ့ကွာ”
မောင်ကိုကြီးသည် ထူးဆန်းသော ရှေးစကား (ပုံပြင်) သစ်တစ်ပုဒ်ကို ကြားရဘိသကဲ့သို့ မျက်လုံး ပေကလပ် ပေကလပ် လုပ်နေ၏။
“ဒီလို ရွာသူရွာသားတွေ စည်းစည်းလုံးလုံး မရှိတာကို အစပိုင်းမှာ သူကြီးက ကြိုက်သကွ။ အဲ... ကြာလာသောအခါမှာ ရွာတွင်း စည်းလုံးညီညွတ်မှု၊ နယ်တွင်း စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု ရှိကို ရှိရမယ်ဆိုပြီး အမိန့်ထုတ်ယူရတော့တာပေါ့”
“ဘယ်လိုလဲ ဘ "
“ဆိုကြပါစို့ကွာ၊ ဖွဟဲ့ ... လွဲပါစေ ဖယ်ပါစေ။ လင်းပင်စုကို ဓားပြတိုက်တယ် ဆိုပါတော့။ သရက်ချင် နဲ့ ပုရပိုက်တန်းက မသိချင်ယောင်ဆောင်မနေရဘူး။ ရွာထဲမှာ အဆင်သင့်ကို လူရွေးထားရတယ်။ ဘယ်သူ ဘယ်သူက ဓားပြတိုက်တဲ့နေရာကို အရောက်သွားပြီး ချောင်းကြည့်ရမယ်။ ဘယ်သူက ရွာခေါင်းဆီ သွားရမယ်။ ဘယ်သူက ဌာနကို ပြေးရမယ်။ ဘယ်သူက မီးတုတ်၊ ဘယ်သူက နှစ်ဖက်ချွန်၊ ဘယ်သူက ကျောက်ခဲကိုင်ပြီး ဘယ်လိုသွားရမယ် ဆိုပြီး သတ်မှတ်ထားတယ်ဗျား”
“ဘာလုပ်ဖို့ ချောင်းကြည့်ရမှာလဲ ဘရဲ့”
“ဓားပြ ဘယ်နှယောက်ပါတယ်၊ ဘာလက်နက်တွေကိုင်ထားတယ်ဆိုတာ သိထားတော့ သူကြီးတို့ ဌာနတို့ကလာရင် ဒီလိုဒီလိုဆိုတာ ပြောနိုင်အောင်ပေါ့ လူလေးရယ်။ တစ်ခါတလေမှာ ကိုယ် သိတဲ့ မြင်ဖူးတဲ့ လူကိုလည်း ဓားပြထဲမှာ တွေ့ရတတ်သေးတာ ကိုး”
“ဪ ဒီလိုကိုး” ဆိုလိုက်သော်ငြား မောင်ကိုကြီး အမေးမရပ်သေး။
“သူကြီးဆီ ပြေးတဲ့လူတို့၊ ဌာနပြေးတဲ့လူတို့ ကကော”
“ဘယ်ရွာမှာ ဓားပြတိုက်နေပါတယ်လို့ သွားတိုင် ရတာပေါ့ဟယ်”
ရီးကျီးဒန်သည် အထဲဝင် ပြင်ထွက် ချက်ပြုတ်နေရာက ဝင်ပြော၏။
“မီးတုတ်က မီးထွန်းဖို့ ဟုတ်ပြီ။ မီးထွန်းပြီး ဘာလုပ်ရမှာလဲ ဘ။ ကျောက်ခဲတို့ နှစ်ဖက်ချွန်တို့ ကကော”
“ဓားပြတွေကို သွားဝိုင်းရမှာ လူလေးရ။ ဝိုင်းဟ ဆီးဟ.. မလွတ်ပေစေနဲ့၊ ညာသံပေးပြီး အော်ရတယ်။ ခဲတို့၊ နှစ်ဖက်ချွန်တို့နဲ့ ပစ်ရသဗျား”
မောင်ကိုကြီး ခေါင်း လည်ဆင်းသွား၏။
“ဟာဗျာ ဓားပြမှာ သေနတ်နဲ့ဟာကို” ဟု ဆိုသည်။
ရီးဆေးရိုး ရယ်လိုက်သည်။
“မင်း ပြောသလိုပေါ့ လူလေးရ။ ဓားပြမှာ သေနတ်နဲ့ ဆိုပြီး ကြောက်နေကြလို့ တစ်ရွာလုံး ဒဏ်တပ်ခံရတာ”
“ဘယ်တုန်းကလဲ ဘ”
“ခုတင်ကြီးစုကို ဓားပြတိုက်တုန်းက”
“ခုတင်ကြီးစု”
ရမ်းဘိုကုန်းဝန်းကျင်တွင် သည်အမည်ရှိသော ရွာကို မောင်ကိုကြီး မကြားဖူးချေ။ သို့အတွက် ရီးကျီးဒန်က မီးဖိုခန်းမှ လှမ်းပြော၏။
“အခု စံရတို့အိမ်နေရာရဲ့ ရှေ့နားမှာ လှည်းလမ်း ရှိတယ်ဟေ့။ လှည်းလမ်းဘေးမှာ အုတ်ရေတွင်း တစ်တွင်းရှိသတော့်။ အဲဒါဟာ ခုတင်ကြီးစုပဲ”
“ဪ၊ ဪ”
“ခုတင်ကြီးစု ဓားပြတိုက်တုန်းက အစောကြီး ရှိသေးတယ်။ ငါတောင် အိပ်ရာမဝင်သေးဘူး၊ သန်းခေါင်တောင် မကျော်သေးဘူး ထင်တယ်။ ဟာ ... ထိန်းဖောင်းနဲ့ သေနတ်သံ သုံးလေးချက်ကြားရတော့ ငါလည်း ကြမ်းကြားထိုးထားတဲ့ ဓားကို ပြေးဆွဲတော့ မင်းအမေကြီးက ခါးဆွဲထားတယ်။ မသွားရဘူးတဲ့။ ဒါနဲ့ ဝေးဝေး မသွားပါဘူးလို့ ပြောပြီး ထွက်လာတော့ တောင်တံခါးမှာ လူတွေအပြည့်ဗျား။ သေနတ်သံ ဒါလောက် များတာဟာ သေနတ်လည်းတစ်လက် မကဘူး။ လူလည်း များမယ် ထင်တယ်နဲ့ တီးတိုးတီးတိုးနဲ့ ကျယ်ကျယ်လည်း မပြောဝံ့ကြဘူး”
“ဒါနဲ့ပဲ ဘတို့ မသွားဖြစ်ကြတော့ဘူးပေါ့”
“ဒါပေါ့ လူလေးရာ။ ပိတ်စ တစ်ယောက်ပဲ တောင်ဖျားက ရွာခရိုးကို သွားပြီး လှမ်းကြည့်ခဲ့တယ်။ ရွာချင်းကလည်း လှည်းလမ်း တစ်လမ်းပဲ ခြားတာကလား။ မြင်နေရတာပေါ့။ အဲဒါနဲ့ ဓားပြတွေ သေနတ် ဖောက်ပြီး အိမ်ရှင်ကို ခေါ်သွားမှ ရွာထဲက ထွက်ရဲကြသလေ။ သူရဲကောင်းတွေ”
ရီးဆေးရိုးသည် ကိုယ့်ဘာသာ သရော်ပြီး ရှက်ရယ် ရယ်၏။
“ဟော... နောက်တစ်နေ့မနက်လည်း ရောက်ရော။ ရွာခေါင်း ပြန်လာနိုးနဲ့ မျှော်နေတုန်းမှာ ညနေပိုင်းကျကရော ဘာပြောကောင်းမလဲ။ ဆယ်အိမ်ခေါင်းတွေကို ဌာနက လာဖမ်းတော့တာကိုး”
“အောင်မြများ အရိုက်တောင် ခံရသေး”
ရီးကျီးဒန် လှမ်းစွက်ခြင်းဖြစ်၏။
“နောက်တစ်နေ့ကျမှ ရွာခေါင်းရော၊ ဆယ်အိမ်ခေါင်းတွေရော လွတ်တော့လာပါရဲ့၊ ဒါပေမဲ့ ခုနစ်ရက်လောက်အကြာမှာ တစ်ရွာလုံးကို ရုံးခေါ်ပြီး ဒဏ်ရိုက်တော့တာပဲဟေ့။ ဒဏ်ငွေဆောင်စရာ မပါတဲ့လူတွေ ထောင်ခုနစ်ရက်ကျသွားတာ ဆယ်ယောက်လားပဲ”
“ဒဏ်ငွေ ဘယ်လောက်မို့လဲ ဘရဲ့”
“တစ်ကျပ်”
“တစ်ကျပ်ကလေးများ ဘရယ်”
“တစ်ကျပ်ကလေး လုပ်မနေနဲ့ဗျား၊ အဲဒီ အချိန်တုန်းက ဆားတစ်ပိဿာမှ ဆယ်ပြား သုံးပဲရယ်။ မင့်အမေတောင် မမွေးသေးဘူး”
မောင်ကိုကြီး အတွက်ကား ထူးဆန်း၍ အံ့ဩဖွယ် ကောင်းသော ရှေးစကားကြီး တစ်ပုဒ် ပမာသာ ဖြစ်နေဆဲ ရှိသေး၏။
“ကနေ့ ပြန်ပြီး စဉ်းစားကြည့်တော့ အချင်းချင်း မရိုင်းပင်း မကူညီမှုနဲ့ ဒဏ်တပ်ခံရတာ တော်တော် ရှက်စရာ ကောင်းပါကလားလို့။ ဟိုတုန်းက စိတ်မျိုးသာ ရှိနေကြဦးမယ်ဆိုရင် စံရအိမ်တွင် မကဘူး၊ တစ်ရွာလုံးတောင် ကျွတ်ချင် ကျွတ်လောက်ပြီ”
“အခုတော့လည်း ညီလိုက်ကြတာနော် ဘ ”
“အေးပေါ့ကွာ ဒီအိမ်က ငါနဲ့ မတည့်ဘူး။ ဒီလူက ငါနဲ့ ရန်ဖြစ်ဖူးတယ်ဆိုတဲ့ စိတ်တွေ ဖျောက်ပြီး ငါ့အိမ်လည်းရှိနေတဲ့ ငါ့ရွာပါကလား၊ ငါတို့လို လူတွေနေတဲ့ ငါ့နယ်ပါကလားဆိုတဲ့ စိတ်နဲ့ ပူးပေါင်းကာကွယ်မှ ဘတို့ ရပ်ရွာ တိုးတက်သာယာမှာပေါ့”
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment