Monday, October 12, 2026

အဘိုးကြီးချစ် အမယ်ကြီးချစ်

❝ အဘိုးကြီးချစ် အမယ်ကြီးချစ် ❞ 
( ဆင်ဖြူကျွန်းအောင်သိန်း )

၁

အဝတ်စတစ်စကို ပြတ်တောင်း ပြတ်တောင်း ဆွဲဆုတ်နေသံကဲ့သို့ မိုးနှံချုံအောက်မှ အော်မြည်နေသော ဗွတ်ချွဲတစ်ကောင်၏ အသံသည် သစ်ပင်ခုတ်သံကို လွှမ်းခြုံနေလေသည်။ သစ်ပင်ခုတ်သံသည် သစ်ကြီး ဝါးကြီးကို သစ်ခုတ်ဓားဖြင့် အားရှိပါးရှိ ခုတ်ထစ်နေသံမျိုး မဟုတ်ချေ။ မထက်သော ဓားဖြင့် ချည့်ချည့်နဲ့နဲ့ ခုတ်နေသော အသံမျိုးလည်းဖြစ်၊ ပြတ်တောင်း ပြတ်တောင်းလည်း ဖြစ်လေသည်။ အဘယ်မှာ အားရပါးရ ခုတ်နိုင်ပါမည်နည်း။ ခုတ်နေသူက ရီးကျီးဒန်။ ခုတ်နေသည့်နေရာက ဓားလှုပ်ရှားရန် နေရာမကျယ်၊ ခုတ်အား မရှိသော ဥနှဲခက်များ ကြားတွင်ဖြစ်သည်။ 

အိမ်တွင် အသွားထက်သော ဓားမနှစ်ချောင်းရှိပါ၏။ ရီးကျီးဒန် မကိုင်နိုင် မမြှောက်နိုင်။ သို့ကြောင့် တုံးနေသော ဓားမတိုလေးကိုသာ ယူလာခဲ့ရသည်။ သည်ဓားကို ရီးဆေးရိုး သုံးလေ့ မရှိသောကြောင့် ဓားသွေးကျောက်နှင့် မတွေ့သည်မှာ ကြာပြီ။

ဓားခုတ်သံ ရပ်သွားသည်။ ပျင်းရိစရာ ဗွတ်ချွဲမြည်သံကား ပြတ်တောင်းပြတ်တောင်း ပေါ်နေဆဲသာ။ ရီးကျီးဒန်သည် ဓားကိုချပြီး နဖူးမှချွေးကို ပုဆိုးစုတ်နှင့်သုတ်သည်။ ချွေးသုတ်ရင်းက ခုတ်လက်စ သစ်ကိုင်းကို ကြည့်သည်။ ကျပ်လုံးခန့်တုတ်သော ဥနှဲကိုင်းတွင် ဓားရာက တစ်ဝက်ပင် မထင်သေး။ အားပျက်ချင်စရာ ကောင်းလှပါဘိ။ ကောက်ရိုးမျှင်များကို လုံးထွေးထိုးသိပ်ထားဘိသို့ ထွေးယှက်နေ သော အကိုင်းများကြားမှ ကိုင်းကြီးသည် ရီးကျီးဒန် အား သရော်နေဘိသို့ရှိသည်။ သို့ဖြစ်ငြား ရီးကျီးဒန် စိတ်မပျက်ပါ။ ဥနှဲကိုင်းသည် သည်နှယ် ရှုပ်စမြဲဖြစ်သည်။ သည်နှယ်လည်း မာကျောမြဲ ဖြစ်သည်။ သူ အဘယ်မျှ မာကျော ထွေးရှုပ်စေကာမူ အချိန်တန်လျှင် ပြတ်ရမည်သာ။ ထို့ကြောင့် ဓားကို ကောက်ကိုင်ကာ ခုတ်အား မရှိသည့်ကြားမှ စိတ်ရှည်စွာ ခုတ်သည်။ ညိုညစ်သောအခေါက်မှ ဓားစာများ ကျသွားသည်။ အတွင်းသားမှ ဓားစာများ ဖွေးခနဲ ထွက်စဉ်ကုန်သည်။ ပြတ်တော့မည်။ ပြတ်တော့မည်။ သုံးချက်လောက် ခုတ်လျှင် ပြတ်တော့မည်။ ထိုစဉ်တွင် ဓားသံ ပြောင်းလာ၏။ အရိုးချောင်သောကြောင့် ပြောင်းလဲသွားသော ဓားချက်ကျသံ ဖြစ်၏။

အရိုးချောင်သော ဓားအရိုးကို ဆောင့်ရမည်။ သို့သော် ရီးကျီးဒန် မဆောင့်။ တစ်ချက်စာသော် ခုတ်နိုင်သေးသည်ထင်ပြီး ခုတ်လိုက်ရာ ဒေါက်ခနဲ အသံမထွက်။ ဓားသည် ဓားရိုးထဲမှ ကျွတ်ထွက်ကာ ရှုပ်လည်း ရှုပ်၊ ထွေးလည်း ထွေး၊ နာလည်းနာသော ကိုင်းခက်များကြားသို့ ရွှတ်ခနဲ ဝင်သွားလေ၏။

“လောဘကြီးတာ ကောင်းတယ်၊ ကောင်းတယ်”

ရီးကျီးဒန် သူ့ကိုယ်ကို ပြန်လည်ပြီး ငေါ့သံဖြင့် အပြစ်တင်ကာ ဓားကို နှိုက်ယူသည်။ လက်ဖြင့် စမ်း၍ ရုတ်တရက် မတွေ့ရ။ မျက်စိဖြင့် ကြည့်ပြန်သည်။ မမြင်ရ။

“ရော... ဘယ်ရောက်သွားပါလိမ့်”

မျက်စိက ခပ်မှုန်မှုန်၊ သစ်ပင်ရိပ်က ခပ်မှောင်မှောင်မို့ အနက်ရောင်ဘက် ခပ်ပါပါသံရောင်ကို အရှုပ်အထွေးများကြားတွင် မြင်ရရန် မလွယ်ချေ။ ထို့ ကြောင့် ရီးကျီးဒန်မှာ သီဝေသော မျက်လုံးကို အားမထားတော့ဘဲ လက်ဖြင့်သာ လျှောက်နှိုက်ရတော့သည်။

ဥနှဲရွက်၏ ကျောပြင်သည် သဲဆပ်ပြာတမျှ ကြမ်းတမ်းငြား ရီးကျီးဒန်လက်ကို မရှပါ။ အဖုများ အထစ်များ အဆစ်များနှင့် အခက်အမြွှာများကြောင့်သာ အကြောမျှင်ကြီးများ ငေါနေသော ရီးကျီးဒန်၏ လက်မှာ ခြစ်ရာများ၊ သွေးနီစင်းများ ထင်ကုန်နေလေသည်။ ဓားကို သပ်ပင်းပြီး မြေမာမာတွင် ဆောင့်သောအခါ ရီးကျီးဒန်မှာ မထိုင်ချင်၍ မရပါ။ ထိုင်ရတော့သည်။ ထိုင်မိပြီဆိုလျှင် သွေးအေးသည်။ သွေးအေးသွားလျှင် စူးသည့်နေရာ၊ ခြစ်မိသည့်နေရာများက နာကျင်လာသည်။ စပ်လာသည်။ သည်မျှမက ဆေးလိပ်ပါ သောက်ချင်လာပြန်သည့်အတွက် ထန်းပင်ပေါက်လေးတစ်ပင်၏ အကြားမှ ဆေးလိပ်တိုကို ထယူပြီး မီးညှိလိုက်ရလေ၏။

ဆောင်းလရာသီ၏ နေသည် ပူကို မပူချေ။ သစ်ပင်ရိပ်များအောက်ရှိ နှင်းငွေ့ပြာပြာသည် သည်အပူ မျှဖြင့်ကား မပြယ်မလွင့်ချေ။ ချုံများ၊ သစ်ပင်များ အောက်တွင် ပြာရီနေသည်။ ဝေမှောင်နေသည်။ သည်အရီ သည်အမှောင်ထဲသို့ ဆေးလိပ်မီးခိုးဖြူဖြူက ခက်လက်နည်းသော သစ်ကိုင်းနှယ် ထိုးတက်သွား၏။

ရီးကျီးဒန်မှာ အကျင့်ပါသောကြောင့် ဆေးလိပ်ကို ကောက်ဖွာရငြား အရသာရှိသည် မထင်။ ဆေးလိပ်မီးခိုး၏ အရသာတွင် တစ်ခုခု လိုနေသည် ထင်နေမိ၏။

ဆေးရွက်သည် ရီးကျီးဒန် သုံးစွဲနေကျ ‘ကိုင်းဆေး’ ဟုတ်ဟန်မတူ။ ‘မုန်းဆေး’ ဖြစ်ဟန်ရှိသည်။ ဆေးရွက်နှင့် တွဲဖက်စပ်ထားသော ဆေးရိုးမှာလည်း တွေ့ရာ အသားတွေ ဖြစ်ဟန်ရှိသည်။ နည်းနည်းမျှ အရသာရှိသည်မထင်။

ပျိုးနုတ် ကောက်စိုက် ‘ပူ’ သောကြောင့် ဆေးရွက် ရှိ၊ မရှိ ငုံ့မကြည့်အား၊ ဆေးရိုး မရှာအားချေ။ လိပ်ပြီးသား ဆေးလိပ်တွေကိုသာ အရန်သင့် ယူပြီး သောက်ခဲ့ကြရာ ဆေးလိပ်ကုန်ချိန်တွင် ဆေးတောင်း ပြောင်နေသည်ကို သိရတော့သည်။ ထိုအခါကျမှ ချွေးမထံ လေးငါးဆယ်လိပ်စာ ပေးစမ်းပါဦး တောင်းရသည်။ ယခု ရီးကျီးဒန် ဖွာနေဆဲ ဆေးလိပ်မှာ မလှမေ၏ ‘ဆေးစပ်’  နှင့် လိပ်သော ဆေးလိပ်ဖြစ်၏။ ရီးကျီးဒန်မှာ ဖွာ၍ အားမရလေ၊ မဲပြီး ဖွာလေဖြစ်၏။ သို့ဖြစ်ငြား ထပ်မံပြီး လက်တစ်ဆစ်ခန့်သာ တိုသွား သည်။ အရသာ မတွေ့။

“တော်ပြီ၊ တစ်နေ့လုံး ဖွာလည်း အလကားနေမှာပဲ” 

ရီးကျီးဒန်သည် ပြောပြောဆိုဆိုနှင့်ပင် ဆေးလိပ်ကို ထန်းလက်ကြား သွားညှပ်လိုက်သည်။ ဓားကို ကောက်ကိုင်သည်။ မကိုင်ချင်တော့ပါ။ ခြေလက်များသည် စောစောကလောက် မသွက်တော့ချေ။ ခုတ်ပြီးသား ဥနှဲကိုင်းများကို ငဲ့စောင်းကြည့်သည်။ မျှင်မျှင်ကလေးတွေ ပါသည်။ လက်ညှိုး လက်မရွယ်များလည်း ပါသည်။ သည်ထက်ကြီးသော ဥနှဲကိုင်း ရရန် မလွယ်တော့ပြီ။ ရီးကျီးဒန်တို့နည်းတူ ဥနှဲရိုးသောက်သူတွေ ‘နှယ်’ သောကြောင့် အနီးပတ်ဝန်းကျင်တွင် ဥနှဲပင် ရှားပါးပြီ။

ရီးကျီးဒန် ခုတ်နေသော သည်တစ်ပင်သည်ပင်လျှင် ထန်းပင်နှင့် ရောယှက်နေသောကြောင့် အခြား သူများ မျက်စိလျှံ ကျန်နေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် အနည်းငယ်သာ ရသေးသည်။ ဆက်လက် မခုတ်၍ မဖြစ်။ ခုတ်ကို ခုတ်ရဦးမည်။

အခက်တွေ အရွက်တွေနှင့် တစ်ပွေ့စာ ရှိနေသော သည်ဥနှဲခက် ဥနှဲကိုင်းများကို ‘စဉ်း’ လိုက်လျှင် တစ်ပြည်ခွဲ၊ နှစ်ပြည်ထက် ရမည်မထင်။ သုံးနေခန့် ပြလိုက်၍ ဆေးရိုးစဉ်းဖတ်တွေ ကော့ကြွပ်နေချိန်တွင် အများကြီး လျော့သွားဦးမည်။ ဤသည်ကို မောင်းတွင် ထည့်ထောင်းလိုက်ပါက ရလှလျှင် တစ်ပြည်ထက် ပိုဖွယ် မရှိ။ သည်တော့ ခုတ်ရပေလိမ့်မည်။ အပင်ကြီးကိုကား မြေကြီးနားမှာ ကပ်ပြီး ခုတ်ယူလာ၍ မကောင်း၊ တစ်တင်းစာခန့် ရမည်ဖြစ်ငြား နောက်ထပ် မျှော်လင့်ချက် မရှိတော့သော မိုက်မဲလွန်းသည့် တစ်နပ်စားဉာဏ်။ သည်နှယ်တော့ ရီးကျီးဒန် မလုပ်ရက်။ ရှုပ်ယှက်ခတ်နေသော အကိုင်းအခက်များကိုသာ သည်းခံပြီးခုတ်မည်။ ထိုစိတ် မွေးမိချိန်တွင် အားပြည့်လာသည်။ အနောက်ဘက်သို့ ခပ်မော့မော့ကလေး လှမ်းကြည့်လိုက်သည်။ နေသည် ထင်သည်ထက် ကျနေပါပြီကော။

“ဆောင်းနေများကလည်း အဝင် မြန်လိုက်တာ၊ အင်း... ခုတ်ဦးမှ၊ ခုတ်ဦးမှပါကလား”

••••• ••••• •••••

၂

သစ်ပင်ခုတ်သံသည် ချွဲချွဲပျစ်ပျစ်ကူနေသော ချိုးကူသံကို ပြိုင်ဆိုင်လွင့်ပျံလာ၏။ ကျောဘက်မှ မြူးထူးရွှင်ပျစွာ အော်ဟစ်သံများ ကြားရ၏။ ရီးဆေးရိုးသည် ပခုံးပေါ်မှ ထွန်တုံးကို ချလိုက်ကာ ကမ်းပါးစောက် အလယ်မှ လည်ပြန် ပြန်ကြည့်သည်။

စုန်ဆင်းလာသော ဝါးဖောင်များနှင့် ဖောင်ပေါ်၌ ပြေးလွှားအော်ဟစ်နေကြသော ကလေးများ။ ရေစီးကြောင်း၏ ဟိုဘက်ရေစပ် သဲပြင်တွင် အာလူးတောင်သူများသည် ထွန်ယက်စ ပြုနေကြပြီ။ သဲပြင်ဖွေးဖွေး ပေါ်တွင်မူ မရလိုက်သူများက ‘ စမ်း’ မီအောင် သောင်ပြင်ကို ယက်ချနေကြ၏။ သည်ဘက်တွင်မူ ပြာလဲ့ ကြည်လင်သော ရေစီးကြောင်းအောက်က သဲပြင်ကို မြင်ရအောင်၊ ကျောက်ခဲလေးတွေကို မြင်ရအောင် ကြည်လင်ငြား ရေအားကောင်းသေးသည်။ ထို့ကြောင့် ရေရှိခိုက်တွင် ဝါးဖောင်များ အဆက်မပြတ် ဆင်း လာကြခြင်းဖြစ်ပေလိမ့်မည်။ နွားစာ ရေခပ်ဆင်းသူများ၊ အဝတ်လျှော်သူများလည်း ဝါးဖောင်ပေါ်မှ ကလေးများကို ရေဖြင့် လှမ်းပက်ကြသည်။ ရီးဆေးရိုး သည် ပြုံးကြည့်နေရာမှ အပြုံးပျက်သွား၏။ ဖောင် တစ်ဆက်နှင့် တစ်ဆက် ခုန်ကူးနေသော သူ့မြေး ငတက်ပြားမကို မြင်ရသောကြောင့်ဖြစ်သည်။

“ဟဲ့ အငယ်၊ ဖောင်ကြားမှာ ကျသွားမယ်” 

သူကသာ စိုးရိမ်တကြား အော်လိုက်ငြား သူ့မြေးကမူ ကြားဟန်မပြချေ။ အပေါင်းအဖော်များနှင့် လုံးထွေး ပြေးလွှားရင်း ဝေး၍ဝေး၍ သွားလေပြီ။

အောက်ရွာ ရေခပ်ဆိပ်ကို ဖောင်ဦးလွန်သွားချိန်တွင် ရီးဆေးရိုးသည် ထွန်တုံးကို ပြန်ပြီး ထမ်းသည်။ တစ်မိုးတွင်းလုံး ရွှံ့ထဲ၌ အလုပ်လုပ်ခဲ့ရသော အစိုထွန်ကြီးကို ချောင်းထဲချပြီး ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ရေမစစ် တစစ်တွင် ထမ်းတက်လာခဲ့ရာ ရေစပ်မှ စပြီး တွန့်တွန့်ကွေးကွေး ပုရွက်ကြောင်း ရေးသားပြီး ဖြစ်နေလေ၏။

မြုံထဲမှ အောင်မြင်စွာ အော်ဟစ် ပြေးထွက်လာသော ကြက်မတစ်ကောင်သည် ထွန်တုံးထိပ်တွင် လာနား၏။ ရီးဆေးရိုး သွားဖုံး အရဲသားဖြင့် ပြုံးကြည့်နေစဉ် ကြက်မသည် တစ်ဆင့်ခုန်ပျံကာ ခုန်ဆင်းပြေး၏။

“ဆွမ်းတော်ဗျို့”

“ဟောတော်၊ ဆွမ်းတော်တောင် ဝင်လာပါပကော” 

မန်ကျည်းပင်အောက် မီးဖိုဘေးတွင် ဂုန်အိတ်စုတ်တစ်လုံး၊ ဖျာစုတ်တစ်ချပ်နှင့် တဒေါက်ဒေါက် အလုပ်များနေခဲ့သည့် ရီးကျီးဒန်မှာ ဆွမ်းဟစ်သံကြားတော့မှ ပြူးပြူးပျာပျာဖြစ်ကာ ရေရွတ်သည်။

“ကန်တော့ဆွမ်းပါဘုရား၊ ထမင်းအိုး မတည်ရသေးလို့”

ထိုသို့ အော်လိုက်ပြီးမှ နေကို မော့ကြည့်သည်။

“အချိန်များကလည်း ကုန်လွယ်လိုက်တာ။ သည်လိုသာဆိုရင် သည်ကိုင်းတွေ သည်နှစ် စဉ်းလို့ ပြီးပါဦးမလား”

ဆက်လက် ရေရွတ်ရာက ကုန်းကုန်းကွကွနှင့် ထသည်။ မည်းသည်းနေသော စောင်သည် ကိုယ်ပေါ်မှ လျှောကျကာ မီးဖိုဘေး ပြာစပ်တွင် ပုံနေ၏။

“ညည်းမနေပါနဲ့အေ၊ ငါ စဉ်းလိုက်ပါ့မယ်” 

ရီးဆေးရိုးက ထွန်တုံးကို နေလှန်းပစ်ခဲ့ပြီး မီးဖိုဘက်သို့ လျှောက်လာရင်း ပြော၏။

“တော့်မှာ အချိန်အားက ရှိသကိုး”

ရီးကျီးဒန်သည် မီးကျီးခဲတွေကို မန်ကျည်းခေါက်ထဲသို့ ကော်ထည့်ကာ အိမ်ပေါ်သို့ သယ်ယူသွားရာက လှမ်းပြော၏။ ရီးဆေးရိုးမူ ပြာပူဘေးတွင် အငွေ့ သေနေသော ရေနွေးကို တစ်ခွက်ပြီး တစ်ခွက် ဆင့်ကာ ဆင့်ကာ ငှဲ့သောက်ပြီးမှ တုံ့ပြန်နိုင်သည်။

“နွားစာ နှစ်ခါကျွေးလောက် စဉ်းတာများ ဘယ်လောက်ကြာတာ လိုက်လို့အေ။ နွားစာစဉ်းအပြီးမှာ ကောက်စဉ်းလိုက်ရရင် မပြီးတောင် နည်းနည်းပဲ ကျန်တော့မှာပါ”

ဆေးရိုးစဉ်းရန်သည် မည်သူ့အလုပ် ဟူ၍ သတ်မှတ်ချက် မရှိချေ။ လင်ကိုယ်မယားသာ ရှိသော သည်အိမ်၌ ရီးကျီးဒန် မလုပ်နိုင်လျှင် လုပ်မည့်သူမှာ ရီးဆေးရိုးသာ ရှိသည်မဟုတ်လား။ ထိုနည်းတူစွာပင် ရီးဆေးရိုး မလုပ်နိုင်ခဲ့သော် မည်သူ လုပ်မည်နည်း။ ရီးကျီးဒန် ပဲ မဟုတ်ပါလား။

နောက်တစ်ကြောင်းက ဥနှဲရိုးများကို ဆေးတောင်းထဲသို့ ရောက်စေချင်လှပြီ။ ဆေးရွက်ကြီးပင်ကို စဉ်းထားသော ‘ ဆေးရိုးစစ်’  မှာ ဆေးရိုးတကာတို့တွင် အကောင်းဆုံးဖြစ်ငြား ဥနှဲရိုးကိုင်းနုနုကို စဉ်းထားသော ဥနှဲရိုးသည် မန်ကျည်းမလောင်း၊ ထန်းလျက် မဖျော်ဘဲ ချိုသည်။ မွှေးသည်။ ရမ်းဘိုကုန်းတွင် အိမ်များ၌ ဆေးတောင်းထားသောဓလေ့သည် ကွယ်တော့မည်။ ဆေးတောင်းထားသော အိမ်များမှာလည်း ဥနှဲပင် ရှားသောကြောင့် ဥနှဲရိုး မသုံးကြပြီ။ ဥနှဲရိုးသုံးသူ မရှိသည့်အတွက် ရီးကျီးဒန်မှာ ဥနှဲရိုး ချေးစရာ အိမ် မရှိ။ မလှမေထံမှ ရခဲ့သော ဆေးစပ်မှာ မည်သည့် အရိုးတွေမှန်း မသိ။

ဆေးလိပ် ဖွာပြီဆိုလျှင် ရီးကျီးဒန် ညည်းပြီ။ သည်ညည်းသံတွေ ပျောက်ကွယ်သွားရန်မှာ ဥနှဲရိုး ကိုင်းတွေ ဆေးတောင်းထဲ မြန်မြန်ရောက်မှ ဖြစ်မည်။ ရီးကျီးဒန် ထိုင်ခဲ့သောနေရာတွင် ရီးဆေးရိုး ဝင်ထိုင်သည်။ အခက်သင်ထားသော ကိုင်းသေးကလေးတွင် သုံးလေးကိုင်း စုသည်။ စဉ်းတီတုံး အဖြစ် အသုံးပြုသော ဥနှဲတုံးမှာ ဓားစဉ်းရာများ ပွေပွနေသည်။ အဆစ်တွေ၊ အစင်းတွေ၊ မြောင်းတွေ၊ ချိုင့်တွေ ပြည့်နေချေသည်။ တင်စရာ နေရာကောင်းကိုပင် အတော် ရှာယူရ၏။ ရီးဆေးရိုး တစ်ချက် ခုတ်လိုက်သည်။ ဓားခုန်တက်လာကာ လွင့်ထွက်သွားမည်သို့ ရှိ၏။

“ဟ ဘယ်လိုဖြစ်တာလဲ”

တအံ့တသြ ရေရွတ်ပြီး ဓားသွားကို လက်သည်းနှင့် တိုက်ကြည့်၏။ ဓားသည် အလွန်သေးငယ်သော ဥနှဲကိုင်းအစို သုံးလေးကိုင်းအပူးကို မဖြတ်နိုင်အောင် တုံးနေပါပြီကော။

“ကျီးဒန်ရေ ထွက်လာတုန်းကတော့ ဟင်းရွက်ခူးပဲဟ။ အခုတော့ ထင်းခွဲနေရပြီ”

အိမ်တွင် ချို့တဲ့သော အရာမှန်သမျှ အိမ်ထောင်ဦးစီးယောက်ျားသား၏ တာဝန်ချည်းသာ။ မည်သည့် ဆင်ခြေကို မည်သို့ပင် ပေးစေကာမူ ယောက်ျားသား၏ တာဝန်သာဖြစ်၏။ ထို့ကြောင့် ဓားကို ယူကာ နွားတင်းကုပ် အစပ်သို့ ရွှေ့ခဲ့ရ၏။

ထိုနေရာတွင် မန်ကျည်းတုံးကြီး တစ်တုံးရှိသည်။ တုံးကြီးကိုထွင်းပြီး ဓားသွေးကျောက်ကို မြှုပ်ထားသည်။ ဓားသွေးကျောက်မှာ တစ်လနေမှ တစ်ခါ မသုံးရကား ဟိုထိုးသည်ထိုးဖြင့် ပျောက်နိုင်သည်။ လိုချင်သည့်အခါ ရုတ်တရက် ရှာဖွေမရဘဲ ရှိနိုင်သည်။ သို့ကြောင့် တုံးကြီးကြီးထဲတွင် မြှုပ်ထားရခြင်း ဖြစ်ပေသည်။ ဓားသွေးကျောက်ပေါ်တွင် ငှက်ချေးများ၊ မြေကြီးခဲများ ရောက်နေ၏။

ရီးဆေးရိုးမှာ ဓားကို ချက်ချင်းမသွေးနိုင်သေး။ ရေထခပ်ရသေးသည်။ ကျောက်ကို ခြစ်ပစ်ရသေးသည်။ ကျောက်ကို ရေဆွတ်ပြီး သုံးလေးချက်သာ ပွတ်ပြီး ရပ်လိုက်ရ၏။ ကျောက်မငြိမ်။ ဓားဆွဲသည့် ဘက်သို့ ယိမ်းထိုးနေ၏။ စီမံစဉ်က စရွေးကိုက်နီးပါး သေချာခဲ့ သပ်ရပ်ခဲ့ငြား ကြာသောအခါ သစ်တုံးသည် ရေထိသောနေရာများ ဆွေးလာခဲ့သည်။ သပ်များလည်း ဆွေးနေလေပြီ။ ရီးဆေးရိုးမှာ သစ်တို သစ်စ၊ ဝါးတိုဝါးစ လက်လှမ်းမီရာကို ကောက်ယူပြီး ကျောက်ငြိမ်အောင် သပ်ထိုးရပြန်သည်။ တစ်ဖက်လျှင် အချက်နှစ်ဆယ် အစိတ် သွေးပြီးသွားသောအခါ ဓားကို ထောင်ပြီး ရီးဆေးရိုး ကြည့်လိုက်ရာက အိမ်ပေါ်သို့ လှမ်းမေး၏။

“သည်ဓားကို ညည်းသွေးသလား ကျီးဒန်”

“ကျားသားမိုးကြိုးတော်”

“ညည်းကသာ ကျားသားမိုးကြိုးနေ၊ သည်မှာ ထောင်ပြီးတိုက်ထားတာ နည်းတဲ့ သွားဖုံးကြီး မဟုတ်ဘူး”

ဓားသွားကျသော နေရာ၏ အထက်နားတွင် ပါးစပ်ထဲမှ သွားဖုံးနည်းတူ ခုံးခုံးမောက်မောက် ဖြစ်နေသောကြောင့် သွားဖုံး ခေါ်ခြင်းဖြစ်၏။ ဓားသွေး ကောင်းသူတို့သည် ဓားကို စတင်သွေးကတည်းက ‘ချ’ သွေးရသည်။ ချသွေးလျှင် ကြာတော့ ကြာသည်။ သို့ဖြစ်ငြား အသုံးခံသည်။ ချက်ချင်း တုံးသွားလေ့မရှိ။ ထောင်ပြီး သွေးလျှင် မြန်တော့မြန်သည်။ သို့သော် အသုံးမခံ၊ ချက်ချင်း တုံးသွားသည်။ ယခု ရီးဆေးရိုးသည် ဓားသွားနှင့် အနှောင့်ကြားနေရာတွင် တစ်ပြင်ညီ မဟုတ်သော မျက်နှာပြင်ကို တွေ့ရသည့်အတွက် “နည်းတဲ့သွားဖုံးကြီးမဟုတ်ဘူး” ဟု ပြောနေလေသည်။ ခဏ တိတ်ဆိတ်သွားသည်။ ရေအင်တုံကြီး ထဲမှ ရေမွှေနှောက်သံ၊ အိုးနှုတ်ခမ်းပေါ်သို့ ယောက်မ ကျသံများ ပေါ်လာပြီးမှ ရီးကျီးဒန်၏အသံ ပေါ်လာသည်။

“တလောက တော့်မြေးကြီး ယူပြီးသွေးတာ မြင်တယ်တော်ရေ့”

တော့်မြေးကြီးဆိုတာ မောင်ကိုကြီး ဖြစ်၏။

ရီးဆေးရိုး ပြုံးမိသည်။

“ဘာလုပ်ဖို့ သွေးတာတုံး။ သည်ကောင်က လူကြီးသူတော်”

“ကျုပ် ထင်းဖြတ်နေတာ ကူဖြတ်ပြီး ဓားသွေးဦးမယ် ဆိုပြီး သွေးတာပဲ။ ထောင်ပြီး မသွေးနဲ့လို့ ကျုပ်က သတိပေးတော့၊ ထောင်ပြီး သွေးရင် တုံးသွားမှာပေါ့လို့ ပြန်ပြောတာနဲ့ ဆဲတော င်ဆဲလိုက်ရသေး”

ရီးဆေးရိုး ပြုံးရပြန်သည်။ ဓားသွားကို ထောင်ပြီး သွေးလျှင် တုံးသွားလိမ့်မည်ဆိုသော စကားမှာ မှန်ပေသည်။ သို့သော် ပြောလိုက်သည်မှာ ဤသို့ မဟုတ်ချေ။ ဓားကို ကျောက်ပေါ်တွင် အလိုက်သင့် ချပြီး သွေးရန်၊ အနှောင့်ကို ကြွပြီး မပွတ်ရန်သာ ဖြစ်ချေသည်။

ကိုယ်တွေ့ ကြုံဖူးသောကြောင့် ရီးဆေးရိုး ပြုံးနေစဉ် “တစ်လက်စတည်း ဒါလေး လေးငါးချက်လောက် ပွတ်ပေးစမ်းပါ” ဆိုသံနှင့်အတူ ဓားတစ်ချောင်း ရောက်လာသည်။ ဘီးကုပ်ကို အရိုးတပ်ထားသည်သို့ ရှိသော နွားစာစဉ်းဓား။

“အေးဟ၊ ဟုတ်သဟ”

ထိုဓားလည်း အရေးကြီးသောကြောင့် သွေးလက်စဓားကိုချပြီး ကောက်သွေးမိသည်။ သွေး၍ မကြာမီပင် နောက်တစ်ချောင်း ရောက်လာပြန်သည်။ ကြက်သွန်နံ့ ရသည်။ မပြောဘဲနဲ့ မီးဖိုချောင်ထဲက ဓားဟု သိသည်။ သူလည်း အရေးကြီးသည်ပင်။

••••• ••••• •••••

၃

“တစ်ချောင်းပြီးတစ်ချောင်း ရောက်လာတာနဲ့ ဓားသွေးရတာ မနည်း အချိန်ကုန်သွားပါရောလားဟ ကျီးဒန်ရ” 

ဦးစွာတင်ခဲ့သော ထင်းခွဲဓားမကို ပြန်ကိုင်မိချိန်တွင် ရီးဆေးရိုးမှာ အတော်ဟိုက်နေပြီ။ ထို့ကြောင့် အမောဖြေရင်း ဆေးလိပ်ထယူကာ မီးညှိရင်း အော်ပြောမိသည်။

ရီးကျီးဒန်ထံမှ အလိုက်သင့်စကား ဆိုသံ မကြားရ။

“အမယ်ကြီးအို ဘယ်သွားနေပါလိမ့်”

ရေရွတ်ပြီးမှ သတိရသည်။ ချောင်းထဲသို့ ရေခပ် ဆင်းနေခြင်းဖြစ်ပေလိမ့်မည်။

ရီးဆေးရိုးသည် မူလဦးတည်သော ဓားကို စိတ်တိုင်းမကျမချင်း ပြန်သွေးသည်။ သွားဖုံးကုန်သွား၍ စိတ်တိုင်းကျမှ ထလာချိန်တွင်လည်း ထိုဓားဖြင့် ဆေးရိုး စဉ်းကြည့်ချင်သေးသည်။ စဉ်းတီတုံးပေါ်တွင် သူ တင်ထားခဲ့သော ဥနှဲကိုင်းကလေးတွေကို တစ်ကိုင်းချင်းသာ စဉ်းခဲ့ဟန်တူသည်။ ရီးဆေးရိုးကမူ လေးငါးကိုင်း စုပြီး ခုတ်သည်။ ဓား မတိုးပြီ။ ယခုသော် ခုတ်၍ ကောင်းလှ၏။ အကွင်းကလေးတွေ ဝင်းခနဲ ဝင်းခနဲ ဖြင့်။ ဓားစမ်းပြီးလျှင် နွားစာစဉ်းမည် စိတ်ကူးထားငြား ရီးဆေးရိုး မထဖြစ်။ ရေလောင်းထည့်သံများ ကြားရ၏။ နွားစာစဉ်းသံလိုလိုလည်း ကြားရ၏။ 

“အမယ်ကြီးအို နေပေ့စေဟ၊ ငါ စဉ်းမယ်”

ပြောရုံသာ ပြောနိုင်၏။ လက်တွေ့နေသောကြောင့် မထဖြစ်ချေ။

ဥနှဲကိုင်း၏ အသားသည် ဖွေးခနဲ ပေါ်လာ၏။ ဖွေးဖွေးအပြင်ကလေး၏ ပတ်လည်တွင် နနွင်းရောင် စက်ဝိုင်းက ပတ်ရံနေရာမှ အစေးကလေးတွေ စိမ့်ထွက်လာသည်။ ဆေးရိုးစဉ်းဖတ်တစ်ဖတ် ဓားချက် အောက်မှ ထွက်သွားတိုင်း သည်နှယ်ချည်း မြင်ရလေသည်။ ဓားကို မမြှောက်ရ၊ အားမစိုက်ရဘဲ သည်အကွင်းကလေးတွေ ထွက်လာသည်ကို အာရုံရောက်နေသည်။ လက်လည်း တွေ့နေသည်။ ထမည်ကြံသောအခါ စဉ်းစရာမှာ အနည်းငယ်သာ ကျန်တော့ သည်။

“မထူးဘူး၊ ဒါလေးတော့ ပြီးအောင် စဉ်းလိုက်ပါတော့မယ်” ဟူသော အလုပ်၌ လောဘကြီးစိတ်ဖြင့် ဆက်လက်စဉ်းလိုက်ရာ စဉ်းတီတုံးကလေးမှ ရီးဆေးရိုး ထရပ်ချိန်တွင် တစ်အိမ်လုံး တိတ်ဆိတ်နေလေပြီ။ ရီးဆေးရိုးသည် ကျီးကြည့်ကြောင်ကြည့် ကြည့်၏။ နွားများသည် နွားတင်းကုပ်အတွင်း နွားစာခေါင်းတွင် ရောက်နေကြပြီ။ ရေတရွှဲရွှဲဖြင့် စားနေကြပြီ။ သူလုပ်မည့် အလုပ်များကို ရီးကျီးဒန်ဝင်ရောက်ကာ တွင်ကျယ်စွာ လုပ်သွားလေပြီ။

ရီးဆေးရိုးကလည်း ဆေးရိုးစဉ်းဖတ်များကို ဖျာ တစ်ခုပေါ်တွင် လက်ဖြင့် ဖြန့်ကျင်းပေးကာ နေပူထဲ ထုတ်လှန်းပေးသည်။ နန်းတိုင်ကို နေပူထဲမှ လှမ်းကြည့်သည်။ နွားစာစဉ်းပြီးသား အသင့် ဖြစ်နေပြီ။ နောက်တစ်ကြိမ်ကျွေးသာမက တစ်နေ့လုံးစာပင် လုံလောက်သည်။

“အမယ်ကြီးအို အတော်လုပ်သွားတာပါကလား” 

ဓားသိမ်းသည်။ နွားစာခေါင်းထဲသို့ နွားစာထပ်ထည့်သည်။ ခြေလက်မျက်နှာကို ဆေးသည်။ အိမ်ပေါ်သို့ ရီးဆေးရိုးရောက်လာချိန်၌ ရီးကျီးဒန်၏ စကားပြောသံကို မကြားရ။ လှုပ်ရှားသံကို မကြားရ။ သနပ်ရွက်ချဉ်ရည်ဟင်း၏ အနံ့ကသာ ယနေ့ ဤ ဟင်းချက်ကြောင်းကို ဆီးကြို သတင်းပေးနေသည်။

ဟင်းနံ့ရတော့မှ ထမင်းဆာရန်ကို ရီးဆေးရိုး သတိရ၏။ ရေစက်လက်နှင့် မီးဖိုခန်းထဲ ဝင်ခဲ့သည်။ ထမင်းစားပွဲပေါ်တွင် ထမင်းထည့်မည့် ဆန်ဆေးတောင်း၊ သံပန်းကန်နှင့် ကြွေပန်းကန်များ အသင့်ရှိနေပြီ။ ဤသို့ဆိုပါက အိမ်ရှင်မ အဘယ်မှာပါနည်း။ ဟောက်သံလိုလို ကြားရသည်။ တစ်ပြိုင်နက်ပင် ပုရွက်ကြောင်း ထရံနှင့် စားပွဲခုံများကြား ဝါးကြမ်းပြင်သို့ ရီးဆေးရိုး၏ မျက်လုံးအစုံ ရောက်သွား၏။ အိပ်ပျော်နေပါတကား။ ရီးကျီးဒန် အိပ်ပျော်နေပါတကား။

“သည်အမယ်ကြီးအိုဟာ...”

အချိန်မရှိ အခါမရှိ အိပ်ရပါမည်လားဟု မြည်တွန်တောက်တီးရန် စကားစလိုက်ခြင်းဖြစ်၏။ စမိငြား ဆုံးအောင် မပြောမိ။ တစ်ဝက်တစ်ပျက်နှင့် ဖြတ်မိသည်။

“ဪ… သူ့ခမျာ ပင်ပန်းရှာပါကလား။ ငါ့ကို စောင့်ရင်း ငိုက်ရာက အိပ်ပျော်သွားတာ ထင်ပါရဲ့” 

တွေးမိသောကြောင့်ဖြစ်လေသည်။ ထိုခဏတွင် ရီးဆေးရိုး၏ ခြေလှမ်း တုံ့ဆိုင်းသွား၏။ ခြေထောက်ကို အသာဖော့နင်း၍ ရှေ့တိုးလာ၏။ ယင်တစ်ကောင်ကို မြင်ရသည်။ မှိတ်ထားသောမျက်လုံးကို နှိုက်နေသည်။ ရီးဆေးရိုး အသာ ထိုင်သည်။ ယင်ကောင် ပျံသွားသည်အထိ လက်ဝါးဖြင့် ယပ်ခတ်ပေးသည်။ 

“အင်း… နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပါကလား”

ငုံ့ကြည့်ရင်း ရေရွတ်မိသည်။ ကြည့်ရင်းက လည်ပင်းတစ်လျှောက် အိုင်နေသော ချွေးစီးကြောင်းကို လက်ခနဲမြင်ရ၏။ ပုဆိုးစုတ်ကို လှမ်းယူပြီး ယပ်လေခတ်ပေးရာက သူပါ ထရံကို ကျောမှီထားမိလေ၏။

ရွှေသမင်ဆန်စက်မှ ဥသြဆွဲပြီ။ နေမွန်းတည့်ချိန်၏ အမှတ်အသားပေတည်း။ ရီးဆေးရိုးမှာ ထမင်း ဆာလှပြီ။ ကိုယ့်ဘာသာကိုယ် ခူးစားချင်၏။ သို့သော် ကြမ်းကွပ်တွေ ပြုတ်နေသော သည်ကြမ်းပြင်ပေါ်တွင် လူလျှောက်လိုက်ပါက ရီးကျီးဒန် နိုးသွားနိုင်သည်။

“ရှိစေတော့၊ အိပ်ပါစေ၊ အိပ်ပါစေ။ နိုးမှပဲ စားပါတော့မယ်”

ယပ်ခတ်ပေးနေသော လက်သည် တဖြည်းဖြည်း နှေးလာသည်။ နောက် ရပ်တန့်သွားကာ ကျယ်လောင်သော ဟောက်သံကြီး ပေါ်လာလေတော့သည်။ ရီးဆေးရိုးမှာ ရီးကျီးဒန်အား ယပ်ခတ်ပေးရင်း သူပါ အိပ်ပျော်သွားပါပြီရော။

 ▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

No comments:

Post a Comment