Friday, October 23, 2026

လှတစ်မျက်နှာ


❝ လှတစ်မျက်နှာ ❞
▢ ဂျာနယ်ကျော်မမလေး

(၁)

လှမြတ်သက်မူ၏ အမည်ရင်းမှာ မလှမူ ဖြစ်သည်။ ကောလိပ်ကျောင်းသို့ ရောက်သည့်နှစ်တွင် ကောလိပ်ကျောင်း၌ ‘မူမူ’ ဟု အမည်တွင်ကာ ‘မူမူ’ ဟူ၍ လူသိသူသိ များခဲ့၏။

မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌ တိုင်းသိပြည်သိ သတင်းစာတွင် ပုံနှိပ်စာလုံးနှင့် နာမည် ဖော်ပြ ကြေညာရအံ့ဆဲဆဲ သတင်းထောက်များကို လှမြတ်သက်မူ ဟူ၍ စိတ်တိုင်းကျ နာမည်ရှည် ဖြည့်စွက်မှည့်ပေးလိုက်လေ၏။

ထို့ကြောင့် မလှမူသည် မူမူ အဖြစ်မှ လှမြတ်သက်မူ ဖြစ်လာရလေသည်။ လှမြတ်သက်မူ ဆိုသော အမည် သည် မယ်တက္ကသိုလ် အရွေးခံရည့်နှစ်၌ တစ်ကြိမ်၊ ဘိလပ်ပြန် ကိုဘမောင်နှင့် မင်္ဂလာဆောင်စဉ်က တစ်ကြိမ်၊ ဤနှစ်ကြိမ်သည်သာလျှင် ပုံနှိပ်စာလုံးဖြင့် အမည်တွင် လိုက်ရလေသည်။ ယခုတော့လည်း မစ္စက်ဘမောင် ဖြစ်နေရ၏။

ဒီတစ်သက်တွင် လှမြတ်သက်မူ အမည်ကို အခွင့်ကြုံ၍ ပေါ်ပေါက်လာလျှင် အသုံးပြုသွားရန် စပယ်ယာ ထားရတော့ကာ မူမူ ဆိုသည့် အမည်ဖြင့်ပင် အားလုံးနှင့် ဆက်ဆံကျင်လည်နေရပေသည်။

မူမူသည် သံရုံးတစ်ရုံးမှ ပေးပို့လိုက်သော ဖိတ်စာကတ်ကို ခုံပေါ်မှ ဆွဲယူကာ အိပ်ချင် မပြေတပြေ မျက်လုံးဖြင့် ဖတ်ကြည့်လိုက်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့် မစ္စက်ဘမောင် ဟု ပါရှိ၏။ ယဉ်ကျေးမှုအဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးက ဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှု ကပွဲ ကပြလိမ့်မည် တွက်ကာ သွားချင်စိတ် ပေါ်လာလေသည်။

မူမူသည် ဖိတ်စာကတ်ကို ခုံပေါ်သို့ ပြန်တင်လိုက်သည်။ လက်မြှောက်၍ နာရီကြည့်လိုက်၏။ ညနေလေးနာရီ မထိုးသေး၍ စောသေးသည်ဟု မျက်လုံးများ မှိတ်လျက် ပြန်မှိန်းပြန်သည်။

မူမူ့ဘေးတွင် အိပ်မောကျနေသော ကိုဘမောင်၏ ဟောက်သံမှာ လွှဆွဲသကဲ့သို့ အချီအချ မြည်လျက်ရှိသည်။ ကိုဘမောင်မှာ နေ့လယ်တစ်နာရီလောက် ထမင်းစားပြီး တစ်ရေး အိပ်တက်၏။ ညနေငါးနာရီလောက် ထမှ အိပ်ရေး ဝသွားသည်။ မူမူသည် ကိုဘမောင်နှင့် လက်ထပ်ပြီးနောက် နံနက်ထမင်းစားပြီး ကျောစင်းရမှ ခေါင်းမကိုက်တက်သူမို့ နေကုန်နေခန်း အိပ်တက်ကြသည့် အကျင့်ချင်း တူကြလေ၏။

မူမူတို့ လင်မယားမှာ နတ်ဖက်သည့် လင်မယားဟု လူပြောများသည်။ အအိပ် စုံမက်သလို အစား စုံမက်ရာ၌လည်း နာမည် ရလောက်အောင် ဖက်မိကြသည်။ ညစာ ထမင်းစားပြီး တင်းမတိမ်တက်ခြင်းကြောင့် ညတိုင်း ဆိုသလိုပင် သန်းခေါင်လောက် အိမ်က ထွက်သည်။ တရုတ်တန်း၊ ကု,လားတန်းသို့ တစ်ပတ်ကျော့မှသာ ဝမ်းအေးသွားရမြဲသည်။

ကိုဘမောင် ဘိလပ်က ပြန်ကာ မူမူနှင့် လက်ထပ်ပြီးကတည်းက ပင်ပင်ပန်းပန်း အလုပ်လုပ်သူ မဟုတ်။ လခစား အစိုးရ အလုပ်လုပ်ရန် စိတ်ပျက်သည်ဟု အကြောင်းပြကာ ရှောင်သည်။ စက်မှုလက်မှု ကိုယ်ပိုင်လုပ်ငန်း တစ်ခုခု တည်ထောင်ရန် မူမူ၏ မိဘများက အရင်းအနှီးထုတ်ပေး မစသည်ကိုပင် ခေါင်းရှုပ်စရာ တာဝန် ဟူဟူသရွေ့တို့နှင့် လွတ်လွတ်ကင်းကင်း ရှိအောင် ငြင်းရလေသည်။

ကိုဘမောင်သည် လက်ထပ်ပြီး ဝတ်လုံတော်ရ ဆိုင်းဘုတ်ကလေးကို ဘားလမ်း၌ သွားချိတ်ထားလိုက်ကာ ဆယ်ရက်နေ့မှ တစ်ရက်လောက် ရုံးတက်သူ ဖြစ်သည်။

ကိုဘမောင်မှာ သားသမီး မရှိ။ အိမ်ထောင်သက် တစ်လျှောက်လုံး ပူပင်ကြောင့်ကြ ကင်းသည်။ မူမူနှင့် လက်ထပ်ပြီး ငွေတိုးချေးစားသော ယောက္ခမတိုက်ပေါ်တွင် ရုံးတက်ချင်မှ တက်သော အလုပ်နှင့် ငါးနှစ်ခန့် အေးအေးဆေးဆေး နေခဲ့လေသည်။ ယောက္ခမများ သေဆုံးကုန်၍ ယောက်ဖအိမ်ထောင်စုနှင့် အတူတူ စုနေကြရာ မျက်နှာပူတော့မှ ယောက္ခမတိုက်ပေါ်မှ ဆင်းခဲ့ကာ ဦးလေးအိမ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။

ကိုဘမောင်၏ ဦးလေးအတွင်းဝန် ဦးဘသောင်မှာ သားမယား မရှိ။ လူပျိုကြီး ဖြစ်သည်။ ဦးဘသောင်အိမ်၌ အိပ်ခန်းတစ်ခန်း စိုးပိုင်ထားကြသောကြောင့် အိမ်လခအတွက် ပူပင်သောက ကင်းသည်။ ထမင်းစားချိန်ကျရောက်လျှင် အခန်းတံခါးဖွင့်၍ စားပွဲ၌ ဆင်းစားကြရန် အဆင်သင့် ရှိနေ၏။ အဝတ်အစား၊ အခြားအသုံးအစွဲ စရိတ်များ အတွက် ယောက္ခမတိုက်ခန်းလခဝင်ငွေများ မှန်မှန်ရှိနေသည်။

အတွင်းဝန် ဦးဘသောင်၏ အိမ်ပေါ်၌ ခရီးဝေးမှ ခေတ္တ တည်းခိုနေကြသော ဧည့်သည် အချိုး အတိုင်း နေ့ ရှိသရွှေ့ ဧည့်သည် လုပ်နေကြလေသည်။ အတွင်းဝန် ဦးဘသောင်မှာ အိပ်ကပ်သူ မဟုတ်ချေ၊ ရုံးနှင့် ကလပ်နှင့် အချိန်ကုန်နေသူ ဖြစ်သည်။

မူမူသည် ပြန်မှိန်းနေရင်း ညပွဲဝတ်ရန် သေတ္တာထဲမှ ထဘီများကို ရွေးချယ်စိတ်ကူးလျက် ရှိသည်။ ယခုတလော ညပွဲများ၌ အနက် ခေတ်စား၏။ ညပွဲတွင် အများအားဖြင့် မျက်နှာဖြူမများ အနက်ရောင် ဝတ်ဆင်လာကြသည်။ မြန်မာမများလည်း အနက်ရောင် ဝတ်ကြကာ ခေတ်စားနေချေပြီ။ အချို့မှာ ထဘီအနက်၊ အင်္ကျီအနက်ပါ ချုပ်ဝတ်နေကြပြီ။ မူမူသည် အင်္ကျီအနက်၊ လုံချည်အနက် ဝတ်ချင်လျက် တစ်ခုသော အကြောင်းကြောင့် အောင့်နေရသည်။ အနက်ထဲ၌ မည်းညစ်ညစ် ဖြစ်သွားမည့် ညိုသော အသားကို ငဲ့နေရသည်။

သေတ္တာထဲ၌ ရှိသော ထဘီများ အနက် ကု,လားပြည်မှ လူကြုံနှင့် မှာလိုက်သော ဆာရီအနက်တော့ စိတ်ပျက်သည်။ ဆာရီထဘီအနက်မှာ ပွဲအပေါင်းပေါင်း နွှဲခဲ့ပြီး၍ အထပ်ထပ် ထပ်နေချေပြီ။ ရွှေခက် ငွေခက်များ နွယ်ထားသော အဝါနုနုကလေးကို ဝတ်သွားရန် စိတ်ကူးကြည့်သည်။ သည်ထဘီမှာ မင်္ဂလာဆောင်ပွဲထိုင်သာ ရွေးဝတ်ခဲ့သည်။ အကြိမ်အရေအတွက် သိပ်မထပ်ပါ။ ဝါနုနုလေးကို ဝတ်သွားမည်ဟု စိတ်ကူးခါမှ ထဘီအောက်မှ ခံဝတ်ရမည် အတွင်းခံ ပိတ်ထဘီက တမှောင့်၊ ဝင်နှောင့်နေပြန်သည်။

မူမူ၌ အောက်ခံပိတ်ထဘီဆို၍ တစ်ထည်ပဲ ရှိသည်။ ဘယ်သွားသွား ဒီတစ်ထည်ပဲ ခံဝတ်နေကျ ဖြစ်သည်။

မူမူသည် အဝတ်လျှော်ရန် သူ့လက်ကလေးများ ပုံပျက်သွားမှာ စိုးပူသည်။ မူမူ၏ လက်ချောင်းကလေးများ မှာ ခုံပေါ်၌ ချလိုက်လျှင် ကျောက်စရစ်ခဲကလေးများ ခုံပေါ်တွင် အသာ ပုံချလိုက်က ထွက်လာမည် အသံမျိုး ကဲ့သို့ ‘ဂျလောက်’ ဟု မြည်ထွက်သွားတက်လေသည်။ လက်သည်းခွဲများကို လက်ဆစ်တစ်ဆစ်ခန့် ကာလအတန်ကြာ ဇွဲနပဲနှင့် အရှည်ကြီး မွေးထားကာ ဆေးနီရဲရဲကြီး ဆိုးထားလေသည်။

အတွင်းခံပိတ်ထဘီသည် ထဘီအောက်က ခံဝတ်သော အထည် ဖြစ်၍ ဖြူဖြူ မည်းမည်း လူမမြင်ဟု ချုပ်ကတည်းက မလျှော်မဖွပ်ပဲ ကိစ္စအေးဝတ်ခဲ့သည်မှာ ငါးလလောက် ရှိချေတော့မည်။

တစ်ခါတုန်းက ခုတင်ခြေရင်းတွင် ပိတ်ထဘီကို ကွင်းလုံးပုံချွတ်ထားခဲ့စဉ် ဘိလပ်ပြန် ကိုဘမောင်သည် ညစ်မည်းနေသော ပတ်ထဘီကို အဝတ်ဟောင်းအမှတ်ဖြင့် နောက်ပိတ်ဖိနပ် ပွတ်သုတ်သွားခြင်းကြောင့် ညစ်ရသည့်အထဲ အကွက်ကြီးတွေက ထင်းသေး၏။

မူမူသည် ပဝါသားကဲ့သို့ ခပ်ပါးပါး ရွှေထဘီပျော့အောက်၌ ညစ်ထပ်ထပ် ပတ်ထဘီကို ထပ်ခံ စိတ်ကူးကြည့်ရာတွင် ဝါနုနု ရွှေထဘီမှာ ခဲသားရောင် ပြောင်းသွား လျက် ညိုညစ်ညစ် ဖြစ်နေကာ အဟောင်းနှင့် တူနေတော့သည်။ မူမူသည် အကြီးအကျယ် စိတ်ပျက်သွားသည်။ မဖွပ်မလျှော် မိသော နောင်တသည် ရင်၌ လာကပ်ချေ၍ မျက်နှာကို ရှုံ့လျက် သက်ပြင်းထုတ်ပစ်သည်။ ခုနေ ထလျှော်လည်း ညပွဲအမီ ခြောက်နိုင်တော့မည် မဟုတ်၍ ပတ်ထဘီဟောင်းနှင့် ခံဝတ်၍ ဖြစ်မည် ထဘီများကို ရွေးရပြန်လေသည်။

ဟိုတစ်ထည်လည်း မကြိုက်၊ ဒီတစ်ထည်လည်း နေရာမကျ တစ်ထည်ပြီး တစ်ထည် စိတ်ကူးဖြင့် ရွေးရှာကြည့်ရသည်ပင် အမောသား။ တစ်ထည်စီ ရွေးနေရင်း ရင်ထဲ၌ ကြပ်ချင်ချင်၊ ခေါင်းသည်လည်း အုံတုံတုံ၊ နားထင်ထဲ သွေးရောက်လာကာ တစ်ထည်မှ စိတ်တိုင်းလည်း မကျ ချေ။

မူမူနှင့် ကျောချင်းကပ်လျက် တခေါခေါ ဟောက်နေသည့် ကိုဘမောင်၏ အသံကြီးမှာ အာခေါင်တွင် ကပ်၍ လျှာလိပ်ဟောက်နေခြင်းကြောင့် လတ်တလော နားထင်ထဲ သွေးရောက်လာသော ဝေဒနာကို တိုးလာစေသည်။ လျှာနှင့် လိပ်ထွက်နေသော အပြင်းအထန် ဟောက်သံကြီးသည် ပါးတွေ နားတွေ ကြိမ်းလာစေသည်။ မူမူသည် ကိုဘမောင်၏ ခါးကို တတောင်နှင့် သုံးလေးချက် ဆောင့်တွတ်ပစ်လိုက်သည်။

ကိုဘမောင်၏ ဟောက်သံသည် တုံ့ဆိုင်းရပ်သွားသည်။ အင့်ဆိုသော အသံကြီးကို ကြာရှည်ဆွဲကာ လေးတွဲ့တွဲ့ညှစ်ထုတ်လျက် ပက်လက်လှန်လိုက်သည်။ မကြာခင်သော အချိန်ကာလ အပိုင်းအခြားအတွင်း ကိုဘမောင်သည် တစ်ဖက်သို့ ပြန်စောင်းသွားကာ ဟောက်သံကြီး ပေါ်ထွက်လာပြန်သည်။

မူမူသည် အိပ်ရာမှ ငေါက်ခနဲ ထလိုက်သည်။ ကိုဘမောင်၏ လက်ပြင်ကြီးကို လက်သီးနှင့် ထုပစ်ခဲ့ကာ စိတ်နှင့် မာန်နှင့် ခုတင်ပေါ်မှ ဆင်းလိုက်လေသည်။

ကြမ်းပေါ်၌ အမှုန့်များ ပက်ဖြူး ထားသကဲ့သို့ ဖွေးဖွေးလှုပ်နေသော ဖုတ်တို့သည် ဒေါနှင့် မောနှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျ တသီးကြီး ဖော်ပြကြလေသည်။

မူမူသည် ခုတင်ခြေရင်းရှိ မှန်ခုံရှေ့၌ ရပ်ကာ မှန်ထဲကြည့်လိုက်သည်။ မှန်သားပေါ်၌ အကွက်များ ၊ အစက်များ ဖြင့် ရှုပ်ရော မှေးမှိန်နေသဖြင့် အားမရ၍ မျက်နှာနှင့် ကပ်ကာ အားပြု၍ ကြည့်ရလေသည်။

နေ့လယ် တရေး ဝဝ အိပ်ထားခြင်းကြောင့် မျက်ခွံကလေးသည် နဂိုထပ်ပိုမို၍ မို့နေသည့် အတွက် ကျေနပ်သွားသည်။ မျက်ခွံအထက်က မျက်ခုံးနှစ်ဖက်မှာ တင်ထားသလို တန်းသွယ်လျက် ရှိနေ၏။ အရင်းတုတ်တုတ်၊ အဖျားသွယ်သွယ်၊ မပါးမထူ ရှိအောင် ဂရုစိုက်လျက် နေ့စဉ်နှင့်အမျှ ပြုပြင်ပေးသည်။ မျက်ခုံးပုံကျမကျ စစ်ဆေးကြည့်ရှုနေရင်း ကျောင်းနေဖက် မေဂျာ ဖေသက်ကို သွားသတိရိမသည်။ မေဂျာဖေသက်မှာ နိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ၌ ဆုံမိကြလျှက် မျက်တောင်မွေးကြီးများ အထက်သို့ ကော့မတင်ပေးနိုင်သော ကိရိယာ တန်ဆာပလာများ မှာလိုက်ဖို့ရာ သတိပြုလိုက်လေသည်။

မူမူသည် မှန်ပေါက်ထွက်မတက် မျက်နှာနှင့် မှန်အပ်ထားလျက် စင်းကျနေသော နှာတံကလေးကို သုံးလေးခေါက်မျှ တည့်တည့်၊ ဘေးစောင်းလုပ်ကြည့်နေသည်။ သုံးလေးခေါက်စလုံး တည့်တည့်၊ ဘေးစောင်းကြည့်နေသည်။ သုံးလေးခေါက်စလုံး နှစ်သိမ့်သွားလေ၏။

ကောလိပ်ကျောင်း၌ အမည် မသိသော သူများက မူမူ့ကို နှာတံပေါ်ပေါ်နှင့်ဟု ဝိသေသအထူးအမှတ်အသားပြု ပြောကြတာ ဘယ်တော့များမှ မမေ့၊ မှန်ကြည့်တိုင်း အမှတ်တရရ ရှိသည်။

ကျောင်းထွက်မှ အိမ်တွင် နေ့ရှိသရွေ့ စားပြီးအိပ်၊ အိပ်ပြီးစား ရှိရ၍ ပုံပန်းပျက်စွာ အလွန် ဆူဖြိုးနေသော ကိုယ်လုံးကိုယ်ထည်ကြီးကို နည်းနည်းလေးမှ စိတ်တိုင်းမကျသည်မှ တစ်ပါး ဘယ်တော့ကြည့်ကြည့် လှနေသော မျက်နှာ၏ အလှကို အားထားဆုံး ဖြစ်ပေသည်။

မူမူ၏ အကြည့်သည် မျက်ခုံး မျက်လုံး နှာတံမှ ဆင်းလာခဲ့ကာ နှုတ်ခမ်းပေါ်တွင် ဝဲနေလေ၏။ မူမူသည် နှုတ်ခမ်းကလေးကို စိမ်ပြေနပြေ ကြည့်နေရာက ခုတင်ဘေး၌ ရှိသော စားပွဲခုံဘက်သို့ ဆက်ခနဲ လှည့်ကြည့်လိုက်သည်။

စားပွဲခုံပေါ်၌ ကိုဘမောင်၏ အမှုတွဲများမှာ အနေနေ့ အရက်ရက်မှာ အတိုင်း ဖရိုဖရဲ ပုံယိုင်လျက် ရှိနေ၏။ ကိုဘမောင်၏ ဆေးပြင်းလိပ်တိုများနှင့် ပြာပုံသည်လည်း ပြန့်ကျဲလျက် ရှိနေ၏။ မနေ့ညက အိပ်ရာဝင်ခါနီး စားထားကြသော မြေပဲလှော်ခွံများမှာ ခုံပေါ်၌ ပွမွလျက် မနေ့ညက ပုံ အတိုင်းပင်။ ပုရွက်ဆိပ်များသည် မြေပဲခွံတွေထဲ၌ တပျော်တပါးကြီး အုံဖွဲ့ ပြေးလွှားနေကြရင်း တစ်နေရာ၌ ရှိသော ကွမ်းယာထုပ်ထဲသို့ လမ်းမှားရောက်သွားကြရာမှ တသီတတန်းကြီး ပြန်ပြေး ထွက်ကြလျက် နှုတ်ခမ်းပြတ်သပ်နေသည့် နှီးခွက်စုတ်တင်ထားသော ရေတကောင်းအိုးတွင် ကြောင်လိမ်လှေကား တက်သလို ကွေ့ပတ်ပြေးဖက် တက်နေကြလေသည်။ ရေခွက်ထဲ၌ တစ်ဝက် ခွေနေသော စံပယ်ကုံးသည် ညှိုးဝါးနေသော တစ်ဝက်မှာ ရေတကောင်းပေါ်သို့ ကြိုးစ တန်းလန်းနှင့် တွဲလောင်းကျလျက် ရှိသည်။

ဘားမားစတား၊ တိုင်းရင်းမေ၊ စုံထောက်ဝတ္တု၊ ဟောလီဝုဒ်၊ ရုပ်ရှင်စာစောင်များကား နှစ်နှင့် ချီ၍ ခုံပေါ်၌ ဖုတ်လူးနေကြလေသတည်း။

မူမူသည် စားပွဲခုံသို့ လှည့်ကြည့်လိုက်သော အခါ ခုံပေါ်၌ မြင်မကောင်းအောင် စုပေါင်းနေသော ဤအရာတွေကို မမြင်လေသည်၊ မြင်လေသည် မဆိုနိုင်။ မက်စ်ဖတ်တာကုမ္ပဏီမှ လက်ဆောင်ပေး၍ စားပွဲပေါ်၌ ထောင်ထားသော ရုပ်ရှင်မင်းသမီး ‘ဂျက်နက်လေး’ ၏ ပုံကားကို ကွင်းကြည့်လိုက်သည်။

နှုတ်ခမ်းရဲရဲ ဆိုးထားသော ရုပ်ရှင်မင်းသမီး ဂျက်နက်လေး၏ နှုတ်ခမ်းလေးကို စိုက်ပြီး ကြည့်လျက် သူ့နှုတ်ခမ်းလေးနှင့် ဆင် မဆင်၊ တူ မတူ မှန်ထဲ လှည့်ပြီး ယှဉ်ကြည့်နေသည်။ အပေါ် နှုတ်ခမ်းသည် ခလယ်၌ ချိုင့်ကာ အထက်သို့ ခုံးမို့ပြီး ကျသွယ်ရှူးလျက် အောက်နှုတ်ခမ်းသည် ပွင့်အာလန်ကျနေသော နှင်းဆီဖတ်နှင့် တူရမည် ဖြစ်သည်။

ဘာပြောပြော မျက်နှာပဲ စိတ်တိုင်းကျသည်။ မျက်နှာပဲ ကျေနပ်သည်။ သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာမှ အရေးထားစရာ မဟုတ်။ ဘယ်လိုနေနေ၊ ဘယ်လိုဝတ်ဝတ် လှသည် ချောသည်ပင် ဖြစ်ရမည်ဟု စိတ်ချယုံကြည်လိုက်သည်။

မူမူသည် မှန် ဝအောင် ကြည့်ပြီး နဖူးပေါ်၌ ကောက်လိပ်ကျနေသော ဆီနှင့် မထိရသည့် လှိုင်းဆံပင်ကို ကောက်သထက် ကောက်စိတ်စေရန် ဝိုင်ယာကြိုး နှင့် လုပ်ဖို့အတွက် ဝိုင်ယာကြိုး လိုက်ရှာလေ၏။ မှန်ခုံမှာ ရှေးရှေးကပုံစံ ဘဲဥပုံသဏ္ဍာန် မှန်တွင် သစ်သားပန်းပွင့်များ ဖြင့် ထွင်းကွပ်ထားသည်။ ဆွဲအံလေးနှစ်ခု မှန်အောက်၌ ရှိ၏။ ဆွဲအံလေးနှစ်ခုကို ဖွင့်ရှာရာတွင် အထဲ၌ ပစ္စည်းများ ပြည့်ကြပ်နေလေ၏။ ပြည့်နေသော ပစ္စည်းများမှာ ဘာတွေ မှန်းကျကျနန မမှတ်မိ။ တစ်ခါမှလည်း မရှင်းကြည့်၍ ဘာတွေမှန်း သေသေချာချာ မပြောနိုင်ချေ၊ ဓာတ်မီးခဲကြိုး ၊ ဝိုင်ယာကြိုးသာ အတွင် ရှာသည်။ အထက်အံဆွဲငယ်လေးနှစ်ဖက်၌ မတွေ့၍ ခုံအောက်က အံဆွဲကြီးကို ဆွဲဖွင့်လိုက်သည်။

အံဆွဲထဲ၌ စိတ်ရှိလက်ရှိ မွှေရှာပစ်လိုက်ရာ ကိုဘမောင်၏ အပေါ်အင်္ကျီ၊ ကြိုးသိုင်း ခုံမြင့်ဖိနပ်နှင့် လိပ်ထွေး လုံးပတ် ရှုပ်ပွသွားလေ၏။။

အောက်အံဆွဲကို ဖွင့်ရှာပြန်သည်။ ချည်ထဘီ၊ ထဘီ တစ်ပတ်ရစ်တွေ ထိုးသိပ်ထည့်ထားပြီး အံဆွဲနှင့် ညပ်နေသည်။ အံဆွဲမှာ တော်တော် နှင့် ဖွင့်မရ၊ အားထုတ်ပြီး ဆောင့်ဆွဲဖွင့်တော့မှ ပွင့်တော့၍ ချွေးကျလာသည်။

ဆံပင်လိပ်ရန် ဝိုင်ယာကြိုးကို အပူတပြင်း ရှာတော့မှပင် အံဆွဲထဲ၌ ယခင်လက မသန့်မရှင်းသော ထဘီများ မလျှော်ရသေးဘဲ ခေါက်ထိုးထည့်ထားတာ သွားတွေ့ မိသည်။ တစ်နေ့မှပဲဟု စိတ်မှတ်ထားလိုက်သည်။ အံဆွဲတစ်ခုလုံး မွှေဖွကြည့်သော်လည်း ဝိုင်ယာကြိုး ကို မတွေ့သဖြင့် စိတ်အိုက်အိုက်နှင့် ပြန်ဆောင့် ပိတ်ပစ်လိုက်သည်။

မှန်ခုံပေါ်၌ ရှိရှိသမျှ ဘူး ခွက်တို့ကို ဖွင့်မှောက်ရှာသည်။ ရေမွှေး၊ ပေါင်ဒါ၊ ခေါင်းလိမ်းဆီ၊ မိတ်ကပ် စသော မက်စ်ဖတ်တာဆက်များ ခုံပေါ်၌ ရှုပ်ယှက်ခတ်သွားတော့မှ ဝိုင်ယာကြိုး ဘယ်မှာ ရှိမှန်း သတိရလေသည်။ မူမူသည် ခေါင်းအုံးအောက်၌ ပြေးယူလေသည်။

ကိုဘမောင်သည် ဒုန်း ဒိုင်း အသံဗလံများကြောင့် နိုးသွားသော ပတ်လက်လှန်လိုက်လေသည်။ မူမူသည် ဝိုင်ယာကြိုး ယူရန် ခေါင်းအုံးကို မဖယ်ပစ်လိုက်ရာ ကိုဘမောင်၏ မျက်နှာပေါ်သို့ အုပ်ကျသွားသည်။

“ဟေ့ ဘာလုပ်နေတာလဲကွ”

ကိုဘမောင်သည် မျက်နှာပေါ် ကျလာသော ခေါင်းအုံးကို ခြေရင်းဘက်သို့ ပစ်လိုက်ပြီးနောက် အာလေး လျှာလေးသံကြီးဖြင့် မေးလိုက်သည်။

“ထလေ ကိုရဲ့ ၊ ငါးနာရီ ထိုးတော့မယ်၊ ည ပါတီသွားရမှာ”

ကိုဘမောင်မှာ အိပ်ရေး မဝသေးချေ၊ ညနေ ၆ နာရီမှ ထကာ ရေချိုး၊ အဝတ်လဲလည်း မူမူကို သူက စောင့်ရဦးမှာ မြင်ယောင်သေးတော့၍ မထဘဲ ပြန်မှိန်း အိပ်ပြန်လေသည်။

မူမူသည် ရှေ့၌ ကျနေရမည် လှိုင်းဆံပင်ကို ဝိုင်ယာကြိုး နှင့် ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌ ကွေးစုထားလိုက်ပြီးနောက် ဆံပင်ကို ခပ်မြင့်မြင့်ဖီး၍ လိပ်ခွေထုံးလိုက်လေသည်။ ခေါင်းဖြီးပြီး အင်္ကျီများ ချွတ်ကာ ထဘီရင်ရှားလေ၏။

ရေမချိုးမီ ညပွဲဝတ်သွားမည် အင်္ကျီထဘီများ အသင့်ထုတ်ထားရန် ရှိသေး၍ ခုတင်အောက်က သားရေသေတ္တာကြီးကို ဆွဲထုတ်ယူလိုက်လေသည်။ သားရေသေတ္တာ အဖုံးပေါ်၌ လက်တစ်လုံးလောက် ဖုန်တက်နေပုံမှ ပေါင်မုန့်ပေါ်၌ ထောပတ်ထူထူ သုတ်ထားသကဲ့သို့ ရှိ၍ မဖွင့်ခင် ဝှူးခနဲ မှုတ်ပြီးမှ ဖွင့်သည်။

အောက်က ခံဝတ်ရမည် အတွင်းခံ ပိတ်ထဘီ ညစ်မည်းမည်း မပေါ်နိုင်မည် နီညိုရောင် တရုတ်ဖဲလုံချည်ကို ဆွဲထုတ်ယူလိုက်သည်။ နီညိုရောင် လုံချည်နှင့် ဝတ်သွားမည် နိုင်လွန်ပန်းရောင် အင်္ကျီလက်တို၏ လည်ပင်းထောက်ကော်လံကုတ်တွင် ချေးများ ပေနေသည်။

မူမူသည် နိုင်လွန်အင်္ကျီဝတ်ပြီး မလျှော်ဘဲ ပြန်ခေါက်ထားလိုက်လျှင် ပြန့်ပြီးသားကြောင့် ဘယ်နှစ် ခါ ခေါက်မိလေသည်ပင် မမှတ်မိတော့။ ကုတ်က ချေးကြောင်းကြီး လျှော်ဖို့ သင့်ပြီးမှ ယူဆသည်။

အင်္ကျီလက်ရှည်ဝတ်လျှင် ပဝါချရမှာ ကြောက်သည်။ ပဝါချလျှင် အသက်ကြီးရုပ်ဆောင်သည်ဟု ထင်ထားသည်။ ညပွဲပဲ မမြင်ပါဘူးဟု အားတင်းလိုက်ကာ ကုတ်ချေးပေပေ နိုင်လွန်လက်ပြတ်တွင် ကြယ်စေ့တပ်လိုက်လေသည်။ သေတ္တာထဲ၌ ဘေးကြယ်စေ့တပ် ပုံကျကျ ဇာဘော်လီအင်္ကျီကို ရှာမတွေ ပြန်၍ စိတ်ရှုပ်သွားပြန်သည်။ နိုင်လွန်လက်တိုနှင့် ထဘီကို အိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီးနောက် သေတ္တာကို ခုတင်အောက်သို့ ပြန်တွန်းပို့လိုက်သည်။

မှန်ခုံအနီး၌ ထားသော ဒိုဘီခြင်းမှာ မလျှော်ရသေးသော အဝတ်များနှင့် လျှော်ပြီးသား မခေါက်ရသေးသော အဝတ်များ စုပေါင်းလုံးထွေးသိပ်ထည့်သိမ်းထားရာ အဝတ်ခြင်း ဖြစ်၏။ ဒိုဘီခြင်းထဲ၌ ဘေးကြယ်စေ့တပ်ဇာဘော်လီအင်္ကျီကို အဟောင်း တွေ့မလား၊ လျှော်ပြီးသား တွေ့မလား မသေချာ၍ ခေါင်းကြီးကြီးလျှင် တစ်ထည်ပြီး တစ်ထည် ဆွဲဖွရှာလေ၏။

ခြင်းထဲ၌ ကိုဘမောင်၏ မျက်နှာသုပ်ပဝါ၊ စွပ်ကျယ်၊ ရှပ်အင်္ကျီအဟောင်းအသစ်တို့သည် မူမူ၏ ထဘီ၊ အင်္ကျီ၊ လျှော်ပြီးသား မလျှော်ပြီးသားတို့နှင့် လုံးထွေး ပွသွားလေ၏။

ကိုဘမောင်မှာ ထဘီနှင့် မျက်နှာသုတ်ပဝါ လုံးနေလည်း ပြောသည့်ဆိုသည့် လူစားမျိုး မဟုတ်ချေ၊ လူအေးမှ တကယ် လူ့ရေခဲတုံးကြီး ဖြစ်သည်။ မကြာသေးမီက လသာဆောင် ဝရန်တာ၌ မူမူ၏ ထဘီရေစိုတစ်ထည် လွှားလှန်းထားရာ အတွင်းဝန်အိမ် မျက်နှာစာ ဝရန်တာ၌ ထဘီလှမ်းထားတာ လူမြင်မကောင်းလွန်းသဖြင့် ကိုယ်တိုင် ထဘီရုပ်လျက် ခုတင်ခြေရင်း၌ ပြောင်းလှမ်းပေးလိုက်သည်။

တံမြက်စည်း မကိုင်ချင်သော တက္ကသိုလ်ကျောင်းသူနှင့် လက်ထပ်ပြီးသည့်နောက်၌ အိမ်ထဲတွင် ဖုတ်ထ၍ ဖုတ်ထူထူ သဲရှပ်ရှပ်ဖြင့် နေသားကျနေလေ၏။ ဦးလေးအိမ်သို့ ပြောင်းခဲပြီးနောက် ဖုတ်တသောသော တက်နေသော အခန်းကို ဦးလေးအတွင်းဝန် မြင်သွားမှာ စိုးရိမ်စိတ်ဖြင့် အခန်းတံခါး အမြဲစောင့်ပိတ်ရာ၌ မပေါ့မလျော့ ဂရုစိုက်သည်။

ကိုဘမောင်သည် မယ်တက္ကသိုလ်ဘွဲ့ရ မိန်းမချော ရခဲ့ပြီးသည်နောက် အိမ်ထောင်ရေးကဏ္ဍ၌ သူ၏ စိတ်ကြိုက်သည် ပြီးဆုံးတိုင်သွား၏။

မူမူမှာ ကိုဘမောင်အား သူ့အလှဘွဲ့ကို ပေးအပ်ခြင်းဖြင့် အိမ်ထောင်ရေးတွင် တာဝန်ပြီးဆုံးတိုင် ထားလေသည်။

မူမူသည် အဝတ်ခြင်းထဲ၌ ဘေးကြယ်စေတပ် ဘော်လီအင်္ကျီကို ရှာရာမှ ကိုဘမောင် လျှော်ပေးထားမှန်း တွေ့ ၍ များစွာ ကျေးဇူးတင်သည်။ ဘော်လီအင်္ကျီမှာ မီးပူ မတိုက်ရသေးသဖြင့် တွန့်ကြေနေလေသည်။ အင်္ကျီကို မွေ့ရာပေါ်၌ ဖြန့်ကာ တွန့်ကြေသော နေရာများ ၌ လက်ဖနောင့်နှင့် ဖိပွတ်တိုက်ဖြန့်သည်။ ဘော်လီလက်ကြိုးမှာ မပြန့်လှ၍ ဆွဲဖြောင့်ကာ ဆေးဆိုးထားသော လက်မ လက်သည်းခွံရှည်ကြီးဖြင့် ကြိုးစပြန့်အောင် ဆွဲခြစ်ဖြန့်နေသည်။ သုံးလေးကြိမ် လက်သည်းနှင့် ခြစ်ရသေးသည်။ ဘော်လီကြိုးသည် လက်သည်းစွန်းနှင့် ငြိလျက် အရင်းမှ ကြိုးစ ပြတ်ထွက်သွားလေ၏။

အဲဒါမှ ခက်သည်။ မူမူ၌ အပ်နှင့် အပ်ချည်လုံးများ မရှိချေ။ အိမ်၌ အပ်နှင့် အပ်ချည်လုံး ဘယ်တော့မှ မရှိမှန်း အတတ်သိ၍ ဘယ်မှာ မှ မရှာတော့ဘဲ ပြတ်သွားသော လက်ကြိုး ကို ချိတ်ကလေးနှင့် တွယ်ချိတ်ဝတ်သွားရန် ပြီးစလွယ် စဉ်းစားကြည့်လိုက်သည်။

ချိတ် ဘယ်နေရာ ရှိမရှိ စဉ်းစားသည်။ ချိတ်ရှိမည် နေရာကို သိပ်မစဉ်းစားရချေ။ ဘယ်မှာ ရှိမှန်း ဒက်ခနဲ ခေါင်းထဲ ဝင်လာလေသည်။

ခုတင်၌ ထောင်ထားသော ဇာခြင်ထောင်ကြီး ပြဲနေ၍ ပြဲသည့်နေရာကို စုလုံးပြီး ချိတ်ကလေးနှင့် တွယ်ထားလေရာ ထိုချိတ်ကို ဖြုတ်ယူရန် ခုတင်မှ ခြင်ထောင်စကို ဆွဲချလိုက်လေ၏။

တစ်ရေး ပြန်မှေးအိပ်နေသော ကိုဘမောင်သည် ခြင်ထောင်စနှင့် မျက်နှာနှင့် ခပ်သွားပြန်၍ နိုးသွားပြန်သည်။

“ဘာတွေ လုပ်နေတာလဲကွ”

မူမူသည် ခြင်ထောင်ထဲ မျက်နှာဝင်လာသော ကိုဘမောင်ကို လှည့်မကြည့်အားဘဲ “ကတည်းကပဲ မထသေးဘူးလား” ဟု စိတ်မရှည်သံဖြင့် ပြန်ပြောသည်။

ခြင်ထောင်ကို ပြန်မတင်ခဲ့တော့ဘဲ အိပ်ရာပေါ်မှ ထဘီ၊ အင်္ကျီများကို ခြင်ထောင်ပြင်ဘက်သို့ ထုတ်ယူလျက် ဒိုဘီခြင်းပေါ်၌ ပုံချမလို ပြုပြီးမှ သတိရ၍ မချခင် ဖုတ်ကို တအားမှုတ်သည်။ ဇာဘော်လီလက်ကြိုး၌ ချိတ်ကလေး တွယ်ကပ်လိုက်ပြီးနောက် ရေချိုးခန်းသို့ ပြေးဝင်သွားလေသည်။

ကိုဘမောင်သည် ခြင်ထောင်ထဲ၌ မျက်နှာသွင်း၍ ပြန်မှိန်းနေရင်း ရေချိုးခန်းထဲမှ မူမူ၏ တေးသံကို ကြားရလေသည်။

ရေချိုးရင်း အသံဝဲဝဲနှင့် မေးရိုက်ကာ ဆိုနေသော တေးသံသည် မြန်မာသီချင်း မဟုတ်ပေ။ လန်ဒန်တံတားခေါ် အင်္ဂလိပ်တေးသီချင်း ဖြစ်သည်။ မူမူသည် အင်္ဂလိပ်သီချင်းမှ ဆိုချင်သည်။ အင်္ဂလိပ်အကလည်း ကျောင်းထွက်မှ ကတက်အောင် သင်ထားသည်။ ကပွဲသွားလျှင် ကိုဘမောင် မှ ငုတ်တုတ်ကြီး ထိုင်ကြည့်နေသည်။ မူမူသည် ဆရာဝန် တစ်ယောက်နှင့် တွဲ ကနေတုန်း ငုတ်တုတ်ကြီးထိုင်လျက် သမ်းဝေနေတက်သော ကိုဘမောင်ကို မေ့လျော့နေတော့သည်။

ရေချိုးခန်းထဲ၌ အင်္ဂလိပ်သီချင်းများ သံဝဲ သံတုန် သုံးလေးပိုဒ် သီဆိုပြီးလျှင် ရေချိုးခြင်းကိစ္စ ပြီးသွားလေ၏။ ညနေ ၆ နာရီလောက်တွင် မူမူ၏ မျက်နှာသည် ပန်းရောင်သွေး တက်လာလေပြီ။ မျက်ခုံးတို့သည် မည်းသွယ်နေချေပြီ။ နှုတ်ခမ်းကလေးသည် အင်္ဂလိပ်ရုပ်ရှင်သမီး ‘ဂျက်နက်လေး’ နှုတ်ခမ်းကဲ့သို့ တစ်ပုံစံတည်း ရဲရဲနီသွားချေပြီ။ လှိုင်းဆံယဉ်တို့သည် နဖူးပေါ်၌ လွန့်လိမ်ကောက်ကျလာကြသည်။ မှန်ခုံတိုင်၌ ညှပ်သွင်းထားသော ကတ္တီပါပန်းပွင့်နီနီကြီးကို ဖြုတ်ယူလျက် ဆံထုံးဘေး၌ ပန်လိုက်လေ၏။

ကိုဘမောင်သည် မူမူ သနပ်ခါးလိမ်းပြီး၌ အိပ်ရာက ထကာ ရေချိုးခန်းသို့ ဝင်သည်။ မူမူ အဝတ်အစား လဲနေတုန်း အောက်ထပ်သို့ ရောက်သွားသည်။ ကိုဘမောင်သည် အပေါ် အင်္ကျီ အဖြူ၊ ခဲရောင် ဘန်ကောက်လုံခြည် ဝတ်ဆင်ထားလျက် မူမူကို ထိုင်စောင့်ရင်း စားပွဲပေါ်မှ သတင်းစာကို ဆွဲဖတ်နေလေ၏။

••••• ••••• •••••

(၂)

သံရုံးရှေ့၌ လမ်းနှစ်ဖက်တွင် ကားများ ပိတ်ရပ်လျက် ရှိနေ၏။ သံရုံးအဝ၌ ကားကြီးတွေ များများ မြင်လိုက်၍ “တော်တော် လူစုံမယ်ပွဲပဲ” ဟု မူမူက ပြောလိုက်သည်။

သံရုံးထဲ ကားဝင်၍ ကားပေါ်မှ ဆင်းကြလျှင် စောင့်ရပ်ကြိုနေသော သံတမန်နှင့် သံတမန်ကတော် တို့က ဧည့်သည်တို့အား တစ်ဦးစီ လက်ဆွဲနှုတ်ဆက်လေ၏။

အဝင်ဝနှင့် မလှမ်းမကမ်းရှိ မြက်ခင်းကြီးပေါ်၌ လူအုပ်ကြီးကို တွေ့ရသည်။ လူအုပ်ကြီးမှ ဝတ်ကောင်းစားလှများ ဝတ်ဆင်လာကြလျက် ကိုယ်အစုနှင့် ကိုယ် မတ်တပ်၊ မတ်တပ်ဖြင့် ဝိုင်းဖွဲ့ ရပ်နေကြသည်။ လူအုပ်ထဲ၌ အဝတ်ဖြူများ ဝတ်ဆင်ထားကြသော ဘွို င်ကု,လားများသည် ဘိလပ်ရည်ခွက်များ ၊ အရက်ခွက်များ ဗန်းပေါ်တင်လျက် ကြိုက်ရာခွက်ကို လှမ်းလင့်ယူသောက်ကြရန် စောင့်ရပ် ကမ်းနေကြ၏။

မူမူသည် ဒေါက်မြင့်ကြိုး သိုင်းဖိနပ်ပေါ်အောင် ထဘီစကို ပင့်ဆွဲကာ အမေရိကန်ရုပ်ရှင်ထဲက မယ်ရီမွန်ရိုး လျှောက်ပုံမျိုး အတိုင်း လိမ်ဖယ်ဖယ်လျှောက်ခဲ့လေ၏။

အင်ဒိုနီးရှား သံအရာရှိကတော်သည် ပါတိတ်ဆင် ထဘီဝတ်လျက် ငွေချည်ထိုးဇာပဝါ လက်လက် စိမ်းစိမ်းကလေးကို ကျော၌ သိုင်းပတ်ချထားလေ၏။ အင်ဒိုနီးရှားကတော် နား၌ ပါကစ္စတန်ကတော် ရပ်နေသည်။ ပါကစ္စတန် သံအရာရှိကတော်မှာ အရွယ်သိပ်မကြီးသေး။ အိန္ဒိယ အမျိုးသမီးဝတ်စုံ ဆာရီကို ဝတ်ဆင်ထားသည်။ ပါကစ္စတန် သံအရာရှိကတော် အနီး ဆိုဗီယက် အမျိုးသမီး သုံးလေးဦး ရပ်နေသည်။ သူတို့သည် ပါးနီ နှုတ်ခမ်းနီဖြင့် လှပသော ဂါဝန်ရှည်ကြီးများ ဝတ်ထားကာ အင်ဒီးယား ငွေချည်းထိုးဆာရီပဝါများ ခြုံထားကြသည်။ မူမူသည် ၎င်းတို့ ဝိုင်းတွင် ရပ်မည်ဟု ကြံပြီးမှ တစ်ဝိုင်းသို့ မျက်စိရောက်သွားသည်။

ဗြိတိသျှသံရုံး၊ ပြင်သစ်၊ အမေရိကန်၊ သြစတြေလီးယား စသော မျက်နှာဖြူ၊ အရာရှိကတော်ကြီးများ၏ ဝိုင်း ဖြစ်သည်။

မျက်နှာဖြူကတော်များ ဝိုင်းထဲ၌ အမေရိကန်သံရုံးမှာ အသိကို မြင်လိုက်သည်။ မူမူ၏ အသိသည် ဖွေးဖြူနေသော ရင်ညွန့်တစ်ခုလုံး ဖော်ထားလျက် စိတ်လည်ကပ်ဆွဲထားသည်။ ဂါဝန်အနက် အရှည်ကြီးမှာ မြက်ခင်းပေါ်၌ ဝဲနေသည်။ မူမူ့ကို လှမ်းပြုံးလိုက်သည်။

ဆံပင်အလိပ်များ ငယ်ထိပ်၌ အမို့မို့ ခွေလိပ်လျက် လည်ပင်း၌ ပုလဲသွယ်သုံးဆင့် ဆင့်၍ ဆွဲထားသော ဂါဝန်ရှည်အဖြူ၊ ပိုးလက်စွပ်အိတ်အနက်ဖြင့် သူတို့ ဝိုင်းထဲတွင် အရပ်အရှည်ဆုံး အမျိုးသမီးကြီးသည် ရာသီဥတုအကြောင်းကို ပြောပြနေလေ၏။

မူမူသည် သူတို့ဝိုင်းထဲ ဝင်ရပ်လိုက်၏။ ကိုဘမောင်မှာ အသိများနှင့် တွေ့ဆုံရန် သောက်ဝိုင်းမျာ၌ လိုက်ရှာနေသည်။ မူမူသည် ဝိုင်းထဲ ရပ်မိလျှင် မျက်နှာဖြူအမျိုး သမီးအားလုံးနှင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။

နှုတ်ဆက်ပြီး ရာသီဥတုအကြောင်းပဲ လိုက်ရောပြောသည်။ စကားပြောနေရင်း ဘေးချင်းကပ်ဝိုင်းမှ မြန်မာအမျိုးသမီးဝိုင်းမှ မြန်မာအမျိုးသမီးများ ဆီသို့ လှမ်းကြည့်လေသည်။

မီးရောင်ထဲဝယ် မြန်မာအမျိုးသမီးဝိုင်းမှာ ပဝါရောင်စုံဖြင့် ဣန္ဒြေရရ တွေ့ရ၍ ပဝါမချဘဲ လက်တိုအင်္ကျီနှင့် လာခဲ့တာ သိပ်မကောင်းလှဟု စဉ်းစားမိသည်။ လူအုပ်ထဲ၌ ကျောင်းနေဘက် မင်းကြီးကတော်ကို မြင်လိုက်၏။ မူမူသည် လှမ်းပြုံးလိုက်သည်။

မူမူသည် ရှမ်းပြည်နယ်၊ ကလော၊ တောင်ကြီးမြို့များ ၏ သာယာအေးမြသော ရာသီဥတု အကြောင်းကို ဘိုသံပါပါ ပြောပြရင်း ဘွိုင်ကု,လားလာပေးသော ဗန်းထဲမှ ဝိုင်းခွက်ကလေးကို လှမ်းယူကာ နှုတ်ခမ်းနှင့် တေ့လိုက်လေ၏။

သံရုံးဝင်းထဲသို့ ကားကြီးများ တစ်စီးပြီး တစ်စီး ဝင်လာကြသည်။ ကားထဲမှ ဖိတ်လျှံကျလာသော ဝါနုနု ရွှေခက်ကလေးကို လှမ်းကြည့်ရင်း ခွတိုက်လိုက်သော အတွင်းခံ ပိတ်ထဘီညစ်ကို သတိရသည်။ ကိုဘမောင်မှာ ဘယ်ပိုင်းတွင် ရှိနေမည် မသိ။ နိုင်ငံခြားသွားမည် မေဂျာဖေသက်ကို လူအုပ်ထဲ၌ တွေ့လိုတွေ့ငြား ရှာကြည့်သေးသည်။

ဘွိုင်ကု,လား အနား လာရပ်ပြန်သည်။ မြည်းစရာ အကြော်အလှော်ပန်းကန်ထဲမှ မြေပဲကြော်ကို နှိုက်ယူမည် ပြုပြီးမှ လက်ရုပ်လိုက်သည်။ မတော်တဆ ချောင်းများ ဆိုးလာလျှင် အခက်ဟု ကျိတ်တွေးပူပန်ကာ ဝိုင်ခွက်ကို ခွက်မှောက်ချလိုက်ပြီးနောက် ဗန်းထဲ၌ ထည့်ပေးလိုက်သည်။

အင်္ဂလိပ်စကားပြော၍ အားရမှ ကျောင်းနေဘက် မင်းကြီးကတော် ဝိုင်းသို့ ကူးသွားလေသည်။ မူမူ ဝင်ရပ်လိုက်လျှင် မင်းကြီးကတော်သည် ဝင်းမင်းသန်း အမေရိကန်က အပြန် ဝန်ကြီးကတော် အတွက် လက်ဆောင်ယူလာသော အနွေးပဝါဖြူကြီး လှပကြောင့် ချီးကျူး ပြောနေသံကို နားစွန်နားဖျား ကြားလိုက်ရလေသည်။

မူမူမှာ ဟောလီးဝုဒ်က အမေရိကန်ဇာတ်လိုက် ဖြစ်ချင်နေသည်။ “ခရမ်းရောင် လွင်ပြင်” ကားအတွက် ဂရေဂရီပတ် မင်းသားနှင့် တွဲရန် ရုပ်ရှင်မင်းသမီး လျှောက်ချင်သည်မှာ တစ်ပိုင်းသေနေလေသည်။

မင်းကြီးကတော်သည် မူမူကို ဝတ်လုံတော်ရ မစ္စက်ဘမောင်ကတော် ဟု အားလုံးနှင့် မိတ်ဆက်ပေးသည်။ မူမူမှာ ပဝါ မချခဲ့မိ၍ ဝိုင်းထဲတွင် ရိုးတိုးရှန်းတန်း ဖြစ်နေသည်။ မင်းကြီးကတော်နှင့် စကားကောင်းနေခိုက် မူမူ နောက်မှ ကျောချင်းခိုင်း ရပ်နေသော အဒေါ်ကြီး တစ်ယောက်က ပခုံးလာကိုင်လိုက်သည်။ မူမူသည် လှည့်ကြည့်ကာ ပြုံးလျက် “အန်တီ မာရဲ့နော်” ဟု နှုတ်ဆက်ပြီး အန်တီဝိုင်းထဲသို့ ကိုယ်လှည့်ဝင်သွားသည်။

မူမူနှင့် မျက်နှာချင်းဆိုင် ရပ်နေသော အမျိုးသမီးသည် သူ့ဘေးရှိ ဝိသာခါ အမျိုးသမီးကြီး တစ်ဦးအား စိတ်ထက်သန်စွာ သူ့စကားကို သူ ဆက်ပြောလျက်ရှိသည်။

“တစ်နိုင်ငံလုံး အမြင်ကို မတော်ပါဘူး ဒေါ်ဒေါ်ရယ်၊ ကျွန်မဖြင့် လူအများ သွားလာနေတဲ့ ရုံးတွေ ၊ မီးရထားတွေ ၊ သင်္ဘောတွေမှာ အိမ်သာတွေ ဆေးတဲ့ ကြောတဲ့ အလုပ်နဲ့ တံမြက်စည်းလှည်းတဲ့ အလုပ်ကို အမျိုးသမီးအလုပ်သမား လူစုပြီး လိုက်ဆေးလှည့်ချင်တာပဲ၊ လမ်းတံမြက်စည်းလှည်း၊ အိပ်သာတွေ ဆေးတဲ့ အလုပ်ကို အမျိုးသမီးတွေပဲ လုပ်ဖို့ ကောင်းတယ်”

မူမူသည် သူ့ရှေ့က အမျိုးသမီး ပြောနေသော စကားကို နားထောင်ရင်း လူမျိုး တစ်ရာတစ်ပါးသွားသော မိလ္လာအိမ်သာမျိုးမှာ လိုက်ဆေးချင်သည်ဆိုသော အမျိုး သမီးကို ဘယ်သူများပါလိမ့်ဟု ရွံရွံရှာရှာ စိုက်ကြည့်သည်။ အမျိုးသမီး ကိုယ်၌ ခေတ်ဆန်ဆန် ဖက်ရှင်ကျကျ ဖိတ်ဖိတ်တောက်တောက် ဝင်ဆင်ထားလျက် သန့်ပြန့်သော အင်္ဂါရုပ် ရှိ၍ သူ့ရုပ်မှ သူ အားမနာ၊ သူ့စိတ်နဲ့ အောက်တန်းကျလိုက်တာဟု အတော် အထင်အမြင် သေးသွားသည်။

မတ်တပ် မတ်တပ်နှင့် စုဝိုင်းလျက် ရှိကြသော လူအုပ်ကြီးသည် ကပွဲပြမည့် နေရာသို့ ရွေ့လျားသွားကြသည်။ ပွဲခင်းရှေ့ဆုံး၌ ကြိမ်ကုလားထိုင်များ ချခင်းလျက် ဝန်ကြီးများနှင့် ဝန်ကြီးကတော်များ ထိုင်ကြသည်။ နောက်တန်းများတွင် ဆန်းကာဖီး ထင်းရှူးကုလားထိုင်ကလေးများ တန်းစီ ခင်းထားလေသည်။ မူမူသည် ပွဲခင်းသို့ လူအုပ်နှင့် ရောလျှောက်လိုက်လေ၏။

ယဉ်ကျေးမှု အဖွဲ့မှ ပွဲဦးထွက် တူရိယာပေါင်းစုံ တီးမှု တ်ပြသည်။ တယောသံမှာ စီမြည်လျက် သာယာညက်ညောလှသည်။ မူမူသည် နိုင်ငံခြားတီးမှုတ်သံဆို၍ “ ရော့ အင် ရိုး ” အသံမျိုးသာ နားထဲ၌ စွဲလျက် အခြားတီးမှုတ်သံတွေကို နားသောတ မခံယူတက်ချေ။ လူများစု တောအက တစ်မျိုးမှာ မျက်စိနောက်နေသည်။ ကချေသည်တို့၏ အဝတ်အစားသည် အမေရိကန်ဘဲလေး ကပွဲလောက် မခမ်းနားဟု အောက်မေ့သည်။

ယဉ်ကျေးမှု အဖွဲ့မှာ ဗြုန်းခနဲ မြန်မာသီးချင်းတစ်ပုဒ် ကောက်တီးလိုက်သည်။ တေးဂီတသံထဲ၌ တယောသံမှာ ထူးထူးခြားခြား၊ ညိုနွဲ့နေလျက် စန္ဒယားခေါက်သံမှာ နိုင်နင်းစွာ သာလှ ပီလှလေသည်။ မူမူသည် တီးဝိုင်းမှ မြန်မာသီချင်း ကျကျနန တီးပြနေကြပုံကို အံ့အားသင့်သွားသည်။ အဆိုပါလျှင် ပိုမို၍ မြိုင်ဆိုင် စည်ကားဖွယ်ရာရှိမည်ဟု တိုးတိုး လိုက်ဆိုပေးမိသည်။

မြန်မာသီချင်း ပြီးဆုံးသွား၍ မူမူသည် အများနှင့် ရောကာ စိတ်ရောကိုယ်ပါ လက်ခုပ်တီး လိုက်မိရာ နောက်ကျောတွင် ချိတ်နှင့် တွယ်ခဲ့သော ဘော်လီအင်္ကျီမှ ကြိုးသည် ပြုတ်ထွက်သွားလေသည်။

မူမူ ထိတ်ခနဲ ဖြစ်ကာ အမှတ်တမဲ့ အင်္ကျီထဲ လက်သွင်း၍ ဘော်လီကြိုးကို ကပျာကယာ ရှေ့သို့ ဆွဲယူလိုက်သည်။ ချိတ်တွဲလောင်းနှင့် ပါလာသော ကြိုးစမှာ လက်ပြင်ကို ဆွဲခြစ်ပါလာ၍ ပခုံးတွန့်သွားလေသည်။ ကြိုး ပြုတ်ထွက်သွားသောဘက်မှ အင်္ကျီစသည် အထိန်းမရှိ၍ အောက်သို့ လျော့ကျသွားရာ ရင်တစ်ပိုင်း ပေါ်နေသည်။

မူမူသည် ရင်ထဲ၌ တလှပ်လှပ် ဖြစ်နေ၏။ ချက်ချင်း မျက်လုံးတွေ ပြာလာသည်။ ခေါင်းထဲ သွေးရောက်လာလေသည်။ ကချေသည်ကလေးများ လိုက်ကာနောက်မှ ပြေးထွက်လာ၍ မီးမှိန် လိုက်မှပင် ရှေ့ ဆွဲချထားသော ကြိုးစဖျားမှ ချိတ်ကို စမ်းဖြုတ်ယူလိုက်သည်။ ကြိုးစကို လုံးထွေး၍ ကပျာကယာ ရင်ထဲသို့ ထိုးသွင်း ထည့်လိုက်သည်။

မူမူမှာ နောက်ထပ် လပ်ခုပ် မတီးရဲတော့ချေ။ အကြီးအကျယ် စိတ်အိုက်ကာ အနေရအထိုင်ရ ကျပ်လျက် ဘာတွေ ကဆိုနေကြမှန်း မကြည့်ချင်သလောက် စိတ်ပျက်နေသည်။

မူမူသည် အသက်ပင် ပြင်းပြင်း မရှူရဲတော့ဘဲ ချွေးကျလာသည်။ ပဝါ မချခဲ့မိသည့်အတွက် နောင်တကြီးစွာ ဖြစ်သည်။ ပဝါသာ ချခဲ့လျှင် ရင်ဘတ် လူမမြင်အောင် ဖုံးပေးနိုင်သည်။

ဆူညံနေသော တေးသံတို့သည် မူမူ့ကို ဝိုင်းလှောင်နေကြသည်။ မူမူမှာ စိတ်ချောက်ချားလာလေသည်။ ကချေသည်ကလေးတို့ ခုန်လိုက် ပေါက်လိုက်သည်ကို ရဲရဲ မကြည့်ရဲရှာ။ နောက်ထပ် ကြိုးများ ထပ်ပြုတ်သွားဦးမလားဟု အလိုလို စိတ်ထဲ၌ မလုံနိုင်အောင် ဖြစ်နေသည်။

မူမူသည် စိတ်မလုံ၍ ရင်ကို မသိမသာ ငုံ့ကြည့်ပြန်သည်။ တစ္ဆေသရဲကို မြင်ရသကဲ့သို့ ကျောထဲ၌ စိမ့်တက်လျက် ဖြေဖျားလက်ဖျားများ အေးစက်သွားလေသည်။

မူမူ၏ စိတ်သည် တစ်ချိန်လုံး အင်မတန်မှ ပင်ပန်းဆင်းရဲလျက် ရှိနေလေ၏။ ပွဲအပြီး ထကြ၍ လူတွေ မြင်တော့မှာ မတွေးဝံ့ဝံ့ လှိုက်ဖိုနေရှာပေသည်။

ငါ့အပြစ်၊ ငါ့အပြစ်၊ အပ်နဲ့ အပ်ချည်သာ အိမ်မှာ ဆောင်ထားရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး။ ငါ့ကိုက အင်မတန် ပေါ့ပျက်ပျက်နိုင်ပါတယ်။ ဘာမဆို ပြီးစလွယ်စေကြောင်း လုပ်လိုက်ချင်တာ ချည်းပဲ။ လုပ်ဦးလေ။ လုပ်ဦး ကဲ …။

မူမူသည် လက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အံကြိတ်ကာ သူ့ကိုယ်သူ ကျိတ်ပြီး ရန်တွေ့နေလေ၏။

မူမူသည် ဘော်လီအင်္ကျီလက်ကြိုးကို လက်သည်းရှည်ကြီးနှင့် ဆွဲခြစ်ဖြန့်နေသော အိပ်ခန်းထဲက မူမူ့ကို ပြန်ပြောင်း၍ မြင်မိလေသည်။ အိပ်ခန်းထဲ၌ မူမူသည် ယောက်ယက်ခတ်နေလေ၏။ ဝိုင်ယာကြိုး လိုက်ရှာရ၊ ဘော်လီလိုက်ရှာရ၊ ခြင်ထောင်ချပြီး ချိတ်ဖြုတ်ရ ..။

မူမူသည် သူ့ရှေ့၌ ပြနေသော ယဉ်ကျေးမှု ကပွဲ အစား အခန်းထဲ၌ ဗြောင်းဆန်အောင် ဖွကာ ဘရုတ်သုတ်ခ ကပြ အသုံးတော်ခံနေသော မူမူ၏ ပုံပန်းသဏ္ဍာန်နှင့် လုပ်ပုံကိုင်ပုံများ၊ အကွက်စေ့စေ့ တစ်ခန်းပြီး တစ်ခန်းပြသနေသော မူမူ၏ ဇာတ်ထုပ်ကို မူမူ ကြည့်နေရ၏။ နေ့စဉ် နေခဲ့သော ဖုတ်အလိမ့်လိမ့်တက်နေသော အိပ်ခန်းကြီးကို ယခင်က မမြင်မိခဲ့ဘဲ ပွဲထဲကျမှ ရှုပ်ယှက်ခက်ကာ ဖုတ်လူးနေသော အိပ်ခန်းကြီးကို မြင်မိတော့သည်။

မှန်ခုံဆွဲအံ ဖွင့်လိုက်၍ ယခင်လက ထည့်ထားသော မသန့်မရှင်းသော ထဘီခေါက် ထွက်လာသည်။

မူမူသည် လူပေါင်းစုံ သွားသည့် အိမ်သာတွေ လိုက်ဆေးကြောပေးချင်သည်ဆိုသော အမျိုးသမီးကို ဖျက်ခနဲ သတိရကာ ရှေ့နှစ်တန်းသုံးတန်း အကျော်၌ ထိုင်ကြည့်နေသော အမျိုးသမီး၏ ကျောပိုင်းကို လှမ်းကြည့်လိုက်သေးသည်။

“ငါ့လောက် ပစ်စလက်ခတ်နိုင်တဲ့မိန်းမ မရှိဘူး။ လှည်းကျင်းပြီး သန့်သန့်ပြန့်ပြန့် စည်းနဲ့ကမ်းနဲ့ နေချင် ထိုင်ချင်တဲ့ စိတ်မျိုး တစ်စက်မှ မရှိဘူး။ အားအားရှိ ကျောစန့်ချင်တာပဲ၊ လဘော်သရေ နေချင်တာပဲ၊ ငါသာ မိန်းမပီပီသသ စိတ်ရှိရင် ဒီလို ဖြစ်မှာ မဟုတ်ဘူး”

မူမူသည် ခုံတန်းရှေ့က အမျိုးသမီးကို စောစောက ရွံရှာမိသည်ထက် သူ့ကိုယ့်သူ အစစအရာရာ စိတ်ပျက်လျက် တစိမ့်စိမ့် ရွံရာနေတော့လေသည်။

ပွဲအပြီး မီးများ လင်းထိန်လိုက်၍ လန့်ဖျပ်သွားကာ ဘော်လီကြိုး ပြုတ်သည့်ဘက်က ချိုင်းအောက်က အင်္ကျီစကို အထက် မြှင့်တင်လိုက်သည်။ လုံးထွေးထည့်လိုက်သော ကြိုးစသည် တွဲလောင်းထွက်ကျလာသည်။ မူမူသည် လက်ပြင်ကိုင်းလျက် ကု,လားထိုင်တန်းလျားမှ ဘေးစောင်းထွက်လာရင်း ကြိုးစ ပြုတ်သော ဘက်ကို လက်မောင်းလုံးကြီးနှင့် အားရှိသလောက် ကပ်ဖိထားလေသည်။

ကိုဘမောင်သည် အတွင်းဝန်လေး တစ်ယောက်နှင့် မီးတိုင်အောက်ရှိ မူမူ့နားသို့ ရောက်လာသည်။ အတွင်းဝန်လေးသည် မူမူအား ပြုံး နှုတ်ဆက်ကာ လူအုပ်ကြီးထဲ၌ သူ့မင်းကတော်ကို ရှာဖွေကြည့်နေလေသည်။

ကိုဘမောင်သည် မူမူ၏ ရင်ဘတ်ကို ကြည့်လိုက်မိကာ မျက်လုံးမျက်ဆန်ကြီး ပြူးသွားလေသည်။

“ဟေ့ မင်းအထဲက ဘောလီအင်္ကျီကြိုး ပြုတ်နေပြီ၊ ကြိုး စကြီးလည်း ကျလို့”

အထိတ်တလန့်ဖြင့် မူမူ့နားသို့ ကပ်၍ ခပ်တိုးတိုး ပြောလိုက်သော ကိုဘမောင်၏ အသံကို အနားရှိ အတွင်းဝန်မင်း ကြားချင်လည်း ကြားပေလိမ့်မည်။

မူမူသည် ပူထူပြီး မျက်နှာပျက်ပျက်ဖြင့် နှုတ်ခမ်းကလေး စူကာ မကြားတကြား ပြန်ပြောလိုက်သော အသံကို အနားရှိ အတွင်းဝန်မင်း ကြားချင်လည်း ကြားပေလိမ့်မည်။

“ကိုကလည်း အမေရိကန် ရုပ်ရှင်မင်းသမီးတွေလည်း ဒီလိုပါပဲ၊ တချို့ ကြိုးတောင် မပါဘူး”

မူမူသည် ဟန်လုပ်၍ ပြောမည့်သာ ပြောလိုက်ရသည်။ သူ့ခြေထောက်အောက်က မြေကြီးသည် ဟတ်တက်ကြီး ကွဲသွားကာ သူ့အား လူတွေ မမြင်စေရန် တစ်ခဏလောက် မျိုငုံ ထားလိုက်စေချင်လှတော့သည်။

▢  ဂျာနယ်ကျော်မမလေး
📖 ရှုမဝ မဂ္ဂဇင်း
      ဧပြီ ၊ ၁၉၅၈

No comments:

Post a Comment