❝ ပိုးဟပ်ဖြူမလေးနှင့် ပြားခြောက်ဆယ် ❞
▢ သဲအိမ်မောင်နေဝါ
အမြဲတမ်းလိုလိုတော့ မဟုတ်။ တစ်ခါတစ်ခါတွင် အသက် ဆယ့်သုံးနှစ်ပြည့်စအရွယ် ကောင်မလေး တစ်ယောက်က သူ့ဘဝနှင့် ပတ်သက်ပြီး ဘာမျှ မသေချာ မရေရာလှသော အိပ်မက်ထဲ၌ စမ်းတဝါးဝါး လမ်းလျှောက်သွားနေရသလိုလိုပင် မောဟိုက် စိုးထိတ်နေလေသည်။
••••• ••••• •••••
၁။
ကောင်မလေးသည် အိပ်ခန်းကျဉ်းကျဉ်းကလေး၏ အလယ်တည့်တည့်တွင် ရပ်လျက်ရှိသည်။ သူ ရပ်၍ နေပုံမှာ လျော့ရိလျော့ရဲ နိုင်လွန်းလှသည်။ ခြေမနှင့် ခြေချောင်းကလေးများကို ကွေး၍ ကြမ်းပြင်ကို အဓိပ္ပာယ်မဲ့ ကုတ်ခြစ်နေသည်။ သူသည် ခေါင်းကို ငုံ့၍ စပ်ထဘီကလေးကို ပြန်ပြီး ငေးကြည့်သည်။ သူ တွေးနေလေသည်။ အပြင်ဘက်မှာ လေတိုးနေသည်။ တံခါးရွက်ပိတ်သံ ဂျိုင်းခနဲ မြည်သွားသည်။ ကောင်မလေးသည် ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ သူ့ဆံပင်ပျံ့ပျံ့ကလေးပင် လွင့်ဖွာသွားလျက် ပြတင်းတံခါးတစ်ချပ် ပိတ်နေသည်။ သူ့အကြည့်မှာ အပြင်ဘက်က နှင်းထဲကို နစ်ဝင်နေလေသည်။ အိမ်အပြင်ဘက်မှာ နှင်းကလေးတွေ မှုန်ဝေလျက်ရှိသည်။ မှုန်ရီနေသော နှင်းများထဲ၌ သရက်ကိုင်းဖျား ညိုညိုကလေးက တလှုပ်လှုပ်နှင့်။ ငှက်ကလေးအသံ။ အိမ်ခေါင်းရင်း ပေါက်ပန်းဖြူပင် ကိုင်းဖျားပေါ်ကလား၊ ဒါမှမဟုတ် ခြံထောင့်၌ ရဲရဲညွတ်ဝေလွင်အောင်ပင် ပွင့်နေတော့မည့် စက္ကူပန်းချုံတွေကြားထဲကပဲလားလည်း မသိ။ ငှက်ကလေးတွေ၏ ချိုရှရှ အသံများကို မပီမသ ကြားနေရသည်။ ဟော...အမှတ်မထင် သူ့ ရင်ခုန်သံများ မြန်သွားသည်။
‘ငှက်ကလေးတစ်ကောင်ရယ်’ တိုးဖျော့လွန်းသော အသံမှာ သူ့ ရင်ထဲမှ ထွက်မလာခဲ့။ ကောင်မလေးသည် လက်သည်း ဖျားကလေးကို သွားတက်ကလေးနှင့် ဖိကိုက်ရင်း စာငှက်ကလေးကို စိုက်ကြည့်နေလေသည်။ ငှက်ကလေးသည် ပြတင်းဝအနီးတွင် အတောင်ပံ တဖျပ်ဖျပ် ရိုက်ရင်း လေထဲ၌ပင် တွဲခိုနေသလိုလိုနှင့် ခဏနေလျှင်တော့ စာငှက်ကလေးသည် တံစက်မြိတ်မှာ တွဲကျနေသည့် ဓနိစကလေးကို ကိုက်ချီရင်း နှင်းထဲသို့ တိုး၍ ပျံပြေးသွားသည်။ သူသည် အသက်ကို ဝဝဖီးဖီး ရှူကြည့်သည်။ ရင်ဘတ်ထဲက အောင့်တတ်နေ မှန်းကို သိလည်း သူ မအံ့သြမိ။ ရင်ထဲမှ ဟာနေသလိုလိုတော့ ထင်သည်။ စိတ်ဝင်စားစရာ တစ်စုံတစ်ခုကိုတော့ မတွေ့ရချေ။ သူ့စိတ်နှလုံးသားမှာလည်း လေထဲက အနံ့အသက်တစ်ခု ကဲ့သို့ပင် ပျံမျောလွင့်ပါးနေပြန်သည်။
ကောင်မလေးသည် ချုပ်ရိုးပြုတ်ထွက်၍ အောက်ဘက်သို့ တစ်တောင်လောက်နီးနီး တွဲလောင်းတန်းကျနေသော စပ် ထဘီ၏ အထက်ဆင်စကလေးကို လက်ညှိုးရစ်ပတ်နေလေ သည်။ သူသည် ဘာရယ်လို့ မဟုတ်ဘဲ ရှင်မီးအင်္ကျီကလေးကိုပင် ငုံ့ကြည့်လိုက်သည်။ ရှင်မီးအင်္ကျီမှာ တစ်ခါတုန်းက (ဟိုးခပ်ဝေးဝေးမှာ ကျန်နေရစ်ခဲ့သော တစ်ခါတုန်းက) အဖြူရောင် သန့်သန့်လွင်လွင် အသစ်ကလေး ဖြစ်ခဲ့ဖူးလေသည်။ ကောင်မလေးသည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုရှင်မီးအင်္ကျီနှင့် ကျောင်းတက်ခဲ့ရဖူးသည်တို့ကို မထင်မှတ်ဘဲ သတိရလာတော့သည်။ နှင်းတွေက လေနှင့်အတူ လွင့်ပါးနေလေသည်။ သူသည် သက်ပြင်းကို အသာအယာချလိုက်သည်။ ယခု သူသည်လည်း ကျောင်းနေရသည် မဟုတ်တော့။ သူ့အမေက သူ့ကို မူလတန်းကျောင်းမှ ထုတ်ထားခဲ့သည်မှာလည်း ကြာပြီပဲလေ။ “ထုံတုံတုံ အတတ ကောင်မလေးရယ် ... ညည်း ကျောင်းနေလို့လည်း သိပ် ထူးလှမယ်တော့ ငါမထင်ပါဘူးဟယ်” လို့ အဲဒီတုန်းက အမေ ပြောခဲ့သော စကားကိုလည်း ကောင်မလေး မှတ်မိနေလေသည်။ သူသည် နှင်းမှုန်များကို ငေးကြည့်ရင်းမှ ရုတ်တရက် ဆိုသလို အမေ့မျက်နှာကို မြင်ယောင်၍ လာပြန်သည်။ သူ့ မျက်လုံးထဲတွင် ဒေါသအဖြစ် လွယ်တတ်သော အမေ့မျက်နှာသည် ကြောက်စရာကောင်းနေတော့သည်။ သူ ပို၍ ကြောက်လာသည်။ ကောင်မလေးသည် ကမန်းကတန်း နောက်ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။ အတွင်းခန်းကို ကာရံထားသော ထရံတစ်ချပ်ကိုပဲ မြင်ရသည်။ ထရံပေါ်မှာ ဝါးခြမ်းစကလေးဖြင့် ညှပ်၍ချိတ်ထားသော အဖေ့အင်္ကျီ အပြာရင့်ရင့်ကလေး တစ်ထည်ရှိသည်။ ရုပ်ရှင်မင်းသမီးပုံပါသော ပြက္ခဒိန်စာရွက်မှာ အပေါ်တစ်ဖက်မှ ဝါးခြမ်းစကလေး ပြုတ်ထွက်၍ လန်ကျနေလေသည်။ အိမ်နောက်ဖေးမှာတော့ အမေ့ခြေသံ ခပ်ပြင်းပြင်းရှိသည်။ ကောင်မလေးသည် အိမ်ရှေ့ခန်းဘက်သို့ မျက်နှာကို ပြန်လှည့်လိုက်သောအခါ ပိုးအိမ်မျှင်တို့ဖြင့် ရှုပ်ထွေးမှိုင်းညိုနေသည့် အခန်းကျဉ်းကလေးအဖြစ် ပြန်မြင်နေရသည်။ ကြမ်းပြင်ပေါ်ကို ငုံ့ကြည့်လိုက်မှ လေးဖက်ထောက်၍ သွား တတ်ခါစ သူ၏ မောင်လေးကို တွေ့လိုက်ရသည်။ သူ မောင်လေးကို ကြမ်းပေါ်မှာ ချထားပြီး မေ့နေခဲ့လေသည်။ မောင်လေးက ဆော့ကစားလျက် ရှိသည်။ သူ ဆော့ကစား နေခြင်းမှာ ထရံကို မျက်နှာမူလျက် လက်ဝါးနှင့် လှမ်း၍ ပုတ် ကစားနေခြင်းမျိုးပင် ဖြစ်သည်။ ထိုကဲ့သို့ မောင်လေး ဆော့ ကစားနေခြင်းမျိုးကြောင့် ကောင်မလေးမှာ အန္တရာယ်မရှိနိုင်။ မောင်လေး မငိုဖို့ဘဲ အရေးကြီးလေသည်။ အကယ်၍ မောင်လေးက ငိုခဲ့လျှင် အမေ့ပါးစပ်မှ “ဟဲ့ ပိုးဟပ်ဖြူမ” ဟု အော်၍ ခေါ်လိုက်လိမ့်မည်။ သူ့ခေါင်းကိုလည်း လက်ခေါက်ကြီးနှင့် နာနာခေါက်လိမ့်မယ်။ တစ်ချက်လည်း မဟုတ်၊ အမေက သူ့ခေါင်းကို ခေါက်လျှင် နှစ်ချက် ဒါမှမဟုတ် သုံး,လေးချက် ဆင့်၍ ဆင့်၍ ခေါက်တတ်သည်။ အမှန်ပြောရလျှင် သူသည် မျက်ရည်ကျပြီး မငိုတတ်ချေ။ (အမေ့ရှေ့မှာတော့ သူသည် ဘယ်တော့မျှ မျက်ရည် မကျချေ။) သိပ်ပြီး ဝမ်းနည်း ဆို့နင့်လာလျှင်တော့ ခြံထောင့်မှာ တစ်ယောက်ထီးတည်းပဲ သွား၍ ထိုင်ငေးနေတတ်သည်။ ဒါမှမဟုတ် အစဖော် မရသော အတွေးတစ်ခုထဲမှာ ရှုပ်ထွေး၍ နေမည်။ ပန်းသွေးရောင်ရင့်ရင့် ပွင့်ချပ်ကလေးများကိုဖြစ်စေ တဖြည်းဖြည်းချင်း ဖဲ့ခြွေနေလေ့တော့ ရှိသည်။ အကယ်၍ သူ့အနီးအနားမှာ အနက်ရောင် ပူစီကလေးတစ်ကောင် ရှိနေခဲ့လျှင်တော့ ရင်၌ပင် ပွေ့ချီထား ရင်း စကားခပ်များများ ပြောတတ်သော လူတွေကို ရှောင်ရှားနေရဦးမည်။ အခုတော့ မောင်လေးလည်း အော်ဟစ်၍ ငိုနေသည်မှ မဟုတ်ဘဲလေ။ မောင်လေးက ထရံကို လက်ဝါး နှစ်ဖက်ဖြင့် လှမ်း၍ လှမ်း၍ ပုတ်နေဆဲ။
ကောင်မလေးသည် တံခါးရွက်တစ်ချပ် ပိတ်နေသော ပြတင်းပေါက်ကလေးဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့လက်က ထဘီအထက်ဆင်စကလေးကို လက်ညှိုးတွင် ရစ်ပတ်နေဆဲ။ နှင်းမှုန်ကလေးတွေက တစ်စတစ်စ ကျဲလျသွားပြီ။ တံခါးတစ်ချပ် ပွင့်နေသော ပြတင်းပေါက် အနီးမှာပင်လျှင် အရွက်များ သိပ်သည်းဝေစည်လှသော သရက်ကိုင်းတံဖျားသည် လေဖြင့် တလှုပ်လှုပ် ယိမ်းတွဲ့နေလေသည်။ ထိုကိုင်းတံမှာ အသီးကင်းကလေးများဖြင့် ညွတ်အိနေကာ လေတိုးရွှေ့လိုက်တိုင်းပင်လျှင် ပြတင်းတံခါးကို တဖျပ်ဖျပ် လာရိုက်နေတော့သည်။ သရက်ရွက်များလည်း ပြိုးပြိုးပြက်ပြက် လှုပ်ခတ်နေ၍ ကောင်မလေး၏ မျက်လုံးထဲမှာ အစိမ်းရောင်တွေ ခုန်ပေါက်မြူးထူးနေသလိုလိုပင် ထင်လာပြန်သည်။ အသေချာ ကြည့်လိုက်မှ အစိမ်းရောင် သစ်ရွက်များကြားထဲကို နှင်းမှုန်ကလေးတွေ ဝေဝေဝါးဝါး ရောထွေး လွင့်ပါးနေလေသည်။ ထိုခဏ၌ပင် အစိမ်းရင့်ရောင်အရိပ်များ ကစဉ့်ကလျား ပြိုပိကျလာသလိုလို ထင်ရစ်ရင်း နှလုံးအိမ်ထဲ စိမ့်ဝေမှိုင်းစွတ်၍ လာတော့သည်။ အမှန်ပြောရလျှင် ထိုမနက်ခင်းစောစော၌ သူသည် တစ်စုံတစ်ခုသော အတွေးထဲမှာ အာရုံတိုးဝင်နေလျက် ရှိသည်။ ထိုအတွေးကိုတော့ သူတစ်ယောက်တည်းသာ သိနိုင်လိမ့်မည် ထင်လေသည်။ ကောင်မလေးသည် ရုတ်တရက် ချောက်ချားအားငယ်သလိုလိုပင် ဖြစ်လာကာ ချောင်းကို အဆက်မပြတ် ဆိုးလိုက်မိသည်။ ချောင်းကို တဟွတ်ဟွတ် ဆိုးလိုက်၍ သူ့မျက်နှာကလေးများလည်း ရဲရဲနီတက်လာ သည်။ သူ မောနေလေသည်။ မျက်ဝန်းတစ်ခု၌လည်း မျက်ရည်ကြည်ကလေးများ ဝေသီနှောင်ဖွဲ့လာကာ သူ့မောင်လေးကိုပင် ခပ်ဝါးဝါးပဲ မြင်ရတော့သည်။ မျက်ရည်ကြည်များ စွတ်စိုနေသော မျက်လုံးဖြင့် သူ့လက်ညှိုးမှာ ရစ်ပတ်ရှုပ်ထွေး နေသည့် ထဘီအထက်ဆင်ကိုတော့ ထွေရီငေးမော၍ ကြည့်နေမိလေသည်။ အမှတ်မထင် အထက်ဆင်စကလေး၏ ချုပ်ရိုးကြောင်းများ ပိုမို ပြုတ်ထွက်လာတာကို မြင်လိုက်ရသောအခါ ကောင်မလေးသည် ထိတ်လန့်စိုးကြောက်၍သွားကာ အထက်ဆင်စကို ဖြေလွှတ်လိုက်မိတော့သည်။
“ဟဲ့ ပိုးဟပ်ဖြူမ၊ အမယ်လေးလေး ရပ်ပြီးများ အိပ်မက် မက်နေရတယ်လို့အေ”
ကောင်မလေးသည် ရုတ်တရက်ပေါ်လာသော အမေ့ အသံကြောင့် ထိတ်ထိတ်ပျာပျာဖြင့် နောက်ဘက်သို့ ကမန်းကတန်း လှည့်၍ ကြည့်လိုက်သည်။ အမေသည် မီးဖိုခန်းအဝမှာ ရပ်နေသည်။ ကောင်မလေး၏ မျက်နှာမှာ ဖြူဖပ်ဖပ်ကလေး ဖြစ်၍ သွားလေသည်။
“ညည်းနှယ်အေ အိပ်မက်များ မက်နေတာလား”
“မဟုတ်ဘူးအမေ”
“ဒါဖြင့်လည်း စဉ်းစားခန်းထုတ်နေတာပေါ့”
“ပြတင်းပေါက်ကို ကြည့်နေတာပါ အမေ”
အမေက သူ့ကို ငေးစိုက်စိုက်နှင့် ပြန်ကြည့်သည်။ သူက ခေါင်းကို ငုံ့လိုက်သည်။ အမေ့ခြေသံ ခပ်ပြင်းပြင်းကို သူ ကြားနေရသည်။
“ညည်းအရွယ်အေ သွက်သွက်လက်လက်နဲ့ ရှိဖို့ကောင်းပါတယ်” ဟု အမေက ပြောနေဆဲ။ သူက ဆံပင်ပုံပုံ ဖွာဖွာကလေးများ ကြားထဲကို လက်ချောင်းများ ထိုးသွင်းကာ ခေါင်းကို ကုတ်ခြစ်၍ နေလေသည်။ သူ ဝမ်းနည်းလာသည်။ သူ ငိုချင်နေသည်။ မောင်လေးက ဝါးခနဲ အော်ငိုလိုက်သည်။ မောင်လေးက အမေ့ကို မြင်၍ ဝါးခနဲ ဝါးခနဲ အော်ဟစ်ငိုရင်း မီးဖိုခန်းဆီသို့ လေးဖက်ထောက် သွားနေသည်။ သူသည် လက်ဝါးကလေး နှစ်ဖက်ကို ခပ်သာသာ ပုတ်တီးရင်း “မောင်လေးရေ...... လာလာ” ဟု လှမ်း၍ ခေါ်လိုက်သည်။
“မောင်လေးရေ...ဟိုးမှာဟေ့ ငန်းဖြူဖြူကြီးတွေပါ”
“ဟိုးမှာကွ နှင်းဆီပန်းနီနီကလေးတွေလည်း ပွင့်နေကြတယ်”
“မောင်လေးရေ... မမနဲ့ လာကြည့်စမ်းဟေ့။ ကောင်း ကင်ကြီးရယ် ပြာလို့၊ ငှက်ကလေးတွေရယ် ပျံနေကြတယ်”
မောင်လေး၏ ငိုသံမှာ တိုးတိတ်သွားလေသည်။ ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်ရင်း မောင်လေးက သူ့ကို လှည့် ၍ ကြည့်သည်။ သူ ရယ်လိုက်သည်။ မောင်လေးက လေထဲ မှာ လက်ကို ဆုပ်ချည်ဖြန့်ချည်လုပ်ရင်း တခစ်ခစ် ရယ်နေလေသည်။
“သွားကြည့်ကြရအောင်နော်...”
••••• ••••• •••••
၂။
ကောင်မလေးသည် မောင်လေးကို ချီ၍ ပြတင်းဝတွင် ရပ်နေသည်။
မနက်ခင်းစောစောကလေး၏ နေရောင်ခြည်သည် သရက်ရွက်များအပေါ်မှာ လက်ပနေလေသည်။ သရက်ရွက် များက လေထဲတွင် တဖျပ်ဖျပ် လှုပ်ခတ်လျက်ရှိသည်။ ငှက် ကလေးတွေက သရက်ကိုင်း တစ်ကိုင်းမှ တစ်ကိုင်းဆီသို့ ခုန်ကူးနေကြလေသည်။ မောင်လေးသည် ကောင်မလေး၏ လက်ထဲတွင် ယက်ကန်ယက်ကန် လုပ်နေသည်။ နေခြည်နုနု ကလေးမှာ မောင်လေး၏ လှုပ်လှုပ်ရွရွဖြစ်နေသော လက်ပေါ်သို့ ကျလျက်ရှိသည်။
ကောင်မလေးသည် ဟိုးခပ်ဝေးဝေးဆီမှ ငေးရီ၍ ကြည့်နေသည်။
ပြတင်းဝကနေ ဟိုးခပ်ဝေးဝေးကို လှမ်းကြည့်လိုက်လျှင် အညိုရောင်ရိုးပြတ် လယ်ကွင်းပြင်ကြီးကို မြင်နေရလေ သည်။ ရိုးပြတ်လယ်ထဲမှာ နှင်းမှုန်ကလေးများဖြင့် ဝေရီလျက် ရှိသည်။ ငွေဗျိုင်းဖြူတွေကို ရိုးပြတ်လယ်ထဲ၌ တစ်ကောင်စ နှစ်ကောင်စတော့ တွေ့နေရသည်။ ရေဝမ်းဘဲတွေများလား မသိ၊ ဟိုးအရှေ့ ဘက်အရပ် ဆိုတာကို ဂငယ်ပုံသဏ္ဌာန် ပျံသန်းသွားနေကြသည်။ ရိုးပြတ်လယ်ကွင်း၏ အလယ်တွင် ဖွဲနု ဆီစက်ရုံ ကလေးတစ်ခုသာ အထီးတည်း ရှိနေလေသည်။ ခေါင်းတိုင် မည်းမည်းကြီးတစ်ခုက ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ရိုးပြတ်လယ်၏ ဟိုမှာဘက် အဆုံးတွင် မီးရထားသံလမ်း ရှိသည်။ ရထားသံလမ်းကိုတော့ ထိုပြတင်းပေါက်ကနေ မမြင်ရချေ။ သိပ်ဝေးလွန်းလှသည်ဖြစ်၍ ရထားတစ်စင်း ဖြတ်သွားသည့်အခါ ခပ်ရေးရေးလောက်သာ မြင်ရလေသည်။ ရိုးပြတ်လယ်ထဲတွင် လူတစ်ယောက် သွားလာရုံ လမ်းဖုန်ဖုန်ကလေးသည်လည်း ဖွဲနုဆီစက်ရုံဆီသို့ ကွေ့ကာကောက်ကာ ဖြင့် ရောက်၍သွားသည်။
ကောင်မလေးသည် လမ်းဖုန်ဖုန်ကလေးဆီသို့ ငေးကြည့်နေသည်။
နားရွက်နှစ်ဖက် ထောင်နေသော ခွေးညိုကလေးတစ် ကောင်သည် ထိုလမ်းပေါ်တွင် ခုန်ဆွခုန်ဆွနှင့် ပြေးဆော့ ကစားလျက်ရှိသည်။ တစ်ခါတစ်ခါ တဝုတ်ဝုတ်နှင့်ပင် ဟောင် နေလိုက်သေးသည်။ ကွေ့ကောက်လျက်ရှိသော လမ်းကလေး ပေါ်တွင် လူ ဆို၍ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရချေ။ အခါတိုင်းဆိုလျှင် လူကြီးများသည် ထိုလမ်းကလေးပေါ် ကနေ စက်ရုံဆီသို့ သွားနေတတ်ကြမြဲဖြစ်သည်။ အဖေသည်လည်း ယခင်ကဆိုလျှင် ဖြည်းဆေးလေးကန်သော ခြေလှမ်းများဖြင့် ထိုလမ်းကလေးပေါ်ကနေ သွားနေတတ်ခဲ့သည်။ ရုတ်တရက် ထိုနေ့ကို တနင်္ဂနွေနေ့ဖြစ်မှန်း ကောင်မလေး သတိရလိုက်သည်။ ကနေ့တော့ လမ်းဖုန်ဖုန်ကလေးပေါ်မှာ လူရှင်းနေလိမ့်မည်။ အဖေက မနက်စောစောကြီး ကတည်းကပင် အိမ်မှ ထွက်သွားခဲ့သည်။ အခုတော့ အိမ်မှာ အဖေမရှိ။ အဖေ ဘယ်သွားသည်ကို ကောင်မလေး သိနေသည်။ ကောင်မလေးသည် ပြတင်းဝတွင် ရပ်ရင်း အဖေ့အကြောင်းကို တွေးနေမိလေသည်။ ယက်ကန်ယက်ကန် လုပ်နေသော မောင်လေးကို သူ ချော့နေရသေးသည်။ သူ့ ပါးစပ်ကလည်း အုံ့အုံ့အုံ့နှင့် အသံထွက်နေသည်။ မောင်လေးက မငို။ မနက် သူ အိပ်ရာကမထမီ အဖေနှင့် အမေ စကားများကြတာကို ဗြုန်းခနဲ သတိရလာပြန်သည်။ အမေက တစ်အိမ်လုံး သိမ့်သိမ့်ခါသွားအောင်ပင် ကြမ်းပြင်ကို ဆောင့်အောင့်၍ နင်းသည်။ အဖေကတော့ စကား နည်းသော လူကြီးတစ်ယောက်ပဲ ဖြစ်သည်။ အဖေသည် အဖော်မဲ့စွာ တစ်ယောက်တည်း နေလေ့ရှိသည်။ တစ်စုံတစ်ခုကိုတော့အဖေသည် အမြဲတမ်း တွေးနေသည်။ အဖေသည် သူ့ အလုပ်ထဲ၌ အချိန်ကုန်နေလေ့ရှိသဖြင့် တစ်အိမ်လုံးကို ဂရုမစိုက်အားချေ။ ဖွဲနုဆီစက်ထဲမှာ အဖေသည် အလုပ်ဆင်းရသည်။ အဖေ့ဆံပင်သည် တစ်ခေါင်း လုံးပင် ဆွတ်ဆွတ်ဖြူနေသည်။ အဖေသည် ယခင်က အရက်ကို တစ်ခါတစ်ရံမှသာ သောက်လေ့ရှိခဲ့သည်။ ယခုတော့ နေ့စဉ်လိုလို အရက် အနံ့အသက်များဖြင့် မူးယစ် ထုံဝေနေသည်။ အရက်ရည်တို့ဖြင့် မူးညစ်ညစ်ရှိနေသည့်အခါ၌ အဖေသည် မပီမသသော အသံနှင့် ဆဲရေးနေလေ့လည်း ရှိသည်။ အဖေသည် မီးမှောင်နေသည့် အိမ်ရှေ့ခန်းတွင် ပက်လက်လှန်ရင်း ကောင်းကင်၌ ပြန့်ကျဲနေသော ကြယ်ပွင့်ကလေးများကိုလည်း ငေးရီ၍ ကြည့်နေတတ်ပါသည်။ အပြင်က ကြယ်ရောင်အလင်းတစ်ဝက် တစ်ပြက်၌ အဖေ၏ မျက်လုံးတွင် အဓိပ္ပာယ် တစ်စုံတစ်ခုကို ရှာဖွေမရသကဲ့သို့ မှိုင်းညို့ဝေသီ နေလေသည်။ အဖေ အလုပ်မဆင်းသည်မှာ ရက်ပေါင်း သုံးဆယ် ပြည့်တော့မည်။ ဘာကြောင့်လဲတော့ ကောင်မလေး မသိ။ အဖေက အရက်ကိုတော့ ပိုမူးလာတတ်သည်။ အမေနှင့် လည်း ပို၍ ရန်ဖြစ်တတ်လာသည်။ တစ်ခါတစ်ခါ၌ အဖေ သည် မူးယစ်ရီဝေနေကာ ချောင်းကို ဟန့်ရင်း “ငါဟာ ဘာမှ မသေချာ မရေရာလှတဲ့ ကမ္ဘာလောကကြီးထဲမှာ နေထိုင်နေ တာပဲ” ဟုလည်း ပြောတတ်လေသည်။ တစ်ခါတစ်ရံ၌ “ငါ့မှာ အပြစ်မရှိတာကို ငါပဲ သိပါတယ်ကွာ” ဟု ပြောရင်း အဖေသည် အဝေးဆီသို့ ငေးနေတော့သည်။ တစ်ခါတလေ၌လည်း အဖေသည် တုန်အက်နေသော အသံဖြင့် သီချင်းကို အော်ဆိုနေရင်းမှ မူးမောပန်းဟိုက်ပြီး အိပ်ပျော်သွားလေသည်။ ခဏနေလျှင်တော့ မူးနေသော ခြေလှမ်းများနှင့် အဖေ ပြန်လာမှာကို ကောင်မလေး တွေးလိုက်မိသည်။ အဖေနှင့် အမေ ရန်ဖြစ်ကြလျှင် သူသည် ထိုအခါ၌ ခိုကိုးရာမဲ့ စိတ်များ စူးဝင်လာကာ စိတ်ဆင်းရဲခြင်းကို မောနစ်စွာ ခံစားရဦးတော့မည်။ အို... သိပ်စိတ်ညစ်စရာ ကောင်းပါလား။ သူသည် ပိတ်နေသော တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သည်။ တံခါးပတ္တာမှာ သံချေး စွဲနစ်နေ၍ ကျလိ..ကျလိ မြည်သံမှာ ကျယ်လောင်ကာ ထွက်လာသည်။ နေရောင်ခြည် နွေးနွေးကလေးမှာလည်း ကောင်မလေး၏ မျက်နှာတစ်ခြမ်းပေါ်သို့ ဖြတ်ကျလာလေသည်။
“ဟဲ့ ပိုးဟပ်ဖြူ မရဲ့၊ တံခါးကို ဆော့နေတာလား”
သူ့ကိုယ်ကလေးမှာ ဆတ်ခနဲ တုန်သွားသည်။ သူသည် “မဟုတ်ဘူးအမေ” ဟု ကမန်းကတန်း ပြောရင်း မီးဖိုခန်းလေးဆီသို့ လှည့်လိုက်သည်။ မောင်လေးက သူ့လက်ပေါ် တွင် ကော့ထိုးနေ၍ ကြမ်းပေါ်မှာ ချပေးလိုက်ရသည်။ အမေ ရှိရာကို မောင်လေးက လေးဖက်ထောက်၍ ခပ်သွက်သွက်ကလေး သွားနေသည်။ မီးဖိုခန်းမှ အနက်ရောင်ပူစီကလေး ခုန်ထွက်လာတာကို သူ လှမ်းမြင်လိုက်ရသည်။ အမေက မောင်လေးကို ကောက်ချီရင်း အပေါ်အင်္ကျီကို ဆွဲမလိုက်သည်။ မောင်လေးက အမေ့ရင်သားတစ်ဖက်ကို ဆွဲဟပ်သည်။ အမေက အသက်ရှူလိုက်တိုင်း ရင်သားတစ်ဖက် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ အမေ့ရင်သားတို့မှာ ပြားချပ်ချပ်ကလေးပင် ဖြစ်သည်။ မီးဖိုခန်းထဲမှ ရေနွေးအိုး ပွက်ပွက်ဆူသံကို သူ ကြားနေရသည်။ သူ့လက်သည်းထဲမှာ ကြေးတွေ ဝင်နေသည်။ သူသည် သွားတက်ကလေးနှင့် လက်သည်းကို ဖိကိုက်နေလေသည်။
“သံတစ်ချောင်းပြုတ်နေလို့များ နင့်အဖေက ရိုက်တတ် လိမ့်မယ် ထင်နေသလား”
“မဟုတ်ဘူး အမေ”
“နေစမ်းပါဦး ပိုးဟပ်ဖြူမရဲ့၊ ညည်းမှာ တခြားပြောတတ်တဲ့စကား မရှိတော့ဘူးလားအေ”
ကောင်မလေးက ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာ ကလေးနှင့် အမေ့ကို ငေးကြည့်နေလေသည်။
“ညည်းအရွယ်အေ...သွက်သွက်လက်လက်နဲ့ ရှိဖို့ ကောင်းပါတယ်။ အမှန်တော့ တက်ကြွနေဖို့ ကောင်းတာပေါ့။ အခုတော့ ချောင်းကလေးတဟွတ်ဟွတ်နဲ့ ပိုးဟပ်ဖြူမရယ်... ညည်းကို ကြည့်ရတာ ငါလည်း မောပါတယ်”
သူ ရပ်နေရာဆီသို့ လျှောက်၍ လာနေသည့် ကြောင် ကလေးကို သူသည် တွေ့ပြီး ကြည့်နေလိုက်သည်။ ပူစီမှာ တစ်ကိုယ်လုံး အနက်ရောင်ချည်းပဲ ဖြစ်သည်။ ကောင်မလေး၏ ခြေဖျားကို ခေါင်းကလေးနှင့် ပွတ်ရင်း “ညောင်ညောင်” ဟု အော်နေလေသည်။ ပူစီ၏ အသံမှာ သေးသေးစူးစူးကလေး။ သူသည် အမေ့ကို တစ်ချက် လှမ်းကြည့်သည်။ အမေ ထွက်သွားပြီ။ ရေနွေးအိုး ပွက်ပွက်ဆူသံကို မကြားရတော့။ မောင်လေးကို အမေ စကားပြောနေသည်။ ရယ်သံ။ မောင်လေး ရယ်သံကို သူ ကြားရသည်။ ပူစီသည် ကောင်မလေး၏ ထဘီအနားစကို ခုန်ဆွ ခုန်ဆွ ကစားနေသည်။ ခါးကို ကိုင်း၍ ကြောင်ကို လက်နှစ်ဖက်ဖြင့် သူ ဆွဲမြှောက်သည်။ သူ ပူစီ၏ မျက်နှာကို နမ်းသည်။ ချောင်း တဟွတ် နှစ်ဟွတ် ဆိုးသည်။ ပါးစပ်ထဲက ချွဲကို ပြတင်းပေါက်ဘက်လှည့်ပြီး ထွေးထုတ်လိုက်သည်။ ပူစီကို ရင်မှာ ပိုက်ထားသည်။ ပြတင်းဝ၌ သက်သောင့်သက်သာ ရပ်ရင်း အသက်ဝဝ ရှူလိုက်သည်။ အမှန်အားဖြင့် သူ့ရင်မှာ နာကျင်နေသည်။ ပြတင်းဝအနီးသို့ ညွတ်အိကျနေသော သရက်သီးကင်းကလေးများကို ပူစီက လက်နှင့် လှမ်းကုတ်သည်။ ကောင်မလေးက စဉ်းစားလျက်ရှိသည်။ သူ့နှုတ်ခမ်းမှာ ခြောက်သွေ့နေလေသည်။ သူ ချောင်းဆိုးတတ်လာခြင်း အကြောင်းကို စဉ်းစားနေသည်။ ခြောက်သွေ့သော နှုတ်ခမ်းကို လျှာနှင့် ပွတ်သုတ်လိုက်သည်။ လေက သရက်ရွက်များ ကြားထဲကို သာသာထိုးထိုးကလေး ပြေးဝင် သွားသည်။ လေမှာ အရောင်အဆင်း မရှိ။ တစ်ခါတုန်းက သူ ကျောင်းနေခဲ့ရဖူးလေသည်။ သူ့ဘဝမှာလည်း အနံ့အရသာ မရှိ။ သူ မီးသွေးအရောင်းဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ဖူးသည်။ ဆိုင်ရှင်မိန်းမကြီးမှာ သဘောဆိုးသည်။ သူ့အလုပ်မှာ တောက်တောက်၊ တောက်တောက်နှင့် လမ်းသလားတတ်သော ကလေးတစ်ယောက်ကို ထိန်းရသည်။ မီးသွေးအိတ် ပြင်သည့်အခါ မီးသွေးတုံး အကြီးအသေးတို့ကို သူ ရွေးချယ်ရသည်။ တွန်းလှည်းကလေးနှင့် အိမ်ပေါက်စေ့ မီးသွေး လိုက်ပို့ပေးရသည်။ ကောင်မလေး၏ အမြဲတမ်းအလုပ်မှာ မီးသွေးမှုန်များ ကပ်နေသော အိတ်ပေါင်းများစွာကို တစ်အိတ်ချင်း ခါ၍ တစ်အိတ်ချင်း ထပ်ရသော အလုပ်ဖြစ်သည်။ အဝတ်ဟောင်းတွေ ရှိလျှင် သူ အဝတ်လျှော်ရသည်။ သူ အအေးမိခဲ့ဖူးလေသည်။ သူ အမှန်တကယ် မသိ၍ အလုပ်တစ်ခုခု၌ အမှား ရှိခဲ့လျှင် ဆိုင်ရှင်မိန်းမကြီးက သူ့ခေါင်းကို ခေါက်တတ်သည်။ တစ်ချက်မဟုတ်။ သုံး,လေးချက် ဆက်၍ ဆက်၍။ ပျံ့လွင့်နေသော မီးသွေးမှုန်တွေကြားထဲတွင် ရပ်ရင်း သူ အမြဲတမ်း ဝမ်းနည်းနာကျင်နေခဲ့သည်။ ဆိုင်ရှင်မိန်းမကြီးကို သူ မုန်းတီးလျက်ရှိသည်။ ယခုတော့ သူ တွေးတော အံ့သြလာသည်။ သူ့ကိုယ့်ခန္ဓာအတွင်းမှာ မီးသွေးမှုန်တွေ ဘယ်လောက်တောင် များနေပြီလဲ။ စိတ်မသက်သာဖွယ် ဖြစ်လာသည်။ ပူစီက “ညောင်” ဟု အော်လိုက်သည်။ သစ်ရွက်အဝါရောင် ကလေးတစ်ရွက်က သစ်ကိုင်းများအကြားမှ လျှောကျသွားသည်။ နှင်းများ လွင့်ပြယ်သွားပြီး နေရောင်ခြည်အား ကောင်းလာသည်။ ကောင်းကင်မှာ ပြာလွင်နေလျက်။ မြေနီလမ်းကလေးပေါ်မှာ ကောင်လေးတွေ၊ ကောင်မလေးတွေ ပြေးလွှား ကစားနေကြသည်။ ခုန်ပေါက်မြူးထူးနေကြသော သူတို့အသံကို ကောင်မလေး ကြားနေရသည်။ သူသည် အဖော်မဲ့ခြင်း၏ ဒဏ်ကို ထိရှနာကျင်စွာ ခံစားနေမိသည်။ ပူစီကို ငုံ့ကြည့်လိုက်မိသည်။ တွဲလောင်းတန်းကျနေသော ထဘီအထက်ဆင်စကလေးကို ပူစီက လှမ်းကုတ်ကစားနေလေသည်။ သူသည်လည်း ကစားချင်စိတ် ပေါ်လာသည်။ သူ့မှာ အဖော်မရှိ။ သူသည် အိမ်ခေါင်းရင်း ထရံဘက်ကို မျက်နှာလှည့်လိုက်သည်။ ဖြည်းဆေးလေးတွဲ့သော ခြေလှမ်းနှင့် သူ လျှောက်သွားသည်။ ထရံပေါ်မှာ ကောင်မလေးကိုယ်တိုင် ဗလာစာရွက်တွင် ခဲတံနှင့် ရေးဆွဲထားသော မင်းသမီးကလေး က,နေသည့်ပုံကို ညှပ်ထားသည်။ မင်းသမီးကလေး၏ မျက်လုံးများမှာ နက်မှောင်ကာ တောက်ပနေသည်ဟု သူ တွေးလေသည်။ မျက်နှာ ဝိုင်းဝိုင်းကလေးမှာလည်း ပြုံးရွှင်လန်းဆန်းနေသည်။ ကကြိုးကကွက်ကပင် ပေါ့ပါးသွက်သက်လှသည်။ ရုတ်တရက် သူ့ မျက်လုံးထဲတွင် လူတစ်ဦးတစ်ယောက်မျှ မရှိသော ဇာတ်ခုံ တစ်ခုပေါ်မှာ သူကိုယ်တိုင် သွက်လက်တက်ကြွစွာ က,နေ သလိုလို ခံစားနေရတော့သည်။ ထိုပုံကို အသေအချာ စိုက်ကြည့်လိုက်မှ မင်းသမီးကလေး၏ လက်တစ်ဖက်မှာ ရှည်ထွက်လွန်းနေမှန်း သတိရသည်။ လည်ပင်းကလည်း စောင်း လွန်းလှသည်။ မင်းသမီးကလေး၏ ဆံထုံးမှာ အတန်ငယ် သေးပြီး နှင်းဆီပွင့်က ကြီးနေလေသည်။ သူ ရယ်ချင်လာ သည်။ မင်းသမီးပုံကလေးမှာ သူ့စိတ်ကူးထဲ၌ တနင့်နင့် စွဲနေ၍ သူကိုယ်တိုင် ရေးဆွဲထားသော ပုံမို့လည်း သူ မြတ်နိုးလှသည်။ ပုံလှလှကလေးများ ရေးရတာကိုတော့ သူ သဘောကျလေသည်။ အမေကတော့ သဘောမကျချေ။ “ညည်းဈေးရောင်းတတ်ဖို့သာ အရေးကြီးတယ်အေ့” လို့ အမေက ပြောတတ်သည်။ သူက အမေ့ကွယ်ရာ၌ ရုပ်ပုံကလေးတွေ ရေးလေ့ရှိသည်။ တစ်ခါက သူရေးဆွဲသော ပန်းပွင့်ပုံကလေးကို အမေက ဆုတ်ဖြဲလုံးခြေ၍ လွှင့်ပစ်ခဲ့ဖူးလေသည်။ နောက် သူသည် သစ်ရွက်ကလေးတွေ၊ ပန်းပွင့်ကလေးတွေကို ခူးယူ၍ ကစားနေလေ့ရှိသည်။ အမေတွေ့လျှင်တော့ “အမှိုက်တွေ သယ်လာ ပြန်ပြီလား။ ဟင်း...ပိုးဟပ်ဖြူမ” ဟု စကားဆိုကာ သူ့တင်ပါးကို လက်ဝါးနှင့် ရိုက်တတ်သည်။ သူ့မှာ ပျော်စရာ အိပ်မက် မရှိ။ “အသက်ဆယ့်သုံးနှစ်ကို စိတ်ဆင်းရဲစရာ နေ့တွေချည်းပဲ ပေါင်းထားသလား” ဟုပင် သူ တွေးတောရဲလာသည်။ ထိုကဲ့သို့ တွေးလိုက်မိသည့်အခါတိုင်း၌ သူ့မှာ မောနေလေ့သာ ရှိတော့သည်။ မျက်လုံးကလေး ပေကလတ်၊ ပေကလတ် နှင့်ပင် ပတ်ဝန်းကျင်ကို စူးစမ်းသလိုလို ဝေဝေဝါးဝါး ကြည့်တတ်လာသည်။ တစ်ခါတလေ သူ တွေးမိသောအကြောင်း ကို တစ်ဦးတစ်ယောက်အား ပြန်ပြောပြလိုသည်။ သူ့မှာ အဖော် ဒါမှမဟုတ် မိတ်ဆွေလည်း မရှိ။ သူ့အဖော်မှာ ယုယမှုကို ကြိုက်နှစ်သက်လှသော ပူစီကလေးတစ်ကောင်သာဖြစ်သည်။ သူသည် ပူစီကလေး၏ တောက်ပနေသော အနက်ရောင် အမွေးအမှင်များကို လက်နှင့် အသာအယာ ပွတ်သပ်ပေးနေသည်။ ဝါးထရံပေါ်က မင်းသမီးရုပ်ကလေးကို စူးစိုက် ကြည့်နေရင်း အိမ်အောက်ဆင်းဖို့ကို သူ တွေးလိုက်မိပြန်သည်။
အိမ်ရှေ့ မြေနီလမ်းပေါ်မှ ဆော့ကစားရာက ထွက်လာသော အသံများကို သူ ကြားနေရလေသည်။ သူသည် ပူစီကလေးကို ရင်ဘတ်တွင် ပိုက်ထားသည်။ ရုတ်တရက် သူသည် ခြေလှမ်း သုံး,လေးလှမ်း လှမ်းသည်။ ထိုနေရာတွင် တံခါးပေါက်။ လှေကားသုံးထစ်မှာ ယိုင်ရွဲ့နေလေသည်။ သူသည် ခေါင်းကို အသာငဲ့ကာ နောက်ဖေးမီးဖိုချောင်ထဲသို့ လှမ်းကြည့်သည်။ အမေ့အရိပ်၊ အမေသည် မီးဖိုရှေ့တွင် ရပ်ရင်း ငေးနေလေသည်။ မောင်လေးက စိတ်ဝင်စားစရာ တစ်စုံတစ်ခုကို သဲကြီးမဲကြီး ဆော့နေသည်။ သူသည် ပူစီကို ကြမ်းပေါ်သို့ ချပေးလိုက်သည်။ ပူစီသည် ကြမ်းပေါ်တွင် ပက်လက်လှန်လိုက်ရင်း သူ ရုပ်လိုက်သော လက်ကို လှမ်းကုတ်၍ ကစားဖို့ ဟန်ပြင်နေသည်။ သူ ရယ်ချင်သွားသည်။ ပူစီက “ညောင်” ဟု အော်လိုက်သည်။ သူသည် နှုတ်ခမ်းကို စူ၍ လက်ညှိုးကပ်လိုက်ရင်း “ရှူး” ခနဲ သတိပေးလိုက်သည်။ ပူစီက “ညောင်” ဟု ထပ်အော်သည်။ သူသည် ထဘီကို လက်တစ်ဖက်မှ အသာဆွဲကာ ခြေလှမ်းကို ခပ်ဖွဖွနင်းရင်း အိမ်အောက်သို့ ဆင်းသွားခဲ့လေသည်။
••••• ••••• •••••
၃။
ကောင်မလေးသည် ခြံထောင့်က စက္ကူပန်းချုံကလေးဆီကို လျှောက်၍သွားနေသည်။ ရုတ်ခနဲ နောက်ဘက်သို့ ပြန် လှည့်ကြည့်လိုက်မှ တံခါးဝမှ ဆောင့်ကြောင့်ထိုင်နေသည့် ပူစီကို တွေ့လိုက်ရသည်။ လေပြည်ကလေးများက သာသာ ဖွဖွ လွင့်နေသည်။ စက္ကူပန်း အဖြူ အနီ ကိုင်းတံကလေးများက လေထဲတွင် ကွေးညွတ်လျက် တတွဲ့တွဲ့ ယိမ်းနွဲ့နေလေသည်။ ကောင်မလေးသည် စက္ကူပန်းချုံရှေ့တွင် ရပ်ရင်း အသက်ကို ဝဝလင်လင် ရှူသည်။ စက္ကူပန်းချုံများတွင် အရွက်တွေ မရှိသလောက်ပင် ကြွေလွင့်ကုန်ခဲ့ကြပြီးပြီ။ ဟိုမှာကွယ်...လိပ်ပြာကလေးနှစ်ကောင်ရယ်။ ရိုးတံပြိုင်းပြိုင်းတို့တွင် စက္ကူပန်း အဖြူအနီများ ရောစပ် ပွင့်ဖူးနေကြသည်။ လိမ္မော်ရောင် လိပ်ပြာကလေးက လေထဲတွင် လွန့်လူးဝဲပျံ လျက်ရှိသည်။ ခြံဘက်သို့ ကိုင်းညွတ်ကျနေသော ငုစပ်ပင် ကိုင်းတံတို့တွင်လည်း ရွက်သစ်ရွက်နုကလေးတွေ စိုစိုစီစီ ထွက်နေကြလေသည်။ စက္ကူပန်းချုံအကြားမှ အကောင်ကို မမြင်ရလည်း ငှက်ကလေးတွေ၏ ချိုရဲရဲ အသံကိုတော့ ကြားနေရသေးသည်။ ထိုနေရာကလေးကိုတော့ ကောင်မလေး ချစ်သည်။ သူ့အတွက် နားခိုစရာနေရာ။
ကောင်မလေးသည် စက္ကူပန်းချုံအောက်ထဲကို ခေါင်းငုံ့ လျှိုပြီး ဝင်လိုက်သည်။ ထိုအောက်က မြေမှာ ပြောင်တလင်းနေလေသည်။ သူ နေ့စဉ် ရှင်းထားသောကြောင့်လည်း ဖြစ်သည်။ သူသည် မြေပြောင်ပြောင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူ့ရှေ့မှာ လေးထောင့်ကတ်ထူဘူးကလေး ရှိသည်။ ထိုအထဲတွင် သူ၏ ပစ္စည်းပစ္စယများကို ထည့်၍ထားလေသည်။ ကတ်ထူအဖုံးကို ဖွင့်ရင်း မြေနီလမ်းကလေးပေါ်သို့ သူ တစ်ချက် လှမ်းကြည့်သည်။ လမ်းပေါ်မှာ သူ့အရွယ် ကောင်မလေးတွေ ပြေးလွှားဆော့ကစားနေကြသည်။ ထိုနေရာကလေးကို သူ စိတ်ချသည်။ တော်ရုံတန်ရုံနှင့် သူ့ကို အပြင်ကနေ တစ်ဦးတစ်ယောက်က မမြင်နိုင်ချေ။ သူကသာ မြေနီလမ်းကလေးပေါ်ကို ဖြစ်စေ၊ ရိုးပြတ်လယ်ကွင်းထဲကို ဖြစ်စေ ကောင်းကောင်း မြင်နေရသည်။ နေခြည်အစက်အပြောက်ကလေးများက သူ့ ကိုယ်ပေါ်သို့ ကျနေလေသည်။ ကတ်ထူဘူးထဲမှ သူ့ကိုယ်ပိုင် ပစ္စည်းများကို နေရောင်ခြည်ကြောင့် သူကောင်းကောင်း မြင်နေရသည်။ သူ ကျောင်းနေစဉ်တုန်းက သိမ်းဆည်းထားခဲ့သည့် ခဲတံကလေးတစ်ချောင်း။ ယုန်ရုပ်ကလေးတွေပါသော ခဲတံကလေးတစ်ချောင်း။ ယုန်ရုပ်ကလေးတွေပါသော ခဲတံကလေးမှာ ယခုတော့ သူ့လက်ညှိုးထက်ပင် ငယ်နေသေးသည်။ ထိုခဲတံကလေးနှင့် သူကိုယ်တိုင် ရေးထားသည့် ပန်းပွင့်ပုံကလေးများပါသော စက္ကူအပိုင်းအစများမှာလည်း ကတ်ထူဘူးထဲတွင် ရှိနေသည်။ ပြီးတော့ အိုးပုတ်ကလေးများ၊ သူ တစ်ယောက်တည်း ဈေးရောင်းတမ်း ကစားသည့်အခါတိုင်း၌ သူသည် အိုးပုတ်ကလေးများနှင့် အလုပ်ရှုပ်နေလေ့ရှိသည်။ နောက် ပန်းပွင့်ကလေးတွေ။ ယခုတော့ ပန်းကလေးများမှာ ခြောက်သွေ့လျက်ရှိသည်။ သူသည် ကတ်ထူဘူးကလေး၏ အောက်ဆုံးက ဘိုမအရုပ်ကလေးကို တွေရီပြီး ကြည့်နေလေသည်။ တစ်ခါတုန်းက ဒေါ်မဲစံဆိုင်မှာ သူ ထင်းဝယ်ပြီး ပြန်အလာ၌ ဗိုလ်မအရုပ်ကလေးကို လမ်းပေါ်ကနေ ကောက်ရခဲ့လေသည်။ သူ ကောက်ရခဲ့သော ဘိုမအရုပ်ကလေးမှာ ခြေထောက်နှစ်ဖက် မရှိ။ ဆံပင်မျှင်များမှာ ပြောင်းဖူးမွေးကဲ့သို့ ပင် နီကြင့်ကြင့်။ မျက်လုံးအစုံမှာ ဆေးရောင်များ လွင့်ပြယ်ကာ ဟိုးအဝေးဆီကို ငေးတွယ်နေသယောင်ယောင်ပင်။ သူသည် ဘိုမအရုပ်ကလေးကို သနားကြင်နာနေမိသည်။ တစ်ခါတစ်ရံ စကားမပြောသော ဘိုမအရုပ်ကလေးကို အိပ်မက်တွင်ပင် မြင်သည်။ အိပ်မက်ထဲတွင် အရုပ်ကလေးက သူ့ကို စကားပြောနေသည်ဟူ၏။ သူ ပြောချင်သော စကားများပင်။ သူသည် ဘိုမအရုပ်ကလေးကို ပိုးဟပ်ဖြူမဟုပင် ခေါ်လေသည်။ အရုပ်ကလေးကို သူသည် ကတ်ထူဘူးအတွင်းမှ ဆွဲထုတ်လိုက်သည်။ ခြံဝမှ ခြေသံတဖျပ်ဖျပ်ပေါ်လာသည်။ သူသည် အရုပ်ကလေးကို လက်တစ်ဖက်မှ ကိုင်ရင်း ခြံဝကို လှည့်ကြည့်သည်။ အဖေသည် ခြံဝမှ ဝင်လာသည်။ သူ တိတ်တိတ်ကလေးနေသည်။ အဖေ့ခြေလှမ်းတွေ မူးလာသည်။ သူ ကြောက်နေသည်။ အသေအချာ ကြည့်လိုက်မှ အဖေ တအား ပိန်သွားမှန်း သူ မြင်သည်။ ထင်သည်ထက်ပင် သူ ပို၍ ရေငတ်လာသည်။ အဖေ အိမ်ပေါ်ရောက်သွားသည်။ သစ်ရွက်များပေါ်က နေရောင်ခြည်သည် လျင်မြန်စွာ ပူလာသည်။ မြေနီလမ်းပေါ်မှ ကျွဲအုပ်ကြီး တအိအိ သွားနေသည်။ သူသည် အရုပ်ကလေးကို မျက်နှာနားကပ်၍ စိုက်ကြည့်နေလေသည်။ အရုပ်ကလေး၏ ဆံပင်ပုံ့ပုံ့ကလေးမှာ နီကြင့်ကြင့်နှင့်။ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် ပါးလှပ်လှပ် ကောင်မလေးအဖြစ် သူ ပြန်မြင်နေလေသည်။
“နင်ဟာ ပိုးဟပ်ဖြူမလေးပါပဲဟယ်”
ကောင်မလေးသည် အသံ တိုးတိုးညင်းညင်းကလေးဖြင့် စကားဆိုမိသည်။
“လောကကြီးထဲကို နင် ဘယ်လိုများ ရောက်လာရတာလဲဟင်”
တိုးတိုးညင်းညင်း မေးရင်း သူသည် စိတ်ပျက်လာကာ အရုပ်ကလေးကို ပေါင်ပေါ်မှာ တင်၍ ရိုးပြတ်လယ်ကွင်းထဲသို့ ကြည့်ငေးနေပြန်သည်။ ရိုးပြတ်လယ်ကွင်းထဲတွင် လေပွေငယ်ကလေးများက ဝေ့ဝဲနေကြသည်။ ချက်ချင်း ဆိုသလို အိမ်ပေါ်က ဆူသံပူသံများကို သူ ကြားလိုက်ရသည်။
သူ့လက်တွေမှာ စေးထန်းအေးစက်လာသည်။
မောင်လေး၏ စူးစူးဝါးဝါး အော်ဟစ်ငိုသံလည်း ပေါ်လာသည်။ သူ ဘာလုပ်ရမှန်းမသိ။
“ပိုးဟပ်ဖြူ မ၊ ပိုးဟပ်ဖြူ”
သူ့အမေက လှမ်းခေါ်သည်။
အရုပ်ကလေးကို လွှတ်ချလိုက်ပြီး သူသည် ကမန်းကတန်း ထ,ရပ်သည်။
“ပိုးဟပ်ဖြူ မရေ၊ ဟဲ့ ပိုးဟပ်ဖြူမ၊ ဟေးပိုးဟပ်ဖြူမ” ဟု လှမ်း၍ ခေါ်လိုက်သော အမေ့အသံမှာ စူးရှစွာပေါ်လာ ပြန်သည်။ သူသည် တအားကြောက်လန့်သွားကာ စက္ကူပန်း ချုံအောက်ထဲမှ လွှတ်ခနဲ ပြေးထွက်သွားလေသည်။ အိမ်ပေါ် သို့ သူ ပြေးတက်သွားသောအခါ အခန်းရှေ့တွင် အဖေ့ကို ရပ်လျက်ပင် တွေ့လိုက်ရသည်။ သူသည် မီးဖိုထဲအထိ တိုက်ရိုက် ပြေးဝင်သွားသည်။ “လာစမ်း လာစမ်း၊ ငါ့ရှေ့ကို ရောက် အောင် လာစမ်း” ဟု လှမ်းပြောလိုက်သော အမေ့အသံကို သူ ကြားသည်။ သူ့ခေါင်းမှာ ပူခနဲ ဖြစ်သွားသည်။ သူ့မျက်နှာမှာ ရှုံ့မဲ့သွားသည်။ သူသည် ခေါင်းကို လက်နှင့်ပွတ်ရင်း အမေ့ကို ငေးစိုက်စိုက်နှင့် ကြည့်နေလေသည်။
“ညည်းနှယ်၊ ငါ ဒီလောက် ခေါ်နေတာ မကြားရအောင် ဘယ်သွားနေရတာလဲ”
“သမီးကြားပါတယ်” ဟု သူ မပွင့်တပွင့် ပြန်ပြောသည်။
“ဪ...ညည်းက ဂရုစိုက်နေစရာ မလိုဘူးဆိုတဲ့ သဘောပေါ့လေ”
“မဟုတ်ဘူး အမေ”
“နေပါဦး၊ ညည်းတို့ ထမင်းမစားတော့ဘူးလား” ဟု အမေက မေးသည်။ သူ ဘာမျှ ပြန်မပြော။ အမေ့ကိုသာ ကြည့်နေသည်။ အမေက ချွေးခံအင်္ကျီအိတ်ကို လက်နှိုက်သည်။ ချွေးခံအင်္ကျီမှာ မည်းမည်းညစ်ညစ်ကလေးပဲ ဖြစ် သည်။ အမေသည် လက်ဝါးထဲကို အကြွေစေ့ကလေးများ ထည့်ရင် လက်ညှိုးဖြင့် တစ်စေ့ချင်း ရေနေလေသည်။
“ပိုးဟပ်ဖြူမ၊ ညည်း ဒေါ်မဲစံရဲ့ဆိုင်ကို သွားစမ်း”
“ဟုတ်ကဲ့ အမေ” ဟု ပြောပြီး သူသည် အမေပေးသော အကြွေကို လှမ်းယူသည်။ မျက်လုံးကလေး ပေကလတ် ပေ ကလတ်နှင့် အမေ့ကို သူ မော့ကြည့်နေသည်။
“သွားလေ... အိမ်မှာ ထင်းတစ်စက်ကလေးတောင် မရှိဘူး။ ထင်းဝယ်ချေလေ။ ညည်း သုတ်သုတ်သွား သုတ်သုတ်လည်း လာနော်”
ဟု အမေက ပြောသည်။ သူသည် ခေါင်းကို ဆတ်ခနဲ ညိတ် လိုက်ပြီး အိမ်ပေါ်ကနေ သုတ်သုတ်ကလေး ဆင်းခဲ့သည်။ သူသည် မြေနီလမ်းကလေးပေါ်တွင် ခပ်သွက်သွက် လျှောက်လျက်ရှိသည်။ ဟိုးခပ်လှမ်းလှမ်းက အိမ်တန်းကလေးတွင် ဒေါ်မဲစံ၏ ကုန်စုံဆိုင်ရှိသည်။ သူ ထင်းဝယ်ပြီး ပြန်လာလျှင်တော့ အမေသည် သူ့ကို ဆူတော့မည် မဟုတ်။ အမေ ပြုံးရယ်နေတာကို သူ မြင်လိုသည်။ သူ့ကို ပိုးဟပ်ဖြူမဟု မခေါ်တော့ဘဲ “ကေသီရေ” လို့ လှမ်းခေါ်သံကလေးကို တိုးညင်းစွာ ကြားယောင်လာသည်။ ဟိုးမှာ ငှက်ကလေးရေ...။ မိုးတိမ် အပြာရောင် ကောင်းကင်၊ လေပြည်ကလေးများ၊ ဝင်းပသော နေရောင်ခြည်၊ ယိမ်းနွဲ့နေသော ယူကလစ်ပင်များ။ သူသည် နေလို့ ထိုင်လို့ ကောင်းသော နေ့တစ်နေ့ကို မျှော်လင့်နေလေသည်။ ရုတ်တရက် ရိုးပြတ်လယ်ကွင်းထဲမှ ဖြတ်ပြန်လာကြသော ကောင်လေးများကို သူ တွေ့လိုက်ရသည်။ သူ့ကို တွေ့လျှင် သူတို့အားလုံးက ပြောင်ကြလှောင်ကြတော့မည်။ အမှတ်မထင် တွဲလောင်းတန်းကျနေသော ထဘီအထက်ဆင်စ ကလေးကို မြင်ရကာ သူ့ရင်မှာ ထိတ်သွားလေသည်။ သူတို့ အားလုံးက “ဟေး ဟိုမှာ မျောက်အမြီးကလေး မျောက်အမြီးကလေး” လို့ အော်ဟစ်ကြတော့မည်။ သူ့စိတ်မှာ ချက်ချင်းပင် ညစ်ညူးလာသည်။ ထဘီအထက်ဆင်စကလေးကို လုံးထွေးပြီး ဝတ်မလာခဲ့မိ၍ သူ နောင်တရနေလေသည်။ သူ ထွက်ပြေးချင်စိတ် ပေါ်လာသည်။ ဟုတ်သည်။ ဒေါ်မဲစံဆိုင် အရောက် သူ ပြေးသွားနိုင်သည်။ သူသည် ခပ်သွက်သွက် လျှောက်နေရာမှ တအားစွတ်ပြေးသည်။ သူ့ဆံပင်ပုံ့ပုံ့ကလေးမှာ လွင့်ပျံနေသည်။ သူ ဘာမျှ မမြင်နိုင်။ လမ်းက ပြေပြေချောချော မဟုတ်။ ဂဝံကျောက်တစ်ခုကို ရုတ်တရက် တိုက်မိပြီး သူ လဲကျသွားသည်။ “အမေ့” ဟု လွတ်ခနဲ အော်ရင်း ဝမ်းလျားထိုး ပစ်လဲကျသွားခြင်းမျိုး ဖြစ်သည်။ လမ်းပေါ်မှာ လူရှင်းနေသည်။ သူ ခြေထောက် နာသွားသည်။ လျင်မြန်စွာ ကုန်းထ,နိုင်သည်။ ခြေမ၌ သွေးစများ၊ သူ ဘာမျှ မဖြစ်သလို (ဘာမှ မသိသလို) ထော့နဲ့ထော့နဲ့နှင့် လမ်းဆက်လျှောက်သွားသည်။
“ဟဲ့ ပိုးဟပ်ဖြူမလား” ဟု လှမ်းမေးလိုက်သော ဒေါ်မဲစံ အသံကို သူ ကြားလိုက်ရသည်။ ချိတ်ဆွဲထားသော ဆီးထုပ် များအကြားတွင် ဒေါ်မဲစံ၏ မျက်နှာမည်းမည်းကြီး စုန်းမကြီး၏ မျက်နှာမျိုး။ သူက မောနေကာ ရင်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ “ဘာယူမှာလဲဟဲ့ ချိုချဉ်လား” ဟု ဒေါ်မဲစံက မေးသည်။ သူက “ထင်း” ဟု မပွင့်မပွင့်ပြောသည်။
“ကဲ ပိုက်ဆံပေးလေ”
သူက “ထင်းတစ်ပိဿာ” ဟု ပြောရင်း လက်ဝါးဖြန့်ပေးလိုက်သည်။ သူ့ရင်မှာ ခုန်သွားသည်။ မျက်လုံးတွေ ပြာရီ သွားသည်။ ဒေါ်မဲစံက တဟားဟား ရယ်နေသည်။ “ကောင်မလေးရယ်...ထင်းဝယ်တာ ဖုတ်တွေနဲ့လားဟယ်” ဟု ပြောရင်း ရယ်မောနေလေသည်။ သူသည် လက်ဝါးထဲကို အသေအချာ ကြည့်လိုက်မှ ဖုန်မှုန့်တွေကို မြင်ရသည်။ သူ ခလုတ် တိုက်၍ လဲကျခဲ့စဉ်က မြေနီလမ်းကို တအားဆုပ်ကိုင် ဖျစ် ညှစ် လိုက်မိခြင်း ဖြစ်လိမ့်မည်။ ပိုက်ဆံမှာ ကျပျောက်ခဲ့လေပြီ။ သူ့မျက်နှာမှာ သွေးမရှိတော့လောက်အောင်ပင် ဖြူ ဖပ်ဖပ် ဖြစ်လာသည်။ ဒေါ်မဲစံက ပုလင်းဖုံးကိုဖွင့်၍ ပဲကြီး လှော် တစ်ဆုပ် နှိုက်ယူကာ သူ့လက်ဝါးထဲကို ထည့်ရင်း “ပိုးဟပ်ဖြူမရေ သမီးအမေကို အရင် ကျန်တဲ့ပိုက်ဆံ လာပေးပါလို့ ပြောလိုက်ဦးအေ။ ကဲ ကဲ ပြန်ပေတော့၊ ပူလိုက်တဲ့ နေကလည်း ဆယ်နေကဲပဲအေ” လို့ ပြောနေသည်။ ဒေါ်မဲစံက သူ့ဆိုင်မှာ ဈေးလာဝယ်သော ကလေးများကို စိတ်လိုလျှင် ပဲကြီးလှော်ကို နှိုက်၍ ပေးတတ်သည်။ ယခုတော့ သူသည် ဘာကိုမျှ စိတ်မဝင်စားမိချေ။ သူသည် လက်ဝါးကိုဖြန့်လျက် အတန်ကြာ ငေးကြည့်နေလေသည်။ ပဲကြီးလှော်စေ့ကလေး အချို့ လက်ဝါးပေါ်ကနေ လိမ့်ဆင်းသွားသည်။ “ပိုးဟပ်ဖြူမရဲ့၊ နင် အိပ်မက်များ မက်နေရော့လား” ဟု လှမ်းပြောလိုက်သော ဒေါ်မဲစံ အသံကြားမှ သူ သတိပြန်ဝင်လာသည်။ သူသည် မျက်နှာကို မော့လိုက်ပြီး “တစ္ဆေအခြောက်ခံရလို့” ဟု ပြောကာ ထိုနေရာမှ ချာခနဲ လှည့်ထွက်ခဲ့လေသည်။
••••• ••••• •••••
၄။
မြေနီလမ်းရှည်ရှည်ကြီးပေါ်တွင် နေရောင်ခြည်သည် ငွေပြားကြီးကဲ့သို့ လက်ပကာ အငွေ့များ တရိပ်ရိပ်ထနေ သည်။ ရိုးပြတ်လယ်ကို ဖြတ်တိုက်လာသော လေပူများက လည်း တဖျပ်ဖျပ် လွင့်လျက်ရှိသည်။ နေရောင်ပြင်းပြင်း အောက်က လမ်းရှည်ရှည်ကြီးပေါ်တွင် သစ်ရွက်ကြွေများနှင့် ဖုန်မှုန့်တို့မှာ လေပွေငယ်ထဲ၌ တစ်ချက်တစ်ချက် ဝေ့ဝဲမျောလွင့်နေလေသည်။
ကောင်မလေးသည် အိမ်ဘက်ဆီသို့ ခေါင်းငိုက်စိုက်ချကာ လေးကန်ဖင့်နွှဲသော ခြေလှမ်းဖြင့် လျှောက်လျက်ရှိသည်။ လမ်းပေါ်၌ လူရှင်းနေသည်။ သူသည် ထိုလမ်းပေါ်၌ ခေါက်တုံ့ခေါက်ပြန် လျှောက်ခဲ့ပြီးပြီ။ ဆယ်ပြားစေ့၊ မတ်စေ့နှင့် တူသော အရာမှန်သမျှကို သူ ကောက်ယူကြည့်ခဲ့သည်။ ရိုးပြတ် လယ်စပ်မှာလည်း ထိုင်၍ သူ တွေးနေခဲ့လေသည်။ သူသည် ဖြည်းဆေးလေးတွဲ့သော ခြေလှမ်းဖြင့် အိမ်ပေါ် သို့ တက်သွားသည်။ အမေ့ကို အိမ်ရှေ့ခန်းတွင် တွေ့လိုက် ရသောအခါ သူသည် တံခါးဝအနီး၌ပင် တုံ့ခနဲ ရပ်လိုက်မိ သည်။ အမေသည် ဒေါသထွက်နေသော မျက်လုံးဖြင့် သူ့ကို စူးစိုက်ကြည့်ရင်း “ထင်းသွားဝယ်တာ ထင်းများဖြစ်နေပြီလား မှတ်တယ်” ဟု အမေက ပြောသည်။ ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာကလေးနှင့် အမေ့ကို သူ မော့ကြည့်နေလေသည်။
“နေစမ်းပါဦး။ ညည်းက ဘယ်မှာ သွားဆော့နေလဲ။ ထမင်းချက်ဖို့ ညည်း ပြန်အလာကို စောင့်နေတာ မသိဘူးလား၊ အခု ထင်းကော”
“မဟုတ်ဘူးအမေ။ သမီး ပိုက်ဆံကျပျောက်လို့” ဟု သူက တိုးအက်တုန်ယင်သံကလေးဖြင့် ပြောသည်။
“နေပါဦး တုတ် တုတ် ဘယ်ရောက်နေလဲ” ဟု ပြောရင်း သူ့ရှေ့ အမေရောက်လာကာ သူ့ခေါင်းကို လက်ခေါက်ကြီးနှင့် ဆက်၍ဆက်၍ နာနာခေါက်လေသည်။ သူ့လက်ထဲမှ ပဲကြီးလှော်စေ့များ ကြမ်းပေါ် တတောက်တောက် လိမ့်ကျလာသည်။
“ဪ ညည်းက ပဲလှော်ဝယ်စားပြီး ပြန်လာတာကိုး”
“မဟုတ်ဘူးအမေ”
“ငါဒေါသထွက်တိုင်း လုပ်ရရင် ညည်းတော့ နာမယ်”
သူက ကြမ်းပေါ်ကို ငုံ့ကြည့်နေလျက်-
“ပိုးဟပ်ဖြူမ ညည်းအခု ပိုက်ဆံသွားပြန်ရှာချေ”
သူက မျက်နှာကို ဖျတ်ခနဲ မော့လိုက်သည်။
“သွားလေ၊ မတွေ့လို့တော့ ညည်း ပြန်မလာခဲ့နဲ့” ဟု အမေက ပြောသည်။ သူသည် သက်ပြင်းငွေ့ကို အသာအယာ မှုတ်ထုတ်သည်။ သူသည် လေးကန်သော ခြေလှမ်းများဖြင့် အိမ်ပေါ်ကနေ ဆင်းလာခဲ့သည်။ ခြံဝမှာ ပူစီကလေးကို တွေ့သည်။ သူ ဆက်လျှောက်သည်။ ပူစီ “ညောင်” ဟု အော်သည်။ ခုန်ဆွခုန်ဆွနှင့် ပြေးလိုက်ရင်း ပူစီက သူ၏ ထဘီအနားစကို လှမ်းကုတ်၍ ကစားသည်။ သူသည် ပူစီကို ငုံ့ကြည့်ရင်းကနေ ကောက်ချီလိုက်မိသည်။
သူသည် ပူစီကို ပွေ့ပိုက်လျက် လူရှင်းသော မြေနီလမ်း ရှည်ရှည်ကြီးအတိုင်း ငေးရီပြီး လျှောက်ခဲ့ရာမှ ရိုးပြတ်လယ် ကွင်းဆီသို့ ဖဲ့ဆင်းခဲ့လေသည်။ လယ်ကွင်း၏ အဆုံးတွင် ရထားတစ်စီး ခုတ်မောင်းသွားနေပုံကို ခပ်ရေးရေးသာ မြင်နိုင်သည်။ သူသည် ဝမ်းနည်းဆို့နင့်လာကာ ရှိုက်၍ရှိုက်၍ ငိုလေသည်။ လေသည် တဟူးဟူးပြေးလွှား တိုက်ခတ်နေလေသည်။ သူ၏ ဆံပင်ပုံ့ပုံ့ကလေးနှင့် ထဘီအနားစတို့မှာ လူးလွန့် လွင့်ပါးနေသည်။ သူသည် ပူစီကလေးကို ရင်ဘတ်တွင် ပိုက်လျက် ကျွဲအုပ်ကြီးများ အလယ်သို့ ရောက်လာသည်။ ထိုနေရာတွင် ဖုန်လုံးကြီးများ တလိမ့်လိမ့်ထ,နေသည်။ ကျွဲအုပ်ကြီးများ၏ အလယ်တွင် ရပ်လိုက်ရင်း ကောင်းကင်ပေါ်ကို သူ မော့ကြည့်နေသည်။ ဟိုးခပ်ဝေးဝေးမှ အတောင်ပံနှင့် ပျံသန်းသွားသော ငှက်ကလေးတစ်ကောင်ရယ်။ သူသည် ကျွဲအုပ်ကြီးများ၏ အလယ်တွင် ပူစီကို ပိုက်လျက် ရပ်နေရင်းမှ မျက်ရည်များ ပြည့်သိပ်လာနေသည်။
▢ သဲအိမ်မောင်နေဝါ
📖 ရှုမဝ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၈၄
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင် ၊၂၀၁၉
No comments:
Post a Comment