❝ ကိန္နရီ ကိန္နရာ ❞
( သတိုး )
▣ အပြ။
“ဟဲလို... ကိုရေ”
Messenger ကနေ နှုတ်ဆက်စကား မဆုံးမီ-
“V/C ပြောကြမယ်”
တူခနဲ သံရှည်ဆွဲ မြည်လာတဲ့ ဗီဒီယိုကောလ်ကို ဂရုမပြုအားသေး။ ဖုန်းထဲက ဆယ်လ်ဖီကင်မရာကို ကမန်းကတန်း ဖွင့်ရပြန်တယ်။ ကြိုကြိုတင်တင် အလှပြင်ပြီးသား မျက်နှာကို ဘယ်ညာ စောင်းလှည့်ကြည့်၊ သေချာ ခွေလိပ်ပြုပြင်ထားတဲ့ ဆံပင်ကို တစ်ချက်၊ နှစ်ချက် သိမ်းသပ်ရပြန်တယ်။ ခါးနေရာက အင်္ကျီကို သေချာ ဆွဲဆန့်နေမိပြန်။ ပြုဖွယ်ကိစ္စ ပြီးလေမှ -
“သားနဲ့ သမီးရေ၊ ဖေဖေနဲ့ စကားပြောကြရအောင်... လာကြဟေ့”
ဖုန်းနဲ့ ဆက်သွယ်ထားတဲ့ နားကြပ်ကလေးကို နားမှာ တပ်လိုက်တယ်။
“ဟဲလို... ကိုရေ၊ ကြားလား”
••••• ••••• •••••
▣ အပြော။
“သမီး... ဖေဖေ့ကို နှုတ်ဆက်လိုက်လေ။ သားငယ်လေးလည်း ဖေဖေ့ကို လက်ပြလိုက်ပါဦး”
“ကို နေကောင်းလား”
“နေကောင်းပါတယ်။ အင်း...သားနဲ့ သမီးက အခုရက်ပိုင်းတော့ ကို့အမြင်ပဲ၊ နေကောင်းကြပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အကြီးမ ဖျားသေးတယ်။ နည်းနည်းပါ။ ကျောင်းကအပြန် မိုးမိသွားလို့။ ဒီရက်တွေထဲမှာ လေရော မိုးရော သိပ်မစဲဘူးလေ။ ခုတော့ ကောင်းသွားပါပြီ။ ဒေါက်တာ ညီညီလတ်နဲ့ပဲ ပြပါတယ်။ အငယ်ကောင်ကတော့လား။ ကို့သားက သိပ်မာတာ။ နှာစေးချောင်းဆိုးတောင် မဖြစ်ဘူး။ အဆော့မက်သလောက် အစားကလည်း ပုပ်သလား မမေးနဲ့။ အဖေတူမို့ပေါ့ ဟွန်း”
"ပြီးခဲ့တဲ့လက ကို ပို့ပေးလိုက်တဲ့ ငွေထဲက အန်တီဥကို လည်း တချို့တစ်ဝက် ဖဲ့ဆပ်လိုက်တယ်။ ပြီး ဒီက ဆွဲကြိုးလေးလည်း ပြန်ရွေးလိုက်တယ်နော်။ ကိုယ့်ယောက်ျားက နိုင်ငံခြားမှာ အလုပ်လုပ်နေပြီး မိန်းမက ရင်ဘတ်ဟောင်းလောင်းနဲ့ဆို ဘယ်ကောင်းမလဲ ဟုတ်ဘူးလား”
“ကို့အဖေနဲ့ အမေလည်း နေကောင်းကြတယ်။ သားနဲ့ သမီးကတော့ သူတို့အဖေကို မမေ့ဘူး။ နေ့တိုင်း သူတို့ ပြောစကားမှာ အဖေ့နာမည် မပါတဲ့နေ့ မရှိဘူး။ ပြီးခဲ့တဲ့ လက ကို ပို့လိုက်တဲ့ ဓာတ်ပုံ တွေနဲ့ တစ်နေ့တစ်နေ့ အလုပ် ရှုပ်နေကြတာ။ အငယ်ကောင်က ကို့ဓာတ်ပုံတစ်ပုံ ဘယ်အချိန် ကျောင်းကို ယူသွားလိုက်မှန်း မသိဘူး။ သူတို့အဖေ ဓာတ်ပုံကို သူငယ်ချင်းတွေကို ပြပြီး ကြွားနေတာတဲ့။ တကယ့်ကောင် ... ဟင်း...ဟင်း”
“ကိုနော်... ကလေးတွေ ရှေ့မှာ ဘာတွေ မေးနေတာလဲ”
“ဪ... မေးဖို့လိုသေးလား ကိုရယ်။ ဟုတ်... လွမ်းတာပေါ့ရှင်။ ဘယ်သူက ဒီလောက် အကြာကြီး ဝေးနေ ခွဲနေချင်ပါ့မလဲ။ ကို မြန်မြန်ပြန်လာနိုင်ဖို့ အမြဲ ဆုတောင်းတယ်။ သားငယ်လေး...ပြောလိုက်ဦးလေ။ ဖေဖေ့ကို လွမ်းပါတယ်လို့။ သမီးကလည်း ဖေဖေ မြန်မြန် ပြန်လာနိုင်ပါစေလို့ မနေ့က ဘုရားမှာ ဆုတောင်းခဲ့တာ ပြောလိုက်လေ”
“မနေ့က ဗုဒ္ဓဟူးနေ့။ ကို့မွေးနေ့လေ။ သားအမိတွေ ဘုရားကို သွားကြသေးတယ်။ ကိုယ့်အတွက် ဘုရား မှာ ရွှေသင်္ကန်းလည်း ကပ်ခဲ့တယ်။ ရေချမ်း၊ ပန်း၊ အလင်းတိုင် သက်စေ့လှူခဲ့တယ်။ ကို သာဓုခေါ်နော်။ ဟလို... အာ... လိုင်းက အရေးထဲ ကျသွားပြန်ပြီ”
“ဟော...ပြန်တက်လာပြီ ထင်တယ်။ ဟဲလို...ကို... ဘယ်လိုလဲ၊ ကို အလုပ်မှာ အဆင်ပြေရဲ့လား”
“ဟင်... အလုပ် ပြောင်းသွားပြန်ပြီ။ ဘယ်လို ဖြစ်ရပြန်တာတုံး ကိုရယ်။ ကို ပြောတော့ ကိုအလုပ်က အဆင်ပြေတယ်ဆို။ တော်တန်ရုံလည်း စိတ်ရှည်သည်းခံမှပေါ့ ကိုကလည်း။ ငွေရဖို့က အဓိကပဲ မဟုတ်လား။ ကိုက သိပ်ဇွဲပျော့တာပဲ။ သူများတွေဆို အလုပ်တစ်နေရာဆို တစ်နေရာတည်းမှာပဲ စွဲစွဲမြဲမြဲ နေကြတာပဲ။ အဆင်လည်း ပြေကြတယ်တဲ့။ သူတို့မိန်းမတွေဆို ပြိုးပြက်ဝင်းလက်လို့ မော့နေတာပဲ”
“သား.... မနှောင့်ယှက်နဲ့ကွာ။ ဒီမှာ မေမေတို့ အလုပ် အကြောင်းပြောနေကြတာ”
“အင်းပါ ... မပြောင်းရဘူး မဟုတ်ပါဘူး။ ရောက်ခါစက အသိအကျွမ်းလည်း မရှိတော့ ရရာအလုပ် ဝင်လုပ်ရတာ လက်ခံပါတယ်။ ခု ကို အဲဒီကို ရောက်နေတာ ဘယ်လောက်ကြာနေပြီလဲ။ အင်းလေ.. တစ်နှစ်ကျော်နေပြီကို။ အလုပ် အတည်တကျ ရှိသင့်ပါပြီ။ ကို့ ကံကလည်း ခေပဲ ခေနိုင်လွန်းတယ်။ တကယ်ပဲ”
“ဒါဆို ဒီလ ငွေ မပို့နိုင် ပြန်ဘူးပေါ့။ ဟုတ်လား။ ခက်တာပဲ။ အန်တီဥကို မျက်နှာ ဘယ်လို ပြရမလဲတောင် မသိတော့ဘူး။ သူ့ အကြွေးကျေမှ မိသားစုအတွက် စုစုဆောင်းဆောင်းလေး လုပ်နိုင်မှာ မဟုတ်လား။ ခုပုံအတိုင်းဆို သူ့အကြွေးကျေဖို့တောင် ဘယ်လို ဆက်စခန်းသွားရမလဲ မသိတော့ဘူး။ မဦးမချွတ် ပြောတာ မဟုတ်ဘူးလေ။ အခုလည်း ဒီအတိုင်း ဖြစ်နေတာပဲ မဟုတ်လို့လား။ ဟွန်း...”
“အဲဒီက အခြေအနေဆိုတာလည်း ကို ပြောသလောက် သိရတာပဲ။ လိုက်ကြည့်လို့ ရတာမှ မဟုတ်ပဲ။ မစာမနာ ပြောတာ မဟုတ်ပါဘူး။ ကိုယ့်နေရာ ဌာနေမှ မဟုတ်ပဲ။ သူများ ပြည်ရွာမှာ ဒုက္ခတော့ အနည်းနဲ့အများ ရှိမှာပေါ့။ အဆင်မပြေတာလည်း တွေ့ရမှာပဲ။ နားလည်ပါတယ်။ ဒါပေမဲ့ ကို ကတော့ နည်းနည်း သူများထက် ပိုလွန်းပါတယ်။ ကျွတ်... ကျသွားပြန်ပြီ”
“အင်း... ကြားရလား။ ကိုက ဟိုအလုပ်ကျတော့လည်း နံလို့၊ ညှီလို့..။ ဒီအလုပ်ကျတော့လည်း ဘာဖြစ်ပြန်ပြီနဲ့ အလုပ်ကို စံရွေးလွန်းနေတာ။ လုပ်ငန်းခွင် အဆင်ပြေတော့လည်း လုပ်ခနည်းပြန်ရော မဟုတ်လား”
“မပြောလို့တော့ မရဘူး ရှင့်၊ ပြောရမှာပဲ...ဟဲလို...”
“ဟဲလို... မိဘတွေ ရှိနေသေးလို့သာပဲ။ တကတဲ သူ့သာ စောင့်စားရရင် ကျုပ်တို့သားအမိသုံးယောက် လျှာပေါ် မြက်ပေါက်ရုံတင်မကဘူး။ ဟွန်း မပြောလိုက်ချင်ဘူး”
“ဪ ... အပြော ကောင်းတယ်။ ကိုယ့်မိဘတော့ မိဘပေါ့။ မိဘထက် အားကိုးလို့ စုံကန်ပြီး ကိုယ်အိုးကိုယ့်အိမ် ထူထောင်ထားပြီးမှ ပြန်လက်ဖြန့်နေရတာ ဘယ်လောက် မျက်နှာငယ်တယ် မှတ်လဲ။ အိမ်ဦးနတ်ကြီးဖြစ်တဲ့ ရှင်လည်း အတော် ဂုဏ်တက်နေတယ် ထင်လို့လား”
“ပြောလိုက်ရင် ဒါပဲ။ အခိုက်အတန့်ပါပဲ။ ဒီစကားပဲ။ ရှင့် အခိုက်အတန့်ကြီးက ဘယ်လောက်ကြာနေပြီလဲ။ သမီးကြီးပဲ မူလတန်း ပြီးတော့မယ်”
"ဟဲ့... ဒီကလေးနှစ်ကောင် ငြိမ်ငြိမ်နေပါဦး၊ ခဏလေးပါ”
“ဒီမှာ ကိုရေ.. ဒီနှစ် ရှင့်သားက မူကြိုတက်နေရပြီ။ ရှေ့နှစ် ကျောင်းကြီးကို ပြောင်းရတော့မှာ။ နောက်က သမီးကြီးကလည်း ကျောင်းမှာ ဘာပွဲ၊ ညာပွဲ ကုန်စရာတွေက တန်းစီနေတာပဲ။ ရှင်က မစို့မပို့လေး ပို့ပေးရုံနဲ့ တာဝန်ကျေ လုပ်မနေနဲ့”
“ဟုတ်တာ ပြောတာပဲ။ တစ်လတစ်လကို ပို့ပေးနေ တာ သုံးမကုန်၊ ဖြုန်းမကုန် မှတ်နေလို့လား။ အန်တီဥကို ဦးဦးဖျားဖျား ဖယ်ချန်ပြီး အခစားဝင်ရတာ။ ဒါတောင် လတိုင်းမှန်မှန် ငွေမသွင်းပေးလို့တဲ့ ရွှေမျက်နှာညိုချင်သေးတာ။ ကျန်တာ အမြီးနုတ်၊ ခေါင်းနုတ် လုပ်လိုက်ရင် လက်ဖဝါးပဲ ကျန်တာ သိလား။ ရွှေပြည်ကြီးမှာလည်း ဈေးနာတွေ အားလုံးက အတက် ချည်းပဲ။ ကျနေတာက စိတ်ဓာတ်ပဲရှိတာ”
“ကို့ကို ပြောရဦးမယ်၊ အင်း ... မရည်မွန်ယောက်ျား ကြီးလေ အဲဒီမှာ အဖမ်းခံရလို့တဲ့။ ကို သိလား။ မရည်မွန် တစ်ယောက် စိတ်တွေပူလို့ တငိုငို၊ တရယ်ရယ်နဲ့။ အန်တီဥကလည်း သူ့အကြွေးတွေ မရမှာစိုးလို့ တဖျစ်တောက်တောက် လုပ်နေလေရဲ့”
“ကိုသာဝင်း ပြောတာလေ။ အဲဒီပုဂ္ဂိုလ်က ပြန်ပြေးလာတာ။ မနေနိုင်ဘူးတဲ့။ သူ့အလုပ်က အအေးခန်းထဲမှာ လုပ်ရတာဆိုတော့ သူက လေးဖက်နာလို ဖြစ်နေတာဆိုတော့ မဖြစ်ဘူးတဲ့။ ဒါဆိုလည်း အဆင်ပြေမယ့် တခြား တစ်နေရာ ပြောင်းလုပ်ပါ လား။ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ မခံနိုင်ဘူး ဆိုပဲ။ ဒါဆို.. ဒီမှာ တင်နေတဲ့ အကြွေးတွေ ဘယ်လို ဆပ်ကြမလဲ....ကဲ။ သူတို့ လင်မယား အပြောတော့ ရရာလုပ်ပြီး ဆပ်မယ်တဲ့။ တစ်သက်လုံး ဆပ်လို့တောင် ကျေမှာ မဟုတ်ဘူး”
“ဒီမှာလည်း လုပ်ငန်း၊ ကိုင်ငန်းက ဘယ်သူမှ ကောင်းတယ်ဆိုတာ ရှိကြတာ မဟုတ်ဘူး။ လုပ်လက်စ လုပ်ငန်းလေး ပုံမှန်လည်ပတ်နေနိုင်သေးရင်ပဲ တော်လှပြီ မှတ်နေရတာ။ လယ်သမားတွေလည်း မိုးမမှန်လို့။ ရေလုပ်ငန်းသမားလည်း တစ် နှစ်ပတ်လုံး မုန်တိုင်းက အကြီးအသေးအရွယ်စုံ ဆင့်နေတာ။ ရေထဲကို မဆင်းရဲဘူး။ ဆင်းလည်း အရာမထင်ကြပါဘူး။ ပုစွန်နဲ့ ငါးက အရုပ်ရေးရတော့မလို ဖြစ်နေတာ။ ကဏန်းတော့ အလုပ် ဖြစ်သေးပေမဲ့ အဲ့တစ်ခုတည်းမှာပဲ ခြေချင်းလိမ်နေကြပြန်တော့ အဆင်ပြေသင့်သလောက် မပြေပြန်ဘူးပေါ့။ ဆားသမားတွေလည်း ဒီနှစ် ငုတ်တုတ် မေ့နေကြတာ။ အင်း.. ဆားဈေးတွေက ပြောမကောင်းလောက်အောင်ကို ကျတာ။ ဝယ်လက် လုံးဝကို မရှိတာပါဆို။ ဆားဖိုသူကြီးတွေရော၊ ဆားပေး ပေးထားတဲ့ ငွေရှင်တွေရော ညည်းကြတာမှ ဝီခေါ်နေတာပဲ။ လုပ်ငန်းရှင်တွေမှ အဆင်မပြေတော့ သူတို့ကို မှီခိုနေတဲ့ အလုပ်သမားတွေဆို ပိုဆိုးတော့တာပေါ့။ အကုန် မြို့တက်ကြ၊ ထိုင်းနိုင်ငံဘက်ကမ်း ကူးကြနဲ့။ လာမယ့်နှစ် လုပ်ငန်းပြန်စဖို့တောင် အလုပ်သမားမှ မရှိတော့ တော်တော်မလွယ်တဲ့ အခြေအနေပဲ။ နယ်လုပ်ငန်းတွေမှ မကောင်းတော့ နယ်ကို မှီခိုရောင်းချစားနေရတဲ့ မြို့ ပေါ်က ဆိုင်တွေလည်း ဘယ် ခံနိုင်တော့မလဲ”
“ကို့အဖေတွေ အိမ်နဲ့ မျက်စောင်းထိုးကလေ။ ကိုယ်တို့ လူပျိုဘဝက ဘော်လီဘောကစားဖက် မဟုတ်လား။ အသားဖြူဖြူ၊ အရပ် မြင့်မြင့်နဲ့ တစ်ယောက်ဟာလေ။ သူ့နာမည် မေ့နေလို့။ အင်း... ဟုတ်တယ်။ သူကတော့ ကွမ်းယာရောင်းတာ တော်တော် အဆင်ပြေနေတယ်ဆို...။ ကိုနဲ့ တွေ့သေးလား”
“ဟွန်း နေ့တိုင်း တွေ့တယ် လုပ်မနေနဲ့။ ကို ကွမ်းတွေ ပြန်စားနေတယ် မဟုတ်လား။ ဆေးလိပ်လည်း သောက်တာပဲလား”
“ကောင်းပါတယ် ။ ပြောလိုက်ရင် အိမ်လွမ်းနာပဲ အကြောင်းပြနေတာပဲ။ အထီး ကျန်လွန်းလို့ပါဆိုတာချည်းပဲ။ ဟုတ်တော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ကို့အတွက် အဲဒီ အပိုကုန်ကျစရိတ်တွေက စားစရိတ်၊ နေစရိတ်နီးပါး ဖြစ်နေတာ။ ချွေတာလို့ရတာ ချွေတာမှပေါ့ ကိုရဲ့။ ညညတွေရော အရက်တွေ သောက်ဖြစ်ကြသေးတယ် မဟုတ်လား။ အဲဒီအတွက် ကုန်ကျငွေတွေကို အိမ်ကို ပြန်ပို့ရင် ဒီစကား မျိုးတွေတောင် ပြောနေဖို့ မလိုဘူး။ ဟဲလို... လိုင်းက ကျပြန်ပဟဲ့။ စိတ်ညစ်တယ်”
“ဟဲလို... အင်း ပြန်တက်လာတယ် ထင်တယ်။ အဲ.... ကြားပြီလား”
“မပြောမရှိနဲ့ ကိုရေ။ အန်တီဥ အကြွေးမကျေဘဲတော့ ရှင်ပြန်လာလို့ မရဘူးနော်။ မြန်မြန်ပြန်လာချင်ရင် မြန်မြန်ကျေအောင် ဆပ်နိုင်မှ ဖြစ်မှာပဲ။ ပြန်လာပြီး လုပ်ငန်းငယ်လေး တစ်ခုလောက်မှ မထူထောင်နိုင်ရင်လည်း ရှင် နတ်အိုးကွဲကြီးလို ဖြစ်နေမှာ စဉ်းစားထားဦး”
“စိန်လိုက်လေ ...။ ရှင်သာ တစ်ပြည်ရပ်ခြားမှာ ဆွေဝေး၊ မျိုးဝေး၊ မိသားစုနဲ့ သင်းကွဲနေနေရတာ။ ဒီမှာ ကိုယ့်ဇာတိမြေ၊ မိနဲ့ဖနဲ့၊ သားနဲ့ သမီးနဲ့....။ ရှင်တစ်ယောက်က လွဲရင် မိသားစုအသိုင်းအဝိုင်း အပြည့်အစုံကြားမှာ နေရတာ။ ဒီက နေသာသပ လေညာကပဲ။ အားငယ်စရာလည်း မရှိဘူး။ ရှင်သာ...”
“ရှင် ပြောလို့ ပြောတာလေ။ ဟွန်း...”
“အင်းပါ၊ ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး။ ကိုက နေထိုင်မကောင်းဖြစ်ရင် လက်ထဲ ဆေးထည့်ပေးပြီး ရေဖန်ခွက် ယူလာပေးတာတောင် ချက်ချင်းဆေးသောက်လိုက်ဖို့ ပျင်းတဲ့သူ ဆိုတော့ စိတ်ပူတယ်။ မျှမျှတတလည်း စားပါ။ ဒီကပြောလို့ အငတ်ခံချွေတာ မနေပါနဲ့။ အဖမ်း မခံရအောင်လည်း နေနော်။ ဟိုက ဒီက သတင်းတွေ ကြားရင် ကို့အတွက် သိပ်စိတ်ပူတာပဲ။ ဘုရားပဲ ထိုင်ရှိခိုးနေမိတော့တာ။ ‘နမောတေ’ နာနာရွတ်နော်။ သိလား။ ဒီကလည်း ကို့အတွက် ညတိုင်း ရွတ်ပေးမယ်။ မေတ္တာလည်း ညတိုင်းပို့ပေးနေတယ်။ သိလား...သိလားလို့”
“သားနဲ့သမီး လာ၊ ရော့ နားကြပ်တစ်ဖက်စီ တပ်။ ဖေဖေ့ကို နှုတ်ဆက်လိုက်ကြဦး”
“ဟဲလို.. ဟဲလို..။ တောက်... ကွန်နက်ရှင်ကလည်း အစုတ်ပလုပ်။ အဲဒီ ဖုန်းကတ် ထုတ်ပစ်ပြီး နုပ်နုပ်စဉ်းချင်တယ်”
▢ သတိုး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊၂၀၁၉
No comments:
Post a Comment