❝ နေရင်းထိုင်ရင်း ကုသိုလ် ရလိုက်ခြင်း ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
၁
မြလှိုင်းတွန့်များ ပြေးလွှားသံမှအပ လယ်ပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလျက်ရှိရာ ဒေါသတကြီး ထိုးဆင်းလာသော ငှက်ခါးတစ်ကောင်၏ အော်သံကြောင့် ပွက်လောရိုက်သွားတော့သည်။ ရီးဆေးရိုးမှာ တုန်ခါသွား၏။ လက်ထဲမှ ဆေးပေါ့လိပ် လွတ်ကျလု လွတ်ကျခင် ဖြစ်သွားရ၏။
“အဲဒါကြောင့် နင်တို့ကို ငှက်သရော နှဲကောမိလို့ ပြောတာ”
မော်ကြည့်ပြီး မကျေမချမ်း ပြောမိ၏။ လယ်ပွဲ အသီးသီးတွင် လယ်ကန်သင်းများတစ်လျှောက် ပဲပင်များစိုက်ထားကြသည်။ အပွင့်ဝါကလေးတွေ အပွင့်ပြာ အပွင့်ဖြူကလေးတွေ ပြုစပြုပြီ။ သားဦးကို လွယ်စ မိန်းမချော၏အလှနှယ် သန္ဓေတည်စ စပါးနှံငိုက်ငိုက်များတွင် နှင်းစက် နှင်းပေါက် ကလေးတွေ ခိုသီးနေသည်။ သည်အရာများတွင် တကြည်နူးနူး တမြူးရွှင်ရွှင် အာရုံဝင်စားလာခိုက်ကို ရုတ်တရက် ထိုးဆင်းလာသော ငှက်ခါးအော်သံက နှောင့်ယှက်လိုက်သောအခါ ရီးဆေးရိုးမှာ လန့်ဖျပ်သွားရတော့၏။ ငှက်ကား ရီးဆေးရိုး စိတ်ဆိုးသည် မဆိုးသည်ကို မသိပါ။ ထန်းပင်ပေါ် ပြန်ရောက်သွားကာ ကြမ်းတမ်းသောအသံဖြင့် တစ်ချက်ချင်း မြည်နေလေ၏။ ပုစွန်လုံးတစ်ကောင်သည် တွင်းဝမှ ထွက်ကာ ပါးစပ်မှ အမြှုပ်တစီစီ ထုတ်ရင်း နေစာလှုံနေ၏။ ရီးဆေးရိုးကို မြင်လျှင် အမြှုပ်အထုတ်ရပ်ကာ လက်မများကို ထောင်ထား၏။
ရီးဆေးရိုးသည် ပုစွန်လုံး အခွံတစ်ခုကို တက်နင်းခဲ့သည်။ ခွေးစားအပြီး၊ ကျီးစားအပြီးတွင် ကျန်ခဲ့သော အခွံဖြစ်ပေမည်။ ခွေးသည် ပုစွန်လုံးကို မတတ်သာမှ စားသော်ငြား၊ ကျီးကား တမင် စောင့်ပြီး ဖမ်းယူစားသောက်သည်။ ကန်သင်းတစ်လျှောက် တင်နေသော ပုစွန်လုံးအခွံများမှာ များသောအားဖြင့် ကျီးစားထားသော အကျန်အကြွင်းများ ဖြစ်၏။
ကျီးသည် တွင်းဝတွင် လာစောင့်နေပြီး ထွက်လာမှ ဖမ်းစားခြင်းထက် အတင်းထိုးသုတ် ဖမ်းဆီးသည်က များ၏။ စားသည့်အခါ ပက်လက်လှန်ပြီး ဗိုက်သားအပျော့ကို ထိုးဖောက်စားရာ ကျန်ခဲ့သော အခွံများသည် ပက်လက် ဟောင်းလောင်း အနေအထား ချည်းတည်း။
ရီးဆေးရိုးမှာ ပုစွန်လုံးအခွံကို နင်းမိမှ ငုံ့ကြည့်ရန် သတိရ၏။ ခြေဖဝါးသည် ဆင်သားရေတမျှ ထူထဲ မာကြောနေငြား ပုစွန်လုံးခွံကို ကြောက်သည်။ ထို့ကြောင့် ရှောင်ပြီး နင်းလာခဲ့ရသည်။
လယ်ပွဲထိပ်မှ ညောင်ပင်ကြီးသည် ရွက်လှရွက်သစ်များ တဖျပ်ဖျပ်ခတ်လျက် ရီးဆေးရိုးကို ကြိုလင့်သည်။ ရီးဆေးရိုးသည် ညောင်ပင်ရိပ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီးနောက် လယ်နက်ဘက်သို့ လျှောက်လာခဲ့သည်။ ကန်သင်း စုံအောင်၊ ကတွတ်ပေါက် စုံအောင်ကြည့်ရင်း ရိတ်စရာ မြက်ကို ရှာသည်။ မြက်များကား တိုသေးချေသည်။ လက်လေးချောင်းဖြင့် ဖမ်းယူဆုပ်ကိုင်၍ အပေါ်သို့အစမထွက်လျှင် ရိတ်၍ မကောင်း။ ထို့ကြောင့် ကန်သင်း တစ်ခုပြီး တစ်ခု ဖြတ်သန်းခဲ့သည်။
အမှန်မှာမူ ရှိသော မြက်ကို တစ်ကန့်စီ တစ်ကန့်စီ ရိတ်ယူပြီး ကောက်ရိုးကောက်လှိုင်းတို့ဖြင့် နွားကျွေးလေ့ ရှိသည်။ သို့သော် မိမိက ချွေတာပြီး မွေးထားသမျှ မြက်မှာ မြက်သူခိုးအတွက် ဖြစ်နေတတ်သဖြင့် မွေးမထားတော့ပေ။ ရှည်လာလျှင် အကုန်ရိတ်၊ အကုန်ကျွေးပစ်ရသည်။ သည်နည်းဖြင့် ယခု ကန်သင်းများတွင် ရိတ်နိုင်လောက်သော မြက် နည်းပါးနေရချေပြီ။ ကန်သင်းနှံ့အောင် လျှောက်ရသောကြောင့် ရီးဆေးရိုး၏ ဒူးအောက်ပိုင်း တစ်ခုလုံး ရွှဲရွှဲစိုနေသည်။ စပါးနှံတွင် သီးနေသော နှင်းစက်များ၊ ပဲရွက်တွင် တွယ်နေသော နှင်းပွင့်များကြောင့် ဖြစ်သည်။
“ကဲ.. လျှောက်နေလို့ မပြီးသေးဘူးဟ၊ ရိတ်ဦး”
နောက်ဆုံးတွင် တစ်ကိုယ်တည်း ရေရွတ်ပြီး ငချိပ်ကောက်ညှင်းခင်းဘေးတွင် ထိုင်ချလိုက်၏။ သို့တစေ သည်မှာလည်း မရိတ်သာ။ ကောက်ညှင်းခင်းမှ ငချိပ်စပါးစေ့ကလေးများသည် အခွံမြှေးပါးကို ခွဲထွက်လာခဲ့ပြီ။ ညိုမှောင်သော ဇာတိသွေးကို ပြနေကြပြီ။ သည်ကောက်ညှင်းခင်းသည် အစောဆုံး စိုက်ရာ အစောဆုံးရိတ်ရလိမ့်မည်။ သို့ဖြစ်ပါက ရိတ်နိုင်ပြီလား။
ရိတ်နိုင်လျှင် ရိတ်ယူသွားပြီး ပုတ်ခါကာ စဉ်း ကျွေးရသော် နွားများ ခေါင်းမဖော်အောင် စားကြလတ္တံ့။ သည်အတွေးဖြင့် စပါးတစ်စေ့ကို အခွံခွာ ကြည့်သည်။ မရသေး၊ နို့ရည်ခဲသာသာမျှသာ ရှိသေး၏။
အိမ်တွင် ကောက်လှိုင်းရိုး ရှိသေးသည်။ ကောက်ရိုးပုံမှာလည်း အရာသော်မျှ မယွင်းသေးရှိသော်ငြား လုပ်ဖော်ကိုင်ဖက်ကြီးတွေကို မြက်ရနေသော သည်နှယ်ရာသီ၌ ကောက်ရိုးချည်းကျွေးရန်မှာ မတရားပေ။ မြက်စိမ်းစိမ်းစိုစိုကလေးပါမှ ဖြစ်မည်။
ရီးဆေးရိုး မျက်စိကစားသည်။ မြောင်းပေါင်ပေါ်၌ မြက်ရှိသည်။ နွားကြိုက်သော မြက်ဟူ၍ နီရဲစွင့် လန်းသော နရားမြက် တစ်ပင်တလေသာ ရှိသည်။ အများစုမှာ မြက်ခါး ထို့နောက် လှီကင်းသော ပန်း တော်ဖြူများသာ။ နွား ကြိုက်သော ပန်းတော်နီ မရှိ။ သို့ဖြင့် သည်မြက်များကိုပင် ရီးဆေးရိုး ရိတ်ရတော့သည်။ ကောက်ရိုးချည်း ကျွေးရသည်နှင့်စာသော် တော်သေးစွ။
••••• ••••• •••••
၂
မြက်ထုံးကို ရွက်လျက် ရမ်းဘိုကုန်းရွာ တံခါးဝတွင် ရီးဆေးရိုး ခြေချမိသည်နှင့်တစ်ပြိုင်နက် လေးထပ်ကျောင်းမှ ဆွမ်းစားခေါင်းလောင်းထိုးသံသည် လွင့်ဝဲလာလေ၏။ အေး လေးနေသော ခြေထောက်များ သွက်လက်လာသည်။
နေမပူသည့်အတွက် စောသေးသည် ရီးဆေးရိုး ထင်နေခဲ့သောကြောင့် အေးဆေး နှေးကွေးနေခဲ့ခြင်း ဖြစ်ပေသည်။ ယခုသော်ကား ဖုတ်ပူမီးတိုက် ဖြစ်ပြီ။ အိမ်သို့ လှမ်းမျှော်ကြည့်သည်။ အမယ်ကြီးအို မရှိ။ အိမ်တံခါးကို သံကောက်ချိတ်ကာ ပိတ်ထားသည်။
ခိုင်းနွားကြီးနှစ်ကောင်နှင့် နွားမ သားအမိသုံးကောင်မှာ မန်ကျည်းပင်ရိပ်တွင် ရှိနေဆဲ။ ဝါးချိုင့်တွင်းမှ ကောက်ရိုးကို အာသာပြေ ဝါးနေရငြား နွားတင်းကုပ်ဘက် တမျှော်မျှော်ဖြင့်။
“ဒီအမယ်ကြီး ဘယ်သွားနေပါလိမ့်။ အခုထက်ထိ နွားမကျွေးရသေးပါကလား”
ရီးဆေးရိုး ဗျစ်တောက်ဗျစ်တောက် မြည်ရင်း အိမ်ဝိုင်းထဲဝင်လာသည်။ မြက်ထုံးကို နန်းတိုင်ဘေးတွင် ချလိုက်ပြီး တင်းကုပ်ထဲ ဝင်လာသည်။ လူ မရောက်မီ မျက်လုံးအစုံက နွားစာခေါင်းသို့ ရောက်သွားသည်။ ပုပ်ဟောင်နေသော နွားစာဟောင်းနှင့် ရေသိုးများ မရှိ။ ယမန်နေ့က ကျန်သောမြက်ကို စဉ်းကာ ကောက်ရိုးစဉ်းနှင့်ရောပြီး အသင့်ထည့်ထား၏။
“အင်း…. တော်ပါသေးရဲ့”
ယင်းသို့ မဟုတ်ပါက နွားတွေမှာ ဆာလှပြီ။ သည်မှာက စဉ်း၍ မပြီးသေးနှင့် အလွန်စိတ်ပင်ပန်း ရသည်။ ယခု အသင့်ရှိနေသောအခါ ရီးဆေးရိုး မျက်နှာကြည်လင်သည်။ ရေထည့် မွှေနှောက်ပြီးလျှင် နွားများကို ရွှေ့ချည်ပေးလိုက်ကာ နွားစာစဉ်းသော နန်းတိုင်ဘေးတွင် ကားကားကြီး ထိုင်ချလိုက်၏။ နွားစာ စဉ်းပြီးသားမှာ ခြင်းကြားတောင်းဖြင့် တစ်လုံး အပြည့်သာ ရှိထားသဖြင့် နားနေ၍ မဖြစ်သေး။ စဉ်းရ ခုတ်ရဦးမည်။
သို့သော် အရေးထဲတွင် ဆေးလိပ်သောက်ချင် ရသေး၏။ ခါးပိုက်ထောင်ထဲမှ မီးခတ်နှင့် ဆေးလိပ်ကို ထုတ်ယူနေဆဲတွင် “ဟော... အတော်ပဲ တော်ရေ့၊ တော်ပြန်ရောက်တာနဲ့ အတော်ပဲ” ဆိုသော ရီးကျီးဒန် အသံကို ကျောဘက်မှ ကြားရ၏။ ရီးကျီးဒန် ဆက်ပြောမည့်အသံကို နားစွင့်ရင်း ရီးဆေးရိုး မီးခတ်ခတ်သည်။ ဆေးလိပ်ညှိသည်။ ဥနှဲရိုးဆေးစပ်ကို ပြောင်းဖူးဖက်ချောဖြင့် လိပ်ထားသော ဆေးလိပ်မှာ ချိုမွှေးလှသည်။
“ကဲ... နွားစာစဉ်းဖို့ကို ချထားလိုက်ဦး”
သူ့ဘေးနားသို့ ရီးကျီးဒန် ရောက်လာသည်။
ရီးဆေးရိုးသည် မြက်ထုံးဘွဲ့ (စည်းသောကြိုး) ကို ဓားဖြင့် ခုတ်ဖြတ်ပြီး မြက်တစ်ဆုပ်ဆွဲယူရာက ချထားလိုက်သည်။
“ကောက်လှိုင်းရိုး ဝယ်မယ့်လူ လာနေလို့တော်ရဲ့”
“ဟေ”
ရီးဆေးရိုး ဝမ်းသာအားရ အော်၏။ လယ်ထဲမှ လှည်းဖြင့် တိုက်ယူလာခဲ့သော ကောက်လှိုင်းများကို နွားဖြင့် နယ်၍ စပါးစေ့များ စင်ကြယ်သွားသောအရာသည် ကောက်ရိုးဖြစ်၏။ ကောက်လှိုင်း တစ်လှိုင်းကို သုံးလေးဆုပ် ခွဲပြီး အလှိုင်းတစ်ရာကို ငါးကျပ်နှုန်းဖြင့် ငှားရမ်း ပုတ်ခါကာ ပြန်လည်စည်းနှောင်ထားသော အရာကိုကား ကောက်လှိုင်းရိုး ခေါ်၏။
သည်ကောက်လှိုင်းရိုးသည် ကောက်လှိုင်းလောက် မကြီးပေ။ တစ်ခါ ပုတ်နိုင်ရုံ ယူငင်ပြီး စည်းနှောင်ထားသောကြောင့် ကောက်လှိုင်း၏ လေးပုံတစ်ပုံ၊ သုံးပုံတစ်ပုံမျှသာ ရှိသည်။ သည်ကောက်လှိုင်းရိုး၏ ပေါက်ဈေးမှာ တလင်းတွင်း၌ ၁ဝ ကျပ်၊ ၂ဝ ရှိ၍ တော်သလင်း၊ သီတင်းကျွတ်တွင် ၃၅ ကျပ်၊ ၄ဝ ဈေး ဖြစ်လေ့ရှိသည်။
ယခု တန်ဆောင်မုန်းပင် ကုန်ခဲ့ပါပြီရော။ ကောက်ရိုးရှိသူပင် အတော် ရှားနေပြီ။ သို့ဆိုလျှင် ငါးဆယ် ဈေးသည် ပြေးမလွတ်ပါတကား။ သည်အတွေး ကြောင့် ရီးဆေးရိုး ‘ဟေ’ ခနဲ အော်ကာ ထသည်။ သူ့တင်ပါးတွင် ကပ်ပါလာသော ကောက်ရိုးစဉ်းဖတ်၊ မြက်စဉ်းဖတ်များသည် သူ့ခြေလှမ်း လှမ်းတိုင်း တဖွဲဖွဲ ပြုတ်ကြွေ ကျကျန်ခဲ့ကြလေ၏။
“ဘယ်မှာလဲဟ၊ နင့် ဝယ်မယ့်လူက”
“လာမှာပေါ့တော်ရဲ့၊ ဒါလောက် အငမ်းမရ မလုပ်စမ်းပါနဲ့၊ ရောင်းချင်မှန်း လူသိသွားပါ့မယ်”
“ရောင်းချင်တာကိုးဟ၊ ပိုက်ဆံရမယ့်ဟာပဲ
“နေဦး၊ ရောင်းစရာကော ရှိသေးလို့လား”
“ရှိမှာပေါ့ဟာ၊ သုံးရာကျော် သုံးရာမဲ့မဲ့” ဟု ဖြေ အပြီးတွင် အိမ်ကပြင် (ကြမ်းပြင်) ခါးပန်းကို လက်ထောက်ကာ ခုန်၍ တစ်ဝက်အရောက်တွင် ခါးလိမ်ပြီး လှည့်ထိုင်လိုက်သည်။
“ကြပ်ကြပ်လုပ်၊ တောင်မရောက် မြောက်မရောက်ဖြစ်ပြီး လိမ့်ကျတော့မှ ကျော်မကောင်း ကြားမကောင်း”
“ဒါထားစမ်းပါဟာ၊ ရေနွေးလေး ဘာလေး”
••••• ••••• •••••
၃
ပြောနေဆဲမှာပင် လူနှစ်ယောက် အိမ်ဝိုင်းထဲသို့ ဝင်လာကြ၏။ ရီးဆေးရိုး နည်းတူပင် အပေါ်ပိုင်း ဗလာကျင်း ထားကြသည်။ ရီးဆေးရိုးတို့ အသားမည်းလှပြီ ထင်ထားခဲ့ရာ ထိုသူနှစ်ယောက် ရောက်လာတော့မှ ရီးဆေးရိုးမှာ ဗျိုင်း ဖြစ်သွားလေ၏။ နှစ်ယောက်လုံး၏ ပုဆိုးများမှာ အကွက် မပေါ်ပေ။ ထို့ပြင် ဒူးခေါင်းဖုံးရုံမျှသာ ဝတ်ထားလေရာ သစ်စေးမျှင် မီးသွေးချောင်းကို အဝတ်ပတ်ထားသည်နှင့်ပင် တူတူသေးတော့။
“သူတို့ပဲ ကောက်လှိုင်းရိုး ဝယ်မှာ”
ရီးကျီးဒန်က သံမှန်ဖြင့် ပြောလိုက်ရာက အသံမြှင့်လိုက်ပြီး “လာကြပါ၊ အိမ်ပေါ်တက်ကြပါဦး” ပြောသည်။
“ရွာကို မမှောင်ခင် ရောက်ချင်လို့ အစ်မရဲ့၊ အစ်မ ကောက်လှိုင်းရိုး ရှိ၊ မရှိ မသိရသေးလို့”
ခေါင်းကို တဘက်ပေါင်းထားသူက နောက်ဖေးသို့ လည်ဆန့်ကြည့်ကာ ဖြေလိုက်သည်တွင် သူ၏ အဖော်ကလည်း “ရှိရင် လှည်းသွားယူမလို့ပါ ” ဟု ဝင်ပြောသည်။
“ယူချင်လည်း ယူချေလေ၊ ကောက်လှိုင်းရိုးကတော့ ရှိပါတယ်။ ဒါပေမဲ့ ဈေးလည်း ပြောဦးလေ”
ထိုသူနှစ်ယောက်မှာ မျက်နှာချင်း ဆိုင်မိသွားကြသည်။ တအောင့်လောက် ကြာမှ တဘက်ပေါင်းနှင့် လူက စတင်ပြောသည်။
“အစ်မတို့ပဲ ပြောပါဗျာ”
“ဒီအချိန်ကတော့ ငါးဆယ်ဈေးပဲ”
ထိုသူနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြန်သည်။ ထိုအချိန်တွင် ရီးဆေးရိုး သည် ခါးပန်းမှ လျှောဆင်းလာ၏။
“ဒီအချိန်ကြီးမှာ ကောက်လှိုင်းရိုး လိုက်ဝယ်ရအောင် ခင်ဗျားတို့ဆီမှာ ဒါလောက်တောင် မိုးခေါင်သလား”
“ပြောရင် ယုံမှာ မဟုတ်ဘူး အစ်ကိုရဲ့၊ တစ်မိုးလုံး မရွာတဲ့မိုးဟာ သီတင်းကျွတ်လဆန်းက တစ်ခါ ရွာပါကော။ အဲဒီနောက်မှာ မရွာဘဲ နေလိုက်တာ အခု ထက်ထိပဲ။ မိုးမရွာတော့ ယာထဲက အပင်ကလေးတွေလည်း မျိုးဆုံးပေါ့ဗျာ။ နွားစားစရာ မြက်လည်း နောက်မိုး မလာတော့ သေကုန်တာပေါ့”
“ရှိသမျှ အပင်စိမ်းစိမ်းစိုစိုတွေလည်း ငုံးငုံးတို ကုန်ပါပြီဗျာ။ နှမ်းရိုးအခြောက်တောင် နွားကျွေးပစ်ရလို့ အခု ဆောင်းတွင်းမှာ နှမ်းရိုး မီးမလှုံရပါဘူးဗျာ။ အခုဥစ္စာက လူစာထက် နွားစာ ခက်နေတော့”
တဘက်ပေါင်းနှင့်လူသည် စကားတစ်ပိုင်းတစ်လစ်ဖြင့် ရပ်ကာ ခါးပိုက်ထောင်ထဲမှ ငွေစက္ကူအညစ် တစ်ထပ်ကို ထုတ်ယူသည်။ သူ့အဖော်ကလည်း ခါးပိုက်ထောင်ထဲမှ ထုတ်ကာ လှမ်းပေးသည်။
“ကျုပ်တို့မှာ အဲဒါလောက် ဖြစ်နေကြပါတယ်ဗျာ၊ အဲဒါကြောင့် ကူညီတဲ့အနေနဲ့ ငါးဆယ်ဈေးတော့ မထားပါနဲ့ဗျာ”
ရီးဆေးရိုး သက်ပြင်းချမိသည်။ လုံးဝ အရသာ မရှိ၊ လုံးဝ အာဟာရဓာတ်မပါသော နှမ်းရိုးပင်လျှင် မရှိတော့အောင် မိုးခေါင်ပါသည် ဆိုသောအခါ နွား ကိစ္စမှာ အမှန်ပင် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပြီ။ ထို့ကြောင့် စကားခင်းပေးသည်။
“ကျုပ်လည်း နွားရှိတဲ့ လူပဲလေ၊ ကိုယ်ချင်းစာပါတယ်၊ ပြောသာ ပြောပါ။ အားမနာပါနဲ့”
တဘက်ပေါင်းနှင့် လူသည် မပြောသေးပေ။ သူ့ အဖော်ကို တစ်ချက်ကြည့်ပြီးမှ “စိတ်မဆိုးပါနဲ့ နောင်ကြီးရယ်” ပြောပြန်၏။
“မဆိုးပါဘူး၊ ပြောပါဗျ”
“ကျုပ်တို့ မှန်းလာတာက အစိတ်ဈေးနဲ့ ရလောက်ရဲ့ ထင်လို့ လာတာပါ။ ဒါလောက်ရရင် ကောက်လှိုင်းရိုး သုံးရာရမယ်။ ဟိုဟာ ဒီဟာလေးနဲ့ ရောရင် တစ်ယောက်ကို နှစ်လ၊ သုံးလတော့ နွားစာ ကျွေးစရာရမယ် ထင်နေတာကိုး။ ပါတာက ၇၅ ကျပ် ဆိုတော့”
ထိုအခါတွင် ရီးဆေးရိုးလည်း ရီးကျီးဒန်ကို ကြည့်ရလေသည်။ ရီးကျီးဒန် မရှိတော့ပါ ။ နန်းတိုင်ဘေးသို့ ရောက်နေကာ နွားစာစဉ်းရန် ပြင်ဆင်လျက်ရှိ၏။
“ဒီအချိန်မှာဆို ပေါက်ဈေးက ငါးဆယ်ဗျ”
“ဗျာ” ဆိုကာ မြောက်ဘက်သားနှစ်ယောက်မှာ ပါးစပ်ကြီးတွေ ဟထားမိကြလေ၏။ ရီးဆေးရိုးက ပြုံးလိုက်သည်။
“လန့်မသွားပါနဲ့ဗျာ၊ ခင်ဗျားတို့ ပိုက်ဆံနဲ့ဆိုရင် ၁၅ဝ ပဲ ရမယ်။ ဒါပေမဲ့ ခင်ဗျားတို့ မျှော်မှန်းသလောက်တော့ မရနိုင်ဘူးထင်တယ်”
ကောက်လှိုင်းရိုးဝယ်သူများမှာ အတော်ကလေး အားတက်သွားဟန်ရှိကာ ပိုက်ဆံကို ထိုးပေးသည်။ ကျေးဇူးတင်ပါသည် မပြောတတ်ငြား မျက်လုံးလေးလုံးတွင်မူ ကျေးဇူးတင်ပါသည်ဆိုသော ဝေါဟာရထက် လေးနက်ကြီးမားသော စကားလုံးများ အထင်းသား ပေါ်လွင်နေသည်။ ရီးဆေးရိုးသည် ပိုက်ဆံကို ရီးကျီးဒန်ပစ်ပေးခဲ့ပြီး နွားတင်းကုပ်အစပ်တွင် ပုံထားသော ကောက်လှိုင်းရိုးများကို သယ်ထုတ်ပေးသည်။ စုစုပေါင်း အလှိုင်းပေါင်း သုံးရာ့အစိတ်ရှိသဖြင့် သုံးရာ အစိတ်တင်းပေးလိုက်လေသည်။ ထိုသူနှစ်ယောက်၏ လှည်းအိမ်ဝိုင်းထဲမှ ထွက်သွားလျှင် ရီးဆေးရိုးသည် နွားစာစဉ်းသည့်နေရာသို့ လျှောက်လာ၏။
“နည်းမှန်း သိပေမဲ့ မတတ်နိုင်ဘူး ကျီးဒန်ရှေ့၊ ကဲ.. ကဲ ထားခဲ့၊ ထမင်းစားဖို့ လုပ်ဦးဟ”
ရီးကျီးဒန်သည် နွားစာစဉ်းသော ဓားကို မှန်မှန် ခုတ်နေရာက “ကျက်ပြီးသားပါတော်” ဟု အေးဆေးစွာ ဖြေသည်။
“ကျက်ပြီးသား ဆိုရင် နွေးစရာရှိတာ နွှေးဟ၊ မွန်းတိမ်းပြီ”
ထိုအခါကျမှ နွားစာစဉ်းသံ ရပ်သွား၏။
••••• ••••• •••••
၄
“အမေရေ၊ အဖေ ရောက်ပြီလား၊ အိုး... အမေ”
လေးကန်တုံ့နှေးစွာဖြင့် ရီးကျီးဒန် ကုန်းထနေစဉ်တွင် သမီးကြီးချောစိန်သည် ပျာယီးပျာယာ ခေါ်သံဖြင့် အိမ်ဝိုင်းဝသို့ရောက်လာ၏။
“ဘာလဲ”
ကောက်လှိုင်းရိုး ရောင်းလိုက်ရသည် ကြားသောကြောင့် ပိုက်ဆံချေးရန် လာသည် အထင်ဖြင့် ရီးကျီးဒန် ထူးသံ။
“အဖေကော အမေ”
ထပ်၍ မေးရင်း ဝင်လာရာက မချောစိန်သည် သူ့အဖေ၏ သပိတ်ရောင် မျက်နှာကြီးကို မြင်သွား၏။
“အဖေ၊ ကောက်ရိုးဝယ်ချင်လို့တဲ့။ ကျုပ်လည်း အဖေတို့မှာ ရောင်းစရာရှိတယ် ဆိုပြီး ခေါ်ခဲ့တာ၊ ဟိုမှာ”
မချောစိန်သည် အိမ်ဝိုင်းပြင်ဘက်သို့ နောက်ပြန် လက်ညှိုးထိုးပြ၏။ ကမ္မဋ္ဌာန်းရုပ် နွားနှစ်ကောင်နှင့် များစွာမခြားနားသော လူတစ်ယောက်သည် လှည်းပေါ်မှ ဆင်းလာ၏။
“သူတို့ပဲ အဖေ”
မချောစိန်သည် ဧည့်သည်ကို လက်ညှိုးထိုးပြခဲ့ပြီး အိမ်ဝိုင်းဘက်သို့ ခြေဦးလှည့်ရင်း “အမေ ဘာချက်” ဟု မေးသွား၏။
“အေးအေ အဘိုးကြီး အဘွားကြီး သွားမှ မရှိတာ၊ နှမ်းဖတ်ချဉ်နဲ့ ဝက်ဆီနဲ့ ချက်သာ့။ ဟဲ့ ထိုင်ပါဦးလား”
တုံ့ပြန်သံက ချိုချိုကလေး။
ရီးဆေးရိုးသည် သားအမိချင်းပင် အသံနှစ်မျိုး ထားသော သူ့အမယ်ကြီးအား သရော်ပြုံးကြည့်ပြီး ဝိုင်းဝသို့ လှမ်းထွက်လာသည်။
“ကောက်ရိုးဝယ်ချင်လို့လား၊ လာလေ ကောက်ရိုးပုံကို ဦးဆုံး လိုက်ကြည့်ပြီးမှ ပြောကြတာပေါ့ဗျာ”
သူရော ဧည့်သည်ပါ ရွာလယ်တံခါးမှ ထွက်လာခဲ့ကြကာ လှည်းကိုမူ တောင်တံခါးမှကွေ့လာခဲ့ရန် မှာခဲ့သည်။ကောက်ရိုးပုံမှာ ဓာတ်ပေါင်းစုဘုရား တောင်ဘက်ရှိ ဘုရားပြိုဘုရားပျက်များ ကြားတွင် ခြံခတ်လျက် တည်ရှိ၏။ ပုံထားကတည်းက လူအသုံးမပြုသဖြင့် ချုံနွယ်များ တက်နေ၏။ နုတ်ရာဆွဲရာ တစ်စတလေမှအပ တစ်ပုံလုံးမှာ မွဲသွေ့နေချေသည်။
“အဲဒါပဲဗျာ၊ နှစ်စီးတိုက်သာသာ ရှိမယ်။ ပုံတိုက် ငါးရာ”
“မများဘူးလားဗျာ”
ဧည့်သည်၏ အသံမှာ ပျော့လှသည်။
“အစောပိုင်းမှာတော့ တစ်စီးတိုက်ကို တစ်ရာ့အစိတ်၊ တစ်ရာ့သုံးဆယ်ပေါ့ဗျာ။ အခုလို အချိန်မှာ တစ်စီးတိုက်ကို နှစ်ရာ့အစိတ် နှစ်ရာ့ငါးဆယ်ဟာ ထုံးစံလို ဖြစ်နေပါပြီဗျာ”
“ကျုပ်တို့ တစ်ပုံလုံးလည်း မယူနိုင်ပါဘူး။ အခု လာတာလည်း ဖျစ်ညှစ်စုဆောင်းပြီး လူတော့ ဖြစ်ချင်ရာဖြစ်၊ နွားတော့ အသေမခံဘူးဆိုပြီး လာတာပါဗျာ။ ကျုပ်တို့ဘက်မှာ မိုးခေါင်လွန်းလို့ပါ”
ရီးဆေးရိုးသည် ထိုအခါကျမှ ဧည့်သည်ကို သတိထားကြည့်မိ၏။ ခုနက ကောက်လှိုင်းရိုး ဝယ်သူများ၏ ရွာနီးချုပ်စပ်မှပင် ဖြစ်ဖွယ်ရှိ၏။ သည်ရာသီကြီးတွင် နွားစာမျှ မရှိအောင် မိုးခေါင်သော အရပ်မှာ ထိုအရပ်ပင်ဖြစ်ရမည်။
“ခင်ဗျားတို့အရပ်မှာ ခေါင်တော့ကောဗျာ၊ မြေနုဘက်၊ ကိုးရေလျဉ်ဘက်က စိမ့်စမ်းကောင်းတာပဲဗျ။ နွားတွေ အဲဒီဘက် သွားကျောင်းပေါ့”
“အဲဒီနေရာတွေလည်း ကျုပ်တို့ နှိပ်စက်လို့ မြက် မရှိတော့ဘူးဗျ။ တချို့တော့လည်း မရှိတဲ့ ကြားမှာ ပေပြီး ကျောင်းနေကြတာပေါ့ဗျာ”
“အရှေ့ဘက် ကျွန်းထဲ၊ ကိုင်းထဲကော”
“ဘာရှိမှာလဲဗျာ၊ ရှိရှိသမျှ မြေတွေမှာ စိုက်ခင်း ပျိုးခင်းချည်းပဲ။ နွားစာကလေး နည်းနည်းပေးပါ သွားတောင်းရင် ပြောင်းပင်တွေ ပေးကြပါတယ်။ မငြင်းပါဘူး။ သို့သော် သူတို့မှာလည်း ဖက်လှီးဖို့ စိုက်ထားကြတာကလား။ သုံးခါထက် ပိုတောင်းလို့ ကောင်းပါ့မလား”
ရီးဆေးရိုး ဟင်းချလိုက်ရသည်။ သည်အရပ်သို့ ပြောင်းခဲ့ပါလားဟူ၍လည်း အကြံမပေးရဲပါ။ ပြောင်းလာကြသော် နွားစာကား ရပါမည်။ လုပ်စားစရာမြေ အဘယ်မှာနည်း။
“တစ်ပုံလုံး မယူနိုင်ရင် တစ်စီးတင် တင်နိုင်သလောက် တင်သွားပေရော့ဗျာ”
“အဲ... ပိုက်… ပိုက်ဆံက”
ဧည့်သည်မှာ အားနာဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောရင်း ခါးပိုက်ထောင်ထဲမှ ငွေစက္ကူများကို ထုတ်ယူ နေရာက “ပါတာက နှစ်ရာ့အစိတ်တောင် မပြည့်တော့လို့ပါဗျာ” ဟု တုံ့နှေးတုံ့နှေးပြောသည်။
“ပေးချင်သလောက်သာ ပေးသွားပါဗျာ၊ နွားဒုက္ခကိုးဗျ၊ ဘယ်တတ်နိုင်မလဲ”
ရီးဆေးရိုးသည် ဆင်းရဲသား လောဘသားမို့ ကောက်ရိုးတစ်စီးတိုက်ကို နှစ်ရာ့ငါးဆယ်လိုချင်ငြား မလိုချင်တော့ပါ။ စောစောပိုင်းဈေး ၁၃ဝ ရလျှင်ပင် တော်ပါပြီ သဘောထားလိုက်တော့၏။ တောင်ဘက်တံခါးမှ လှည့်လာသော လှည်းလည်း ရောက်လာ၏။ ရီးဆေးရိုးသည် ကောက်ရိုးပုံ ခြံတံခါးကို ဖွင့်ပေးပြီး “တတ်နိုင်သလောက်သာ တင်သွားကြပေ တော့ဗျို့။ ပြီးရင်သာ တံခါးကို သေသေချာချာကလေး ပိတ်သွားကြဗျာ” ဆိုကာ ထွက်လာသည်တွင် ဧည့်သည်က ပြေးလိုက်လာ၏။
“နောင်ကြီး ပိုက်ဆံယူသွားပါဦး”
“ဘယ်လောက်လဲ”
“၂၂၀ တော့ ရှိမယ်ထင်တာပဲ”
ရီးဆေးရိုးသည် ဆယ်တန်အနွမ်းများကို ရေတွက်ကြည့်သည်။ စုစုပေါင်း ၂၂ ရွက်။
“တော်ပါပြီဗျာ ၁၅၀ ပဲ ပေးပါတော့”
ပြောပြောဆိုဆို ငွေစက္ကူ ခုနစ်ရွက် ပြန်ပေးကာ ထွက်လာခဲ့၏။ ဧည့်သည်မှာ ယောင်ပေပေ ကျန်နေခဲ့ပြီးမှ ပြေးလိုက်လာပြန်၏။
“ငါးဆယ်ထပ်ယူပါ နောင်ကြီးရာ”
“တော်ပါပြီဗျာ၊ ရေနစ်သူကို ဝါးကူမထိုးချင်ပါဘူး”
“ကျေးဇူးတင်လွန်းလို့ပါ နောင်ကြီးရာ”
ခါးပိုက်ထောင်ရှေ့ခါးကြားသို့ ငွေစက္ကူငါးရွက် အတင်းညှပ်ထိုးပေးသည်။ ပေးနေမှတော့ ရီးဆေးရိုး မငြင်းတော့ပါ။ သို့သော် သူ့စေတနာသည် သန့်ရှင်း၏။ ကောက်ရိုးသည် လွှာလွှာကလေး ပါးပါးကလေးသာ။ စိမ်ပြေနပြေ တင်တတ်လျှင် သာမန်တစ်စီးခွဲ တိုက်ကို တစ်ခေါက်တည်းဖြင့် ပါနိုင်သည်။ သို့ဖြစ်စေကာမူ သူပြန်မလာပါ။ ပြန်မကြည့်ပါ။ တင်နိုင်သမျှ တင်သွားကြပေစေတော့။ စိတ်အေးလက်အေးဖြင့် ထမင်းစားသည်။ ထမင်းစားပြီးခါ ရှိသေးသည် ကိုသန်းအုန်း၏ အသံကို ကြားရသည်။
“ဗျို့ ကိုဆေးရိုး၊ မြောက်ခွင်ဘက်က မြေအင်းတို့၊ သီးပင်စုတို့၊ ငလူးအိုင်တို့မှာ မိုးခေါင်တာ အခုလို ဆောင်းတွင်းကြီးမှာတောင် နွားစာ မရှိဘူးတဲ့ဗျာ။ အဲဒါ ကောက်လှိုင်းကလေး ငါးဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်လောက် လှူပါဗျာ”
ကိုသန်းအုန်းသည် ရယ်ရယ်မောမောဖြင့် အိမ်ပေါ်တက်လာ၏။
“အခုလေးတင်ပဲ ရောင်းလိုက်ပြီကွ”
“သူတို့လည်း လယ်သမား ယာသမားတွေပါဗျာ။ ကျွန်တော်တို့ သွားပြီးကူညီချင်လို့ အခုလို လိုက်ပြီး အကူအညီတောင်းတာပါ”
“ခက်တော့တာပဲကွာ၊ ကောက်ရိုးရှိတယ်၊ အဲဒီထဲက လှူမယ် ကဲ”
ရီးဆေးရိုးသည် ရေနွေးပန်းကန်ကို ကိုသန်းအုန်း ရှေ့ချပေး၏။ သူသည် ရေနွေးပန်းကန်ကို ကောက်ယူရင်း “ဟာဗျာ၊ ကောက်လှိုင်းရိုးကမှ သယ်ရယူရတာ လွယ်တာဗျ” ဟု စဉ်းစဉ်းစားစား ပြော၏။
“ကောက်လှိုင်းရိုး ပုတ်ခ စည်းခကလည်း တစ်ရာကို ၅ ကျပ် တော်ရဲ့”
ရီးကျီးဒန်ကမူ ပန်းကန်ဆေးရာမှ လှမ်းပြောသည်။
“ခမျာများ ဒုက္ခရောက်နေတာပါအေ”
“ခမျာများ ဆိုပြီး ကောက်လှိုင်းရိုး ဝယ်တဲ့လူကိုလည်း လျှော့ပေးလိုက်ရပြီးပြီ။ ကောက်ရိုးဝယ်တဲ့ လူကျတော့ကော လျှော့ခဲ့ရပါသေးလား”
“ဒါနပေါ့အေ”
ထိုအချိန်တွင် ကိုသန်းအုန်းသည် ကောက်လှိုင်းရိုးများ ထမ်းထုတ်ကာ နှုတ်ဆက်သွား၏။
“အင်း... သန်းအုန်းလည်း လူတစ်ကိုယ်တည်း သုံးကိုယ်လောက်ခွဲပြီး လုပ်နေရတာပါကလား။ သူတောင် အပင်ပန်းခံပြီး တစ်အိမ်တက်ဆင်း လိုက် အလှူခံနိုင်သေးတာ၊ တို့က ထိုင်ပြီး အသာကလေး လှူရတာများ ဘာပင်ပန်းတာမှတ်လို့”
ရီးကျီးဒန်သည် ခပ်မဆိတ်ပင် ဆေးလိပ်ကောက် ညှိသည်။ ထိုစဉ်တွင် ရီးဆေးရိုးက ထပ်၍ ပြောလိုက် ပြန်သည်မှာ “စိတ်ထားတတ်ရင် မြတ်သတဲ့ဟ၊ ဒါန ပြုတယ်လို့ သဘောထား” ဟူ၍ ဖြစ်ပေ၏။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment